News @ M-Media

Blog

  • ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (နို၀င်ဘာ ၈)

    ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (နို၀င်ဘာ ၈)

    M-Media

    အသတ်ခံရသူ ၇၀ ရာခိုင်နှုန်းက အမျိုးသမီးနှင့် ကလေးများဖြစ်နေ
    ————-
    ပြီးခဲ့တဲ့နှစ် အောက်တိုဘာက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲမှာ အသတ်ခံရသူ ပါလက်စတိုင်းအရေအတွက်ဟာ ၄၃၅၀၈ ဦး ရှိလာခဲ့ပြီး ၇၀ ရာခိုင်နှုန်းက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ကုလ လူအခွင့်အရေးရုံးက ထုတ်ပြန်ပါတယ်။ အစ္စရေးဟာ နိုင်ငံတကာဥပဒေတွေကို တမင်ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ဖောက်ဖျက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    လက်ဘနွန် ရွာသုံးရွာမှ အိမ်များကို အစ္စရေးက ဖောက်ခွဲဖျက်ဆီး
    ———
    လက်ဘနွန်တောင်ပိုင်း ရွာ ၃ ရွာမှာရှိတဲ့ နေအိမ်တွေအားလုံးကို အစ္စရေးက ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာအဖွဲ့ကို ပစ်မှတ်ထားတဲ့ဆိုတဲ့ အစ္စရေးရဲ့ ကျူကျော်တိုက်ခိုက်မှုအတွင်း လက်ဘနွန်မှာ အသတ်ခံရသူအရေအတွက်ဟာ ၃ ထောင်ကျော်လာခဲ့ပြီး အများစုက အရပ်သားတွေဖြစ်ပါတယ်။ အစ္စရေးဟာ လက်ရှိမှာ လက်ဘနွန်တောင်ပိုင်းက အရပ်ဖက်နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးနေပါတယ်။

    ဂျူးအခြေချနေထိုင်သူများက တိုက်ခိုက်မှုလုပ်
    ———-
    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ဂျူးအခြေချနေထိုင်သူတွေက ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေ၊ သံလွင်ခင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အခုရက်ပိုင်းမှာ တိုးမြှင့် တိုက်ခိုက်လာပါတယ်။ အနည်းဆုံး မြို့ ၃ ခုမှာ ဂျူးလူအုပ်ကြီးက တိုက်ခိုက်မီးရှို့မှုတွေ လုပ်ဆောင်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာကလ စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲနောက်ပိုင်း ဂျူးအခြေချနေထိုင်သူတွေရဲ့ တိုက်ခိုက်မှုတွေလည်း မြင့်တက်လာပါတယ်။

    (ဓာတ်ပုံ – ဂျာဘာလီယာ ဒုက္ခသည်စခန်းမှ အစ္စရေး၏ တိုက်ခိုက်မှု)

  • နို၀င်ဘာ ၁ ရက်နေ့ နိုင်ငံတကာသတင်းများ

    နို၀င်ဘာ ၁ ရက်နေ့ နိုင်ငံတကာသတင်းများ

    M-Media

    (ဓာတ်ပုံ – မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှု)

    ထိုင်းအစိုးရက လူ ၅ သိန်းနီးပါးကို နိုင်ငံသားပေးမည်
    ——————
    ပြောင်းရွှေ့အခြေချသူ၊ ဒါမှမဟုတ် လူမျိုးစုတွေထဲက နိုင်ငံအတွင်း နှစ်ပေါင်းများစွာ နေထိုင်သူတွေနဲ့ နိုင်ငံအတွင်း မွေးဖွားသူ စုစုပေါင်း ၄၈၃၀၀၀ ကို နိုင်ငံသားပေးမယ်လို့ ထိုင်းအစိုးရက ကြေငြာပါတယ်။ ကြိုးနီစနစ်တွေကြောင့် ကြန့်ကြာနေတဲ့ နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဥ်ကို ပိုမိုမြန်ဆန်အောင်လုပ်မှာဖြစ်ပြီး ဒီလူတွေဟာ နိုင်ငံလုပ်သားစွမ်းအားမှာ ပါ၀င်လာကာ တိုင်းပြည်စီးပွားရေးအတွက် ပိုမိုအားကောင်းစေဖို့ ရည်ရွယ်တယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

    စွမ်းဆောင်ရည်မြင့် ဒုံးကျည်သစ်ကို မြောက်ကိုရီးယာစမ်းသပ်
    ————-
    လောင်စာအခဲ အသုံးပြုထားပြီး နိုင်ငံသမိုင်းတစ်လျှောက် စွမ်းဆောင်ရည်အမြင့်ဆုံး တိုက်ချင်းပစ်ဒုံးကျည် Hwasong-19 ကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။ ဒုံးကျည်ဟာ ကမ္ဘာ့လေထုအပြင်ဘက်အထိ ရောက်ခဲ့ပြီး၊ ကမ္ဘာ့စွမ်းအားအပြင်းဆုံး ဗျူဟာမြောက် ဒုံးကျည်လို့ မြောက်ကိုရီးယားက သမုတ်ပါတယ်။

    အပူလှိုင်းကြောင့် ဒေါ်လာဘီလီယံချီ ဘင်္ဂလားဒေ့ရှ် ဆုံးရှုံး
    —————–
    အပူလှိုင်းရိုက်ခတ်မှု နောက်ဆက်တွဲဆိုးကျိုးကြောင့် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံစီးပွားရေးမှာ ကန်ဒေါ်လာ ၂၁ ဘီလီယံ ဆုံးရှုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်က ထုတ်ပြန်ပါတယ်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍက အထိနာဆုံး ဖြစ်ခဲ့ပြီး၊ ပြည်သူတွေရဲ့ ကျန်းမာရေးကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


  • ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (နို၀င်ဘာ ၁)

    ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (နို၀င်ဘာ ၁)

    M-Media

    (ဓာတ်ပုံ – ဘာလ်ဘက်မြို့မှ သမိုင်း၀င်နေရာတစ်ခု)

    လက်ဘနွန်ရှေးဟောင်းမြို့များ အန္တရာယ်ရှိနေ
    ———
    အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် လက်ဘနွန်နိုင်ငံက ရှေးဟောင်းမြို့တွေဟာ အန္တရာယ်ရှိလာနေတယ်လို့ ကုလအထူးကိုယ်စားလှယ် ဂျီနင်း ဟန်နစ် ပလက်စ်ချာ့တ်က သတိပေးလိုက်ပါတယ်။ အစ္စရေးဟာ လက်ဘနွန်က သမိုင်း၀င်မြို့တွေဖြစ်တဲ့ တိုင်ရီနဲ့ ဘာလ်ဘက်မြို့တွေကို အကြီးအကျယ် အကြမ်းဖက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

    ဂါဇာတွင်အသတ်ခံရသူ ၄၃၀၀၀ ကျော်ပြီ
    ———
    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူ အရေအတွက်ဟာ ၄၃၂၅၉ ဦး ရှိလာပြီး အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၅၅ ဦး အသတ်ခံခဲ့ရပါတယ်။ တစ်နှစ်ကျော်အတွင်း ဂါဇာမှာ ပျောက်ဆုံးသူ သောင်းချီ ရှိနေပြီး၊ ဒဏ်ရာရသူ အရေအတွက်က ၁၀၁၈၂၇ ဦး ရှိနေပါတယ်။

    ကျန်းမာရေး၀န်ထမ်းများကို တိုက်ခိုက်မှု ၅၀ ကျော်ရှိ
    ———–
    လက်ဘနွန်မှာ အစ္စရေးက ကျန်းမာရေး၀န်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု အရေအတွက်ဟာ ကောက်ယူရရှိသမျှ ၅၅ ခုအထိ ရှိနေပြီး အမှန်တကယ်အရေအတွက်က ဒီထက်ပိုများနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ပါတယ်။ ဂါဇာနဲ့ လက်ဘနွန်မှာ အစ္စရေးဟာ တစ်နှစ်အတွင်း ကျန်းမာရေး၀န်ထမ်း ရာနဲ့ချီ သတ်ဖြတ်ထားပါတယ်။


  • အောက်တိုဘာ ၁၅ ရက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၁၅ ရက် နိုင်ငံတကာသတင်းများ

    M-Media

    (ဓာတ်ပုံ – တောင်တက်သမိုင်းတွင် စံချိန်သစ်ရခဲ့သည့် နီပေါနိုင်ငံသား ရှာပါရ်)

    တရုတ်၏ ထိုင်၀မ်ပေါ်လစီ မပြောင်းလဲသေး
    ———-
    ထိုင်၀မ်နဲ့ ငြိမ်းချမ်းစွာပေါင်းစည်းရေး လိုလားပေမယ့် လိုအပ်ရင် စစ်အင်အားသုံးသိမ်းပိုက်မယ့် မိမိတို့ရဲ့ မူ၀ါဒ ပြောင်းလဲမှု ရှိမှာမဟုတ်ဘူးလို့ ထိုင်၀မ်းကျွန်းကို ၀ိုင်းပတ်ပြီး ၄ ကြိမ်မြောက်ပြုလုပ်တဲ့ စစ်ရေးလေ့ကျင်မှုအပြီးမှာ တရုတ်နိုင်ငံက ထုတ်ပြန်ပါတယ်။ မေလမှာ အာဏာရလာတဲ့ ထိုင်၀မ်သမ္မတ လိုင်ချင်တေဟာ ထိုင်၀မ် လွတ်မြောက်ရေး ပိုမိုပြောဆိုလာပြီး တရုတ်ကတော့ ခွဲထွက်ရေးသမားအဖြစ် တံဆိပ်ကပ်ပါတယ်။

    တောင်တက်သမိုင်းမှာ စံချိန်တင်တဲ့ နီပေါနိုင်ငံသား
    —————
    နီပေါ နိုင်ငံသား အသက် ၁၈ နှစ်အရွယ် နီမာရင်ဂျီ ရှာရ်ပါဟာ နီပေါ၊ ပါကစ္စတန်၊ တိဘတ်နဲ့ အိန္ဒိယနိုင်ငံတို့က မီတာ ၈၀၀၀ မြင့်တဲ့ တောင်ပေါင်း ၁၄ ခုကို အောင်မြင်စွာ တက်ရောက်နိုင်တဲ့ ကမ္ဘာ့အသက်အငယ်ဆုံး လူသားအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။ တောင်တက်မိသားစုမျိုးက ဆင်းသက်လာတဲ့ ရှာရ်ပါဟာ လွန်ခဲ့တဲ့ ၂ နှစ်ကမှ တောင်တက်လောကထဲ ၀င်ရောက်လာခဲ့ပြီး အသက် ၁၆ နှစ်အရွယ်မှာကတည်းက အမြင့်ဆုံး တောင်တွေကို တက်နိုင်ခဲ့သူ ဖြစ်ပါတယ်။

    နိုင်ငံခြားသားမျှော်ပြီး အိမ်ယာစီမံကိန်းထပ်လုပ်မယ့် ဘန်ကောက်
    —————-
    ၂၀၂၅ နှစ်လယ်ပိုင်းကစပြီး ဘန်ကောက်မြို့လယ်ကောင်မှာ ဇိမ်ခံကွန်ဒိုစီမံကိန်း ၄ ခုထက်မနည်း ထိုင်းအစိုးရက ထပ်လုပ်ဖို့ ရှိနေပါတယ်။ ထိုင်းနိုင်ငံမှာ အိမ်ယာစျေးကွက် ကျဆင်းနေပေမယ့် နိုင်ငံခြားသားတွေရဲ့ ၀ယ်မှုနှုန်းက မြင့်တက်လာခဲ့ပြီး အထူးသဖြင့် ထိုင်၀မ်နဲ့ တရုတ်နိုင်ငံသားတွေ အဓိက ၀ယ်ယူတာဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်မှာ နိုင်ငံခြားသား၀ယ်ယူသူတွေကို အဓိကစွဲဆောင်နိုင်ဖို့ ထိုင်းအစိုးရက မျှော်လင့်နေပါတယ်။


  • ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (အောက်တိုဘာ ၁၄)

    ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (အောက်တိုဘာ ၁၄)

    M-Media

    (ဓာတ်ပုံ – Al-Aqsa Martyrs ဆေးရုံ တိုက်ခိုက်ခံရမှု)


    ဟစ်ဇ်ဘိုလာက အစ္စရေးစစ်စခန်းကို တိုက်ခိုက်
    —————-
    အစ္စရေးမြောက်ပိုင်း စစ်စခန်းတစ်ခုကို ဟစ်ဇ်ဘိုလာက တနင်္ဂနွေနေ့ညပိုင်းမှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး အစ္စရေးစစ်သား ၄ ဦး သေဆုံးကာ ဒဏ်ရာရသူ ၇ ဦး ရှိပါတယ်။ အစ္စရေးရဲ့ ဒုံးခွင်းစနစ်တွေကို ကျော်ဖြတ်နိုင်အောင် ဒရုန်းတွေ၊ ဒုံးကျည်တွေပါတဲ့ ရှုပ်ထွေးတဲ့စနစ်နဲ့ တိုက်ခိုက်ခဲ့တာလို့ ဟစ်ဇ်ဘိုလာက ထုတ်ပြန်ပါတယ်။
    ဆေးရုံနှင့် စာသင်ကျောင်းက လူသတ်ပွဲ
    ———
    ဂါဇာမြောက်ပိုင်း Al-Aqsa Martyrs ဆေးရုံ၀န်းထဲက စစ်ရှောင်စခန်းတွေကို အစ္စရေးက မနေ့မှာ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ၄ ဦးသေဆုံးကာ ၇၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ တိုက်ခိုက်မှု နောက်ဆက်တွဲ မီးလောင်မှုကြောင့် ၀န်းထဲက စစ်ရှောင်စခန်း အနည်းဆုံး ၇၀ ပျက်ဆီးခဲ့ပါတယ်။ ဂါဇာအလယ်ပိုင်း နူဆီရတ် ဒုက္ခသည်စခန်းကိုလည်း အစ္စရေးတင့်ကားတွေက တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ၂၂ ဦးသေဆုံးကာ ၈၀ လောက်ဒဏ်ရာရခဲ့ပါတယ်။
    အစ္စရေးတွင် THAAD ဒုံးခွင်းစနစ် ကန်ချထားမည်
    ————-
    အဆင့်မြင့် THAAD ဒုံးခွင်းစနစ်ကို အစ္စရေးမှာ ချထားမယ်လို့ ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်က အတည်ပြုပါတယ်။ ဒီစနစ်ကို အသုံးပြုနိုင်ဖို့ အမေရိကန်စစ်သားတွေလည်း တစ်ပါတည်း ပါ၀င်မှာ ဖြစ်ပါတယ်။ အီရန်က ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုနောက်ပိုင်း အစ္စရေးရဲ့ လေကြောင်းကာကွယ်ရေးစနစ်ကို ပိုမိုအားကောင်းစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။