News @ M-Media

Blog

  • ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (နို၀င်ဘာ ၁၁)

    ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (နို၀င်ဘာ ၁၁)

    M-Media

    (ဓာတ်ပုံ – ဂါဇာမှ ကျူးကျော်အစ္စရေးစစ်သားများ)

    အစ္စရေးစစ်သား ၁၅ ဦးကို ဟားမက်စ် သုတ်သင်
    ——-
    ဂါဇာမြောက်ပိုင်းကို ကျူးကျော်လာတဲ့ အစ္စရေးစစ်သားသား ၁၅ ဦးကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ သုတ်သင်နိုင်ခဲ့တယ်လို့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က ထုတ်ပြန်ပါတယ်။ တင့်ဖျက်ဒုံး၊ လက်ပစ်ဗုံး၊ လက်နက်ငယ်တွေနဲ့ အနီးကပ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာက စတင်ပြီး ဂါဇာမှာ ဟားမက်စ်အဖွဲ့က သုတ်သင်နိုင်ခဲ့တဲ့ အစ္စရေးစစ်သား အနည်းဆုံး ၃၇၀ ရှိပြီဖြစ်ပါတယ်။

    လူ နေအိမ်ယာ ၃ ခုကို အစ္စရေးက တိုက်ခိုက်
    ——
    ဂါဇာက ဂျာဘာလီယာ ဒုက္ခသည်စခန်း၊ လက်ဘနွန်က ဘေရွတ်မြို့နဲ့ ဆီရီးယား ဒမတ်စကတ်မြို့တွေက လူနေအိမ်ယာတွေကို အစ္စရေးက တနင်္ဂနွေမှာ အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး ကလေးငယ် ၂၂ ဦးအပါအ၀င် လူ ၇၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ အစ္စရေးဟာ ဂါဇာနဲ့ လက်ဘနွန်မှာ တိုက်ခိုက်သတ်ဖြတ်မှုတွေကို တိုးမြှင့် လုပ်ဆောင်နေပါတယ်။

    လူ့အခွင့်အရေး စောင့်ကြည့်သူ မိသားစုတစ်ခုလုံး အသတ်ခံရ
    ——-
    ပါလက်စတိုင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (PCHR) က သုတေသနပညာရှင် မိုဟာမက် အလ်လုရှ်ရဲ့ မိသားစု၀င် ၂၄ ဦးကို အစ္စရေးက ဂါဇာကမ်းမြှောင်မှာ သတ်ဖြတ်ခဲ့ပါတယ်။ သတ်ဖြတ်ခံရသူအားလုံးဟာ စစ်ရှောင်တွေဖြစ်ပြီး ကလေးငယ် ၁၄ ဦးနဲ့ အမျိုးသမီး ၆ ဦး ပါ၀င်ပါတယ်။ အဲဒီထဲက တစ်ချို့ဟာ အစ္စရေးရဲ့ အရင်က တိုက်ခိုက်မှုတွေကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ကြသူတွေ ဖြစ်ပါတယ်။

    Ref: Aljazeera

  • အမ်စတာဒမ်တွင် တိုက်ခိုက်ခံခဲ့ရသည့် ဂျူးအစွန်းရောက်များ

    အမ်စတာဒမ်တွင် တိုက်ခိုက်ခံခဲ့ရသည့် ဂျူးအစွန်းရောက်များ

    နို၀င်ဘာ ၁၁၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – အမ်စတာဒမ်မြို့ လူနေတိုက်ခန်းတစ်ခုမှ ပါလက်စတိုင်းအလံကို ဖြုတ်ချနေသည့် ဂျူးအစွန်းရောက်တစ်ဦး)

    -အစ္စရေးဘောလုံးအသင်း Maccabi Tel Aviv ရဲ့ ပရိတ်သတ်တွေ အမ်စတာဒမ်မြို့မှာ ပြီးခဲ့တဲ့တစ်ပတ်က တိုက်ခိုက်ခံခဲ့ရပြီးနောက် နယ်သာလန်အစိုးရဟာ ပါလက်စတိုင်းထောက်ခံမှု ဆန္ဒပြပွဲတွေကို ပိတ်ပင်လိုက်ပါတယ်။

    အေဂျက်အသင်းနဲ့ ယူရိုပါလိဂ်ပွဲအတွက် အားပေးဖို့ လာရောက်ကြတဲ့ အစ္စရေးပရိတ်သတ်တွေဟာ ပွဲမတိုင်ခင်တစ်ရက် ဗုဒ္ဓဟူးနေ့က မြို့လယ်ကောင် Dam ရင်ပြင်မှာ စု၀ေးပြီး ပါလက်စတိုင်းဆန့်ကျင်ရေး၊ အာရပ်ဆန့်ကျင်ရေး လုပ်ဆောင်ခဲ့ကြပါတယ်။

    လူရာချီပါ၀င်တဲ့ စု၀ေးပွဲမှာ ပါလက်စတိုင်းအလံကို မီးရှို့ခဲ့ပြီး ‘အစ္စရေးစစ်တပ်အောင်မြင်ပါစေ၊ မ-ေ -ိုး အာရပ်တွေ’ ‘မ-ေ -ိုး ပါလက်စတိုင်းတွေ’ ‘ဂါဇာမှာ ကလေးတစ်ယောက်တောင် အရှင်မထားနဲ့’ စသဖြင့် ဟစ်အော်ခဲ့ကြပါတယ်။

    အမ်စတာဒမ်က ပါလက်စတိုင်းအလံလွှင့်ထားတဲ့ နေအိမ်တိုက်ခန်းတွေကိုလည်း အစ္စရေးပရိတ်သတ်တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ မြို့တော်ကောင်စီအဖွဲ့၀င် Jazie Veldhuyzen က ပြောပါတယ်။

    ကြာသာပတေးနေ့ပွဲကို သွားကြည့်တဲ့အခါမှာလည်း ဂျူးလူအုပ်ဟာ အာရပ်ဆန့်ကျင်ရေး ကျွေးကြော်သံတွေကို ဟစ်အော်ခဲ့ကြပါတယ်။ အေဂျက်က ၅ ဂိုးပြတ်နဲ့ နိုင်တဲ့ပွဲအပြီး Dam ရင်ပြင်ကို ဆန္ဒပြဖို့ ထပ်အသွားမှာ ပါလက်စတိုင်းထောက်ခံသူတွေနဲ့တွေ့ပြီး တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

    ဒီအဖြစ်အပျက်အတွင်း Maccabi Tel Aviv ပရိတ်သတ် ၃၀ နီးပါး အသေးစားဒဏ်ရာတွေ ရခဲ့ပြီး၊ အနည်းဆုံး ၆ ဦးကို ဆေးရုံတင်ခဲ့ရပါတယ်။

    တိုက်ခိုက်မှုကို ဂျူးဆန့်ကျင်ရေးလုပ်ရပ်အဖြစ် နယ်သာလန်အစိုးရက သတ်မှတ်ခဲ့ပြီး ပါ၀င်ပတ်သတ်သူ ၁၀၀ နီးပါးကို ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera


  • နို၀င်ဘာ ၉ ရက်နေ့ နိုင်ငံတကာသတင်းများ

    နို၀င်ဘာ ၉ ရက်နေ့ နိုင်ငံတကာသတင်းများ

    M-Media

    (ဓာတ်ပုံ – မလေး၀န်ကြီးချုပ်ဟောင်း မွဟ်ယစ်ဒင်ယာစင်)

    မလေး၀န်ကြီးချုပ်ဟောင်း အသရေဖျက်မှုဖြင့် ပြစ်ဒဏ်ချခံရ
    ———
    ဘဏ္ဍာရေး၀န်ကြီးဟောင်း လင်ဂွမ်အန်ကို အသရေဖျက်မှုအတွက် လျော်ကြေး ရင်းဂစ် ၁ ဒဿမ ၃၅ သန်း (ဒေါ်လာ ၄ သိန်းကျော်) ပေးဆောင်ဖို့ ၀န်ကြီးချုပ်ဟောင်း မွဟ်ယစ်ဒင် ယာစင်ကို မလေးရှားတရားရုံးက နို၀င်ဘာ ၈ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်က လူမှုကွန်ယက်မှာ တင်ခဲ့တဲ့ ပို့စ်တစ်ခုအတွက်ဖြစ်ပါတယ်။ မွဟ်ယစ်ဒင်ယာစင်ဟာ ခြစားမှု၊ ဘုရင်ကို အသရေဖျက်မှု စတဲ့ စွဲချက်တွေနဲ့လည်း တရားစွဲဆိုခံထားရပါတယ်။

    GPS စနစ်ကို မြောက်ကိုရီးယားက ပိတ်ပစ်
    ———–
    ကမ္ဘာ့လမ်းပြစနစ် (GPS) ကို မြောက်ကိုရီးယားက သောကြာနဲ့ စနေနေ့တွေမှာ ပိတ်ပစ်ခဲ့တာကြောင့် မိမိတို့ ပိုင်နက်က ရေကြောင်းနဲ့ လေကြောင်း ခရီးသွားလာမှုတွေ အခက်အခဲဖြစ်ခဲ့တယ်လို့ တောင်ကိုရီးယားက ထုတ်ပြန်ပါတယ်။ ပင်လယ်၀ါကို ဖြတ်မယ့် သင်္ဘောတွေနဲ့ လေယာဥ်တွေ ဒီကိစ္စကို သတိထားဖို့လည်း သတိပေးထားပါတယ်။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့ဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း တင်းမာမှုတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။

    ကက်ရှ်မီးယား ကိုယ်ပိုင်အုပ်ချုပ်ရေးကိစ္စ မိုဒီလက်မခံ
    —————–
    ကက်ရှ်မီးယားကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပြန်ပေးရေး ပြည်နယ်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီက ပယ်ချလိုက်ပါတယ်။ မိုဒီဦးဆောင်တဲ့ ဖက်ဒရယ်အစိုးရဟာ ကက်ရှ်မီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ၂၀၁၉ ခုနှစ်မှာ ပယ်ဖျက်ခဲ့ပြီး အဲဒီနောက်ပိုင်း ကက်ရှ်မီးယား ဒေသခံတွေကို ဖိနှိပ်ချုပ်ချယ်မှုတွေ ပိုမိုလုပ်ဆောင်ခဲ့ပါတယ်။

    Ref: CNA


  • ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (နို၀င်ဘာ ၈)

    ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (နို၀င်ဘာ ၈)

    M-Media

    အသတ်ခံရသူ ၇၀ ရာခိုင်နှုန်းက အမျိုးသမီးနှင့် ကလေးများဖြစ်နေ
    ————-
    ပြီးခဲ့တဲ့နှစ် အောက်တိုဘာက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲမှာ အသတ်ခံရသူ ပါလက်စတိုင်းအရေအတွက်ဟာ ၄၃၅၀၈ ဦး ရှိလာခဲ့ပြီး ၇၀ ရာခိုင်နှုန်းက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ကုလ လူအခွင့်အရေးရုံးက ထုတ်ပြန်ပါတယ်။ အစ္စရေးဟာ နိုင်ငံတကာဥပဒေတွေကို တမင်ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ဖောက်ဖျက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    လက်ဘနွန် ရွာသုံးရွာမှ အိမ်များကို အစ္စရေးက ဖောက်ခွဲဖျက်ဆီး
    ———
    လက်ဘနွန်တောင်ပိုင်း ရွာ ၃ ရွာမှာရှိတဲ့ နေအိမ်တွေအားလုံးကို အစ္စရေးက ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာအဖွဲ့ကို ပစ်မှတ်ထားတဲ့ဆိုတဲ့ အစ္စရေးရဲ့ ကျူကျော်တိုက်ခိုက်မှုအတွင်း လက်ဘနွန်မှာ အသတ်ခံရသူအရေအတွက်ဟာ ၃ ထောင်ကျော်လာခဲ့ပြီး အများစုက အရပ်သားတွေဖြစ်ပါတယ်။ အစ္စရေးဟာ လက်ရှိမှာ လက်ဘနွန်တောင်ပိုင်းက အရပ်ဖက်နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးနေပါတယ်။

    ဂျူးအခြေချနေထိုင်သူများက တိုက်ခိုက်မှုလုပ်
    ———-
    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ဂျူးအခြေချနေထိုင်သူတွေက ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေ၊ သံလွင်ခင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အခုရက်ပိုင်းမှာ တိုးမြှင့် တိုက်ခိုက်လာပါတယ်။ အနည်းဆုံး မြို့ ၃ ခုမှာ ဂျူးလူအုပ်ကြီးက တိုက်ခိုက်မီးရှို့မှုတွေ လုပ်ဆောင်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာကလ စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲနောက်ပိုင်း ဂျူးအခြေချနေထိုင်သူတွေရဲ့ တိုက်ခိုက်မှုတွေလည်း မြင့်တက်လာပါတယ်။

    (ဓာတ်ပုံ – ဂျာဘာလီယာ ဒုက္ခသည်စခန်းမှ အစ္စရေး၏ တိုက်ခိုက်မှု)

  • နို၀င်ဘာ ၁ ရက်နေ့ နိုင်ငံတကာသတင်းများ

    နို၀င်ဘာ ၁ ရက်နေ့ နိုင်ငံတကာသတင်းများ

    M-Media

    (ဓာတ်ပုံ – မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှု)

    ထိုင်းအစိုးရက လူ ၅ သိန်းနီးပါးကို နိုင်ငံသားပေးမည်
    ——————
    ပြောင်းရွှေ့အခြေချသူ၊ ဒါမှမဟုတ် လူမျိုးစုတွေထဲက နိုင်ငံအတွင်း နှစ်ပေါင်းများစွာ နေထိုင်သူတွေနဲ့ နိုင်ငံအတွင်း မွေးဖွားသူ စုစုပေါင်း ၄၈၃၀၀၀ ကို နိုင်ငံသားပေးမယ်လို့ ထိုင်းအစိုးရက ကြေငြာပါတယ်။ ကြိုးနီစနစ်တွေကြောင့် ကြန့်ကြာနေတဲ့ နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဥ်ကို ပိုမိုမြန်ဆန်အောင်လုပ်မှာဖြစ်ပြီး ဒီလူတွေဟာ နိုင်ငံလုပ်သားစွမ်းအားမှာ ပါ၀င်လာကာ တိုင်းပြည်စီးပွားရေးအတွက် ပိုမိုအားကောင်းစေဖို့ ရည်ရွယ်တယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

    စွမ်းဆောင်ရည်မြင့် ဒုံးကျည်သစ်ကို မြောက်ကိုရီးယာစမ်းသပ်
    ————-
    လောင်စာအခဲ အသုံးပြုထားပြီး နိုင်ငံသမိုင်းတစ်လျှောက် စွမ်းဆောင်ရည်အမြင့်ဆုံး တိုက်ချင်းပစ်ဒုံးကျည် Hwasong-19 ကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။ ဒုံးကျည်ဟာ ကမ္ဘာ့လေထုအပြင်ဘက်အထိ ရောက်ခဲ့ပြီး၊ ကမ္ဘာ့စွမ်းအားအပြင်းဆုံး ဗျူဟာမြောက် ဒုံးကျည်လို့ မြောက်ကိုရီးယားက သမုတ်ပါတယ်။

    အပူလှိုင်းကြောင့် ဒေါ်လာဘီလီယံချီ ဘင်္ဂလားဒေ့ရှ် ဆုံးရှုံး
    —————–
    အပူလှိုင်းရိုက်ခတ်မှု နောက်ဆက်တွဲဆိုးကျိုးကြောင့် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံစီးပွားရေးမှာ ကန်ဒေါ်လာ ၂၁ ဘီလီယံ ဆုံးရှုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်က ထုတ်ပြန်ပါတယ်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍက အထိနာဆုံး ဖြစ်ခဲ့ပြီး၊ ပြည်သူတွေရဲ့ ကျန်းမာရေးကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။