News @ M-Media

Blog

  • IS ကို ထိထိရောက်ရောက်နှိမ်နှင်းရန် အင်ဒိုက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေသစ် ပြဌာန်း

    IS ကို ထိထိရောက်ရောက်နှိမ်နှင်းရန် အင်ဒိုက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေသစ် ပြဌာန်း

    မေ ၂၆၊ ၂၀၁၈
    M-Media

    IS ကိုသစ္စာခံသည့် အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ဟု ယူဆရသူ

    – အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးတွေနဲ့ ပြည်တွင်း လုံခြုံရေးဆိုင်ရာ ကိစ္စတွေမှာ စစ်တပ်က တိုက်ရိုက် ပါဝင်နိုင်မယ့် အငြင်းပွားဖွယ် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကို အင်ဒိုနီးရှားလွှတ်တော်က မနေ့မှာ အတည်ပြု ပြဌာန်းလိုက်ပါတယ်။

    IS ကိုထောက်ခံသူတွေဟာ အခုလအစောပိုင်းမှာ နိုင်ငံရဲ့ ဒုတိယအကြီဆုံးမြို့ ဆူရာဘာယာက ခရစ်ယာန်ဘုရားကျောင်း ၃ ခုနဲ့ ရဲဌာနချုပ်တွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး လူ ၂၀ လောက် သေဆုံးခဲ့ပါတယ်။ အဲဒီ အကြမ်းဖက်သမားတွေကို နှိမ်နှင်းရေး ထိထိရောက်ရောက်ဆောင်ရွက်ဖို့ တိုက်တွန်းမှုတွေလည်း ရှိလာခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ်ကတည်း ရေးဆွဲခဲ့တဲ့ အခု ဥပေဒသစ်မှာ အကြမ်းဖက်တိုက်ဖျက်ရေးဟာ စစ်တပ်ရဲ့တာဝန် တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့ရဲ့တောင်းဆိုမှု၊ သမ္မတရဲ့ အတည်ပြုမှု ရရှိမှသာလျှင် စစ်တပ်က စစ်ဆင်ရေးတွေမှာ ပါဝင်နိုင်မယ်လို့ ဥပဒေက ဆိုပါတယ်။

    အကြမ်းဖက်မှုအတွက် သံသယရှိသူကို တရားစွဲဆိုခြင်းမပြုဘဲ ရဲတပ်ဖွဲ့အနေနဲ့ ၂၁ ရက်အထိ ထိန်းသိမ်းထားခွင့်၊ အထောက်အထားရှာဖို့လိုအပ်ရင် ရက်ပေါင်း ၂၀၀ အထိ ချုပ်နှောင်ထားခွင့်လည်း ဒီဥပဒေသစ်မှာ ပေးထားပါတယ်။

    ဥပဒေသစ်အရ အကြမ်းဖက်တိုက်ခိုက်မှုလုပ်ဖို့အတွက် ဖေါက်ခွဲရေးပစ္စည်းတွေ၊ အခြား ဓာတုပစ္စည်းနဲ့ လက်နက်တွေကို နိုင်ငံအတွင်း တင်သွင်းတာ၊ နိုင်ငံပြင်ပ တင်ပို့တာ လုပ်တဲ့သူတွေအနေနဲ့ အမြင့်ဆုံး သေဒဏ်အထိ ချမှတ်ခံရမှာ ဖြစ်ပါတယ်။

    ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ဆီးရီးယားနဲ့ အီရတ်တို့ကိုသွားရောက်ကာ IS အကြမ်းဖက်အဖွဲ့နဲ့ သွားပေါင်းတဲ့ လူငယ် ၁၀၀၀ နီးပါးလောက်ရှိပြီး ၅၀၀ ကျော်လောက် ပြန်လာခဲ့ကြတယ်လို့ အင်ဒိုအာဏာပိုင်တွေက ပြောကြားထားပါတယ်။

    Ref: Aljazeera

  • စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စနေနေ့မနက် နိုင်ငံတကာသတင်းများ

    မေ ၂၆၊ ၂၀၁၈
    M-Media

    ဖီဖာဥက္ကဌနှင့် တွေ့ဆုံနေသည့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်

    ထရမ့်-ကင်ဂျုံအွန်တို့ ဆွေးနွေးပွဲ ပြန်ဖြစ်လာမည်
    ==============
    ဇွန်လ ၁၂ ရက်နေ့မှာ စီစဉ်ထားတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ တွေ့ဆုံရေးကိစ္စ ပြန်လည်ဖြစ်မြောက်လာအောင် ဆွေးနွေးမှုတွေလုပ်နေပြီး အခြေအနေကောင်းနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့ညပိုင်းမှာ ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားရဲ့ ရန်လိုမှု၊ ဒေါသတွေကို တွေ့ရတဲ့အတွက် တွေ့ဆုံပွဲကို ဖျက်သိမ်းတယ်လို့ ထရမ့်က ကြာသာပတေးနေ့မှာ ကြေငြာခဲ့တာပါ။ ဒါပေမယ့် မြောက်ကိုရီးယားဖက်က တံခါးဖွင့်ထားဆဲလို့ ထုတ်ပြန်တာကြောင့် အမေရိကန်က ဆွေးနွေးပွဲကို ပြန်အသက်သွင်းဖို့ စီစဉ်နေတာဖြစ်ပါတယ်။

    အသတ်ခံရသည်ဟု သတင်းထွက်သည့် ဆော်ဒီအိမ်ရှေ့မင်းသား လူမြင်ကွင်းပြန်ထွက်
    =====================
    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ မနေ့က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဌ အန်ဖန်တီနိုနဲ့ တွေ့ဆုံခဲ့ပြီး ဧပြီလ ၂၁ ရက်နေ့နောက်ပိုင်း ပထမဆုံး လူမြင်ကွင်းကို ပြန်ထွက်လာတာ ဖြစ်ပါတယ်။ ပြီ ၂၁ ရက်နေ့က ရီယာ့ဒ်မှာရှိတဲ့ နန်းတော်မှာ သေနတ်သံတွေကြားခဲ့ရပြီး ဘင်ဆလ်မန်ကို မကျေနပ်တဲ့ တော် ၀င်မင်းသားတွေက အာဏာသိမ်းတာဖြစ်တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ဆော်ဒီအစိုးရကတော့ ကစားစရာ ဒရုန်းတစ်ခုကို ပစ်ချတာလို့ သတင်းထုန်ပြန်ပါတယ်။ ဘင် ဆလ်မန်ဟာ အဲဒီအဖြစ်အပျက်အပြီးမှာ လူမြင်ကွင်းကနေ လုံးဝပျောက်သွားခဲ့ပြီး အာဏာသိမ်းမှုအတွင်း အသတ်ခံလိုက်ရတယ်လို့ ကောလဟာလတွေ ထွက်ခဲ့ပါတယ်။

    ကနေဒါရှိ အိန္ဒိယစားသောက်ဆိုင်တွင် ပေါက်ကွဲမှုဖြစ်
    ===============
    ကနေဒါနိုင်ငံ တိုရွန်တိုဆင်ခြေဖုံးက အိန္ဒိယစားသောက်ဆိုင်တစ်ခုမှာ ကြာသာပတေးနေ့ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး သံသယရှိသူ ၂ ဦးကို ရှာဖွေနေတယ်လို့ ကနေဒါရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီသံသယရှိသူနှစ်ယောက်ဟာ Bombay Bhel ဆိုတဲ့ စားသောက်ဆိုင်ကို မျက်နှာတွေဖုံးကာ ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကတော့ လက်ရှိအချိန်အထိ အကြမ်းဖက်မှုလုပ်ရပ်၊ အမုန်းဆောင်ရာဇ၀တ်မှုတွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ အနေအထားမျိုးကို မတွေ့ရသေးကြောင်း ပြောကြားခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    ဟောလီးဝုဒ် နာမည်ကြီးထုတ်လုပ်သူ လိင်စော်ကားမှုဖြင့် တရားစွဲခံရ
    ================
    ဟောလီးဝုဒ်က နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေး ၀ိုင်စတိန်းဟာ အဓမ္မကျင့်မှု လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ မနေ့မှာ တရားစွဲခံခဲ့ရပါတယ်။ မင်းသမီးဟောင်း လူစီယာ အီဗန်စ်က ၀ိုင်စတိန်းဟာ ၂၀၀၄ ခုနှစ်မှာ သူမကို လိင်စော်ကားမှုလုပ်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပြီးတဲ့နောက်ပိုင်း အခြား ရုပ်ရှင်လောကသား တော်တော်များ များကလည်း ၀ိုင်စတိန်းရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်ခဲ့ကြပါတယ်။ မနေ့က ၀ိုင်စတိန်းကို အမျိုးသမီးနှစ်ဦးအပေါ် ကျူးလွန်မှုနဲ့ နယူးယောက်က တရားရုံးမှာ တရားစွဲခဲ့တာဖြစ်ပြီး ဒေါ်လာ တစ်သန်းတန် အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ၀ိုင်စတိန်းက နှစ်ဦးသဘောတူခြင်းမရှိဘဲ လိင်ပိုင်းဆိုင်ရာ ပတ်သက်တာမျိုး မရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ GPS နောက်ယောက်ခံစနစ် ၀င်ဆင်ဖို့၊ နိုင်ငံကူးလက်မှတ် ပယ်ဖျက်ဖို့ စတာတွေကိုလည်း ၀ိုင်စတိန်းက သဘောတူခဲ့ရပါတယ်။

    Ref: Aljazeera, CNN, BBC

  • မလေးဝန်ကြီးချုပ်ဟောင်းထံမှ သိမ်းဆည်းရမိသည့် ငွေသားတန်ဖိုး စုစုပေါင်း ကန်ဒေါ်လာ ၂၉ သန်း ရှိနေ

    မလေးဝန်ကြီးချုပ်ဟောင်းထံမှ သိမ်းဆည်းရမိသည့် ငွေသားတန်ဖိုး စုစုပေါင်း ကန်ဒေါ်လာ ၂၉ သန်း ရှိနေ

    မေ ၂၅၊ ၂၀၁၈
    M-Media

    မလေးရှား စီးပွားရေးဆိုင်ရာ ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲ အေမာရ်ဆင်း (လယ်)

    – ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်နဲ့ သက်ဆိုင်တာနေရာတွေက ရရှိခဲ့တဲ့ အိတ်ပေါင်း ၃၅ အိတ်ထဲမှာ ငွေသား ရင်းဂစ် ၁၁၄ သန်း (ကန်ဒေါ်လာ ၂၉ သန်း) တွေ့ရှိ သိမ်းဆည်းခဲ့တယ်လို့ မလေးရှား စီးပွားရေးဆိုင်ရာ ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲ အေမာရ်ဆင်းက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

    နောက်ထပ် ၃၇ အိတ်မှာ လက်ဝတ်ရတနာတွေနဲ့ နာရီတွေပါဝင်ပြီး ပစ္စည်းတန်ဖိုး မတွက်ရသေးဘူးလို့ ဆိုပါတယ်။

    ငွေကြေး ခ၀ါချမှုဥပဒေအရ မလေးရှားရဲတပ်ဖွဲ့ဟာ မေလ ၁၈ ရက်နေ့မှာ ကွာလာလမ်ပူက ဇိမ်ခံတိုက်ခန်းတွေ အပါအ၀င် နာဂျစ်ရာဇတ်၊ သူ့ရဲ့ သား၊ သမီးတွေရဲ့ အိမ်တွေကို ၀င်ရောက်ရှာဖွေခဲ့တာပါ။

    ရှာဖွေရာမှာ ရဲတပ်ဖွဲ့ဟာ လက်ဝတ်ရတနာတွေ၊ တန်ဖိုးကြီး လက်ကိုင်အိတ်တွေ၊ ဖိနပ်တွေ၊ နာရီတွေနဲ့ ငွေသားတွေထည့်ထားတဲ့ သေတ္တာပေါင်း ၂၈၄ ခုကို တွေ့ရှိ သိမ်းဆည်းခဲ့ပါတယ်။ ငွေသားတွေမှာ ငွေကြေးအမျိုးစားပေါင်း ၂၆ မျိုး ပါဝင်ပြီး အများဆုံးက ရင်းဂစ်နဲ့ စင်ကာပူဒေါ်လာ ဖြစ်ပါတယ်။

    ငွေသားတွေကို မေလ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ငွေရေစက်တွေအသုံးပြုကာ ဘဏ်အရာရှိ ၂၂ ဦးက ရေတွက်ခဲ့တာဖြစ်တယ်လို့ ဆင်းက ပြောကြားခဲ့ပါတယ်။

    “ငွေတွေကို ရေတွက်ပြီးတဲ့နောက်ပိုင်းမှာ မလေးရှားဗဟိုဘဏ်ကို ပို့ဆောင်ခဲ့ပါတယ်”

    သိမ်းဆည်းရမိခဲ့တဲ့ လက်ကိုင်အိတ်အများစုဟာ ပြင်သစ်က နာမည်ကျော် Hermes တံဆိပ်တွေဖြစ်ပြီး၊ အစစ်ဟုတ်၊ မဟုတ်နဲ့ အိတ်တန်ဖိုးတွေကို သိရဖို့အတွက် ကုမ္ပဏီနဲ့ ဆွေးနွေးမှု လုပ်နေကြောင်း၊ နာဂျစ်ရဲ့ သမီးဖြစ်သူ နူရ်ယာနာ နဂ်ျဝါရဲ့အိမ်က လက်ကိုင်အိမ် နောက်ထပ် အလုံး ၁၅၀ သိမ်းခဲ့ကြောင်း ဆင်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    နာဂျစ်ရဲ့သားဖြစ်သူ အက်စ်မန်းရဲ့အိမ်က ဘာတွေသိမ်းဆည်းရမိသလဲဆိုတာကိုတော့ သူက မပြောခဲ့ပါဘူး။ သိမ်းဆည်းရမိခဲ့တဲ့ လက်ဝတ်ရတနာတွေ၊ နာရီတွေနဲ့ အခြား ဇိမ်ခံပစ္စည်းတွေရဲ့ တန်ဖိုးကို အကဲဖြတ်ဖို့လည်း ကျွမ်းကျင်သူတွေကို ခေါ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

    ရှာဖွေနေတဲ့အချိန်က ပုံတွေဆိုပြီး ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့နေတဲ့ ဓာတ်ပုံတွေဟာ အတုတွေဖြစ်ကြောင်း၊ ရှာဖွေမှုကို ဦးဆောင်တဲ့ အကြီးအကဲ၊ ဒုတိယအကြီးအကဲတို့ကလွဲလို့ ဘယ်ရဲတပ်ဖွဲ့ဝင်ကိုမှ ဖုန်းပေးမကိုင်ကြောင်း ဆင်းက ပြောကြားခဲ့ပြီး နာဂျစ်အိမ်ကနေ ရွေချောင်းတွေသိမ်းဆည်းရမိတယ်၊ နံရံထဲမှာ ပိုက်ဆံတွေ ၀ှက်ထား တယ်ဆိုတဲ့ သတင်းတွေဟာလည်း အမှန်မဟုတ်ကြောင်း ထည့်သွင်း ရှင်းလင်းခဲ့ပါတယ်။

    Ref: CNA

  • အစွန်းရောက်ဘုန်းကြီးတစ်ဦးကို ခြိမ်းခြောက်မှုဖြင့် အပြစ်ရှိကြောင်း သီရိလင်္ကာဆုံးဖြတ်

    အစွန်းရောက်ဘုန်းကြီးတစ်ဦးကို ခြိမ်းခြောက်မှုဖြင့် အပြစ်ရှိကြောင်း သီရိလင်္ကာဆုံးဖြတ်

    မေ ၂၅၊ ၂၀၁၈
    M-Media

    အစွန်းရောက်ဘုန်းကြီး  Galagodaatte Gnanasara

    – သီရိလင်္ကာက အမုန်းတရားဟောတဲ့ အစွန်းရောက်ဘုန်းကြီးကို ရာဇ၀တ်မှုဆိုင်ရာစွဲချက်တွေအတွက် အပြစ်ရှိကြောင်း တရားရုံးက မနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။

    အဲဒီဘုန်းကြီးဟာ Galagodaatte Gnanasara ဆိုသူဖြစ်ပြီး ၂၀၁၀ ခုနှစ်မှာ စစ်ထောက်လှမ်းရေးရဲ့ ပြန်ပေးဆွဲမှုကို ခံခဲ့ရတဲ့ ဂျာနယ်လစ်ဦးရဲ့ အမျိုးသမီးကို အရှက်ရအောင်ပြုလုပ်မှု၊ ခြိမ်းခြောက်မှု စွဲချက်နှစ်ခုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

    တရားရုံးက ဒီဘုန်းကြီးကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပြီး ဇွန်လ ၁၄ ရက်နေ့မှာ အမိန့်ချမှာ ဖြစ်ပါတယ်။ စွဲချက်တစ်ခုစီအတွက် အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်နဲ့ ဒဏ်ငွေ၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်မှာ ဖြစ်ပါတယ်။

    သမ္မတဟောင်း မာဟင်ဒါ ရာဂျာပက်ဆီကို ပုံမှန်သရော်လေ့ရှိတဲ့ ကာတွန်းဆရာ Sandya Eknaligoda ဟာ ၂၀၁၀ ခုနှစ်မှာ ပြန်ပေးဆွဲခံရပြီးတဲ့နောက် ဇနီးဖြစ်သူ Eknaligoda က ခင်ပွန်းပြန်လည်လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    အစွန်းရောက်ဘုန်းကြီး Gnanasar က အဲဒီ အမျိုးသမီးဟာ တမီလ်အစွန်းရောက်တွေနဲ့ ပတ်သက်နေပြီး စစ်တပ်ကို အကြည်ညိုပျက်အောင် ဆောာင်ရွက်တယ်လို့ စွပ်စွဲခဲ့သလို၊ ခြိမ်းခြောက်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

    “တရားရုံးရဲ့ ဒီဆုံးဖြတ်ချက်ဟာ ကျွန်မတစ်ယောက်တည်းရဲ့ အောင်ပွဲမဟုတ်ပါဘူး။ ဒီဘုန်းကြီးရဲ့ အမူအကျင့်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ထောင်နဲ့ချီတဲ့သူတွေ အပြစ်ကင်းစင်တယ်ဆိုတဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်” လို့ Eknaligoda က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်တဲ့အချိန်မှာ Gnanasar ဟာ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

    ဗုဒ္ဓဘာသာအစွန်းရောက်အဖွဲ့ BBS ရဲ့ အတွင်းရေးမှူးဖြစ်သူ Gnanasar ဟာ မွတ်စလင်တွေအပေါ် အမုန်းပွားလာအောင် မတရားဟောကာ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဖို့ ဗုဒ္ဓဘာသာဝင်တွေကို လှုံ့ဆော်ခဲ့သူလည်းဖြစ်ပါတယ်။

    အကြမ်းဖက်ဖို့ လှုံ့ဆော်မှုအတွက် ပြီးခဲ့တဲ့နှစ်အတွင်း ရဲတပ်ဖွဲ့ရဲ့ လိုက်လံဖမ်းဆီးမှုမှာ Gnanasar ဟာ တစ်လကျော်လောက် ထွက်ပြေးပုန်းရှောင်နေခဲ့ပါတယ်။

    BBS အဖွဲ့ဟာ ၂၀၁၄ ခုနဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ မွတ်စလင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ နောက်ကွယ်က ကြိုးကိုင်ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။

    Ref: The Nation

  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    မေ ၂၅၊ ၂၀၁၈
    M-Media

    MH17 ကိစ္စ ရှင်းလင်းပွဲ

    ဆွေးနွေးပွဲအတွက် တံခါးဖွင့်ထားဆဲဟု မြောက်ကိုရီးယားထုတ်ပြန်
    =================
    ဇွန်လ ၁၂ ရက်နေ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ ထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖျက်သိမ်းလိုက်တဲ့အတွက် အလွန်ဝမ်းနည်းရတယ်လို့ တောာင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်က ပြောကြားလိုက်ပါတယ်။ မနေ့က အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ လတ်တလော မြောက်ကို
    ရီးယားရဲ့ ဒေါသတွေ ရန်လိုမှုတွေကို တွေ့ရတဲ့အတွက် အခုအချိန်ဟာ ဆွေးနွေးဖို့ မသင့်တော်ဘူးလို့ ဖော်ပြခဲ့ပါတယ်။ မွန်ဂျယ်အင်ကတော့ ထရမ့်နဲ့ ကင်ကြား ထိတွေ့ဆက်ဆံမှု၊ ဆွေးနွေးမှုတွေ ပိုလုပ်ဖို့ တိုက်တွန်းခဲ့ပြီး ကိုရီးယားကျွန်းဆွယ် နျူလက်နက်ကင်းစင်ရေးကိစ္စဟာ ဘယ်လိုနည်းနဲ့မှ နှောင့်နှေးလို့မရဘူးလို့ ဆိုပါတယ်။ မြောက်ကိုရီးယားက သူတို့အနေနဲ့ ဆွေးနွေးပွဲအတွက် တံခါးဖွင့်ထားဆဲဖြစ်တယ်လို့ ဒီကနေ့မှာ တုန့်ပြန်ခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ် မလေးလေယာဉ် ပစ်ချခံရမှု ရုရှားလက်ချက်ဟု စုံစမ်းစစ်ဆေးသူများပြော
    =====================
    ၂၀၁၄ ခုနှစ်က ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ပျက်ကျခဲ့တဲ့ မလေးရှား ခရီးသည်တင်လေယာဉ် MH17 ဟာ ရုရှားရဲ့ ဒုံးကျည်နဲ့ ပစ်ချခံလိုက်ရတာဖြစ်တယ်လို့ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေသူတွေက မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၇ နိုင်ငံက လူပေါင်း ၂၉၈ ဦး လိုက်ပါသွားတဲ့ အဲဒီလေယာဉ်ဟာ အမ်စတာဒမ်ကနေ ကွာ
    လာလမ်ပူကိုအသွားမှာ ပစ်ချခံလိုက်ရတာပါ။ ခရီးသည်များစုကတော့ နယ်သာလန်ကဖြစ်ပါတယ်။ နယ်သာလန် စုံစမ်းစစ်ဆေးရေးမှူးအကြီးအကဲ ၀ီလ်ဘာ့တန် ပေါ်လီဆန်က ဒုံးကျည်ကို ရုရှားနိုင်ငံ ကာ့စ်ဒေသအခြေစိုက် လေကြောင်းရန်ာကွယ်ရေးတပ်ဖွဲ့က ပစ်လိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ရုရှားကတော့ ဒီပြောဆိုမှုကို အလျင်အမြန်ပဲ ငြင်းဆိုခဲ့ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ရုရှားကို နာမည်ဖျက်တာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    အိန္ဒိယတောင်ပိုင်းတွင် ကလေးခိုးဂိုဏ်း ကောလဟာလကြောင့် မျက်နှာစိမ်းများကို ရိုက်နှက်သတ်ဖြတ်မှုဖြစ်
    ===============
    ဆိုရှယ်မီဒီယာကနေ ကလေးခိုးဂိုဏ်းအကြောင်း ပြန့်နှံ့ပြီးတဲ့နောက်ပိုင်း မြောက်ပိုင်းသားတွေကို သင်္ကာမကင်းဖြစ်ကာ အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး ၂၀ လောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ တမီလ်စကားမပြောသူတွေ၊ မျက်နှာစိမ်းတွေ၊ အမူအရာပျက်သူတွေကို ၀ိုင်
းရိုက်ကြတာဖြစ်ပြီး ရဲတပ်ဖွဲ့ကတော့ ကောလဟာလတွေကို မယုံကြဖို့ ဖြေရှင်းမှုတွေ ပြုလုပ်နေရပါတယ်။ တောင်ပိုင်းက ပြည်နယ် ၃ ခုမှာ ကလေးခိုးဂိုဏ်းတွေ သောင်းကျန်းနေတယ်ဆိုတဲ့သတင်း ဘယ်ကနေထွက်လာလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။ အခုလအစောပိုင်းမှာလည်း တမီလ်နာဒူးမှာ အဲဒီကိစ္စအတွက် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးကို ရိုက်နှက်သတ်ဖြတ်မှုကြောင့် လူ ၃၀ ကျော်လောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

    သီရိလင်္ကာတွေ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၂ ဦးသေဆုံး
    =============
    သီရိလင်္ကနိုင်ငံတစ်ဝှမ်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် အနည်းဆုံး ၁၂ ဦးသေဆုံးပြီး လူ ၄ သောင်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ လာမယ့်ရက်တွေအတွင်း မိုးထပ်ရွာဖို့ရှိနေတဲ့အတွက မြေပြိုမှုတွေ ရှိလာနိုင်တယ်လို့ အာဏာပိုင်တွေက သတိပးထားပါတယ်။ ပြီးခဲ့တဲ့နှစ် မေလနဲ့ ဇွန်လတွေတုန်းကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၁၀၀ လောက် သေဆုံးခဲ့ပြီး သိန်းနဲ့ချီ ထွက်ပြေးခဲ့ပါတယ်။

    Ref: CNA,Aljazeera,BBC