News @ M-Media

Blog

  • အမှန်တရားဖော်ထုတ်မှုအတွက် နောင်တမရဟု ဒုရဲမှူးဟောင်းပြော

    အမှန်တရားဖော်ထုတ်မှုအတွက် နောင်တမရဟု ဒုရဲမှူးဟောင်းပြော

    မေ ၉၊ ၂၀၁၈
    M-Media

    ရုံးထုတ်လာသည့် မိုးရန်နိုင်ကို တွေ့ရစဉ်

    – ရိုက်တာသတင်းထောက်တွေကို အကွက်ဆင်ဖမ်းတယ်လို့ ထုတ်ပြောမှုကြောင့် သူ့ကို ထောင်ချလိုက်တာဟာ ရဲတပ်ဖွဲ့ဝင်တွေ နောက်ထပ် အမှန်တရားမပြောရဲအောင် ခြိမ်းခြောက်လိုက်တာဖြစ်တယ်လို့ ဒုရဲမှူးဟောင်း မိုးရန်နိုင်က ပြောကြားလိုက်ပါတယ်။

    မိုးရန်နိုင်ဟာ ဒီကနေ့ မြောက်ပိုင်းခရိုင်တရားရုံးမှာ တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုစဉ် အကျဉ်းသားဝတ်စုံ ၀တ်ထားပြီး၊ လက်ထိပ်နဲ့ ခြေချင်းတွေပါ ခတ်ထားတာကို တွေ့ခဲ့ရပါတယ်။

    ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာမှာ ရိုဟင်ဂျာ ၁၀ ဦးကို လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရခိုင်အရပ်သားတွေကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံမှုကို ဖော်ထုတ်တဲ့ ရိုက်တာသတင်းထောက် ၀လုံးနဲ့ ကျော်စိုးဦးတို့ကို အကွက်ဆင် ဖမ်းဆီးဖို့ ရဲချုပ်ကိုယ်တိုင်က စီစဉ်ခိုင်းခဲ့တယ်လို့ ဒုရဲမှူးဟောင်း မိုးရန်နိုင်က ပြီးခဲ့တဲ့လမှာ ထွက်ဆိုခဲ့ပါတယ်။

    အဲဒီနောက်ပိုင်း သူ့မိသားစုဟာ နေပြည်တော် ရဲလိုင်းခန်းက နှင်ချခံခဲ့ရသလို မိုးရန်နိုင်ဟာလည်း ရဲတပ်ဖွဲ့ စည်းကမ်းပိုင်းဆိုင်ရာဥပဒေနဲ့ ထောင်တစ်နှစ် ချမှတ်ခံခဲ့ရပါတယ်။

    မိုးရန်နိုင်ကတော့ ဒီလိုထွက်ဆိုခဲ့မှုအတွက် နောင်တမရဘူးလို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ကျွန်တော့်ကို ထောင်ချလိုက်တာဟာ အမှန်တရားကို ဖော်ထုတ်ချင်တဲ့ အခြား ရဲတပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ အမှန်တရားတွေ ထောင်မကျဖို့ပဲလိုတယ်။ လုံးဝ နောင်တမရပါဘူး”

    မိုးရန်နိုင်ဟာ ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံခဲ့ရတဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာပဲ ထိန်းသိမ်းခံလိုက်ရတာဖြစ်ပြီး၊ ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်စဉ်အတွင်း ၀လုံးနဲ့ ခွင့်ပြုချက်မရှိဘဲ တွေ့ဆုံခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဖြစ်ပါတယ်။

    ရိုက်တာ သတင်းထောက်နှစ်ဦးရဲ့ ရှေ့နေဖြစ်သူ ဦးသန်းဇော်အောင်ရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ မိုးရန်နိုင်က သူနဲ့ ၀လုံးတို့ဟာ ရဲတပ်ဖွဲ့ဝင်းထဲမှာရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး ၀လုံးဟာ ဘယ်လိုလျှို့ဝှက်အထောက်အထားကိုမှ တောင်းခံခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ လက်အောက်ငယ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတွေကလည်း ၀လုံးဟာ ဘယ်လို လျှိုဝှက်စာရွက်စာတမ်းကိုမှ တောင်းခဲ့ခြင်းမရှိလို့ ဖြေကြားခဲ့ပါတယ်။

    သတင်းထောက်နှစ်ဦးရဲ့လက်ထဲကို ရဲတပ်ဖွဲ့က ထည့်ခဲ့တဲ့ စာရွက်စာတမ်းတွေဟာ အရင်တုန်းက ကိစ္စတွေကို ရေးသားထားတာဖြစ်ပြီး ရဲတပ်ဖွဲ့ ကွန်ပျူတာအရာရှိက ထုတ်ပေးကာ အထက်အမိန့်နဲ့ ၀လုံးတို့ဆီ ပေးခဲ့တာဖြစ်တယ်လို့လည်း မိုးရန်နိုင်က ထွက်ဆိုခဲ့ပါတယ်။

    “မိုးယံနိုင်ထွက်ဆိုချက်အရ ၀လုံးနဲ့ ကျော်စိုးဦးတို့ဟာ ထောင်ဖမ်းခံလိုက်ရတယ်ဆိုတာကို ပြနေပါတယ်။ ကျွန်တော်တို့ ပိုပြီးတော့ မျှော်လင့်လို့ရပါပြီ” လို့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားခဲ့ပါတယ်။

    ဒုရဲမှူးဟောင်း မိုးရန်နိုင်တစ်ယောက် ဒီလို ထွက်ဆိုခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ ၀လုံးနဲ့ ကျော်စိုးဦးတို့က ပြောကြားခဲ့ပါတယ်။

    Ref: Washington Post

  • အီရန်နျူသဘောတူညီချက်မှ အမေရိကန်နှုတ်ထွက်မှုကို အင်အားကြီးနိုင်ငံများ ဝေဖန်

    အီရန်နျူသဘောတူညီချက်မှ အမေရိကန်နှုတ်ထွက်မှုကို အင်အားကြီးနိုင်ငံများ ဝေဖန်

    မေ ၉၊ ၂၀၁၈
    M-Media

    – ၂၀၁၅ ခုနှစ်မှာ အီရန်နဲ့ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကနေ အမေရိကန်က နှုတ်ထွက်သွားမှုအတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ဝေဖန်လိုက်ပါတယ်။

    ဗီယင်နာမှာ အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ တရုတ်နဲ့ ဥရောပသမဂ္ဂတို့ပါဝင်ပြီး အီရန်နဲ့ ရရှိခဲ့တဲ့ ဒီသဘောတူညီချက် (JCPOA) မှာ အီရန်ဟာ သူတို့ရဲ့ ယူရေနီယံ သန့်စင်မှုလုပ်ငန်းကို နျူလက်နက် ထုတ်လုပ်နိုင်တဲ့အထိ မဆောင်ရွက်ဖို့နဲ့ အပြန်အလှန်အားဖြင့် နိုင်ငံတကာကပြုလုပ်ထားတဲ့ အီရန်အပေါ် ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ သဘောတူခဲ့ကြတာပါ။

    နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA ကလည်း အီရန်ဟာ သဘောတူညီချက်အတိုင်း ဆောင်ရွက်နေတယ်လို့ အကြိမ်ကြိမ် ပြောကြားထားပါတယ်။

    ထရမ့်က ဒီကိစ္စအတွက် ဆွေးနွေးညှိနှိုင်းမှု ပြန်မလုပ်ဘူးဆိုရင် သဘောတူညီချက်ကနေ နှုတ်ထွက်သွားမယ်လို့ မနေ့ကမိန့်ခွန်းမှာ ပြောကြားခဲ့ပြီး၊ အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြန်လုပ်ဖို့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို ညွှန်ကြားခဲ့ပါတယ်။

    ဒါပေမယ့် သဘောတူညီချက်မှာ ပါဝင်တဲ့ အခြားအင်အားကြီးနိုင်ငံတွေကတော့ ဒီသဘောတူညီချက်မှာ ဆက်ရှိသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြင်သစ်

    ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က အမေရိကန်ရဲ့ ဒီဆုံးဖြတ်ချက်အတွက် ၀မ်းနည်းမိတယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    “JCPOA ကနေ နှုတ်ထွက်ဖို့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်အတွက် ပြင်သစ်၊ ဂျာမနီနဲ့ ယူကေတို့က ၀မ်းနည်းမိပါတယ်။ နျူကလီးယား မပြန့်ပွားရေးလုပ်ဆောင်တဲ့ အစိုးရဟာ အရှုံးဖက်ကို ဦးတည်နေပါပြီ။ နျူလုပ်ငန်း၊ ၂၀၂၅ လွန်ကာလ၊ ဒုံးကျည်လုပ်ငန်း၊ အရှေ့အလယ်ပိုင်း အထူးသဖြင့် ဆီးရီးယား၊ ယီမင်နဲ့ အီရတ်တို့ တည်ငြိမ်အေးချမ်းရေးတွေ အပါအ၀င် ပိုမိုကျယ်ပြန့်တဲ့ မူဘောင်အပေါ်မှာ ပူးပေါင်းဆောင်ရွက်သွားရပါမယ်”

    ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က “သဘောတူညီချက်ဟာ မသေသေးဘဲ” သူနဲ့ ဥရောပက နိုင်ငံခြားရေးဝန်ကြီးတွေဟာ နောက်တစ်ပတ်မှာ အီရန်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး JCPOA အနာဂတ်အကြောင်း ဆွေးနွေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ယူကေ

    နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က အမေရိကန်အနေနဲ့ သဘောတူညီချက်မှာ ဆက်မပါတော့အတွက် ၀မ်းနည်းမိတယ်လို့ ဆိုပါတယ်။

    “ယူကေဟာ JCPOA မှာ အခိုင်အမာ ဆက်ရှိနေသွားမှာဖြစ်ပြီး၊ ဒီသဘောတူညီချက် ဆက်လက်တည်မြဲနေဖို့အတွက် ဥရောပအင်အားကြီး ၃ နိုင်ငံ၊ အခြားပါဝင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”

    ဂျာမနီ

    ဂျာမနီကလည်း သူတို့အနေနဲ့ သဘောတူညီချက်အတိုင်း ဆက်ရှိနေမှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဟီကိုမက်စ်က “သဘောတူညီချက်ဟာ ကမ္ဘာကြီးကို ပိုပြီး ဘေးကင်းစေကြောင်း၊ သဘောတူညီချက်ကနေထွက်ဖို့ ခိုင်လုံတဲ့ အကြောင်းတရား မတွေ့ရကြောင်း ပြောကြားခဲ့ပါတယ်။

    ဥရောပသမဂ္ဂ

    ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးအကြီးအကဲ ဖက်ဒရီကာ မိုဂ်ဟီရီနီက အီရန်နဲ့ နျူသဘောတူညီချက်ကို ထိန်းသိမ်းဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။

    “နျူသဘောတူညီချက် ပြည့်ပြည့်၀၀၊ ထိထိရောက်ရောက် ဆက်လက်အကောင်အထည်ဖော်နိုင်ရေး အီးယူဟာ ဆက်လက်ဆောင်ရွက်သွားမှာပါ။ အီရန်ဟာ သဘောတူညီချက်ပါအတိုင်း အပြည့်အ၀ လိုက်နာဆောင်ရွက်နေတယ်ဆိုတဲ့ အစီရင်ခံစာ ၁၀ ခုကို နိုင်ငံတကာ အနုမြူအေဂျင်စီက ထုတ်ပြန်ထားပြီး ဒီအဖွဲ့ရဲ့ ဆောင်ရွက်မှု၊ လုပ်ပိုင်ခွင့်နဲ့ လုပ်နိုင်စွမ်းတွေကို ကျွန်မတို့ အပြည့်အ၀ ယုံကြည်ပါတယ်”

    ဖက်ဒရီကာက နျူကလီးယားနဲ့ ဆက်စပ်တဲ့ ပိတ်ဆို့မှုတွေ ဖယ်ရှားရေးဟာ သဘောတူညီချက်ရဲ့ အရေးပါတဲ့အပိုင်းဖြစ်ပြီး၊ ဒီလို ဖယ်ရှားပေးလိုက်ခြင်းအားဖြင့် ကုန်သွယ်မှု၊ အီရန်နဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံမှုတွေ အပြုသဘောဆောင်လာတာသာမက အီရန်ပြည်သူပါ အကျိုးကျေးဇူးခံစားရမယ်လို့ အီးယူက အကြိမ်ကြိမ် အလေးထား ပြောကြားခဲ့ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    တရုတ်

    JCPOA မှာ ပါဝင်လက်မှတ်ထိုးထားတဲ့ တရုတ်နိုင်ငံကလည်း သူတို့အနေနဲ့ သဘောတူညီချက်အတိုင်း ဆက်လက်ရပ်တည်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အရှေ့အလယ်ပိုင်းဆိုင်ရာ တရုတ်သံအမတ် ဂုန်ရှောင်ရှန်းက ဒီသဘောတူညီချက်ဟာ ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေတယ်လို့ အီရန်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “သဘောတူညီချက်တစ်ခု ရှိထားတာဟာ ဘာသဘောတူညီချက်မှ မရှိတာထက် ပိုကောင်းပါတယ်။ ညှိနှိုင်းဆွေးနွေးမှုဟာ ထိပ်တိုက်တွေ့ဆုံမှုထက် ပိုကောင်းပါတယ်”

    ရုရှား

    နျူသဘောတူညီချက်မှာ လက်မှတ်ထိုးထားတဲ့ ရုရှားက အမေရိကန် နှုတ်ထွက်သွားပေမယ့် စာချုပ် အထမြောက်အောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ရုရှားအထက်လွှတ်တော် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကော်မတီ ဒုတိယအကြီးအကဲ ယက်ဗ်ဂျီနီ ဆရီဘရန်နီကော့ဗ်က ထရမ့်ရဲ့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်နဲ့ မြောက်ကိုရီယားတို့ရဲ့ နျူအရေးဆွေးနွေးမှုကို ထိခိုက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

    အီရန်

    သမ္မတ ဟာဆန်ရူဟာနီက သဘောတူညီချက်မှာ ပါဝင်ထားတဲ့ အခြားနိုင်ငံတွေနဲ့ လာမယ့်သီတင်းပတ်တွေအတွင်း ဆွေးနွေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကို အမိန့်ပေးထားပြီး ဒီဆွေးနွေးမှု မအောင်မြင်ဘူးဆိုရင် ယူရေနီယံသန့်စင်မှုလုပ်ငန်းကို ပြန်လည်စတင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    မေ ၉၊ ၂၀၁၈
    M-Media

    ကွန်ဂိုတွင် အီဘိုလာဖြစ်ပွား

    နျူသဘောတူညီချက်အတွက် အခြားနိုင်ငံများနှင့် အီရန်ညှိနှိုင်းမည်
    =============
    အမေရိကန်အနေနဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်တာဟာ လုံးဝ လက်ခံနိုင်စရာမဟုတ်ဘူးလို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်ပါတယ်။ ထရမ့်က သူတို့အနေနဲ့ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ နှုတ်ထွက်မယ်လို့ မနေ့က ကြေငြာခဲ့တာပါ။ ရူဟာနီက အမေရိကန်ဟာ နိုင်ငံတကာ သဘောတူညီချက်တစ်ခုရဲ့ ကတိက၀တ်တွေကို ပျက်ဆီးစေလိုက်တာဖြစ်ပြီး သဘောတူညီချက်မှာ ပါဝင်မယ့် အခြားသော နိုင်ငံတွေနဲ့ ညှိနှိုင်းမှုပြုလုပ်ကာ စာချုပ်ကို ဆက်လက်ထားရှိသွားမယ်လို့ ဆိုပါတယ်။

    မလေးရှားရွေးကောက်ပွဲ မဲပေးမှုတွင် လူ ၂ ဦး လဲကျသေဆုံး
    ============
    ဒီကနေ့မနက်ပိုင်းမှာ စတင်ခဲ့တဲ့ မလေးရှားရဲ့ အထွေထွေရွေးကောက်ပွဲ မဲပေးမှုအတွင်း မဲပေးဖို့ တန်းစီနေချိန် လူ ၂ ဦး လဲကျသေဆုံးခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်း တရန်ဂါနူပြည်နယ်မှာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးနဲ့ ဆီလန်ဂေါပြည်နယ်မှာ အသက် ၇၈ အရွယ် အမျိုးသားတစ်ဦး တို့ဖြစ်ပါတယ်။ အဲဒီအမျိုးသားဟာ လောရ် ဗွန်ချိုဆိုသူဖြစ်ပြီး ဇနီးဖြစ်သူကတော့ သူ့မှာ နှလုံးရောဂါ၊ အဆုတ်ရောဂါနဲ့ ဆီးချိုရောဂါတွေ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    မြောက်ကိုရီးယားခေါင်းဆောင် တရုတ်သမ္မတနှင့် ဒုတိယအကြိမ် တွေ့ဆုံ
    =================
    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ မနေ့ကတွေ့ဆုံခဲ့ပြီး ဒါဟာ ၆ ပတ်အတွင်း ခေါင်းဆောင်နှစ်ဦး ဒုတိယအကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပါတယ်။ အဲဒီတွေ့ဆုံမှုမှာ ကင်က ကိုရီးယားကျွန်းဆွယ်မှာ နျူကင်းစင်ရေး သူ့ရဲ့ဆောင်ရွက်လိုမှုကို ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ရှီကလည်း တွေ့ဆုံမှုအပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဖုန်းခေါ်ခဲ့ပြီး မြောက်ကိုရီးယားရဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို ထည့်သွင်းစဉ်းစားဖို့ တိုက်တွန်းခဲ့ပါတယ်။

    ကွန်ဂိုတွင် အီဘိုလာရောဂါ တစ်ကျော့ပြန်ဖြစ်ပွား
    ==============
    အာဖရိကအလယ်ပိုင်း ကွန်ဂိုနိုင်ငံမှာ အီဘိုလာဗိုင်းရပ်စ် တစ်ကျော့ပြန် ပြန့်နှံ့ဖြစ်ပွားမှုကြောင့် အနည်းဆုံး လူ ၁၇ ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၅ ပတ်အတွင်းမှာ ကူးစက် ပြန့်နှံ့ခဲ့တာဖြစ်ပြီး ဒါကို ထိန်းသိမ်းဖို့အတွက် လေ့ကျင့်သားပြည့်ဝနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ရောဂြါ
    ဖစ်ပွားတဲ့ ဒေသတွေဆီ ပို့ဆောင်ထားတယ်လို့လည်း ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ ခနှစ်အတွင်း အနောက်အာဖရိကနိုင်ငံတွေမှာ အီဘိုလာရောဂါ ပြန့်နှံ့ဖြစ်ပွားမှုကြောင့် လူပေါင်း ၁၁၃၀၀ လောက် သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera, CNA

  • အီရန်နှင့် နျူသဘောတူညီချက်မှ နှုတ်ထွက်မည်ဟု အမေရိကန်ကြေငြာ

    အီရန်နှင့် နျူသဘောတူညီချက်မှ နှုတ်ထွက်မည်ဟု အမေရိကန်ကြေငြာ

    မေ ၉၊ ၂၀၁၈
    M-Media

    – အီရန်နဲ့ ရရှိထားတဲ့ သဘောတူညီချက်ကနေ အမေရိကန် နှုတ်ထွက်သွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    “ဒီသဘောတူညီချက်ကို မပြင်ဆင်နိုင်ဘူးဆိုရင် အမေရိကန်ဟာ ဒီသဘောတူညီချက်မှာ ဆက်လက် ပါဝင်မှာ မဟုတ်ပါဘူး။ အီရန်နဲ့ သဘောတူညီချက်ဟာ အနှစ်သာရအရကို အလုပ်မဖြစ်ပါဘူး။ တကယ်လို့ ကျွန်တော်တို့ ဘာမှမလုပ်ဘူးဆိုရင် ဘာဖြစ်မလဲဆိုတာ သိလာရမှာပါ။ ဒါ့ကြောင့် ဒီနေ့ ကျွန်တော် ကြေငြာချင်တာက အီရန်ရဲ့ နျူသဘောတူညီချက်ကနေ အမေရိကန် နှုတ်ထွက်သွားမယ် ဆိုတာပါပဲ”

    ၂၀၁၅ ခုနှစ် ဗီယင်နာမှာ အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ တရုတ်နဲ့ ဥရောပသမဂ္ဂတို့ပါဝင်ပြီး အီရန်နဲ့ ရရှိခဲ့တဲ့ ဒီသဘောတူညီချက်မှာ အီရန်ဟာ သူတို့ရဲ့ ယူရေနီယံ သန့်စင်မှုလုပ်ငန်းကို နျူလက်နက် ထုတ်လုပ်နိုင်တဲ့အထိ မဆောင်ရွက်ဖို့နဲ့ အပြန်အလှန်အားဖြင့် နိုင်ငံတကာကပြုလုပ်ထားတဲ့ အီရန်အပေါ် ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ သဘောတူခဲ့ကြတာပါ။

    နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA ကလည်း အီရန်ဟာ သဘောတူညီချက်အတိုင်း လိုက်နာဆာင်ရွက်နေတယ်လို့ အကြိမ်ကြိမ် ပြောကြားထားပါတယ်။

    မနေ့က ထရမ့်ရဲ့ မိန့်ခွန်းအပြီး အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ သမ္မတက အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြန်လုပ်ဖို့ ညွှန်ကြားထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

    ထရမ့်ဟာ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်စဉ်ကတည်းက သမ္မတဖြစ်လာရင် အီရန်နဲ့ ရရှိထားတဲ့ သဘောတူညီချက်ကနေ နှုတ်ထွက်သွားမယ်ဆိုပြီး ကတိပေးခဲ့တာ ဖြစ်ပါတယ်။

    Ref : Aljazeera

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    မေ ၈၊ ၂၀၁၈
    M-Media

    ၁၉၉၄ ကမ္ဘာ့ဖလားကို အမေရိကန်တွင် ကျင်းပခဲ့စဉ်က

    လူမျိုးရေးခွဲခြားမှုအတွက် ရုရှားဘောလုံးအဖွဲ့ချုပ် ဒဏ်ရိုက်ခံရ
    ===========
    မတ်လအတွင်းက ပြင်သစ်နဲ့ ချစ်ကျည်ရေးပွဲတစ်ခုမှာ ပရိတ်သတ်တွေက လူမျိုးရေးခွဲခြားတဲ့ ကြွေးကြော်သံတွေကို ဟစ်အော်ခဲ့တဲ့အတွက် ဖီဖာက ရုရှားဘောလုံးအဖွဲ့ချုပ်ကို ပေါင် ၂၂၀၀၀ ဒဏ်ရိုက်လိုက်ပါတယ်။ ရုရှားမှာကစားခဲ့တဲ့ ဒီပွဲမှာ ပြင်သစ်က ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပေါ့ဘာ၊ ဒမ်ဘီလီနဲ့ ကန်တီတို့ဟာ ရုရှားပရိတ်သတ်တွေရဲ့ လူမျိုးရေးခွဲခြားမှုကို ခံခဲ့ရတာပါ။ ဖီဖာကတော့ သူတို့အနေနဲ့ လူမျိုးရေးခွဲခြားမှုကို လုံးဝ သည်းခံမှာမဟုတ်ဘူးလို့ မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။

    အာဆင်နယ်နည်းပြသစ်အဖြစ် အလ်လီရီဂရီနှင့် အာတီတာတို့ ရေပန်းစား
    ===============
    အာဆင်နယ်အသင်းရဲ့ နည်းပြသစ်အဖြစ် ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက ရေပန်းအစားဆုံးဖြစ်လာပြီး အာဆင်နယ် ကွင်းလယ်ကစားသမားဟောင်း အာတီတာလည်း ပစ်မှတ်စာရင်းမှာ ပါဝင်လာပါတယ်။ အလ်လီဂရီဟာ ပြီးခဲ့တဲ့ ၂ ပတ်က လန်ဒန်ကို ရောက်လာခဲ့ပြီး နိုင်ငံရပ်ခြားမှာ စိန်ခေါ်မှုအသစ် ရှာချင်နေတယ်လို့လည်း သတင်းတွေ ထွက်ထားပါတယ်။ အာတီတာကတော့ ၂၀၁၆ ခုနှစ် အာဆင်နယ်ကနေ အနားယူသွားပြီးတဲ့နောက်ပိုင်း မန်စီးတီးနည်းပြ ဂွာဒီယိုလာရဲ့ လက်ထောက်အဖြစ် ဆောက်ရွက်နေပါတယ်။

    ၂၀၂၆ ကမ္ဘာ့လားတွင် အမြတ် ၁၁ ဘီလီယံရမည်ဟု ဖီဖာခန့်မှန်း
    ============
    အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့ အိမ်ရှင်အဖြစ် စာရင်းပေးထားတဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အကျိုးအမြတ် ဒေါ်လာ ၁၁ ဘီလီယံလောက် ရရှိလိမ့်မယ်လို့ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် ဖီဖာက ပြောကြားလိုက်ပါတယ်။ ၂၀၂၆ အတွက် မော်ရိုကိုကလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် တင်ထားပြီး ဇွန်လ ၁၃ ရက်နေ့ မော်စကိုမှာ အိမ်ရှင်ရွေးချယ်မှာပါ။ အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ကားလို့စ် ကော်ဒီရိုကတော့ သူတို့သာ ကျင်းပခွင့်ရရင် အအောင်မြင်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာမယ်လို့ ပြောကြားခဲ့ပါတယ်။

    လီဗာပူးလ်နောက်ခံလူ ဒဏ်ရာကြောင့် ချန်ပီယံလိဂ်နှင့် ကမ္ဘာ့ဖလားပွဲ လွဲမည်
    ===============
    အင်္ဂလန်လက်ရွေးစင် လီဗာပူးလ်နောက်ခံလူတစ်ဦးဖြစ်တဲ့ ဂျိုး ဂိုးမက်ဇ်ဟာ ခြေချင်းဝတ် ခွဲစိပ်မှုကြောင့် မေလ ၂၆ ရက်နေ့မှာကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတို့ကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ မတ်လက နိုင်ငံအသင်းအတွက် ချစ်ကျည်ရေးပွဲကစားချိန်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ လီဗာပူးလ်အတွက် ၂ ပွဲ ကစားပေးခဲ့ပါသေးတယ်။ ဂိုးမက်ဇ်ကတော့ အမြန်သက်သာလာအောင် လုပ်ဆောင်သွားမှာဖြစ်ပြီး ဘောလုံးရာသီရဲ့ ပြိုင်ပွဲကြီးနှစ်ခုကို အားပေးဖို့ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: BBC, Goal