News @ M-Media
Blog
  • ထွက်ပြေးရသည့် ကချင်ပြည်သူများကို စီစစ်ပြီးမှ အကူအညီဝင်ခွင့်ပေးမည်ဟု မြန်မာအစိုးရပြော
    ထွက်ပြေးရသည့် ကချင်ပြည်သူများကို စီစစ်ပြီးမှ အကူအညီဝင်ခွင့်ပေးမည်ဟု မြန်မာအစိုးရပြော
    မေ ၃၊ ၂၀၁၈
    M-Media
    တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ကချင်ပြည်သူများ
    – ကချင်ပြည်နယ်မှာ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေကို စီစစ်ပြီးမှ အကူအညီတွေ ၀င်ရောက်ခွင့်ပေးမယ်လို့ မြန်မာအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
    ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ကချင်ပြည်သူ ၅၀၀၀ ကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလက ထုတ်ပြန်ထားပါတယ်။
    စစ်တပ်က အရပ်သားတွေနေထိုင်တဲ့ ဧရိယာတွေကို လေကြောင်းက ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်တာတွေ လုပ်ဆောင်နေတဲ့အတွက် မိမိတို့အနေနဲ့ အလွန်အမင်း စိုးရိမ်ရတယ်လို့က ကုလရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
    တိုက်ပွဲကြောင့် ပိတ်မိနေတဲ့သူတွေကို အကူအညီပေးရေး အစိုးရက တားမြစ်ပိတ်ပင်တာတွေရှိနေပြီး ဦးဇော်ဌေးက KIA အဖွဲ့ဆီ အထောက်အပံ့တွေ ရောက်မသွားအောင် စီစစ်မယ်လို့ ဆိုပါတယ်။
    “အကူအညီတွေရဖို့အတွက် KIA အဖွဲ့ဝင်တွေဟာ ဒုက္ခသည်တွေကြားထဲ ၀င်ရောက်နေတယ်ဆိုတဲ့ သတင်းတွေ ကျွန်တော်တို့ ရပါတယ်။ ဒီလက်နက်ကိုင်အဖွဲ့ကလူတွေ ပြည်သူတွေထဲမှာ ရှိနေလားဆိုတာကို ကျွန်တော်တို့ စီစစ်ဖို့လိုပါတယ်” လို့ ဦးဇော်ဌေးက ပြောကြားခဲ့ပြီး အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဦးစားပေးကူညီသွားမယ်လို့ ဆိုပါတယ်။
    ဒါပေမယ့် အိုးအိမ်စွန်ခွာ ထွက်ပြေးရတဲ့ ပြည်သူတွေကို ဘယ်လို စောင့်ကြည့်စစ်ဆေးမလဲဆိုတာကို သူက အသေးစိတ် ပြောကြားခဲ့ခြင်းမရှိပါဘူး။ Aung Lawt ရွာမှာ လူ ၂၀၀၀ လောက် ပိတ်မိနေတယ်ဆိုတဲ့ သတင်းကိုလည်း ဦးဇော်ဌေးက အတည်ပြုခဲ့ပါတယ်။
    အကူအညီပေးရေးအဖွဲ့တွေက သူတို့ဟာ အကူအညီပေးဖို့အတွက် အဲဒီရွာထဲဝင်မရတာ ၃ ပတ်ကျော်သွားပြီလို့ ဆိုပါတယ်။
    ဦးဇော်ဌေးကတော့ အကူအညီပေးရေး နှောင့်နှေးတာတွေကြောင့် အစိုးရဟာ ပိတ်မိနေသူတွေအပေါ် ကူညီလိုစိတ်မရှိဘူးလို့ မယူဆသင့်ကြောင်း ပြောကြားခဲ့ပါတယ်။
    “လုံခြုံရေးတပ်ဖွဲ့တွေမှာလည်း စိုးရိမ်မှုတွေ ရှိပါတယ်။ ဒီအခြေအနေနှစ်ရပ်ကြားမှာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်”
    KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကာနယ် Naw Bu က အစိုးရရဲ့စွပ်စွဲမှုကို ပယ်ချခဲ့ပြီး ဒီလို စောင့်ကြည့်စစ်ဆေးမှုတွေလုပ်တာက အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေရဲ့ အခြေအနေကို ပိုမိုခက်ခဲစေမယ်လို့ ပြောကြားခဲ့ပါတယ်။
    ကချင်ပြည်နယ်အရှေ့ပိုင်း Injangyang မြို့နယ်က ထွက်ပြေးရသူ တစ်ထောင်ကျော်လောက်ဟာ Tanghpre ရွာမှာ ခိုလှုံနေရပြီး ဒေသတွင်း ဘုရားကျောင်းတစ်ခုက ဒီလူတွေကို ကယ်ဆယ်စောင့်ရှောက်ထားရပါတယ်။
    “ဒီရွာမှာ လူ ၁၀၀၀ ကျော်လောက် ခိုလှုံနေရတာကြောင့် ဒီဒေသကို တိုက်ပွဲတွေမပြန့်နှံ့ရေး နှစ်ဖက်စလုံးကို ကျွန်တော် တိုက်တွန်းချင်ပါတယ်။ Tanghpre မှာ အစိုးရကျောင်းမရှိတာကြောင့် ကျွန်တော့်ရဲ့ အစိုးရိမ်ရဆုံးကိစ္စက ကလေးငယ်တွေရဲ့ ပညာရေးပါ” လို့ Queen of Heaven ကက်သလစ်ဘုရားကျောင်းက ဘုန်းတော်ကြီး Stephen Supma Sut Awng က ပြောကြားခဲ့ပါတယ်။
    တိုက်ပွဲကြောင့် ပိတ်မိနေသူတွေထံ အကူအညီတွေရောက်ရှိရေးအတွက် ထောင်နဲ့ချီတဲ့ ကချင်ပြည်သူတွေဟာ ဒီတစ်ပတ်ထဲမှာ ချီတက်ဆန္ဒပြမှုတွေ လုပ်ခဲ့ပါတယ်။
    Ref: US News
  • အရှေ့အလယ်ပိုင်း သိပ္ပံနယ်ပယ်ကို အီရန်ဦးဆောင်
    အရှေ့အလယ်ပိုင်း သိပ္ပံနယ်ပယ်ကို အီရန်ဦးဆောင်
    မေ ၃၊ ၂၀၁၈
    M-Media
    – အရှေ့အလယ်ပိုင်းက သိပ္ပံနဲ့ နည်းပညာဆိုင်ရာ သုတေသနပြုမှုတွေမှာ အီရန်ဟာ အစ္စရေးကို ကျော်တက်သွားတယ်ဆိုတာ သူတို့ပြုလုပ်ခဲ့တဲ့ စစ်တမ်းမှာတွေ့ရကြောင်း အစ္စရေး မီဒီယာ Haaretz က ဖော်ပြပါတယ်။
    အရင်က အစ္စရေးဟာ အရှေ့အလယ်ပိုင်း သိပ္ပံနယ်ပယ်မှာ ဦဆောင်နိုင်ခဲ့ပေမယ့် Haaretz ရဲ့ အခုတစ်ပတ်အတွင်း ထုတ်ပြန်ချက်မှာတော့ အစ္စရေးဟာ အီရန်၊ တူရကီနဲ့ ဆော်ဒီတို့ရဲ့နောက် စတုတ္ထနေရာမှာ ရှိနေပါတယ်။
    Haaretz က အီရန်ဟာ ရူပဗေဒ၊ ဇီဝဗေဒ၊ ဓာတုဗေဒနဲ့ စီးပွားရေး စီမံခန့်ခွဲမှုပိုင်းလို ကဏ္ဍတွေမှာ ဦးဆောင်နေပြီး အစ္စရေးက ယဉ်ကျေးမှု၊ အနုပညာနဲ့ လူသားဆိုင်ရာ ကိစ္စတွေမှာ ထိပ်တန်းက ရှိနေတယ်လို့ ဆိုပါတယ်။
    အချက်အလက်စုဆောင်းရာမှာ လူဦးရေကို အဓိကထားတာ မဟုတ်ပါဘူး။ အီရန်ဟာ လူဦးရေ သန်း ၈၀ ရှိပြီး၊ အစ္စရေးကတော့ ၉ သန်းအောက်သာ ရှိပါတယ်။
    “၁၉၉၆ ခုနှစ်မှာ အီရန်ဟာ သိပ္ပံဆိုင်ရာ စာတမ်းပေါင်း ၉၆၀ ရေးသားနိုင်ခဲ့ပြီး အစ္စရေးက အဲဒီအချိန်မှာ တစ်သောင်းလောက် ရေးသားနိုင်ပါတယ်။ အဲဒီနောက်ပိုင်း အီရန်ရဲ့ အရေအတွက်ဟာ တစ်နှစ်ကို ၄၁၀၀၀ လောက်အထိ မြင့်တက်လာပါတယ်။ ဒါပေမယ့် လူဦးရေအချိုးအစားနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ အစ္စရေးဟာ အခြားတိုင်းပြည်တွေထက် သိပ္ပံစာတမ်းတွေကို ပိုပြီး ရေးသားနိုင်ပါတယ်” လို့ Haaretz က ဖော်ပြခဲ့ပါတယ်။
    အီရန်၊ တူရကီနဲ့ ဆော်ဒီအာရေဗျတို့ဟာ သိပ္ပံသုတေသနပိုင်းမှာ ငွေကြေးအမြောက်အများ သုံးစွဲလာပြီး တိုင်းပြည်အတွင်း အရည်အချင်းပြည့်မီတဲ့ လုပ်သားအင်အား ဖြစ်လာရေးကိုလည်း ဆောင်ရွက်နေပါတယ်။
    ပညာရေးဆိုင်ရာ သုတေသနဒေတာဘေ့စ်တစ်ခုဖြစ်တဲ့ Scopus ဟာ နှစ်စဉ် ကမ္ဘာ့နိုင်ငံတိုင်းက ပညာရပ်ဆိုင်ရာ စာတမ်းတွကို စုဆောင်းကာ အဆင့်သတ်မှတ်လေ့ရှိပါတယ်။ ၂၀၁၃ ခုနှစ်အထိ အီရန်ဟာ သိပ္ပံသုတေသနနယ်ပယ်မှာ ကမ္ဘာ့အဆင့် ၁၇ ရှိနေပါတယ်။
    သုတေသန၀ဘ်ဆိုက်တစ်ခုဖြစ်တဲ့ IDG Connect က အီရန်အစိုးရဟာ သိပ္ပံဆိုင်ရာ သုတေသနတွေရဲ့ ကုန်ကျငွေ ၇၅ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးပြီး၊ အဆင့်မြင့်ပညာရေးနဲ့ လုပ်ငန်းခွင်နယ်ပယ်တွေမှာ ထဲထဲဝင်ဝင် ပတ်သက်မှုရှိတယ်လို့ ဆိုပါတယ်။
    နိုင်ငံတကာက ပိတ်ဆို့မှုတွေ အများအပြား ပြုလုပ်ထားပေမယ့် အီရန်နိုင်ငံရဲ့ သုတေသနလုပ်ငန်းဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ သိသိသာသာ တိုးတက်လာခဲ့ပြီး၊ အားလုံးထင်ထားတာထက် ပိုပြီး အံ့သြစရာကောင်းတာတွေ လုပ်ပြလာနိုင်တယ်လို့ Haaretz က သုံးသပ်ထားပါတယ်။
    Ref: Sputniknews
  • လက်ဘနွန် လွှတ်တော်ရွေးကောက်ပွဲ ၀င်ပြိုင်မည့် အမျိုးသမီးအရေအတွက် စံချိန်မြင့်တက်
    လက်ဘနွန် လွှတ်တော်ရွေးကောက်ပွဲ ၀င်ပြိုင်မည့် အမျိုးသမီးအရေအတွက် စံချိန်မြင့်တက်
    မေ ၃၊ ၂၀၁၈
    M-Media
    အမတ်လောင်းများ၏ ပုံများ
    – မေလ ၆ ရက်နေ့မှာ ပြုလုပ်မယ့် လက်ဘနွန်လွှတ်တော် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးထားတဲ့ အမျိုးသမီး အမတ်လောင်းစာရင်းဟာ စံချိန်တင်များပြားလာတယ်လို့ သိရပါတယ်။
    အမတ်နေရာ ၁၂၈ နေရာအတွက် အမျိုးသမီး ၈၆ ဦးက ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အမတ်လောင်းအဖြစ် ကနဦး စာရင်းပေးထားတဲ့ လူ ၉၇၆ ဦးမှာ ၁၁၁ ဦးက အမျိုးသမီးတွေဖြစ်ပြီး ဒါဟာ ၂၀၀၉ ခုနှစ်က ၁၂ ဦးနဲ့ယှဉ်ရင် သိသိသာသာကို မြင့်တက်လာခဲ့တာဖြစ်ပါတယ်။
    အရည်အချင်းပြည့်မီတဲ့ အမတ်လောင်းတွေကို ရွေးချယ်ရာမှာ ၅၈၃ ဦးကျန်ရှိပြီး အဲဒီအထဲမှာ ၂၂ ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်ပါတယ်။ လက်ရှိ လက်ဘနွန်လွှတ်တော်မှာ အမျိုးသမီးအမတ် အရေအတွက်က ၃ ရာခိုင်နှုန်းသာ ရှိပါတယ်။
    လက်ဘနွန်အမျိုးသမီးတွေ နိုင်ငံရေးမှာပါဝင်မှု ဒီလို စံချိန်တင်မြင့်တက်လာတာကြောင့် အမျိုးသမီးအခွင့်အရေအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လိမ့်မယ်လို့ ပြောကြားမှုတွေလည်း ရှိနေပါတယ်။
    ဒါပေမယ့် အမျိုးသမီးအမတ်လောင်းတွေဟာ ရုပ်သံကနေ မဲဆွယ်ချိန် လုံလုံလောက်လောက် မရတာမျိုးလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလည်း ရှိနေပါတယ်။
    Ref: Aljazeera
  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
    မေ ၃၊ ၂၀၁၈
    M-Media
    မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီ
    အီရန်နျူသဘောတူညီချက်ကမထွက်ဖို့ ကန်ကို ဂူတာရက်စ်သတိပေး
    ==============
    ၂၀၁၅ ခုနှစ်က အီရန်နဲ့ရရှိထားတဲ့ နျူသဘောတူညီချက်ကနေ မထွက်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တိုက်တွန်းလိုက်ပါတယ်။ ထရမ့်ဟာ မေလ ၁၂ ရက်နေ့မှာ ဒီကိစ္စအတွက် သူ့ရဲ့ ရပ်တည်ချက်ကို ထုတ်ပြန်မှာဖြစ်ပြီး သဘောတူညီချက်ကနေ ထွက်ဖို့ များနေပါတယ်။ ဂူတာရက်စ်ကတော့ ဒီစာချုပ်ဟာ အရေးပါတဲ့ သံတမန်အောင်ပွဲတစ်ရပ်ဖြစ်ပြီး ထိန်းသိမ်းမထားနိုင်ဘူးဆိုရင် စစ်ဖြစ်မယ့်အန္တရာယ်ရှိတယ်လို့ သတိပေးခဲ့ပါတယ်။
    မလေးရှားက ၀န်ကြီးချုပ်ဟောင်းကို သတင်းမှားတိုက်ဖျက်ရေးဥပဒေဖြင့် စုံစမ်းနေ
    ===================
    နိုက်ဂျီးရီးယားဗလီ ဗုံးခွဲခံရမှု သေဆုံးသူမြင့်တက်
    ============
    အင်္ဂါနေ့က နိုက်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း မူဘီမြို့က ဗလီတစ်လုံးမှာ ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၈၆ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ ဘိုကိုဟရမ်အကြမ်းဖက်အဖွဲ့ရဲ့လက်ချက်လို့ ယူဆရတဲ့ အဲဒီတိုက်ခိုက်မှုမှာ သေဆုံးသူအရေအတွက်ဟာ ၂၇ ဦးသာ ရှိတယ်လို့ စောစောပိုင်းမှာ အစိုးရက သတင်းထုတ်ပြန်ခဲ့တာပါ။ ဒါပေမယ့် သုဿန်တာဝန်ရှိသူတွေက သူတို့ဟာ အလောင်းပေါင်း ၈၆ ခုကို မြှုပ်နှံပေးခဲ့ရတယ်လို့ ဆိုပါတယ်။
    လူမျိုးရေးခွဲခြားခံရသည့် လူမည်းနှစ်ဦး နစ်နာကြေး တစ်ဒေါ်လာဖြင့် အမှုကျေအေး
    ===================
    ပြီးခဲ့တဲ့လအတွင်း ဖီလာဒဲလ်ဖီးယားပြည်နယ်က Starbucks ကော်ဖီဆိုင်မှာ ထိုင်နေရင်း အဖမ်းခံခဲ့ရတဲ့ လူမည်းနှစ်ယောက်ဟာ နစ်နာကြေး ကန် တစ်ဒေါ်လာ၊ လူငယ်စွန့်ဦးလုပ်ငန်းရှင်တွေအတွက် ကန်ဒေါ်လာ ၂ သိန်းတန် စီမံကိန်း ဖော်ဆောင်ပေးမယ်ဆိုတဲ့ အစိုးရရဲ့ကတိတွေနဲ့ သူတို့အမှုကို မနေ့မှာ ကျေအေးခဲ့ကြပါတယ်။ ဆိုင်ထဲမှာထိုင်ပြီး ဘာမှမမှာတဲ့အတွက် မန်နေဂျာက ရဲခေါ်ဖမ်းခိုင်းတဲ့ ဒီကိစ္စဟာ လူမျိုးရေးခွဲခြားမှု ဖြစ်တာကြောင့် အမေရိကန်ပြည်သူတွေဟာ ဆန္ဒပြခဲ့ကြပြီး Starbucks ကုမ္ပဏီကလည်း ပြန်လည်တောင်းပန်ခဲ့ပါတယ်။ ကန်ဒေါ်လာ ၂ သိန်းတန် လူငယ်အစီအစဉ်ကို ဖီလာဒဲလ်ဖီးယား အထက်တန်းကျောင်းသားတွေကို ဦးတည်ပြီး အစိုးရက ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
    ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် လီဗာပူးလ်အသင်း ရူးသွပ်စွာ ကစားခဲ့
    =============
    ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်ဖို့အတွက် မိမိတို့အသင်းဟာ ရူးသွပ်စွာ ကစားခဲ့ရတယ်လို့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်ပါတယ်။ ဒီနေ့မနက်မှာကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ လီဗာပူးလ်ဟာ ရိုးမားကို ၄ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် နှစ်ကျော့ပေါင်း ၇ ဂိုး ၆ ဂိုးနဲ့ ဖိုင်နယ်ကို တက်ရောက်ကာ မေလ ၂၆ ရက်နေ့မှာ ရီးယဲလ်နဲ့ ကစားရမှာပါ။ ကလော့ပ်က အသင်းသားတွေဟာ ကြိုးစားအားထုတ်မှုအပိုင်းရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ နောက်ဆုံးဗိုလ်လုပွဲနဲ့ ထိုက်တန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ လီဗာပူးလ်ဟာ ချန်ပီယံလိဂ်ကို ၅ ကြိမ်ရရှိထားပြီး အင်္ဂလိပ်ကလပ်တွေထဲမှာ အအောင်မြင်ဆုံး ဖြစ်ပါတယ်။
    Ref: BBC, Aljazeera
  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ
    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ
    မေ ၂၊ ၂၀၁၈
    M-Media
    နယူးကာဆယ် ယူနိုက်တက်
    ရိုးမားကွင်းထဲ လမ်းလျှောက်မ၀င်ရန် လီဗာပူးလ်အသင်းက သတိပေးချက်ထုတ်ပြန်
    ================
    ဒီနေ့မနက်ပွဲမှာ ရိုးမားကွင်းထဲကို ဘယ်လိုအခြေအနေမျိုးမှာမှ လမ်းလျှောက်မသွားဘဲ၊ ကြိုပို့ကားကိုသာစီးကြဖို့ လီဗာပူးလ်အသင်းက ပရိတ်သတ်တွေကို သတိပေးထားပါတယ်။ ရိုမားနဲ့ လီဗာပူးလ်တို့ဟာ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် ဒုတိယကျော့ပွဲစဉ်အဖြစ် ရိုးမားရဲ့ စတာဒီယို အိုလင်ပီကိုကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပါ။ ပထမကျော့ လီဗာပူးလ်က ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မတိုင်ခင် အန်ဖီးလ်ကွင်းရှေ့မှာ နှစ်ဖက်ပရိတ်သတ်တွေ တိုက်ခိုက်မှုဖြစ်ခဲ့တာကြောင့် ဒုတိယအကျော့အတွက် စိုးရိမ်မှု ရှိနေပါတယ်။ အီတလီရဲတပ်ဖွဲ့ကတော့ လီဗာပူးလ်ပရိတ်သတ်တွေရဲ့လုံခြုံရေး အာမခံတယ်လို့ ပြောကြားထားပါတယ်။
    နယူးကာဆယ်ယူနိုက်တက် ၀ယ်သူရှာနေဆဲ
    ===========
    မိမိတို့အသင်းဟာ ရောင်းချမယ့်အနေအထားမှာပဲ ဆက်ရှိနေတယ်လို့ ပရီးမီးယားလိဂ်ကလပ်ဟောင်း နယူးကာဆယ်အသင်းက အတည်ပြုပြောဆိုခဲ့ပါတယ်။ အသင်းပိုင်ရှင် မိုက်အက်ရှ်လေဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက အသင်းကို ရောင်းဖို့ စီစဉ်နေတာဖြစ်ပြီး ပေါင်း သန်း ၂၅၀ နဲ့ ရောင်းဖို့အတွက် စီးပွားရေးသမား အမျိုးသမီး အေမန်ဒါ စတာဗီလေနဲ့ ဆွေးနွေးမှုကို ဇန်န၀ါရီမှာ ရပ်တန့်ခဲ့ပါတယ်။ ဒါပေမယ့် အေမန်ဒါက ၀ယ်ယူဖို့ စိတ်ဝင်စားနေဆဲပဲလို့ ဆိုပါတယ်။ မိုက်အက်ရှ်လေဟာ ၂၀၀၇ ခုနှစ်မှာ နယူးကာဆယ်ကို ပေါင် ၁၃၄.၄ သန်းနဲ့ ၀ယ်ခဲ့တာပါ။
    လီဗာပူးလ်တိုက်စစ်မှူး ဆာလာဟ်ကို ဂယ်ရီနဗီလ်း စိန်ခေါ်
    ==================
    လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ရဲ့ ခြေစွမ်းဟာ တစ်ရာသီသာခံမယ့် ခြေစွမ်းလားဆိုတာ စောင့်ကြည့်ချင်တယ်လို့ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီလ်က ပြောကြားလိုက်ပါတယ်။ ဆာလာဟာ အခုရာသီမှာ လီဗာပူးလ်အတွက် ၄၈ ပွဲကစား ၄၃ ဂိုး သွင်းပေးထားပြီး PFA နဲ့ FWA တို့က ရွေးချယ်တဲ့ အကောင်းဆုံးဘောလုံးသမား ဆုတွေကိုလည်း ရရှိထားပါတယ်။ နဗီးလ်ကတော့ ဆာလာဟ်ဟာ နောက်နှစ် ဂိုး ၂၀ သွင်းမယ်ဆိုရင် တကယ်ကောင်းတဲ့ ကစားသမားလို့ ပြောလို့ရမှာဖြစ်ပြီး ၄၀၊ ၄၃ ဂိုးလောက် သွင်းမယ်ဆိုရင်တော့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ ဂိုးအရေအတွက်ကို မှီနိုင်မယ်လို့ ဆိုပါတယ်။
    မိမိကို သက်တမ်းမတိုးလျှင် မှားမည်ဟု မန်ယူကို ဖယ်လိုင်နီ သတိပေး
    =============
    သူ့ကို သက်တမ်းမတိုးဘူးဆိုရင် မန်ယူအသင်းဟာ ပေးဆပ်ရလိမ့်မယ်လို့ ကွင်းလယ်လူ မာရိုနီ ဖယ်လိုင်နီက သတိပေးလိုက်ပါတယ်။ ဒဏ်ရာကြောင့် အသင်းမှာ ရုန်းကန်နေရတဲ့ ဖယ်လိုင်နီဟာ မန်ယူနဲ့ အခုရာသီကုန်မှာ စာချုပ်ပြည့်မှာ ဖြစ်ပေမယ့် နှစ်ဖက် ဆွေးနွေးမှုတွေက အဆင်မပြေပါဘူး။ နည်းပြ မော်ရင်ဟိုက သဘောတူညီချက် မကြာမီ ရတော့မယ်လို့ ပြောကြားထားပေမယ့် ဖယ်လိုင်နီကတော့ အသင်းဟာ သူ့ကို သက်တမ်းမတိုးချင်ကြောင်း၊ ဒီလိုသာ ဆုံးဖြတ်မယ်ဆိုရင် အသင်းဟာ မှားယွင်းမှာဖြစ်ကြောင်း၊ သူတိုကိုယ်တိုင်လည်း ဆုံးဖြတ်ချက် မချရသေးကြောင်း ပြောကြားခဲ့ပါတယ်။
    Ref: BBC, Goal