News @ M-Media

Blog

  • အမေရိကန်၊ တရုတ်နှင့် ဆော်ဒီတို့က စစ်အသုံးစားရိတ် အမြင့်ဆုံးနိုင်ငံများအဖြစ် ရပ်တည်

    အမေရိကန်၊ တရုတ်နှင့် ဆော်ဒီတို့က စစ်အသုံးစားရိတ် အမြင့်ဆုံးနိုင်ငံများအဖြစ် ရပ်တည်

    မေ ၂၊ ၂၀၁၈
    M-Media

    – ၂၀၁၇ ခုနှစ် ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်အသုံးစားရိတ်ဟာ စစ်အေးခေတ်နောက်ပိုင်း အမြင့်ဆုံးအဖြစ် ကန်ဒေါ်လာ ၁.၇၃ ထရီလီယံအထိ ရောက်ရှိခဲ့ပြီး အမေရိကန်၊ တရုတ်နဲ့ ဆော်ဒီအာရေဗျတို့ဟာ စစ်အသုံးစားရိတ် အများဆုံးဆုံး နိုင်ငံတွေအဖြစ် ရပ်တည်နေပါတယ်။

    Stockholm International Peace Research Institute (SIPRI) က ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်အသုံးစားရိတ် အချက်အလက်ဆိုင်ရာ အစီရင်ခံစာတစ်ခုကို ဒီကနေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ် ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်အသုံးစားရိတ်ဟာ ၂၀၁၆ ခုနှစ်ကထက် ၁.၁ ရာခိုင်နှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။

    အမေရိကန်ဟာ ဒေါ်လာ ဘီလီယံ ၆၁၀ နဲ့ ကမ္ဘာပေါ်မှာ စစ်အသုံးစားရိတ်အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ ၂၀၁၆ ခုနှစ်ကနဲ့ ပမာဏ အတူတူပဲဖြစ်ပြီး ကမ္ဘာ့ စစ်အသုံးစားရိတ်ရဲ့ ၃၅ ရာခိုင်နှုန်း ရှိပါတယ်။ ဒါဟာ သူ့အောက်က နိုင်ငံ ၇ နိုင်ငံပေါင်းတဲ့ ပမာဏထက်ကို ကျော်လွန်နေတာပါ။

    အမေရိကန်ရဲ့ ကာကွယ်ရေး အသုံးစားရိတ်ဟာ ဒီနှစ်မှာ ထပ်မံ မြင့်တက်သွားဖို့ ရှိပါတယ်။

    တရုတ်ကတော့ စစ်အသုံးစားရိတ် ၂၂၈ ဘီလီယံနဲ့ ဒုတိယနေရာမှာ ရှိနေကာ ၂၀၁၆ ခုနှစ်ကထက် ၁၂ ဘီလီယံ ပိုမိုသုံးစွဲခဲ့တာပါ။

    SIPRI က တရုတ်နိုင်ငံရဲ့ ဒီပမာဏဟာ ကမ္ဘာ့စုစုပေါင်း စစ်အသုံးစားရိတ်ရဲ့ ၁၃ ရာခိုင်နှုန်းရှိပြီး ၂၀၀၈ ခုနှစ်ကထက် ၂ ဆ တက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

    ဆော်ဒီက ၂၀၁၇ ခုနှစ်မှာ ကာကွယ်ရေးအတွက် ဒေါ်လာ ၆၉.၄ ဘီလီယံ အသုံးပြုခဲ့ပြီး တတိယနေရာမှာ ရပ်တည်နေပါတယ်။ ၂၀၁၆ ခုနှစ် ကာကွယ်ရေးအသုံးစားရိတ်စာရင်းမှာ တတိယနေရာ ရရှိခဲ့တဲ့ ရုရှားကတော့ ၂၀၁၇ ခုနှစ်မှာ သုံးစွဲမှု ၂၀ ရာခိုင်နှုန်း ကျဆင်းကာ ၆၆.၃ ဘီလီယံ ရှိခဲ့ပါတယ်။ ဒါဟာ ၁၉၉၈ ခုနှစ်ကတည်းက ပထမဆုံး ကျဆင်းတာပါ။

    အိန္ဒိယနဲ့ ပြင်သစ်တို့က အသုံးစားရိတ် ၆၄ ဘီလီယံနဲ့ ၅၇.၈ ဘီလီယံသုံးစွဲကာ နံပါတ် ၅ နဲ့ ၆ နေရာတွေမှာ ရှိနေပြီး၊ ယူကေက ၄၇.၂ ဘီလီယံနဲ့ အဆင့် ၇၊ ဂျပန်က ၄၅.၄ ဘီလီယံနဲ့ အဆင့် ၈၊ ဂျာမနီက ၄၄.၃ ဘီလီယံနဲ့ အဆင့် ၉၊ တောင်ကိုရီးယားက ၃၉.၂ ဘီလီယံနဲ့ အဆင့် ၁၀ နေရာတွေမှာ အသီးသီး ရပ်တည်နေပါတယ်။

    အားလုံးခြုံကြည့်ရင် ၂၀၁၇ ခုနှစ်အတွင်း နေတိုးအဖွဲ့ဝင်နိုင်ငံတွေက စစ်အသုံးစားရိတ်အတွက် စုစုပေါင်း ကန်ဒေါ်လာ ဘီလီယံ ၉၀၀ လောက် သုံးခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေအားလုံးပေါင်း စစ်အသုံးစားရိတ်ရဲ့ ၅၂ ရာခိုင်နှုန်း ရှိနေပါတယ်။

    Ref: Aljazeera

  • လေထုညစ်ညမ်းမှုကြောင့် တစ်နှစ်လျှင် လူ ၇ သန်း သေဆုံး

    လေထုညစ်ညမ်းမှုကြောင့် တစ်နှစ်လျှင် လူ ၇ သန်း သေဆုံး

    မေ ၂၊ ၂၀၁၈
    M-Media

    – ဆင်းရဲတဲ့နိုင်ငံတွေနဲ့ ချမ်းသာတဲ့နိုင်ငံတွေအကြား လေထုအရည်အသွေး ကွာခြားမှုဟာ ပုံမှန် မြင့်တက်လာနေပြီး လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာတစ်ဝှမ်း တစ်နှစ်ကို လူ ၇ သန်းလောက် သေဆုံးနေတယ်လို့ ကုလရဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    “လေထုညစ်ညမ်းမှုက ကျွန်တော်တို့အားလုံကို ခြိမ်းခြောက်နေပါတယ်။ ဒါပေမယ့် အဆင်းရဲဆုံးနဲ့ လစ်လျူရှုခံရဆုံး နိုင်ငံတွေက ဒီဝန်ထုပ်ဝန်ပိုးကို အထမ်းရဆုံးပါ” လို့ WHO ရဲ့ ညွှန်ကြားရေးမျူးချုပ် တက်ဒရို့စ် အဒ်ဟာ နမ် ဂရီဘရီယီဆက်စ်က ပြောကြားခဲ့ပါတယ်။

    “အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအများဆုံးပါဝင်တဲ့ လူပေါင်း ၃ ဘီလီယံလောက်ဟာ သူတို့အိမ်မှာ အသုံးပြုတဲ့ မီးသွေးမီးဖိုတွေ၊ ရေနံဆီတွေကြောင့် နေ့စဉ် ဆိုးရွားတဲ့ အငွေ့တွေကို ရှူရှိုက်နေရတာဟာ လက်မခံနိုင်စရာပါ”

    ကမ္ဘာ့လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ မသန့်ရှင်းတဲ့လေကို ရှူရှိုက်နေရပြီး၊ ချမ်းသာတဲ့နိုင်ငံတွေမှာ လေထုအရည်အသွေးက တစ်ဖြည်းဖြည်းချင်း ပြန်ကောင်းလာနေပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေက ပိုဆိုးလာတယ်လို့ WHO က ပြောပါတယ်။

    WHO ဟာ လေထုထဲမှာ သေးငယ်တဲ့ အမှုန်လေးတွေ ပါဝင်မှုကို သုတေသနလုပ်ကာ လေထုအရည်အသွေးကို သုံးသပ်တာဖြစ်ပါတယ်။ အဲဒီ အမှုန်လေးတွေဟာ အဆုတ်နဲ့ သွေးလှည့်ပတ်မှုလမ်းကြောင်းထဲ ၀င်ရောက်မယ်ဆိုရင် ကင်ဆာရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ပါတယ်။

    လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ကမ္ဘာတစ်ဝှမ်း တစ်နှစ်ကို ၇ သန်းလောက်ရှိပြီး ၉၀ ရာခိုင်နှုန်းက ၀င်ငွေနိမ့်တဲ့ အာရှနဲ့ အာဖရိကနိုင်ငံတွေက ဖြစ်ပါတယ်။

    သုတေသနရလဒ်တွေအရ လေထုညစ်ညမ်းမှု အဆိုးဆုံးက အရှေ့အလယ်ပိုင်း၊ အာရှနဲ့ အာဖရိကနိုင်ငံတွေဖြစ်ပြီး အဓိကပြဿနာက ချက်ရေးပြုတ်ရေးမှာ သန့်စင်တဲ့ လောင်စာ မရရှိတာ ဖြစ်ပါတယ်။ လေထုညစ်ညမ်းစေတဲ့ နောက်ထပ်အကြောင်းအရင်းတွေက သယ်ယူပို့ဆောင်ရေးနဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေကြောင့် ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    မေ ၂၊ ၂၀၁၈
    M-Media

    နိုက်ဂျီးရီးယားဗလီ ဗုံးခွဲခံရမှု

    နိုက်ဂျီးရီးယား ဗလီတစ်လုံးကို ဘိုကိုဟရမ်က ဗုံးခွဲတိုက်ခိုက်
    =================
    နိုက်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း မူဘီမြို့က ဗလီတစ်လုံးနဲ့ ဈေးတစ်ခုမှာ မနေ့က အသေခံဗုံးခွဲမှုနှစ်ခု ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး ၂၄ ဦးသေဆုံးခဲ့ပြီး တစ်ဒါဇင်ကျော်လောက် ဒဏ်ရာရှိခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ မျက်မြင်သက်သေတွေကတော့ သေဆုံးသူ ၆၀ လောက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းကလည်း မူဘီက ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ အခုလို အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅၀ လောက်သေဆုံးခဲ့ပါတယ်။

    မော်ရိုကိုက အီရန်နှင့် သံအဆက်အသွယ်ဖြတ်
    ==============
    ဆဟာရအနောက်ပိုင်း လွတ်မြောက်ရေးတပ်ဦး Polisario Front ကို ထောက်ပံ့မှုအတွက် အီရန်နဲ့ သံတမန်အဆက်အသွယ် ဖြတ်တောက်တယ်လို့ မော်ရိုကို နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ တီဟီရန်က သူတို့သံရုံးကို ပိတ်ပစ်မှာဖြစ်ပြီး သူတို့နိုင်ငံအတွင်းက အီရန်သံအမတ်ကိုလည်း နှင်ထုတ်သွားမယ်လို့ ဆိုပါတယ်။ အီရန်ဟာ လက်ဘနွန်က ဟစ်ဇ်ဘိုလာအဖွဲ့ကနေတစ်ဆင့် Polisrio Front တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးတာ၊ လက်နက်ထောက်ပံ့တာတွေ လုပ်တယ်လို့ မော်ရိုကိုက ပြောပါတယ်။

    မြောက်ကိုရီးယားကိစ္စ အတည်ပြုပေးရန် ကုလကို တောင်ကိုရီးယား တောင်းဆို
    ===============
    နျူစမ်းသပ်တဲ့နေရာကို ပိတ်ပစ်မယ်ဆိုတဲ့ မြောက်ကိုရီးယားရဲ့ အစီအစဉ်ကို အတည်ပြုပေးဖို့အတွက် တောင်ကိုရီးယားသမ္မတ မွယ်ဂျယ်အင်က ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကို တနင်္လာနေ့မှာ ဖုန်းဆက် တောင်းဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က သူ့အနေနဲ့ နျူစမ်းသပ်ရာနေရာကို ပိတ်ပစ်ပြီး နိုင်ငံတကာ ကျွမ်းကျင်သူတွေကို ခေါ်ပြမယ်လို့ ပြောကြားထားတာပါ။ မွန်ဂျယ်အင်က နှစ်နိုင်ငံ စစ်မဲ့ဇုန်ကို ငြိမ်းချမ်းရေးဇုန်အဖြစ်ပြောင်းလဲရေး ကုလက ပံ့ပိုးပေးဖို့လည်း ဂူတာရက်စ်ကို တောင်းဆိုခဲ့ပါတယ်။

    အစ္စရေးဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးတို့ စစ်ကြေငြာခွင့်အာဏာ ရရှိ
    ================
    အစ္စရေးပါလီမန်ဟာ စစ်ပွဲကြေငြာခွင့် အာဏာကို ၀န်ကြီးချုပ် နေတန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီး လီဘာမန်တို့ဆီက တနင်္လာနေ့မှာ လွှဲပြောင်းပေးခဲ့ပါတယ်။ အရင်က အစိုးရအဖွဲ့ တစ်ခုလုံးရဲ့ ခွင့်ပြုချက်ကိုရမှ စစ်ကြေငြာနိုင်မှာဖြစ်ပေမယ့် အခုအချိန်မှာတော့ အစ္စရေးဝန်ကြီးချုပ်ဟာ စစ်ပွဲကြေငြာဖို့အတွက် ကာကွယ်ရေးဝန်ကြီးတစ်ယောက်တည်းရဲ့ သဘောတူညီချက်သာ လိုအပ်တော့မှာ ဖြစ်ပါတယ်။

    ချန်ပီယံလိဂ်မှ ထွက်ရခြင်းအတွက် ဘိုင်ယန်နည်းပြ စိတ်ပျက်
    =============
    အသင်းရဲ့ကစားပုံ ကောင်းပေမယ့် ပြိုင်ပွဲကထွက်ခဲ့ရတဲ့အတွက် စိတ်ပျက်မိတယ်လို့ ဘိုင်ယန်မြူးနစ်နည်းပြ ဂျပ် ဟန်းက်စ်က ပြောကြားလိုက်ပါတယ်။ ဒီနေ့မနက်က ရီးယဲလ်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ဘိုင်ယန်ဟာ ၂ ဂိုးစီသရေကျခဲ့ပြီး နှစ်ကျော့ပေါင်း ၄ ဂိုး ၃ ဂိုးနဲ့ ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။ ရီးယဲလ်နည်းပြ ဇီဒိန်းက မိမိတို့ဟာ နောက်ဆုံးမိနစ်အထိ တိုက်ပွဲဝင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera, CNA

  • လတ်တလောတိုက်ပွဲကြောင့် ကချင်ပြည်သူများ ထိခိုက်ခံစားရမှုကို စိုးရိမ်ကြောင်း ယန်းဟီးလီပြော

    လတ်တလောတိုက်ပွဲကြောင့် ကချင်ပြည်သူများ ထိခိုက်ခံစားရမှုကို စိုးရိမ်ကြောင်း ယန်းဟီးလီပြော

    မေ ၁၊ ၂၀၁၈
    M-Media

    တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့နေရသည့် ကချင်ပြည်သူများ

    – ကချင်ပြည်နယ်မှာ လတ်တလော ဖြစ်နေတဲ့ ပဋိပက္ခတွေအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှု၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေအတွက် စိုးရိမ်တယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ယန်းဟီးလီက ပြောကြားလိုက်ပါတယ်။

    “အပြစ်မဲ့တဲ့အရပ်သားတွေဟာ အသတ်ခံနေရပြီး ဒဏ်ရာအနာတရတွေ ရနေတယ်။ ရာနဲ့ချီတဲ့ မိသားစုတွေကလည်း အသက်ဘေးလွတ်အောင် ပြေးနေရပါတယ်” လို့ ပြီးခဲ့တဲ့သီတင်းပတ်တွေက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း လူပေါင်း ၅၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုကို ရည်ညွှန်းပြီး သူမက ဆိုပါတယ်။

    ကချင်ပြည်နယ်က တိုက်ခိုက်မှုအတွင်း အစိုးရတပ်ဟာ လူနေဒေသတွေအပေါ် ဗုံးကြဲတာတွေ၊ လက်နက်ကြီးနဲ့ပစ်တာတွေ ရှိတယ်လို့ သတင်းတွေထွက်နေပြီး တိုက်ပွဲကြောင့် ပိတ်မိနေသူတွေကို အကူအညီပေးရေးကိုလည်း အစိုးရက ခွင့်မပြုပါဘူး။

    ထွက်ပြေးရသူတွေထဲမှာ ကိုယ်ဝန်ဆောင်တွေ၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့ မသန်စွမ်းသူတွေ ပါဝင်တယ်လို့ ကုလက ပြောပါတယ်။

    “ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကချင်မှာဖြစ်ပျက်နေတာကို ကြည့်ရတာ လုံးဝ လက်မခံနိုင်စရာဖြစ်ပြီး အမြန်ဆုံး ရပ်တန့်ရမှာပါ။ ပဋိပက္ခတွေအတွင်း အရပ်သားတွေဟာ အကြမ်းဖက်ခံရတယ်ဆိုတာမျိုး ဘယ်တော့မှ ဖြစ်လို့မရပါဘူး။ အရပ်သားတွေ အန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးအတွက် ပါဝင်ပတ်သက်သူတွေအားလုံးက လိုအပ်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဆောင်ရပါမယ်” လို့ ယန်းဟီးလီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    မတ်လက ဂျီနီဗာမှာ ပြုလုပ်ခဲ့တဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ တာဝန်ရှိသူတစ်ဦးက နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ရခိုင်ကိစ္စကိုသာ အာရုံစိုက်နေကြပြီး ကချင်၊ ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံက အခြား ပဋိပက္ခဖြစ်ပွားရာ ဒေသတွေကို လစ်လျူထားကြတယ်လို့ ပြောကြားခဲ့ပါတယ်။

    ယန်ဟီးလီကတော့ အကူအညီပေးရေးကို ပိတ်ပင်တယ်ဆိုတာ နိုင်ငံတကာဥပဒေအရ စစ်ရာဇ၀တ်မှုမြောက်ကြာင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကစီစဉ်တဲ့ အစားအသောက်ထောက်ပံ့ရေးယာဉ်တန်း တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ လူတွေဆီ သွားရောက်တာကို ပိတ်ပင်တားဆီးခဲ့တယ်လို့ သိရကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: The Guardian

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    မေ ၁၊ ၂၀၁၈
    M-Media

    လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်

    FWA ၏ တစ်နှစ်တာအကောင်းဆုံးဆုကို မိုဟာမက် ဆာလာဟ် ဆွတ်ခူး
    ==============
    အင်္ဂလိပ် ဘောလုံးဂျာနယ်လစ်များအသင်း (FWA) က မဲပေးရွေးချယ်တဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက်ဆာလာဟ်က ဒီဘရူနီ၊ ဟယ်ရီကိန်းတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့ပါတယ်။ လီဗာပူးလ်အတွက် ၄၈ ပွဲကစားပြီး ၄၃ ဂိုး သွင်းပေးထားတဲ့ ဆာလာဟ်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအသင်း (PFA) ကချီးမြှင့်တဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိထားသူပါ။

    ဗိုလ်လုပွဲနှင့်ထိုက်တန်ကြောင်းပြမည်ဟု ရီးယဲလ်နည်းပြပြော
    =================
    ဘိုင်ယန်နဲ့ ဒီနေ့ညပွဲမှာ မိမိတို့ဟာ ဗိုလ်လုပွဲနဲ့ ထိုက်တန်ကြောင်း ပြသသွားမယ်လို့ ရီးယဲလ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် ဘိုင်ယန်အိမ်ကွင်းက ဆီးမီးဖိုင်နယ် ပထမကျော့မှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားတဲ့ ရီးယဲလ်ဟာ နောက်တစ်ဆင့်တက်ဖို့အတွက် အလားအလာကောင်းနေတာပါ။ ဘိုင်ယန်နည်းပြကတော့ အမှားတွေကို ပြန်လည်ဖာထေးပြီး တိုက်စစ်ဆင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    မဖြစ်နိုင်တာ လုပ်ပြမည်ဟု ရိုးမားနည်းပြ ကြုံးဝါး
    ===============
    မနက်ဖြန်မှာကစားမယ့် လီဗာပူးလ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ တိုက်စစ်မှူး ဂျက်ကိုဟာ မိမိတို့အသင်းရဲ့ ဆာလာဟ် ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်း ရိုးမားနည်းပြက ဖရန်ဆက်စကိုက ပြောကြားလိုက်ပါတယ်။ ရိုးမားဟာ ပထမအကျော့ လီဗာပူးလ်အိမ်ကွင်းမှာ ၅ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး မနက်ဖြန်ပွဲမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရမှ ဗိုလ်လုပွဲတက်နိုင်မှာ ဖြစ်ပါတယ်။ ဖရန်ဆက်စကိုကတော့ သူတို့အသင်းအနေနဲ့ မဖြစ်နိုင်တာကို လုပ်ပြသွားမယ်လို့ ဆိုပါတယ်။

    ချယ်ဆီးလူငယ်အသင်း FA ဖလား ၅ ကြိမ်ဆက်ချန်ပီယံဖြစ်
    ===============
    မနေ့ကကစားခဲ့တဲ့ လူငယ် FA ဖလား ဗိုလ်လုပွဲ ဒုတိယအကျော့မှာ ချယ်ဆီးက အာဆင်နယ်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်း ၇ ဂိုး ၁ ဂိုးနဲ့ FA ဖလားကို ၅ ကြိမ်ဆက် ဆွတ်ခူးသွားပါတယ်။ ဒီပြိုင်ပွဲမှာ ၂၀၁၃ ခုနှစ်ကစလို့ ချယ်ဆီးဟာ ရှုံးပွဲမရှိသေးပါဘူး။ ၁၉၅၀ ပြည့်နှစ်တွေမှာ မန်ယူလူငယ်အသင်း ၅ ကြိမ်ဆက် ဆွတ်ခူးပြီးတဲ့နောက်ပိုင်း ချယ်ဆီးက ပထမဆုံး ၅ ကြိမ်ဆက်ချန်ပီယံ ဖြစ်ခဲ့တာပါ။

    Ref: Goal, BBC