News @ M-Media

Blog

  • အီရန်နျူသဘောတူညီချက်ကို ထိန်းသိမ်းရန် အမေရိကန်ကို ပြင်သစ်သမ္မတ တိုက်တွန်း

    အီရန်နျူသဘောတူညီချက်ကို ထိန်းသိမ်းရန် အမေရိကန်ကို ပြင်သစ်သမ္မတ တိုက်တွန်း

    ဧပြီ ၂၆၊ ၂၀၁၈
    M-Media

    အမေရိကန်လွှတ်တော်တွင် မိန့်ခွန်းပြောနေသည့် မာခရွန်

    – အီရန်နဲ့ရရှိထားတဲ့ နျူသဘောတူညီချက်ကို ထိန်းသိမ်းဖို့နဲ့ အမျိုးသားရေးဝါဒကို လက်မခံဖို့ ပြင်သစ်သမ္မတ အီမန်နျူယဲလ်မာခရွန်က အမေရိကန်ကို တိုက်တွန်းလိုက်ပါတယ်။

    နိုင်ငံတော်ခရီးစဉ်အဖြစ် အမေရိကန်ကိုရောက်ရှိနေတဲ့ မာခရွန်ဟာ မနေ့က အမေရိကန်လွှတ်တော်မိန့်ခွန်းမှာ ဒီလိုပြောကြားလိုက်တာပါ။

    ၂၀၁၅ ခုနှစ်က အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်ကို ထရမ့်က ဆက်ပြီး လက်ခံမလားဆိုတာ မပြောတတ်ဘူးလို့ မာခရွန်ကဆိုပြီး အရှေ့အလယ်ပိုင်းကိစ္စမှာ အရင်အမှားတွေကို အနောက်နိုင်ငံတွေက ထပ်မလုပ်ကြဖို့လည်း သတိပေးခဲ့ပါတယ်။

    “ခင်ဗျားတို့သမ္မတ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ မသိပေမယ့် ကျွန်တော်ကတော့ သူဟာ ပြည်တွင်းရေးတွေကြောင့် ဒီသဘောတူညီချက်ကနေ ထွက်လိမ့်မယ်လို့ မြင်ပါတယ်”

    မာခရွန် အမေရိကန်ကိုလာရောက်မှုမှာ အီရန်နျူကိစ္စက ထိပ်ဆုံးကဖြစ်ပြီး အီရန်ရဲ့ ဒုံးကျည်စီမံကိန်း တိုးတက်လာတာနဲ့ ဒေသတွင်း သြဇာလွှမ်းမိုးလာတာတွေကို ထပ်မံ ကန့်သတ်ဖို့အတွက်လည်း ခေါင်းဆောင်နှစ်ဦးက ဆွေးနွေးခဲ့ကြပါတယ်။

    တနေ့က အောက်လွှတ်တော်မိန့်ခွန်းမှာလည်း မာခရွန်က ၂၀၁၅ ခုနှစ် သဘောတူညီချက်ဟာ စိုးရိမ်မှုတွေအားလုံးကို မဖြေရှင်းပေးနိုင်ပေမယ့် ဒီထက်ပိုပြီးကောင်းတဲ့ နည်းလမ်းမျိုး မရှိဘဲနဲ့တော့ ဒီစာချုပ်ကို မဖျက်သိမ်းသင့်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

    လက်ရှိ နျူသဘောတူညီချက်မှာ ဆက်လက်ပါဝင်မလား၊ မပါဝင်ဘူးလားဆိုတာကို သမ္မတထရမ့်ဟာ မေလ ၁၂ ရက်နေ့ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

    တစ်ကိုယ်ကောင်းဝါဒကို သတိပေး

    မာခရွန်ဟာ ထရမ့်ရဲ့ အမေရိကန်သည်သာပထမဆိုတဲ့ ၀ါဒကို ဝေဖန်ခဲ့ပြီး၊ လူမျိုးစုံဝါဒကြောင့် အမေရိကန်ဟာ အောင်မြင်လာတာဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

    “ဒါ(တံးခါးပိတ်ဝါဒ)ဟာ ကျွန်တော်တို့ရဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေကို ခဏတာပြေပျောက်ကောင်း ပြေပျောက်နိုင်ပါတယ်။ ဒါပေမယ့် ဒီလို တံခါးပိတ်လိုက်တာနဲ့ဘဲ ကမ္ဘာကြီးရဲ့ အဆင့်အဆင့် ပြောင်းလဲမှုကို တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့နိုင်ငံသားတွေရဲ့ ကြောက်ရွံ့မှုကို မီးထိုးပေးလိုက်သလိုသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရှေ့မှာရှိနေတဲ့ စိန်ခေါ်မှုအသစ်တွေအတွက် ကျွန်တော်တို့ရဲ့မျက်လုံးကို ကျယ်ကျယ်ဖွင့်ထားဖို့ လိုပါတယ်” လို့ မာခရွန်က ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အစ္စရေးလက်ချက်ကြောင့် ပါလက်စတိုင်းဂျာနယ်လစ်တစ်ဦး ထပ်မံသေဆုံး

    အစ္စရေးလက်ချက်ကြောင့် ပါလက်စတိုင်းဂျာနယ်လစ်တစ်ဦး ထပ်မံသေဆုံး

    ဧပြီ ၂၆၊ ၂၀၁၈
    M-Media

    အဟ်မဒ် အဘူ ဟူစိန်၏ ရုပ်အလောင်းကို သယ်ဆောင်လာစဉ်

    – အခုလအစောပိုင်း ဂါဇာဆန္ဒပြမှုကို သတင်းယူနေစဉ် အစ္စရေးရဲ့ ပစ်ခတ်မှုကို ခံခဲ့ရတဲ့ ပါလက်စတိုင်းဂျာနယ်လစ် အဟ်မဒ် အဘူ ဟူစိန်ဟာ ရရှိတဲ့ဒဏ်ရာကြောင့် မနေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

    အသက် ၂၄ နှစ်အရွယ်ရှိတဲ့ ဟူစိန်ဟာ ဧပြီလ ၁၃ ရက်နေ့က ဂျာဘာလီယာဒေသအနီးက ဆန္ဒပြမှုမှာ ၀မ်းဗိုက်ကို ပစ်ခတ်ခံလိုက်ရတာပါ။ လတ်တလော ဆန္ဒပြမှုအတွင်း အစ္စရေးရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးတဲ့ ဂျာနယ်လစ်ဟာ ဟူစိန်နဲ့ပါဆို နှစ်ဦးရှိလာပြီ ဖြစ်ပါတယ်။

    ၁၉၄၈ ခုနှစ်မှာ ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေရဲ့ မျိုးဆက်တွေ နေရပ်ပြန်ခွင့်ရရေးအတွက် ပါလက်စတိုင်းတွေဟာ Great March of Return ခေါင်းစဉ် မတ်လ ၃၀ ရက်နေ့ကစလို့ ဆန္ဒပြမှုတွေ လုပ်ခဲ့တာပါ။

    ဂါဇာအခြေစိုက် Voice of the People ရေဒီယိုက ဓာတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့ ဟူစိန်ဟာ ပစ်ခတ်ခံရချိန်မှာ ‘Press’ (စာနယ်ဇင်း) လို့ရေးထားတဲ့ ဦးထုပ်နဲ့ အင်္ကျီကို ၀တ်ဆင်ထားတယ်လို့ မျက်မြင်သက်သေတွေက ပြောကြားခဲ့ပါတယ်။

    ကျင့်ဝတ်အရ ဆန္ဒပြမှုတွေမှာ သတင်းယူကြသူတွေဟာ မီဒီယာကလူမှန်း သိသာစေတဲ့ ဦးထုပ်တွေ၊ ၀တ်စုံတွေ ၀တ်ထားရပြီး လုံခြုံရေးတပ်ဖွဲ့တွေက သူတို့ကို ကာကွယ်ပေးရပါတယ်။ ဟူစိန်က ဒီလိုဝတ်ထားခဲ့ပေမယ့် အစ္စရေးရဲ့ ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

    ဂါဇာအခြေစိုက် Ain Media သတင်းအေဂျင်စီက ဓာတ်ပုံသမား ယာဆာရ် မူရ်တာဂျာဆိုသူလည်း အစ္စရေးရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဧပြီလ ၇ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။ မူရ်တာဂျာ အပစ်ခံရတဲ့အချိန်မှာ ဂျာနယ်လစ်တွေ ၀တ်ဆင်ရမယ့် ၀တ်စုံကို ၀တ်ဆင်ထားတာ ဖြစ်ပါတယ်။

    Re: Aljazeera

  • မေ့ပျောက်ခံ ကချင်တို့၏ဘ၀ အခြေအနေပိုဆိုးလာ

    မေ့ပျောက်ခံ ကချင်တို့၏ဘ၀ အခြေအနေပိုဆိုးလာ

    ဧပြီ ၂၆၊ ၂၀၁၈
    M-Media

    ရှေ့တန်းတစ်နေရာမှ ကချင်လက်နက်ကိုင်တစ်ဦး

    – ရှေ့တန်းမှာ စစ်တပ်ဟာ တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ သူပုန်တွေကို တိုက်ခိုက်နေပါတယ်။ ရွှေ့ပြောင်းဒုက္ခသည်စခန်းမှာတော့ ကြောက်ရွံ့နေတဲ့ ပြည်သူတွဟာ သဲအိတ်တွေ၊ ကျောက်တုံးတွေနဲ့ ဗုံးခိုနေရာတွေ ဆောက်နေကြရပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းက ဒုက္ခပင်လယ်ဝေနေတဲ့ ဒီဒေသက နေရာတိုင်းမှာ ပဋိပက္ခတွေ ပိုဆိုးမယ်ဆိုတဲ့ အနေအထားတွေက မြင့်တက်လာပါတယ်။

    ကမ္ဘာကြီးက ရိုဟင်ဂျာတွေရဲ့ ဒုက္ခသုက္ခတွေကိုပဲ အာရုံစိုက်နေတဲ့အချိန် ဒီနေရာ(ကချင်)မှာ ပြည်တွင်းစစ်ဖြစ်နေပြီး အစိုးရတပ်တွေနဲ့ တိုင်းပြည်က တိုင်းရင်းသားလူမျိုးတစ်ခုဖြစ်တဲ့ ကချင်တွေ တိုက်ခိုက်နေကြတာပါ။ ကချင်တွေအများစုက ခရစ်ယာန်တွေ ဖြစ်ပါတယ်။ ဒီပဋိပက္ခဟာ ကမ္ဘာပ်ါမှာ ဆက်ဖြစ်နေတဲ့ အရှည်ကြာဆုံး စစ်ပွဲတွေက တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့လအနည်းငယ်မှာ သိသိသာသာကို ဆိုးဝါးလာခဲ့ပါတယ်။ ကုလကတော့ ဇန်န၀ါရီလကတည်းက အနည်းဆုံး လူပါင်းတစ်သောင်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကမ္ဘာအပေါ်မှာ မေ့ဖျောက်ခံထားရဆုံး ကိစ္စတွေထဲက တစ်ခုဖြစ်တဲ့ ဒီကိစ္စဟာ မြန်မာနိုင်ငံအတွင်းမှာလည်း နိုင်ငံအနောက်ပိုင်း စစ်တပ်ရဲ့စနက်ကြောင့် လူပါင်း ၇ သိန်းနီးပေါင်းလောက်ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေ အကြမ်းဖက်ခံရမှု လောင်းရိပ်အောက် ရောက်နေပါတယ်။ တရုတ်နယ်စပ်တစ်လျှောက်က ကချင်လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ တောင်တန်းဒေသလေးမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ကြီးကြပ်နေတဲ့ ကော်မတီအကြီးအကဲ Zau Raw က ဒီအဖြစ်အပျက်နှစ်ခုဟာ အခြေအနေခြင်းမတူပေမယ့် အဖြစ်ဆိုးတွေကတော့ တူညီကြတယ်လို့ ပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာတွေလိုပဲ ကချင်တွေကလည်း စစ်တပ်ဟာ ‘သူတို့ကို အပျောက်ရှင်းချင်နေတယ်’ လို့ ခံစားလာရကြောင်း သူက ဆိုပါတယ်။

    “ဒီစစ်ပွဲက ကျွန်တော်တို့ သုတ်သင်မယ့် စစ်ပွဲဗျ”

    ဗုဒ္ဓဘာသာဝင်တွေကြီးစိုးတဲ့ မြန်မာနိုင်ငံမှာ ခရစ်ယာန်အများစုဖြစ်တဲ့ ကချင်တွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရရေးအတွက် ၁၉၆၁ ခုနှစ်ကတည်းက တိုက်ပွဲဝင်လာကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဒီတိုက်ပွဲဝင်မှုဟာ အင်အားကောင်းတဲ့ စစ်တပ်ကို ထိန်းချုပ်ထားပြီး အစိုးရထိပ်တန်းရာထူးကို ယူထားတဲ့ လူများစု ဗမာလူမျိုးတွေနဲ့ ဒါဇင်နဲ့ချီတဲ့ တိုင်းရင်သား လူနည်းစုတွေအကြား အာဏာလွန်ဆွဲပွဲအတွက် ပိုပြီးကျယ်ပြန်တဲ့ ရုန်းကန်ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

    ၁၉၄၈ ခုနှစ် ဗြိတိသျှဆီကနေ လွတ်လပ်ရေးရပြီးကတည်းက အနည်းဆုံး တိုင်းရင်းသား ၂၀ လောက်ဟာ လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း အစိုးရဟာ ဒီထဲက အဖွဲ့ ၁၀ ဖွဲ့လောက်နဲ့ အပစ်ရပ်ရေး လက်မှတ်ထိုးခဲ့ကြပါတယ်။ ကချင်တွေအပါအ၀င် အခြား အုပ်စု ၆ ခုလောက်က တိုက်ပွဲဝင်နေကြတုန်းပါ။

    ကချင်ပြည်နယ်မှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုကို မှတ်တမ်းတင်ထားသလောက် မများပေမယ့် ဒီပဋိပက္ခနှစ်ခုမှာ ‘တော်တော်လေး တူညီမှုတွေ ရှိတယ်’ လို့ ကုလအချက်အလက်ရှာဖွေရေးအဖွဲ့က မတ်လအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ရခိုင်မှာလိုပဲ (ကချင်ပြည်နယ်မှာလည်း) သတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှု၊ လုယက်တိုက်ခိုက်မှု၊ ညှင်းပမ်းနှိပ်စက်မှု၊ အဓမ္မကျင့်မှုနဲ့ အဓမ္မလုပ်အားခိုင်းစေမှုတွေ အပါအ၀င် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဆိုးဆိုးဝါးဝါး ကျူးလွန်မှု သတင်းတွေကို ကုလက ထပ်ရခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရပြီး မျှော်လင့် ချက်မဲ့နေတဲ့ လူပေါင်း တစ်သိန်းနှစ်သောင်းဝန်းကျင်အတွက် လူသားချင်းစာနာထောက်ထာမှုဆိုင်ရာ အကူအညီတွေ ၀င်ရောက်ခွင့်ကိုလည်း အစိုးရက ရခိုင်မှာလိုပဲ ကန့်သတ်ထားတယ်လို့ ဒေသတွင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    အဲဒီလိုကန့်သတ်မှုတွေဟာ ၂၀၁၆ ခုနှစ်မှာ အတိုက်အခံခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည် အာဏာရပြီးကတည်းက သိသိသာသာကို ပိုဆိုးလာခဲ့တယ်လို့ Zau Raw က ပြောပါတယ်။ လက်ရှိ မြန်မာအစိုးရဟာ ကုလနဲ့ နိုင်ငံတကာအဖွဲ့အစည်းအများစု သူပုန်တွေထိန်းချုပ်ထားတဲ့ ဒသထဲ ၀င်ရောက်တာကို တားမြစ်လာခဲ့ပြီး ဒေသတွင်း ခရစ်ယာန် နှစ်ခြင်းနဲ့ ခရစ်ယာန်ကက်သလစ်အသင်းတော်တွေက အကူအညီတွေကို ဝေငှပေးနေရပါတယ်။

    ရှေ့တန်းနားက တောထဲမှာ ပိတ်မိနေပြီး အစားအသောက်နဲ့ ရေမလုံလောက်ဘဲ သီတင်းပတ်ပေါင်းများစွာ နေထိုင်ခဲ့ရကာ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေပါဝင်တဲ့ လူပေါင်း ၂၀၀၀ လောက်ဆီ ဆေးဝါးအကူအညီပေးပို့ရေး ခွင့်ပြုဖို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ကချင်ခေါင်းဆောင်တွေက အစိုးရကို တိုက်တွန်းဆော်သြခဲ့ပါတယ်။ ဒါပေမယ့် အစိုးရဖက်က ဘာမှ မတုန့်ပြန်ပါဘူး။

    အာဏာပိုင်တွေကတော့ တစ်ချို့အကူအညီတွေဟာ သူပုန်တွေရဲ့လက်ထဲကို ရောက်သွားတယ်လို့ စွပ်စွဲခဲ့ပြီး အကူအညီပေးရေးအဖွဲ့တွေနဲ့ သူပုန်တွေက ဒါကို ပြင်းပြင်းထန်ထန် ငြင်းဆိုပါတယ်။ Zau Raw က အစိုးရရဲ့ရည်ရွယ်ချက်က ရှင်းနေပြီး ‘သူပုန်တွေထိန်းချုပ်ထားတဲ့ ဒေသက အရပ်သားတွေရဲ့ဘ၀ ပိုမိုခက်ခဲအောင်’ လုပ်ဖို့ ကြိုးစားတာဖြစ်တယ်လို့ ဆိုပါတယ်။ ကလေးတွေမှာ အဟာရချို့တဲ့တဲ့အခြေအနေ ပိုဆိုးလာတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

    မြန်မာစစ်တပ်ကို ဒီကိစ္စအတွက် မေးလို့မရသေးဘဲ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက လူ့အခွင့်အရေး ချိုးဖောက်မှုရှိတယ်ဆိုတာကို ၀န်ခံခဲ့ပေမယ့် နှစ်ဖက်စလုံးကို အပြစ်တင်ခဲ့ပါတယ်။

    “တိုက်ပွဲဖြစ်တဲ့အခါတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ကြောင့်ပဲ တိုင်းရင်းသားလက်နက်ကိုင်တွေကို နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးစာချုပ်မှာ လက်နက်ထိုးဖို့ ကျွန်တော်တို့ တိုက်တွန်းနေတာပါ” လို့ သူက ဆိုပြီး အစိုးရဟာ စစ်ပွဲရပ်တန့်ရေး စိတ်အားထက်သန်စွာ လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကချင်လွတ်မြောက်ရေးတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ အစိုးရစစ်တပ်နဲ့ အကြိမ်ကြိမ် တွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပေမယ့် အစိုးရက သူတို့နဲ့မဟာမိတ်ဖွဲ့ထားတဲ့ လက်နက်ကိုင်တွေကို အသိအမှတ်မပြုတာကြောင့် အပစ်ရပ်ရေးစာချုပ်ကို လက်မှတ်ထိုးဖို့ ငြင်းခဲ့ပါတယ်။ ကချင်တွေဟာ စစ်တပ်ကို အာဏာ အဆမတန် အပ်နှင်းထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း လက်မခံပါဘူး။

    အခြားသော တိုင်းရင်းသားလူနည်းစုတွေလိုပဲ ကချင်တွေကလည်း သူတို့ရဲ့ တိုက်ပွဲဝင်မှုဟာ သူတို့ ရှင်သန်ရပ်တည်နိုင်ရေးနဲ့ တန်းတူအခွင့်အရေး ရဖို့အတွက် မဖြစ်မနေ လုပ်ရတာမျိုးဖြစ်တယ်လို့ ရှုမြင်ကြပါတယ်။ စစ်တပ်ကတော့ ဒီသူပုန်တွေဟာ တိုင်းပြည် မတည်မငြိမ်ဖြစ်အောင်လုပ်တဲ့ ‘အကြမ်းဖက်’ အင်အားစုလို့ ရှုမြင်ကြောင်း သူပုန်အဖွဲ့က ဗိုလ်မှူးချုပ် Maran Zaw Tawng က ပြောပါတယ်။

    ၁၇ နှစ်ကြာ အပစ်ရပ်ရေး ပျက်ပြယ်သွားပြီးတဲ့နောက် ၂၀၁၁ ခုနှစ်ကစလို့ ကချင်ပြည်နယ်မှာ ပြန်ဖြစ်လာတဲ့ တိုက်ခိုက်မှုတွေအတွက် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အပြစ်တင်နေကြပါတယ်။ ဒီစစ်ပွဲမှာ အောင်နိုင်သူကတော့ လက်နက်အင်အား အပြတ်အသတ်သာတဲ့ အစိုးရစစ်တပ်ဖြစ်ပြီး ကျောက်စိမ်းပေါတဲ့ ကချင်ပြည်နယ်က သူပုန်စခန်းပေါင်း ၂၀၀ ကျော်လောက် သိမ်းယူနိုင်ခဲ့ပါတယ်။ နောက်ဆုံးဖြစ်ခဲ့တဲ့ အကြီးအကျယ်တိုက်ပွဲကြီးက မတ်လမှာဖြစ်ပြီး ကချင်လက်နက်ကိုင်တွေရဲ့ တပ်ရင်းတစ်ခုလုံး တနိုင်းကနေ ဆုတ်ပေးလိုက်ရပါတယ်။ တနိုင်းဟာ ကချင်လက်နက်ကိုင်တွေအတွက် ငွေတွင်းဖြစ်ပြီး ရွှေနဲ့ ကျွန်းသစ်လုပ်ငန်းတွေကနေ အခွန်အခတွေ ရယူနေတာ ဖြစ်ပါတယ်။

    အဲဒီတိုက်ပွဲမှာ ဒဏ်ရာနဲ့လွတ်မြောက်လာသူ Dee La က အစိုးရတပ်ဟာ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ လနဲ့ချီ တိုက်ခိုက်ခဲ့တယ်လို့ AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ တိုက်ပွဲနောက်ဆုံးနေ့မှာ စစ်တပ်က ဗုံးတွေ အဆက်မပြတ်ကြဲချခဲ့ပြီး သူနဲ့ အခြားတပ်ဖွဲ့ဝင်တွေဟာ သေဆုံးသွားတဲ့ ရဲဘော်ရဲဘက် ၅ ဦးရဲ့ အလောင်းကိုတောင်မှ မယူနိုင်ခဲ့ဘူးလို့ Dee La က ဆိုပါတယ်။

    “ကျွန်တော်တို့တည်နေရာတွေကို သူတို့က ဒရုန်းနဲ့ရှာတယ်။ အဲဒီနောက် လေကြောင်းကနေ ကျွန်တော်တို့ကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံးဆုံးရှုံးပြီး လုံးဝ ကျရှုံးသွားတာပါ” လို့ လိုင်ဇာမှာ ဆေးကုနေရတဲ့ သူက ပြောပါတယ်။

    အသက် ၃၉ နှစ်အရွယ်ရှိတဲ့ Dee La ဟာ ဆုတ်ခွာတဲ့အချိန် မိုင်းထောင်နေစဉ် မတော်တဆ ပေါက်ကွဲသွားတဲ့အတွက် မျက်စိတစ်ဖက်ဆုံးရှုံးကာ လက်မှာလည်း ဒဏ်ရာရခဲ့ပါတယ်။

    တိုက်ပွဲဖြစ်ပွားမှုအတွင်း နှစ်ဖက်စလုံး မိုင်းထောင်မှုတွေ၊ ကလေးတွေကို အဓမ္မ လူသစ်စုဆောင်းမှုတွေ ရှိတယ်လို့ စွပ်စွဲခံရပေမယ့် မြန်မာစစ်တပ်ရဲ့ မကောင်းသတင်းကတော့ အခြားအုပ်စုတွေထက် ပိုမို ကျော်လွန်ပါတယ်။

    ကုလလူ့အခွင့်အရေးကောင်စီက စစ်ဟာ သူတို့သုံးနေကျ နည်းလမ်းဖြစ်တဲ့ အရပ်သားတွေကို ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန်ရိုက်နှက်တာ၊ လိင်စော်ကားတာ၊ ပေါ်တာအဖြစ်၊ လူသားတံတိုင်းအဖြစ် အသုံးပြုတာမျိုးတွေ လုပ်ဆောင်တယ်ဆိုတဲ့ သတင်းအသစ်တွေ ထပ်ရခဲ့တယ်လို့ ဆိုပါတယ်။

    ပြန်ပေးဆွဲပြီး သတ်ဖြတ်တဲ့သတင်းတွေလည်း တော်တော်များများ ထွက်ခဲ့ပါတယ်။ ဥပမာအားဖြင့် ယာယီစခန်းတွေမှာ နေထိုင်တဲ့ ကချင်အမျိုးသားနှစ်ဦးကို သတ်ဖြတ်ပြီး ဖြစ်သလိုမြှုပ်နှံထားတဲ့ နေရာကို မတ်လမှာ တွေ့ရှိတာမျိုးပါ။ အဲဒီ ယာယီဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ လူ ၃ ဦး အခုနှစ်အစောပိုင်းက ပျောက်သွားသလိုမျိုးပဲ ဒီနှစ်ယောက်ဟာလည်း ဘာမှန်းမသိတဲ့ကိစ္စအတွက် စစ်သားတွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံရပြီးနောက် သီတင်းပတ်နဲ့ချီ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

    စစ်တပ်ဟာ လိုင်ဇာမှာ အရပ်သား၊ သူပုန် ခွဲခြားမှုမရှိဘဲ လက်နက်တွေနဲ့ ပစ်ခတ်နေတာကလည်း နှစ်နဲ့ချီနေပြီး အရပ်သားတွေ သေဆုံးမှု၊ မသန်စွမ်းဖြစ်မှုတွေ ရှိနေပါတယ်။ အခုနောက်ဆုံး ပေါ်ပေါက်လာတဲ့ တိုက်ခိုက်မှုက ဧပြီလ ၁၂ ရကနေ့က ဖြစ်ပြီး လိုင်ဇာအနီး ငှက်ပျောခြံက အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ကချင်ပြည်နယ် မြောက်ပိုင်းမှာလည်း ဒီလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ပါတယ်။

    ဒီဇင်ဘာလအတွင်း ရက်နဲ့ချီ ဗုံးကြဲပြီးတဲ့နောက်ပိုင်းမှာ Mung Lai Hkyet နဲ့ Woi Chyai ဆိုတဲ့ ဒုက္ခသည်စခန်းနှစ်ခုမှာ နေထိုင်သူတွေဟာ သူတို့အိမ်တွေဘေးနားမှာ ဗုံးခိုကျင်းတွေ ဒါဇင်နဲ့ချီ တူးခဲ့ရပြီး ဒါဟာ စစ်ပွဲရဲ့ ကြမ်းတမ်းခက်ထန်မှုကို ဖော်ကျူးနေတာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်ခဲ့ပြီးတဲ့နောက် လိုင်ဇာအနီးက စခန်းတွေမှာလည်း ဒီလို ကတုတ်ကျင်းတွေ တူးခဲ့ကြပါတယ်။

    “ကျွန်မတို့အားလုံး ကြောက်တာပဲသိတယ်” လို့ အသက် ၃၅ နှစ်အရွယ် မိခင်တစ်ဦးဖြစ်သူ Lahtaw Kai Ring က ပြောပါတယ်။

    ခရစ်စ္စမတ်အကြိုနေ့က မော်တာကျည်နဲ့ပစ်မှုကြောင့် သူမဟာ အသက် ၅ နှစ်နဲ့ ၈ နှစ်အရွယ် ကလေးနှစ်ဦးကို ကြိုးနဲ့ဆွဲပြီး ၀မ်းလျားမှောက်ကာ တူးနေတာမပြီးသေးတဲ့ ကတုတ်ကျင်းထဲကို ပြေးပုန်းခဲ့ရပါတယ်။

    အချိန်မရွေးအခါမရွေး ဗုံးဆံတွေ ကျနိုင်တယ်ဆိုတာက “သူတို့ အကြောက်ရွံ့ရဆုံး” ဖြစ်တယ်လို့ သူမက ပြောကြားခဲ့ပါတယ်။ ကလေးတွေကတော့ ဗျောက်အိုးဖောက်သံကြားရင်တောင် ထွက်ပြေးဖို့ ပြောနေတယ်လို့လည်း သူမက ဖွင့်ဟခဲ့ပါတယ်။

    အမြောက်ဆံကြောင့် ကျောကုန်း စုတ်ပြတ်သတ်ခဲ့ပြီး၊ မေးရိုးထိကာ သွားတစ်ဒါဇင်လောက် ကျွတ်သွားခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ကျောင်းဆရာမ Laphai Kai Nan က စစ်တပ်ရဲ့ ရည်ရွယ်ချက်ဟာ သိပ်ရှင်းတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဗုံးဆံ ဘယ်နားကိုကျလဲဆိုတာ သူတို့ ဂရုမစိုက်ဘူး။ ကချင်ဆိုရင် ဘယ်သူဖြစ်ဖြစ် ထိပစေလို့ သူတို့ သဘောထားတာပါ”

    Ref: AP

    (AP သတင်းဌာနတွင် ဖော်ပြသည့် In northern Myanmar, forgotten Kachin conflict intensifies ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်း

    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်း

    ဧပြီ ၂၆၊ ၂၀၁၈
    M-Media

    ဆန္ဒပြနေကြသည့် ဘရာဇီးလ်တိုင်းရင်းသားများ

    ကူဝိတ်-ဖိလစ်ပိုင် သံတမန် တင်းမာမှုဖြစ်
    =================
    နိုင်ငံအတွင်းက ဖိလစ်ပိုင် သံအမတ်ကို တစ်ပတ်အတွင်း ထွက်သွားဖို့အတွက် ကူဝိတ်က မနေ့မှာ အမိန့်ပေးလိုက်ပြီး မနီလာက သူတို့သံအမတ်ကိုလည်း ပြန်ခေါ်သွားမယ်လို့ ဆိုပါတယ်။ ကူဝိတ်နိုင်ငံမှာရှိတဲ့ ဖိလစ်ပိုင် အိမ်အကူတွေကို ဖိလစ်ပိုင်သံရုံးဝန်ထမ်းတွေက စနနေ့မှာ အိမ်တိုင်ရာရောက် သွားရောက်ခေါ်ထုတ်ခဲ့ပြီးတဲ့နောက်ပိုင်း နှစ်နိုင်ငံ တင်းမာမှု မြင့်တက်လာတာပါ။ ကူဝိတ်က ဒါဟာ အချုပ်အခြာ ချိုးဖောက်မှုဖြစ်တယ်လို့ ပြောဆိုထားပြီး ဖိလစ်ပိုင်ကလည်း မနေ့မှာ ပြန်တောင်းပန်ခဲ့ပါတယ်။

    မြောက်ကိုရီးယား နျူစမ်းသပ်ရာနေရာ ပြိုကျပျက်ဆီး
    ================
    တရုတ်နယ်စပ်မှာရှိတဲ့ မြောက်ကိုရီးယားရဲ့ နျူစမ်းသပ်ရာနေရာ ပြိုကျသွားတာကြောင့် ကင်ဂျုံအန်က လက်နက်စမ်းသပ်မှုတွေ ရပ်တန့်မယ်လို့ ပြောတာဖြစ်ကြောင်း ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာက မနေ့မှာ ဖော်ပြပါတယ်။ Punggye-ri လို့ခေါ်တဲ့ အဲဒီနေရာဟာ ပြင်ဆင်လို့မရအောင် ပျက်ဆီးသွားပြီး ရေဒီယိုသတ္တိကြွမှုပြဿနာကို တရုတ်နိုင်ငံကပါ ကြုံတွေ့ရမယ့် အခြေအနေရှိနေတယ်လို့လည်း ဆိုပါတယ်။ ကင်ဟာ တောင်ကိုရီးယားသမ္မတနဲ့ မနက်ဖြန် တွေ့ဆုံမှာဖြစ်ပါတယ်။

    ပါလက်စတိုင်းလူငယ်အား ပစ်သတ်ခဲ့သည့် တပ်ဖွဲ့ဝင်ကို အစ္စရေးက ထောင်ဒဏ်အနည်းဆုံးချ
    ============
    လွန်ခဲ့တဲ့ ၄ နှစ်က အသက် ၁၇ နှစ်အရွယ် လက်နက်မဲ့ ပါလက်စတိုင်း ဆယ်ကျော်သက်တစ်ဦးကို ပစ်သတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ကို အစ္စရေးက ထောင်ဒဏ် ၉ လသာ ချမှတ်ခဲ့ပြီး တရားစီရင်ရေး ဘက်လိုက်မှုအတွက် ဝေဖန်မှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်က ဖြစ်ခဲ့တဲ့ အဲဒီဖြစ်စဉ်မှာ အသက် ၁၆ နှစ်အရွယ် နောက်ထပ် ပါလက်စတိုင်းတစ်ဦးလည်း ပစ်သတ်ခံခဲ့ရပြီး အထောက်အထားမပြည့်စုံဘူးလို့ပြောကာ ကျူးလွန်သူကို အစ္စရေးက ဖမ်းဆီးခြင်း မပြုခဲ့ပါဘူး။

    ဘိုးဘွားပိုင်မြေ ထိန်းသိမ်းခွင့်ရရေး ဘရာဇီးလ်တိုင်းရင်းသားများ ဆန္ဒပြ
    ==============
    သူတို့ရဲ့မြေယာတွေ ကာကွယ်ပိုင်ခွင့်ရရေးအတွက် ဘရာဇီးလ်က ထောင်သောင်းချီတဲ့ တိုင်းရင်းသားတွေဟာ မနေ့က မြို့တော် ဘရာစီလီယာမှာ ဆန္ဒပြခဲ့ကြပါတယ်။ တိုင်းရင်းသားတွေ သူတို့မြေပိုင်ဆိုင်ခွင့်ကို ဘရာဇီးလ်ရဲ့ အခြေခံဥပဒေမှာ အာမခံထားပေမယ့် သစ်ခုတ်သမားတွေ၊ မိုင်းသမားတွေနဲ့ အခြား စီးပွားရေးလုပ်ငန်းရှင်တွေက သိမ်းယူမှုတွေရှိနေပြီး အစိုးရက ကာကွယ်မပေးတဲ့အတွက် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    ချန်ပီယံလိဂ်ဆီမီး ပ-ကျော့တွင် ရီးယဲလ်က အိမ်ရှင်ဘိုင်ယန်ကို အနိုင်ရ
    =================
    ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ဘိုင်ယန်နဲ့ ရီးယဲလ်တို့ ဒီကနေ့မနက်ပိုင်းက ယှဉ်ပြိုင်ကစားရမှာ ဘိုင်ယန်က ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ရီးယဲလ်က နောက်ကလိုက်ပြီး ၂ ဂိုးသွင်းခဲ့တဲ့အတွက် အနိုင်ရခဲ့ပါတယ်။ မေလ ၁ ရက်နေ့မှာကစားမယ့် ဒုတိယအကျော့မှာတော့ ဘိုင်ယန်ဟာ ရီးယဲလ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့နိုင်မှ ဗိုလ်လုပွဲကို တက်နိုင်မှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဧပြီ ၂၅၊ ၂၀၁၈
    M-Media

    လီဗာပူးလ်အသင်း၏ အန်ဖီးလ်ကွင်း

    ဘိုင်ယန်ပွဲအတွက် စိတ်ဓာတ်ပိုင်း ၁၅၀ ရာခိုင်နှုန်းဖြစ်နေဟု ဇီဒိန်းပြော
    =================
    ဒီနေ့ညကစားမယ့် ဘိုင်ယန်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုးနယ် ပထမအကျော့မှာ နိုင်ဖို့ရေပန်းစားတဲ့အသင်း မရှိပေမယ့် မိမိအသင်းကတော့ စိတ်ဓာတ်ပိုင်းမှာ ၁၅၀ ရာခိုင်နှုန်း အသင့်ဖြစ်နေတယ်လို့ ရီးယဲလ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်ပါတယ်။ ဘိုင်ယန်နည်းပြ ဟင်းကက်စ်ကလည်း ဒီပွဲကို သူ့အနေနဲ့ စိတ်လှုပ်ရှားမှုမရှိဘဲ ရင်ဆိုင်သွားမှာဖြစ်ပြီး ဘောလုံးပရိတ်သတ်တွေအတွက် ရသမြောက်တဲ့ပွဲ ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    လူးဝစ် အန်ရီကေး အာဆင်နယ်နည်းပြဖြစ်မည်ဟု ၀င်းဂါး တစ်ပေး
    =============
    အာဆင်နယ်အသင်းရဲ့ နည်းပြသစ်အတွက် သူ မခန့်မှန်းချင်ပေမယ့် ဘာစီလိုနာနည်းပြဟောင်း လူးဝစ် အန်ရီကေး ဖြစ်လာမယ်လို့ ထင်ကြောင်း ရာသီကုန်မှာထွက်ခွာတော့မယ့် နည်းပြ အာဆင်ဝင်းဂါးက ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။ ၀င်းဂါးဟာ အသင်းကထွက်ခွာတော့မယ်လို့ သောကြာနေ့က ကြေငြာခဲ့ပေမယ့် ဒီနှစ်ကုန်ထွက်ဖို့ဆိုတာဟာ သူ့ဆုံးဖြတ်ချက်မဟုတ်ဘူးလို့ ဆိုပါတယ်။ အနာဂတ် ဘောလုံးလာကမှာ ဆက်ရှိသွားမှာဖြစ်ပြီး အခုအချိန်မှာတော့ အရင်လိုပဲ အာဆင်နယ်မှာ အလုပ်လုပ်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    ရိုးမားပရိတ်သတ် တိုက်ခိုက်ခံရမှု UEFA ရှုတ်ချ
    ================
    ဒီနေ့မနက်က လီဗာပူးလ်နဲ့ ချန်ပီယံဆီးမီးဖိုင်နယ် ပထမအကျော့မတိုင်ခင် ရိုးမားပရိတ်သတ်တစ်ယောက် မျက်နှာဖုံးစွပ်လူတစ်ဦးရဲ့ တိုက်ခိုက်မှု ခံခဲ့ရတဲ့ကိစ္စကို ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေက ရှုတ်ချလိုက်ပါတယ်။ ပွဲမကန်ခင် နှစ်ဖက်ပရိသတ်အချို့ ရန်ဖြစ်ခဲ့ကြပြီး မာဆေးဆိုက်ရဲတပ်ဖွဲ့က ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ကွာတားဖိုင်နယ် ပထမအကျော့ မန်စီးတီးနဲ့ပွဲမှာလည်း လီဗာပူးလ်ပရိတ်သတ်တွေဟာ မန်စီးတီးအသင်းရဲ့ကားကို တိုက်ခိုက်ခဲ့ကြပါတယ်။

    ဘိုင်ယန်ပြောင်းမည်ဆိုသည့် သတင်းကို ဘေးလ်မငြင်း
    ==================
    ဒီရာသီမှာ ရုန်းကန်နေရတာကြောင့် လာမယ့်နွေရာသီမှာ အသင်းကထွက်ခွာဖို့ရှိနေတဲ့ ရီးယဲလ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ဘိုင်ယန်ကိုပြောင်းဖို့ရှိတယ်ဆိုတဲ့ သတင်းတွေကို မငြင်းဆိုခဲ့ဘဲ ဘောလုံးမှာ ဘယ်အရာကိုမှ အပြတ်မပြောနိုင်ဘူးလို့ ပြောကြားလိုက်ပါတယ်။ ရီးယဲလ်ကလည်း ဘိုင်ယန်က ပိုလန်တိုက်စစ်မှူး လီဝန်ဒေါ့စကီးကို ခေါ်ယူဖို့ ဆက်သွယ်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

    Ref: Goal, BBC