News @ M-Media

Blog

  • ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်တွေ ဘာတွေ သဘောတူခဲ့ကြသလဲ

    ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်တွေ ဘာတွေ သဘောတူခဲ့ကြသလဲ

    ဧပြီ ၂၇၊ ၂၀၁၈
    M-Media

    – ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ ဒီကနေ့မနက် တွေ့ဆုံမှုမှာ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရေး၊ နျူကင်းစင်တဲ့ ကိုရီးယားကျွန်းဆွယ်ဖြစ်အောင် ဆောင်ရွက်ရေး သဘောတူခဲ့ကြပါတယ်။

    စစ်မဲ့ဇုန်ရဲ့ တောင်ကိုရီးယားဖက်ခြမ်းမှာရှိတဲ့ ပန်မွန်ဂျွန်းရွာက ငြိမ်းချမ်းရေးဂေဟာမှာလုပ်တဲ့ ဒီ ထိပ်သီးဆွေးနွေးပွဲကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ နယ်စပ်ဖြတ်ကျော် တက်ရောက်လာခဲ့ပြီး ကိုရီးယားစစ်ပွဲပြီးကတည်းက တောင်ကိုရီးယားဖက်ကို လာရောက်တဲ့ ပထမဆုံး မြောက်ကိုရီးယားခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    သမ္မတမွန်ဂျယ်အင်နဲ့ ပူးတွဲထုတ်ပြန်တဲ့ကြေငြာချက်မှာ ကင်က “ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ဖို့ အကြောင်းမရှိပါဘူး။ ကျွန်တော်တို့ဟာ တစ်နိုင်ငံတည်းပါ” လို့ ပြောကြားခဲ့ပါတယ်။

    ခေါင်းဆောင်နှစ်ဦးဟာ အပိုင်း ၃ ပိုင်းပါတဲ့ ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး အခုနှစ်အတွင်း ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးဖို့၊ ကိုရီးယားကျွန်းဆွယ်မှာ လုံးဝ နျူကင်းစင်ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ ဖော်ပြထားပါတယ်။

    ကိုရီးယားနှစ်နိုင်ငံဟာ လက်ရှိ စစ်ဖြစ်နေဆဲအနေအထားမှာ ရှိနေပြီး ဒီအခြေအနေကို အဆုံးသတ်ဖို့ လိုအပ်နေတာပါ။

    တောင်ကိုရီးယားနယ်စပ်ကနေ အသံချဲ့စက်တွေနဲ့ ၀ါဒဖြန့်တာ၊ ၀ါဒဖြန့်စာရွက် ဖြန့်ဖြူးတာတွေကို မေလ ၁ ရက်နေ့ နောက်ဆုံးထားပြီး ရပ်ဆိုင်းသွားဖို့၊ အမေရိကန်နဲ့ တရုတ်ပါဝင်ပြီး ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးပွဲတွေ ပြုလုပ်သွားဖို့၊ နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေး မြောက်ကိုရီးယားနိုင်ငံ ကေဆွန်မြို့မှာ ဆက်သွယ်ရေးဌာနတစ်ခု ထားရှိဖို့၊ သြဂုတ် ၁၅ ရက်နေ့မှာ နှစ်နိုင်ငံက ကွဲကွာနေတဲ့ မိသားစုတွေ ပြန်လည်ပေါင်းစည်းရေး ဆောင်ရွက်ဖို့ စတာတွေကို သဘောတူခဲ့ကြောင်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီဆွေးနွေးမှုကို ကြိုဆိုကြောင်း ပြောကြားခဲ့ပေမယ့် အချိန်က စကားပြောလိမ့်မယ်လို့ ဆိုပါတယ်။

    ရုရှား၊ ဂျပန်နဲ့ တရုတ်တို့ကလည်း တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့အကြား ဒီဆွေးနွေးမှုကို ချီးကျူးခဲ့ကြပါတယ်။

    Ref: Aljazeera

  • ကိုရီးယားနှစ်နိုင်ငံ သမိုင်းသစ်စပြီဟု ကင်ဂျုံအန်ပြော

    ကိုရီးယားနှစ်နိုင်ငံ သမိုင်းသစ်စပြီဟု ကင်ဂျုံအန်ပြော

    ဧပြီ ၂၇၊ ၂၀၁၈
    M-Media

    – တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ဟာ နှစ်နိုင်ငံ နယ်စပ်မှာရှိတဲ့ စစ်ရပ်စဲရေးဇုန်မှာ ဒီနေ့မနက် တွေ့ဆုံဆွေးနွေးနေကြပြီး သမိုင်းဝင် ဆွေးနွေးမှုလည်း ဖြစ်ပါတယ်။

    တောင်ကိုရီယားဘက်က ငြိမ်းချမ်းရေးရွာ ပန်မွန်ဂျွမ်းမှာလုပ်တဲ့ အဲဒီဆွေးနွေးမှုဟာ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲနောက်ပိုင်း ၃ ကြိမ်မြောက် ဆွေးနွေးမှုဖြစ်ပါတယ်။

    သမ္မတ မွန်ဂျယ်အင်ဟာ စစ်မဲ့ဇုန်က နှစ်နိုင်ငံနယ်နမိတ်ကို ခြားထားတဲ့နေရာမှာ ကင်ဂျုံအန်ကို သွားရောက် ကြိုဆိုခဲ့ပါတယ်။ ကင်ဂျုံအန်ဟာ လွန်ခဲ့တဲ့ ၆၅ နှစ် စစ်ပွဲပြီးကတည်းက တောင်ကိုရီးယားမြေကို ခြေချခဲ့တဲ့ ပထမဆုံး မြောက်ကိုရီးယားခေါင်းဆောင်ဖြစ်ပြီး မွန်ဂျယ်အင်ကလည်း မြောက်ကိုရီးယားဖက်ကို ခဏတာ ၀င်
    ရောက်ခဲ့ပါတယ်။

    “ခင်ဗျားနဲ့တွေ့ရတဲ့အတွက် ပျော်ရွှင်မိပါတယ်” လို့ မွန်ဂျယ်အင်က ကင်ဂျုံအန်ကို ပြောကြားခဲ့ပါတယ်။

    အစည်းအဝေးပြုလုပ်မယ့် ငြိမ်းချမ်းရေးဂေဟာက ဧည့်သည်တော်မှတ်တမ်းမှာ ကင်က “သမိုင်းသစ်စပါပြီ – အခုအချိန်ဟာ သမိုင်းသစ်နဲ့ ငြိမ်းချမ်းရေးကာလရဲ့ အစလည်းဖြစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

    မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA က ကင်ဟာ ‘ကိုရီးယားနှစ်နိုင်ငံက ဆက်ဆံမှုတိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ ကိုရီးယားကျွန်းဆွယ် ပြန်လည်ပေါင်းစည်းရေးတို့အတွက် ရင်ဖွင့်ဆွေးနွေးသွားမယ်’ လို့ ဖော်ပြခဲ့ပါတယ်။

    Ref: CNA

  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ဧပြီ ၂၆၊ ၂၀၁၈
    M-Media

    မက်ဆီနာမည်ဖြင့် အားကစားကုန်ပစ္စည်း ထုတ်ခွင့်ရ
    ==================
    မက်ဆီနာမည်နဲ့ အားကစားပစ္စည်းတွေ ထုတ်လုပ်ရောင်းချခွင့်ကို ဥရောပ တရားရုံးတစ်ခုက မနေ့မှာ ခွင့်ပြုပေးလိုက်ပြီး ၇ နှစ်တာ ကြာမြင့်ခဲ့တဲ့ မက်ဆီရဲ့ တရားရေးတိုက်ပွဲ ပြီးဆုံးသွားပါတယ်။ Massi ဆိုတဲ့ အမည်ဟာ သူတို့ရဲ့ တံဆိပ်နာမည်နဲ့ ဆင်တူးယိုးမှာဖြစ်နေတယ်လို့ စပိန် စက်ဘီးကုမ္ပဏီက တိုင်ကြားပြီးခဲ့တဲ့နောက်ပိုင်း မက်ဆီဟာ သူ့နာမည်နဲ့ ကုန်ပစ္စည်းထုတ်ခွင့်ရရေး တရားရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

    ပရိသတ်လုပ်ရပ်အတွက် ဘိုင်ယန်အသင်း တရားစွဲခံရ
    ====================
    ဒီနေ့မနက် ကစားခဲ့တဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ အပြီးမှာ ပရိတ်သတ်တွေ ကွင်းထဲဝင်လာမှုအတွက် ယူအီးအက်ဖ်အေက ဘိုင်ယန်ကို တရားစွဲဆိုလိုက်ပါတယ်။ အိမ်ကွင်းမှာ ရီးယဲလ်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဘိုင်ယန်ပရိသတ်အချို့ ဒေါသထွက်ခဲ့ပြီး ကွင်းလယ်လူ ရီဘာရီကို အင်္ကျီစောင့်ဆွဲတာ ရီးယဲလ်ကစားသမားတွေကို ဓာတ်ပုံရိုက်တာတွေ လုပ်ခဲ့ပါတယ်။ ဒီကိစ္စကို မေလ ၃၁ ရက်နေ့မှာ ကြားနာမှာဖြစ်ပါတယ်။

    စတီဗင်ဂျရတ် ရိန်းဂျားအသင်းနည်းပြ ဖြစ်လာရန်ရှိနေ
    ===================
    လီဗာပူးကွင်းလယ်လူဟောင်း စတီဗင်ဂျရတ်ဟာ စကော့တလန်ထိပ်သီး ရိန်းဂျားအသင်းရဲ့ နည်းပြဖြစ်လာမယ်လို့ ရေပန်းစားနေပါတယ်။ အသက် ၃၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဂျရတ်ဟာ လက်ရှိ လီဗာပူးလ်အကယ်ဒမီမှာ နည်းပြအဖြစ် ဆောင်ရွက်နေတာပါ။ လက်ရှိ ရိန်းဂျားမှာ ဂရေမီ မာတီက ယာယီနည်းပြအဖြစ် တာဝန်ယူနေပြီး ရာသီကုန်ရင် အသင်းကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။

    လီဗာပူးလ်ပရိတ်သတ်အား တိုက်ခိုက်မှုဖြင့် ရိုးမားပရိတ်သတ်နှစ်ဦး တရားစွဲခံရ
    =====================
    အသက် ၅၃ နှစ်အရွယ် လီဗာပူးလ်ပရိတ်သတ်တစ်ဦးကို တိုက်ခိုက်မှုအတွက် ရိုးမား ပရိတ်သတ်နှစ်ဦး တရားစွဲဆို ခံခဲ့ရပါတယ်။ ဗုဒ္ဓဟူးနေ့မနက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ မစခင်လေးမှာ ရိုးမားပရိတ်သတ်တွေဟာ လီဗာပူးလ်ပရိတ်သတ်တစ်ဦးကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီအမျိုးသားဟာ လက်ရှိမှာ ဦးခေါင်းဒဏ်ရာနဲ့ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပါတယ်။

    Ref: BBC, Goal

  • ကိုရီးယားခေါင်းဆောင်နှစ်ဦး နျူကိစ္စ အဓိကထား ဆွေးနွေးမည်

    ကိုရီးယားခေါင်းဆောင်နှစ်ဦး နျူကိစ္စ အဓိကထား ဆွေးနွေးမည်

    ဧပြီ ၂၆၊ ၂၀၁၈
    M-Media

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် (၀ဲ) နှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင် (ယာ)

    – မနက်ဖြန် တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်နဲ့ တွေ့ဆုံဖို့အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ နယ်စပ်မျဉ်းကို လမ်းလျှောက် ဖြတ်ကျော်လာမှာဖြစ်ပြီး ဒါဟာ ၁၉၅၃ ခုနှစ် နှစ်နိုင်ငံစစ်ပွဲပြီးကတည်းက နယ်စပ်ဖြတ်ကျော်လာတဲ့ ပထမဆုံး မြောက်ကိုရီးယားခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

    ခေါင်းဆောင်နှစ်ဦးဟာ နယ်စပ်မှာ ဒေသစံတော်ချိန် မနက် ၉ နာရီခွဲမှာ တွေ့ဆုံကြမှာဖြစ်ပြီး နျူလက်နက် စွန့်လိုတယ်ဆိုတဲ့ မြောက်ကိုရီးယားရဲ့ လတ်တလော ပြောကြားမှုကိစ္စအပေါ်မှာ အဓိကထား ဆွေးနွေးကြမှာပါ။

    ဒီဆွေးနွေမှုမှာ မြောက်ကိုရီးယားဖက်က နျူလက်နက်စွန့်ုမယ်ဆိုတဲ့ သဘောတူညီချက်မျိုးရဖို့ ခက်ခဲတယ်လို့ တောင်ကိုရီးယားက ပြောကြားထားပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် နှစ်နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးပြီးနောက်ပိုင်း မြောက်ကိုရီးယားရဲ့ နျူနဲ့ ဒုံးကျည်နည်းပညာဟာ တစ်ဟုန်ထိုး တိုးတက်လာတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

    “နျူကင်းစင်ဖို့အတွက် စိတ်ဆန္ဒ ဘယ်လောက်ရှိလဲဆိုတာနဲ့ ပတ်သက်ပြီး ခေါင်းဆောင်နှစ်ဦးဟာ သဘောတူညီချက် ဘယ်အဆင့်အထိ ရနိုင်လဲဆိုတာက ခက်ခက်တဲ့ကိစ္စ ဖြစ်ပါတယ်” လို့ တောင်ကိုရီးယားသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ဆွတ်က ပြောကြားခဲ့ပါတယ်။

    ကင်ဂျုံအန်က သူ့အနေနဲ့ နျူလက်နက်နဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ရပ်တန့်လိုက်တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေငြာခဲ့ပြီး တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကတော့ ချီးကျူးခဲ့ပါတယ်။

    တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကလည်း နှစ်စဉ်ပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ထိပ်သီးအစည်းအဝေးတွေ လုပ်နေစဉ်အတွင်း ရပ်တန့်ထားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ကင်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ ဇွန်လမှာတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

    Ref: BBC

  • ဝေဖန်မှုရှိသော်လည်း Facebook သုံးစွဲသူနှင့် အကျိုးအမြတ် မြင့်တက်

    ဝေဖန်မှုရှိသော်လည်း Facebook သုံးစွဲသူနှင့် အကျိုးအမြတ် မြင့်တက်

    ဧပြီ ၂၆၊ ၂၀၁၈
    M-Media

    – သုံးစွဲသူတွေရဲ့ အချက်အလက်တွေ ကျိုးပေါက်မှုနဲ့ပတ်သက်ပြီး ဝေဖန်ခံနေရပေမယ့် ၂၀၁၈ ခုနှစ် ပထမ ၃ လပတ်အတွင်း အသုံးပြုသူအရေအတွက်နဲ့ အကျိုးအမြတ်တွေ မြင့်တက်လာတယ်လို့ Facebook က ပြောကြားလိုက်ပါတယ်။

    မနေ့ကထုတ်ပြန်တဲ့ Facebook ရဲ့ ၃ လပတ် ရှင်းတမ်းမှာ အသုံးပြုသူအရေအတွက် ၂.၂ ဘီလီယံ ရှိတယ်လို့ ဖော်ပြထားပြီး ဒါဟာ ၂၀၁၇ ခုနှစ် ပထမ ၃ လပတ် အရေအတွက်ထက် ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

    တစ်နေ့တာအတွက်ဆိုရင် ၁.၄၅ ဘီလီယံလောက် Facebook ကို နေ့စဉ်အသုံးပြုနေပြီး ၂၀၁၇ ခုနှစ် ပထမ ၃ လပတ် နေ့စဉ်သုံးစွဲမှုနဲ့ယှဉ်ရင် ၁၃ ရာခိုင်နှုန်း တက်လာတာ ဖြစ်ပါတယ်။

    တစ်နှစ်တာအတွက်အကျိုးအမြတ်ဟာ ၂၀၁၇ ခုနှစ် ပထမ ၃ လပတ်မှာ ၈.၀၃ ဘီလီယံ ရှိရာကနေ ၂၀၁၈ ခုနှစ် ပထမ ၃ လပတ်မှာ ၁၁.၉၆ ဘီလီယံ ရှိလာပြီး ၄၉ ရာခိုင်နှုန်း မြင့်တက်လာတာပါ။

    နိုင်ငံရေးအကြံပေးအဖွဲ့တစ်ခုဖြစ်တဲ့ Cambridge Analytica ထံကို Facebook အသုံးပြုသူ ၈၇ သန်းရဲ့ အချက်အလက်တွေ ရောက်ရှိသွားမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂ လအတွင်းမှာ Facebook ဟာ အကြီးအကျယ် ဝေဖန်ခံခဲ့ရတာပါ။

    ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန်၊ ယူကေနဲ့ အိန္ဒိယတို့အပါအ၀င် ထိခိုက်ခံစားရတဲ့ နိုင်ငံတော်တော်များများဟာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ Facebook တည်ထောင်သူ မာ့ခ် ဇက်ကာဘတ်ကိုယ်တိုင်လည်း အမေရိကန်လွှတ်တော်မှာ ဒီကိစ္စအတွက် သွားရောက် ဖြေရှင်းခဲ့ရပါတယ်။

    ၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအတွင်း ရုရှားက ပတ်သက်တယ်ဆိုတဲ့ ကိစ္စမှာ Facebook ရဲ့ ပါဝင်မှုအတွက်လည်း လက်ရှိမှာ စုံစမ်းစစ်ဆေးမှု ခံနေရပါတယ်။

    Ref : Aljazeera