News @ M-Media

Blog

  • အစ္စရေးလက်ချက်ကြောင့် ဂါဇာတွင် လူ ၄ ဦး ထပ်မံသေဆုံး

    အစ္စရေးလက်ချက်ကြောင့် ဂါဇာတွင် လူ ၄ ဦး ထပ်မံသေဆုံး

    ဧပြီ ၂၈၊ ၂၀၁၈
    M-Media

    ဆန္ဒပြမှု မြင်ကွင်းတစ်ခု

    – ဂါဇာကမ်းမြှောင်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေမှာ အစ္စရေးရဲ့ ပစ်ခတ်မှုတွေကြောင့် ပါလက်စတိုင်း ၄ ဦး ထပ်မံသေဆုံးခဲ့ပြီး ၉၅၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

    ၁၉၄၈ ခုနှစ် အစ္စရေးက ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်မှုအတွင်း ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းတွေရဲ့ မျိုးဆက်တွေ နေရပ်ပြန်ခွင့်ရရေး Great March of Return ဆိုတဲ့ အမည်နဲ့ ပါလက်စတိုင်းတွေဟာ မတ်လ ၃၀ ရက်နေ့ကစလို့ အပတ်စဉ် သောကြာနေ့တိုင်း ဂါဇာကမ်းမြှောင်မှာ ဆန္ဒပြမှုတွေ ဆက်တိုက် လုပ်ဆောင်နေတာပါ။

    မနေ့ကဆန္ဒပြမှုမှာ အစ္စရေးလက်ချက်ကြောင့် အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးပါအ၀င် ၄ ဦး သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူ ၉၅၀ ကျော်မှာ ၁၇၈ ဦးဟာ ကျည်အစစ်တွေနဲ့ ပစ်ခံခဲ့ရတာဖြစ်ပါတယ်။

    မတ်လ ၃၀ ရက်နေ့ကစလို့ အစ္စရေးရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ပါလက်စတိုင်းအရေအတွက်ဟာ အနည်းဆုံး ၄၅ ဦး ရှိလာခဲ့ပြီး လူ ၆၀၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    သေဆုံးသူတွေထဲမှာ ဂျာနယ်လစ် ၂ ဦး ပါဝင်ပြီး ဆေးဖက်ဆိုင်ရာ ၀န်ထမ်းတွေနဲ့ ဂျာနယ်လစ် စုစုပေါင်း ၁၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    ဂါဇာကမ်းမြှောင်က ဆန္ဒပြမှုမှာ အစ္စရေးက နယ်စပ်ကိုကျော်ပြီး ပစ်ခတ်မှုအတွက် ကုလ လူ့အခွင့်အရေး အကြီးအကဲအပါအ၀င် ကမ္ဘာ့ခေါင်းဆောင်တွေက ဝေဖန်ကာ ရပ်တန့်ဖို့ တောင်းဆိုပေမယ့် အစ္စရေးကတော့ ဆက်လက် ပစ်ခတ်သတ်ဖြတ်နေဆဲ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ပီရူးတွင် ကလေးများအား ယစ်ပူဇော်မြှုပ်နှံထားရာ နေရာတစ်ခုတွေ့ရှိ

    ပီရူးတွင် ကလေးများအား ယစ်ပူဇော်မြှုပ်နှံထားရာ နေရာတစ်ခုတွေ့ရှိ

    ဧပြိ ၂၈၊ ၂၀၁၈
    M-Media

    – လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်လောက်က ကလေးတွေကို ယစ်ပူဇော်ပြီး အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ နေရာတစ်ခုကို ပီရူးနိုင်ငံမှာ ရှေးဟောင်း သုတေသနပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။

    နိုင်ငံအနာက်မြောက်ပိုင်း ထရူဂျီလိုမြို့မှာ တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီမြို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၅၀ အရင်က အသက် ၅ နှစ်ကနေ ၁၄ နှစ်ကြား ကလေးငယ်တွေကို သတ်ဖြတ်ကာ ပူဇော်တဲ့ဓလေ့ ထွန်းကားရာဒေသ ဖြစ်ပါတယ်။ ဒီဓလေ့ကို Chimu ဆိုတဲ့ လူ့အဖွဲ့အစည်းက ကျင့်သုံးခဲ့ကြတာပါ။

    အရိုးစုပေါင်း ၁၄၀ လောက်မှာ တွေ့ရတဲ့ ဓားခုတ်ရာတွေ အနီရောင်အ၀တ်အစတွေက သူတို့ဟာ ယစ်ပူဇော်ခံခဲ့ရတယ်ဆိုတာကို ပြသနေကြောင်း သုတေသနပညာရှင်တွေက ပြောကြားခဲ့ပြီး အဲဒီဓလေ့ထုံးတမ်းမှာ ကလေးငယ်တွေရဲ့နှလုံးသားကို ထုတ်ပစ်တာမျိုး ရှိတယ်လို့လည်း ဆိုပါတယ်။

    သိပ္ပံပညာရှင်တွေက ရရှိတဲ့ မြေအထောက်အထားအရ ဒီလို ယစ်ပူဇော်တာဟာ ရေကြီးတာလို ဆိုးရွားတဲ့ ရာသီဥတုတွေကို ရပ်တန့်ဖို့ဖြစ်တယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

    ကလေးငယ်တွေရဲ့ ရုပ်ကြွင်းအပြင် တောင်အမေရိက ကုလားအုတ် ၂၀၀ လောက်ရဲ့ ရုပ်ကြွင်းတွေကိုလည်း တွေ့ခဲ့ရပြီး တိရစ္ဆာန်အလောင်းတွေဟာ ဘက်တစ်ဖက်တည်းကို လဲလျောင်းနေတာကြောင့် ဒါဟာ ယစ်ပူဇော်မှုရဲ့ နောက်ထပ် ဖော်ပြချက်တစ်ခု ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

    အလ်နီညိုကြောင့် ဆိုးဆိုးဝါးဝါး ရေကြီးရေလျှံမှုက ဒီလို ယစ်ပူဇော်တာရဲ့ အကြောင်းအရင်း ဖြစ်နိုင်တယ်လို့လည်း သိပ္ပံပညာရှင်တွေက သုံးသပ်ကြပါတယ်။

    ထရူဂျီလိုက အဲဒီတူးဖော်မှုကို ၂၀၁၁ ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်း ကလေးငယ် ၁၅၀ လောက်နဲ့ တောင်အမေရိက ကုလားအုတ် ၁၅၀ ရဲ့ ရုပ်ကြွင်းတွေကို တွေ့ခဲ့ရပါတယ်။ အရွယ်ယောက်သူ ၃ ဦးရဲ့ အရိုးတွေလည်း ပါဝင်ပြီး သူတို့ဟာလည်း ယစ်ပူဇော်ခံလိုက်ရတာ ဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

    Chimu လူမျိုးတွေဟာ ပီရူးက အင်အားအတောင့်အတင်းဆုံး လူ့အဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်ပြီး သူတို့ရဲ့နယ်မြေဟာ နိုင်ငံရဲ့ ကမ်းရိုးတမ်းတစ်လျှောက်လုံးကို ပြန့်နှံ့ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ဟာ Incas လူမျိုးတွေရဲ့လက်အောက်ကို ရောက်သွားခဲ့ပါတယ်။

    ကလေးငယ်တွေကို ယစ်ပူဇော်ပြီး မြှုပ်နှံထားတဲ့နေရာတွေကို လက်တင်အမေရိကမှာ အရင်ကလည်း တွေ့ရှိခဲ့ရပေမယ့် အခု ပီရူးကနေရာကတော့ ကလေးသီးသန့်ပါဝင်တဲ့ အကြီးဆုံး အစုလိုက်အပြုံလိုက် မြှုပ်နှံထားရာေ နရာကြီး ဖြစ်ပါတယ်။

    Ref: Aljazeera

  • သောကြာနေ့ ဘောလုံးသတင်း

    သောကြာနေ့ ဘောလုံးသတင်း

    ဧပြီ ၂၇၊ ၂၀၁၈
    M-Media

    မျက်ရည်လည်ရွဲဖြင့် ပြောကြားနေသည့် အင်နီယေစတာ

    ဘာစီလိုနာကထွက်မည်ဟု အင်နီယေစတာ အတည်ပြု
    =================

    ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် အသက် ၃၃ နှစ်အရွယ် အန်ဒရေ အင်နီယေစတာက ဒီနှစ်ကုန်ရင် အသင်းက ထွက်ခွာတော့မယ်လို့ ဒီကနေ့မှာ အတည်ပြုလိုက်ပါတယ်။ အင်နီယေစတာဟာ ဘာစီလိုနာအသင်းမှာ ၁၆ ရာသီကစားပြီး အဓိကဖလားပေါင်း ၃၁ လုံး ရရှိခဲ့သူဖြစ်ပါတယ်။ သူကတော့ ဒီဆုံးဖြတ်ချက်ဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။ အင်နီယေစတာဟာ တရုတ်ကို ပြောင်းမယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေပေမယ့် အင်္ဂလန်နဲ့ ပြင်သစ်ကကလပ်တွေကို သွားနိုင်တယ်လို့လည်း ပြောကြားမှုတွေ ရှိနေပါတယ်။

    အာဆင်ဝင်းဂါးကို စော်ကားမိသည့်အတွက် မော်ရင်ဟို နောင်တရ
    ================
    အာဆင်ဝင်းဂါးနဲ့ ဖြစ်ခဲ့တဲ့ အပြန်အလှန်ဝေဖန်ပြောဆိုမှုတွေအတွက် နောင်တရမိတယ်လို့ မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။ မော်ရင်ဟို ချယ်ဆီးမန်နေဂျာဘ၀တုန်းက အာဆင်ဝင်းဂါးကို ဝေဖန်စော်ကားမှုတွေ လုပ်ခဲ့ပါတယ်။ ၀င်းဂါးဟာ အခုရာသီကုန်မှာ အာဆင်နယ်ကနေ ထွက်ခွာတော့မှာဖြစ်ပြီး မော်ရင်ဟိုက အာဆင်နယ်ဟာ အံ့သြစရာအသင်းဖြစ်ကာ သူတို့ရဲ့ကွင်းဟောင်း ဟိုက်ဘူရီမှာ ကစားခဲ့တဲ့ပွဲဟာ မေ့လို့မရတဲ့ပွဲဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အာဆင်နယ်နှင့် အသက်လက်တီကိုကို UEFA က တရားစွဲ
    =================
    ဒီနေ့မနက်က ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲမှာ ဖြစ်ပျက်ခဲ့တာတွေအတွက် အာဆင်နယ်နဲ့ အသက်လက်တီကို မက်ဒရစ် ၂ သင်းစလုံးကို ယူအီးအက်ဖ်အေက တရားစွဲလိုက်ပါတယ်။ ဒိုင်လူကြီးကို စောဒကတက်တဲ့ အက်သလက်တီကိုနည်းပြ ဆီမြွန်နီဟာ ဒိုင်ကိုစော်ကားမှုနဲ့ တရားစွဲခံရပြီး၊ အာဆင်နယ်ကတော့ ပရိတ်သတ်တွေ မီးပန်းဖောက်မှုအတွက် တရားစွဲခံခဲ့ရတာပါ။ အဲဒီပွဲမှာ အက်သလက်တီကိုဟာ ပွဲချိန်အားလုံးနီးပါးကို ၁ ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် ၁ ဂိုးစီ သရေကျအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ တရားစွဲဆိုမှုကို မေလ ၄ ရက်နေ့မှာ ကြားနာမှာ ဖြစ်ပါတယ်။

    ပီအက်ဂ်ျဂျီနည်းပြ ရာသီကုန်လျှင် ထွက်မည်
    ==================
    ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြ ယူနိုင် အီမရီက သူဟာ ရာသီကုန်ရင် အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။ အီမရီ အသင်းကိုရောက်ရှိလာတာဟာ ၂ နှစ်သာ ရှိသေးပြီး အခုနှစ်မှာ လိဂ်ချန်ပီယံနဲ့ ရှုံးထွက်ဖလားချန်ပီယံ ဖြစ်ခဲ့ပေမယ့် ချန်ပီယံလိဂ်ကျရှုံးမှုက အီမရီထွက်ဖို့အထိ ဦးတည်ခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့ ၂ နှစ်စလုံးမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။

    Ref: Goal, BBC

  • တရုတ်နိုင်ငံမြောက်ပိုင်းတွင် ဓားခုတ်မှုကြောင့် မူလတန်းကျောင်းသား ၇ ဦး သေဆုံး

    တရုတ်နိုင်ငံမြောက်ပိုင်းတွင် ဓားခုတ်မှုကြောင့် မူလတန်းကျောင်းသား ၇ ဦး သေဆုံး

    ဧပြီ ၂၇၊ ၂၀၁၈
    M-Media

    – တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ရှီပြည်နယ် မီဂျီမြို့မှာ အမျိုးသားတစ်ဦးက ကျောင်းကပြန်လာတဲ့ ကလေးတွေကို ဓားနဲ့ခုတ်မှုကြာင့် ၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    ကျူးလွန်သူဟာ အသက် ၂၈ နှစ်အရွယ် ရှိသူဖြစ်ပြီး ဖမ်းဆီးထားကာ ဒဏ်ရာရသူတွေကို ကုသမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ မီဂျီအစိုးရရဲ့ တရားဝင် ဆိုရှယ်မီဒီယာအကောင့်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

    တိုက်ခိုက်မှုဟာ ဒီကနေ့ညနေ ၆ နာရီ ၁၀ မိနစ်လောက်မှာ ဖြစ်တာဖြစ်ပြီး ကျူးလွန်သူက အဲဒီကျောင်းမှာ တက်ဖူးကာ အနိုင်ကျင့်ခံရဖူးတယ်လို့ မီဂျီအစိုးရရဲ့ ပြောကြားမှုကို ကိုးကားပြီး ၀ါရှင်တန်ပို့စ်သတင်းစာက ဖော်ပြခဲ့ပါတယ်။

    တရုတ်နိုင်ငံမှာ အရင်လည်း ဒီလို ကျောင်းသားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဖြစ်ပွားလေ့ရှိပြီး နိုင်ငံတောင်ပိုင်း ဂွမ်ဇီကျန်ဇူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလတုန်း အမျိုးသားတစ်ဦးဟာ မီးဖိုဆောင်သုံးဓားကိုင်ကာ မူကြိုကလေးတွေကို လိုက်ထိုးတဲ့အတွက် ၁၁ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကလည်း နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းက ဟိုင်ကော်မြို့မှာ လူတစ်ယောက်က ဓားနဲ့လိုက်ခုတ်တာကြောင့် ကလေး ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက နိုင်ငံအရှေ့ပိုင်း ဖုန့်ကျင်းမြို့က မူကြိုကျောင်းရှေ့မှာ ဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် လူ ၈ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီကိစ္စကို အသက် ၂၂ နှစ်အရွယ် စိတ်ဝေဒနာရှင်တစ်ဦးက ကျူးလွန်တာဖြစ်ပါတယ်။

    ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ဒီလို ဓားနဲ့တိုက်ခိုက်မှုတွေရဲ့ အဓိကအကြောင်းအရင်းဟာ စိတ်မူမမှန်မှုကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • တိုက်ပွဲကြောင့် ကချင်ပြည်နယ်တွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများ ပိုမိုမြင့်တက်လာနိုင်

    တိုက်ပွဲကြောင့် ကချင်ပြည်နယ်တွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများ ပိုမိုမြင့်တက်လာနိုင်

    ဧပြီ ၂၇၊ ၂၀၁၈
    M-Media

    – ကချင်ပြည်နယ်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ ပိုမိုပြင်းထန်လာနိုင်ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေရဲ့အရေအတွက်လည်း တိုးလာဖို့ရှိတယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ပြည်နယ်အတွင်း မြို့နယ် ၁၈ မြို့လောက်မှာ ဖြစ်နေတဲ့ KIA နဲ့ မြန်မာစစ်တပ်တို့ရဲ့ တိုက်ခိုက်မှုတွေဟာ ဧပြီလအစောပိုင်းကတည်းက ပိုမိုပြင်းထန်လာခဲ့ပြီး လူပေါင်း ၄၀၀၀ ကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ အရပ်ဖက် အဖွဲ့အစည်းတွေက ပြောကြားခဲ့ပါတယ်။

    အစိုးရတပ်ဖွဲ့တွေဟာ စစ်သား ၂၀၀၀ လောက်၊ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ ပို့ဆောင်ကာ တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကာနယ် Naw Bu က ပြောပါတယ်။

    “စစ်တပ်ဟာ မြန်မာပြည်အောက်ပိုင်းကနေ တပ်တွေ ထပ်ပို့နေပါတယ်။ ဒါ့ကြောင့် တိုက်ခိုက်မှုတွေက ပိုမို ပြင်းထန်လာနိုင်ပါတယ်။ ဒုက္ခသည်အရေအတွက်ဟာ မြင့်တက်လာနိုင်ပြီး၊ အခက်အခဲတွေကိုလည်း ပိုမို ခံစားရဖို့ ရှိပါတယ်”

    အခုဖြစ်နေတဲ့စစ်ပွဲဟာ ၁၉၆၀ ပြည့် အစောပိုင်းနှစ်တွေကတည်းက စတင်ခဲ့တဲ့ အစိုးရတပ်နဲ့ တိုက်ပွဲမှာ အဆိုးရွားဆုံးဖြစ်တယ်လို့လည်း Naw Bu က ဆိုပါတယ်။

    တိုက်ပွဲကြောင့် KIA ဖက်က ထိခိုက်ဒဏ်ရာရမှုနဲ့ တပ်ဖွဲ့တွေချထားမှုကို သူက ပြောပြဖို့ ငြင်းဆိုခဲ့ပါတယ်။

    Aung Lawt ဆိုတဲ့ရွာမှာ ပိတ်မိနေပြီး နှစ်ပတ်လောက် အထောက်အပံ့မရတဲ့ ပြည်သူ ၂၀၀၀ လောက်ဆီ အကူအညီပေးရေး ခွင့်ပြုဖို့အတွက် အကူအညီပေးရေးအဖွဲ့တွေက အစိုးရကို တိုက်တွန်းထားပါတယ်။

    “အချိန်ကြာလေလေ သူတို့အတွက် ဆိုးရွားလေလေပါ။ အများစုက အသက်ကြီးသူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ပါတယ်” လို့ ကချင်အခြေစိုက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့များ မဟာမိတ်အဖွဲ့က တာဝန်ရှိသူ Gum Sha Aung က ပြောကြားခဲ့ပါတယ်။

    ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် အလွန်အမင်း စိုးရိမ်မိကြောင်း ရန်ကုန်မှာ ရှိတဲ့ အမေရိကန်သံရုံးက ပြောကြားထားပြီး၊ အရပ်သားတွေကို ကာကွယ်ပေးဖို့နဲ့ လတ်တလော ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားရသူတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ခွင့်ပြုပေးဖို့ ဒီနေ့ Twitter စာမျက်နှာကနေတစ်ဆင့် အစိုးရနဲ့ စစ်တပ်ကို တိုက်တွန်းခဲ့ပါတယ်။

    Ref: Reuters