News @ M-Media

Blog

  • ပါလက်စတိုင်းများအပေါ် အကြမ်းဖက်မှုအတွက် အစ္စရေးကို ICC သတိပေး

    ပါလက်စတိုင်းများအပေါ် အကြမ်းဖက်မှုအတွက် အစ္စရေးကို ICC သတိပေး

    ဧပြီ ၉၊ ၂၀၁၈
    M-Media

    အစ္စရေး၏ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ပါလက်စတိုင်းဂျာနယ်လစ်တစ်ဦး၏ ဈာပန

    – ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ ဂါဇာကမ်းမြှောင်ဒေသမှာ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့အတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) အကြီးအကဲ ဖာတူ ဘန်ဆူဒါက အစ္စရေးကို ပြောကြားလိုက်ပြီး ပါလက်စတိုင်းပိုင်နက်တွေဟာ သူ့ရဲ့ရုံးက ကနဦးဆန်းစစ်မှုတွေ လုပ်နေတဲ့နေရာ ဖြစ်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

    ၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းဒုက္ခသည်မျိုးဆက်တွေ နေရပ်ပြန်နိုင်ရေး ဂါဇာပြည်သူတွေဟာ ပြီးခဲ့တဲ့သီတင်းပတ်ကစလို့ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တာပါ။

    အစ္စရေးက ဒီဆန္ဒပြမှုကို အကြမ်းဖက်ဖြိုခွင်းတာကြောင့် အနည်းဆုံး ပါလက်စတိုင်း ၂၉ ဦး သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။

    မနေ့ကထုတ်ပြန်တဲ့ကြေငြာချက်မှာ ဘန်ဆူဒါက ပါလက်စတိုင်းဟာ သူရဲ့ရုံးက ကနဦးဆန်းစစ်မှု လုပ်နေတဲ့နေရာဖြစ်တယ်ဆိုတာ ပါဝင်ပတ်သက်သူအားလုံးကို အသိပေးလိုကြောင်း၊ ကနဦး ဆန်းစစ်မှုဟာ စုံစမ်းစစ်ဆေးမှုမဟုတ်ပေမယ့် ပါလက်စတိုင်းမှာ ရာဇ၀တ်မှုအသစ်တွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲမှုတွေအတွက် သူ့ရဲ့ရုံးက သေသေချာချာ လေ့လာဖော်ထုတ်ပိုင်ခွင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

    အစ္စရေးဟာ အရှေ့ဂျေရုစလင်အပါအ၀င် ပါလက်စတိုင်းပိုင်နက်တွေမှာ ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ICC အဖွဲ့ဝင် ပါလက်စတိုင်းက တရားဝင်တိုင်ကြားခဲ့ပြီးတဲ့နောက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက ၂၀၁၅ ခုနှစ် ဇန်န၀ါရီကစလို့ ကနဦး လေ့လာဆန်းစစ်မှုတွေ လုပ်နေတာပါ။

    အစ္စရေးဟာ ICC အဖွဲ့ဝင် မဟုတ်ပေမယ့် အဖွဲ့ဝင်နိုင်ငံတစ်ခုအပေါ် စစ်ရာဇ၀တ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ လုပ်လာမယ်ဆိုရင် ICC ရဲ့ တရားစီရင်မှုအောက်အတွင်းကို ကျရောက်မှာဖြစ်ပါတယ်။

    ဘန်ဆူဒါက ဂါဇာမှာဖြစ်တဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုဟာ ICC ရဲ့ ရောမကြေငြာစာတမ်းအရ ရာဇ၀တ်မှုမြောက်နိုင်ကြောင်း၊ ပဋိပက္ခမှာပါဝင်နေတဲ့ နှစ်ဖက်စလုံးက လှုံ့ဆော်မှုတွေ ဒါမဟုတ် ဘောင်ကျော်တဲ့ အင်အားသုံးမှုတွေကို မှတ်တမ်းတင်ထားမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အမေရိကန်က ဗီဇာကြေးမြှင့်မှုကို တုန့်ပြန်ရန် မြန်မာအစိုးရကို ကျောင်းသားများ တိုက်တွန်း

    အမေရိကန်က ဗီဇာကြေးမြှင့်မှုကို တုန့်ပြန်ရန် မြန်မာအစိုးရကို ကျောင်းသားများ တိုက်တွန်း

    ဧပြီ ၉၊ ၂၀၁၈
    M-Media

    – မြန်မာကျောင်းသားတွေအပေါ် အမေရိကန်က ဗီဇာကြေး တိုးမြှင့်ခဲ့မှုကို ပြန်လည်တုန့်ပြန်ပေးဖို့ အမေရိကန်ရောက် မြန်မာကျောင်းသားတွေက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပြီး ဒီလို ဗီကြေးတိုးမြှင့်မှုဟာ ယုတ္တိမဲ့ပြီး မမျှတတဲ့ ကိစ္စတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးဟာ ဧပြီလ ၅ ရက်နေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အခြေချနေထိုင်သူမဟုတ်တဲ့ ကျောင်းသားတွေရဲ့ ဗီဇာကြေးဟာ ဧပြီလ ၉ ရက်နေ့ကနေစပြီး ဒေါ်လာ ၁၆၀ကနေ ၆၀၀ အထိ မြင့်တက်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။

    ဒါဟာ မတ်လအတွင်း သမ္မတထရမ့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ၁၃၇၈၀ နဲ့အညီ ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီအမိန့်ဟာ အဓိကအားဖြင့် မွတ်စလင်အများစုရှိရာနိုင်ငံ ၈ နိုင်ငံ လူတွေကို ဗီဇာမပေးတာ ဖြစ်ပေမယ့် တစ်ခြားနိုင်ငံတွေကလည်း ဗီဇာကြေး၊ နေထိုင်ခွင့်ကာလတွေနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ အပြန်အလှန် ညီမျှဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ကျောင်းသားတစ်ယောက်ဟာ မြန်မာနိုင်ငံမှာ ကျောင်းလာတက်မယ်ဆိုရင် ဗီဇာကြေး ဒေါ်လာ ၆၀၀ ပေးရတာကြောင့် မြန်မာကျောင်းသားတစ်ယောက်ကလည်း အမေရိကန်ဗီဇာအတွက် ဒေါ်လာ ၆၀၀ ပေးဖို့ အမေရိကန်က သတ်မှတ်ခဲ့တာပါ။

    ‘မြန်မာကျောင်းသားများသမဂ္ဂ-အမေရိကန်’ က အမေရိကန်တစ်ယောက်ဟာ ဒေါ်လာ ၆၀၀ကို တစ်ပတ်လောက်နဲ့ ရှာနိုင်ပေမယ့် သာမန် မြန်မာနိုင်ငံသားတစ်ယောက်ဟာ ဒေါ်လာ ၆၀၀ ရာဖို့အတွက် ၇ လလောက် အလုပ်လုပ်ရတယ်လို့ ၂၀၁၅ ခုနှစ် ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်ကို ကိုးကားက ထောက်ပြခဲ့ပြီး၊ ဒီသတ်မှတ်ချက်ဟာ မမျှတဘူးလို့ ပြောကြားခဲ့ပါတယ်။

    “အခုလို ဗီဇာကြေး တက်လိုက်တဲ့အတွက် မြန်မာကျောင်းသား တော်တော်များများဟာ အမေရိကန်မှာ ပညာသင်ခွင့်ကို လက်လွတ်ဆုံးရှုံးရတော့မှာပါ။ ဒါဟာ မြန်မာနိုင်ငံက အလားအလာရှိတဲ့ စီးပွားရေးသမားတွေ၊ အနုပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ အင်ဂျင်နီယာတွေနဲ့ နယ်ပယ်စုံက ခေါင်းဆောင်တော်တော်များများအတွက် ကမ္ဘာအဆင့် ပညာ
    ရေးနဲ့ အမြင့်ဆုံးအဆင့်ကို တက်လှမ်းနိုင်ရေး အဟန့်အတား ဖြစ်သွားမှာ ဖြစ်ပါတယ်။ ပိုပြီးအရေးပါတာက အလယ်အလတ်တန်းစားမှာ အမြင့်ဆုံးရှိတဲ့ မြန်မာနိုင်ငံသားတွေ ပိုက်ဆံသာမရှိရင် တန်းတူ ပညာရေးအခွင့်အလမ်း မရတော့ဘူးဆိုတဲ့ သဘောမျိုးပါ” လို့ ကျောင်းသားသမဂ္ဂရဲ့ မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    မြန်မာကျောင်းသားသမဂ္ဂက အမေရိကန်ရဲ့ ပေါ်လစီ အပြောင်းအလဲလုပ်ဖို့ တိုက်တွန်းခဲ့သလို၊ မြန်မာအစိုးရအနေနဲ့လည်း အမေရိကန်ကျောင်းသားတွေအတွက် ဗီဇာကို ဒေါ်လာ ၁၆၀ သာ ထားရှိဖို့ ဆော်သြခဲ့ပြီး ဒါမှသာ အမေရိကန်သံရုံးဟာ မြန်မာကျောင်းသားတွေအတွက် ဗီဇာကြေးကို မူလဈေးနှုန်းအတိုင်း ပြန်ထားလိမ့်မယ်လို့ ဆိုပါတယ်။

    “ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ နိုင်ငံသားတွေဖြစ်တဲ့ ကျွန်တော်တို့ဟာ ပြောင်းလဲဖို့အတွက် စွမ်းအားရှိနေပါတယ်။ လွှတ်တော်အမတ်တွေဟာ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုထားတာဖြစ်ပြီး ကျွန်တော်တို့က ပြောင်းလဲဖို့ ဆော်သြရင် အပြောင်းအလဲ ဖြစ်လာရမှာပါ” လို့ နိုင်ငံသားတိုင်းရဲ့ အသိပညာ ရှာဖွေမှုကို အားပေးကူညီဖို့ အစိုးရမှာ တာဝန်ရှိတယ်ဆိုတဲ့ အခြေခံဥပဒေကအချက်ကို ထောက်ပြပြီး ကျောင်းသားသမဂ္ဂက သူတို့ရဲ့စာမှာ ဖော်ပြထားပါတယ်။

    မြန်မာကျောင်းသားတွေအတွက် ဗီဇာကြေးလျှော့ချပေးရေး မေတ္တာရပ်ခံစာတစ်စောင်ကို အွန်လိုင်းမှာ လက်မှတ်ထိုးကြဖို့၊ ဒါမှမဟုတ် [email protected] ကို ဧပြီလ ၁၃ ရက်နေ့မတိုင်ခင် အီးမေးလ်ပို့ကြဖို့လည်း ဒီ ကျောင်းသားသမဂ္ဂက မြန်မာကျောင်းသားတွေကို ဖိတ်ခေါ်ထားပါတယ်။ မေတ္တာရပ်ခံစာမိတ္တူတွေကို သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမေရိကန်က မြန်မာသံရုံး၊ မြန်မာနိုင်ငံက မြန်မာသံရုံးတွေကို ပေးပို့သွားဖို့လည်း သူတို့အဖွဲ့က စီစဉ်နေပါတယ်။

    Ref : coconuts

  • မိမိတို့နျူကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်နေသည်ဟု အီရန်ပြော

    မိမိတို့နျူကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်နေသည်ဟု အီရန်ပြော

    ဧပြီ ၉၊ ၂၀၁၈
    M-Media

    အခမ်းအနားတွင် ပြသထားမှုများကို ကြည့်ရှုနေသည့် ရူဟာနီ

    – နိုင်ငံရဲ့ နျူကလီးယားကဏ္ဍဟာ အရှိန်အဟုန်နဲ့ တိုးတက်နေပြီး အမေရိကန်အနေနဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်မယ်ဆိုရင် ရက်ပိုင်းအတွင်း ယူရေနီယံ ၂၀ ရာခိုင်နှုန်းကို သန့်စင်နိုင်စွမ်းရှိတယ်လို့ အီရန်က ပြောကြားလိုက်ပါတယ်။

    “ကျွန်တော်တို့ရဲ့ နျူကလီးယားကဏ္ဍဟာ အရင်ကထက်ပိုပြီး မြန်မြန်ဆန်ဆန် ရှေ့ဆက်နေတယ်ဆိုတာ တိုင်းပြည်ကို ပြောချင်ပါတယ်” လို့ သမ္မတရူဟာနီက ဒီနေ့ တီဟီရန်မှာလုပ်တဲ့ ‘အမျိုးသား နျူစွမ်းအင်နေ့’ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    မိမိတို့နိုင်ငံဟာ ကမ္ဘာကြီးနဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုကို လုပ်ရမှာဖြစ်သလို လက်နက်အင်အား၊ သံတမန်အင်အား နှစ်ခုစလုံး တောင့်တင်းနေဖို့ လိုအပ်တယ်လို့လည်း သမ္မတက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အီရန်ရဲ့ နျူအစီအစဉ်ကို လက်နက်ထုတ်လုပ်နိုင်တဲ့အထိ မရောက်ဖို့အတွက် ၂၀၁၅ ခုနှစ်မှာ အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့ သဘောတူညီချက်ရခဲ့ပြီး အပြန်အလှန်အားဖြင့် အီရန်အပေါ် ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးခဲ့ကြပါတယ်။

    ဒါပေမယ့် အမေရိကန်သမ္မတ ထရမ့်က ဒီသဘောတူညီချက်အပေါ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပြီး အမေရိကန်ဟာ စာချုပ်ကနေ နှုတ်ထွက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

    ရူဟာနီက မိမိတို့အနေနဲ့ ဒီသဘောတူညီချက်ကို ဆက်လက် လေးစားလိုက်နာသွားမှာဖြစ်ပြီး ပထမဆုံး ချိုးဖောက်တဲ့တိုင်းပြည်မျိုး ဖြစ်လာမှာမဟုတ်ကြောင်း၊ တစ်ခြားနိုင်ငံတွေက အီရန်ကို ဒီသဘောတူညီချက် ချိုးဖောက်အောင် လှုံ့ဆော်နေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဒီကနေ့ ကျင်းပတဲ့ အမျိုးသား နျူစွမ်းအင်နေ့အခမ်းအနားမှာ အီရန်နိုင်ငံက အောင်မြင်ထားတဲ့ နျူကလီးယားဆိုင်ရာ နည်းပညာ ၈၃ ခုကို ပြသခဲ့ပါတယ်။

    ရူဟာနီရဲ့ နျူဆိုင်ရာအကြီးအကဲ အလီ အက္ကဘာ ဆာလေဟီက အမေရိကန်အနေနဲ့ နျူသဘောတူညီချက်ကနေ ထွက်မယ်ဆိုရင် မိမိတို့ဟာ ယူရေနီယံ ၂၀ရာခိုင်နှုန်းအထိ သန့်စင်တာကို ၄ ရက်အတွင်း လုပ်သွားနိုင်တယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။

    ယူရေနီယံကို ၂၀ ရာခိုင်နှုန်အထိ သန့်စင်နိုင်တာဟာ နျူကလီးယားစွမ်းအင် ထုတ်လုပ်ရေး လိုအပ်ချက်ထက် ကျော်လွန်နေပေမယ့် ၈၀ ကနေ ၉၀ ရာခိုင်နှုန်းအထိ သန့်စင်နိုင်မှ နျူလက်နက် ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

    အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက အီရန်ရဲ့ နျူအစီအစဉ်ဟာ လက်နက်ထုတ်လုပ်ဖို့ဖြစ်တယ်လို့ အရင်က စွပ်စွဲပြောဆိုတာတွေ ရှိခဲ့ပြီး အီရန်ကတော့ ဒီပြောဆိုချက်တွေကို ငြင်းဆိုထားပါတယ်။

    Ref: Aljazeera

  • နယူးယောက်ရဲတပ်ဖွဲ့၏ တရားမ၀င်လုပ်ရပ်အတွက် တရားစွဲမှုတွင် အမေရိကန်မွတ်စလင်များ အနိုင်ရရှိ

    နယူးယောက်ရဲတပ်ဖွဲ့၏ တရားမ၀င်လုပ်ရပ်အတွက် တရားစွဲမှုတွင် အမေရိကန်မွတ်စလင်များ အနိုင်ရရှိ

    ဧပြီ ၈၊ ၂၀၁၈
    M-Media

    – ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ တိုက်ခိုက်မှုပြီးကတည်းက နယူးယောက်ရဲတပ်ဖွဲ့ဟာ မွတ်စလင်တွေကို တရားမ၀င် လျှို့ဝှက်စောင့်ကြည့်ခဲ့တယ်ဆိုတဲ့ ကိစ္စအတွက် တရားစွဲဆိုမှုမှာ ဒေသတွင်း မွတ်စလင်တွေက အနိုင်ရရှိသွားပြီး ရဲတပ်ဖွဲ့က ဒီလို စောင့်ကြည့်မှုတွေ မလုပ်တော့ဘူးလို့ ကတိပြုခဲ့ပါတယ်။

    “ကျွန်တော်တို့ အမှုနိုင်သွားတယ်။ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမယ့် စစ်သားတစ်ယောက်အနေနဲ့ အမေရိကန်လည်း ဒီကိစ္စမှာ အနိုင်ရသွားတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ အမေရိကန် စစ်သားတစ်ဦးဖြစ်တဲ့ ဖာရ်ဟဂ်ျ ဟာဆန်က ပြောကြားခဲ့ပါတယ်။

    ဟာဆန်ဟာ ဒီကိစ္စနဲ့ပတ်သက် ၂၀၁၂ ခုနှစ်က နယူးဂျာစီပြည်နယ် နီဝက်မြို့ ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုမှုကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

    “ဘယ်သူမှ ရဲတွေနဲ့ ရန်ဖက်မဖြစ်ချင်ပါဘူး။ ရဲတွေက ကောင်းကြပါတယ်။ ဒါပေမယ့် ရဲတွေ မကောင်းတာလုပ်တဲ့ ဒီကိစ္စမှာတော့ လုပ်သင့်တာ လုပ်ရမှာပါ”

    ဥပဒေဆိုင်ရာ အကြံပေးရေးနဲ့ ပညာရေးဆိုင်ရာအဖွဲ့ Muslim Advocates ရဲ့ အမှုဆောင်ဒါရိုက်တာ ဖာရ်ဟာနာ ခီရာက မွတ်စလင်ဖြစ်တာကြောင့် စောင့်ကြည့်ရမယ်ဆိုတဲ့ကိစ္စဟာ မှားယွင်းတယ်ဆိုတဲ့အကြောင်း ဥပဒေစိုးမိုးရေး အဖွဲ့တွေကို အခုကိစ္စက သတင်းစကားတစ်ခု ပေးလိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    နယူးယောက်ရဲတပ်ဖွဲ့ဟာ မွတ်စလင်ကျောင်းသားအဖွဲ့တွေထဲ ထိုးဖောက်ဝင်ရောက်တာ၊ ဗလီတွေမှာ သတင်းပေးထားတာ လုပ်ခဲ့ပြီး၊ ဗလီ၊ စားသောက်ဆိုင်တွေနဲ့ ကျောင်းတွေက သာမန်လူတွေကို ၂၀၀၂ ခုနှစ်ကတည်းကစလို့ ထောက်လှမ်းတာတွေ လုပ်ခဲ့တယ်လို့ AP သတင်းဌာနက ဖော်ပြခဲ့ပြီးတဲ့နောက် ရဲဌာနကို တရားစွဲဆိုမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    သတင်းစာရှင်းလင်းပွဲမှာ တရားလိုတွေက နယူးဂျာဆီပြည်နယ်မှာ ဗလီ ၂၀၊ စားသောက်ဆိုင် ၁၄ ခု၊ ကုန်စုံဆိုင် ၁၁ ခု၊ စာသင်ကျောင်း ၂ ခုနဲ့ မွတ်စလင်ကျောင်းသားအဖွဲ့ ၂ ခုတို့မှာ ရဲတပ်ဖွဲ့က လျှို့ဝှက်ထောက်လှမ်းမှုတွေ လုပ်ခဲ့ပေမယ့် အကြမ်းဖက်ဝါဒနဲ့ ပတ်သက်တဲ့ ဘာသတင်းအချက်အလက်မှ ရခဲ့တာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    တရားရုံးက ရဲတပ်ဖွဲ့အနေနဲ့ လူတစ်ယောက် ဘာသံသဖြစ်စရာမှ မရှိဘဲနဲ့ ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီး စောင့်ကြည့်တာမျိုး မလုပ်ရဘူးလို့ ဆုံးဖြတ်ခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ ထောက်လှမ်းရေးဗျူရိုကို ထိန်းချုပ်နိုင်ရေး ရည်ရွယ်တဲ့ ပေါ်လစီအသစ်တစ်ခုအတွက် အချက်အလက်တွေ ပေးအပ်ဖို့လည်း တရားလိုမွတ်စလင်တွေကို တိုက်တွန်းဆော်သြခဲ့ပါတယ်။

    ဒီလို တရားမ၀င် စောင့်ကြည့်အစီအစဉ်ကြောင့် နစ်နာခဲ့ရတဲ့ ဗလီဝတ်ကျောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ လူပုဂ္ဂိုတွေအတွက် နစ်နာကြေး ကန်ဒေါ်လာ ၇၅၀၀၀ နဲ့ တရားရင်ဆိုင်မှုစားရိတ် ဒေါ်လာ ၁ သန်းကို နယူးယောက်မြို့ အုပ်ချုပ်ရေးအဖွဲ့က ပေးရမှာ ဖြစ်ပါတယ်။

    နယူးဂျာဆီက စောင့်ကြည့်ရေးအစီအစဉ်တွေကို နိုင်ငံသားအခွင့်အရေးဆိုင်ရာ အခြားသော တရားစွဲဆိုမှုတွေမှာ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်သွားမယ်လို့ ရဲတပ်ဖွဲ့က သဘောတူခဲ့ပါတယ်။

    Ref : Aljazeera

  • ဆော်ဒီအိမ်ရှေ့မင်းသား ပြင်သစ်သို့ ချစ်ကျည်ရေးခရီး ရောက်ရှိလာ

    ဆော်ဒီအိမ်ရှေ့မင်းသား ပြင်သစ်သို့ ချစ်ကျည်ရေးခရီး ရောက်ရှိလာ

    ဧပြီ ၈၊ ၂၀၁၈
    M-Media

    ပြင်သစ်သို့ ဆော်ဒီအိမ်ရှေ့မင်းသား ရောက်ရှိလာစဉ်

    – အမေရိကန်သို့ ၃ ပတ်ကြာ သွားရောက်ခဲ့ပြီးနောက် ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်မှာ ယနေ့တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။

    ပြင်သစ်အစိုးရ၏ တရားဝင်ဖိတ်ကြားမှုဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ဘင် ဆလ်မန်မှာ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်၊ အခြား တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် အကျိုးစီးပွားရေးရာ ကိစ္စများကို ဆွေးနွေးသွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

    ၂ ရက်တာကြာမြင့်မည့် ထိုခရီးစဉ်အတွင်း အိမ်ရှေ့မင်းသားမှာ ယီမင်၊ ဆီးရီးယားအရေးနှင့် အီရန်၏ နျူသဘောတူညီချက် ကိစ္စများကိုလည်း ဆွေးနွေးမည်ဖြစ်ကာ ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားများနှင့် စီးပွားရေးဖိုရမ်တို့ကိုလည်း တက်ရောက်မည်ဖြစ်သည်။

    ပြင်သစ်နှင့် ဆော်ဒီတို့အကြား ခရီးသွားလာရေး စီမံကိန်းတစ်ခုကို ၎င်း၏ ယခုခရီးစဉ်အတွင်း ကြေငြာဖွယ် ရှိနေသည်။

    အမေရိကန်မှ ထွက်ခွာခြင်းမပြုမီ ဆလ်မန်က သမ္မတ ဒေါ်နယ်ထရမ့်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ဆော်ဒီနှင့် အမေရိကန်အကြား သမိုင်းနှင့်ချီသည့် မဟာဗျူဟာမြောက် ဆက်ဆံရေးအတွက်လည်း ချီးကျူးခဲ့သည်။

    Ref: Alarabiya