News @ M-Media

ကက်ရှ်မီးယားမိန်းကလေးငယ် အဓမ္မကျင့်သတ်ဖြတ်ခံရမှုအတွက် ဖမ်းထားသည့် လူ ၈ ဦးကို ပထမဆုံးကြားနာ

ဧပြီ ၁၆၊ ၂၀၁၈
M-Media

သေဆုံးသွားသည့် မိန်းကလးငယ်အတွက် ဆုတောင်းမှု

– အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ အသက် ၈ နှစ်အရွယ် မွတ်စလင် မိန်းကလေးငယ်တစ်ဦးကို ပြန်ပေးဆွဲကာ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့မှုအတွက် ဟိန္ဒူအမျိုးသား ၈ ဦးကို ဒီကနေ့ အထူးခုံရုံးက ပထမဆုံး ကြားနာခဲ့ပြီး သူတို့ကတော့ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

မိန်းကလေးငယ်ရဲ့ အလောင်းကို ဇန်န၀ါရီ ၁၇ ရက်နေ့မှာ ပြန်တွေ့ခဲ့ပြီး ရရှိထားတဲ့ ဒဏ်ရာတွေဟာ အလွန်ဆိုးရွားလွန်းတာကြောင့် အိန္ဒိယပြည်သူ တော်တော်များများက တုန်လှုပ်ခဲ့ကြပါတယ်။

အခုတရားစွဲခံထားရတဲ့ လူ ၈ ဦး ဖမ်းဆီးခံရမှုကို မကျေနပ်တဲ့အတွက် ဟိန္ဒူအမျိုးသားရေး အုပ်စုတွေဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ ဆန္ဒပြခဲ့ကြပြီး အာဏာရ BJP ပါတီက ပြည်နယ်ဝန်ကြီး ၂ ဦးလည်း ပါဝင်ခဲ့ပါတယ်။

မုဒိမ်းကောင်တွေအပေါ် ဒီလို ကာကွယ်ပေးတာကို ပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်ဆန့်ကျင်မှုတွေ လုပ်တဲ့အတွက် ၀န်ကြီးနှစ်ဦးဟာ နောက်ပိုင်းမှာ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

အခု တရားစွဲဆိုခံထားရသူတွေထဲမှာ အစိုးရအရာရှိဟောင်းတစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၄ ဦးနဲ့ အသက်မပြည့်သေးသူတစ်ဦး ပါဝင်ပါတယ်။

ဒီအမှုအတွက် ဂျာမူးနဲ့ ကက်ရှ်မီးယားအစိုးရဟာ အထူးတရားသူကြီးနှစ်ဦးကို ခန့်အပ် တာဝန်ပေးခဲ့ပါတယ်။

Ref: BBC