ဧပြီ ၁၆၊ ၂၀၁၈
M-Media

– အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာအရ သမ္မတဖြစ်ထိုက်သူ မဟုတ်ဟု FBI အ ကြီးအကဲဟောင်း ဂျိမ်းစ်ကိုမေးက စွပ်စွဲလိုက်ပြီး အမျိုးသမီးများကို စားစရာ၊ ၀ါးစရာအဖြစ် ဆက်ဆံသူဟု ပြောကြားလိုက်သည်။
ပြီးခဲ့သည့်နှစ် ရာထူးမှ ထုတ်ပယ်ခံရပြီးနောက်ပိုင်း ပထမဆုံးအဖြစ် ABC သတင်းဌာန၏ ယမန်နေ့ ရုပ်သံအင်တာဗျူးတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
“ဒီသမ္မတရဲ့ ပြဿနာက သူ့နားမှာရှိတဲ့သူတိုင်းကို ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်ဆောင်တာပါ”
ထရမ့်မှာ ကျန်းမာရေးဆိုင်ရာကြောင့် သမ္မတမဖြစ်ထိုက်သူဟု မထင်ဘဲ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာကြောင့် သမ္မတမဖြစ်ထိုက်သူဟု ကိုမေးက ထည့်သွင်းပြောဆိုခဲ့သည်။
“ချားလော့စ်ဗီလီမြို့က တန်းညှိပြောဆိုသွားတာတွေ၊ အမျိုးသမီးတွေကို စားစရာ၊ ၀ါးစရာအဖြစ် ပြောဆိုဆက်ဆံတာတွေ၊ ကိစ္စကြီးကြီးသေးသေး အမြဲတမ်း လိမ်နေပြီး အမေရိကန်ပြည်သူတွေက ဒါကို ယုံကြည်တယ်လို့ မျက်နှာပြောင်တိုက် ပြောကြားမှုတွေရှိတဲ့ ဒီလိုလူမျိုးဟာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာအရ သမ္မတဖြစ်ထိုက်သူ မဟုတ်ပါဘူး”
ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်း ချားလော့စ်ဗီလီ၌ ပြုလုပ်သည့် လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ဆန္ဒြ့ပမှုတွင် လူဖြူအစွန်းရောက်တစ်ဦးက လူအုပ်အတွင်း ကားဖြင့်ဝင်တိုက်မှု ဖြစ်ပွားခဲ့ပြီး ထရမ့်က ထိုကိစ္စတွင် နှစ်ဖက်စလုံးကို အပြစ်တင်ကာ လူဖြူအစွန်းရောက်များဘက်မှ ကာကွယ်ပြောကြားခဲ့မှုကို ကိုမေးက ရည်ညွှန်းခြင်းဖြစ်သည်။
သမ္မတ အိုဘားမားလက်ထက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ဟီလာရီကလင်တန်မှာ အီးမေးလ်ပေးပို့မှုတွင် ကိုယ်ပိုင်ဆာဗာ အသုံးပြုခဲ့သည်ဆိုသည့်ကိစ္စ စုံစမ်စစ်ဆေးမှုအတွက် ကိုမေးမှာ ဝေဖန်ခံခဲ့ရသည်။
၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ရုရှားက ၀င်ရောက်စွက်ဖက်ခဲ့သည်ဆိုသည့်ကိစ္စ စုံစမ်းစစ်ဆေးမှုတွင်လည်း ကိုမေးနှင့်ထရမ့်အကြား အချင်းများခဲ့ပြီး ထိုကိစ္စကြောင့်ပင် FBI အကြီးအကဲရာထူးမှ ထုတ်ပယ်ခံခဲ့
ရသည်။
ABC နှင့် အင်တာဗျူးတွင် ကိုမေးက ထရမ့်မှာ အမှန်တရားနှင့် တိုင်းပြည်၏ အဓိကတန်ဖိုးများကို အလေးထားခြင်းမရှိဟု ပြောကြားခဲ့သည်။
“အရေးအကြီးဆုံးက ဖြောင့်မတ်နေဖို့ပါ။ ဒါပေမယ့် သမ္မတက ဒီလိုမလုပ်နိုင်ပါဘူး။ သူဟာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာအရ သမ္မတမဖြစ်ထိုက်သူ တစ်ယောက်ပါ”
ယခုအင်တာဗျူးမတိုင်ခင် ထရမ့်က Twitter စာမျက်နှာ၌ ကိုမေးမှာ ညံ့ဖျင်းပြီး FBI သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး ဒါရိုက်တာအဖြစ် မှတ်တမ်းဝင်မည်ဟု ရေးသားခဲ့သည်။
ကိုမေး၏ ယခုအင်တာဗျူးအတွက် အိမ်ဖြူတော်က မှတ်ချက်ပေးခြင်း မရှိသေးသော်လည်း ရီပက်ဘလစ်ကန် နိုင်ငံလုံးဆိုင်ရာကော်မတီက ကိုမေးမှာ ယုံကြည်ရသူမဟုတ်ဟု Twitter စာမျက်နှာမှတစ်ဆင့် တုန့်ပြန်ခဲ့သည်။
Ref: Aljazeera