(ဖဆပလအစိုးရလက်ထက် အတွင်းဝန်များရုံး (ယခု ၀န်ကြီးများရုံးဟောင်း)တွင် ဗမာမွတ်စလင်မ် နိုးကြားရေးအဖွဲ့ အတွင်းရေးမှူး ဦးညီညီ တိုင်းရင်းသားလူနည်းစုဆိုင်ရာ အဆိုနှင့်စပ်လျဉ်း၍ဆွေးနွေးစဉ်)
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၇ လမ်း၊ ၈၂ လမ်းနှင့် ၈၃ လမ်းအတွင်း၊ ဖခင် ဦးအလီ၊ မိခင်ဒေါ်ခန့်တို့မှ အဗ္ဗဒုလ်ဟမီးဒ် (ခေါ်) ဆရာဦးညီညီအား ၁၉၂၁-ခု၊ ဖေဖော်ဝါရီလ (၈) ရက်၊ အင်္ဂါနေ့တွင် ဖွားမြင်သည်။ မွေးချင်း နှစ်ဦးဖြစ်၍ ကိုကို၊ ညီညီဟု ငယ်မည်ခေါ်တွင်ရာ ကိုကို (ခေါ်) ဆရာဦးကို (M.A) ပါဠိကထိကသည် သားကြီးဖြစ်၍ ဆရာဦးညီညီမှာ သားငယ်ဖြစ်သည်။
ဆရာဦးညီညီသည် ၀က်စလီ အထက်တန်းကျောင်း (ယခု အ.ထ.က-၁၆) တွင် တက္ကသိုလ်ဝင်တန်းအထိ တက်ရောက်ခဲ့သည်။ ၁၉၄၃-ခုတွင် ဈေးချိုတော်၊ အိုင်ရုံ၊ ပိုးကုန်သည် ဒေါ်အေးကြည်နှင့် လက်ထပ်သည်။ အထက်တန်းကျောင်းများတွင် အထက်တန်းကျောင်းသားများကို အင်္ဂလိပ်စာပြခဲ့သည်။ တိုင်းချစ်အထက်တန်းကျောင်း နေ့ကျောင်းနှင့် တိုင်းချစ် လူငယ့်ရေးရာ ညကျောင်း၌ အနှစ် (၂၀) ခန့် စာပြခဲ့သည်။ တရုတ်အမျိုးသားများ (Oversea) အိုဗာစီး ကျောင်းတွင်လည်း စာပြခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး (ဟာဂျီမကြီး) ဒေါ်ခင်ရီစိုး လက်ထက် အမှတ်(၂၁) အ.ထ.က တွင် နောက်ဆုံး စာသင်ပြပြီးနောက် အငြိမ်းစား ယူခဲ့သည်။
ဆရာသည် အာဇာနည် ဆရာကြီး ဦးရာဇတ်၏ ညာလက်ရုံး တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အဆိုပြုစဉ်က ဆရာကြီးကိုယ်တိုင် ရွေးချယ်စေလွှတ်ခံရသူဖြစ်သည်။ ၁၉၄၆-ခုနှစ်၊ ဇန်န၀ါရီလ (၁၇) ရက်တွင် ရန်ကုန်မြို့၊ ရွှေတိဂုံစေတီ အလယ်ပစ္စယံ၌ ကျင်းပသောနိုင်ငံလုံးဆိုင်ရာညီလာခံကြီးတွင် လုံးဝလွတ်လပ်ရေးအဆိုကို ဦးဖေခင်က အဆိုတင်သွင်းပြီးဆရာက ထောက်ခံခဲ့သည်။ ထိုစဉ်က အထက်မြန်မာပြည် မွတ်စလင်ထုကိုယ်စားနှင့် (ဗ.မ.က) ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့ပြီး ယင်းအဆိုမှာလည်းအောင်မြင်ခဲ့သည်။ အချိန်ပိုသွား၍ အခမ်းအနားမှူးက သတိပေးသော်လည်း ဗိုလ်ချုပ်အောင်ဆန်းက ဆရာ အင်္ဂလိပ်လိုပြောကြားသည့် မိန့်ခွန်းကိုနှစ်သက်၍ ဆက်လက်ပြောကြားစေခဲ့ကြောင်း သိရသည်။ ယင်းညီလာခံကြီး၏ မှတ်တမ်းသည်လည်း “၀ရမ်းပြေးဘိုးသိန်း” ရုပ်ရှင်ဇာတ်ကားတွင် မှတ်တမ်းအဖြစ်ပါဝင်ခဲ့သည်။
ဆရာသည် “မြန်မာမွတ်စလင်မ်များ နိုးကြားရေး” အဖွဲ့တွင် အတွင်းရေးမှူးတာဝန် ထမ်းရွက်ခဲ့၍ “နိုးကြားရေး ဦးညီညီ” ဟု လူသိများခဲ့သည်။ ဆရာ၏လုပ်ဖော်ကိုင်ဘက်များမှာ သံအမတ်ကြီးဟောင်း ဦးဖေခင်၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ရ ဆရာဦးဘိုးချယ်၊ ဗိုလ်ဗကို၊ သခင်ချန်ထွန်း၊ ဦးသာထွန်းနှင့် ဦး A.စလင်းမ် စသူတို့ ဖြစ်၏။ ဆရာသည် ဂျွန်းဗလီဂေါပကတွင် ပါဝင်ခဲ့ပြီး ဂျွန်းဗလီ စည်းမျဉ်းရေးဆွဲရာတွင်လည်းပါဝင်ခဲ့သည်။ ကာစေ့မီယာဟ်ကျောင်း အုပ်ချုပ်ရေးအဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။
ဆရာသည် မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ ဗဟိုကော်မတီတွင် (၄၁)ကြိမ်မှစ၍ သာသနာ့စာပေပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်၊ (၄၅)ကြိမ်တွင် နာယကကြီး၊ (၄၆)ကြိမ်တွင် ဒု-ဥက္ကဌ၊ (၄၈) ကြိမ်တွင် ဘဏ္ဍာရေးကော်မတီတို့၌ ပါဝင်ဆောင်ရွက်ခဲ့သော သာသနာရေးနှင့် အမျိုးသားရေး ခေါင်းဆောင်တစ်ဦးအနေဖြင့် ဗဟိုကော်မတီမှ ဂုဏ်ပြုဖော်ပြအပ်ပါသည်။
၂၀၀၁-ခု၊ နိုဝင်ဘာလ (၂၈) ရက်တွင် အရှင်မြတ်အမိန့်တော်ခံယူခဲ့သည်။ သားသမီး (၇) ဦးကျန်ရစ်ပြီး ရတနာပုံအိုးဘိုဗလီဝင်းတွင် မိသားစုနေထိုင်လျက်ရှိသည်။
(မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ စိန်ရတု မဂ္ဂဇင်း ကကူးယူဖော်ပြပါသည်။)
အထက်ပါ အကြောင်းအရာကို http://www.myanmarmuslim.net မှ ပြန်လည် ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။ အချို့သော အချက်အလက်များ (ဥပမာ ဦးဖေခင်၏ အဆိုတင်သွင်းချက်ကို ဆရာက ထောက်ခံခဲ့သည် ဟူသည့်အချက်)ကို အခြားနေရာများတွင် ခိုင်လုံသော အထောက်အထားမတွေ့ရပါ။ မှားယွင်းမှတ်တမ်းတင်မိခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
တကယ်တော့ ဦးညီညီက ကျွန်တော့် အဖိုးလေးတော်စပ်ပါသည်။ ကျွန်တော့်အဖိုး ဦးကိုကို http://www.mmsy.org/profiles/blogs/m-a ၏ ညီအရင်းတော်စပ်သူ။ ဦးကိုကိုက ကျွန်တော်ငယ်သေးစဉ် ၁၉၈၇ခုနှစ်ကတည်းက အလ္လာဟ်အရှင်မြတ် အမိန့်တော် ခံယူခဲ့သဖြင့် သူ့အကြောင်း သိပ်မမှတ်မိသော်လည်း ဦးညီညီနှင့်ကတော့ သူ၏ နောက်ဆုံးအချိန်များတွင် ကျွန်တော်က အရွယ်ရောက်နေပြီဖြစ်သည့်အတွက် သိချင်တာများ မေးခွင့်ရခဲ့ပါသည်။ ပုဂ္ဂိုလ်ရေးဆန်သော ရေးသားမှုဖြင့် သမိုင်းမှတ်တမ်းမတင်လိုပါ။ သို့သော်လည်း စာမတင်သေးသည့်သမိုင်းဝင်ပုံရိပ်တစ်ချို့ မသိကြသေးသူတွေလည်းသိစေရန် ရည်ရွယ်လျက် ကျွန်တော်မှတ်မိသော ဦးညီညီအကြောင်းကိုပါ ထပ်မံဖော်ပြလိုက်ပါသည်။
၂၀၀၀ခုနှစ်ဝန်းကျင် တစ်ရက် သူ့အိမ်ကို ကျွန်တော်သွားတော့ မန္တလေးတက္ကသိုလ် စိတ်ပညာဋ္ဌာန ပါမောက္ခ ဆရာ ဦးခင်မောင်သန်း [စာရေးဆရာ ခင်မောင်သန်း(စိတ်ပညာ)] ရောက်နေသည်။ ဆရာက သူ၏ဆရာတစ်ဦးဖြစ်ခဲ့ဖူးသော ဦးညီညီထံသိလိုသည့် အချက်တစ်ချို့မေးရင်း လာရောက် နှုတ်ဆက် ခြင်းဖြစ်သည်။ ဦးညီညီက တစ်ဖက်ကသိလိုသည်ကို ဖြေကြားပေးပြီး ဖြစ်သော်လည်း အားမရသေးဘဲ ကျောင်းဆရာဟောင်းပီပီ ရသည့်အခွင့်အရေး အပြည့်အ၀ အသုံးချကာ စာအုပ်တစ်အုပ်ဆွဲလျက် အသက်၆၀တန်းဝင် မိမိတပည့်ဟောင်းများအား ဇွတ်ပင် စာသင်ပေးလိုက်သေးသည်။ ဆရာ ဦးခင်မောင်သန်းက “ သူတို့အနေဖြင့် ဦးညီညီအား Human Encyclopedia (သက်ရှိ လူသား အဘိဓာန်) ဟု ခေါ်ကြကြောင်း၊ ယခုချိန်တိုင်သိလိုသည်ကို မေးကြရစဲဖြစ်ကြောင်း” ပြောပြသည်။ တစ်ခေတ်တစ်ချိန်က အထက်တန်းအဆင့်အထိသာ ပညာဆည်းပူးဖူးသူ တစ်ဦး၏ ပညာ အမှန်တကယ်တတ်မြောက်မှုကို ပိုမိုသတိပြုမိသွားစေခဲ့ပါသည်။
ထိုရက်ပိုင်းတွေအတွင်းက ဦးညီညီ ကျွန်တော်တို့အိမ်မှာ လေးငါးရက် လာနေသွားသည်။ တစ်ချိန်က သူ ထဲထဲဝင်ဝင် လှုပ်ရှားခဲ့သော ဗမာမွတ်စလင်မ် နိုးကြားရေးအဖွဲ့အကြောင်း မေးကြည့်မိသည်။
“မျိုးကားဗမာ၊ ဘာသာမွတ်စလင်မ်
ဖြစ်တုံအင်လည်း၊ တို့မျိုးတို့ဆွေ
တို့တစ်တွေသည်၊ တို့ပြည်(ပြေ)တို့ရွာ
တို့ဋ္ဌာနာမှာ၊ တို့ဟာထင်ရှား
မရှိအားကြောင့်၊ တို့များကုလားဒိန်
အများနှိမ်သည်၊ သို့ပါသော်ငြား
တို့မျိုးသားကား၊ နိုးကြားမရှိ
ဝမ်းနည်းဘိ၏။” ဟူသော နိုးကြားရေးနှိုးဆော်ကဗျာအား ခံစားချက်အပြည့်၊ အသံတုန်တုန်ဖြင့် ပြန်လည်ရွတ်ဆိုပြသော ဦးညီညီ၏ပုံရိပ်ကိုယခုအချိန်ထိ ပြန်လည်မြင်ယောင်မိသည်။ ယင်းကဗျာအားလည်း ထိုစဉ်ကပင်နှလုံးသားအက္ခရာ ကဗျည်းတင်ခဲ့မိသည်။ “ဗမာကို ဗမာကသိရေး” (ဗမာမွတ်စလင်မ်များသည် ဗမာဗုဒ္ဒဘာသာဝင်များကဲ့သို့ပင် ဗမာများ ဖြစ်ကြကြောင်း ဗမာအားလုံးက သိရေး) ဆောင်ပုဒ်ဖြင့် အမျိုးသားရေး ဦးဆောင်ခဲ့ကြပုံ၊ ထိုစဉ်က ဂဠုန်ဦးစောအစိုးရအဖွဲ့မှ ဗမာမွတ်စလင်တို့အား ကုလား၊ ဇေရဗာဒီ၊ ဇေကပြား စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်နေကြရာမှ “ဗမာမွတ်စလင်” ဟုသာ တစ်ညီတစ်ညွတ်တည်း ခေါ်ဝေါ်သုံးစွဲကြရန် အမိန့်ပြန်တမ်းထုတ်ပြန်ခဲ့ပုံ၊ နောင်တွင် ဆရာကြီး ဦးရာဇတ်၏ ဦးဆောင်မှုအောက်တွင် ဗမာမွတ်စလင်မ်ကွန်ဂရက် အဖြစ် ဖဆပလတပ်ပေါင်းစုတွင်ပါဝင်ကာ တိုင်းပြည်လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ဗမာမွတ်စလင်မ်များ တစ်တပ်တစ်အားပါဝင်ခဲ့ကြပုံ တို့ကိုလည်း ကိုယ်တွေ့ ကြားသိခွင့်ရခဲ့သည်။
ဦးညီညီသည် ဆရာကြီး ဦးရာဇတ်၏ အမျိုးသားကျောင်းဆင်း ဆရာကြီး၏ တပည့်ရင်းချာတစ်ဦး မဟုတ်ခဲ့သော်လည်း ဆရာကြီး ဦးရာဇတ်မြို့မိမြို့ဖအဖြစ် တာဝန်ယူခဲ့သည့် မြို့ရွာအကျိုးပြု အဖွဲ့အစည်းများတွင် လက်တွဲလုပ်ကိုင်ခဲ့ရသည့်အတွက် ဆရာကြီးထံမှ အဆုံးအမများ၊ အင်္ဂလိပ်ဘာသာစာပေလေ့လာနည်း လမ်းညွှန်များ အနီးကပ် ရခဲ့ကြောင်းလည်း သိခဲ့ရသည်။
ထိုအကြောင်းများ ပြောပြပြီးနောက် သူ့မျက်နှာ အမူအယာ ပြောင်းသွားသည်။ ကျော်မိုးအောင်ရေ…ဒါဒါလေး (သူ့ကိုယ်သူ ခေါ်ဝေါ်သည့် အသုံးအနှုန်းတစ်ခု – အဘိုးလေးဟု အဓိပ္ပ္ပါယ်ရသည်)က ကုလားကြီးပါကွ ဟုပြောသည်။ တော်ပြီကွာ..ဒီအကြောင်းတွေ ဆက်မပြောချင်တော့ဘူးဟု ဆိုကာ သူသိပ်ကြိုက်သော The Ten Commandments ရုပ်ရှင်ဖွင့်ပြခိုင်းသည်။ ခံစားချက် ကြီးကြီး ရှိခဲ့ရဖူးဟန်တူသည်။
နောက်ပိုင်းရက်များတွင် သတိက သိပ် မကောင်းချင်တော့။ စကားတွေက ရှေ့ရောက်နောက်ရောက် ဖြစ်နေသောကြောင့် ထိုဗမာမွတ်စလင်သမိုင်းအကြောင်း ထပ်မေးခွင့် မရတော့။ ကျွန်တော့်ထံမှ စာရွက်နှင့် ခဲတံတောင်းကာ စာတစ်ကြောင်းကို ၃နာရီမျှကြာအောင် ကြိုးစားပမ်းစားရေးကာ ကျွန်တော့်အား ပေးသွားသည်။ ရေးထားသည်က “အသေးအဖွဲများသည် ပြည့်စုံခြင်းကို ဖြစ်စေ၏၊ ပြည့်စုံခြင်းသည် အသေးအဖွဲမဟုတ်” တဲ့။ ဘာကိုဆိုလိုသည်ကို သူပင် အသိဆုံးဖြစ်ပါလိမ့်မည်။
ရေးသူ- ကိုကျော်မိုးအောင်
Comments