ဒီဇင်ဘာ ၂၀၊ ၂၀၁၃
M-Media
– မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ကမ်ပုန် ပန်ဒန်ဒေသတွင် ဒီဇင်ဘာ ၁၈ ရက်နေ့က ကားတိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီး လူ ၆ ဦးသေဆုံးခဲ့သည်ဟု သိရသည်။ အဆိုပါကားမှာ Nissan Skyline အမျိုးအစားဖြစ်ပြီး ကွန်ကရစ်အဆီးအတားတစ်ခုအား တိုက်မိခဲ့ပြီးနောက် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သေဆုံးခဲ့သူ ၆ ဦးတွင် ၅ ဦးမှာ အမျိုးသမီးများဖြစ်ကြပြီး မြန်မာနိုင်ငံမှ အသက် ၂၀ အရွယ် ပီပီ၊ ၂၆ နှစ်အရွယ် အက်စတာဆူးနှင့် ဖိလစ်ပိုင်နိုင်ငံမှ အသက် ၃၀ အရွယ် ဆီဆိုအိုင်လင်း၊ အသက် ၂၆ နှစ်အရွယ် မွန်တီဂျိုနှင့် အသက် ၂၄ နှစ်အရွယ် မေရီဂရေစ့် မာကာရေ့ဂ်ျတို့ဖြစ်ကြသည်။
အခြား တစ်ဦးမှာ ထိုကားမောင်းသူ အသက် ၄၀ အရွယ် ဗြိတိန်နိုင်ငံသား ဆိုင်မွန် ဂျွန် ဟောလ်ဖြစ်သည်။ ဟောလ်မှာ Leighton Offshore ဆောက်လုပ်ရေး လုပ်ငန်းမှ မန်နေဂျာဖြစ်ပြီး အမျိုသမီး ၅ ဦးတွင် ၄ ဦးမှာ အချိန်ပိုင်း ဖျော်ဖြေရေး စင်တာတစ်ခုတွင် အလုပ်လုပ်နေသူဖြစ်ကာ အခြားတစ်ဦးမှာ အိမ်အကူလုပ်သားဖြစ်သည်ဟု သိရသည်။
ထိုကားမှာ ကွန်ကရစ် အတားအဆီး တစ်ခုအား ၀င်တိုက်ပြီးနောက် မီတာအနည်းငယ်လွင့်ထွက်သွားပြီး၊ အရှေ့ဘက် ခရီးသည် ထိုင်ခုံဘက်မှ တံခါးမှာ ပြုတ်ထွက်သွားခဲ့ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ကူညီရန်ကြိုးစားခဲ့သော်လည်း မီးအရှိန်မှာ အလွန်ပြင်းသည့်အတွက် မကူညီနိုင်ခဲ့ကြောင်း ကားတိုက်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အသက် ၂၁ နှစ်ရွယ် ကမာရူလ် ဟာမစ် ဟာနစ်ဖ်က ပြောကြားခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် မီးသတ်ဌာနနှစ်ခုမှ အရာရှိ ၁၃ ဦး ဦးဆောင်ကာ မီးအား ၁ နာရီကြာ ငြိမ်းသက်ခဲ့ရသည်ဟု မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
Ref: NST
Pic by Effendy Rashid
Leave a Reply
You must be logged in to post a comment.