News @ M-Media

လူအောင်ဆန်း (၈)

ဝင်းအောင်ကြီး ရေးသည်။
bo goke aung san and BoMu BaTaw
မေယု တိုက်ရေယာဉ်ကို စစ်ဆေးဖို့ ရောက်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဒီပုံကိုကြည့်ရင်၊ အသက်ငယ်သေးပေမယ့် ဘယ်လောက် ရင့်ကျက်တယ် ဆိုတာ မြင်နိုင်ပါလိမ့်မယ်။ ရဲဘော်သုံးကျိပ်၊ စစ်သေနာပတိ၊ ဖက်စစ်တော်လှန်ရေး၊ တပ်တွင်း ပုဂ္ဂိုလ်ရေးပြသနာများ ခေါင်းဆောင် ကိုင်တွယ်ခဲ့ပြီးပြီ။၊

မဟာမိတ်တို့ဘက်က ဗိုလ်ချုပ်စလင်း၊ မောင့်ဘက်တန်တို့နဲ့ ဆွေးနွေးခဲ့ပြီးပြီ။ အင်္ဂလိပ်တို့ရဲ့ Royal Navy မှာအမှုထမ်းနေတဲ့သူတွေကို တပ်မတော်ရတပ် အတွက်၊ Royal Air Force ကသူတွေ လေတပ်မှာ နေရာချ စီစဉ်ခဲ့တယ်။ တပ်သားဦးရေ ကန့်သတ်ထားရလို့ ပိုနေသူတွေကို ပြည်သူ့ရဲဘော်တပ်ဖွဲ့ ထူထောင်ကာ ကိုယ်တိုင်ကွပ်ကဲပေးခဲ့သေးကြောင်း မှတ်တမ်းတွေရှိတယ်။

တပ်မတော်ကို ဖဆပလ ကနှုတ်ထွက်စေပြီးနောက် ကိုယ်တိုင် စစ်ဦးစီးချုပ် အဖြစ်က ထွက်လိုက်တာဟာ လွတ်လပ်ရေးရတဲ့အခါ၊ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ပီပီပြင်ပြင်သတ်မှတ် ပေးလိုက်တာမဟုတ်လား?

ပြည်ထောင်စုနဲ့ ထိုက်တန်အောင် တိုင်းရင်းသားစုံ ပါဝင်တဲ့ တပ်မတော် ဖြစ်လာခဲ့ ပုံကို လေ့လာကြည့်ပါ။ လူတိုင်းစစ်ပညာ မသင်မနေရ ဆိုတဲ့ မိန့်ခွန်းက လူထုတရပ်လုံးပိုင်တဲ့ နိုင်ငံရဲ့ လူထုတရပ်လုံးကို ကိုယ်စားပြုတဲ့ တပ်မတော် အဖြစ်ထူထောင်ဖို့ညွှန်းတာ မဟုတ်လား? တပ်အင်အားကို လိုအပ်ချိန်ကျ မှ ချဲ့တဲ့ခုခေတ်စနစ်ကို လွန်ခဲ့တဲ့ နှစ် ၆၀ လောက်ကတည်း သူမြင်ခဲ့တယ်။ စစ်ယူနီဖောင်းလေး ၂ စုံ လောက်နဲ့ ဘာ့ကြောင့်နေသွားသလဲ?

ဒုတိယကမ္ဘာစစ်ကြီးပြီးခါစ တိုင်း ၄ က၊ ဗိုလ်မှူးဘရှင်နဲ့ တပ်ကြပ်ကြီး တင်ဦးတို့ လာတွေ့တော့ အင်္ကျီကိုဘောင်းဘီပွထဲထည့်ဝတ်ပြီး၊ ခါးပတ်နေရာမှာ ကြိုးနဲ့ ချီထားတာကို သူကြည့်နေတယ်၊ သူတို့ ၂ ယောက်နည်းတူ ဗိုလ်ချုပ်ကိုလည်း ကိုးကိုးတခွက်နဲ့ ငှက်ပျောသီး ၂ လုံး ဒေါ်ခင်ကြည်က လာချပေးတယ် စသဖြင့် (၁၉၅၇ ခု၊ ဇူလိုင်လ မြ၀တီ မဂ္ဂဇင်း) မှာရှာကြည့်ပါ။

ဖက်စစ်တော်လှန်း စစ်ထွက်မိန့်ခွန်းကိုကြည့်ပါ၊ “ ရဲဘော်တို့ ၊ခရီးကကြမ်းမယ်၊ ပင်ပန်းမယ်၊ ဆင်းရဲမယ်၊ အန္တရယ်များမယ်၊ရဲဘော်တို့နဲ့ငါလည်းအတူထွက်မှာ” တဲ့။ ဒီဆောင်းပါးရေးချိန် ကိုယ့်အဖြစ်ပြန်သတိရမိတယ်။ ၁၉၅၆ ခု၊ အောက်တိုဘာလ ကျောင်းပိတ်ရက် အတွင်း ကျနော်တို့ ရန်ကုန်တက္ကသိုလ် အရန်တပ်ရင်း ( UTC) မိတ္ထီလာမှာ စခန်းချ (Camp)နဲ့သင်တန်းတက်ရတော့ ခါတိုင်းညနေဘက် လေ့ကျင့်ပုံမျိုးမဟုတ်တော့၊ စစ်စည်းကမ်းအပြည့်နဲ့ တကယ့်စစ်သင်တန်း၊ ခုပြန်တွေးရင်းတောင် ပင်ပန်းလိုက်တာ သေလုမျောပါး။ ၁၄ ရက်အတွက် တပ်သားလစာ ရတာဟာ ကျနော့ဘ၀ရဲ့ ပထမဆုံး ၀င်ငွေ။ ရေဗူးပေါက်တာ မလိုချင်၊ ရေပါတာပဲလိုချင်တယ် ဆိုတဲ့စကားဟာ စောစောတုန်းက ရယ်စရာ၊ ဟားစရာ၊ ခုတော့ စစ်အမိန့်ဆိုတာ ကိုယ်တွေ့။ အောက်ခြေတပ်သားတွေနဲ့ တသားတည်းနေတတ်တဲ့ ဗိုလ်ချုပ်ကိုပိုပြီးနားလည်ခဲ့တာပေါ့။

၁၉၅၄ ခု၊ ကာလ မြန်မာပြည်တွင်းသို့ ကျူးကျော်ဝင်ရောက်နေတဲ့ တရုတ်ဖြူတပ်များကို တပ်မတော်က တိုက်ထုတ်နေစဉ် လူထုကလည်း ၀င်ကူဝင်အားပေးတယ်လေ။ ၀န်ကြီးချုပ်ဦးနုကိုယ်တိုင် ဗိုလ်မှူးချုပ်ကျော်ဇောတို့ရဲ့ ရှေ့တန်း ဌာနချုပ် ရုံးစိုက်ရာ မိုင်းဆတ်သို့ စစ်လေယာဉ်ငယ်နဲ့ သွားရောက်ပြီး၊ တပ်မတော်သားများအား စိတ်ဓာတ်မြှင့်တင်ပေးပုံ သတင်းစာတွေထဲ ဖတ်ရချိန်၊ ကျနော်တို့ ရန်ကုန်တက္ကသိုလ်က အဆောင်တွေကလည်း ထမင်းတနပ်မစားဘဲ အဲဒီအတွက်ငွေ ရှေ့တန်းကတပ်မတော်သားများ အတွက်ပေးပို့လှူဒါန်းတဲ့ထဲ ကျနော်နေတဲ့ သထုံဆောင်လည်း ပါတာပေါ့။ ဘယ်သူကမှ စည်းရုံးလှုံ့ဆော်တာမဟုတ်။ ကိုယ့်အသိနဲ့ကိုယ် ကိုယ့်စေတနာနဲ့ကိုယ် တပြည်လုံး လုပ်ကြတာပါ။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြိုးပမ်းမှုကနေ ပေါက်ဖွားလာတဲ့ ပြည်ထောင်စု သားတွေနဲ့ ပြည်ထောင်စုတပ်မတော်သားတွေကြား ထားတဲ့အောင်ဆန်း စိတ်ဓာတ်လို့ ဆိုပါရစေ။ ယေဘုယျအားဖြင့် အဲဒီအနေအထားဟာ ၁၉၆၂ ခုနှစ်၊မတ်လ ၂ ရက်နေ့အထိလို့ ဆိုရပေလိမ့်မယ်။ နောက်ပိုင်း တိုင်းပြည်၊ တပ်မတော်၊ လူထု စသဖြင့် အကုန်လုံးပြောင်းလဲ သွားခဲ့တဲ့ထဲ ခေတ်ရော စနစ်ရော မကျန်။ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဘက်ဘက်က နိမ့်ဆင်းသွားခဲ့တာ ယနေ့မြင်နေရ တဲ့ အခြေအထိ မဟုတ်လား?

ဘယ်အချိန်မှာ တိုင်းပြည်ခြောက်ထဲကျဖို့ လက်တလုံးအလိုသို့ ရောက်ခဲ့ဖူးသလဲ? တပ်မတော်ကသာ ကယ်တင်ခဲ့ရိုးမှန်ရင် တပ်မတော်အပေါ် လူထုရဲု့ ယုံကြည် ကိုးစားမှု ပျောက်ပျက်နိုင်ပါ့မလား? ရှိခဲ့ဖူးတဲ့ ချောမွေ့တဲ့ အပြန်အလှန် ချစ်ကြည်မှုကော လျော့နည်းသွားပါ့မလား?

ယနေ့လူထုရဲ့အခြေအနေဟာ လူထုခေါင်းဆောင်အစစ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျှော်မှန်းချက်နဲ့ ကိုက်ညီပါသလား? တပ်မတော်ကကော ဗိုလ်ချုပ်အောင်ဆန်းလက်ထက်ဝေးလို့ ၁၉၆၂ ခု၊ မတ်လ ၂ ရက်နေ့ အထိနဲ့တောင် ရေးတေးတေးတူသေးရဲ့လား? စာဖတ်သူများ အချင်းချင်း မေးကြဖို့၊ ဆွေးနွေးကြဖို့၊ တွေးကြဖို့ လူအောင်ဆန်း (၈) ကိုရေးလိုက်ရကြောင်းပါ။

၂၀၁၅ ခု၊ဖေဖော်ဝါရီလ ၁၅ ရက်။

ဓါတ်ပုံ အညွှန်း-မေလ ၂၅ ရက်၁၉၄၇ ခုနှစ်မြန်မာပြည် သိမ်းပိုက်ရေးတိုက်ပွဲများတွင် ဗြိတိသျှရေတပ်မှ အသုံးပြုခဲ့သော ‘မေယု’ စစ်ရေယာဉ်အား ကန္ဒီစာချုပ်အရ ဗမာ့တပ်မတော်ဖွဲ့စည်းပြီး ဗမာ့ရေတပ်မတော် အတွက် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားမှ ဗိုလ်ချုပ်၏ရှားပါးဓာတ်ပုံ။ ပုံတွင်ဗိုလ်ချုပ်၏ အနောက်တွင်ဗိုလ်မှူး ဘသော်ကိုပါတွေ့မြင်နိုင်သည်

လူအောင်ဆန်း (၁ မှ ၆ ထိ) ဖတ်လိုလျှင် =>http://www.m-mediagroup.com/news/37705
လူအောင်ဆန်း (၈) ဖတ်လိုလျှင် =>http://www.m-mediagroup.com/news/37852
ဗိုလ်ချုပ် အောင်ဆန်း ဘဝမှတ်တမ်း ဓါတ်ပုံများ ကြည့်လိုလျှင် =>https://www.facebook.com/media/set/?set=a.501249889917486.100008.468226919886450&type=3

Comments

Leave a Reply