ဇွန် ၄၊ ၂၀၁၅
M-Media
– အာဆင်နယ်ကွင်းလယ်လူ မီဆုအိုဇေးလ်၏ ပရဟိတလုပ်ငန်းများကို ဂုဏ်ပြုသောအားဖြင့် ဂျာမနီအစိုးရက ၎င်းအား ဘောလုံးသံတမန်အဖြစ် ခန့်အပ်ခဲ့သည်ဟု သိရသည်။
အဆိုပါ ဂုဏ်ပြုမှုကို ပြည်သူများ၏ မဲပေးမှုဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်နည်းပြ ဂျာဂန် ကလင်းစမန်းနှင့် အက်စတွန်ဗီလာ ကွင်းလယ်လူဟောင်း သောမတ်စ် ဟစ်ဇဲလ်ပါဂါတို့လည်း ပါဝင်ခဲ့သည်။
“ကျွန်တော့်ရဲ့အလုပ်မှာ နည်းလမ်းအနည်းငယ်နဲ့ တကယ့်ကို ထူးခြားအောင် လုပ်ရပါတယ်။ ကျွန်တော်တို့ဟာ အရမ်းကို အခွင့်ထူးကြသူတွေပါ။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ကလေးတွေကို တတ်နိုင်သလောက် ကူညီပေးဖို့ ဖြစ်တယ်ဆိုတာ ကျွန်တော့်ကို သိတဲ့သူတိုင်းက ပြောပြပါလိ့မ်မယ်။ အသင်းက အကူအညီပေးချင်သူတွေကိုလည်း ကျွန်တော် ပြောထားပါတယ်။ ကျွန်တော်တို့ဟာ ဆုကြေးတွေကို အာဖရိက က မီးလောင်ခံရတဲ့ ကလေးတွေကိုကူညီဖို့ အသုံးပြုသွားမှာပါ။ ဘယ်လိုကူညီသွားမလဲဆိုတာ ကျွန်တော်တို့ စီစဉ်ပြီးပါပြီ” ဟု အိုဇေးလ်က Deutsche Welle သတင်းစာသို့ ပြောကြားခဲ့သည်။
အိုဇေးလ်၏ ပရဟိတလုပ်ရပ်များအတွက် အသိအမှတ်ပြုခံရခြင်းမှာ ယခုအကြိမ်သည့် ပထမဆုံးအကြိမ်ဟုတ်ပေ။ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် ဘရာဇီးလ်ရှိ ကျန်းမာရေးချို့တဲ့သော ကလေးငယ် ၂၃ ဦး ခွဲစိတ်ရန် ဆုကြေးငွေကို လှူဒါန်းခဲ့သည့်အတွက် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် Sport for Good ဆု ရရှိခဲ့သည်။
အိုဇေးလ်မှာ ပရဟိတလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အိုဇေးလ်ဖောင်ဒေးရှင်းကိုလည်း တည်ထောင်ထားသူဖြစ်သည်။
“ပရဟိတစလုပ်ဖို့ အချိန်အနည်းငယ်ကြာ စီစဉ်ခဲ့ရပါတယ်။ ဒီလို စီမံကိန်းနဲ့ မဆောင်ရွက်ခင် ကလေးတွေကို ကျွန်တော် ကူညီပေးခဲ့ဖူးပါတယ်။ အခု ကျွန်တော့်မှာ ကွန်ယက်ကောင်းကောင်း ရှိတာကြောင့် သူတို့လေးတွေကို မြန်မြန်ဆန်ဆန် ကူညီနိုင်တာပေါ့။ အဓိက ရည်ရွယ်ချက်ကတော့ ကလေးတွေကို အပြုသဘောဆောင်တဲ့ အနာဂတ် ဖန်တီးပေးဖို့ပါပဲ။ ဘ၀ကို ပျော်ရွှင်မှုကင်းမဲ့စွာ ဖြတ်သန်းနေရတဲ့ ကလေးတွေ အပြင်မှာ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က သူတို့ရဲ့ ဘ၀လေးတွေ နည်းနည်းပိုကောင်းအောင် လုပ်ပေးဖို့ပါပဲ”
Ref: Goal
Leave a Reply
You must be logged in to post a comment.