ဇွန် ၄၊ ၂၀၁၅
M-Media
– ယူရိန်းနိုင်ငံအရှေ့ပိုင်းတွင် ယမန်နေ့ညက ကြီးမားသော တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဖွဲ့နှင့် ရုရှားလိုလားသူ ခွဲထွက်ရေးတပ်ဖွဲ့တို့မှာ အပြန်အလှန် အပြစ်တင်ခဲ့ကြသည်။
ခွဲထွက်ရေးသမားများမှာ ၎င်းတို့ အခိုင်အမာတပ်စွဲထားရာ ဒွန်ညက်မြို့အနီးရှိ ယူကရိန်းစစ်တပ်များ၏ စခန်းများသို့ ကြီးမားသည့် ထိုးစစ်ဆင်မှုများ ယမန်နေ့ညတွင် ပြုလုပ်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုတွင် ဒါဇင်နှင့်ချီသော တင့်ကားများနှင့် ထောင်နှင့်ချီသော စစ်သည်အင်အား ပါဝင်ခဲ့သည့် ယူကရိန်း စစ်တပ်ဗိုလ်ချုပ်က ကြေညာချက်တွင် ပြောကြားခဲ့သည်။
ထို့ပြင် ယူကရိန်းတပ်ဖွဲ့ဝင်များမှာ လက်နက်ကြီးများဖြင့် အဆိုပါ ထိုးစစ်ဆင်မှုကို ရင်ဆိုင်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
ဥရောပမှ ကြားဝင်စေ့စပ်ပေးသည့် အပစ်ရပ်ရေးသဘောတူညီချက်ကို ယူကရိန်းနှင့် ခွဲထွက်ရေးသမားများက ဖေဖော်ဝါရီလတွင် လက်မှတ်ရေးထိုးခဲ့သော်လည်း ရှေ့တန်းစစ်မျက်နှာဖြစ်သော ယူကရိန်းအရှေ့ပိုင်းတွင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း
တိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားလာခဲ့သည်။
ယမန်နေ့က တိုက်ခိုက်မှုအတွင်း ဓာတ်အားပေးလိုင်း ပြတ်တောက်သွားခဲ့ပြီးနောက် ဒွန်ညက်မြို့ရှိ မိုင်းတွင်းကြီးနှစ်ခု၏ မြေအောက်၌ မိုင်းလုပ်သား ၉၀၀ ကျော် ပိတ်မိခဲ့သည်။ ညနေပိုင်းတွင် ကယ်ဆယ်မှုများကို လုပ်ဆောင်ခဲ့သော်လည်း မိုင်းလုပ်သား ၃၀၀ ကျော်မှာ ဆက်လက် ပိတ်မိနေဆဲဖြစ်သည်။
၂၀၁၄ ခုနှစ် ဧပြီလက စတင်ဖြစ်ပွားခဲ့သည့် ယူကရိန်းအစိုးရနှင့် ခွဲထွက်ရေးသမားတို့အကြား တိုက်ပွဲများကြောင့် လူပေါင်း ၆၄၀၀ ကျော် သေဆုံးခဲ့ရပြီဖြစ်သည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.