အောက်တိုဘာ ၈၊ ၂၀၁၅
M-Media
– လာမည့်နှစ်တွင် တစ်ပွဲထိုးသတ်ပြီးနောက် မိမိမှာ လက်ဝှေ့လောကမှ အနားယူရန် အလားအလာရှိနေသည်ဟု မတူညီသော ၀ိတ်တန်း ၈ ခု၌ ကမ္ဘာ့ချန်ပီယံဘွဲ့များ ရရှိထားသည့် ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုက ပြောကြားလိုက်သည်။
ပြီးခဲ့သည့်မေလ ဖလွိုက်မေ၀ယ်သာအား ရှုံးနိမ့်ခဲ့သည့် ပွဲအပြီးနောက် ပုခုံးဒဏ်ရာကြောင့် အနားယူနေရပြီး လာမည့်နှစ်ဆန်းပိုင်းတွင် လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ ၀င်ရောက်ရန် ရှိနေကာ လက်ရှိတွင် ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းနှင့် ထိုးသတ်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်။
“(အနားယူဖို့) ကျွန်တော် အဆင်သင့်ဖြစ်ပြီလို့ ထင်ပါတယ်။ လက်ဝှေ့လောကမှာ နှစ် ၂၀ ကျော် ကျင်လည်ခဲ့ပြီးပြီလေ” ဟု ပက်ကွီအိုက ဆိုပြီး မိမိမှာ နောက်ထပ်တစ်ပွဲထိုးရန် အဆန္ဒရှိသော်လည်း လက်ဝှေ့လောကမှ အနားယူသွားခဲ့သည့် မေ၀ယ်သာနှင့် မဖြစ်နိုင်တော့ဟု ထည့်သွင်းပြောကြားခဲ့သည်။
“(မေ၀ယ်သာနဲ့) ပြန်ထိုးဖြစ်မလားဆိုတာ မပြောနိုင်ပါဘူး။ သူ့အပေါ်မှာ မူတည်ပါတယ်”
လက်ဝှေ့လောကမှ အနားယူလျှင် နိုင်ငံရေးသမားဘ၀သို့ ၀င်ရောက်ချင်သည့် ပက်ကွီအိုမှာ လက်ရှိတွင် ဖိလစ်ပိုင် အောက်လွှတ်တော်အမတ်တစ်ယောက်ဖြစ်ပြီး လာမည့်နှစ်တွင် အထက်လွှတ်တော်အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု တနင်္လာနေ့တွင် တရားဝင် ကြေငြာခဲ့သည်။
Ref: Dailymail
Leave a Reply
You must be logged in to post a comment.