News @ M-Media

တက္ကသိုလ်ဝင်တန်း ပညာဒါန သင်တန်းဆင်းပွဲ ကျင်းပ

မတ် ၃ ၊ ၂၀၁၆
M-Media
သတင်း – ဟိန်းထက်

12512480_236685070004570_8392610195685140819_n
ဒလ မြို့နယ် ကမာကဆစ် အနောက်ကျောင်းတိုက် ဦးဆောင်ဆရာတော်ကြီး ဦးဧသိကနှင့် ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်(PCN) တို့ပူးပေါင်းဆောင်ရွက်မှု့ဖြင် ဖွင့်လှစ်သော ပညာဒါန သင်တန်းဆင်းပွဲကို မတ်လ ၂ရက်နေ့က အဆိုပါ ကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။

အဆိုပါ ပညာဒါန သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍  “တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ပညာရေးဖြင့် လောကကို အလှဆင်လိုသူ အနာဂတ်လူငယ်တွေအတွက် အထူးရည်ရွယ်ပါတယ်။ မြန်မာနိုင်ငံမှာ  တက္ကသိုလ်ဝင်တန်း(၁၀တန်း) စာမေးပွဲဟာ နှစ်စဉ်ဖြေဆိုသူ ၅သိန်းကျော် ရှိပေမယ့် အောင်မြင်သူပေါင်းဟာ တစ်သိန်း ခုနှစ်သောင်းကျော်သာရှိပါတယ်။ ရာခိုင်နှုန်း ၃၀ ကျော်လောက်သာ အောင်မြင်ကြပါတယ်။

မြန်မာနိုင်ငံမှ ပညာဒါနသင်တန်းတွေ သူ့နည်းသူ့ဟန်နဲ့ရှိကြသော်လည်း ဆင်ပါးစပ် နှမ်းပက်သလိုသာ ဖြစ်နေပါတယ်။ အလွန်းနည်းပါးလှပါတယ်။ ကျွန်တော်တို့ ဒီ ဒလမြို့နယ်မှာ တက္ကသိုလ်ဝင်တန်း ပညာဒါနဖွင့်လှစ်ရခြင်းရဲ့ရည်ရွယ်ချက်မှာ ဒီဒလမြို့နယ်မှာ ငွေကြေးအခက်အခဲရှိ၍ ကျူရှင်မတက်နိုင်သူ ပညာလိုချင်စိတ်ရှိသူ ကျောင်းသားကျောင်းသူများကို ရည်ရွယ်ပြီး ဒီသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ် ” လို့  ဦးဆောင်ဆရာများကိုယ်စား ၂၀၀၉ ခုနှစ်ကတည်းက ဒလပညာဒါနသင်တန်းတွင် အင်္ဂလိပ်စာသင်ကြားပေးနေသော ဆရာဂျက်ဖရီတင်အုန်း(ရန်ကုန်စက်မှု့တက္ကသိုလ်)က ပြောပါတယ်။

ပညာဒါန သင်တန်းကို ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရည်မှန်းကာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ကတည်းက ရက်ပေါင်း ၁၀၀ကျော် ဖွင့်လှစ် သင်ကြားပေးခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

သင်တန်းကာလအတွင်း သင်တန်းသား သင်တန်းသူ ၅၀ ကျော် တက်ရောက် သင်ယူခဲ့ပြီး ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမ ၁၇ ဦးတို့က သက်ဆိုင်ရာ ဘာသာရပ်များကို ပို့ချခဲ့ပါတယ်။

သင်တန်းကာလအတွင်း သင်တန်းသားများအတွက် လိုအပ်သော စာရွက်စာတမ်းများ ၊ စာရေးကိရိယာများ၊ ဘာသာစုံ မေးခွန်းဟောင်းများ၊ ဘာသာရပ်ဆိုင်ရာ အထူးမှတ်စုများ ၊ကျောင်းဝတ်စုံ တစ်ထည်တို့ကို ဝေငှ ထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။

်သင်တန်း ဆင်းပွဲ အခမ်းအနားကို ဦးဆောင်ဆရာတော်ကြီးနှင့်အတူ ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက်PCN မှ တာဝန်ရှိသူများ၊  အနောက်ပိုင်းတက္ကသိုလ်မြန်မာစာပါမောက္ခ ဒေါက်တာစိုးနိုင်၊ ပညာဒါန ဆရာဆရာမများ ၊ ကျောင်းသားကျောင်းသူများနှင့် ၎င်းတို့၏ မိဘများ တက်ရောက်ကြပါတယ်။

ဒါ့အပြင် ဒလမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ၊ မြို့နယ်ပညာ/ကျန်းမာရေးဖောင်ဒေးရှင်း၊  မြို့နယ်စည်ပင်သာယာရေးကော်မတီ တို့မှ တာဝန်ရှိသူများ ၊ အထူးဖိတ်ကြားထားသောဧည့်သည်များ စုစုပေါင်း ၁၀၀ ကျော်တက်ရောက်အားပေးကြပါတယ်။

ယခုကဲ့သို့ ပညာဒါနသင်တန်းများကို ၂၀၀၉ ခုနှစ်ကတည်းက အစ္စလာမ်ဘာသာဝင်ဆရာအများစု ဦးစီး၍ သင်ကြား ဖွင်လှစ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

သင်တန်းဆင်းပွဲတွင် “ထွေးဦးမြန်မာရုပ်သေးအဖွဲ့”မှ တင်ဆက် ဖျော်ဖြေ ကပြဖျော်ဖြေခဲ့ကြောင်း သတင်းရရှိပါတယ်။

Comments

Leave a Reply