နိုဝင်ဘာ ၄၊ ၂၀၁၆
– အတိတ်မှာ ဖန်ထည်၊ မှန်ထည်တွေကို ဘယ်လိုထုတ်လုပ်လဲဆိုတာနဲ့ပတ်သက်ပြီး ယနေ့ ကျွန်တော်တို့ သိရှိမှုဟာ သမိုင်းဆိုင်ရာနေရာတွေ တူးဖော်မှု၊ တစ်ခေတ်တစ်ခါက ခရီးသွားတွေ မှတ်တမ်းတင်ထားမှုတွေကနေတစ်ဆင့် ဖြစ်ပါတယ်။ ဒီရင်းမြစ်တွေကို ကြည့်ရင် ၁၃ ရာစုနဲ့ ၁၄ ရာစုတွေမှာ ဆီးရီးယားဟာ ကမ္ဘာ့ ဖန်ထည်၊ မှန်ထည်ထုတ်လုပ်မှုရဲ့ အချက်အခြာနေရာဖြစ်တယ်ဆိုတာကို တွေ့ရပြီး အထူးသဖြင့် အဲလစ်ပို (Aleppo) နဲ့ ဒမတ်စကတ် (Damascus) မြို့တွေဖြစ်ပါတယ်။ သမိုင်းပညာရှင်ဖြစ်ပြီး ခရီးသွားတစ်ဦးလည်းဖြစ်တဲ့ အစ်ဗနေ့ဘက်တူတာ (Ibn Battuta) ကတော့ ၁၃၀၀ ပြည့်နှစ်တွေမှာ သူဖြတ်သွားတဲ့အချိန် ဒမတ်စကတ်ဟာ မှန်ထည်ထုတ်လုပ်မှုမှာ အချက်အခြာနေရာဖြစ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဆီးရီးယားတင်မကဘဲ အီဂျစ်၊ အီရတ်နဲ့ စပိန်က အန်ဒါလူစီယာဒေသတွေဟာ ၈ ရာစုကနေစလို့ မှန်သွေးတဲ့နည်းစနစ် ဒါမှမဟုတ် ပုံစံခွက် (မို) ကိုအသုံးပြုတဲ့ နည်းစနစ် စတာတွေနဲ့ ဖန်ထည်မှန်ထည်တွေကို အမြောက်အများ ထုတ်လုပ်ခဲ့ကြပါတယ်။
မွတ်စလင်တွေဟာ ရောမတွေရဲ့ ဖန်ချက်လုပ်ငန်းကို အမွေဆက်ခံခဲ့ပြီး ဆီးရီးယားနဲ့ အီဂျစ်တို့မှာ အခြေစိုက်ကာ ‘နှစ်ထပ်တံဆိပ်ရိုက်နည်း’ (ဖန်ထည်များ ပူနေသည့်အချိန် လှပသော ဒီဇိုင်းများ ရိုက်ခြင်း) ‘ဖန်မျှင်ဖြင့် အလှဆင်နည်း’ (ရောမနှင့် ဘိုင်ဇန်တိုင်းတို့၏နည်းလမ်းကို ဆက်လက်အသုံးပြုခြင်း) နဲ့ ‘ပုံကြမ်းဖော်နည်း’ (အသင့်ပြင်ဆင်ထားသည့် ပုံကြမ်း (မို) ထဲသို့ ဖန်ရည်လောင်းထည်ခြင်း) စတဲ့ နည်းလမ်းတွေကိုလည်း ဖော်ထုတ်အသုံးပြုခဲ့ပါတယ်။ ပြီးတော့ ဖန်ထည်တွေပေါ်မှာ စာလုံးထွင်းတာ၊ မှန်သွေးတာတွေကို လက်နဲ့၊ ဒါမှမဟုတ် ဘီးလုံးအသုံးပြုပြီး ဆောင်ရွက်တဲ့ နည်းလမ်းကိုလည်း မွတ်စလင်တွေကပဲ ဖွံ့ဖြိုးစေခဲ့တာဖြစ်ပါတယ်။ နောက်ပြီး ဖန်ထည်ပစ္စည်းအလှဆင်မှုကို ပြီးပြည့်စုံအောင် ဆောင်ရွက်ခဲ့ပြီး၊ ပုလင်း၊ ဓာတ်ဘူး၊ ပန်းအိုးနဲ့ သောက်ရေခွက်တွေ အပါအ၀င် ထုတ်ကုန်မြောက်များစွာကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။
၁၃ ရာစုအရောက်မှာတော့ အရည်အသွေးကောင်းမွန်တဲ့ ဆီးရီးယားက ဖန်ထည်တွေဟာ ကမ္ဘာတစ်ဝှမ်းက ကုန်သည်တွေ၊ ပြည်သူတွေရဲ့ ကြိုက်နှစ်သက်မှုကို ခံခဲ့ရပြီး၊ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ တူးဖော်မှုတွေအရ ဆွီဒင်၊ ရုရှားတောင်ပိုင်းနဲ့ တရုတ်ပြည်အထိမှာပါ သက်တမ်း ၇၀၀ လောက်ရှိတဲ့ ကြွေရည်သုတ်ဖန်ထည်တွေကို တွေ့ရှိခဲ့ရပါတယ်။
အီရတ်နိုင်ငံ ဆာမာရာ (Samara) မြို့ကလည်း ဖန်ထည်ထုတ်လုပ်မှုမှာ ကျော်ကြားပါတယ်။ ဖန်ထည်မှန်ထည်နဲ့ပတ်သက်ပြီး တူးဖော်တွေ့ရှိရမူမှာ ရင်သပ်ရှုမောစရာ အကောင်းဆုံးကတော့ ‘မီလီဖီအိုရီ’ (millefiori) လို့ခေါ်တဲ့ တောက်ပတဲ့ အပြောက်အမွှမ်းဒီဇိုင်း ဖန်ထည်တွေဖြစ်ပြီး ဒီ ဒီဇိုင်းဟာ စောစောပိုင်းတုန်းက ရှိခဲ့တဲ့ ထူးခြားတဲ့အရောင်အသွေးတွေ၊ ဒီဇိုင်းတွေထက် သာလွန်တဲ့ ဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားတဲ့ တွေ့ရှိမှုတစ်ခုကတော့ ဆာမာရာမြို့က ၉ ရာစုမှာ ထုတ်လုပ်ခဲ့တဲ့ တစ်ဖြောင့်တည်းဖြစ်နေတဲ့ ပန်းကန်လုံးဖြစ်ပါတယ်။
ဆာမာရာက ဖန်ချက်သူတွေဟာ ရေမွှေးတို့လို အရာတွေထည့်ဖို့အတွက် ဖန်ပုလင်း သေးသေးလေးတွေ ထုတ်လုပ်နိုင်မှုကြောင့်လည်း နာမည်ကျော်ပါတယ်။ တစ်ချို့ပုလင်းလေးတွေဟာ အနားလေးဖက်ရှိပြီး ထိပ်ပိုင်း အပေါက်မှာ စလင်ဒါပုံဖြစ်နေတဲ့ အပြာရောင်၊ အစိမ်းရောင် စတဲ့ သစ်တော်သီး ပုံစံလေးတွေ ဖြစ်ပါတယ်။ အဲဒီပုလင်းငယ်လေးတွေဟာ အချိန်စီးပြီး မှန်သွေးတဲ့နည်းလမ်းကို အသုံးပြုကာ လှပအောင် ပြုလုပ်လေ့ရှိပါတယ်။ ဆာမာရာဒေသမှာ မှန်သွေးတဲ့နည်းလမ်းနဲ့ စတိုင်ကျကျ ချယ်သပုံဖော်ထားပြီး တော်တော်လေး လှပတဲ့ ၉ ရာစု ဖန်ထည်အပိုင်းအစတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။
အေဒီ ၆၄၀ ပြည့်နှစ်တွေက တည်ထောင်ခဲ့တဲ့ ‘ကိုင်ရိုမြို့ဟောင်း’ အလ်-ဖွတ်စ်တက် (Al-Fustat) မှာ တူးဖော်မှုတွေကနေ တွေ့ရှိရတဲ့ ဖန်ထည်အပိုင်းအစတွေက ဒီဒေသဟာ ၈ ရာစုကနေ အလယ်ခေတ်လျှောက်လုံးမှာ ဖန်ထည်မှန်ထည်ထုတ်လုပ်မှု အချက်အချာဖြစ်ရမယ်ဆိုတာကို ပြသနေပါတယ်။ အဲဒီမှာ တွေ့ရတဲ့ ရှေးအကျဆုံးပစ္စည်းကတော့ သက္ကရာဇ် ၇၀၈ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ ငွေအကြွေစေ့လို့ ဖန်ထည်မျိုးဖြစ်ပြီး ဘုရင် ဒါမှမဟုတ် အစိုးရအကြီးအကဲတွေရဲ့ နာမည်တွေကို ရိုက်နှိပ် ထားပါတယ်။ အဲဒီဖန်ထည်တွေဟာ အရောင်အသွေးလည်း စုံလင်လှပြီး အစိမ်းရင့်ရောင်၊ အစိမ်းနုရောင်နဲ့ စိမ်းပြာရေင်တွေကနေ အဖြူရောင်၊ ခရမ်းရောင်တွေအထိ ပါဝင်ပါတယ်။ ကိုင်ရိုမြို့ဟောင်းက ဖန်ထည် လက်ရာတွေထဲမှာ အဆန်းပြားဆုံးကတော့ ဖန်ထည်ရဲ့ မျက်နှာပြင်မှာ ကော့ပါး ဒါမှမဟုတ် ဆေးလ်ဗားအောက်ဆိုက် (silver oxide) တွေနဲ့ ဖန်တီးလေ့ရှိတဲ့ ဖိတ်ဖိတ်တောက် အပြောက်အမွှမ်းတွေ ချယ်သထားတာပဲ ဖြစ်ပါတယ်။ ဒီလို ဖန်ထည်မျိုးရဖို့အတွက် အပူချိန် ၆၀၀ ဒီဂရီဆဲလ်စီးယက်စ်လောက် ပေးရတာပါ။
မွတ်စလင်ကမ္ဘာဟာ ဖန်ထည်၊ မှန်ထည်လုပ်ငန်းဟာ အရှေ့ပိုင်းမှာပဲ တန့်နေတာ မဟုတ်ပါဘူး။ အလ်-အန်ဒါလုစ်က ဖန်ထည်မှန်ထည်တွေကလည်း ဒီဒေသကထွက်တဲ့ မြေထည်တွေလို ၀ယ်လိုအား ကောင်းမွန်ပါတယ်။ လက်ကိုင် ၂ ခု၊ ၄ ခုကနေ ၈ ခုအထိပါဝင်တဲ့ ခရားတွေ၊ လက်ကိုင်နဲ့ အမြှေင်းတွပါတဲ့ ပန်းကန်လုံးတွေကိုလည်း တွေ့ရပါတယ်။ အလ်-အန်ဒါလုစ်က ဖန်ထည်၊ မှန်ထည်တွေ အဓိက ဖန်တီးရာ နေရာတွေကတော့ အလ်မာရီယာ (Almeria)၊ မူရ်စီယာ (Murcia) နဲ့ မာလာဂါ (Malaga) တို့ဖြစ်ကြပြီး အလ်မာရီယာကထွက်တဲ့ ဖန်ထည်၊ မှန်ထည်တွေကတော့ ကမ္ဘာကျော်ပါတယ်။ ဒီမြို့ ၃ မြို့ကထွက်ပြီး အရှေ့တိုင်းလက်ရာတွေကို တုပ ဖန်တီးထားတဲ့ လက်ကိုင်မပါတဲ့ ဖောင်းကြွ မတ်ခွက်တွေဟာ ၉ ရာစု လီယွန် (Leon) ဘုရင့်နိုင်ငံက ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေရဲ့ စားပွဲဝိုင်းတွေမှာ မပါမဖြစ် ပစ္စည်းတွေပါပဲ။
ခရစ္စတယ်သွေးတဲ့ နည်းစနစ်ကို ၉ ရာစုမှာ အလ်-အန်ဒါလုစ် ကော်ဒိုဘာမြို့က အဘတ်စ် အစ်ဗနေ့ ဖီရ်နက်စ် (Abbas ibn Firnas) က စတင်ဖော်ထုတ်ခဲ့တယ်လို့ ပြောစမှတ်ပြုကြပါတယ်။ သူဟာ အလ်-အန်ဒါလုစ်ပြည့်ရှင် အဘ်ဒဲလ်-ရဟ်မန် ၂ (Abd al-Rahman II) နဲ့ မိုဟာမက် ၁ (Muhammad) တို့ရဲ့ လက်ထက်မှာ နန်းတော်မှာ ခစားရတဲ့ ပညာရှင်နဲ့ တီထွင်ကြံဆသူတစ်ဦး ဖြစ်ပါတယ်။ ဖီရန်နက်စ်ဟာ ၀ှက်စာတွေဖော်ရာမှာ ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်ပြီး လူရဲ့လက်နှစ်ဖက်မှာ တောင်ပံတွေတက်ကာ အဆောက်အဦးပေါ်ကနေ ခုန်ချပြီး ပျံသန်းမှုကို ပထမဆုံး စမ်းသပ်ခဲ့သူလည်း ဖြစ်ပါတယ်။ ဖန်ထည်မှန်ထည်နဲ့ ပတ်သက်လာရင်တော့ ဖီရ်နက်စ်ဟာ အဲဒီပစ္စည်းတွေရဲ့ သိပ္ပံနည်းကျ ဂုဏ်သတ္တိတွေကို ထဲထဲဝင်ဝင်သိရှိခဲ့ပြီး မှန်ဘီလူးတီထွင်ဖို့ ကနဦးစမ်းသပ်မှုတွေ လုပ်ခဲ့ကာ စာတွေကို ချဲ့ကြည့်နိုင်မယ့် အယူအဆကို ဖော်ထုတ်ခဲ့တာကလည်း သူပဲ ဖြစ်ပါတယ်။ နောက်ပြီး တွင်းထွက်ကျောက်တွေကို အခြေခံကာ အန်ဒါလူစီယာမှာ ခရစ္စတယ်လုပ်ငန်းကို တည်ထောင်ခဲ့ပါတယ်။
ဒါဟာ ဖန်ထန်မှန်ထည်လုပ်ငန်းရဲ့ လှပတဲ့ သမိုင်းကြောင်းဖြစ်ပြီး ဆီးရီးယား၊ အီဂျစ်၊ အီရတ်၊ အန်ဒါလူစီယာက ဖန်ချက်စက်ရုံကြီးတွေကနေ ကမ္ဘာတစ်ဝှမ်းကို ပြန့်နှံသွားခဲ့တဲ့ ဒီလုပ်ငန်းကြောင့် လူသားတွေရဲ့ စားပွဲတွေ၊ အိမ်တွေမှာ အသုံးဝင်တဲ့၊ အလှအပဖြစ်စေမယ့် ပစ္စည်းတွေနဲ့ ဆင်ယင်ချယ်သနိုင်ခဲ့ကြပါတယ်။
(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)
(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)
Comments