ဇူလိုင် ၂၉၊ ၂၀၂၀
M-Media
-အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်က ဈာပနတစ်ခုမှာ ဟိန္ဒူဇာတ်မြင့်တွေက ဇာတ်နိမ့်တွေ အပေါ် အနိုင့်ကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် လူလူချင်းခွဲခြားမှုစနစ် ပပျောက်ရေး တောင်းဆိုမှုတွေ မြင့်တက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ် အဂ်ရာခရိုင်က ဇာတ်နိမ့် ဒါလစ်အမျိုးသမီးတစ်ဦးရဲ့ ဈာပနာကို အမျိုးသား ၂၀၀ လောက်ကဝင်လာပြီး အလောင်းကို မီးသင်္ဂြိုဟ်စင်ကနေ ဆွဲထုတ်သွားတာပါ။ မီးသင်္ဂြိုဟ်စင်ဟာ ဇာတ်မြင့်တွေအတွက်ဖြစ်ပြီး ဇာတ်နိမ့်တွေ သုံးလို့မရဘူးလို့လည်း ဒီလူတွေက ပြောသွားပါတယ်။
ကွယ်လွန်သူရဲ့ ခင်ပွန်းနဲ့ မိသားစုဝင်တွေက ဒီလိုမလုပ်ဖို့ တောင်းပန်ခဲ့ကြပေမယ့် လူအုပ်ကြီးက နားမထောင်ခဲ့ဘူးလို့ ဆိုပါတယ်။
အူတာပရာဒက်ရှ်ပြည်နယ်ဟာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ကြီးစိုးတဲ့ ပြည်နယ်ဖြစ်ပြီး တစ်ချို့ဒေသတွေမှာ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှု ပြင်းထန်လေ့ရှိပါတယ်။ အိန္ဒိယရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ ဇာတ်ခွဲခြားမှုစနစ်ကို တားမြစ်ထားပါတယ်။
ဒီအဖြစ်အပျက်ဟာ အိန္ဒိယကဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ အလျင်အမြန် ပြန့်နှံ့သွားခဲ့ပြီး ဆန့်ကျင်ပြောကြားမှုတွေ ပေါ်ပေါက်လာပါတယ်။
အူတာပရာဒက်ရှ်ပြည်နယ် ထင်ရှားတဲ့ ဇာနိမ့်နိုင်ငံရေးသမား ကူမာရီ မာယာ၀တီက ဒီလုပ်ရပ်ဟာ ရှက်စရာအကောင်းဆုံး လုပ်ရပ်ဖြစ်တယ်လို့ Twitter စာမျက်နှာမှာ ပြောကြားခဲ့ပါတယ်။
ဒေသရဲတပ်ဖွဲ့က ကျူးလွန်ခံရတဲ့မိသားစု လာရောက်တိုင်ကြားမှုမရှိရင် အရေးယူပေးလို့မရဘူးလို့ ပြောပါတယ်။
ကွယ်လွန်သူရဲ့ခင်ပွန်းနဲ့ မိသားစုက နောက်ထပ်ရန်ညှိုးရန်စထားမှာကို ကြောက်ရွံ့ပြီး ရွာမှာ ငြိမ်းချမ်းစွာ နေလိုတဲ့အတွက် အမှုဖွင့်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ ဟိန္ဒူဇာတ်နိမ့်တွေအပေါ် ဇာတ်မြင့်တွေက ခွဲခြားဆက်ဆံမှု၊ ညှင်းပမ်းမှုဟာ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး BJP ပါတီ အာဏာရပြီးတဲ့နောက်ပိုင်း ပိုဆိုးလာတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။
Ref: Aljazeera
Comments