News @ M-Media

နျူလက်နက်ပေးပြီး ဘယ်လာရုဇ်ကို ဓားစားခံလုပ်တော့မည့် ပူတင်

မတ် ၂၆၊ ၂၀၂၃

M-Media

-အိမ်နီးချင်း ဘယ်လာရုဇ်နိုင်ငံမှာ နျူလက်နက်တွေ ချထားဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်က ပြောပါတယ်။ 

Tactical Nuclear Weapon လို့ခေါ်တဲ့ အသေးစား နျူလက်နက်တွေ ရုရှားက ပေးပို့မှာပါ။ ယူကရိန်းစစ်ပွဲမှာ ပူတင်ဟာ နျူလက်နက်သုံးဖို့ စီစဥ်နေတယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေတဲ့အချိန် ဒီသတင်း ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ 

အမေရိကန်ဟာ ဥရောပမဟာမိတ်နိုင်ငံတွေမှာ အရင်ကတည်းက နျူလက်နက်ချထားတဲ့အတွက် သူ့ရဲ့ အခုလုပ်ဆောင်မှုဟာ နျူလက်နက်မပြန့်ပွားရေး သဘောတူညီချက်ကို မချိုးဖောက်ဘူးလို့ ပူတင်က ဆိုပါတယ်။ 

ဘယ်လာရုဇ်ဟာ နေတိုးအဖွဲ့၀င် ပိုလန်နိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေပြီး အရင်ကတည်းက ရုရှားထံကနေ နျူလက်နက်တွေ ချထားဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ 

နျူလက်နက်တွေထားဖို့ ခိုင်မာတဲ့အဆောက်အဦးတွေကို ဇူလိုင် ၁ ရက်နေ့ မတိုင်ခင် အပြီးဆောက်လုပ်ဖို့ရှိတယ်လို့ ပူတင်ကဆိုပါတယ်။ 

ရုရှားဟာ နျူလက်နက် တပ်ဆင်နိုင်တဲ့ တိုက်လေယာဥ် ၁၀ စီး၊ နျူးဒုံး ထည့်ပစ်နိုင်တဲ့ Iskander ဒုံးကျည်စနစ်တွေကိုလည်း ဘယ်လာရုဇ်မှာ ချထားပါတယ်။

ယူကရိန်းကတော့ ရုရှားဟာ ဘယ်လာရုဇ်ကို နျူဓားစားခံ လုပ်လိုက်ပြီလို့ တုန့်ပြန်ပြောဆိုထားပါတယ်။ 

Ref: Reuters