News @ M-Media

ဂါဇာမှ အစ္စရေး၏လူသတ်ပွဲ အသတ်ခံရသူ ၂၅၀၀၀ ကျော်ပြီ

ဇန်န၀ါရီ ၂၁၊ ၂၀၂၄

M-Media 


-ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာကမ်းမြှောင်မှာ ပါလက်စတိုင်းပြည်သူ ၁၇၈ ဦးကို အစ္စရေးက သတ်ဖြတ်ခဲ့ပါတယ်။ 

အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ဂါဇာမှာ အစ္စရေးရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကို ခံရတဲ့ ပါလက်စတိုင်းအရေအတွက်ဟာ ၂၅၁၀၅ ဦး ရှိလာခဲ့ပြီဖြစ်ပါတယ်။ အနည်းဆုံး ၉၆၀၀ က ကလေးငယ်တွေပါ။ 

ဒဏ်ရာရသူအရေအတွက်က ၆၂၆၈၁ ဦး ရှိနေပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်ဖျက်ဆီးမှုတွေကြောင့် ပြိုကျသွားတဲ့ အဆောက်အဦးတွေအောက်မှာ ပိတ်မိပျောက်ဆုံးနေသူ ၈ ထောင်ကျော် ရှိနေပါတယ်။  

ဂါဇာကမ်းမြှောင်မှာ ပါလက်စတိုင်း လူဦးရေ  ၂ ဒဿမ ၃ သန်းရှိပြီး ၃ လကျော်အတွင်း အစ္စရေးရဲ့ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ၈၅ ရာခိုင်နှုန်းဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ 

ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရသူတွေက ၁ ဒဿမ ၇ သန်း ရှိနေပါတယ်။ 

လူနေအိမ်ယာပေါင်း ၃ သိန်း ၆ သောင်းကျော်၊ ပညာရေးအဆောက်အဦး ၃၇၈ ခု၊ ဘာသာရေးအဆောက်အဦး ၂၂၁၊ မုန့်ဖို ၁၁ ဖို စတာတွေကို အစ္စရေးက ဖျက်ဆီးထားပါတယ်။ 

ဂါဇာမှာ ဆေးရုံပေါင်း ၃၅ ရုံရှိရာမှာ ၁၉ ခုက လုံး၀ ဖျက်ဆီးခံလိုက်ရပြီး ကျန်တဲ့ ၁၆ ခုကလည်း တစ်စိတ်တစ်ပိုင်းသာ လည်ပတ်နိုင်ပါတော့တယ်။ လူနာတင်ယာဥ် ၁၂၂ စီးကိုလည်း အစ္စရေးက တိုက်ခိုက်ခဲ့ပါတယ်။ 

ပါလက်စတိုင်းပိုင်နက် နောက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်းမှာလည်း ၃ လအတွင်း အစ္စရေးက ၃၆၉ ဦးသတ်ဖြတ်ခဲ့ပြီး၊ ဒဏ်ရာရသူအရေအတွက်က ၄၀၀၀ ကျော် ရှိနေပါတယ်။ 

Ref: Aljazeera