News @ M-Media

လပေါ်က ဂြိုဟ်ဆင်းယာဥ်ငယ်ကို ပြန်အသက်သွင်းဖို့ ကြိုးစားမယ့် ဂျပန်

ဇန်န၀ါရီ ၂၂၊ ၂၀၂၄

M-Media 


-လပေါ်ကိုဆင်းပြီး စက်သတ်ထားရတဲ့ လသွားယာဥ်ငယ်ဟာ နောက်ပိုင်းမှာ ပြန်လည်အသက်၀င်လာနိုင်မယ်လို့ ယုံကြည်ကြောင်း ဂျပန်အာကာသစူးစမ်းရေး အေဂျင်စီ JAXA က ထုတ်ပြန်ပါတယ်။ 

ဂျပန်ရဲ့ လစူးစမ်းရေးဂြိုဟ်တုက လသွားယာဥ်ငယ် Moon Sniper ဟာ စနေနေ့မှာ လမျက်နှာပြင်ပေါ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တာပါ။ 

အဲဒါကြောင့် ဂျပန်ဟာ ကမ္ဘာမှာ လပေါ်ကို စူးစမ်းရေးယာဥ် ဆင်းသက်နိုင်တဲ့ ပဥ္စမမြောက်နိုင်ငံအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။ 

ဒါပေမယ့် ဘတ္ထရီကိုအားသွင်းတဲ့ ဆိုလာဆဲလ်တွေ ပြဿနာကြောင့် ဆင်းသက်ပြီး မိနစ် ၂၀ လောက်မှာပဲ စက်ကို သတ်ထားလိုက်ရပါတယ်။ 

JAXA က လသွားယာဥ်ငယ်ရဲ့ ဆိုလာဆဲလ်တွေဟာ လက်ရှိမှာ နေရောင်မရတဲ့ အနောက်ဖက်ကို မျက်နှာမူနေတဲ့အတွက် ဘတ္ထရီကို အားမသွင်းနိုင်ဘဲ အား ၁၂ ရာခိုင်နှုန်းနဲ့ စက်ပိတ်ခဲ့ထားရတယ်လို့ ထုတ်ပြန်ပါတယ်။ 

နောက်ပိုင်း နေရောင်ရတဲ့အခါမှာ စက်ပြန်နှိုးကာ အသုံးပြုနိင်ဖို့ မျှော်လင့်ထားပြီး၊ ဒီအတွက် ပြင်ဆင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဂျပန်အာကာစူးစမ်းရေး အေဂျင်စီဟာ Moon Sniper လပေါ်ကို ဆင်းသက်စဥ်က အချက်အလက်တွေကို ရရှိထားပြီး လေ့လာဆန်းစစ်မှုတွေ ပြုလုပ်နေပါတယ်။ 

ဂျပန်ရဲ့ ဒီစီမံကိန်းဟာ လရဲ့ အတွင်းပိုင်းအလွှာကို လေ့လာစူးစမ်းဖို့ ဖြစ်ပါတယ်။ 

Ref: Reuters