News @ M-Media

အကြွေစေ့အရွယ်သာရှိပြီး နှစ် ၅၀ အထိ အားသွင်းစရာမလိုတဲ့ ဖုန်းဘတ္ထရီ

မတ် ၂၄၊ ၂၀၂၄

M-Media


– တရုတ်နိုင်ငံက နည်းပညာကုမ္ပဏီ Betavolt ဟာ ဖုန်းတွေမှာသုံးနိုင်မယ့် နျူကလီးယား ဘတ္ထရီတစ်မျိုးကို တီထွင်နိုင်ခဲ့ပြီး နှစ် ၅၀ အထိ အားမသွင်းဘဲ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ 

အကြွေစေ့အရွယ်လောက်သာရှိတဲ့ အဲဒီဘတ္ထရီမှာ နျူကလီးယား အိုင်ဆိုတုပ် ၆၃ ခု ပါ၀င်ပါတယ်။ နျူစွမ်းအင်ကို ဒီလို အသေးချုံ့တာဟာ သူတို့ ပထမဆုံးဖြစ်တယ်လို့ Betavolt ကုမ္ပဏီက ပြောပါတယ်။ 

အိုင်ဆိုတုပ်တွေ ဆွေးမြေ့ပျက်ဆီးရာက ထွက်လာတဲ့ စွမ်းအင်ကို လျှပ်စစ်အဖြစ်ပြောင်းတဲ့ နည်းပညာကို သုံးထားတာပါ။ ဒါဟာ ၂၀ ရာစုကတည်းက ရှာတွေ့ခဲ့တဲ့ နည်းပညာလည်း ဖြစ်ပါတယ်။ 

၃ ဗို့၊ ၁၀၀ မိုက်ခရို၀ပ် ထုတ်ပေးနိုင်မယ့် အဲဒီဘတ္ထရီကို သိပ်မကြာခင်မှာ စီပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ကုမ္ပဏီ စီအီးအို ကျန်း၀ေက ပြောပါတယ်။

မီးလောင်မှုအန္တရာယ် အလွန်နည်းပါးပြီး၊ လူ့ခန္ဓာကိုယ်ထဲ ထည့်သွင်းအသုံးပြုမယ့် ဆေးဘက်ဆိုင်ရာ ကိရိယာတွေမှာလည်း အန္တရာယ်ကင်းကင်း အသုံးပြုနိုင်တယ်လို့ ဘတ္ထရီမိတ်ဆက်ပွဲမှာ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ 

Betavolt ကုမ္ပဏီဟာ ၂၀၂၅ ခုနှစ် ဓာတ်အား ၁ ၀ပ် ထုတ်နိုင်မယ့် နျူဘတ္ထရီ ထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်။ 

အစိုးရတွေက နျူဘတ္ထရီတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခွင့်ပေးမလားဆိုတဲ့အပေါ် မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။ 

တကယ်လို့ အသုံးပြုခွင့် ပေးလာမယ်ဆိုရင် အနာဂတ် စမတ်ဖုန်းတွေဟာ တစ်သက်သာ အားသွင်းစရာမလိုတဲ့ ကိရိယာတွေ ဖြစ်လာမှာဖြစ်သလို၊ ဒရုန်းတွေကလည်း ရပ်တန့်စရာမလိုဘဲ ပျံသန်းနိုင်တဲ့ ယာဥ်တွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ 

Ref: Interesting Engineering