News @ M-Media

Author: editor

  • “၂၁-ပင်လုံ မြန်မာ့ဂုဏ်” (ကဗျာ)

    “၂၁-ပင်လုံ မြန်မာ့ဂုဏ်” (ကဗျာ)

    ၂၀-ရာစုပင်လုံနှင့် အစချီ
    လွတ်လပ်သောမြန်မာအဖြစ် တည်ချိန်
    နောင် နှစ်-၇၀ သာရှည်ကြာ
    လက်နက်ကိုင်ပဋိပက္ခတွေ မဆုံး
    စီးပွားစိတ်ဓာတ်အညွန့်တုန်းလို့
    ပြည်တွင်းစစ်မီးလျှံ ဖုံးနေတော့
    နိုင်ငံ့အနာဂတ် ပျက်သုဉ်းနေရပြီပေါ့။

    စိတ်ဓါတ်နှင့် ခွန်အားတည်
    အနာဂတ်မျိုးဆက်စီ လက်ဆင့်ကမ်းချိန်
    အတိတ်ကဒဏ်ရာ ခ၀ါချကာ
    သံသယအတွေးတွေ ချေမှုန်း
    ပင်လုံစိတ်ဓာတ်သုံးလို့
    အေးချမ်းတိုးတက်မှု ဝေမဆုံးလေတော့
    ပြည်ထောင်စုကြီး အဓွန့်ရှည်ဦးမပေါ့။

    ၂၁-ပင်လုံနှင့် အခြေတည်
    ဒီမိုကရေစီဖဒရယ်လ်ပြည်ထောင်စုဆီ မှန်းချိန်
    တပ်ဖခင်သမီး ပန်းတိုင်စီကာ
    လက်နက်ကိုင်ပဋိပက္ခတွေ ဆိတ်သုဉ်း
    ညှိနှိုင်းဖွေရှာစုသီကုံးလို့
    NCA လက်မှတ် အကျူံးဝင်စေတော့
    ပဉ္စမနိုင်ငံတော် ဂုဏ်ဝါထည်စေမပေါ့။

    ငြိမ်းမူ(၆)ရပ်နှင့် အညီ
    သတ်မှတ်ပန်းတိုင်ဆီ လှမ်းချိန်
    သစ္စာရှိ တာဝန်သိကာ
    တွဲလက်ပံ့ပိုးမှုတွေ အခိုင်မြဲဆုံး
    တိုင်းရင်းပြည်သူ ညီတူရုန်းလို့
    ငြိမ်းချမ်းရေးအုတ်မြစ်ကြီး ခိုင်မာလေတော့
    ကမ္ဘာမှာမြန်မာဟေ့…လို့ မော်မဆုံးရှိလာချေမပေါ့။

    ဒေါက်တာ သိန်းမိုးဝင်း
    (၀၈-ဇွန်လ-၂၀၁၇)
    The University of New South Wales (UNSW)

  • မောင်သော်က (ခ) ဗိုလ်မှူးဘသော်  ကွယ်လွန်ခြင်း (၂၆)နှစ်ပြည့်အခမ်းအနား ပြုလုပ်မည်။

    မောင်သော်က (ခ) ဗိုလ်မှူးဘသော် ကွယ်လွန်ခြင်း (၂၆)နှစ်ပြည့်အခမ်းအနား ပြုလုပ်မည်။

    ဇူလိုင် ၆ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ

    စာပေလောကတွင် ထင်ရှားသည့် စာရေးဆရာကြီး တစ်ဦးဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်သူများထဲက တစ်ဦးဖြစ်သည့် စာရေးဆရာကြီး မောင်သော်က ကွယ်လွန်ခြင်း ၂၆ နှစ်ပြည့် အမှတ်တရ အထိမ်းအမှတ် အခမ်းအနားတရပ်ကို ၂၀၁၇ ခုနှစ် ဇွန်လ ၁၁ ရက်တွင်   Yangon Book Plaza၊ မှာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

    အခမ်းအနားတွင်  ဆရာ မောင်သော်ကနှင့် ပတ်သက်သည့် အမှတ်တရ အကြောင်းအရာများပြောကြားခြင်း၊ စာအုပ်များ ပြသခြင်း၊ ဆရာမောင်သော်က ကဗျာများ ရွတ်ဖတ်ခြင်းတို့နှင့် တက်ရောက်သူတိုင်းကို ဆရာမောင်သော်က အမှတ်တရ မှတ်တမ်းစာအုပ်လေးများ ကမ်းခြင်းတို့ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရပါတယ်။

    ရေတပ်ဗိုလ်မှူးဟောင်း တဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်၊ သရော်စာအရေးကောင်းသူ စာရေးဆရာတဦးလည်းဖြစ်တဲ့ မောင်သော်က (အမည်ရင်း ဦးဘသော်)  ၁၉၈၉ အောက်တိုဘာတွင် တပ်မတော်အတွင်း ပုန်ကန်မှုဖြစ်အောင် ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရပြီး ၁၉၉၁ ဇွန်လ ၁၁ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး အချုပ်ခန်းအတွင်း၌ ကျဆုံးခဲ့ခြင်းဖြစ်ပါတယ်။

    အခမ်းအနားအစီအစဉ်
    ————————-
    နေ့စွဲ – ၁၁.၆.၁၇
    အချိန် – နေ့လယ် ၁ နာရီ
    နေ့ရာ – Yangon Book Plaza၊ ငါးလွှာ၊ သံဈေး၊ လမ်းမတော်လမ်း၊ ရန်ကုန်။ (၁၇ လမ်းရှိ သံဈေး ၀င်ပေါက်တွင် သီးသန့် ဓာတ်လှေကားရှိပါသည်)

    မောင်သော်က (ခ) ဗိုလ်မှူးဘသော်  နှင့် ပတ်သက်သည့် သတင်းဆောင်းပါးများ ဖတ်လိုလျှင်
    http://www.m-mediagroup.com/news/tag/mgthawka

  • လွတ်လပ်စွာဝတ်ပြုကိုးကွယ်မှုကန့်သတ်တဲ့ အမိန့်ဥပဒေများပယ်ဖျက်ဖို့ HRW တောင်းဆို

    လွတ်လပ်စွာဝတ်ပြုကိုးကွယ်မှုကန့်သတ်တဲ့ အမိန့်ဥပဒေများပယ်ဖျက်ဖို့ HRW တောင်းဆို

    (ဧပြီ ၂၈-၂၀၁၇) က တရားရုံး အမိန့်မပါဘဲ ချိပ်ပိတ်ခံရသည့် သာကေတ အာရဗီကျောင်း

    လူနည်းစုဘာသာဝင်တွေရဲ့ ၀တ်ပြုကိုးကွယ်မှုတွေအပေါ် ကန့်သတ်ထားတဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေကို ပယ်ဖျက်ဖို့ HRW လူ့အခွင့်အရေး အဖွဲ့ကြီးက မြန်မာအစိုးရကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ အတင်းပိတ်ထားခံရတဲ့ မွတ်စလင်ဗလီနဲ့ ဘာသာရေးကျောင်းတွေကို ပြန်ဖွင့်ခွင့်ပေးပြီး၊ အထူးသဖြင့် မွတ်စလင်ဥပုဒ်လအတွင်း သူတို့ရဲ့စုဝေး၀တ်ပြုမှုတွေကို ခြိမ်းခြောက်ဟန့်တားမှုမလုပ်ဖို့ တိုက်တွန်းထားပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက ပြောပြမှာပါ။

    မေလ ၃၁ ရက်နေ့တုန်းက ရန်ကုန်သာကေတမြို့နယ်တွင်းမှာ အစ္စလာမ်ဘာသာဝင်အချို့ လမ်းပေါ်မှာ ၀တ်ပြုဆုတောင်းခဲ့တဲ့အပေါ် သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက ခြိမ်းခြောက်တားမြစ်တာတွေ လုပ်ခဲ့တယ်လို့ HRW ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဗလီရော ဘာသာရေးကျောင်းတွေ ကန့်သတ်ပိတ်ပင်ခံရတဲ့အခြေအနေဟာ ပြဿနာ အရင်းအမြစ်ဖြစ်ပြီး၊ အထူးသဖြင့်တော့ အခုလို မွတ်ဆလင်တွေရဲ့ ဥပုဒ်လအတွင်းမှာ သူတို့ရဲ့ လွတ်လပ်စွာဝတ်ပြုဆုတောင်းမှုတွေကို အကာအကွယ်ပေးဖို့ အစိုးရကို HRW က တောင်းဆိုထားပါတယ်။ အထူးသဖြင့်တော့ ဘာသာရေးနဲ့ပတ်သက်ပြီး တဖက်သပ်ဆန်တဲ့ အမိန့် ဥပဒေတွေကို ဖျက်သိမ်းဖို့လိုတယ်လို့ HRW ပြောခွင့်ရသူ Phil Robertson က ဗွီအိုအေကို ပြောပါတယ်။

    “လူနည်းစုဘာသာဝင်တွေရဲ့ ဘာသာရေးအရ ကိုးကွယ်ဝတ်ပြုမှုတွေအပေါ် ထားရှိတဲ့ တဖက်သပ် ဥပဒေလုပ်ထုံးလုပ်လုပ်နည်းတွေ ရုပ်သိမ်းရေး အလျင်အမြန်ဆောင်ရွက်ဖို့ HRW အဖွဲ့အနေနဲ့ တိုက်တွန်းပါတယ်။ မွတ်ဆလင်ဗလီတွေ ခရစ်ယာန်ဘုရားကျောင်းတွေလို ဘာသာရေးအဆောက်အဦးတွေအပေါ် ဆောက်လုပ်ခွင့် ပြုပြင်ခွင့်ကို ကန့်သတ်တဲ့ ဥပဒေတွေ ချက်ခြင်း ပယ်ဖျက်သင့်ပါပြီ။”

    ပြီးခဲ့တဲ့ လကုန်ပိုင်းက သာကေတမြို့နယ်တွင်း အစ္စလာမ်ဘာသာဝင်အချို့ လမ်းပေါ်ထွက်ပြီး ၀တ်ပြုတာဟာ၊ သူတို့ဝတ်ပြုနေကြ ဘာသာရေးကျောင်းတွေ ပိတ်ခံရတာကြောင့် အခုလို လမ်းမပေါ် ထွက် ဆန္ဒပြတာလို့ ယူဆမှုအချို့ရှိပါတယ်။ ဘာသာပေါင်းစုံချစ်ကြည်ရေးလုပ်ငန်းတွေ လုပ်နေသူတဦးဖြစ်တဲ့ ကိုရှိုှ်ုင်းကတော့ ဒါ မဟုတ်ဘူးလို့ ငြင်းပါတယ်။

    “ခါတိုင်းနှစ်တွေကတော့ ဘာသာရေးစာသင်ကျောင်းတွေရှိတဲ့အခါကျတော့ အဲဒီစာသင်ကျောင်းတွေမှာ သူတို့ ၀တ်ပြုတယ်။ နောက်ပြီးဝတ်ပြုရတာကလည်း ညဘက်ကြီးလိုဖြစ်တာကို ည ၈ နာရီလောက်ကနေ ၁၀ နာရီလောက်အချိန်မှာဆိုရင်တော့ တခြားနေရာတွေသွားဖို့ကလည်းအဆင်မပြေဘူး။ နောက် သာကေတမှာကတော့ နေတဲ့သူတော်တော်များများက လက်လုပ်လက်စားသမားတွေများတော့ နေ့ဘက်ဆိုရင်သူတို့က မြို့ထဲမှာ အလုပ်လာလုပ်ကြတယ်။ နောက် အိမ်ပြန်ပြီးတော့မှ အိမ်အနီးဝန်းကျင်မှာရှိတဲ့ ဘာသာရေးစာသင်ကျောင်းတွေမှာ ၀တ်ပြုတယ်။ ဒီတခေါက်ကတော့ ဘာသာရေးစာသင်ကျောင်းတွေမရှိတော့ဘူးဆိုတဲ့အခါကျတော့ သူတို့မှာ ၀တ်ပြုစရာနေရာမရှိဘူး။ မရှိတော့ ပထမဦးဆုံး ဥပုဒ်ပထမဦးဆုံးနေ့မှာတော့ ဒေါပုံနွယ်အေးရပ်ကွက်မှာရှိတဲ့ ဘလီမှာ သူတို့သွားပြီးတော့ ၀တ်ပြုကြတယ်။ ဒါပေမယ့်လည်း အဲဒီဘလီက လူဦးရေမဆန့်တဲ့အခါကျတော့ လူအယောက် ၂၀၀ လောက်က သူတို့ ၀တ်မပြုပဲနဲ့ အိမ်ပြန်သွားလိုက်ကြတယ်။ အဲလိုမျိုး ဟိုဘက်မှာကလည်း ၀တ်ပြုဖို့နေရာ လည်းမရှိနောက်ပြီးတော့ ၀တ်ပြုဖို့ကတော့ ကိုယ့်အိမ်မှာလည်း ၀တ်ပြုလို့မရဘူး စုပေါင်းဝတ်ပြုရတာဖြစ်တာကြောင့် နောက်ဆုံးမှာ သူတို့က ဘယ်လိုမှ ၀တ်ပြုဖို့ အဆင်မပြေတဲ့အခါကျတော့ လမ်းပေါ်မှာ သူတို့ကနေပြီးတော့မှ စုပေါင်းဝတ်ပြုဖို့ စီစဉ်ခဲ့တာပါ။”

    ဒီအခြေအနေနဲ့ပတ်သက်လို့ သာသနာရေးဝန်ကြီးဌာနကိုရော သာကေတမြို့နယ်အုပ်ချုပ်ရေးရုံးကိုပါ ဆက်သွယ်ပေမယ့် ဖြေဆိုခြင်းမရှိပါဘူး။ ဒီလို လမ်းပေါ်ထွက် ၀တ်ပြုတာမျိုးမလုပ်ဖို့ ရပ်ကွက်တွေအတွင်း ကြေညာခဲ့တယ်လို့ ဒေသခံတဦးကတော့ ပြောပါတယ်။ HRW ပြောခွင့်ရ Phil Robertson ကတော့ ဒေသအာာဏာပိုင်တွေရဲ့ လုပ်ရပ်ကို ပြည်ထဲရေးဝန်ကြီးဌာနကဖြစ်စေ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဖြစ်စေ တားမြစ်ပေးဖို့ တောင်းဆိုပါတယ်။

    “ ပိတ်ခံထားရတဲ့ ဗလီတွေနဲ့ ဘာသာရေးကျောင်းတွေကို ပြန်လည်ဖွင့်ပေးသင့်ပါတယ်။ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်အရ ဘာသာရေးဝတ်ပြုဆုတောင်းမှုတွေအပေါ်မှာ အရေးယူမယ်လို့ ခြိမ်းခြောက်ဟန့်တားတာမျိုးတွေ မလုပ်သင့်ပါဘူး။ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ဟာ တကမ္ဘာလုံးက လေးစားလိုက်နာရမယ့် လူ့အခွင့်အရေးတရပ်ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရအဖွဲ့အနေနဲ့ စိုးရိမ်စရာကောင်းတဲ့ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ကမ္ဘာက စောင့်ကြည့်နေတယ်လို့ ပြောပါရစေ။”

    အလားတူအခြေအနေမျိုးကို မိတ္ထီလာမြို့မှာလည်း ကြုံနေရတယ်လို့ ဘာသာပေါင်းစုံချစ်ကြည်ရေးလှုပ်ရှားသူ ကိုရှိုင်းက ပြောပါတယ်။

    “မိတ္ထီလာမှာတော့ သူတို့ ခါတိုင်းလိုပဲ ခြံဝန်းထဲမှာကိုပဲ အိမ်တအိမ်မှာ သူတို့ စုပေါင်းပြီးတော့ ၀တ်ပြုကြတယ်။ အဲဒီလိုဝတ်ပြုတာကို အစိုးရကနေပြီးတော့ တားမြစ်တယ်။ အဲဒါကို မန္တလေးတိုင်းကနေပြီးတော့မှ ဆင်းပြီးတော့ အကုန်လုံးကို ဒီနေရာမှာ ဆိုပြီးနေရာအတိအကျဖော်ပြပြီး အဲဒီနေရာတွေမှာ ၀တ်မပြုရဆိုတဲ့ စာထုတ်ပြီးတော့ လက်မှတ်ထိုးခိုင်းနေပါတယ်။”

    သာကေတမြို့နယ်တွင်းက မွတ်ဆလင်ဘာသာရေးကျောင်းနှစ်ကျောင်းမှာ ၀တ်ပြုဆုတောင်းတာတွေလုပ်တယ်ဆိုပြီး ဗုဒဘာသာအမျိုးသားရေးအဖွဲ့အချို့က တိုင်တန်းတာကြောင့်၊ မြို့နယ်အာဏာပိုင်တွေက အဲဒီ ကျောင်းနှစ်ကျောင်းကို ဧပြီလကုန်ပိုင်းက ချိတ်ပိတ်ခဲ့တာပါ။ မူလအားဖြင့် အဲဒီကျောင်းတွေမှာ စုဝေး ၀တ်ပြုတာလုပ်ခွင့်မရှိဘူးလို့ ကန့်ကွက်သူတွေက ပြောကြပါတယ်။ HRW ကတော့ လွတ်လပ်စွာ ၀တ်ပြု ကိုးကွယ်ခွင့်ဟာ အခြေခံ အခွင့်အရေးတရပ်ဖြစ်တာမို့ ဒီအချက်ကို အကာအကွယ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းထားတာဖြစ်ပါတယ်။

    VOA မှ ကူးယူဖော်ပြပါသည်။

  • ” ၂၀၁၇-၂၀၁၈ ခု ပညာသင်နှစ် တော်၊သင့်၊ညံ့ စုပေါင်းစနစ် ကို ကျောင်းသား မိဘတွေ သဘောမကျ”

    ” ၂၀၁၇-၂၀၁၈ ခု ပညာသင်နှစ် တော်၊သင့်၊ညံ့ စုပေါင်းစနစ် ကို ကျောင်းသား မိဘတွေ သဘောမကျ”

    မေလ ၂၅ မှ မေလ ၃၁ ရက်နေ့သည် မြန်မာတစ်နိုင်ငံလုံး၏ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးအချိန်ဖြစ်သည်။ ထို့ကြောင့်လည်း စာရေးသူသည် အခြေခံပညာ အတန်းစုံ ကျောင်းအပ်နှံပြီး ကျောင်းသုံးဖတ်စာအုပ်များ ထုတ်ယူလာခဲ့သော ကျောင်းသား မိဘများအား စုံစမ်းမေးမြန်းကြည့်သောအခါ တူညီသောအဖြေတစ်ခုမှာ “ပုံနှိပ်စာအုပ်များနှင့် ကျောင်းအပ်နှံခ လုံးဝ၊လုံးဝ မပေးရခြင်း” ပင်ဖြစ်သည်။

    စာရေးသူတို့ မြန်မာနိုင်ငံ၏ အခြေခံပညာကျောင်းများအနက် အစိုးရစစ် စာမေးပွဲများတွင် အောင်ချက်အကောင်းဆုံးကျောင်းများတွင် ဆဋ္ဌမတန်းမှစ၍ တက္ကသိုလ်ဝင်တန်းအထိ အမှတ် အနည်းအများအလိုက် (A) ခန်း၊ (B) ခန်း၊ (C)ခန်း စသည်ဖြင့် ခွဲခြားသတ်မှတ်    ၍ အတန်းရွေးချယ် ပေးသော စနစ်တစ်ခုမနှစ်က အထိရှိနေခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အထက (၂) နန်ယန်ကျောင်းတွင် စာအတော်ဆုံး ကျောင်းသား၊ကျောင်းသူများအား special တန်း (S) ခန်း ဟူ၍လည်းကောင်း အခြား “အထက” ကျောင်းများတွင် (A)ခန်း၌ သီးခြားရွေးချယ် ပညာသင်ကြား စေပါသည်။

    ကောင်းကျိုးရလာင်္ဒများအနေနှင့် တင်ပြရလျှင် မိဘများအနေနဲ့ မိမိတို့သားသမီးများပညာ ရေးအတွက် လူအား၊ငွေအားများ အထူးစိုက်ထုတ်ကာ အသုံးပြုလာခဲ့ကြသောကြောင့်လည်း        တက္ကသိုလ်ဝင်တန်းစာမေးပွဲများတွင် ဘာသာစုံဂုဏ်ထူးရှင်များ တစ်ထောင်ကျော် လာပြီဖြစ်သည်။   စာရေးသူတို့ ကျောင်းသားဘဝ တက္ကသိုလ်ဝင်တန်း ဘာသာစုံ ဂုဏ်ထူးရှင်သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၂) ဦးသာပေါ်ထွန်းခဲ့ပါသည်။

    အတော်ဆုံးခန်း (A) ခန်း သို့မဟုတ် (S) ခန်းကို ရရှိရေးအတွက် ကျောင်းသား၊ကျောင်းသူ များကလည်း အပြင်းအထန်ကြိုးစားသည်။ ပြိုင်ဆိုင်ကြသည်။ အတော်ဆုံးအခန်းကို သင်ကြားသည့် ဆရာ၊ဆရာမများ အနေနဲ့လည်း တော်ရုံတန်ရုံ အရည်အချင်း အတွေ့အကြုံနှင့် အဆင်မပြေပေ။    မိမိစာသင်ကြားမှု စွမ်းရည်ကောင်းလျှင် ကောင်းသလောက် ကျောင်းသားများ၏ အထင်ကြီး လေးစားခြင်း မှတ်ချက်ကို ခံစားရနိုင်သည်။ မိမိ၏ စာသင်ကြားမှု ဟာကွက်၊ပျော့ကွက်များရှိလျှင် စိတ်ဝင်စားဖွယ်ကောင်းအောင် စာမသင်တတ်လျှင် “ကိုယ့်ပေါင် ကိုလှန်ထောင်းသလို” ဖြစ်နေလိမ့်မည်။ မိမိစာသင်ချိန်၌ ကျောင်းသားများငေးငိုင်နေမည်။ အိပ်ငိုက်နေမည် ဖြစ်သည်။  ပညာတတ်မိဘများ၏ ဝေဖန်ထောက်ပြ ပဲ့တင်သံများ၊ ပတ်ဝန်းကျင်၌ ပျံ့နှံ့နေမည် ဖြစ်သည်။

    မိဘများအနေနဲ့လည်း မိမိတို့ရင်သွေးများကို အတော်ဆုံးခန်း (A) ခန်း၊ (S) ခန်းများ၌ထား ချင်သည့် ရည်ရွယ်ချက်က “တံငါနားနီး၊ တံငါမုဆိုးနားနီး၊မုဆိုး” ပုံစံ မိမိတို့ရင်သွေးများကို ပင်ကိုယ် ကြိုးစားချင်စိတ်၊လိုချင်စိတ်ရှိသူများနှင့်အတူ စိတ်ဓာတ်ခွန်အားများ၊အတုယူ၊ အားကျစိတ်များ၊ဖြစ် ပေါ်လာစေရန် ရည်ရွယ်မှန်း စာရေးသူ မိဘချင်း၊စာနာမိပါသည်။ နားလည်ပေးပါသည်။

    ၂၀၁၇-၂၀၁၈ခု ပညာသင်နှစ်မှစ၍ အတော်ဆုံးတန်း၊အလယ်အလတ်အတန်း၊ အညံ့ဆုံး တန်း (A) (B) (C) (D) ခွဲခြားကာ၊ အတန်းလက်ခံသည့် စနစ်အား ပညာရေးဝန်ကြီးဋ္ဌာနသည် အခြေခံပညာ ကျောင်းများအား ကျင့်သုံးခွင့် မပြုတော့ကြောင်းကို စာရေးသူသည် မေလ ၂၅ ရက်တွင် မိမိ၏သားသမီးများ ကျောင်းအပ်နှံသောအခါ လက်တွေ့သိလိုက်ရသည်။ စာရေးသူ၏ သမီးတစ်ဦးသည် နဂိုကတည်းက (A) ခန်းတွင် ပညာသင်ကြားခဲ့ပြီး အဋ္ဌမတန်း အစိုးရစစ် စာမေးပွဲ ကို ဘာသာစုံ အဆင့် (A) ဖြင့် အောင်မြင်ခဲ့သော်လည်း ယခုကျောင်းအပ်ခဲ့သောအခါ (F) အခန်း တွင် ကျောင်းအပ်ခဲ့ရသည်။ အလားတူ စာရေးသူ၏ တပည့်တစ်ဦးသည် တစ်ကျောင်းလုံးတွင် ဒုတိယအဆင့်ဖြင့် အောင်မြင်ခဲ့သော်လည်း တက္ကသိုလ်ဝင်တန်းကို (D) အခန်းသို့ ပြောင်းရွေ့အပ် နှံခဲ့ရသည်။

    စာရေးသူ သတိထားမိသည်မှာ မိမိ၏ ဇွဲ၊လုံ့လ၊ဝီရိယ စွမ်းအားများကြောင့် နဂိုကတည်းက   အတော်ဆုံး၊ အထက်ဆုံးကျောင်းသား၊ ကျောင်းသူများထားသည့် (A)ခန်းတွင် ပညာသင်ကြားခဲ့ရ သူများ ယခု ၂၀၁၇- ၂၀၁၈ခု ပညာသင်နှစ်သစ် အစီအစဉ်အရ (B) ခန်းရောက်၊ (I) ခန်းရောက်၊   (H)ခန်းရောက်ကြရသောအခါ ကလေးသဘာဝအရ စိတ်ဒဏ်ရာများရခဲ့ကြောင်း လေ့လာမိပါ သည်။

    ယခုနှစ်တွင် စတင်စမ်းသပ်ကျင့်သုံးသည့် တော်သော ကျောင်းသား၊သူများ အသင့်အတင့် ကြိုးစားသော ကျောင်းသား၊သူများ၊ ဝတ်ကျေတန်းကျေ ကျောင်းသား၊သူများ (တော်၊သင့်၊ညံ့) ၃မျိုး   ၃စားကို အခန်းတိုင်းတွင် မျှထည့်ကာ စာသင်ကြားပေးမည့်စနစ်ကို စာသင်ပေးသည့် ဆရာ၊ဆရာမ များ စာအလယ်အလတ်နှင့် စာညံ့သော ကျောင်းသား၊မိဘများက နှစ်သက်ကြပါလိမ့်မည်။

    အမှန်တကယ် ကျောင်းတိုင်း၊ကျောင်းတိုင်းတွင် ပင်ကိုယ်စာလိုချင်သူ၊ စာကြိုးစားထူးချွန်သူ များသည် တက်ရောက်နေသော ကျောင်းသား၊ကျောင်းသူများ၏ ဦးရေ ၅ ပုံ ၁ပုံသာရှိပါလိမ့်မည်။

    ဆရာဝန်ဘွဲ့ရ၊အင်ဂျင်နီယာဘွဲ့ရ၊ဝိဇ္ဖာသိပ္ပံတက္ကသိုလ်ဘွဲ့ရပြီး အလုပ်အကိုင်မရှိသော နောင် တော်များ၏ လက်တွေ့ဖြစ်ရပ်များကိုကြည့်ပြီး အခြေခံပညာကျောင်းသား၊ကျောင်းသူများမဆိုထား ဘိ တက္ကသိုလ်နယ်ပယ် ၁၄၆ခု ကျောင်းသား လူငယ်များသည်ပင် အနာဂတ်ပျောက်သလို ခံစားနေရပါသည်။

    ထို့ကြောင့် စာရေးသူအနေဖြင့် အမှန်တကယ်ပြောင်းလဲစေချင်သည့် ပညာရေးအပြောင်း အလဲမှာ ပညာသင်ကြားနေသော ကျောင်းသား လူငယ်များ၏ဘဝကို အာမခံချက်ရှိသည့် အာမခံချက်ပေးနိုင်သည့် ပညာရေးစနစ်တစ်မျိုးကို လိုလားတောင့်တလျက် ရှိပါသည်။ “ရေပေါ် အရုပ်ရေးသည့်အလား” “ ဆင်ကန်းတောတိုး၊ မြေစမ်းခရမ်းပျိုး” သည့် စမ်းသပ်လုပ်ဆောင်နေမှု့  များသည် အချိန်ကုန် ငွေကုန် လုပ်ရပ်များဟု ထင်မြင်မိပါသည်။

    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု့တက္ကသိုလ်)

  • မြန်မာ့ငြိမ်းချမ်းရေးမှာ ခရိုနီတွေ တိတ်ဆိတ်နေတာ ဘာကြောင့်လဲ

    မြန်မာ့ငြိမ်းချမ်းရေးမှာ ခရိုနီတွေ တိတ်ဆိတ်နေတာ ဘာကြောင့်လဲ

    သာလွန်ဇောင်းထက် ရေးသည်။

    မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုလှုပ်ရှားမှု အရေးတော်ပုံကြီးကို စစ်တပ်က အကြမ်းဖက် ဖြိုခွင်းအာဏာသိမ်းပြီးတဲ့နောက် တိုင်းပြည်ရဲ့ စီးပွားရေး တစ်ခုလုံးကို ချုပ်ကိုင်လိုက်ပါတယ်။

    စစ်တပ်က တိုင်းပြည်စီးပွားရေးချုပ်ကိုင်ခဲ့တဲ့ ကာလအတွင်းမှာ နိုင်ငံတစ်ဝန်း ပြည် တွင်း စစ်မီးတောက်နေလင့်ကစား စစ်တပ်နဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ခွင့်ကို ရယူ ချမ်းသာလာကြတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အများအပြား ပေါ်ထွန်း လာခဲ့ ပါတယ်။   အဓိက
    အားဖြင့်တော့ တိုင်းပြည်ရဲ့ သယံဇာတ တူးဖော်မှု လုပ်ငန်း တွေမှာ လုပ်ပိုင်ခွင့်ရရင်း သူတို့တွေ ချမ်းသာလာကြတာပါ။

    သမ္မတဟောင်းဦးသိန်းစိန်အစိုးရလက်ထက်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် တဲ့ အရပ်သား အစိုးရလက်ထက်မှာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကျတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ထာဝရ ငြိမ်းချမ်းရေးရရှိဖို့ ကြိုးစား နေပေမယ့်လည်း နိုင်ငံရဲ့ သယံဇာတ တူးဖော်မှုနဲ့ ကြီးပွားလာကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက နှုတ်ဆိတ်နေကြဆဲပါပဲ။

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေပါဝင်မှုက နည်းပါးနေဆဲပါပဲ။

    ခရိုနီတွေ ပေါ်ထွန်းလာခြင်း
    ————————
    မြန်မာလူမှုအသိုင်းအ၀ိုင်းမှာ စစ်တပ်နဲ့ နီးစပ်သူတွေ၊ အာဏာရှိသူတွေနဲ့ နီးစပ်ပြီး စီးပွားရေးလုပ်ကိုင်ခွင့်ရရှိသူတွေကို ခရိုနီရယ်လို့ တွင်တွင်ကျယ်ကျယ်ခေါ်ဝေါ်သုံးစွဲ လာပြီး အရေအတွက်အားဖြင့်လက်ချိုးရေတွက်လို့ရနိုင်တဲ့ ခရိုနီတွေ ပေါ်ထွန်းလာပုံကလည်း
    စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

    ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့ စစ်အာဏာရှင်အစိုးရ တက်လာချိန် ကစပြီး တိုင်းပြည်မှာ တံခါးပိတ် စီးပွားရေးစနစ်နဲ့ ဆိုရှယ်လစ် စီးပွားရေး စနစ်ကို ကျင့်သုံးခဲ့ပြီး စီးပွားရေးလုပ်ငန်းမှန်သမျှ ပြည်သူပိုင်သိမ်းဆည်းခဲ့တာကြောင့်
    စီးပွားရေးလုပ်ငန်းရှင်လူတန်းစား ပျောက်ကွယ်ခဲ့ပါတယ်။

    ၁၉၈၈ ခုနှစ် ရှစ်လေး လုံး ဒီမိုကရေ လူထုလှုပ်ရှားမှုကို စစ်တပ်က အကြမ်းဖက် ဖြိုခွင်း အာဏာ သိမ်းယူပြီးတဲ့နောက်မှာတော့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ စီးပွားရေး လုပ်ပိုင်ခွင့်တွေအားလုံးကို စစ်တပ်က ထိန်းချုပ် ခဲ့ပါတယ်။

    အာဏာနဲ့ စီးပွားရေးဟာ ခေါင်းနဲ့ပန်းလို ခွဲခြားမရတာမို့ အာဏာ ခိုင်မြဲဖို့ စီးပွားရေးအင်အားတည်ဆောက်ရသလို စီးပွားရေးအင်အား တည်မြဲ လာတာ နဲ့အမျှ အာဏာဟာလည်း ခိုင်မာမှု ရှိလာတာမို့ အာဏာရှင် စစ်အစိုးရဟာ စီးပွားရေးသြဇာချဲ့ထွင်လာပါတယ်။

    သဘာဝသယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံမှာ ကျောက်မျက်တူးဖော်ခွင့်၊ သစ်ထုတ်လုပ်ခွင့် အပါအ၀င် သယံဇာ တူးဖော်ရေး လုပ်ခွင့်တွေ၊ ကုန်သွယ်ရေးလုပ်ပိုင်ခွင့် ၊ ကားတင်သွင်းခွင့်၊ စားသုံးဆီနဲ့ စက်သုံးဆီ တင်သွင်းခွင့် စတဲ့ စီးပွားရေးလုပ်ပိုင်ခွင့် စစ်အစိုးရက
    ကိုယ်တိုင် လုပ်ဆောင်သလို နီးစပ်တဲ့ အကျိုးတူ စီးပွားရေးသမား တွေကိုလည်း လုပ်ခွင့်ပေး ခဲ့ပါတယ်။

    စစ်တပ်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက်၊ မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်းဆိုတဲ့ နာမည်နဲ့  စီးပွားရေးတွေ လုပ်ကိုင်သလို ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေဟာလည်း စီးပွားရေး လုပ်ပိုင် ခွင့်ရရှိပြီး
    ကြွယ်ဝချမ်းသာတဲ့ ခရိုနီ သူဌေးကြီးတွေဖြစ်လာကြပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ မူးယစ်ရာဇာ တချို့ဟာလည်း အစိုးရဆီမှာ အလင်းဝင် အညံ့ခံပြီး စီးပွားရေးလုပ်ခွင့်ရယူ ချမ်းသာလာကြတာတွေ လည်းရှိပါတယ်။

    စစ်အစိုးရလက်ထက် ကြွယ်ဝချမ်းသာလာတဲ့ ခရိုနီ သူဌေးကြီးတွေ စုစုပေါင်း ၁၇ ဦးရှိပြီး သူတို့ဟာ နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း အများစုကို ချုပ်ကိုင်ထား နိုင်ကြတဲ့ အထိ ကြွယ်ဝချမ်းသာလာကြတာပါ။ ၂၀၁၃ ခုနှစ် မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့် ရေးအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ဦးတေဇ( ထူးထရေးဒင်း) ၊ ဦးဇော်ဇော် ( မက်စ်မြန်မာ)၊ ဦးထွန်းမြင့်နိုင်(အေးရှားဝေါလ်)၊ ဦးကျော်ဝင်း(ရွှေသံလွင်)၊ ဦးအောင်ကိုဝင်း(ကမ္ဘောဇ) ၊ ဦးဝင်းအောင် (ဒဂုံအင်တာနေရှင်နယ်)၊ ဦးပြည်အောင်နှင့်ဦးနေအောင် ( အောင်ပြည့်ဖြိုး ကုမ္ဗဏီနှင့် IGE) ၊ ဦးအောင်သက်မန်း(ဧရာရွှေဝါ)၊ မိုက်ကယ်မိုးမြင့် (မြင့်နှင့်အပေါင်းပါများ အုပ်စု)၊ ဦးနေ၀င်းထွန်း(ပတ္တမြားနဂါး) ၊ ဦးခင်ရွှေ (ဇေကမ္ဘာ)၊ ဦးဌေးမြင့်(ယုဇန)၊ ဦးအိုက်ထွန်း(အိုလံပစ်)၊ ဦးချစ်ခိုင်(ဧဒင်)၊ ဦးတင်ဝင်း(တင်ဝင်းထွန်း)၊ ဦးအောင်မြတ်( မားသား ထရိတ်ဒင်း) တို့ ၁၇ ဦးဟာ စစ်အစိုးရ လက်ထက်မှာ အကြီးအကျယ် ချမ်းသာလာတဲ့ ခရိုနီတွေ အဖြစ် ဖော်ပြထားပါတယ်။

    စီးပွားရေးပိတ်ဆို့မှုမှ လွတ်မြောက်ခြင်း
    ————————————–
    စစ်အစိုးရလက်ထက် ကြွယ်ဝချမ်းသာလာတဲ့ ခရိုနီနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး တော်တော်များများဟာ အမေရိကန်အပါအ၀င် အနောက်နိုင်ငံကြီးတွေရဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု စာရင်းမှာ ပါဝင်နေတာမို့ နိုင်ငံတကာနဲ့ စီးပွားရေး လုပ်ဖို့
    အဆင်မပြေခဲ့ကြပါဘူး။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပြီး ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အစိုးရ တက်လာတဲ့အချိန်မှာတော့ စီးပွားရေးပိတ်ဆို့မှု ဒဏ်ခံ နေရတဲ့ ခရိုနီတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စစ်ဗိုလ်ချုပ်တွေအားလုံး
    အနောက်နိုင်ငံကြီးတွေရဲ့ပိတ်ဆို့မှုကနေ လွတ်မြောက် အောင် ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်ပေးခဲ့ပါတယ်။

    တချိန်က တိုင်းပြည်ရဲ့ သယံဇာတနဲ့ လုပ်ပိုင်ခွင့် တွေကို တရားမ၀င် ရယူ ချမ်းသာခဲ့ကြတဲ့ ခရိုနီနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ပိုင်ဆိုင်မှုတွေဟာ စီးပွားရေး ပိတ်ဆို့မှု ကင်းလွတ်သွားချိန်မှာတော့ နိုင်ငံတကာအထိ လွှဲပြောင်းလို့ရတဲ့ တရားဝင် ချမ်းသာကြွယ်ဝမှုတွေဖြစ်လာပါတယ်။

    အစိုးရသစ်လက်ထက်မှာ တချို့သော ခရိုနီကြီးများဟာ တိုင်းပြည်ကို အမှန်တကယ် အခွန်ဆောင်ခြင်းဖြင့် နိုင်ငံကို အထောက်အကူပြုတာတွေ ရှိပေမယ့်လည်း အများစုသော ခရိုနီကတော့ အခွန်တိမ်းရှောင်နေကြဆဲပါပဲ။
    ပေးဆောင်ရမယ့် အခွန်ကိုတောင် တိမ်းရှောင်နေတဲ့အတွက် တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကဏ္ဍမှာ ပါဝင်ဖို့ကတော့ အလှမ်းဝေးနေဆဲပါပဲ။

    ငြိမ်းချမ်းရေးမှာ ခရိုနီတွေ ဘာကြောင့် မပါဝင်သေးတာလဲ
    ————————————–
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ခရိုနီတွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေအနေနဲ့ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုတွေကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ သုံးစွဲ ပါဝင်ကြဖို့ မေလ ၇ ရက်နေ့ ကျင်းပတဲ့ ပြည်မြို့ လုပ်တဲ့ ၂၁ ရာစု ပင်လုံညီလာခံထောက်ခံပွဲမှာ
    တိုက်တွန်းခဲ့ပါတယ်။

    “စီးပွားရေးလုပ်ငန်းရှင်တွေကလည်း မိမိတို့ရဲ့ ချမ်းသာကြွယ်ဝမှုတွေကို မိမိတို့ရဲ့ တစ်ဘ၀စာလေး မကြည့်ဘဲနဲ့ မိမိတို့ထောက်ခံအားပေးနေတဲ့ ပြည်သူ လူထု တရပ်လုံး ရဲ့ မျက်နှာ ကို ကြည့်ပြီးတော့ လာမယ့် ငြိမ်းချမ်းရေး ညီလာခံမှာ အောင်မြင်အောင်လုပ်ဖို့ တိုက်တွန်းတယ်” လို့ ဦးတင်ဦးက ဆိုပါတယ်။

    NLD နာယက ဦးတင်ဦး တိုက်တွန်းနေရတာကလည်း စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ ငြိမ်းချမ်းရေးကို မဆိုင်သလို နေနေကြလို့ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့သော စီးပွားရေးလုပ်ငန်းရှင်တွေဘက်ကတော့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်လို့ရမယ့် လမ်းတွေ ဖွင့်ပေးဖို့ လိုနေတယ်လို့ ဆိုပါတယ်။

    တကယ်လို့ တိုင်းပြည် ငြိမ်းချမ်းရေး ရခဲ့မယ်ဆိုရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှာ အသေအချာဖြစ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေ ဘက်ကလည်း ငြိမ်းချမ်းရေး ရအောင် ကျရာ နေရာပေါင်းစုံ ပါဝင်ဖို့ တိုက်တွန်းမှုတွေက နယ်ပယ်ပေါင်းစုံက
    ပေါ်ထွက်နေတာပါ။

    ငြိမ်းချမ်းရေးအတွက် အစိုးရဘက်က လုပ်ငန်းရှင်တွေပါဝင်လာအောင် လမ်းဖွင့်ပေးဖို့ လိုသလို လုပ်ငန်းရှင်တွေဘက်ကလည်း ငြိမ်းချမ်းရေး အတွက် ဘယ်လိုနေရာကဖြစ်ဖြစ် ပါဝင်မယ်ဆိုတဲ့ အမြတ်မတွက်တဲ့ စိတ်ဓာတ်ရှိနေဖို့ လိုနေတာကတော့ အသေအချာပါပဲ။

    လတ်တလော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် ရန်ပုံငွေတွေ လိုအပ်နေပြီး ရန်ပုံငွေ အများစုက နိုင်ငံတကာက ကူညီထောက်ပံ့တာဖြစ်ပြီး ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေဘက်က ထောက်ပံ့ကူညီ လှူဒါန်းတာ အင်မတန်ကို နည်းပါးလွန်းလှပါတယ်။

    NLD အစိုးရသစ်က ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် သိပ်မကြာခင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ သန်း အသုံးပြုဖို့ ရည်ရွယ်ထားပြီး အဲဒီငွေကြေးတွေဟာလည်း နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေက ထောက်ပံ့ထားတဲ့ငွေကြေးတွေဖြစ်ပါတယ်။ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ခရိုနီတွေဘက်က လှူဒါန်းထားတဲ့ငွေကြေးက မရှိသလောက် နည်းပါးနေတာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သိပ်မကြာသေးခင်က ငြိမ်းချမ်းရေးရန်ပုံငွေအတွက် ပြည်သူတွေအားလုံးပါဝင်လှူဒါန်းကြဖို့ အလှူခံခဲ့ပေမယ့်လည်း စီးပွားရေးသမားတွေ ပါဝင်မှု အတော်ကို နည်းပါးခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှ မေလ အထိ အစိုးရသစ်က ငြိမ်းချမ်းရေး ရန်ပုံငွေ အတွက် အလှူခံခဲ့ရာမှာ ငွေကျပ် ၁၅ ဒသမ ၄၅ ဘီလီယံ ရရှိခဲ့ပြီး ပြည်တွင်းအလှူရှင် ၁၅၀ ကျော်က လှူဒါန်းခဲ့တာပါ။ အဲဒီအထဲမှာ ခရိုနီ တချို့ ပါဝင်ခဲ့ပြီး တစ်ဦးတည်းကနေ ငွေကျပ် ၃ ဘီလီယံ လှူဒါန်းခဲ့တယ်လို့လည်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

    ငြိမ်းချမ်းရေးအတွက် စီးပွားရေး ခေါ် B4P
    —————————————-
    ပြည်တွင်းငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းတွေ ပါဝင် ဆောင်ရွက်ရန် မြန်မာနိုင်ငံကုန်သည်များအသင်းချုပ် (UMFCCI) နဲ့  United Nation Global Compact Network Myanmar တို့ ဧပြီလ ၄ ရက်နေ့ ရန်ကုန်မှာ စာချွန်လွှာ တရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

    ဒီစာချွန်လွှာအရ ဖွံ့ဖြိုးမှု နိမ့်ကျနေတဲ့ ဒေသတွေကို ဦးစားပေးကာ ပြည်တွင်းလူမှု အသိုင်းအ၀ိုင်းအတွင်း တာဝန်ယူမှု၊ တာဝန်ကျေပွန်မှုဖြင့် အလုပ်အကိုင်အခွင့် အလမ်းတွေ ဖန်ဆီးပေးရေး အပါအ၀င် လုပ်ငန်းအတွင်း ကုန်စည်နဲ့ ၀န်ဆောင်မှုဈေးကွက်အတွင်း၊ လူ့အဖွဲ့အစည်းအတွင်းငြိမ်းချမ်းမှု ရရှိ တည်မြဲရေး ဆောင်ရွက်နိုင်တာတွေကို လေ့လာ သင်ယူ ညှိနှိုင်း စုပေါင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။

    Global Compact ဟာ ၂၀၁၂ ခုနှစ်မှာ ကုမ္ဗဏီ ၁၅ ခုနဲ့ စတင်ခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ကုမ္ဗဏီ ၃၀၀ ရှိခဲ့ပြီဖြစ်ပါတယ်။ UMFCCI မှာ ကုမ္ဗဏီပေါင်း ၃၀၀၀၀ ရှိသည့်အနက် ကုမ္ဗဏီ ၁၀၀၀၀ ခန့်ကို အဖွဲ့ဝင်ဖို့ ကမ်းလှမ်းမယ်လို့ သိရပါတယ်။

    Global Compact အဖွဲ့ဝင်ဖြစ်လာတဲ့ ကုမ္ဗဏီတွေအနေနဲ့ လူ့အခွင့်အရေး၊ ဥပဒေ လေးစားလိုက်နာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းပြီး အဂတိလိုက်စားမှုကို အားမပေးခြင်း အပါအ၀င် United Nation Global Impact အဖွဲ့က ချမှတ်ထားတဲ့
    စည်းကမ်းစည်းမျဉ်းတွေကို လိုက်နာပြီး ငြိမ်းချမ်းရေးအတွက် ပါဝင်ရမှာဖြစ်ပါတယ်။

    Global Impact နဲ့ UMFCCI တို့ ရဲ့ သဘောတူညီမှု စာချွန်လွှာအရ လတ်တလော ကရင်ပြည်နယ်၊ မွန်ပြည်နယ် တွေအပါအ၀င် ပြည်နယ်၊ တိုင်းဒေသတွေမှာ ငြိမ်းချမ်းရေးအတွက် တာဝန်သိ တာဝန်ယူ တတ်တဲ့
    စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်လာဖို့ ပြည်နယ်အစိုးရတွေ၊ တိုင်းဒေသကြီးအစိုးရတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် တွေအကြား ညှိနှိုင်း  ဆွေးနွေးတာတွေ လုပ်ဆောင်လာနေပြီဖြစ်ပါတယ်။

    ဒါပေမယ့်လည်း တကယ်တန်း စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုမ္ဗဏီတွေနဲ့ ငြိမ်းချမ်းရေးအတွက် တကယ်ပဲ စီးပွားရေးကဏ္ဍကနေ ပါဝင်နေသလား၊ မပါဝင်ဖူးလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။