News @ M-Media

Author: M-Media

  • ပထမဆုံးအကြိမ် မဲပေးမည့်သူတစ်ဦး၏ အခက်အခဲ

    ပထမဆုံးအကြိမ် မဲပေးမည့်သူတစ်ဦး၏ အခက်အခဲ

    Voter voice story
    ၂ဝ၁၅၊ ဇူလိုင် ၁၉ ရက်နေ့က ရန်ကုန်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တို့နှင့်အတူတွေ့ရသော ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကိုင် လူငယ်တစ်ဦး (ဓာတ်ပုံ – Myanmar Now / ခွန်းလတ်)

    သင်းလဲ့ဝင်း

    ရန်ကုန် (Myanmar Now) – နေ့လယ်အစောပိုင်း ပြင်ပတွင် လင်းလင်းချင်းချင်းရှိသော်လည်း ဓမ္မာရုံ အတွင်းမှာတော့ မှောင်တောင်တောင်ဖြစ်နေသည်။   စာရွက်များကပ်ထားသော ဘုတ်ပြားများကို နံရံနှင့်၊ တိုင်များအနှံ့ ထောင်ထားသည်။

    ဓမ္မာရုံဝင်ပေါက်နှင့်အဝေးဆုံးဘုတ်ပြားတွင် ကပ်ထားသော အေဖိုးစာရွက်အလယ်ပိုင်းတွင် ကျွန်မအမည်ကို  အမေနှင့် အစ်မအမည်တို့ကြားတွင် တွေ့ရသည်။

    အမည်ဘေးတွင်ရေးထားသော အချက်အလက်များကို ဆက်၍ရှာရာ  မှတ်ပုံတင် နံပါတ်မှန်၊ မွေးနေ့မှန်ပြီး မွေးသက္ကရာဇ် မှားနေသည်ကို တွေ့ရသည်။ ဤအမှားမှာ  မဲဆန္ဒရှင်စာရင်း ပထမအကြိမ် ကြေညာကတည်းက တွေ့ခဲ့သဖြင့်  လျှောက်လွှာပုံစံ ၃(က) တင်ပြီး ပြင်ဆင်ခဲ့ရသည့်အမှား။ ယခုလည်း မှားပြန်ပြီ။

    ရပ်ကွက်လူကြီးများက ဖော်ဖော်ရွေရွေ၊ တောင်းတောင်းပန်ပန်။ ဤအမှားရှိသော်လည်း ရွေးကောက်ပွဲနေ့တွင် မဲပေး ခွင့်မရမည်ကို မပူနှင့်ဟု ဆိုကြသည်။

    “ဒါ ကွန်ပြူတာဆော့ဖ်ဝဲက ဖြစ်တာ။ တချို့လူတွေများဆို သူတို့နာမည်က ပထမတစ်ခေါက်တုန်းကပါပြီး အခုတစ်ခေါက်ကျ မပါတော့ဘူး” ဟု  လူကြီးတစ်ဦးက ကျွန်မကို တိုးတိုးပြောပြသည်။ ထိုသူများနှင့်ယှဉ်လျှင် ကျွန်မကံကောင်းသည်ဆိုသောသဘောလားမသိ။
    ကျွန်မ၏မဲပေးပိုင်ခွင့် မည်သည့်အကြောင်းနှင့်မျှ မပျက်စေလို၍ ပုံစံ ၃(က) နောက်တစ်စောင် ဖြည့်ပြီး တင်လိုက်သည်။

    လာမည့်ရွေးကောက်ပွဲတွင် မဲပေးခြင်းသည် ကျွန်မတစ်သက်တာတွင် ပထမဦးဆုံးအကြိမ် မဲပေးရသည့် အတွေ့အကြုံဖြစ်လာပါလိမ့်မည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် ကျွန်မ အသက်ငယ်သေး၍ မဲမထည့်ခဲ့ရ။ မလွတ်လပ်၊ မမျှတဟု အများပြောကြသော၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကျွန်မ နိုင်ငံခြားရောက်နေပြီး ကျွန်မတို့မဲဆန္ဒနယ် (ရန်ကင်းမြို့နယ်)တွင်၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ မရှိခဲ့ပါ။

    နိုင်ငံရပ်ခြားတွင် ဆယ်စုနှစ် နှစ်ခုနီးပါးနေခဲ့၍ အခြားနိုင်ငံသားခံယူရန်အခွင့်ရခဲ့သော်လည်း မြန်မာပတ်စ်ပို့ကို လက်မလွှတ်ခဲ့ပါ။ တတိယနိုင်ငံတစ်ခုသို့သွားလိုလျှင် ရက်သတ္တပတ်များစွာစောင့်ခဲ့ရ၊ မြန်မာနိုင်ငံသားဖြစ်၍ နိုင်ငံတကာလေယာဉ်ကွင်းများတွင် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများ၏ အသေးစိတ် စိစစ်မေးမြန်းခြင်း ခံရသည်မှာလည်း မရေတွက်နိုင်တော့ပါ။

    ထိုသို့သော စိတ်အနှောင့်အယှက်ဖြစ်စရာများကိုတောင့်ခံခဲ့ပြီးမှ ကျွန်မနိုင်ငံကမဲပေးပိုင်ခွင့်ကို လက်မလွှတ်ချင်ပါ။

    လွန်ခဲ့သည့်နှစ်၅ဝအတွင်း ပြည်သူလူထု၏အသက်၊ သွေး၊ ချွေး  များစွာ  စတေးခဲ့ပြီးမှ ပေါ်ပေါက်လာသော အခွင့်အရေးကို ရယူခြင်းသည် ကျွန်မအနေဖြင့် အနည်းဆုံး လုပ်နိုင်သည့် အရာတစ်ခုပင်ဖြစ်ပါသည်။

    စိတ်ပျက်လက်ပျက်
    ———————
    ကျွန်မအမည်ကို မဲဆန္ဒရှင်စာရင်းတွင်တွေ့၍ ပျော်လိုက်ရသောအပျော်မှာ ကြာကြာမခံရှာ။ ကိုယ်စားလှယ်လောင်း စာရင်းကိုကြည့်ချိန်တွင် ပျောက်သွားရှာသည်။ နာမည် နည်းနည်းကြားဖူးသော ကိုယ်စားလှယ်လောင်းတစ်ဦးမှလွဲ၍ အားလုံးက ကျွန်မအတွက် မျက်နှာစိမ်းများဖြစ်နေသည်။

    ကျွန်မကို စိတ်တက်ကြွ အားကျအောင်လုပ်နိုင်သော ကိုယ်စားလှယ်လောင်း၊ ဒီမိုကရေစီကျင့်ထုံးများနှင့် ကိုက်ညီသည့်မူဝါဒ ကိုင်စွဲသော ကိုယ်စားလှယ်လောင်း၊ မြန်မာပြည်တိုးတက်ကြီးပွားအောင်ပြုလုပ်ရာတွင် အဆင်းရဲဆုံး၊ ချောင်ထိုး မျက်ကွယ်အပြုခံရဆုံးဖြစ်နေသူများ မကျန်ရစ်အောင် လုပ်နိုင်မည့် အစီအစဉ်ရှိသည့် ကိုယ်စားလှယ်လောင်းကိုသာ မဲပေးချင်ပါသည်။

    သို့သော်လည်း မဲဆွယ်မှုအစပြုသည်မှာ တစ်လကျော်လာသည်၊ ကိုယ်စားလှယ်လောင်းများကို မျက်နှာချင်းဆိုင် တွေ့ကာ မူဝါဒမေးဖို့မပြောနှင့် သူတို့ဆီမှ လက်ကမ်းစာရွက်များပင် မရသေးပါ။ သက်တောင့်သက်သာမရှိသည့် ပုံစံကြီးများဖြင့် ရိုက်ထားသော ဓာတ်ပုံများပါသည့် မဲဆွယ်ပိုစတာတို့ကိုတော့ တွေ့နေရပါသည်။ သူတို့၏မူဝါဒ သဘောထားများကိုမူ မသိရပါ။

    ထို့ကြောင့်  သူတို့၏ကျောထောက်နောက်ခံပါတီကိုသာ ကျွန်မ ကြည့်ရပါတော့သည်။ ထိုအခါ စိတ်တိုင်း မကျဖွယ် ရွေးချယ်စရာများသာ တွေ့ရပါသည်။

    ၁၉၈ဝ ပြည့်လွန်နှစ်များတွင် ကြီးပြင်းကာ ၁၉၉ဝ နောက်ပိုင်းနှစ်များတွင် တက္ကသိုလ်ခဏတဖြုတ်တက်ခဲ့ရသော ကျွန်မသည် ဆန္ဒပြမှုများကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွင်းခြင်း၊  ပြည်သူများအပေါ် အကြင်နာမဲ့စွာ ပြုမူခြင်းများကို ကြုံခဲ့ရပါသည်။ ဤအတွက်ကြောင့် စစ်အစိုးရလက်ထက်တွင် အာဏာရှိခဲ့သောသူများ ပါဝင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမတ်လောင်းတို့ကို မဲထည့်ရန် ခက်ခဲပါသည်။

    မြန်မာနိုင်ငံ အတိုင်းအတာ တစ်ခုထိ ပြောင်းလဲသွားပြီဆိုသည်ကို လက်ခံပါသည်။ ယခုလို နေရပ်ပြန်ကာ ကျွန်မအလွန်နှစ်သက်သော သတင်းထောက်အလုပ်ကို လုပ်နိုင်ခြင်း၊ ဤအမြင်အာဘော်ကို ရေးနိုင်ခြင်းကပင်လျှင် မြန်မာနိုင်ငံ၏ ပြောင်းလဲခြင်းကို ဖော်ပြနေပါသည်။

    သို့သော်လည်း ကြောက်ရွံ့မှုများ၊ သွေးထွက်သံယိုမှုများမှာ လတ်လတ်ဆတ်ဆတ်ပင် ရှိနေသေးသောကြောင့် မေ့လိုက်ရန်၊ ခွင့်လွှတ်ရန် မလွယ်သေးပါ။

    လမ်းစမလျှောက်ခင်ကပင် ဦးတော်တင်တတ်ခဲ့သော ကျွန်မသည် နိုင်ငံရေးအခြေအနေ မပြောင်းလဲရေးအတွက် ဘာသာရေးကို ခုတုံးလုပ်နေမှုများကို မနှစ်မြို့ပါ။

    အမျိုးသား၊ သံဃာတို့က မြန်မာအမျိုးသမီးများကို “ကာကွယ်ရန်” ဟူသော အကြောင်းပြချက်ဖြင့် ကျွန်မတို့၏ အခွင့်အရေးများကို ထိန်းချုပ်သော ဥပဒေများ အတည်ပြုရေး ဆောင်ရွက်ခဲ့ကြသည်။ နှောင့်ယှက်သူ၏ အမျိုးဘာသာကို မကြည့်ဘဲ အမျိုးသမီးများကို အမှန်တကယ် ကာကွယ်ကူညီနိုင်သော ဥပဒေများကိုမူ ကြန့်ကြာစေရန် လုပ်ဆောင်မှုများ ရှိနေသည်။ အလုပ်ကြိုးစားသော၊ ကိုယ့်အားကိုယ်ကိုးသော အမျိုးသမီးတစ်ဦးအနေဖြင့် ဤသို့သော အနေအထားများကို သဘောမတူနိုင်ပါ။  

    တွေးခေါ်၊ မေးမြန်း၊ စူးစမ်းခွင့်ရှိသော နိုင်ငံသားတစ်ဦးအနေဖြင့်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က  ပြည်သူလူထု ထောက်ခံရေးအတွက် လုပ်ဆောင်စဉ် မူဝါဒ ပီပီပြင်ပြင်မပြနိုင်သည်ကိုလည်း မနှစ်သက်ပါ။ NLD သည် မြန်မာနိုင်ငံကို ချုံးချုံးကျစေခဲ့သော၊ အထက်ပြောသမျှနာခံရသော အုပ်ချုပ်ရေးပုံစံကို ကျင့်သုံးနေသလိုပင်။ ထို့ပြင် အစွန်းရောက်ဝါဒီများကို လိုက်လျောကာ အစ္စလမ်ဘာသာဝင် အမတ်လောင်း တစ်ဦးတစ်ယောက်ကိုမှ မရွေးချယ်ခြင်းကိုလည်း ဘဝင်မကျဖြစ်မိပါသည်။  

    ပါတီငယ်များ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ၏ မူဝါဒနှင့် ရပ်တည်ချက်များကို မသိရသေးသော မဲဆန္ဒရှင်တစ်ဦးအနေဖြင့် ဤပါတီကြီးနှစ်ခုမှလွဲ၍ တခြားရွေးချယ်စရာမရှိဟု ခံစားရပါသည်။

    ကျွန်မ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသော မဲပေးနိုင်သည့်အခွင့်အရေး ယခုရရှိပါပြီ။ မည်သူ့ကို မဲပေးရမည် ဆိုသည်ကိုတော့ ပြောရခက်၊ ဆုံးဖြတ်ရခက် ဖြစ်နေတော့သည်။     ။

  • ၄။ အတီဖစ် ဂျဟ်ဂျဂါ – ကိုဆိုဗိုသမ္မတ (၂၀၁၁ ခုနှစ်မှ ယနေ့ထိ) (တိုင်းပြည်ခေါင်းဆောင် မွတ်စ်လင်မ် အမျိုးသမီး ၉ ဦး)

    ၄။ အတီဖစ် ဂျဟ်ဂျဂါ – ကိုဆိုဗိုသမ္မတ (၂၀၁၁ ခုနှစ်မှ ယနေ့ထိ) (တိုင်းပြည်ခေါင်းဆောင် မွတ်စ်လင်မ် အမျိုးသမီး ၉ ဦး)

    အောက်တိုဘာ ၁၀ ၊ ၂၀၁၅
    M-Media
    မင်းထွဋ်ခေါင် စုစည်းတင်ဆက်သည်။
    Atifete Jahjaga
    ၁၉၇၅ ခုနှစ် ဧပြီလ ၂၀ ရက်တွင် မွေးဖွားခဲ့သူ အတီဖစ် ဂျဟ်ဂျဂါသည် နိုင်ငံရေးလောကသား တစ်ဦးဖြစ်ပြီး ကိုဆိုဗိုသမ္မတနိုင်ငံ၏ ပထမဦးဆုံးအမျိုးသမီးသမ္မတ ဖြစ်လာသည်။ သူမသည် ပထမဆုံးသော တစ်သီးပုဂ္ဂလအမတ်၊ ခေတ်သစ်ဗော်လ်ကန်ဒေသ၏ ပထမဆုံး အမျိုးသမီးခေါင်းဆောင်၊ အသက်အငယ်ဆုံး သမ္မတ ဖြစ်လေသည်။ သူမသည် ဗိုလ်မှူးကြီးရာထူးဖြင့် ကိုဆိုဗိုရဲတပ်ဖွဲ့ဒုညွှန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာ ဥရောပအရှေ့တောင်ဒေသအတွင်း ရာထူးအကြီးဆုံး အမျိုးသမီးတစ်ဦး ဖြစ်ခဲ့သည်။

    ၂၀၁၁ ခုနှစ် ဧပြီလ ၆ ရက်တွင် ကိုဆိုဗိုဒီမိုကရက်တစ်ပါတီ၊ ကိုဆိုဗီုဒီမိုကရက်တစ်အဖွဲ့ချုပ်နှင့် ကိုဆိုဗိုမဟာမိတ်အဖွဲ့တို့မှ သူမအား အကွဲအလွဲမရှိ သမ္မတရာထူးဝင်ပြိုင်သူအဖြစ် ကြေငြာခဲ့သည်။ ကိုဆိုဗိုရှိ အမေရိကန်သံအမတ် ခရစ္စတိုဖာဒဲလ် ကလည်း ထောက်ခံ ခဲ့သည်။ သူမသည် ရဲတပ်ဖွဲ့ဦးစီးချုပ်ဖြစ်ခြင်းဂုဏ်ကို နှစ်သက်ပြီး နိုင်ငံရေးနယ်ပယ်တွင် မထင်ရှားသော်လည်း ထိုလောကသို့ ထွက်လှမ်းလာခဲ့သည်။ လူထုနှင့်နိုင်ငံရေးခေါင်းဆောင် အများစုတို့မှာ သူမ၏ နိုင်ငံရေးအသိအမြင်ကို သတိမထားမိခဲ့ကြချေ။

    000_Par7234716
    ၂၀၁၂ ခုနှစ် ဇူလိုင် ၁၈ ရက် ဘရပ်ဆဲလ်၊ ဥရောပသမဂ္ဂဋ္ဌာနချုပ်၌ ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲမတိုင်မီ ကိုဆိုဗိုသမ္မတ အတီဖစ် ဂျဟ်ဂျဂါ အား ဥရောပသမဂ္ဂဥက္ကဋ္ဌ ဟာမန် ဗင် ရွန်ပိုင်း မှ ကြိုဆိုနေပုံ။

    သူမ၏ သမ္မတဖြစ်လိုခြင်း အဓိကပန်းတိုင်များမှာ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ခြင်း၌ လုံခြုံမှုရှိရန်ဖြစ်ကြောင်း ပါလီမန်တွင်ပြောကြားသော သူမ၏ ပထမဆုံးသမ္မတမိန့်ခွန်း၌ အောက်ပါအတိုင်း တွေ့ရသည်။ “ကိုဆိုဗိုပြည်သူ အားလုံးရဲ့ပန်းတိုင်က အီးယူအဖွဲ့ဝင်ဖြစ်ခြင်းနဲ့ အမေရိကန်ရဲ့ပင်တိုင်မိတ်ဆွေဖြစ်နေခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့အိပ်မက် လက်တွေ့ဖြစ်လာမယ်လို့ ကျွန်မ ယုံကြည်ထားပါတယ်”။

    000_DV1509487
    ၂၀၁၃ ခုနှစ် ဇွန်လ ၁၉ ရက် ဗီယင်နာခရီးစဉ်အတွင်း သြစတြီးယားသမ္မတ ဟိန့်ဇ်ဖစ်ရှာနှင့်အတူ သတင်းစာရှင်းလင်းပွဲတစ်ရပ်သို့ တက်ရောက်လာသည့် ကိုဆိုဗိုသမ္မတ အတီဖစ် ဂျဟ်ဂျဂါ
    000_Par7496405
    ကိုဆိုဗိုလွတ်မြောက်ရေးတပ်မတော် KLA မှ စစ်ဦးစီးချုပ် Adem Jashari ကျဆုံးခြင်း ၁၅ နှစ်မြောက်အခမ်းအနား(၂၀၁၃ ခုနှစ် မတ်လ ၅ ရက် – ပရစ္စတီးနားမြို့)အတွင်း ကိုဆိုဗိုလုံခြုံရေးတပ်ဖွဲ့ KSF ကို စစ်ဆေးကြည့်ရှုနေသည့် ကိုဆိုဗိုသမ္မတ အတီဖစ် ဂျဟ်ဂျဂါ။

    ဆက်စပ်သတင်းများ ဖတ်ရန်

    ၁။ Tansu Çiller – တူရကီဝန်ကြီးချုပ်(၁၉၉၃-၁၉၉၆)

    ၂။ မီဂါဝတီ ဆူကာနိုပူထရီ – အင်ဒိုနီးရှားသမ္မတ (၂၀၀၁-၂၀၀၄)

    ၃။ မေမီ မေဒိုင် ဘွိုင်းန် – ဆီနီဂေါဝန်ကြီးချုပ် (၂၀၀၁-၂၀၀၂ ခုနှစ်)

  • အရေးပေါ် ဝန်ဆောင်မှုများတွင် စေတနာ့ဝန်ထမ်းများကို အားကိုးနေရသည့် မြန်မာ့ ကျန်းမာရေးကဏ္ဍ

    အရေးပေါ် ဝန်ဆောင်မှုများတွင် စေတနာ့ဝန်ထမ်းများကို အားကိုးနေရသည့် မြန်မာ့ ကျန်းမာရေးကဏ္ဍ

    အောက်တိုဘာ ၉ ၊ ၂၀၁၅
    M-Media
    world_0310_P46b_sf_1
    – မှိတ်တုတ်မီးတန်း၊ ဥသြဆွဲသံနှင့်အတူ စေတနာ့ဝန်ထမ်း လူနာတင်ယာဉ်မောင်း ဦးမြင့်ဟိန်းတစ်ယောက် စစ်အာဏာရှင်လက်ထက် ဆယ်စုနှစ်ပေါင်းများစွာ ဘက်ဂျက် မလောက်ငှမှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုးရွားသော အဓိကမြို့တော် ရန်ကုန်၏ ကားပိတ်သည့်လမ်းမများတွင် အလျင်အမြန် မောင်းနေလေ၏။

    အရေးပေါ်လူနာတင်ဝန်ဆောင်မှုမှာ အစိုးရက မြန်မာပြည်သူများအတွက် သုံးစွဲမှု ချို့တဲ့ခြင်းကြောင့် ထိခိုက် နစ်နာမှုများထဲမှ တစ်ခုဖြစ်ပြီး၊ အငြိမ်းစား ဘတ်စ် ကားဆရာဖြစ်သူ၎င်းက ယခုအချိန်အထိ စနစ်ကျသော လူနာပို့ဆောင်မှုစနစ် မရှိသေးသည့် မြန်မာနိုင်ငံတွင် ကွက်လပ်တစ်ခုကို ဖြည့်ဆည်းရန် ကူညီနေခြင်းဖြစ်သည်။

    “အချိန်မီ မပို့ဆောင်နိုင်တာ ဒါမှမဟုတ် လူနာတင်ယာဉ် မရှိတာကြောင့် တစ်ချို့လူနာတွေဟာ ဆေးရုံမရောက်ခင် အသက်ဆုံးရှုံးရတာကို ကျွန်တော် တွေ့မြင်ခဲ့ပါတယ်” ဟု အသက် ၅၄ နှစ်အရွယ်ရှိ ၎င်းက ရှည်လျားသည့် ရန်ကုန်-မန္တလေး အဝေးပြေးလမ်းပေါ် မကြာခဏကြုံတွေ့ရသည့် မတော်တဆဖြစ်မှုများ အကြောင်းကို ရည်ညွှန်းပြောကြားခဲ့သည်။

    ယခုတွင်တော့ ဒေသတွင်း NGO အဖွဲ့ဖြစ်သည့်  Noble Heart က ဇန်န၀ါရီလမှစ၍ ရန်ကုန်၌ စတင်ခဲ့သော အခမဲ့ လူနာတင်ယာဉ် ၀န်ဆောင်မှုတွင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ယူကာ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေများတွင် မိသားစု သို့မဟုတ် မိတ်ဆွေများ၏ အကူအညီကို ရယူကြရသော ပြည်သူများကို ဦးမြင့်ဟိန်းက တတ်နိုင်သလောက် ၀န်ဆောင်မှုပေးနေလေသည်။

    အရေးပေါ်အခြေအနေကို ကြုံတွေ့ရသည့်အခါ ကိုယ်ထူကိုယ်ထ ကြံဖန်ရသော ထိုဓလေ့က ပညာရေးနှင့် ကျန်းမာရေးထက် ကာကွယ်ရေးအတွက်သာ ဘဏ္ဏာငွေ ပုံအောသုံးစွဲခဲ့သည့် စစ်တပ်အုပ်ချုပ်မှုခေတ်၏ လက်ကျန်အမွေလည်း ဖြစ်လေသည်။

    စစ်အုပ်ချုပ်ရေးစနစ် ၂၀၁၁ ခုနှစ်တွင် အဆုံးသတ်သွားပြီးနောက် ကမ္ဘာ့ စတုတ္ထမြောက် စီးပွားရေးတိုးတက်မှုအမြန်ဆုံး မြန်မာနိုင်ငံတွင် ဘက်ဂျက်သုံးစွဲမှုများ မြင့်တက်လာသော်လည်း ကျန်းမာရေးအတွက် သုံးစွဲမှုမှာ ကမ္ဘာ့အနိမ့်ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်နေဆဲပင်ဖြစ်သည်။

    ကမ္ဘာ့ဘဏ်က နောက်ဆုံးထုတ်ပြန်ခဲ့သည့် အချက်အလက်များရ မြန်မာနိုင်ငံတွင် ကျန်းမာရေးအတွက် ဘက်ဂျက်သုံးစွဲမှုမှာ ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ၀.၂ ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်းကျော်ကျော်အထိသာ တက်လာခဲ့သည်ဟု သိရသည်။

    အခြားတစ်ဖက်တွင်မူ ယမန်နှစ် ဂျီဒီပီ၏ ၄.၃ ရာခိုင်နှုန်းမှာ စစ်တပ်သို့ သွားသည်ဟု စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအသင်းက ဆိုသည်။

    ကျန်းမာရေးဆိုင်ရာ အရေးပေါ်ဝန်ဆောင်မှုအတွက် Noble Heart ကဲ့သို့ အဖွဲ့ငယ်လေးများကသာ ပြည့်ပြည့်၀၀ ၀န်ဆောင်မှုပေးနိုင်လေသည်။ မြန်မာနိုင်ငံ၏လမ်းများတွင် လူးလွန့်နေကြသည့် လူနာတင်ကား အများစုကတော့ မရှိမဖြစ် ကိရိယာအနည်းငယ်နှင့် အခြေခံလေ့ကျင့်မှုအနည်းငယ်သာ ရှိကြပြီး ပြည့်စုံသည့် အရေးပေါ် စောင့်ရှောက်မှုလုပ်ငန်းများထက် ပို့ဆောင်ရေးလုပ်ငန်း သာသာခန့်သာ ၀န်ဆောင်မှု ပေးနိုင်ကြလေသည်။

    အရပ်သားတစ်ပိုင်အစိုးရမှာ လက်ရှိအချိန်တွင် နိုဝင်ဘာ ၈ ရက်နေ့တွင်ပြုလုပ်မည့် ရွေးကောက်ပွဲကို အာရုံစိုက်နေသည်။ ထိုရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံပါတီနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မျှတသော ရွေးကောက်ပွဲဖြစ်ပါက ဒေါ်စုပင် မဲအများဆုံးရမည်ဟု ခန့်မှန်ကြလေသည်။

    “ကျွန်မတို့မှာ လူနာတင်ယာဉ်တွေတော့ရှိပါတယ်။ ဒါပေမယ့် ပစ္စည်းကိရိယာ အပြည့်အစုံ မတပ်ထားပါဘူး။ ဒါတွေကို အသုံးပြုနေတဲ့သူတွေကလည်း လေ့ကျင့်သင်ကြားပေးထားသူတွေ မဟုတ်ပါဘူး။ စနစ်ကျတဲ့ အရေးပေါ်ဝန်ဆောင်မှုလည်း လုံးဝ မရှိပါဘူး” ဟု ရန်ကုန် အထွေထွေရောဂါကုဆေးရုံ အရေးပေါ်ဌာနမှ ပါမောက္ခဖြစ်သူ ဒေါ်မော်မော်ဦးက ပြောကြားခဲ့သည်။

    ၂၀၁၂ ခုနှစ်အထိ မြန်မာနိုင်ငံတွင် အရေးပေါ်စောင့်ရှောက်မှုမရှိဟု သူမက ထပ်လောင်းပြောကြားခဲ့ပြီး သူမ၏ ဌာန ဖွင့်လှစ်မှု၊ ထိုဘာသာရပ်နှင့်ပတ်သက်၍ ဒီပလိုမာကို မကြာသေးမီကရရှိမှုနှင့် အရေးပေါ်ဝန်ထမ်းနေရာများကို ထောက်ပြ၍ ပြောကြားခဲ့သည်။

    နိုင်ငံ၏ အဓိက အဝေးပြေးလမ်း၊ နောက်ပိုင်းတွင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့၌ပါ ၀န်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်သော အရေးပေါ်လူနာတင်ယာဉ် ၂၃၀ မှ ပထမ အသုတ်ကို ယခုနှစ်တွင် ရရှိတော့မည်ဟု ဒေါ်မော်မော်ဦးက ထည့်သွင်းပြောကြာခဲ့သည်။

    Ref: AFP
    လေးမောင် ဘာသာပြန်သည်။

  • ထိုင်းသမိုင်းမှာ သွေးစွန်းသော အောက်တိုဘာ ၆ (သို့) သမ်မာဆတ် အစုလိုက် အပြုံလိုက် သတ်ဖြတ်ပွဲ

    ထိုင်းသမိုင်းမှာ သွေးစွန်းသော အောက်တိုဘာ ၆ (သို့) သမ်မာဆတ် အစုလိုက် အပြုံလိုက် သတ်ဖြတ်ပွဲ

    အောက်တိုဘာ ၉၊ ၂၀၁၅
    M-Media
    မိုးဝေ စုစည်းတင်ဆက်သည်။

    thammasat-massacre-1976

    ၁၉၇၆ ခု အောက်တိုဘာ ၆ ရက်..

    ထိုင်းနိုင်ငံ၏ သမိုင်းတွင် မေ့ဖျောက်၍ မရသည့် သမ်မာဆက်တက္ကသိုလ် (Thammasat University) အစုအလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီး ဖြစ်ပွားသည့်နေ့ဖြစ်သည်။ ထိုင်းနိုင်ငံ၏ စစ်အာဏာရှင်ဟောင်း ဖီးလ်မာရှယ် သာနွမ်  ကီတီကာချွန် တိုင်းပြည်သို့ ပြန်လာမှုကို မကျေနပ်၍ ကျောင်းသားများ ဆန္ဒပြမှုကို အခွင့်ကောင်းယူကာ စစ်တပ်အကြီးအကဲအချို့က အာဏာသိမ်းရန် ဂွင်ဆင်၍ ထိုသတ်ဖြတ်မှုကြီးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်လေသည်။

    ပြဿနာအစ
    ————-
    ထိုင်းဘုရင်ကြီး ဘူမီဘော အဒူလ်ယာဂျစ်က နိုင်ငံ၏ ဥသျှောင် အဖြစ် ခံယူပြီး စစ်တပ်လွှမ်းမိုးသည့် အစိုးရဖြင့် ဆယ်စုနှစ်ချီ၍ ဖြတ်သန်းလာခဲ့သော ထိုင်းနိုင်ငံရေးစနစ်မှာ ၁၉၇၃ ခုနှစ်တွင် တစ်ဆစ်ချိုး ပြောင်းလဲလာခဲ့သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ရေးဆွဲရန် အောက်တိုဘာ ၁၄ ရက်နေ့ ကျောင်းသားများ ဆန္ဒပြမှုနှင့်အတူ ထိုင်းနိုင်ငံ၏ အာဏာရှင် ၃ ဦးဖြစ်သော ကြည်းတပ်ဦးစီးချုပ် သာနွမ် ကီတီကာချွန်နှင့် ပါရာဖတ် ချာရူဆာသိန်း၊ ဗိုလ်မှူးကြီး နာရွန် ကီတီကာချွန်တို့မှာ တိုင်းပြည်မှ ထွက်ပြေးခဲ့ရလေသည်။

    ၁၉၇၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲပြုလုပ်ပြီး ၀န်ကြီးချုပ် ကုက်ရစ်ဦးဆောင်ကာ ၁၆ ပါတီပါဝင်သည့် ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ခဲ့သော်လည်း တောင်ဗီယက်နမ်မြို့တော် ဆိုင်ဂုံမှာ မြောက်ဗီယက်နမ်မှ ကွန်မြူနစ်များလက်အောက်သို့ ကျရောက်သွားပြီး၊ လာအိုတွင်လည်း ကွန်မြူနစ်အစိုးရ တက်လာပြီးနောက်ပိုင်း ထိုင်းနိုင်ငံတွင် ကွန်မြူနစ်ကြောက်စိတ်များဖြင့် မတည်ငြိမ်တော့ဘဲ လက်ယာယိမ်းအဖွဲ့များကလည်း အားကောင်းလာခဲ့သည်။

    ထို့နောက် ဆန္ဒပြမှုများ၊ ချီတက်မှုများနှင့် ရှုပ်ထွေးခဲ့ပြီး ထိုင်းပြည်တည်ငြိမ်ရေးအတွက် အာဏာသိမ်းရမည်ဟု စစ်တပ်အာဏာပိုင်များက တွက်ခဲ့ကြလေသည်။ ထိုအချိန်တွင် ဆန်ဈေးနှုန်း တက်သွားခြင်းက မီးလောင်ရာ လေပင့်ပေးလိုက်သကဲ့သို့ ဖြစ်ခဲ့ပြီး စစ်တပ်ထောက်ခံသော နာဝါဖွန် (Nawaphon) အဖွဲ့နှင့် ကာကွယ်ရေးဝန်ကြီး ပရာမန်တို့စီစဉ်၍ လူပေါင်း ၁၅၀၀၀ ခန့် ပါဝင်သည့် ဆန္ဒပြမှုတစ်ခု ဖြစ်ပွားခဲ့ကာ စစ်တပ်အား အာဏာလွှဲပေးရန် ၀န်ကြီးချုပ် ကူက်ရစ်ကို တောင်းဆိုခဲ့ကြသည်။

    ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကီတီဗူဒ်ဟို ဘိက္ခူမှာ ကွန်မြူနစ်များကို သတ်ခြင်းက အပြစ်မဖြစ်ဟုပင် ပြောကြားခဲ့သည်။ ထိုမတည်ငြိမ်မှုများ ကြောင့် ၁၉၇၆ ခုနှစ် ဇန်န၀ါရီတွင် ၀န်ကြီးချုပ် ကုက်ရစ်က ပါလီမန်ကို ဖျက်သိမ်းခဲ့ရသည်။

    ဧပြီလအတွင် ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်ခဲ့ပြီး လေးပါတီ ပါဝင်သည့် ညွန့်ပေါင်းအစိုးရ တက်လာကာ ဒီမိုကရက်တစ် ပါတီခေါင်းဆောင် ဆန်နီ ပရာမို့ဂ်ျက ၀န်ကြီးချုပ်ဖြစ်လာ ခဲ့သည်။ ဆန်နီ၏ အစိုးရမှာ ညွန့်ပေါင်းအစိုးရရှိ လက်ယာယိမ်းများနှင့် တိုးတက်သည့်အမြင်ရှိသူ အဖွဲ့များအကြား သဘောထား ကွဲလွဲမှုများကို ဖြေရှင်းရင်း အင်အားချည့်နဲ့လာခဲ့သည်။

    ရမယ်ရှာ
    ————
    ထိုကဲ့သို့ နိုင်ငံရေး မတည်ငြိမ် ဖြစ်နေချိန်တွင် ၁၉၇၃ ခုနှစ် ကျောင်းသားများ ဆန္ဒပြမှုအတွင်း နိုင်ငံရပ်ခြားသို့ ထွက်ပြေးခဲ့ရသည့် စစ်အာဏာရှင် ၃ ဦးမှ ကြီးတပ်အကြီးအကဲ ပရာဖတ်ပြန်လာသည့်အခါ ပြည်သူများက ဆန္ဒပြကြသည်ကို ကြည့်၍ ထိုအချိန်က ဒု-၀န်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်နေသည့် ပရာမန်က အာဏာရှင်ဟောင်း သာနွန်ကို ပြည်တော်ပြန်စေ၍ မငြိမ်းသက်မှုကို ဖန်တီးကာ အာဏာသိမ်းရန် အကြံရခဲ့သည်။

    ထို့နောက် ၁၉၇၆ ခု စက်တင်ဘာလနှောင်းပိုင်း သာနွမ်ပြန်လာသည့် အခါ ကျောင်းသားများနှင့် အလုပ်သမားအဖွဲ့များက သမ်မာဆတ် တက္ကသိုလ်တွင် အခြေစိုက်ကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး သာနွမ်အား တိုင်းပြည်မှနှင်ထုတ်ရန် တောင်းဆိုခဲ့သည်။

    စက်တင်ဘာ ၂၅ ရက်နေ့တွင် နာခွန်ပသွမ်၌ ရဲတပ်ဖွဲ့က သာနွမ်ကို ဆန့်ကျင်သည့် အလုပ်သမား အဖွဲ့ဝင်နှစ်ဦးကို သတ်ပစ်မှုကို ပြန်လည်အမှတ်ရစေရန် သမ်မာဆတ် တက္ကသိုလ်တွင် ကျောင်းသားများက ဆွဲကြိုးချသည့်သဏ္ဍာန် ပြပွဲတစ်ခုကို ပြုလုပ် ခဲ့ကြသည်။

    ထိုဓာတ်ပုံမှာ အောက်တိုဘာ ၅ ရက်နေ့မနက်ပိုင်းတွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော Bangkok Post နှင့် ထိုင်းသတင်းစာ Dao Sayam တို့တွင်ပါလာခဲ့ပြီး ဆွဲကြိုးချမှုတွင် ပါဝင်သူ ကျောင်းသားမှာ ထိုင်းအိမ်ရှေ့မင်းသားနှင့် ဆင်တူပြီး (ဆင်တူအောင် ဓာတ်ပုံကို တမင်ဖန်တီးကာ သတင်းစာများတွင် ထည့်သွင်းကြသည်ဟု အဆိုလည်းရှိသည်) တော်ဝင်မိသားစုကို ကျောင်းသားများက မထီမဲ့မြင်ပြုသည်ဟု သတင်းများ ချက်ခြင်းပြန်နှံ့သွားလေသည်။

    စစ်တပ်ပိုင်ရေဒီယိုနှင့် အခြားသော မီဒီယာများက ကျောင်းသားများကို အပြစ်ဖို့ကာ “ကျောင်းသားများကို သတ်ပစ်” “ကွန်မြူနစ်များကိုသတ်ပစ်” ဟု တရားဝင်ကြွေးကျော်မှုများ ပြုလုပ်တော့သည်။

    ထိုနေ့ညနေပိုင်းတွင် ကျောင်းသား ၂၀၀၀ ခန့် ထိုင်သပိတ်လုပ်နေသော သမ်မာဆတ်တက္ကသိုလ်အား စစ်တပ်က လက်သပ်မွေးထားသည့် ပြည်သူ့စစ် ၄၀၀၀ က ၀န်းရံထားလိုက်ပြီး သမိုင်းတွင်မည့် သတ်ဖြတ်မှုကြီးကို ဆောင်ရွက်ရန် အစပျိုးလိုက်လေသည်။

    1385717_10151919660101154_1830507003_n

    လက်မရွံ့များ
    —————-
    သမ်မာဆတ်တွင် ကျောင်းသားများ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၌ လက်မရွံ့အဖွဲ့ ၃ ဖွဲ့ ပါဝင်ပြီး အားလုံးကို စစ်တပ်နှင့် နယ်စပ်စောင့်ကြပ်ရေး ရဲတပ်ဖွဲ့တို့က လေ့ကျင့် ဖွဲ့စည်းပေးထားခြင်းဖြစ်သည်။ ထိုအဖွဲ့များမှာ နာဝါဖွန်(Nawaphon)၊ The Red Gaur၊နှင့် စေတနာ့ဝန်ထမ်းကာကွယ်ရေးတပ်ဖွဲ့ VDC အဖွဲ့တို့ ဖြစ်သည်။

    “အမျိုး၊ ဘာသာ၊ ဘုရင်စနစ်” ဟူသော ကျွေးကြော်သံဖြင့် စတင်ခဲ့သည့် နာဝါဖွန်အဖွဲ့အပါအ၀င် အဖွဲ့အားလုံးမှာ ပြည်တွင်းလုံခြုံရေးဌာနချုပ် ISOC မှ က လက်သပ်မွေးထားသည့် အဖွဲ့များဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုများကိုပါ လျှို့ဝှက် ဆောင်ရွက်ပေးခဲ့ကြသည်။

    ၁၉၇၅ ခုနှစ်တွင် အင်အား ငါးသောင်းခန့် ဖြစ်လာခဲ့သည့် နာဝါဖွန်အဖွဲ့မှာ လုပ်ကြံသတ်ဖြတ်ရေးနှင့် လက်ဝဲယိမ်းတက်ကြွလှုပ်ရှားသူများအား နှိမ်နင်းရေး သင်ကြားမှုများကို လက်ယာယိမ်း ဘုန်းကြီး ကီတီဗူဒိုက ချွန်ဘူရီပြည်နယ်တွင် တည်ထောင်ထားသည့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့လေသည်။

    သမ်မာဆတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပြီးနောက် စစ်တပ်က အာဏာသိမ်းပြီး ၀န်ကြီးချုပ်ဖြစ်လာသည့် တာနင်မှာ နာဝါဖွန်အဖွဲ့၏ အကြီးတန်းအဖွဲ့ဝင်ပင် ဖြစ်လေသည်။ ထိုသတ်ဖြတ်မှုကြီးတွင် ပါဝင်သည့်အဖွဲ့များကို Thai Marxist စာအုပ်ရေးသူ ဂီလ်းစ် အန်ဂ်ပါကွန်က ၁၉၃၀ ပြည့်နှစ်များတွင် ဥရောပရှိ ဖက်စစ် ပြည်သူ့စစ်အဖွဲ့များကဲ့သို့ အဖွဲ့များဖြစ်သည်ဟု ရေးသားခဲ့လေသည်။

    index

    တိုက်ခိုက်မှုစပြီ
    —————–
    အောက်တိုဘာ ၆ ရက်နေ့ မနက်စောစောပိုင်းတွင် ပြုလုပ်ခဲ့သည့် ကက်ဘိနက်အစည်းအဝေးတွင်  ဒုတိယ၀န်ကြီးချုပ်ဖြစ်သည့် ချာ့တ်ထိုင်းပါတီခေါင်းဆောင် ပရာမာန် အဒီရက်ဆန်က ကျောင်းသားလှုပ်ရှားမှုကို ပြတ်ပြတ်သားသားနှိမ်နင်း ရမည်ဟု နှပ်ကြောင်းပေးခဲ့သည်။

    မနက် ၅ နာရီခန့်တွင် ပြည်သူ့စစ်များက တက္ကသိုလ်ကျောင်းဝင်းထဲသို့ စတင်ပစ်ခတ်ကြပြီး နံနက် ၇ နာရီတွင် နယ်စပ်စောင့်ကြပ်ရေး ရဲတပ်ဖွဲ့က တက္ကသိုလ်ထွက်ပေါက်အားလုံးကို ပိတ်လိုက်လေသည်။ နံနက် ၁၁ နာရီတွင် အမှိုက်ကားတစ်စီးဖြင့် ဂိတ်ပေါက်ဝကို ချိုးဖျက်ဝင်ရောက်ခဲ့ပြီး ထို့နောက်တွင် ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်စီးနင်းတော့သည်။

    လက်နက်ကိုင်ဆောင်ထားသည့် ကျောင်းသားများက ပြန်လည်ပစ်ခတ်သော်လည်း အားချင်းမမျှ။ နောက်ပိုင်းတွင် ကျောင်းသားများက အပစ်ရပ်ရေး တောင်းဆိုခဲ့ပြီး၊ ရဲတပ်ဖွဲ့အကြီးအကဲ ချမ်ဖွန်က မြင်သမျှပစ်ရန် အမိန့်ပေးခဲ့သည်။

    ကျောင်းသားများမှာ ရဲတပ်ဖွဲ့နှင့် ပြည်သူစစ်များလက်အောက်တွင် ရိုက်သတ်ခံရပြီး အလောင်းများကို ချိတ်ဆွဲထားကြသည်။ လက်နက်ချသောသူများကိုလည်း မြေပြင်ပေါ်တွင် အိပ်ခိုင်းထားပြီး ခြေဖြင့်ကန်ကျောက်ကြသည်။ အလောင်များအား ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများ ဖြတ်တောက်မှုကိုလည်း စိတ်ပြေနပြေ လုပ်ကြသေးသည်။ မသေမရှင် ကျောင်းသားများ၏ အလောင်းများကို ဓာတ်ဆီလောင်း၍ မီးရှို့မှုလည်း ပါဝင်လေသည်။

    တက္ကသိုလ်နံရံကိုကျော်ကာ အနီးရှိ ချာအိုဖရာယာ (Chaophraya) မြစ်အတွင်းသို့ ခုန်ချထွက်ပြေးသူများကိုလည်း ထိုင်းရေတပ်မှ ပစ်သတ်သည်။ ထိုတိုက်ခိုက်မှုမှာ နာရီအနည်းငယ် ကြာခဲ့သည်။

    ထိုအဖြစ်အပျက်အတွင်း ကျောင်းသား တစ်ထောင်ခန့် ဖမ်းဆီးခံရသည်။ ကျောင်းသားများကို အပေါ်ပိုင်းဗလာကျင်းကာ တွားသွားခိုင်းပြီး ခြေဖြင့်ကန်ကျောက်ကြသည်။ ကျောင်းသူများကိုလည်း ရဲတပ်ဖွဲ့နှင့် Red Gaurs အဖွဲ့သားများက မုဒိမ်းကျင့်ကြလေသည်။

    ထိုင်းအစိုးရက တရားဝင်ထုတ်ပြန်မှုအရ ၄၆ ဦးသေဆုံးပြီး ၁၆၇ ဦးဒဏ်ရာရသည်ဟုဆိုသည်။ သို့သော်လည်း အလောင်းများကို ကိုင်တွယ်ရသည့် တရုတ်ကူညီမှုအသင်းက သေဆုံးသူမှာ ၁၀၀ ကျော်ရှိသည်ဟု ဆိုပြီး ၂၀၀၁ ခုနှစ်တွင် ၀ါရှင်တန်ပို့စ်ကလည်း ထိုစာရင်းကို လက်ခံခဲ့သည်။

    သတ်ဖြတ်ပွဲကြီးက နေ့လည်ပိုင်းအထိ ကြာမြင့်ခဲ့ပြီး မိုးရွာမှသာ ရပ်တန့်ခဲ့လေသည်။ သမိုင်းဆရာများကတော့ ထိုသတ်ဖြတ်မှုကြီးမှာ အလုပ်သမားများ၊ ကျောင်းသားများနှင့် တောင်သူလယ်သမားအရေး လှုပ်ရှားသူများကို အရက်စက်ဆုံး သတ်ဖြတ်မှုကြီးအဖြစ် ကင်ပွန်းတပ်ခဲ့ကြလေသည်။

    thammasat-massacre-1976-1

    အာဏာသိမ်းပြီ
    ——————
    ကြိုတင်စီစဉ်ထားသည့်အတိုင်း ညနေလေးနာရီခန့်တွင် နယ်စပ်စောင့်ကြပ်မှု ရဲတပ်ဖွဲ့၊ Red Gaur အဖွဲ့၊ နာဝါဖွန်နှင့် VDC အဖွဲ့တို့မှာ အစိုးရအိမ်တော်သို့ ချီတက်သွားပြီး ၀န်ကြီးချုပ် ဆန်နီ နှုတ်ထွက်ရေးအတွက် တောင်းဆိုခဲ့ကြလေသည်။

    ညနေ ၆ နာရီခွဲတွင်တော့ ရေတပ်ဦးစီးချုပ် ဆန်ဂဒ်ဦးဆောင်ပြီး စစ်တပ်အရာရှိ ၂၄ ဦးဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးကောင်စီ NARC က အာဏာသိမ်းကြောင်း ကြေငြာခဲ့လေတော့သည်။ တကယ်တော့ NARC အဖွဲ့မှာ သဘောထားပျော့ပြောင်းပြီး ပရာမန်၏ လက်ယာစွန်းရောက်အဖွဲ့ အာဏာရယူခြင်းမှ တားဆီးခဲ့သည့်အဖွဲ့ ဖြစ်လေသည်။

    “အရင်က အာဏာသိမ်းတဲ့ ပုံစံမျိုးပါပဲ။ အကြမ်းဖက်တိုက်ခိုက်မှုတွေကို အစပျိုးမယ်။ ရဲတွေက တရားဥပဒေစိုးမိုးရေးကို မထိန်းနိုင်တော့ဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်အောင်လုပ်ပြီး နောက်ဆုံး စစ်တပ်က ၀င်လာတာပါပဲ” ဟု ထိုင်းဘုရင် ဘူမိဘောလ်၏ အငြင်းပွားဖွယ် အထုပ္ပတ္တိ The King Never Smile စာအုပ်ကို ရေးသားခဲ့သော ပေါလ် ဟန်ဒလေက ပြောကြားခဲ့သည်။

    neil-ulevich-thailand-massacre

    လက်မည်းကြီးများ
    ——————
    ၁၉၇၃ ခုနှစ် တိုင်းပြည်ကို အုပ်စိုးနေသည့် စစ်တပ်အကြီးအကဲ သာနွမ်ကို ဖြုတ်ခဲ့ပြီး နောက်ပိုင်း ဗိုလ်ချုပ်ကြီး ပရာမန် အဒီရက်စ်ဆန် ခေါင်းဆောင်သည့် စစ်တပ်က အာဏာပြန်သိမ်းရန် စနစ်တကျ စီစဉ်ခဲ့ကြကာ ၁၉၇၆ ခုနှစ် ကျောင်းသားများ ဆန္ဒပြမှုကို အခွင့်ကောင်းယူခဲ့သည်ဟု ပညာရှင်များက ယူဆခဲ့ကြသည်။

    စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ ကျောထောက်နောက်ခံပြုထားသည့် လက်ယာယိမ်းပြည်သူစစ်များကို ဘုရင်ကြီး ဘူမိဘောလ်ကလည်း အသိအမှတ်ပြုခဲ့ပြီး အဆိုပါ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို “တော်ဝင်အသိုင်းအ၀ိုင်း၏ အလိုတူအလိုပါ ကိစ္စ” ဟု ပင် သတ်မှတ်ခဲ့ကြသည်။

    သတ်ဖြတ်မှုဖြစ်ပွားပြီး ၄ ရက်အကြာတွင် ထိုင်းအိမ်ရှေ့မင်းသားမှာ ပြည်သူ့စစ်အဖွဲ့ဝင်များကို ဆုချီးမြှင့်ခဲ့သည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

    လက်သည်ပျောက်
    ———————
    ၁၉၇၆ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် သမ်မာဆတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် မည်သူကိုမှ အရေးမယူနိုင်ခဲ့။ စစ်အာဏာရှင်အုပ်စုမှ အဖွဲ့ဝင်များမှာ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ပြီး အခြားအဖွဲ့ဝင်များမှာလည်း တရားစွဲဆိုခြင်းမခံခဲ့ရပေ။

    ထိုင်းနိုင်ငံ၏ သမိုင်းစာအုပ်များတွင် ထိုအဖြစ်အပျက်အား ဖျောက်ထားလေ့ရှိပြီး ဖော်ပြသည့်အခါတွင်လည်း ကျောင်းသားများက အကြမ်းဖက်ခြင်းကြောင့် ဖြစ်ပွားရသည်ဆိုသည့် ရဲတပ်ဖွဲ့၏ တစ်ဖက်သတ် အစီရင်ခံစာကိုသာ ကိုးကားရေးသားကြလေသည်။ တစ်ချို့က ကျောင်းသားများနှင့် စစ်တပ်အကြား နားလည်မှုလွဲမှားခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်ဟု ဆိုကြသည်။

    သမ္မာဆတ်တက္ကသိုလ်တွင်တော့ အောက်တိုဘာ ၆ ရက်နေ့ရောက်တိုင်း ထိုအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအတွက် အောက်မေ့ဖွယ် အခမ်းအနားများ ပြုလုပ်ကြပြီး ရက်စက်ကြမ်းကြုတ်မှုများကို ဖော်ပြထားသည့် သတင်းစာဖြတ်ပိုင်းများ၊ မျက်မြင် သက်သေများ၏ ပြောကြားမှုများနှင့် သမိုင်းမှတ်တမ်းများကို ခင်းကျင်းပြသကြလေသည်။ ၁၉၉၆ ခုနှစ်တွင် အထိမ်းအမှတ် တစ်ခုကို တက္ကသိုလ် ပရ၀ုဏ်အတွင်း ဆောက်လုပ်ခဲ့လေသည်။

  • “အစိုးရဖွဲ့ရုံနဲ့ အုပ်ချုပ်ရေးအာဏာကို အပြည့်အဝရမလား”

    “အစိုးရဖွဲ့ရုံနဲ့ အုပ်ချုပ်ရေးအာဏာကို အပြည့်အဝရမလား”

    ဖြိုးသီဟချို / Myanmar Now

    KMMM
    အင်္ဂါနေ့က ရန်ကုန်တွင် တွေ့ရသော ဒေါ်ခင်မမမျိုး (ဓာတ်ပုံ – ဖြိုးသီဟချို/Myanmar Now)

    မြန်မာ့အရေးစောင့်ကြည့်အကဲခတ်သူ တစ်ဦးဖြစ်သည့် ဒေါ်ခင်မမမျိုးသည် လန်ဒန်တွင် ပညာသင်ယူခဲ့ပြီး ရန်ကုန်မြို့တွင် သူတည်ထောင်ထားသော မြန်မာ့နိုင်ငံရေးနှင့် မူဝါဒရေးရာ လေ့လာရေးဆိုင်ရာသိပ္ပံကို အာရှ၏ ထိပ်တန်းကျောင်းများတွင် ပါဝင်လာရေးအထိ ရည်ရွယ်ထားသူဖြစ်သည်။

    မြန်မာပြည်အနှံ့မှာ ငြိမ်းချမ်းရေးနှင့်နိုင်ငံရေး သင်တန်းများပေးခဲ့သော ဒေါ်ခင်မမမျိုးသည် လတ်တလောတွင် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ခြင်း၊ မဲဆွယ်ခြင်း၊ အမျိုးသမီးများ ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီတွင် ပါဝင်မှုဆိုင်ရာ ဆွေးနွေးပွဲများကို ဦးဆောင်ပြုလုပ်လျက်ရှိသည်။

    သတင်းထောက် ဖြိုးသီဟချိုနှင့်  မကြာသေးခင်က တွေ့ဆုံစဉ် ဒေါ်ခင်မမမျိုးက အခြေခံဥပဒေပြင်ဆင်ရေး၊ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း၊ နိုင်ငံရေးတွင် လူထုပါဝင်မှု၊ တပ်မတော်က ဝန်ကြီးဌာန ၃ ခုကို အမြဲတမ်း ချုပ်ကိုင်ထားခြင်း စသည့် အကြောင်းအရာများကို ပြောပြခဲ့သည်။

    မေး – ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် ကျယ်ကျယ်လောင်လောင်ကြားခဲ့ရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဆိုတာကို အခုတလော မဲဆွယ်ပွဲတွေမှာ သိပ်မကြားရတော့တာ ဘာကြောင့်လို့ ထင်ပါသလဲ။

    ဖြေ – အခြေခံဥပဒေပြင်ဆင်ရေးတို့၊ ငြိမ်းချမ်းရေးတို့ ဆိုတာက ရေရှည်သွားရမယ့်ဖြစ်စဉ်ပေါ့။ ပါတီများရဲ့ မဲဆွယ်စည်းရုံးမှုတွေ ဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့နဲ့ ပတ်သက်တဲ့ Structure ကြီးတွေပေါ်မှာ အခြေတည်တာထက် “လိုအပ်ချက်”ပေါ် အခြေတည်ပြီးတော့ မဲဆွယ်စည်းရုံးကြတယ်လို့ မြင်ပါတယ်။ အဲဒီတော့   ဆင်းရဲနွမ်းပါးမှု၊ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ လူထုရဲ့ လတ်တလောအဖြစ်အပျက်တွေ၊ လိုအပ်ချက်တွေပေါ်မှာ ပိုပြီးတော့ အာရုံစိုက်လာတယ်လို့ မြင်ပါတယ်။

    မေး – လူထုရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေးကို အာရုံစိုက်လာပြီး လူထုရဲ့ နိုင်ငံရေး မျှော်လင့်ချက်ဖြစ်တဲ့ ဒီမိုကရေစီရေးကို ပါတီတွေက မဖြည့်ဆည်းပေးနိုင်တော့ဘူးလို့ ဆိုလိုချင်တာလား။

    ဖြေ – တချို့ပါတီတွေက စားဝတ်နေရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကို နံပတ်တစ်ပြောပြီးတော့မှ နိုင်ငံရေးအယူအဆကို နောက်မှပြောမယ်ဆိုတဲ့ အတွေးအခေါ် အယူအဆက ပိုပြီးတော့ လွှမ်းမိုးလာတယ်လို့ ထင်ပါတယ်။ လူထုရဲ့ နိုင်ငံရေးရည်မှန်းချက်အပိုင်းကို ဂရုမစိုက်တာတော့ မဟုတ်ဘူးပေါ့။

    မေး – မကြာသေးခင်က ရွေးကောက်ပွဲကော်မရှင်က ပြောတယ် မဲစာရင်းကြည့်သူ ၃၀ရာခိုင်နှုံးပဲရှိတယ် တဲ့။ လူထုရဲ့ နိုင်ငံရေး အပေါ်စိတ်ဝင်စားမှု အခြေအနေကို ဘယ်လိုထင်ပါသလဲ။

    ဖြေ – ကျွန်မတို့ပြည်သူလူထုက နိုင်ငံရေးဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်မှုတွေရှိခဲ့ကြပါတယ်။ လက်ရှိအခြေအနေအရတော့ တချို့ကလည်း စိတ်ဓာတ်ကျပြီး မျှော်လင့်ချက် ပျောက်ဆုံးနေတယ်။ လူထုက ရှေ့ထွက်လိုက်၊ ဦးဆောင်လိုက်၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့အင်အားစုတွေ ပေါ်လာလိုက်၊ ပြီးတော့ အဲဒီနိုင်ငံရေးနဲ့ ပတ်သက်တဲ့ အင်အားစုတွေကို စစ်အာဏာရှင်တွေ က ပြန်ပြီးတော့ ချေမှုန်းလိုက်ပေါ့။ အဲဒီအပေါ်မှာ လူထုက ပြန်ပြီးတော့လိုက်ကြည့်နေရတဲ့အနေအထားပေါ့၊ ဥပမာ ၁၉၈၈မှာ တတိုင်းပြည်လုံး တက်တက်ကြွကြွနဲ့ ပါကြတယ်၊ မဲပေးတဲ့အခါကျတော့လည်း တက်တက်ကြွကြွနဲ့ မဲပေးကြတယ်၊ အနိုင်ရတဲ့ ပါတီကလည်း အစိုးရမဖြစ်ပြန်ဘူး၊ စစ်အာဏာရှင်တွေက အာဏာမလွှဲခဲ့ဘူး။ လူထုက အရင်လှုပ်ရှားတယ်။ ပြီးရင်နိုင်ငံရေးဦးဆောင်သူတွေ ပေါ်လာတယ်၊ လူထုထဲကပဲ ထွက်လာတယ်၊ အဲဒီနိုင်ငံရေးသမားတွေကို အစိုးရကချေမှုန်းတယ်။ လူထုက အဲဒီနိုင်ငံရေးသမားတွေ ပြန်ပြီးတော့လွတ်မြောက်ရေးအတွက် လုပ်ကြရတယ်၊ ထွက်လာပြီဆိုရင် အရမ်းပျော်ကြတယ်၊ (ထောင်ထဲ) ပြန်ဝင်သွားကြရပြီဆိုရင် အရမ်း စိုးရိမ်ကြတယ်။ ထွက်လာပြီးတဲ့အခါမှာလည်း ဒီအာဏာရှင် စနစ်ကြီးကို ပျောက်ဆုံးသွားအောင် လုပ်နိုင်လား ဆိုတော့လည်း မလုပ်နိုင်ဘူးပေါ့လေ။ အာဏာရှင်တွေရဲ့ အမြစ်တွယ်မှုကလည်း အရမ်းကိုများနေပြီးတော့ နိုင်ငံရေးသမားတွေအချင်းချင်း မညီညွတ်တာတွေ၊ တစ်ယောက်တစ်သံထွက်ကြတာတွေ၊ နိုင်ငံရေး လမ်းစဉ်တွေကို တစ်နေ့တစ်မျိုးပြောကြတာတွေလည်း ပါတာပေါ့လေ။ အဲဒီလို လည်နေတဲ့အပိုင်းတွေမှာ ပန်းတိုင်ပျောက်နေကြတယ်။ လူထုကို နိုင်ငံရေးလမ်းစဉ်တစ်ခုတွဲခေါ်ပြီးတော့ ချပြမသွားနိုင်ဘူး။ ဒီတော့ လူထုက မျှော်လင့်ချက်နည်းလာတဲ့ အခြေအနေမျိုးဖြစ်လာတယ်လို့ ထင်ပါတယ်။ ဒါကို ကျွန်မတို့နိုင်ငံရေးသမားတွေက ပြန်ပြီးတော့ ဒီတိုင်းပြည်ရဲ့ အပြောင်းအလဲကို ငါတို့လုပ်နိုင်တယ်ဆိုတဲ့ လူထုရဲ့ ယုံကြည်မှုပေါ့။ ငါတို့ပဲလုပ်ရမှာတော့ မဟုတ်ဘူးပေါ့။ အားလုံးအတူတကွ တွဲလုပ်ရမယ်ဆိုတဲ့သဘောမျိုးပေါ့။ အဲဒီလမ်းစဉ်ကိုချပြနိုင်မယ်ဆိုရင်လူထုရဲ့ နိုင်ငံရေးစိတ်ဝင်စားမှုက ပြန်ပြီးတော့မြင့်တက်လာမယ်လို့ ထင်ပါတယ်။ နိုင်ငံရေးသမားတော်တော်များများက အတိတ်တုန်းကဖြစ်စဉ်တွေကို ပြောကြတယ်။ ဒီဖြစ်စဉ်တွေက လူထုကလည်း သိပြီးသားပါ၊ ပါဝင်ပတ်သက်ပြီးသား။ နိုင်ငံရေးသမားထက် လူထုကပိုပြီးတော့တောင် ထိခိုက်ခံစားခဲ့ရသေးတယ်။ ဥပမာ နိုင်ငံရေးသမားက ငြိမ်းချမ်းရေးကိစ္စကို ပြောနေတဲ့အချိန်မှာ လူထုက သေနတ်သံအောက်မှာ ဖြတ်သန်းနေရတာ။ ငြိမ်းချမ်းရေးလိုအပ်ပါတယ်လို့ လူထုကိုပြောရုံနဲ့ မပြီးဘူး။ ဘယ်နိုင်ငံမှာတော့ ဘာတွေဖြစ်နေပြီ၊ ဘယ်လိုဖြစ်သင့်တယ်၊ အဲဒီဘာဖြစ်သင့်တယ်ဆိုတဲ့နေရာကို ခုရောက်နေတဲ့နေရာကနေ ဘယ်လိုသွားမှာလဲ ဆိုတဲ့ လမ်းစဉ်ကို နိုင်ငံရေးသမားတော်တော်များများက ချပြဖို့အတွက် အားနည်းတာကို တွေ့ရပါတယ်။

    မေး – အတိုက်အခံက ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ပြီးတော့ အစိုးရ ဖွဲ့နိုင်ခဲ့ရင် အခြေခံဥပဒေပြင်ဆင်ရေးအပေါ် သက်ရောက်မှုရှိနိုင်မလား။

    ဖြေ – အစိုးရဖွဲ့နိုင်ခြင်းနဲ့ အခြေခံဥပဒေပြင်ဆင်နိုင်ခြင်းက ကျွန်မအမြင်မှာတော့ ဆက်စပ်မှုမရှိဘူးရှင့်။ အစိုးရဖွဲ့ရုံနဲ့ အုပ်ချုပ်ရေးအာဏာကို အပြည့်အဝရမလားဆိုတာ မေးစရာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရတစ်ခုဖွဲ့ပြီိဆိုရင် ဝန်ကြီးဌာနသုံးမျိုးသုံးစားကို ဖွဲ့စည်းရပါတယ်။ အာဏာရှိတဲ့ဝန်ကြီးဌာနတွေ၊ ဘဏ္ဍာငွေကြေးနဲ့ ဆိုင်တဲ့ ဝန်ကြီးဌာနတွေ၊ ဝန်ဆောင်မှုဝန်ကြီးဌာနတွေပါ။ အဲဒီလိုသုံးမျိုးသုံးစားရှိတဲ့အထဲမှာ (၂ဝဝ၈ အခြေခံဥပဒေအရ) အစိုးရအဖွဲ့တစ်ခုအနေနဲ့ ရရှိနိုင်တဲ့ အာဏာသည် ဝန်ဆောင်မှုဝန်ကြီးဌာနတွေပဲ ဖြစ်ပါတယ်။ အာဏာရှိတဲ့ဝန်ကြီးဌာနတွေသည် အဲဒီအစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှုဘောင်ထဲမှာ လုံးလုံး မရှိပါဘူး။

    မေး – အာဏာရှိတဲ့ဝန်ကြီးဌာနတွေအကြောင်း ရှင်းပြပေးပါဦး။

    ဖြေ – ကာကွယ်ရေး၊ နယ်စပ်ရေးရာနဲ့ ပြည်ထဲရေးတို့ဖြစ်ကြပါတယ်။ တိုင်းပြည်တစ်ခုရဲ့ အရေးအကြီးဆုံး အဓိကဝန်ကြီးဌာနတွေပေါ့။ ဒါတွေကို လုံးဝ စီမံခန့်ခွဲပိုင်ခွင့် အစိုးရအဖွဲ့ကိုမပေးထားဘူး။ တိုင်းပြည်တစ်ခုလုံးရဲ့ အုပ်ချုပ်ရေးကလည်း ပြန်ပြီးတော့ကြည့်မယ်ဆိုရင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာ ရှိပါတယ်။ ဒါသည်လည်း အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှုထဲမှာ မပါသေးဘူး။ နောက်တစ်ခုက အစိုးရတစ်ရပ်ဖွဲ့နိုင်ခြင်းသည် လွှတ်တော်မှာ ၇၅ ရာခိုင်နှုန်း (အုပ်)စီးနိုင်မလား။   မဖြစ်နိုင်ဘူး။ စီးနိုင်ခဲ့ရင်တောင်မှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ကို ကျန်တဲ့ ၂၅ ရာခိုင်နှုန်းက တစ်စုံတရာ မဲမပေးဘဲနဲ့ ပြင်ဆင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

    မေး – အခြေခံဥပဒေကို လွှတ်တော်လမ်းကြောင်းကနေ ပြင်နိုင်မလား။

    ဖြေ – အခြေခံဥပဒေကို လွှတ်တော်တွင်းနိုင်ငံရေးနဲ့ပဲ ပြင်ဖို့ကြိုးစားတယ် ဆိုတဲ့ လမ်းကြောင်းက မှားတာ မဟုတ်ရင်တောင်မှ တော်တော်လေးကို သံသရာရှည်မှာပါ။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်တွင်းနိုင်ငံရေးထဲမှာ ၇၅ ရာခိုင်နှုန်းအထက်က လက်ခံအောင် လုပ်ပေးရဦးမယ်၊ ပြီးတော့ လူထုဆန္ဒခံယူပွဲမှာ မဲပေးသူရဲ့ ဘယ်လောက်ရာခိုင်နှုန်းက ထောက်ခံရမယ်ဆိုပြီး ဒုတိယအဆင့် ဖြတ်သန်းရဦးမယ်။ လွှတ်တော်က အရင်ရအောင်ပြင်မယ်၊ စမယ်၊ ပြီးရင် လူထုရဲ့ အားကို ယူရပါဦးမယ်။    ။