News @ M-Media
Category: မြန်မာမွတ်စ်လင်မ်သမိုင်း
  • အစ္စလာမ် သာသနာရေးရာ ကောင်စီ ပေါ်ပေါက်လာပုံ
    အစ္စလာမ် သာသနာရေးရာ ကောင်စီ ပေါ်ပေါက်လာပုံ
    ဒီဇင်ဘာ ၄ ၊ ၂၀၁၂
    M-Media
    (၁) မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် အစ္စလာမ်သာသနာရောက်ရှိ ထွန်းကားခဲ့ပါသည်။  ရှေးမြန်မာမင်းများ လက်ထက်က  အစ္စလာမ်သာသနာ သက်ဝင်ယုံကြည်သူ နိုင်ငံသားများကို ပသီများဟု ခေါ်ဝေါ်ခဲ့ကြပါသည်။ ၄င်းအစ္စလာမ်သာသနာဝင် ပသီများသည် အစ္စလာမ့်အဆုံးအမနှင့်အညီ ဘာသာတရားကိုင်းရှိုင်းကြ၍သစ္စာရှိစွာ အမူ့ထမ်းခဲ့ကြသဖြင့် မြန်မာမင်းများက လုပ်မြေ၊နေမြေများ ချီးမြင့်ခြင်း၊၀တ်ပြုကိုးကွယ်ရန် အတွက်၊ ဗလီဝတ်ကျောင်းတော်များနှင့်သာသနိက အဆောက်အအုံများ လှူဒါန်းခြင်းတို့ ဖြင့် မြှောက်စား ချီးမြှင့်ခြင်းခံခဲ့ကြရပါသည်။
    (၂) (၁၈၂၄)ခုနစ်တွင်ပထမအကြိမ်၊ (၁၈၅၂)ခုနစ်တွင် ဒုတိယအကြိမ်၊ (၁၈၈၅)ခုနစ်တွင် တတိယအကြိမ်၊ အင်္ဂလိပ်မြန်မာ စစ်ပွဲများဖြစ်ကြပြီးနောက် အင်္ဂလိပ်တို့ကမြန်မာနိုင်ငံ တစ်ဝန်းလုံးအား သိမ်းပိုက် အုပ်စိုးခဲ့ပါသည်။
    ထိုစစ်ပွဲများတွင်လည်းကောင်း၊ ထိုစစ်ပွဲများပြီးနောက် မြန်မာမျိုးချစ်တို့၏ နယ်ချဲ့ ဆန့်ကျင်ရေး တိုက်ပွဲများတွင် လည်းကောင်း၊ အခြားတိုင်းရင်းသား ညီနောင်များနည်းတူ အစ္စလာမ်သာသနာဝင်များ ပါဝင်ခဲ့ကြပါသည်။-
    (၃) ၎င်းနောက် အင်္ဂလိပ်တို့ မြန်မာတစ်နိုင်ငံလုံးအား ကျွန်ပြုအုပ်ချုပ်ရာတွင် ၄င်းတို့၏ စီမံကိန်းများကို အကောင်အထည်ဖော်နိုင်ရန်အတွက်   တိုင်းတစ်ပါးမှ အခြေချလိုသူ အမြောက်အမြားကို မြန်မာနိုင်ငံတွင်း ၀င်ရောက်ခွင့်ပြုခဲ့ရာ ၀င်ရောက်လာသူတိုင်းတစ်ပါးသားများအနက် အိန္ဒိယနိုင်ငံဖွား အစ္စလာမ် သာသနာဝင်များလည်း ပါရှိခဲ့ပါသည်။
    (၄) ၂၀-ရာစု အစပိုင်းတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများသည်  အမျိုးသားရေး စိတ်ဓာတ်များနိုး ကြားလာစပြုကာ ဘာသာရေးအဖွဲ့ အစည်းများ ထူထောင်ဖွဲ့စည်းကြရာတွင် အစ္စလာမ်သာသနာဝင်တို့ သည်လည်း(၁၉၀၉)ခုတွင် အစ္စလာမ်ဘာသာဝင် ဗမာ မွတ်စ်လင်မ် များအတွက်ဟူသောကြွေးကြော်သံဖြင့် အေရဟင်နှင့် ဟာဂျီဦးဘအို (KIH)တို့ ဦးဆောင်၍ ဘားမားမွတ်စ်လင်မ်ဆိုစိုက်တီ (BURMA MUSLIM SOCIETY)အဖွဲ့ကို ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။
    (၅) (၁၉၁၅)ခုနစ်တွင် မြန်မာနိုင်ငံရှိ အစ္စလာမ်သာသနာဝင်တို့၏ ပညာရေးမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာမွတ်စ်လင်မ် ပညာရေး အဖွဲ့ချုပ်ကို ဖွဲ့စည်းကာ မြန်မာနိုင်ငံ တစ်ဝန်းမြို့များတွင်အလှည့်ကျ ပညာရေးကွန်ဖရင့်များ နှစ်စဉ်ကျင်းပခဲ့ပါသည်။
    (၆) မြန်မာနိုင်ငံရှိတိုင်းရင်းသားများ အစ္စလာမ်သာသနာဝင်တို့က အစ္စလာမ် ဘာသာရေး ကျောင်းများတွင် မြန်မာဘာသာ စာပေဖြင့် သင်ကြားလိုကြခြင်းကို အစ္စလာမ်သာသနာနှင့် အိန္ဒိယယဉ်ကျေးမူ့ကို ကွဲပြားစွာ သုံးသပ်နိုင်စွမ်းမရှိသူ အစ္စလာမ်သာသနာဝင် အချို့တို့က ဆန့်ကျင် ကန့်ကွတ်၍  အိန္ဒိယစာပေ(အူရ်ဒူစာ)၊ယဉ်ကျေးမူဓလေ့ ထုံးတမ်းများကို အတင်းအကြပ်သင်ကြားစေမူကြောင့် လည်းကောင်း၊ သန်းခေါင်စာရင်းကောက်ရာ မြန်မာနိုင်ငံတိုင်းရင်းသားအစ္စလာမ် ဘာသာဝင်များကို အိန္ဒိယနိုင်ငံဖွားစာရင်းထည့်သွင်းသည့်ကိစ္စနှင့်ပတ်သက်၍ လည်းကောင်း၊မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တွဲရေးခွဲရေး ကိစ္စတွင်မြန်မာနိုင်ငံတိုင်းရင်းသားအစ္စလာမ်သာသနာဝင်များက ခွဲရေးဘက်ကထောက်ခံပြီး အိန္ဒိယနွယ်ဖွား အစ္စလာမ်သာသနာဝင် များကတွဲရေးဘက်က ထောက်ခံခဲ့သဖြင့်လည်းကောင်း၊ (၁၉၂၉) ခုနစ်တွင် မြန်မာမွတ်စ်လင်မ်ပညာရေးအဖွဲ့ချုပ်အတွင်း သဘောထားကွဲမူများအထွတ်အထိပ်ရောက်ရှိကာ (၁၉၃၀)ခုတွင် တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များခွဲထွက်ပြီးဂျီစီင်္ဘီအမ်အေ (THE GENERAL COUNIL OF BURMA MUSLIM ASSOCIATION) ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
    (၇) (၁၉၃၈)ခုနစ် ဖေဖော်ဝါရီလ(၁၃)ရက်တွင် တိုင်းတစ်ပါးသားတို့၏တိုင်းရင်းသားများအပေါ် နိုင်ငံရေး၊ဘာသာရေး၊ လူမူရေး ၊ယဉ်ကျေးမူနယ်ပယ်များတွင် လွှမ်းမိုးချယ်လှယ်နေခြင်းကို ရင်ဆိုင်အံတု၍ အမျိုးသားရေးဘာသာရေးများကိုဆောင်ရွက်ရန်အတွက် ဗမာမွတ်စ်လင်မ်နိုးကြားရေးအဖွဲ့ချုပ်အား  မန္တလေးမြို့ ဥက္ကဋ္ဌ ဦးသိန်းမောင်(စကြာနွယ်စဉ်)၊ အတွင်းရေးမူး၊ဦးသန်းရွှေတို့ဦးဆောင်ဖွဲ့စည်းခဲ့ပါသည်။
    (၁၉၄၁)ခုနှစ်တွင်ကျင်းပသော ညီလာခံ၌  မန္တလေးမြို့  ဗဟိုအမျိုးသားကျောင်းအုပ်ဆရာကြီး ဦးရာဇတ် (အာဇာနည်ခေါင်းဆောင်ကြီး)ကို ဥက္ကဋ္ဌတင်မြှောက်ခဲ့ပါသည်။
    (၈) ဒုတိယစစ်ကြီးပြီးသည့် (၁၉၄၅)ခုနစ်တွင်  (ဂျီဘီအမ်အေ)အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဗမာမွတ်စ်လင်မ်လူငယ်များအစည်းအရုံး (ဗ မ လ)ကို ဖွဲ့စည်းခဲ့ပါသည်။ထိုနှစ်တွင်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ယနေ့တိုင်းပြည်အခြေအနေသည် တစ်မျိုးသားလုံး သွေးစည်း ညီညွတ်ရန် အလွန်လိုအပ် နေသဖြင့် ဗမာမွတ်စ်လင်မ်များညီင်္ညီညွတ်ညွတ်နှင့်အဖွဲ့ အစည်းကြီးတရပ်ဖွဲ့စည်းကာ (ဖလ)အဖွဲ့ကြီးတွင် တပ်ပေါင်းစုအဖြစ်ပါဝင်ရန် တိုက်တွန်းချက်အရ ဆရာကြီးဦးရာဇတ်က ဦးဆောင်ဆော်သြ၍ (၁၉၄၅)ခုနစ်၊ ဒီဇင်ဘာ(၂၄)ရက် (၂၅)ရက်နှင့်(၂၆)ရက်တို့တွင် ပျဉ်းမနားမြို့၌ ညီလာခံကြီးတရပ်ခေါ်ယူ ကျင်းပခဲ့ပါသည်။
    (၉) ၎င်းညီလာခံကြီးသို့ မြန်မာနိုင်ငံတစ်ဝန်းမှ တစ်သီးပုဂ္ဂလ မွတ်စ်လင်မ်ခေါင်းဆောင်များ၊ ဖွဲ့စည်းပြီးသော (ဂျီစီဘီအမ်အေ)နှင့်(ဗ-မ-လ) အဖွဲ့တို့မှ ခေါင်းဆောင်များ ပါဝင်တက်ရောက်စေ၍ အဖွဲ့ဟောင်းအားလုံးကိုဖျက်သိမ်းကာ ဗမာနိုင်ငံလုံးဆိုင်ရာဗမာမွတ်စ်လင်မ်ကွန်ဂရက် (က) အဖွဲ့ကြီးကို ဆရာကြီးဦးရာဇတ်အား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊  ဦးခင်မောင်လတ် ( နောင်တရားရေးဝန်ကြီးဌာန ၀န်ကြီးနှင့် အစ္စလာမ်ကောင်စီ ဌာနချုပ်ဥက္ကဋ္ဌ) အား အထွေထွေအတွင်းရေးမှုးချုပ် အဖြစ် လည်းကောင်း၊ တင်မြှောက်ဖွဲ့စည်းခဲ့ပါသည်။
    ( ဗ-မ-က ) အဖွဲ့ကြီး သည် ညီညွတ်သော တိုင်းရင်းသား  သာသနာ့ပညာရှင်များ အဖွဲ့အစည်း တစ်ရပ်ဖြစ်ပေါ်လာရေးအတွက် (ဗ-မ-က)၏ဘာသာရေးမှူး မောင်လာနာဃာဇီ မုဟမ္မဒ်ဟာရှင်မ် (နောင်-အိုလမာ ဥက္ကဋ္ဌ ၊ အစ္စလာမ်ကောင်စီဥက္ကဋ္ဌ)ကို လည်းကောင်း၊ စုစည်းညီညွတ်သော မွ တ်စလင်မ် အမျိုးသမီး အဖွဲ့ချုပ်ဖြစ်မြောက်ရေးအတွက် ဒေါ်စောရွှေ ၊ ဒေါ်သက်မေ၊ ဒေါ်မြမြတင်တို့အား လည်းကောင်း တာဝန်ပေးခဲ့ပါသည်။
    (၁၀) ထိုသို့ (ဗ-မ-က) အဖွဲ့ကြီး၏တာဝန်ပေးချက်အရ  (၁၉၄၆) ခုနှစ်ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် ရန်ကုန်မြို့၌ အမျိုးသမီးထု အစည်အဝေးကျင်းပပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စ်လင်မ်အမျိုးသမီးအဖွဲ့ချုပ်(ဗမအ)ကိုဥက္ကဋ္ဌ ဒေါ်စောရွှေအား တင်မြေုာက်၍လည်းကောင်း၊ (၁၉၄၆)ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်တွင် သာစည်မြို့၌  သာသနာ့ပညာရှင်များ အစည်းအဝေးကြီး ကျင်းပ၍ ဥက္ကဋ္ဌဃာဇီမုဟမ္မဒ်ဟာရှင်မ်အား တင်မြှောက်၍ လည်းကောင်းဖွဲ့စည်းခဲ့ပါသည်၊ (အိုလမာအဖွဲ့ချုပ်သည် ၁၉၅၁ခုမေလတွင် ကျင်းပသော အိုလမာညီလာခံ၌ ရန်ကုန်မြို့ရှိ ဂျမီအသ်အဖွဲ့နှင့ပူးပေါင်းလိုက်ပါသည်။)
    (၁၁) (ဗ-မ-က)အဖွဲ့ကြီးသည် (၁၉၄၆)ခုနှစ် ဇန်န၀ါရီလတွင် ရွှေတိဂုံ အလယ်ပစ္စယံ၌ကျင်းပသည့် ဖ-ဆ-ပ-လ ညီလာခံ၌စတင်ကာ လူမျိုးရေးအဖွဲ့အစည်းတစ်ရပ်အဖြစ် (ဖ-ဆ-ပ-လ)တွင် တပ်ပေါင်းစုပါဝင်၍ မြန်မာ့လွတ်လပ်ရေး  ကြိုးပမ်းမှုတွင်ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ (၁၂) (၁၉၄၈) ခုတွင် မြန်မာ့နိုင်ငံလွတ်လပ်ရေရရှိပြီးနောက် နိုင်ငံတော်အစိုးရက ဘာသာသာသနာအသီးသီးအား  နှစ်စဉ် သာသနာ့ထောက်ပံ့ကြေးငွေ ချီးမြှင့်ရာတွင် (ဗ-မ-က) သည် အစ္စလာမ်သာသနာဝင် တစ်မျိုးသားလုံးအား ကိုယ်စားပြုသော်လည်း အမျုးသားရေးဆောင်ရွက်နေသော အဖွဲ့ဖြစ်သဖြင့် သာသနာ့ထောက်ပံကြေး ငွေလက်ခံနိုင်ခဲ့ခြင်းမရှိပါ။
    ကျန် ဘာသာရေးအဖွဲ့များ သည်လည်း အစ္စလာမ်သာသနာဝင် တစ်မျိုးသားလုံးကို ကိုယ်စားပြု၍ ထောက်ပံကြေး လက်ခံနိုင်ခဲ့ခြင်းမရှိပါ။ အိုလမာအဖွဲ့သည် သာသနာ့ပညာရှင်များကိုသာ ကိုယ်စားပြုခြင်း၊ အမျိုးသမီးအဖွဲ့သည် အမျိုးသမီးများကိုသာ ကိုယ်စားပြုခြင်း၊ လူငယ်အဖွဲ့သည် လူငယ်များကိုသာကိုယ်စားပြုခြင်းကြောင့်ဖြစ်သည်။
    ထို့အတွက် အစ္စလာမ်သာသနာတော်အတွက် နိုင်ငံတော်က ချီးမြှင့်သောသာသနာ့ ထောက်ပံကြေးငွေကို (ဗ-မ-က)အဖွဲ့မှ အောက်ပါပုဂ္ဂိုလ်များအမည်ဖြင့်သာ ဘဏ်၌ ယာယီအပ်နှံ ငွေစာရင်းဖွင့်ထားခဲ့ရပါသည်။
    (က) ဦးခင်မောင်လတ်  (ထိုစဉ်က- ၀န်ကြီးတရားဝန်ကြီးဌာန)
    (ခ)  မစ္စတာ စူလတန် အဟ်မဒ်  (ထိုစဉ်က- ပါလီမန်အမတ်)
    (ဂ)  ဒေါ်ခင်ခင် (ဆရာကြီးဦးရာဇတ်၏ဇနီး) (ထိုစဉ်က-ပါလီမန်အမတ်)
    (ဃ) ဟာဂျီမ ဒေါ်စောရွှေ (ထိုစဉ်က-လူမျိုးစုလွှတ်တော်အမတ်)
    (င)   ဦးသန်ညွန့် (ထိုစဉ်က-ပါလီမန်အမတ်)
    (၁၃) (၁၉၅၄)ခုနှစ်တွင် ဖ-ဆ-ပ-လအစိုးရက (ဗ-မ-က) အဖွဲသည် ဘာသာရေးနှင့် နိုင်ငံရေးရောထွေးနေသည်ဟုအကြောင်းပြကာ  (ဗ-မ-က)အဖွဲ့ကြီးအား ဖျက်သိမ်းရန် အရေးဆိုလားပါသည်။-
    ထို့အပြင် အစ္စလာမ်သာသနာဝင်အားလုံးတို့ကို ကိုယ်စားပြု၍ အစ္စလာမ့်သာသနာရေးရာများကို ဆောင်ရွက်သော နိုင်ငံလုံးဆိုင်ရာ အစ္စလာမ့်အဖွဲ့အစည်းတစ်ရပ်ကိုဖွဲ့စည်းရန်လည်း တိုက်တွန်းလာသည် ။ ထိုသို့သောခြေအနေများကြောင့် (ဗ-မ-က)ဌနချုပ်မှ ဥက္ကဋ္ဌ- ဦးခင်မောင်လတ်၊ အထွေထွေအတွင်းရေးမှူး-ဆရာဦးဘိုးချယ်၊ ဒေါက်တာဦးကျော်ညိမ်း၊ ဗမာမွတ်စ်လင်မ်အိုလမာအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ-မောင်လာနာအိဗ်ရာဟီမ် အဟ်မဒ် (မဇွာဟီရီ)၊ အထွေထွေ အတွင်းရေးမှူး-မောင်လာနာဃာဇီမုဟမ္မဒ်ဟာရှင်မ်၊ မောင်လာနာ မုဖ်သီ မဟ်မူဒ်ဒါဝုဒ်ယူစွဖ်၊ ဗမာမွတ်စ်လင်မ် အမျိုးသမီးအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဟာဂျီမ ဒေါ်စောရွှေ ၊ဒေါ်စိန်စိန်၊ ဒေါ်သက်မေတို့ (၁၉၅၄)ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်နေ့တွင်(ဗ-မ-က) ဌာနချုပ်ရုံးခန်း၌တွေ့ဆုံစည်းအဝေး၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစ္စလာမ် သာသနာရေးရာကောင်စီအား ဖွဲ့စည်းရန်ဆုံ ဖြတ်ခဲ့ပါသည်။
    ၎င်းအစည်းအဝေးကို အိုလမာအဖွဲ့ချုပ်က ဖိတ်ကြားခေါ်ယုရန်ညှိနှိုင်းသဘောတူဆုံးဖြတ်ခဲ့ပါသည်။
    (၁၄) ထိုသို့ ညှိနှိုင်းဆုံးဖြတ်ချက်အရ ၁၉၅၄ခုနှစ်၊ ဒီဇင်ဘာလ၊ (၅)ရက်နေ့တွင် ရန်ကုန်မြို့၊ကနေဒီလမ်း ( ကန်ရိပ်သာလမ်း၊ မင်္ဂလာတောင်ညွန်မြို့နယ်) ရှိ ဇိနယ်စ္စလာမ်ယောကျာ်းလေးများဂေဟာ၌  အောက်ပါ ဗဟိုအမှုဆောင်များပါဝင်သော ပြည်ထောင်စုမြန်မာနိုင်ငံအစ္စလာမ်သာသနာရေးရာကောင်စီအား  စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
    (၁၉၅၄)ခုနစ်၊ဒီဇင်ဘာလ (၅) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် ဗဟိုအမှုဆောင်အဖွဲ့
    ၁။  ဦးခင်မောင်လတ်  (ထိုစဉ်-တရားရေးဝန်ကြီးဌာန၊၀န်ကြီး)  –   ဥက္ကဋ္ဌ
    ၂။ မောင်လာနာအိဗ်ရာဟီမ်အဟ်မဒ် -မဇွာဟိရီ –   ဒုတိယဥက္ကဋ္ဌ
    ၃။ (သီရိပျံချီ အလ်ဟာဂ်ျ) မောင်လာနာ ဃာဇီ မုဟမ္မဒ်ဟာရှင်မ် –   အတွင်းရေးမှူးချုပ်
    ၄။ အလ်ဟာဂ်ျဆရာကြီးအဗ်ဒုလ္လာဟ် –   တွဲဖက်အတွင်းရေးမှူးချုပ်
    ၅။ ၀ဏကျော်ထင် ဦးဘအေး –   ဘဏ္ဍရေးမှူး
    ၆။ ပါမောက္ခ ဆရာကြီးဦးကာ(ရန်ကုန်တက္ကသိုလ်-သင်္ချာဌာန) –    စာရင်းစစ်
    ရ။ (အလ်ဟာဂ်ျ) မောင်လာနာ မုဖ်တီ မဟ်မူဒ် ဒါဝုဒ် ယူစွပ် –   ဗဟိုအမှု့ဆောင်
    ၈။ ဦးရာရှစ်(ထိုစဉ်-ကုန်သွယ်မူ-တိုးတက်ရေးဝန်ကြီဌာန၊၀န်ကြီး) –   ဗဟိုအမှု့ဆောင်
    ၉။ (ဇေယျကျော်ထင်) ဗိုလ်မူကြီးဘရှင် –   ဗဟို အမှု့ဆောင်
    ၁၀။သီရိပျံချီ ဦဘစိန် (တိုင်းမင်းကြီး)  –   ဗဟိုအမှု့ဆောင်
    ၁၁။ဆရာဦးဘိုချယ် (ပါလီမန်အမက်) (နိုင်ငံဂုဏ်ရည်ပထမအဆင့်)  –   ဗဟိုအမှု့ဆောင်
    ၁၂။ဒေါက်တာ ဦးကျော်ညိမ်း (မော်ကွန်ဝင်ဒုတိယအဆင့်)  –   ဗဟိုအမှု့ဆောင်
    ၁၃။ဦးကိုကိုလေး (ထိုစဉ်က-စာရင်းစစ်ချုပ်)  –   ဗဟိုအမှု့ဆောင်
    ၁၄။(၀ဏကျော်ထင်) (ဟာဂျီမ) ဒေါ်စောရွှေ (ပါလီမန်အမတ်)  –   ဗဟိုအမှု့ဆောင်
    ၁၅။ဆရာမ ဒေါ်သက်မေ  –   ဗဟိုအမှု့ဆောင်
    ၁၆။ဆရာမ ဒေါ်စိန်စိန်  –   ဗဟိုအမှု့ဆောင်
    ၁၇။မစ္စတာ စုလ်တွာန် အဟ်မအ်(ပါင်္လီမန်အမတ်)   –     ဗဟိုအမှု့ဆောင်
    ၁၈။(အလ်ဟာဂ်ျ) မောင်လာနာ မက္ကဆူဒ် အဟ်မဒ်ခန်း  –  ဗဟိုအမှု့ဆောင်
    ၁၉။မောင်လာနာ ဘရှီရုလ္လာဟ် (တာမွေဒါရုလ်အုလူမ်ကျောင်းအုပ်)  –    ဗဟိုအမှု့ဆောင်
    ၂၀ ။စည်သူ ဦးဘကြွယ်(မန္တလေး)  –    ဗဟိုအမှု့ဆောင်
    ၂၁။ဦးဘိုခိုင်(စစ်တွေ)(ပါလီမန်အမဟ်)  –     ဗဟိုအမှု့ဆောင်
    ၂၂။ ဆရာကြီးပုံ (ရွှေဘို) (ဆားကုန်းအရဗီသိပ္ပံကျောင်းအုပ်) -ဗဟိုအမှု့ဆောင်
    ၂၃။မောင်လာနာဂျမာလုဒ်ဒီန်(မန္မလေး) –    ဗဟိုအမှု့ဆောင်
    ၂၄။ဆရာကြီးဦးဂိုလာမ် (မော်လမြိုင်)  –   ဗဟိုအမှု့ဆောင်
    ၂၅။မော်လာနာအိဗာဒုလ္လာဟ်(ကျောက်မဲ)  –     ဗဟိုအမှု့ဆောင်
    ၂၆။ဆရာဦးသန်းဖေ(ပျဉ်းမနား-ကျောင်းအုပ်ဆရာကြီး)  –   (တိုးချဲ့ခန့်) ဗဟိုအမှု့ဆောင်
    ၂၇။ဆရာကြီးခင်(မီတ္ထီလာ) )  –     (တိုးချဲ့ခန့်) ဗဟိုအမှု့ဆောင်
    (၁၅) ထိုသို့အစ္စလာမ်ရေးရာကောင်စီ ဖွဲ့စည်းပြီးနောက် (၁၉၅၅)ခုနစ် ဒီဇင်ဘာ(၂၆)ရက်နေ့တွင်ကျင်းပသော(ဗ မ က)အဖွဲ့ကြီး၏(၈)ကြိမ်မြောက်ညီလာခံကြီး၌ ကိုယ်စားလှယ် ၀န်ကြီး ဦးကျော်ငြိမ်းတက်ရောက်၍ အစ္စလာမ်ရေးရာကောင်စီ ဖွဲ့စည်းပြီးဖြစ်သဖြင့် သာသနာထောက်ပံ့ငွေများကို ယင်းကောင်စီသို့ လွှဲအပ်ပေးပြီး ဖြစ်ကြောင်းနှင့် (ဗ-မ-က)အဖွဲ့ကြီးကို ဖျက်သိမ်းရန် (ဖ-ဆ-ပ-လ)အဖွဲ့ချုပ်၏ သဘောထားကို တင်ပြခဲ့ပါသည်။
    (၁၆) ၎င်းညီလာခံသို့ တက်ရောက်လာသူ ဗ-မ-က ကိုယ်စားလှယ်များက (ဗ-မ-က)အဖွဲ့ကြီးအား ချက်ချင်းဖျက်သိမ်းခြင်းကို သဘောမတူဘဲ တဖြည်းဖြည်းနှင့်သာ ဖျက်သိမ်းသွားရန် ဆုံးဖြတ်ခဲ့သဖြင့် (၂၉-၁၂-၁၉၅၅)ရက်တွင် ၀န်င်္ကြီးချုပ် ဦးနု ကိုယ်တိုင် ညီလာခံလူထု ရှင်းလင်းပွဲ ကျင်းပရာ ရန်ကုန်မြို့တော် ခန်းမသို့လာရောက်၍ (၁၉၅၆)ခုနစ် (၃၀) ရက်ကိုနောက်ဆုံးထား၍ (က)အဖွဲ့အား ဖျက်သိမ်းရန်နှင့် နိုင်ငံရေးလုပ်လိုလျှင်(ဖ-ဆ-ပ-လ)အထဲကို ၀င်ပါ သာသနာရေး လုပ်ချင်ရင် ကောင်စီကိုဝင်ပါ၊ဟု ပြောဆိုကာ အပြီးသတ်ရက်သတ်မှတ်ညွန်ကြားခဲ့သဖြင့် (ဗ-မ-က)၏ ငွေစာရင်းများအားလုံးကို အစ္စလာမ်သာသနာရေးရာကောင်စီသို့ လွှဲပြောင်းပေးအပ်၍ (ဗ-မ-က)အဖွဲ့ကြီးအား ဖျက်သိမ်းပေးခဲ့ရပေသည်။
    အစ္စလာမ် သာသနာရေးရာကောင်စီ FB စာမျက်နှာ https://www.facebook.com/irac.myanmar မှ ကူးယူဖော်ပြပါသည်။
  • မင်းတုန်းမင်းတရားကြီးက ရွေးလက်ယာ တပ်သားများအတွက် ရွှေပန္နက် ဗလီတော်ဆောက်ပေးခြင်း
    မင်းတုန်းမင်းတရားကြီးက ရွေးလက်ယာ တပ်သားများအတွက် ရွှေပန္နက် ဗလီတော်ဆောက်ပေးခြင်း
    နိုဝင်ဘာ၊ ၁၄ ၊ ၂၀၁၂
    M-Media
    ယဉ်ကျေးမှု တက္ကသိုလ် ပါချူပ်(ငြိမ်း) သမိုင်းပညာရှင် ဦးတင်စိုးမှ မန်းတလေး နန်းတွင်း၌ ဗလီနှင့် ပတ်သက်ပြီး အထောက်အထား မတွေ့ရှိခဲ့ဟု ပြောကြားခဲ့တာကို ၈.၁၁.၂၀၁၂ ရက်ထုတ် NEWSWEEK ဂျာနယ်နှင့် အင်တာဗျူးတွင် ဖော်ပြခဲ့ပါသည်။ မန္တလေးနန်းတွင်း၌ တည်ရှိခဲ့သည် ဗလီများ အနက်မှ မင်းတုန်းမင်း တရားကြီးက ရွေးလက်ယာ တပ်သားများ အတွက် ရွှေပန္နက်ဗလီတော် ဆောက်ပေးခြင်းအကြောင်း M-Media မှာ ဖော်ပြပေးလိုက်ပါတယ်။
    မန္တလေးနန်းတော်အတွင်း မင်းတုန်းမင်းတရားကြီးက ရွေးလက်ယာ တပ်သားများအတွက် ရွှေပန္နက်ဗလီတော် ဆောက်ပေးခြင်း
    ရွှေဘို အလောင်းမင်းတရားကြီး ဦင်္းအောင်ဇေယျမှစ၍ သီပေါမင်းတရားတိုင် မင်း ဆယ့်တစ်ဆက်ရှိ၏။ ၄င်းမင်းဆယ့်တစ်ဆက်တို့သည် မြန်မာမွတ်စလင်တို့ကို ယုံကြည်စိတ်ချရသည့် အတွက်၊ စစ်တိုက်ကောင်းသည့်အတွက်၊ အဘက်ဘက်တွင် သစ္စာမဖောက်သည့် အတွက် ဘုရင်မင်းမြတ်တို့သည် အပါးတော် လက်ယာတွင် အမှုတော် အမြဲလိုက်ပါထမ်းရွက်စေ၏။ နန်းမြို့တွင်းတွင် အမြဲနေထိုင်ရသော လက်ရွေးစင်တပ်များ ဖြစ်ကြကုန်၏။
    မန္တလေးမြို့ ယခုအခါ မင်္ဂလာတံခါးခေါ် ကျော်မိုးတံခါးအဝင်ဝ လွတ်လပ်ရေးကျောက်တိုင် အရှေ့မြို့ရိုးအနီးတွင် ရွေးလက်ယာအမှုထမ်းတို့ကို အမြဲနေထိုင်စေပြီး ဝတ်ပြုကြရန် မင်းတုန်းမင်းတရားကြီးက “ရွှေပန္နက်ဗလီ”ဟူ၍ ရွှေပန္နက်ရိုက်ပြီး ဗလီဆောက်ပေး၏။ ၄င်း “ရွှေပန္နက်ဗလီ”၏ မော်လဝီဆရာကြီးကား သခင်ကြီးခေါ် ဆရာဘိုင်ကြီးဖြစ်၍ အလွန်တည်ကြည်ဖြောင့်မတ်၏။ အကျင့်သီလ၊ သိက္ခာ သမာဓိနှင့် ပြည့်စုံ၏။ လူုတိုင်းက ရိုသေကြ၏။
    မင်းတုန်းမင်းတရားကြီးက မွတ်စလင်များအတွက် သာသနာပိုင်ခန့်ထား၏။ ရွှေဘိုမြို့ပြင် ဈေးရပ်တွင် နေထိုင်သော အထူးအာဏာရ A.T.M အမှုထမ်းကောင်း တံဆိပ်တော်ရမင်း မြို့အုပ်မင်း ဦးဘိုးမြစ်မှာ ၄င်း “သခင်ကြီး”ခေါ် “ဆရာဘိုင်ကြီး”၏ သားအရင်းဖြစ်ပါသည်။ ဒုတိယသားမှာ ရွှေဘိုခရိုင် ထန်းကုန်းဘူတာ ထန်းကုန်းရွာကြီးတွင် အထူးအာဏာရ သူကြီးမင်း ဦင်္းခြူဖြစ်ပါသည်။ မြို့အုပ်မင်း ဦးဘိုးမြစ်နှင့် သူကြီးမင်း ဦင်္းခြူတို့သည် နန်းမြို့အတွင်း “ရွှေပန္နက်ဗလီ” အနီးတွင် မွေးဖွားကြပါသည်။
    ဗိုလ်မှုးကြီးဘရှင်ရဲ. မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်တို.အား ရှေးမြန်မာမင်းများက ချီးမြင့်ခဲ့ပုံစာအုပ်ထဲကပုံ
    ရွှေဘိုခရိုင် ကန်သာကုန်းရွာ မြန်မာမွတ်စလင်ပညာရှင် “မော်လဝီဆရာသီ” ပြုစု စီရင်ရေးသားသော “အစ္စလာမ်သာသနာ ကမ္ဘာ၏ မော်ကွန်းတော်” စာမျက်နှာ ၁၅ တွင် ရွေးလက်ယာတို့အကြောင်းနှင့် ရွှေပန္နက်ဗလီအကြောင်းကို အောက်ပါအတိုင်း ရေးသားထား၏။
    “ရတနာပုံ၌
    သဒ္ဓါအဟုန်ဘုန်းရောင်လင်းခဲ့သည့်
    မင်းတုန်းမင်းလက်ထက်တော်အခါတွင်
    ရွေးလက်ယာမွတ်စလင်တို့သည်
    ရှေ့တော်တွင် တစ်စုတစ်ခန်းငယ်နှင့်
    အမှုထမ်းဖြစ်ကြရကား
    မွတ်စလင်ဘာသာရေး
    ဝတ်ပြုရန်အခွင့်ပေးပြီးလျင်
    ယဉ်ကျေးမှုအရှည်ဆက်မှာကြောင့်
    ရွှေပန္နက်မိန့်ခိုင်းချပြီင်္းသော်
    ခြေတိုင်းမ အထင်ခံဖြင့်
    အစ္စလာမ်အခြေမြွက်၍မို့
    “ရွှေပန္နက်ဗလီတော်”ဟု
    ပြည်ပေါ်မှာသညာထားသည့်ပြင် …” စသည်ဖြင့် ဖြစ်လေသည်။
    (ရာဇဝင် ပါမောက္ခ ရွှေပြည်ဆရာဦးဘတင် တည်းဖြတ်၍ ရာဇဝင်သုတေသီ ရွှေဘိုဦးဘဦး ပြုစုစီရင် ရေးသားသော ရွှေမန်းနှစ်(၁၀၀)ပြည့် မြန်မာမွတ်စလင်တို့၏ အတ္ထုပ္ပတ္တိ၊ ပထမအကြိမ်၊ ၁၉၅၉ခု၊ စာမျက်နှာ ၁၄-၁၆၊ သတ်ပုံ မူရင်းအတိုင်း ကူးယူဖော်ပြသည်။)
  • မြန်မာမွတ်စလင်များအား နိုင်ငံတော်သမ္မတ ဦးဘဦးပေးပို့ခဲ့ဖူးသော သ၀ဏ်လွှာ
    မြန်မာမွတ်စလင်များအား နိုင်ငံတော်သမ္မတ ဦးဘဦးပေးပို့ခဲ့ဖူးသော သ၀ဏ်လွှာ
    မိတ္ထီလာမြို့၌ကျင်းပသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီ၏ ပဌမအကြိမ်မြောက် ပြည်လုံးကျွတ်ညီလာခံအတွက် ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီး အဂ္ဂမဟာသီရိ သုဓမ္မ ဒေါက်တာဦးဘဦး၏ သ၀ဏ်လွှာ။
    သမ္မတကြီးဦးဘဦး၏ မူရင်းသဝဏ်လွှာ
    ၁၉၅၆-ခုနှစ်၊ ဒီဇင်ဘာလ ၂၈-ရက်နေ့မှ ၃၀-ရက်နေ့အထိ၊ မိတ္ထီလာမြို့၌ကျင်းပသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီ၏ ပဌမအကြိမ်မြောက် ပြည်လုံးကျွတ် ညီလာခံသို့ မင်္ဂလာဖြာဖြာနှင့်ပြည့်စုံသော ဤသ၀ဏ်လွှာကို ကျွန်ုပ် ရွှင်လန်းဝမ်းမြောက်စွာဖြင့် ပေးပို့ပါသည်။
    ပြည်ထောင်စုအတွင်း ပေါက်ဖွား၍ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော အစ္စလာမ်ဘာသာဝင်အပေါင်းတို့သည် အမှန်စင်စစ် တိုင်းရင်းသားများ ဖြစ်ပေသည်။ တိုင်းရင်းသား အစစ်အမှန်ဖြစ်ကြသည့်အလျှောက် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ ဖော်ပြထားသည်မှာ သာသနာရေးတွင် တရားသဖြင့် လွတ်လပ်စွာ ယူဆနိုင်သောအခွင့်အရး၊ တရားသဖြင့် လွတ်လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်သောအခွင့်အရေး၊ နိုင်ငံတော်က အစ္စလာမ်ဘာသာ သာသနာတော်ကို နိုင်ငံတော်တွင်ရှိနေသော ကိုးကွယ်ရာဘာသာတစ်ရပ်ဟု အသိအမှတ်ပြုသော အခွင့်အရေး၊ ဘာသာရေးနှင့်ပတ်သက်၍ တရားသဖြင့် စည်းရုံးနိုင်သော အခွင့်အရေးများကို အခြားဘာသာဝင် တိုင်းရင်းသားများကဲ့သို့ အညီအမျှ ရကြလေသည်။
    ထိုအခွင့်အရေးများကို အစ္စလာမ်ဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်၊ ဗုဒ္ဓဘာသာဝင်တို့ဖြင့် ရရှိကြသည်မဟုတ်။ တိုင်းရင်းသားအဖြစ်ဖြင့်သာ ရရှိခြင်းကြောင့် အစ္စလာမ်ဘာသာဝင်အပေါင်းသည် မိမိတို့ကိုယ်ကိုမိမိတို့ တိုင်းရင်းသားဟူ၍ ပဌမဦးစွာ စွဲမှတ် သဘောပိုက်ကြပြီးလျှင် တိုင်းရင်းသားတို့၌ ရှိအပ်သော တိုင်းရင်းသားစိတ်ဓာတ်ကို တဖွါးဖွါးပေါ်ပေါက်အောင် မွေးမြူကြရပေမည်။
    ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော အမျိုးမျိုးသော ဘာသာဝင်အပေါင်းတို့သည် ဘာသာဝင်အနေဖြင့် တစ်တိုင်းပြည်လုံး၏ စည်းလုံးညီညွတ်မှုကို မရရှိနိုင်ပေ။ တိုင်းရင်းသားအနေဖြင့်သာ စည်းလုံးညီညွတ်မှုကို ရရှိနိုင်ပေသည်။ ထို့ကြောင့် ပြည်ထောင်စုကြီး၏ တိုးတက်ကြီးပွါး စည်ပင်သာယာရေးကို ဆောင်ရွက်ရာ၌၊ မည်သည့်ဘာသာဝင်မဆို ဘာသာရေးစိတ်ဓာတ်ထက် တိုင်းရင်းသားစိတ်ဓာတ်ကို ပိုမိုရင့်သန်အောင် မွေးမြူအပ်ပေသည်။ ထိုမှသာလျှင် တိုင်းရင်းသားပီသ၍ တိုင်းရင်းသားတို့ ခံစားထိုက်သော အခွင့်အရေးများကို တူညီစွာ ခံစားထိုက်ပေသည်။
    ယနေ့ကျင်းပသော ပြည်ထောင်စုမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီ၏ ပဌမအကြိမ်မြောက် ပြည်လုံးကျွတ်ညီလာခံကြီး၌ အစ္စလာမ်ဘာသာဝင်အပေါင်းသည် မိမိတို့ ဘာသာဝင်အပေါင်း၏ကောင်းကျိုး၊ အမျိုးဘာသာ၏ကောင်းကျိုးကို ထိရောက်စွာ ဆွေးနွေးတိုင်ပင် နှီးနှောကြပြီးလျှင် အမျိုးဘာသာ သာသနာကြီး၏ တိုးတက်ကြီးပွါးရေးကို ကောင်းစွာ ဆောင်ရွက်နိုင်ကြပါစေ။ မိမိတို့ ကိုးကွယ်ရာ ဘာသာတရားအတိုင်း တရားသဖြင့် ပွါးများ ကျင့်ကြံနိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ပါသည်။
    ဦးဘဦး
    နိုင်ငံတော် သမ္မတ
    ပြည်ထောင်စု မြန်မာနိုင်ငံတော်။
    ၁၃၁၈-ခုနှစ်၊ နတ္တော်လပြည့်ကျော် ၁၁-ရက်။
    (၁၉၅၆-ခုနှစ်၊ ဒီဇင်ဘာလ ၂၈-ရက်)။
  • နှစ်၂၀၀ ကျော် သမိုင်းဝင် လင်းဇင်းကုန်း မြန်မာမွတ်စလင် သုဿာန် ဖျက်သိမ်းရန် အမိန်ထုတ်ထား
    နှစ်၂၀၀ ကျော် သမိုင်းဝင် လင်းဇင်းကုန်း မြန်မာမွတ်စလင် သုဿာန် ဖျက်သိမ်းရန် အမိန်ထုတ်ထား
    ဇူလိုင် ၁၂ ရက် ၂၀၁၂
    M-Media
    ဓါတ်ပုံနှင့် အင်တာဗျူး- သုတမောင်
    မန္တလေးမြို့၊ အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်တွင် လွန်ခဲ့သော နှစ်ပေါင်း (၂၀၀)ကျော်မှစ၍တည်ရှိခဲ့သော လင်းဇင်းကုန်း မွတ်စလင် သုဿန် ဥယျာဉ်တော်အား ဖျက်သိမ်းတော့မည်ဖြစ်ကြောင်း ၂၀၁၂-ခု ဇွန်လ ၁-ရက်ကနေ ၃-ရက်အထိ သတင်းစာထဲတွင်ပါရှိခဲ့တဲ့ လင်းဇင်းကုန်းသုဿာန်အား (၁-၇-၂၀၁၂)ရက်တွင် အပြီးပိတ်သိမ်းမည့် ကြေငြာချက်နဲ့ ပတ်သက်ပြီး လင်းဇင်းကုန်းသုဿာန်သို့ သွားရောက်လေ့လာခဲ့မှုအပေါ် ပြန်လည်ရေးသားခြင်းဖြစ်ပါသည်။
    မန္တလေးနေ့စဉ်သတင်းစာ [အတွဲ(၁၅)၊ အမှတ်(၁၈၂)၊ ၁-၆-၂၀၁၂၊ ၁၃၇၄ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ သောကြာနေ့]သတင်းစာမှ ကြေညာချက်
    မေး –  လင်းဇင်းကုန်း ကဘာရ်စတာန်(သုဿာန်)ရော ဒါရ်ဂါဟ်နဲ့ရော ပတ်သက်ပြီးတော့ သိချင်တာလေးမေးချင်ပါတယ်။ ဦးလေးတို့အနေနဲ့ ပြောပြလို့ရမလား ခင်ဗျ။
    ဖြေ – ကျွန်တော်တို့က ဒါရ်ဂါဟ်ကိုတာဝန်ယူပါတယ်။ လူငယ်တွေကတော့ သုဿာန်အတွက် တာဝန်ယူထားကြတယ်။
    မေး – ဟိုတစ်လောက သုဿာန်ကိုဖျက်သိမ်းတော့မယ်လို့သိရတယ်။ သတင်းစာထဲမှာတော့ ပိတ်သိမ်းမယ်လို့ကြေငြာတယ်။ ဒါပေမယ့် ဖျက်သိမ်းမယ်လို့လည်းသတင်းကြားတယ်။ အဲဒါ အခု ဘယ်လိုအခြေအနေရှိပါသလဲ။
    ဖြေ – အဲဒါကိုတော့ ဒီနေရာဟာ သမိုင်းဝင်နေရာဖြစ်တာကြောင့် နိုင်ငံတော်သမ္မတကြီးဆီထိရောက်အောင် စာပို့ထားပါတယ်။ နောက်ပြီးတော့ အစ္စလာမ့်အဖွဲ့ကြီး (၅)ဖွဲ့ကလည်း ၀ိုင်းထောက်ခံပြီးတော့ စာတင်ထားပါတယ်။ ဒီတော့ ပိတ်သိမ်းဖျက်သိမ်းမယ့်ကိစ္စကို ဘာမှဆက်မပြောပဲ လောလောဆယ် ဒီအတိုင်းပဲ ခဏထားထားပါတယ်။
    မေး – ဒီသင်္ချိုင်းမြေအကြောင်း နည်းနည်းလောက် ပြောပြပေးလို့ရမလားခင်ဗျာ။
    ဖြေ – ဒီဘက်မှာ အခုမြင်နေရတဲ့အ၀န်းအ၀ိုင်းကတော့ အာဗစ်ရှားဟိုစိုင်နီသခင့်ကိုလေးစားတဲ့အနေနဲ့လူတွေက ၀ိုင်းပြီး ဒဖွနာ(မြှုပ်နှံ)လိုက်လို့ ကဘာရ်စတာန်ဆိုပြီးဖြစ်သွားတယ်။ မြန်မာလိုဆိုရင်တော့ သင်္ချိုင်းပေါ့။ အမှန်က မွတ်စလင်မ်သင်္ချိုင်းက ဟိုးကမြင်နေရတဲ့ အုတ်တံတိုင်းဘေးလမ်းရဲ့ ဟိုဘက်မှာ။ အရင်တုန်းကတော့ အဲဒီမှာ ဇရပ်တွေရှိတယ်။ ဒါပေမယ့် စစ်အစိုးရလက်ထက်မှာ အဲဒီဘက်ခြမ်းက မွတ်စလင်မ်သင်္ချိုင်းကို ခရစ်ယာန်ဘက်ကိုသွင်းလိုက်တယ်။ ဒီဘက်က စကားဝါဥယျာဉ်ကို သင်္ချိုင်းလို့သတ်မှတ်ပေးလိုက်တာပါ။ စကားဝါဥယျာဉ်ကိုတောင် မွတ်စလင်မ်သင်္ချိုင်းလို့ အပြည့်အ၀ မသတ်မှတ်ပေးဘူး။ အမရပူရ အ.ထ.က(၁) တည်ထောင်တဲ့ ဆရာကြီး ဦးE-ကိုကိုကြီးရဲ့ဇနီး အုတ်ဂူဒေါ်ဒေါ်ရန်အုတ်ဂူရဲ့ ဒီဘက်ကိုပဲပေးတယ်။ ဟိုဘက်ကကျန်တာကို ဗုဒ္ဓဘာသာဆိုပြီးလုပ်လိုက်တယ်။
    မေး – ဟုတ်ကဲ့။ မွတ်စလင်မ်သင်္ချိုင်းအနေနဲ့က ဟိုးက မြင်နေရတဲ့ အုတ်တံတိုင်းထိရှိတာလား။
    ဖြေ – ဟုတ်ကဲ့ အဲဒီအုတ်တံတိုင်းလုပ်ရင်းနဲ့ တားလို့ ကျွန်တော်တို့ အုတ်တံတိုင်းက အပြီးထိ မရောက်လိုက်ဘူး။ အုတ်တံတိုင်းက အကုန်လုံးပြီးပြီးပြီ။ နည်းနည်းလေးပဲကျန်တော့တာ။ အမှန်ကတော့ တားလိုက်လို့ ဆက်လုပ်လို့မရတော့တာ။
    မေး – ဒါဆို မွတ်စလင်မ်သင်္ချိုင်းက အဲဒီအုတ်တံတိုင်းအထိတော့ရှိတယ်ပေါ့။ အုတ်တံတိုင်းရဲ့ ဟိုဘက်က ခရစ်ယာန်သင်္ချိုင်းလား။
    ဖြေ – အုတ်တံတိုင်းရဲ့ဟိုဘက်မှာ လမ်းရှိသေးတယ်။ လမ်းရဲ့ဟိုဘက်က ခရစ်ယာန်သင်္ချိုင်းပါ။ ခရစ်ယာန်ရော၊ တရုတ်ရော၊ လူမျိုးစုံရှိတယ်။ အမှန်ကတော့ မွတ်စလင်မ်သင်္ချိုင်းမြေကို ခရစ်ယာန်ကို ပေးလိုက်ပြီး ဒီဘက်က စကားဝါဥယျာဉ်ကို မွတ်စလင်မ်သင်္ချိုင်းအဖြစ်ပေးလိုက်တာ။
    မွတ်စလင်မ်အများစုကလည်း ဒီစကားဝါဥယျာဉ်မှာ မြှုတ်နေတော့ ဒီဘက်က ဒါရ်ဂါဟ်လို့ကို မသတ်မှတ်တော့ဘဲ သုဿာန်လိုဖြစ်နေပြီး သူတို့က သုဿာန်လို့သတ်မှတ်လိုက်ကြတာ။ စစ်အစိုးရလက်ထက်မှာပါ။ ဒါက ဘယ်လိုမှလည်း ပြောခွင့်မှ မရှိခဲ့တာ။
    မေး – ဟုတ်ကဲ့ ဒါဆို စကားဝါဥယျာဉ်ဆိုတာ အဲဒီနာမည်နဲ့ ဟိုးအရင်ကတည်းကရှိခဲ့တာလား။ ဘယ်လိုသတ်မှတ်ပြီး ဖြစ်လာတာလဲ။
    ဖြေ – အဲဒါက ဘိုးတော်ဘုရား လက်ထက်ကတည်းက အာဗစ်ရှာဟိုစိုင်နီသခင်ကြီးက ဒီစကားဝါဥယျာဉ်ထဲမှာလာပြီးတော့ အမလ်ထိုင်(တရားထိုင်)နေတော့ ပုဏ္ဏားဝန်ကနေ စကားဝါဥယျာဉ်ကိုဝယ်ပြီး သခင့်ကိုလှူလိုက်တယ်။ အာဗစ်ရှာဟိုစိုင်နီသခင်က မိန့်တော်မူတယ် “ငါကွယ်လွန်ရင် ဒီစကားဝါပင်အောက်မှာ မြှုပ်နှံပေးပါ”ဆိုပြီးတော့။ ဒါကြောင့် သခင့်တပည့်ဖြစ်တဲ့ ပုဏ္ဏားဝန်မင်းကြီး ဒီစကားဝါမြေကိုဝယ်ပြီး သခင့်ကို ၀ကားဖ်(လှူဒါန်း)လုပ်တယ်။ ကျွန်တော်တို့ အစ္စလာမ်မှာ အခုလို သူတော်စင်များရဲ့ပတ်ဝန်းကျင်အ၀န်းအ၀ိုင်းမှာ ၂၄-နာရီပတ်လုံး ကရုဏာတော် မပြတ်မစဲ ရွာသွန်းတယ်လို့ရှိတယ်လေ။ အဲဒီအကျိုးထူးရလိုတာကြောင့် သခင့်အနားတစ်ဝိုက်မှာ မြှုပ်နှံကြရင်း မွတ်စလင်မ်သင်္ချိုင်းဆိုပြီး ဖြစ်သွားတယ်။
    မေး – ဒါဆို ဒီသင်္ချိုင်းမြေရော၊ ဒါရ်ဂါဟ်မြေနေရာအပါအ၀င်ဆို စုစုပေါင်း ဧကဘယ်လောက်ကျယ်ဝန်းပါသလဲ။
    ဖြေ – ဒီဘက်က ဒါရ်ဂါဟ်ပိုင်ယာမြေ ၃-ဧကကျော်ကျော်၊ သင်္ချိုင်းမြေနေရာက ၃-ဧက ဆိုတော့ အားလုံး ၆-ဧကကျော်ရှိပါတယ်။
    ဆရာကြီးဦးနု၏ သင်္ချိုင်းဂူဗိမာန်တော်
    အာဗစ်ရှားဟ်ဟိုစိုင်နီသခင်နှင့် ပုဏ္ဏားဝန်မင်းတို့၏ သင်္ချိုင်းဂူ
    ကမ္ဘာကျော်ဦးပိန်တံတားကို တည်ဆောက်ခဲ့သူ ဦးပိန်ရဲ့ သချိုင်းဂူ
    မင်းတုန်းမင်းလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သော သွေးသောက်ကြီးဦးရန်အောင်၏
    သင်္ချိုင်းမြေပုံ (ခေါင်းရင်းခြေရင်းအထိမ်းအမှတ်တိုင်များမှာ
    မြန်မာ့ရိုးရာလက်ရာဖြင့်တွေ့ရသည်၊ ရှေးခေတ် မြန်မာ့အုတ်ခဲများကိုလည်း
    တွေ့ရသည်။)
    ဟိုစိုင်နီ ဘိုးတော်ဧဗလီ (စကားဝါဥယျာဉ် ပရ၀ုဏ်အတွင်းတွင် တည်ရှိသည်။)
    ဘိုးတော်ဦးဝိုင်း (ဗဒုံမင်း) လက်ထက် အစ္စလာမ်သာသနာပိုင် ဟိုစိုင်နီသခင် ၏ အုတ်ဂူ ကျောက်စာ
    မေး – ဟုတ်ကဲ့ပါ။ ဒီတော့ ဒီလင်းဇင်းကုန်းသင်္ချိုင်းဆိုတာက သမိုင်းဝင်နေရာလို့သိထားပါတယ်။
    ဖြေ။  ဟုတ်ပါတယ်။ အာဗစ်ရှာဟိုစိုင်နီသခင်ကြီးဆိုလည်း သမိုင်းဝင်ပုဂ္ဂိုလ်ပါ။ ဘိုးတော်မင်းတရားကြီးကိုယ်တိုင် သူ့လက်ထက်မှာ အစ္စလာမ်သာသနာနဲ့ပတ်သက်ပြီး သာသနာပိုင်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရသူတစ်ဦးပါ။ နောက် ဆရာကြီးဦးနု၊ ဆရာကြီးဦးနုဆိုတာကလည်း သမိုင်းဝင်းပုဂ္ဂိုလ်ကြီးပါ။ အစ္စလာမ်သာသနာရေးရာနဲ့ပတ်သက်တာတွေကို မြန်မာစာပေနဲ့ပြန်ဆိုရေးသားခဲ့ပြီး၊ အစ္စလာမ်သာသနာနဲ့ပတ်သက်တာတွေကို ဘုရင့်ထံ သံတော်ဦးတင်တဲ့ သံတော်ဦးတင်လွှာကျမ်းကိုရေးသားခဲ့ပြီး ဘိုးတော်မင်းတရားကြီးကပေးအပ်တဲ့တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ခဲ့လို့ ရမ္မာဝတီမြို့ဝန်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသူလည်းဖြစ်တယ်။
    မေး – နောက် တစ်ခြား သမိုင်းဝင်ပုဂ္ဂိုလ်ဘယ်သူတွေများ ရှိပါသေးသလဲ။
    ဖြေ – အာဗစ်ရှာဟိုစိုင်နီသခင်ကြီးရှိတယ်၊ ဆရာကြီးဦးနုရှိတယ်၊ နောက် ဦးပိန်တံတားကြီးကိုဆောက်လုပ်ခဲ့တဲ့ ဦးပိန်ရှိတယ်။ မြို့ဝန်ဦးဘိုင်ဆပ်ရှိတယ်။ နောက် ဟိုဘက်မှာ သွေးသောက်ကြီးဦးရန်အောင်ရှိတယ်။ နောက် ပုဏ္ဏားဝန်ရှိတယ်။
    မေး – ဟုတ်ကဲ့ ပုဏ္ဏားဝန်က အာဗစ်ရှာဟိုင်နီသခင်ကြီးရဲ့ ဘေးကပ်လျက်က ပေါ့နော်။ နောက်ထပ် ဘယ်သူတွေများ မြှုပ်နှံထားတာရှိပါသေးလဲ။
    ဖြေ – အထောက်အထားအနေနဲ့က ဒီလောက်တော့ရှိတယ်။ ဒီဘက်ခေတ်မှာဆိုရင် ဦးE-ကိုကိုကြီးတို့ရှိတယ်။
    မေး – ဟုတ်ကဲ့ပါ။ ဦးE-ကိုကိုကြီး က ဘယ်လိုပုဂ္ဂိုလ်မျိုးပါလဲ ပြောပြပေးပါလားခင်ဗျာ။
    ဖြေ – ဦးE-ကိုကိုကြီးဆိုတာ အမရပူရက အ.ထ.က ကျောင်းကြီးကို စတင်တည်ထောင်ခဲ့သူပါ။ ကျောင်းကြီးဖြစ်ပေါ်လာဖို့ စပြီး ကိုယ်ကျိုးစွန့်အနစ်နာခံပြီး ကြိုးပမ်းခဲ့သူပါ။
    မေး – ဟုတ်ကဲ့ အမရပူရ အ.ထ.က ဆိုတာ ဘယ်ကျောင်းကိုပြောတာပါလဲ။ ဒီနားလေးက အ.ထ.က ကိုပြောတာပါလား။ အဲဒီကျောင်းကို ဦးE-ကိုကိုကြီးက စပြီးတည်ထောင်ခဲ့တာပေါ့နော်။
    ဖြေ – ဟုတ်ပါတယ်။ အမရပူရ အ.ထ.က(၁)ပါ။ အခုဆို ကျောင်းရဲ့ ရွှေရတုသဘင်အခမ်းအနားမှာ ကျောက်စာလည်းရေးထိုးထားပါတယ်။ ဟိုတုန်းမှာ မန္တလေးမှာ အစ္စလာမ်မီယာနေရှင်နယ်ဆိုပြီး ဆရာကြီးဦးထွန်းတို့က တည်ထောင်လိုက်သေးတယ်။ ဒါကြောင့် ဒီမှာလည်း ဆရာကြီး ဦးE-ကိုကိုကြီးက ဒီကျောင်းကို စတည်ထောင်ခါစတုန်းက နေရှင်နယ်အမျိုးသားကျောင်းဆိုပြီးခေါ်တွင်လိုက်သေးတယ်။ နောက် နေရှင်နယ်တွေမဟုတ်တော့ဘူး အစိုးရအထက်တန်းကျောင်းဆိုပြီးပြောင်းတယ်ဆိုတော့ အစိုးရအထက်တန်းကျောင်း-အမရပူရဆိုပြီးဖြစ်လာတယ်။ အခုတော့ အ.ထ.က(၁) အမရပူရ ဖြစ်သွားပါပြီ။ မြစ်ငယ်က အ.ထ.က(၂)ဖြစ်သွားတာပေါ့။
    မေး – ဟုတ်ကဲ့ပါ။ ဒါဆို ခုနက အကြောင်းအရာကို ပြန်မေးကြည့်ချင်ပါတယ်။ ဒီသင်္ချိုင်းမြေပိတ်သိမ်းမှုနဲ့ပတ်သက်ပြီး အခုဆို ဦးလေးတို့က နိုင်ငံတော်သမ္မတကြီးဆီ စာတင်ထားတယ်ပေါ့နော်။
    ဖြေ – သမ္မတကြီးဆီတော့ တိုက်ရိုက်မဟုတ်သေးပါဘူး။ ၀န်ကြီးချုပ်တို့၊ ဌာနဆိုင်ရာ အဆင့်ဆင့်တို့ကို ပို့တာတွေကို မိတ္တူအနေနဲ့ ပို့တာပါ။ သမ္မတဆီစာတင်ဖို့ရာက ဒီသမိုင်းဝင်နေရာ ဖျက်သိမ်းမှာကို ကန့်ကွက်တဲ့အနေနဲ့ မေတ္တာရပ်တဲ့အနေနဲ့ လူ ၃၀၀၀ နီးပါးလောက် လက်မှတ်ထိုးထားတယ်။ နောက်ဆုံးအဆင့်မှ သမ္မတကြီးဆီ တင်ရမှာပါ။
    မေး – ဒါဆို အခုက သမ္မတဆီထိ မရောက်သေးဘူး။ ၀န်ကြီးအထိ ပို့ထားပြီဆိုတော့ ၀န်ကြီးဆိုတာ သာသနာရေးဝန်ကြီးဌာနလား။
    ဖြေ – သာသနာရေးဝန်ကြီးရော၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဆီပါ ပို့ထားပါတယ်။
    မေး – ဟုတ်ကဲ့ အခုလို စာပို့တဲ့အခါမှာ သူတို့ဘက်က ဘယ်လိုအကြောင်းပြန်စာပေးပါသလဲ။ ဘာမှမပြောပဲ ဒီအတိုင်းပဲ အသာရပ်ထားတာလား။
    ဖြေ – အခုကတော့ ဒီအတိုင်းလေးပဲ ဖျက်လည်းမဖျက်ပါဘူး။ ဘာမှလည်းမလုပ်ပါဘူး။ အေးအေးဆေးဆေးလေးပဲ နေကြပါတဲ့ အဲဒီလောက်တော့ဖြေထားတယ်။ အစ္စလာမ့်အဖွဲ့ကြီး ၅-ဖွဲ့ကလည်း ဒီနေရာကိုမဖျက်ဖို့၊ လက်ရှိအခြေအနေအရ
    ဖျက်လည်းမဖျက်သင့်ကြောင်း၊ နောက် အစ္စလာမ်သာသနာဟာ သင်္ချိုင်းမြေနဲ့ပတ်သက်ပြီးဖျက်လို့မရတဲ့အကြောင်းတွေရှိတယ်၊ သမိုင်းဝင်နေရာဖြစ်တယ်ဆိုတာ ၀ိုင်းပြီး မေတ္တာရပ်ခံကြတယ်လေ။
    မေး – ဟုတ်ကဲ့ ဦးလေးတို့ပြောသလို အေးအေးဆေးဆေးပဲနေပါ မဖျက်ပါဘူးဆိုတာက တရားဝင် စာနဲ့ အကြောင်းပြန်တာလား။ ဒါမှမဟုတ် နှုတ်နဲ့ပဲ ပြောတာလား။
    ဖြေ – နှုတ်နဲ့ပဲပြောတာပါ။
    မေး – အဲဒီတော့ ဘယ်က ပြန်ပြောတာလဲ။ သာသနာဝန်ကြီးဌာနကလား၊ မန္တလေးတိုင်းဝန်ကြီးဆီကလား။
    ဖြေ – သာသနာရေးဝန်ကြီးဌာနကပြောပါတယ်။ တိုင်းဒေသကြီး သာသနာရေးဝန်ကြီးဌာနကပါ။ သာသနာရေးဝန်ကြီးက ဦးသန်းစိုးမြင့်၊ မန္တလေးတိုင်းဝန်ကြီးချုပ်ကတော့ ဦးရဲမြင့်ပါ။
    မေး – ဟုတ်ကဲ့ပါ။ သိရသလောက် ဒီ ဒါရ်ဂါဟ်က ၁၉၉၇-အဓိကရုဏ်းဖြစ်စဉ်က မီးရှို့ဖျက်ဆီးခြင်းခံရတယ်လို့သိရတယ်။ အခုပြန်လည်ပြင်ဆင်လာတာ ဒီလောက်အခြေအနေပြန်ရောက်လာတယ်။ အခုလက်ရှိအခြေအနေကနေ ဆက်ပြီးဘာလို့ မပြင်ဖြစ်တာလဲ။ ပြင်ခွင့်မရလို့လား။
    ဖြေ – ဟုတ်ပါတယ်။ ပြန်လည်ပြင်ဆင်ခွင့်က တားမြစ်ခံထားရပါတယ်။ ၉၇-ခု ဖျက်ဆီးခံရပြီးခါစက ပြင်ဆင်လိုက်သေးတယ်။ အဲဒီတုန်းကပြင်လိုက်တာ အခုမြင်နေရတဲ့ အခြေအနေပါ။ အဲဒီနောက် ဆက်ပြီးပြင်ဆင်ခွင့်မရပါဘူး။ တားဆီးခံထားရပါတယ်။ အရင် တိုင်းမှူးလက်ထက်ကပါ။ ပြင်ဆင်ခွင့်ရဖို့ တိုင်းမှူးနဲ့တွေ့ဖို့လည်း ကြိုးစားပါတယ်။ တိုင်းမှူးကအတွေ့မခံတာကြောင့် ဒီအတိုင်းလက်စနဲ့ ရပ်ထားရတာပါ။ ပြင်ဆင်ဖို့ခွင့်ပြုတုန်းက တပ်မတော်အစိုးရလက်ထက်က စာနဲ့ပေနဲ့ ခွင့်ပြုတယ်။ တားဆီးတဲ့အခါကျ တရားဝင်စာနဲ့မဟုတ်ပဲ နှုတ်မိန့်နဲ့သာ တားဆီးခဲ့တာပါ။ ဘာမှ မလုပ်ပါနဲ့ဆိုပြီး။ အခု ဒီလက်ထက်ရောက်တော့လည်း စည်ပင်သာယာက ဘာမှ မလုပ်ပါနဲ့ဆိုတာပဲ ပြောတယ်။ ကျွန်တော်တို့ဆီကို အထောက်အထားနဲ့စာနဲ့ပေနဲ့တစ်ခုမှ မတားဘူး။
    မေး – ဒါဆို တရားဝင်တားမြစ်ပိတ်ပင်တာမျိုးမရှိဘူးပေါ့။
    ဖြေ – ဟုတ်ကဲ့ တရားဝင်အထောက်အထားနဲ့ တားမြစ်တာမျိုးမရှိပါဘူး။ နှုတ်မိန့်နဲ့သာ တားမြစ်တာပါ။ အဲဒါကို ရပ်မထားရင်လည်း အဆိုးပဲဖြစ်မယ်လေ။ ဒါပေမယ့် အတတ်နိုင်ဆုံးဖြစ်အောင်လို့တော့ ကြိုးစားနေကြပါတယ်။ အခုက ဒီဘက်ခေတ်မှာ ဒီမိုကရေစီအခွင့်အလမ်းလည်း နည်းနည်းပွင့်လန်းလာပြီဆိုတော့ အခြေအနေတော့ နည်းနည်းကောင်းလာပါပြီ။
    မေး – ဟုတ်ကဲ့ပါ။ ဒါဆို ဒီမှာက လုံးဝသဂြိုဟ်လို့ မရတော့ဘူးလား။ ဘယ်မှာ သွားပြီး မြှုပ်နှံရသလဲ။
    ဖြေ – အမရပူရကလူတွေက ဒီကနေဆိုရင် မြို့နယ်(၄)ခုကိုဖြတ်ပြီး ကြာနီကန်သုဿာန်ထိ သွားရောက်သဂြိုဟ်ရပါတယ်။ အရင်ကလိုဆိုရင်တော့ မြို့နယ်တစ်ခုနဲ့တစ်ခု အလောင်းတောင်သယ်လို့ရတာမဟုတ်ဘူး။ အခုတော့ မြို့နယ်(၄)မြို့နယ်ကိုဖြတ်၊ ရံဖန်ရံခါ VIP လာတဲ့အခါဆို မြို့နယ် (၅)ခုကိုဖြတ်ပြီး ကြာနီကန်သုဿာန်အထိ သွားရပါတယ်။
    မေး – ဒါဆို အမရပူရက မန္တလေးမြို့ရဲ့တောင်ဘက်ထိပ်မှာဆိုတော့ မန္တလေးမြို့ရဲ့မြောက်ဘက်ထိပ်ထိ သွားရောက်ရတာပေါ့။
    ဖြေ – ဟုတ်ပါတယ်။ လိုက်ပို့တဲ့သူတွေအတွက် ငှားရတဲ့ ကားခကိုက ကားတစ်စီးကို လေးသောင်းခွဲ ငါးသောင်းပေးရပါတယ်။
    မေး – ဟုတ်ကဲ့ မေးခွန်းတစ်ခုမေးပါရစေ။ ဒီ အမရပူရ လင်းဇင်းကုန်းသင်္ချိုင်းတစ်ဝိုက်မှာလည်း ဘုန်းတော်ကြီးကျောင်းတွေ အများကြီးရှိတယ်လေ။ အဲဒီကဘုန်းတော်ကြီးတွေနဲ့ရော ဘယ်လိုဆက်သွယ်မှုမျိုးရှိပါသလဲ။
    ဖြေ – ဟုတ်ပါတယ်။ ဒီနားတစ်ဝိုက်မှာက ဘုန်းတော်ကြီးကျောင်းတွေက ပတ်ပတ်လည်ပါပဲ။ ဒီမဟာဂန္ဓာရုံကျောင်းတိုက်ကြီးကို စတင်တည်ထောင်ခဲ့တဲ့ ဆရာတော် ဦးဇန္နကသာရာဘိဝံသ ဆိုရင်လည်း ရာပြည့်ခလီဖွှဟ် ဦးမောင်မောင်ကြီး ရှိစဉ်ကတည်းက အလွန်ကို ခင်မင်ရင်းနှီးခဲ့ကြသူတွေပါ။ နောက် အခုဆို တောင်လေးလုံးတိုက်က ဆရာတော်ဦးပညာဇောတ(ကိုပညာ-အမရပူရ)ဆိုရင်လည်း ဦးပညာရေးတဲ့စာအုပ်မှာ ဒီဒါရ်ဂါဟ်အကြောင်းကို ထည့်ရေးခဲ့ပါတယ်။ ဒီအနားဝန်းကျင်မှာရှိတဲ့ဘုန်းတော်ကြီးကျောင်းက ဘုန်းတော်ကြီးတွေက နားလည်ကြပါတယ်။ ဘုန်းတော်ကြီးတွေနဲ့လည်း ခင်မင်ရင်းနှီးကြတယ်။ တစ်ခါတစ်လေမှာ ခင်မင်နေတဲ့ဘုန်းတော်ကြီးကျောင်းတွေကို ဆွမ်းချိုင့်ပို့ပေးတာမျိုးလည်းရှိပါတယ်။ ဒီအမရပူမှာနေထိုင်ကြသူတွေက ဘာသာတရားအချင်းချင်း အပြန်အလှန်လေးစားမှုရှိကြပါတယ်။
    ၁၉၉၇-ခု အဓိကရုဏ်းတွင် မီးရှို့ဖျက်ဆီးခံရပြီးနောက် ပြန်လည်ပြင်ဆင်ရင်း တားဆီးခံရသည့်အတွက် တစ်ပိုင်းတစ်စဖြင့် ရပ်တန့်ထားခဲ့သော အာဗစ်ရှာဟိုစိုင်နီသခင်၏ ဒါရ်ဂါဟ်တော်
    အာဗစ်ရှာဟိုစိုင်နီသခင် သည် ဘိုးတော်ဦးဝိုင်း (ဗဒုံမင်း) လက်ထက် အစ္စလာမ်သာသနာပိုင် အဖြစ်ချီးမြှောက်ခံခဲ့ရသူဖြစ်သည်။
    မေး – ဟုတ်ကဲ့ ဒါဆို နောက်ဆုံးအနေနဲ့ တစ်ခုမေးပါရစေ။ ခုနက ဦးလေးပြောတယ် ဒီအမရပူရမှာ ဘာသာအချင်းချင်း အပြန်အလှန်လေးစားမှုရှိတယ်လို့ပြောတယ်။ ၁၉၉၇-ခု အဓိကရုဏ်းမှာ ဒီဒါရ်ဂါဟ်မီးရှို့ဖျက်ဆီးတာခံရတယ်။ အဲဒါကျတော့ဦးလေး ဘယ်လိုများပြောချင်ပါသလဲ။
    ဖြေ – ဟုတ်ပါတယ်။ အဲဒီတုန်းက မီးရှို့ဖျက်ဆီးခြင်းခံရတာကလည်း။ ကျွန်တော်တို့ပြောနိုင်ပါတယ်။ ဒီအနီးအနားတစ်ဝိုက်က သူတွေမဟုတ်ပါဘူး။ ဒီနားတစ်ဝိုက် ဘုန်းတော်ကြီးကျောင်းက ၀ါကြီးတဲ့ဘုန်းတော်ကြီးက ကိုယ့်ကျောင်းက ရဟန်းသံဃာ၊ ဦးဇင်းတွေကို ထိန်းသိမ်းနိုင်စွမ်းရှိကြပါတယ်။ ဒါကြောင့် ဒီအနီးအနားတစ်ဝိုက်က မဟုတ်ဘူးဆိုတာ ပြောလို့ရပါတယ်။
    မေး – ဟုတ်ကဲ့ပါ။ အခုလိုပြောပြပေးတာတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ပြီးခဲ့တဲ့လက ကြားသိရတဲ့သတင်းအရ လင်းဇင်းကုန်းသုဿာန်ပိတ်သိမ်းဖျက်သိမ်းမယ်ဆိုတော့ ဖျက်သိမ်းခဲ့ရင်တောင် မှတ်တမ်းအထောက်အထားသမိုင်းကျန်ရှိစေဖို့ရယ်၊ လူငယ်အများစုကဒီသမိုင်းကြောင်းကို မသိကြတော့ဘူး။ ဒါကြောင့် လူငယ်တွေလည်း အသိရစေဖို့ မေးမြန်းရတာဖြစ်ပါတယ်။
    ဖြေ – ဦးလေးတို့ကလည်း ၀မ်းသာပါတယ်။ ဒါက အာဗစ်ရှားဟ်ဟိုစိုင်နီသခင်ရဲ့ အတ္ထုပ္ပတ္တိစာအုပ်လေးပါ။ ဒါရ်ဂါဟ်နဲ့ပတ်သက်ပြီးလည်း သိနိုင်ပါတယ်။
    မြန်မာ့အနုပညာ ကြာကလပ်ပုံစံပြုလုပ်ထားသော ဆရာကြီးဦးနု သင်္ချိုင်းမြေ
    ခေါင်းရင်း အထိမ်းအမှတ်တိုင် (ခေါင်းရင်းခြေရင်း တိုင်နှစ်ခုရှိခဲ့သော်လည်း ယခုအခါ ခေါင်းရင်းတိုင်တစ်ခုသာ ရှိတော့ကြောင်းသိရသည်။)
    မြန်မာ့အနုပညာလက်ရာ ကြာကလပ်ဖြင့်တွေ့ရသော ခေါင်းရင်းအထိမ်းအမှတ်တိုင်
    (မြို့ဝန်ဦးဘိုင်ဆပ် သင်္ချိုင်းမြေပုံ)
    = = = = = = = = = = = = = = = = =
    ကိုပညာ(အမရပူရ)အမည်ခံ တောင်လေးလုံးကျောင်းတိုက် ဆရာတော်ဦးပညာဇောတ၏ “တောင်သမန်ဝန်းကျင် သမိုင်းဝင်နေရာများ” (နောက်ဆက်တွဲ) ပထမအကြိမ်၊ ရန်ကုန်မြို့၊ ဖေဖော်ဝါရီ-၁၉၉၆ (စာမျက်နှာ-၇၄-၇၅)တွင်ဖော်ပြချက်
    “ဒါရ်ဂါဟ်တော်”
    ဒါရ်ဂါဟ်တော်သည် သခင်ကြီး အာဗျစ်ရှာဟိုစိုင်နီဒ ဂူဗိမာန်ဖြစ်သည်။ မယ်ဇယ်တန်းမြောက်ဘက် ဘုရားနီဘုရားအနောက်ဘက် အိုးတော်ရပ်ကွက် မှိုက်စုရပ်၏ အရှေ့စွန်း လင်းဇင်းကုန်းသုဿာန်မြေတွင် တည်ရှိသည်။
    အာဗျစ်ရှာဟိုစိုင်နီသည် သက္ကရာဇ် ၁၁၃၇-ခုနှစ်တွင် ဖွားမြင်သည်။
    အမရပူရနေပြည်တော်သို့ (၁၉)နှစ်သားအရွယ် (၁၁၅၆-ခု)ရောက်ရှိသည်။
    အသက်(၃၉)နှစ် သက္ကရာဇ် ၁၁၇၆-ခုတွင် ဘ၀တစ်ပါးပြောင်းကြွသည်။
    အမရပူရဘိုးတော်မင်းတရားလက်ထက် နှစ်ပေါင်း(၂၀)တိတိ အစ္စလာမ်သာသနာပိုင်အဖြစ် ခန့်အပ်ထမ်းဆောင်ခဲ့သည်။
    နှစ်ပေါင်း (၂၀)အတွင်း အစ္စလာမ်ကျမ်းပေါင်း (၃၀)ရေးသားပြုစုခဲ့သည်။ မိုရီးဒ်တပည့်မတစ်ဦးဒ (မိုင်ယစ်တ်) အသုဘအခမ်းအနားတွင် လိုက်ပါပို့ဆောင်ရာ ယခုဒါရ်ဂါဟ် တည်ရှိသော ပတ်ဝန်းကျင်တွင် ဥယျာဉ်များစိုက်ပျိုးထားသည်ကို တွေ့ရှိလေသည်။ တစ်ခုသော စကားဝါဥယျာဉ်ထဲတွင် သခင်နေထိုင်နေတော်မူရာ၊ အေးဆေးငြိမ်းချမ်းလှသဖြင့် ‘ငါကွယ်လွန်လျှင် ဤနေရာတွင် (ဒဖွနာ)သဂြိုဟ်ခြင်းပြုရမည်’ဟု (၀စွီယတ်)မှာထားခြင် ပြုတော်မူ၏။
    ပုဏ္ဏားဝန်မင်းက ထိုဥယျာဉ်မြေကို ၀ယ်ယူ၍ သခင့်နာမည်ဖြင့်လှူ၏။ ကွယ်လွန်သောအခါ ထိုနေရာ၌ မြှုပ်နှံသည်။ ဒါရ်ဂါဟ်၏အဓိပ္ပါယ်မှာ‘ကွန်းခိုရာ’ဟု အဓိပ္ပါယ်ရသည်။
    x x x x x x x
    အထက်ပါ ဖော်ပြချက်ကို ယင်းသမိုင်းစာအုပ် စာမျက်နှာ (၁၄၈)တွင် သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း၏ အင်္ဂလိပ်ဘာသာပြန်ဆိုချက်
    “THE DARAGA DAW”
    Arbhisha Hussaini’s tomb is commonly called the Daraga Daw. (Durgah is Persian meaning a royal court; with an extended meaning in India it is used to mean a shrine of a Mohammedian saint for prayer.) It is located on the north of Mezabin (Madhuca longifolia) avenue, west of “Red Pagoda” (Shwe Mutthaw Thein Hpaya), east of the wards called O-daw (Royal Potters) and Hmite Su (People engaed in reclaiming gold dust from the refuses collected from pagoda precincts and goldsmith’s workshop) and in the Lin Zin Gon cemetery.
    Arbhisha Hussaini was born 1776 and came at the age of nineteen to Amarapura in 1795. He died at the age of only thirty nine in 1815 after serving the king as the leader of the Islamic people for twenty years.
    He had written thirty books on Mohaedanism. At a funeral of a female devotee or Moree he came to sit under a Zagawa (Michelia champaca) tree and as he was so pleased with that place in the garden he said:
    “I wish a would be buried here”. Surely his wish was fulfilled and a Durgah was built in his memory at his tomb under the Zagawa tree that he had chosen.
    The Ponna Wun (Officer – in – Charge of Brahmins) bought the gardenand gave it to him before he died.
    ဒါရ်ဂါဟ်တော် အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များအတွက် ထုတ်ဝေသည့် “ဘိုးတော်ဦးဝိုင်း(ဗဒုံမင်း)လက်ထက် အစ္စလာမ်သာသနာပိုင်ဆရာတော်ဘုရားဘွဲ့ရ ဟသွရတ်-စိုက်ယစ်ဒ်-ခါဂျာ-ဟာဖွစ်ဇ်-မို့ဟမ္မဒ် ရှရီးဖ် အာဗစ်ဒ်ရှာဟ် ဟို့စိုင်နီ အတ္ထုပ္ပတ္တိအကျဉ်း” စာအုပ် (စာမျက်နှာ ၃၄-၃၅-၃၆) မှ ကူးယူဖော်ပြပါသည်။
  • သူတော်စင်ရွှေဘိုသခင်ကြီး(၄)ပါး (အလောင်းမင်းတရားလက်ထက်)
    သူတော်စင်ရွှေဘိုသခင်ကြီး(၄)ပါး (အလောင်းမင်းတရားလက်ထက်)
    ဆရာကြီးလေးပါးမှာ ပြည်ရွှေဘိုတွင် စုပေါင်းနေထိုင်ခဲ့သူများမဟုတ်ပဲ ဒေသခွဲများတွင် နေထိုင်သူများဖြစ်ကြပါသည်။ ဘုရင်မင်းမြတ် အမျက်တော်ရှ၍ ဆင့်ခေါ်တော်မူချိန်မှသာ ရွှေဘိုမင်းနေပြည်တော်သို့ စုရုံးရောက်ရှိခဲ့ကြပြီး ပြစ်ဒဏ်သင့်ခံခဲ့ရသော သူတော်စင် အစ္စလာမ်သာသနာဝင်ကြီးများဖြစ်ကြပါသည်။
    ဦးအောင်ဇေယျသည် ၁၇၅၉-ခုတွင် ယိုးဒယားသို့ စစ်မထွက်မီ တိုတောင်းလှသောကာလ၌ သာသနာ့ဂိုဏ်းကွဲများ ပေါ်ပေါက်သည်ကို ဖြေရှင်းခဲ့သည်။
    ဂေါဝိန္ဒပုဏ္ဏားစကားနှင့် ညီညွတ်သည်ဟု မင်းတရားကြီးထင်မှတ်တော်မူပြီး ဆရာကြီး(၄)ပါးအား အယူလွဲမှားနေသည်။ တရားဒေသနာတော် ဟောကြားပြုပြင်ရန် အချုပ်အာဏာသားတို့လက်သို့ လွှဲအပ် ခဲ့သည်။ မလိုက်နာငြင်းဆန်က စီရင်ရန် အမိန့်ချမှတ်တော်မူခဲ့သည်။ ဆရာကြီး(၄)ပါးတို့မှာ နောက်သားမြေးတို့အရေးမြော်တွေးပြီး ယုံကြည်ချက်အတွက် အသက်ပေးဆက်ခဲ့ကြသည်။ ဆရာကြီး(၄)ပါးကို ခေါင်းဖြတ်သတ်လိုက်သည်။ ထိုအချိန်တွင် ဥပ္ပါပျံ၊ တော်လဲ၊ ငလျင်လှုပ်၊ မှောင်ကြီးကျပြီး ကုန်းဘောင် ရွှေပြည်တွင် မိုးကြိုး(၁၃)ချက် တစ်ပြိုင်တည်းပစ်ခတ်သည်။ ဤနမိတ်အား ဘုရင်မင်းမြတ်မှ နက္ခတ်ဗေဒင်ပညာကျော် များအား ခေါ်ယူမေးမြန်းတော်မူရာ လူမျိုးတစ်ရာ့တစ်ပါးတို့တွင် မည်သည့်လူမျိုးဘာသာ ယုံကြည်မှုကိုမှ ညှဉ်းပန်းနှိပ်စက်၊ မပယ်ဖျက်သင့်ကြောင်း၊ ယခုအဖြစ်အပျက်မှာ တစ်ရာ့တစ်ပါးသော လူမျိုးမှ သူတော်စင်တို့ သွေးမြေကျ၍ ဤသို့ အတိတ်နမိတ်ကြီးများပြပါသည်။ (၃)နှစ်မိုးခေါင်ရန် ကိန်းရှိပါကြောင်း ပညာရှိများမှ လျှောက်တင်ကြသည်။
    ဘုရင်မင်းမြတ်မှ ဆရာကြီး(၄)ပါး အခြေအနေ၊ ကျွန်ယုံတော်များအားမေးတော်မူရာ ဆရာကြီးတို့ မချေမငံပြု၍ လက်လွန်သွားကြောင်း သံတော်ဦးတင်ရာ အသင်တို့ မိုက်မဲလေစွတကားဟု အပြစ်တော် တင်ကာ မလိုတမာကုန်းချောသည့် လက်သုံးတော် ၀င်္ကပုဏ္ဏားအား ထောင်သွင်း၍ အကျဉ်းထားစေ အမိန့်တော်သတ်မှတ်ပြီး ဆရာကြီး(၄)ပါး ခန္ဓာဝန်ချရာနေရာသို့ သွားရောက်ကြည့်ရှုရာ ခြတောင်ပို့(၄)လုံး ဖြစ်နေသည်ကိုမြင်တော်မူလျှင် အမှန်ပင်သူတော်စင်များပါတကားဟု ယူကျုံးမရဖြစ်ကာ ၎င်းနေရာကို မင်းမှုထမ်းများအား သဲဖြူခင်း၊ ရာဇမတ်ကာပြီး ရွှေထီး(၄)လက်မိုး၍ အစောင့်ထားရန် အမိန့်တော် သတ်မှတ်ခဲ့သည်။ နန်းတော်သို့ပြန်ပြီး ၀င်္ကပုဏ္ဏားမိုက်အား သတ်စေရန် အမိန့်ချကာ သုံးထောင်ခုနှစ်ရာ ဆရာကြီးမျိုးနွယ်များကို ဆင့်ခေါ်ပြီး မလိုတမာကုန်းချောစကားကြောင့် ယူကျုံးမရဖြစ်ရကြောင်း ဆရာကြီး(၄)ပါးကိုရည်စူး၍ ၀တ်ကျောင်းတော်လေးဆောင်လှူဒါန်းတည်ဆောက်ပေးမည့်အကြောင်း မိန့်ကြားတော်မူသည်။ မြေဒူးမြို့တွင် မှန်စီရွှေချဗလီကြီး(၄)လုံး တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များ အား ချီးမြှောက်ခဲ့သည်။
    ရှကျရတွလ်အီမံကျမ်းလာ သခင်ကြီး(၄)ပါးအကြောင်း
    မြန်မာဘုရင်ကို တင်သွင်းလွှာ (၁၂၄၅-ခုနှစ်၊ တော်သလင်းလ)
    ဘုရားကျွန်တော် မြေဒူးမြို့နေ သင်္ဘောဘလီဝင်၊ တကာကြီးငယ်တို့နှင့် ပသီကျောင်းထိုင် ဆရာမို့ဟရစ်ဒင် ရွှေဘ၀ါးတော်အောက် ရှိခိုးသံတော်ဦးတင်ပါသည်ဘုရား ။
    အင်းဝမင်းဆက် စနေမင်းလက်ထက် မြန်မာသက္ကရာဇ် (၉၀၀)ကျော်က မွတ်စ်လင်မ်လူပေါင်း သုံးထောင်ခွန်နှစ်ရာတို့သည် ကာသီရွှေဝါ၊ ကာသီရွှေဒုံး၊ ကာသီပန်းဝါ၊ ကာသီမြတ်ကြာ မင်နာနုရပ်၊ မင်းန၀ါဟရပ်၊ မင်းသီဟရပ်၊ မင်းနေမျိုးဂုဏ္ဏရတ်တို့နှင့် ၀င်စားလာရောက်ရာ စားမြဲ နေမြဲ ပေးချသနားတော်မူပြီးလျှင် ရွှေချမှန်စီ ပလီ(၄)လုံး မြေဒူးမြို့အတွင်း တည်လုပ်သနားတော်မြတ်ခံရ၍ ကျမ်းဂန်နှင့်အညီ ကျင့်ဆောင်နေထိုင်ကြသည်နောက် ယခု ဘုရင်မင်းမြတ်ဘေးတော် အလောင်းမင်းတရားကြီးလက်ထက် မွတ်စ်လင်မ်လူမျိုးတို့ကို မမြင်ဘူးသည်နှင့် အပါးတော်တွင် ကျွန်ယုံ ပုဏ္ဏား ဂေါဝိန္ဒကိ မေးတော်မူရာ ဂေါဝိန္ဒပုဏ္ဏားက ၎င်းလူမျိုးတို့သည် ကြက်ငှက်ကျွဲနွားတို့ကို အရှင်လတ်လတ် လှီးဖြတ်သစား၊ အယူမှားသောသူ လူမျိုးဖြစ်ပါသောကြောင့် ဟင်ဒွတ်စတံဒလင်လိ (ဒေလီ)ဗာရာဏသီမြို့များက နှင်ထုတ်လိုက်သောသူများဖြစ်ပါကြောင်း ရှိခိုးသံတော်ဦးတင်၍ ကျွန်တော်မျိုးဘေး၊ ဆရာကြီး မုဟမ္မဒ်ရှောင်ရှန်၊ ဆရာကြီး မိုဟစ်ဗွလ္လာ၊ ဆရာကြီးရှမ္မဒါရ်၊ ဆရာကြီးအွတ်သမံ တို့ကို အရတောင်းတော်မူပြီးလျှင် အစ္စလာမ်ဘာသာကိုလွှတ်၍ ၀က်သားကိုစားရ မည်။ ရုပ်ပွားဆင်းတုတို့ကို ရှိခိုးပူဇော်ရမည်။
    ရာဇမာန်ပွား၍ ထောင်မှာ အကျဉ်းချထား၊ ညှဉ်းပန်းနှိပ်စက်၊ အသက်ကို အသေသတ်မည်၊ ထုတ်ယူသွားရာ ၎င်းဆရာကြီး(၄)ပါးတို့သည် သုသာန်ဝမှာ ၀ိုဇူသန့်စင်၍ ဒိုရကအတ် နမာတ်ဖတ်ရွတ် ဒိုအာဆုတောင်းပြီးလျှင် ဦးချစစ်ဂျဒါတွင်းမှာ အသေခံသောကြောင့် ကောင်းကင်က အတိတ်ကြီးနမိတ်ကြီးပြသည်။ ငလျင်လှုပ်သည်။ ဥပ္ပါတ်ပျံသည်၊ တော်လဲသည်။ နန်းတော်ကန်တော့တိုင်ကို မိုးကြိုးပစ်သည်။ မှောင်ကျသည်။ နေမထွက် ကြယ်ပေါ်သည်။ နေ့ကိုညဥ့်အတိ ဖြစ်နေသည်။ နေ့ည၌မကွဲရှိနေသောကြောင့်
    ဂေါဝိန္ဒပုဏ္ဏားကို ထောင်မှာ အကျဉ်းထား သင့်၊ မသင့်ကို ချင့်ချိန်၍ အဆုံးစီရင်မည်။ ကြယ်သွားနေသွား အတိတ်ကိန်းခန်းကို နားလည်သူပညာရှိ တို့ကို ခေါ်၊ အမိန့်တော်နှင့်ခေါ်ပြီးလျှင် မေးတော်မူပြန်ရာ ၎င်းပညာရှိတို့က လူမျိုးတစ်ရာ့တစ်ပါးတွင် တစ်ပါးလူမျိုးကို မပယ်သင့်၊ ဦးခေါင်းကသွေးသည် မြေတွင်စွန်းငြိပါသောကြောင့် အစားအစာ မွတ်သိပ်ရန်၊ မိုးသုံးနှစ်မခြိမ်းမရွာရှိမည်။ မိုးမှောင်လည်း ခုနှစ်ရက်လည်မှ လင်းမည်၊ ထင်မြင်ပါကြောင်း ရှိခိုးသံတော်ဦးတင်ကြ၍ သူတော်စင် မှန်မမှန်ကို သုဿာန်ဝမှာ အစောင့်နှင့်ထား၊ မိန့်တော်မူပြီးလျှင် ၎င်း ဆရာကြီးလေးပါးအလောင်းသည် မဖူးမရောင်၊ မသိုးမပုတ်၊ ကျီးငှက်တို့အချဉ်း မှောင်လင်းသည့်နောက် ခုနှစ်ရက်ရှိလျှင် ခြတောင်ပို့လေးလုံး အထူးအဆန်းသည်ကို ရွှေနားတော်မြတ် ကြားသိတော်မူ၍ ရာဇမတ်ကာရန် ရွှေထီးလေးစင်းအုပ်ထားရှိသည့်နောက် မိုးသုံးနှစ်မခြိမ်းမရွာရှိသည်နှင့် မြေဒူးမြို့သို့ ထွက်စံတော်မူ၍ မူးမြစ်တူးဖောက်၊ ရွှေဘိုကန်တော်သို့ ရေသွင်းတော်မူပါ ဆရာကြီး(၄)ပါးတို့ အဆက်အနွယ်ကိုခေါ်၍ ရှေးအစဉ်အလာ ဘာသာထုံးစံကျမ်းဂန်ထွက်ရှိသည့်အတိုင်း ကျင့်ဆောင် ကိုးကွယ် စားသောက်နေထိုင်မြဲ ငြိမ်ဝပ်စွာနေထိုင်ရမည်။ အထက်ကနည်း ရွှေချမှန်စီ ဗလီလေးလုံး မြေဒူးမြို့အတွင်း တည်လုပ်သနားတော်မူပြန်၍ ငါးနှစ်မြန်မာနှင့် ရောနှောရှိနေသည်ကို ၎င်းမင်းတရားကြီး လက်ထက်ကစ၍ မြန်မာနိုင်ငံတွင် မွတ်စ်လင်မ်လူမျိုးတို့ ထင်ပေါ် စည်ပင်ရှိကြပါသည်။
    ၎င်းရွှေချမှန်စီ တည်လုပ်တော်မူခဲ့သည်။ သင်္ဘောဗလီသည် ပတိမ်းစားအရေးတွင် သူပုန်လူဆိုးတို့ ဖျက်ဆီးပျက်စီး၊ အမှုထမ်း ဆင်းရဲသားတို့ မတည်မလုပ်နိုင် ယခုတိုင် ဗလီဝင်လူတစ်ရာကျော်တို့သည် ၀တ်ဝါရိုဇာ နမာဇ် စောင့်ထိန်းရန် မရှိသည်ဖြစ်ပါသောကြောင့် ဘုရားကိုယ်စားတော်စားတည်လုပ် မစတော်မူလျှင် ကမ္ဘာထက်ဆုံးတိုင် ကုသိုလ်တော်သည် အခေါင်အဖူးထူးမြတ်လှသည်။ သိမ်ဗလီဖြစ်ပါ၍ တည်လုပ်မစ သနားတော်မြတ်ခံရပါမည့်အကြောင်းကို ရွှေဖ၀ါးတော်အောက် ရှိခိုးသံတော်ဦးတင်ပါသည်။
    (မြေဒူးရှိုက်မိုဟ်ယစ်ဒီန် (ခ) ဦးရွှေတောင်ရေး ရှဂျရတွလ်အီမံကျမ်းနှင့် ဖွသာအေ့အလွတ်ရှဟူရ်ကျမ်း၊ ၂-ကျမ်းတွဲ စာ ၁၆၇-၁၆၉)