News @ M-Media
Category: ဝတ္ထုတို
  • ခေါင်းဆောင်ရွေးပွဲကြီး (အပိုင်း-၁) (ဝတ္ထုတို)
    နိုဝင်ဘာ- ၅ ၂၀၁၃
    M-Media
    M-Media short stories
    အခုတလော မောင်ကောင်းထိုက်တို့ ပုဂ္ဂလိက ကောလိပ်၏ ကျောင်းသား/သူများအချင်းချင်း ၊  ဆရာ/ဆရာမများအချင်းချင်း တွေ့ဆုံကြရာတွင် ကျောင်းကိစ္စ၊ သင်ခန်းစာ ကိစ္စများ သိပ်မဆွေးနွေး ဖြစ်ကြ။ ၎င်းတို့သည် အကြောင်းအရာတစ်ခုကိုသာ စိတ်ဝင်တစား ပြောဆိုဆွေးနွေးနေကြသည်။ အလားတူပင် မောင်ကောင်းထိုက်တို့သူငယ်ချင်းတစ်သိုက်လည်း နဂိုကတည်းကမှ စာသိပ်စိတ်မ၀င် စားသူများပီပီ ယခုလိုမျိုး ကောလိပ်တစ်ခုလုံး အတိုင်းအတာဖြင့် ကျောင်းသင်ခန်းစာ မဟုတ်ဘဲ ကျောင်းသားရေးရာပိုင်းဆိုင်ရာ အခြေအနေအသစ်တစ်ရပ်နှင့်တွေ့ဆုံနေသည့်အချိန်တွင်တော့ ပို၍ ပင် ကင်တင်းန် စကားဝိုင်းက မြိုင်ဆိုင်နေသည်။ ယင်း မောင်ကောင်းထိုက်တို့သူငယ်ချင်းတစ်သိုက် ဆိုသည်မှာကား… တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီး ပုဂ္ဂလိကကောလိပ် တစ်ခုတွင် ပညာ သင်ကြားနေကြသူများဖြစ်ကြသည်။ ထိုကောလိပ်စာမွေးပွဲအောင်လျှင် နိုင်ငံခြားသို့ ပညာသင် သွားရန် ပြင်ဆင်နေကြသူများဖြစ်သည်။ မောင်ကောင်းထိုက်တို့ တစ်စုကတော့ ပညာလည်း တစ်ဖက်က သင်သလို ကွန်ပျူတာ နည်းပညာများကိုလည်း စိတ်ဝင်စားသည်။ နိုင်ငံရေးလည်း အလွတ်မပေး။  ဘောလုံးလည်း အကန်မပျက်ကြ။ အချုပ်အားဖြင့်တော့ ဟိုစပ်စပ်..ဒီစပ်စပ်နှင့် ပျော်ပျော်နေတတ် ကြသော ကောလိပ်ကျောင်းသားများပင်ဖြစ်ကြသည်။ ယခုလည်း ထုံးစံအတိုင်း ကင်န်တန်း တွင် တစ်ယောက်တစ်ပေါက်ဖြင့် စကားစစ်ထိုးနေကြစဉ်..
    “ဟိုင်း..နီလာ၊ နေကောင်းရဲ့လား”ဟူသော ချိုသာကြည်မြသော ပီယ၀ါစာ စကားသံလေးဖြင့် နှုတ်ခွန်းဆက်ကာ မောင်ကောင်းထိုက်တို့လက်ဖက်ရည်ဝိုင်းထဲဝင်လာသူကား…
    ၎င်းတို့ကောလိပ်တစ်ခုလုံးတွင် ပညာတော်ကာ ရုပ်ချောသလောက် အခြေကြီးသူဟု သတင်းမွှေးသည့် ကြည်သာရီပင် ဖြစ်ပါတော့သည်။ မောင်ကောင်းထိုက်တို့မှာ ဘာစကားမျှပင် မပြောနိုင်တော့လောက်အောင် ပါးစပ်များအဟောင်းသားဖြစ်သွားကြသည်။ ကြည်သာရီကပင် ဆက်လက်ပြီး ”တို့လည်း အတန်းအားလို့ library ဘက်သွားစာဖတ်မလို့၊ အဲဒါ you တို့ကိုတွေ့လို့ဝင် နှုတ်ဆက်တာ။ သွားလိုက်ဦးမယ်နော်..”ဟုဆိုကာ သိမ်မွေ့စွာပင် ပြန်လည်ထွက်ခွာသွားသည်။ မောင်ကောင်းထိုက်တို့နှင့် လက်ဖက်ရည်တစ်ဝိုင်းထဲထိုင်ကာစကားပြောနေသည့် နီလာကို  ၀င်ရောက်နှုတ်ဆက်ရင်း ၀ိုင်းထဲရှိသကောင့်သားများအားလုံးကိုပါ အသိအမှတ်ပြုသည့် အပြုံးလေးဖြင့် အကြည့်တစ်ချက်ဝေ့၀ဲလိုက်သောအခါ ကောင်းထိုက်တို့လူစုမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာအတန်ကြာ မင်သက်နေမိကြသည်။ ထို့နောက်မှ… ၀င်းမောင်မှစတင်ပြီး ထိုမင်သက် နေသောလေထုကိုဖြိုခွဲလိုက်သည်။ “ဟဲ့..နီလာ၊ နင်နဲ့ သူနဲ့ဘယ်တုန်းကခင်တာလဲ၊ ငါတို့နဲ့လည်း မိတ်ဆက်ပေးဦးလေ..။”
    “အေး..ငါကိုယ်တိုင်လည်း အံ့သြနေတယ်၊ ဒီအမျိုးသမီးက ငါနဲ့သိပ်မခင်ပါဘူး ၊ မေးပြော ခေါ်ထူးအဆင့်လောက်တော့ သိတာပေါ့ဟယ်၊ တစ်ကျောင်းတည်းသား မိန်းကလေးချင်းပဲ။ ဒါပေမယ့် သူက အရင်တုန်းက မိန်းကလေးအချင်းချင်းတောင် ခပ်တင်းတင်းရယ်၊ အခုမှ ဘယ်လိုဖြစ်ပြီး ဖေါ်ရွေနေတာလဲမသိဘူး” နီလာလည်း နည်းနည်း စဉ်းစားရကျပ်သွားသည်။
    ထိုအခါမှ ကောင်းထိုက်က..
    ”ငါထင်တာတော့..”ဆိုပြီး သူ၏လွယ်အိတ်ထဲမှ စာရွက်တစ်ရွက်ကိုထုတ်ရာ သူငယ်ချင်းများ အားလုံးဝိုင်းကြည့်လိုက်ကြသည်။ စာရွက်ခေါင်းစဉ်က “ကျောင်းသားခေါင်းဆောင် ရွေးပွဲဝင်ပြိုင်မည့် ကျောင်းသား/သူများစာရင်း” ဖြစ်ပြီး ၎င်းစာရင်း၏ထိပ်ဆုံးတွင် ကြည်သာရီအမည်ကြီးကိုတွေ့ရသည်။ သူတို့သဘောပေါက် လိုက်ကြလေပြီ။
    နီလာက..
    “ဟဲ့.. ကြည်သာရီကက အခုလာမယ့် ရွေးပွဲမှာဝင်ပြီး အရွေးခံမှာ.. အခုငါတို့ကျောင်း အခုနှစ် ကျောင်းသားခေါင်းဆောင်ရွေးပွဲက နင်တို့သိတဲ့အတိုင်းပဲလေ။ ဒီကျောင်းမှာရှိတဲ့ကျောင်းသား/ ကျောင်းသူအားလုံး ကိုယ်ကြိုက်တဲ့သူကို ကျောင်းသားခေါင်းဆောင် ဖြစ်အောင်လို့ မဲပေး ရွေးချယ်ရမှာ။ သူတို့သတ်မှတ်ထားတဲ့စည်းကမ်းနဲ့ညီတဲ့လူဆို ဘယ်သူပဲဖြစ်ဖြစ်  ကျောင်းသား ခေါင်းဆောင် ရွေးပွဲဝင်လို့ရတာလေ..။ အဲဒီတော့ အဲဒီ ကြည်သာရီဆိုတဲ့ အမျိုးသမီးက ငါတို့ရဲ့ အသည်းကြားက မဲတစ်ပြား ကိုလိုချင်လို့ သူက ဗျူဟာတွေခင်းသွားတာကိုး…။”
    ထိုအခါကျမှ ၀င်းမောင်တို့နားလည်သဘောပေါက်သွားသည်။ သြော်..မကြည်သာရီ သူလည်း ကျောင်းသားခေါင်းဆောင် ပိုးဝင်သွားပြီကိုး။ .. ။
    ဟုတ်ပါသည်။ ကောင်းထိုက်တို့ကျောင်း၏ ဒီနှစ်အတွက် ကျောင်းသားခေါင်းဆောင် ရွေးပွဲကြီးသည် ယခင်နှစ်များနှင့်မတူဘဲ ကျောင်းသား/သူအားလုံးကို ကိုယ်စားပြုမည့် ကျောင်းသားခေါင်းဆောင် တစ်ယောက်တည်းကိုသာရွေးချယ်မည်ဖြစ်ပြီး ထိုကျောင်းသား ခေါင်းဆောင်သည် ကျောင်းသားများ၏ အလုပ်အမှုဆောင်အဖွဲ့ EC(Executive Committee)ကို ပါ စီမံခန့်ခွဲရမည်ဖြစ်ရာ မည်သည့်ကျောင်းသားက မည်သို့သောဗျူဟာအခင်းအကျင်းမျိုးဖြင့် ထို ကျောင်းသား ခေါင်းဆောင်ရွေးပွဲကိုဝင်ပြိုင်မည်လဲ၊ မည်သူကအနိုင်ရမည်လဲဆိုသည်မှာ တစ်ကျောင်း လုံးက စိတ်ဝင်စားနေကြသော ကိစ္စဖြစ်သည်။ အခုတော့ ကျောင်းသားခေါင်းဆောင် ရွေးပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြမည့် အမတ်လောင်းများစာရင်း… အဲလေ..ကျောင်းသားခေါင်းဆောင်လောင်းများ စာရင်း ပင် ထွက်ရှိနေပေပြီ။
    ကြည်သာရီကြောင့် အခိုက်အတန့်အားဖြင့် တိတ်ဆိတ်သွားသော ကောင်းထိုက်တို့၏ စကား ၀ိုင်းသည် ယခုတော့ ပြန်လည်ဆူညံလာပေပြီ။ နီလာက.. ”ဟဲ့..ကောင်းထိုက်၊ နင်ကအဲဒီ ကျောင်းသားခေါင်းဆောင်ရွေးပွဲဝင်မယ့်သူစာရင်းကို ဘယ်တုန်းကရထားတာလဲ. ငါတို့တောင် မသိရသေးဘူး” ဟုမေးသည်။
    ကောင်းထိုက်က ဆရာကြီးလေသံဖြင့်..
    “အေး..အဲဒါ၊ နင်တို့တွေအားလုံး ဒီနေ့အစောဆုံးအတန်းချိန်ကို လစ်ခဲ့ကြတယ်ဆိုတာ သိသာ နေတယ်။  ဒီနေ့မနက်က Eco အချိန်မှာ အတန်းထဲက ဆရာမခုံမှာ အတန်းသားအားလုံးကို တစ် ယောက်တစ်ရွက်လာယူဆိုပြီးတော့ စာရွက်တွေပုံချထားတာ၊ အခုတစ်ကျောင်းလုံးသိပြီးပြီ။ နင်တို့ပဲ မသိသေးတာ”ဟုပြောတော့ မနက်က အတန်းလစ်ခဲ့သည့်သူငယ်ချင်းများအားလုံး ခပ်တည်တည်နှင့် နှုတ်ဆိတ်နေလိုက်ကြသည်။ သို့သော် သူတို့၏အကြည့်များကတော့ ကျောင်းသားခေါင်းဆောင် ရွေးပွဲဝင်မည့်သူများစာရင်း စာရွက်ကိုသာ ထပ်ခါတလဲလဲကြည့်ပြီး ကိုယ်စီစဉ်းစားခန်းဝင်နေကြသည်။
    သူတို့အုပ်စုထဲတွင် နည်းနည်းတွေးတွေးဆဆရှိသူကျော်အောင်က..
    “အင်း..၀င်ပြိုင်မယ့်လူစာရင်းကတော့ ၁၀ ယောက်တောင်ရှိတယ်။ ဒါပေမယ့် အဲဒီအထဲမှာ နာ မည်ကြီး ၃ ယောက်က အဓိကပြိုင်ရမယ်ထင်တယ်။ ကျန်တာတွေကတော့ အိမ်ဖြည့်အဆင့်”
    နီလာက “နင့်အမြင်ပြောစမ်းပါဦး”ဟု ၀င်ထောက်သည်။ ထိုအခါ ကျော်အောင်က…
    “ဒီမှာလေဟာ… ဒီအုပ်စုထဲမှာ ငါတို့ကျောင်းက နာမည်ကြီး(၃)ယောက်.. ကြည်သာရီ၊ မြဆောင်နဲ့ မျိုးမင်း… အဲဒီ(၃)ယောက်ကို ကြီး(၃)ကြီးအဆင့်သတ်မှတ်လိုက်မယ်..ကျန်တာတွေက အိမ်ဖြည့်..ဒါပေမယ့်…အဲ..”
    ကျော်အောင်စကားတန့်သွားသည်။ သူငယ်ချင်းများကစိတ်မရှည်တော့…
    “ဟေ့ကောင်..ပြောလေကွာ၊ ဒါပေမယ့်ဘာဖြစ်လဲ..”
    ကျော်အောင်က.. “ဒီမှာကျော်ဦးနာမည်ပါနေတယ်၊ အဲဒီကောင်ကိုသတိထားရမယ်၊ ဒီကောင့်ကြောင့် ပွဲဆူနိုင်တယ်”ဟုဆိုရာ သူငယ်ချင်းများက ထောက်ခံသည့်အမူအရာဖြင့် ခေါင်းညိတ်ပြကြသည်။
    “ဟုတ်တယ်၊ အဲဒီကျော်ဦးက လူမိုက် ၊ ဒီကောင့်သူငယ်ချင်းတွေကလည်း ကျောင်းထဲက ရော၊ ကျောင်းပြင်မှာပါ အများကြီး၊ အကုန်လုံးက မိုက်တိမိုက်ကန်းပုံစံတွေချည့်ပဲ..”ဟု ကောင်းထိုက်က ၀င်ပြောသည်။
    ဆိုတော့ “မျိုးမင်း”ဆိုသူအကြောင်းက သူတို့သူငယ်ချင်းများက အတွင်းသိ၊ အစင်းသိ၊ အူ ဘယ်နှစ်ခွေရှိသည်ကအစသိကြသည်။ မျိုးမင်းက စာတော်သည်။ ဆက်ဆံရေးကောင်း၊ အပြော ကောင်း၊ သူ့ကိုတစ်ကျောင်းလုံးကချစ်ကြသည်။ သူက စာတော်သောကျောင်းသားဖြစ်ပြီး အိုက်တင် လည်းလုပ်တတ်သည်။ Library ထဲက အင်္ဂလိပ်လိုရေးထားသော ကျောင်းသင်ခန်းစာနှင့်သိပ်မပတ် သက်ပေမယ့် လူကြိုက်များတတ်သည့်နိုင်ငံရေး၊ အားကစား၊ အချစ်ကဗျာ၊ ခံစားချက်၊ အလွမ်းအဆွေး၊ အောင်မြင်ရေး စသည့်စာအုပ်တွေကို လက်ထဲမှာကိုင်ပြီး သူငယ်ချင်းတွေ လက်ဖက်ရည် ၀ိုင်းများကိုလှည့်ထိုင်ကာ ထိုစာအုပ်များထဲရှိအင်္ဂလိပ်လိုရေးထားသည်များကို ဘာသာပြန်ရှင်းပြ တတ်သည်၊ သူ့ဘာသာပြန်လက်ရာ ဆောင်းပါးများကလည်း on-line တွင်ရော၊ printed စာစောင် များတွင်ပါ ပါလေ့ရှိသည်။ လူကလည်းအာဘောင်အာရင်းကသန်သန်နှင့် စကားပြောကောင်းသည်။ ကျောင်းသူချောလေးများက သူ့ဆီမှာ အင်္ဂလိပ်စာ၊ ကျောင်းစာများသွားမေးလျှင်တော့ မျိုးမင်း တို့ ပါးစပ်ကြီးက နားရွက်တက်ချိတ်မလားမှတ်ရလောက်အောင်ကို ပြုံးဖြီးဖြီးနှင့် စာမေးသူပင် အားနာရလောက်အောင် ခရေစေ့တွင်းကျ ရှင်းပြတတ်သည်။ ဒါပေမယ့် ဒီကောင်က နည်းနည်း ကြောက်တတ်သည်။ တစ်ခါတုန်းက သူကင်တင်းမှာထိုင်နေစဉ် စာလာမေးသောကောင်မလေး တစ်ယောက်ကို စာအကြောင်းသာမက နိုင်ငံခြားမင်းသမီးများ၏ အလှပြုပြင်ပုံများနှင့် အလှပြင်ပစ္စည်းများအကြောင်းကို ထိုင်ပြောရာ အချိန်အတန်ကြာသည်အထိ စကားကမပြတ်။ ထိုကျောင်းသူလေးကလည်း မျက်စိလေးကလယ်ကလယ်နှင့် မျိုးမင်းပြောသည်ကိုနားထောင်ပြီး မျိုးမင်းကို အထင်ကြီးအားကျသည့် အကြည့်ဖြင့်စိုက်ကြည့်နေရာ ကြာလာတော့ ထိုကျောင်းသူလေး ကို ကြိတ်ခိုက်နေသည့် ဘေးဝိုင်းမှကျောင်းသားများက ထိုမြင်ကွင်းကို မုဒိတာမပွားနိုင်တော့ မျိုးမင်းကို “စာနဲ့ပတ်သက်တာပဲပြော၊ တခြားအကြောင်းမပြောနှင့်” ဟု အသားလွတ်ဟောက်ပြီးရန်ရှာရာ မျိုးမင်းမှာ ကြောက်လန့်တကြား ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေချိန် ကောင်းထိုက်တို့ အရောက်မြန်သဖြင့်သာတော်တော့သည်။ ဤသို့ဖြင့် ကောင်းထိုက်တို့၏ ကောလိပ်တွင် ကျောင်းသားခေါင်းဆောင်ရွေးပွဲကြီးနှင့်ပတ်သက်သည့်အခြေအနေသည် ဇာတ်ရှိန်မြင့်လာသလို အဖျက်အမှောင့်များ၊ ကျားကွက်ရွှေ့မှု များ၊ အားပြိုင်မှုများလည်းပေါ်ပေါက်လာပါတော့သည်။
    အခုလည်း ကောင်းထိုက်၊ ၀င်းမောင်နှင့် ကျော်အောင်တို့ သုံးဦး အတန်းချိန်ပြီးလို့ ကင်တင်းန် လစ်ရန် လွယ်အိတ်ပြင်နေခိုက် အခန်းဝတွင် နီလာ ရောက်လာသည်။ ကောင်းထိုက်က “ဟာ..နီလာ၊ အတော်ပဲ၊ ငါတို့လည်းအခုပဲ ကင်တင်းန်လစ်တော့မလို့၊ နင်တစ်ခုခုလိုက်စားပါလား”ဟု ဖိတ်ခေါ် လိုက်သည်။ နီလာကလည်း.. “အေး..ငါလည်း နင်တို့ကိုပြောစရာရှိလို့ လာခေါ်တာ၊ သွားကြမယ်” ဟုဆိုကာ သူငယ်ချင်း လေးယောက်သား ကင်တင်းန်သို့ချီတက်ခဲ့ကြသည်။ ကင်တင်းန်တွင်နီလာက “..ဟဲ့..ငါအခုသတင်းအသစ်တစ်ခုကြားတယ်၊ ငါတို့ ကျောင်းသားခေါင်းဆောင်ရွေးချယ်ပွဲမတိုင်ခင် ငါတို့ကျောင်းသားတွေ Gathering အစီအစဉ်တစ်ခုလုပ်ကြမယ်တဲ့။ အဲဒီပွဲကျရင် Fresher welcome (မောင်မယ်သစ်လွင်)ကြိုဆိုပွဲရော၊ ငါတို့ကောလိပ်ရဲ့ King နဲ့ Queen ရွေးပွဲရော ပေါင်းလုပ်မှာတဲ့။ အခု အဲဒီအခမ်းအနားမှာ ကျောင်းသားခေါင်းဆောင်လောင်းတွေကလည်း လှုပ်ရှားကြမှာသိလား”ဟု ပြောရာ… ကောင်းထိုက်တို့ကလည်း စိတ်ဝင်စားစွာဖြင့် “ဟာ..ဟုတ်လား၊ ဘာတွေလှုပ်ရှား ကြမှာလည်း”ဟုမေးရာ…           “အေး..ငါအခုပဲ ငါ့ကို ကြည်သာရီနဲ့တွဲနေတဲ့ Computer Programming က ဧပရယ်လ်တို့လာပြောသွားတာ…  အောင်မယ်လေး ငါတို့သာမသိကြတာဟေ့.. သူတို့တွေကြိတ်ကြံနေကြတာကအများကြီး..အဲဒီပွဲရဲ့နောက်ဆုံးအစီအစဉ်နှစ်ခုကတော့ ငါတို့ကျောင်း ကလူအားလုံးစိတ်အ၀င်စားဆုံးပဲဟေ့..ဘာတွေလဲဆိုတော့ တစ်ကျောင်းလုံးရဲ့ King နဲ့ Queen ရွေး ချယ်ပွဲ၊ နောက်တစ်ခုကတော့.အဲဒီပွဲကြီးရဲ့ နောက်ဆုံးအစီအစဉ်ကတော့ ငါတို့ကျောင်းက စာတော်တဲ့ကျောင်းသားတွေကို scholarship ပေးတဲ့အစီအစဉ်လေ..အေး..အဲဒီအစီအစဉ်ကို ဟို…သူဌေးသားမြဆောင်ရဲ့အဖေကုမ္ပဏီက တာဝန်ယူပြီး sponsor ပေးမယ်တဲ့..ဆိုလိုတာက စာတော်တဲ့ကျောင်းသားတွေကို scholarship ပေးမယ့် ကုန်ကျစရိတ်ကို သူတို့ကုမ္ပဏီကပေးမှာတဲ့.။ အဲဒါ ကျောင်းအုပ်ကြီးကသဘောတူလိုက်ပြီတဲ့..ဟဲ့။”
    “ဟာ…အဲဒါအရင်တုန်းက ကျောင်းက ဒါရိုက်တာဘုတ်အဖွဲ့က စီစဉ်တာလေ”ဟု ကောင်းထိုက်က အထွန့်တက်သည်။
    နီလာက..”အေး..ဟုတ်တယ်လေ၊ အခုလည်း ဘယ်ကျောင်းသားကို Scholarship ပေးရမလဲ ဆိုတာကို ဒါရိုက်တာဘုတ်အဖွဲ့ကပဲရွေးမှာ..ဒါပေမယ့် အဲဒါကို မြဆောင်တို့အဖေက အဲဒီ scholarship ပေးမယ့် ကျောင်းသားတွေကို ပညာသင်စရိတ် ဆုချီးမြှင့်ရင် အရင်ကထက်ငွေပိုများမယ်၊ ငွေပိုပေးမယ်ပေါ့ဟာ၊ နယ်ကကျောင်းသားဆိုရင်လည်း အဆောင်ပါ စားရိတ်ငြိမ်းစီစဉ်ပေးမှာတဲ့၊ စာအလကားသင်ပေးရုံတင် မဟုတ်တော့ဘူး ၊ နေထိုင်စားသောက်ဖို့အတွက် accommodations ပေးတဲ့အပြင် stipend လစဉ် ထောက်ပံ့ကြေးပါထပ်ပေးဦးမှာတဲ့။ အဲဒီ Scholarship ရတဲ့ကျောင်းသားတွေအဖို့ကတော့ ကျောင်းစာကလွဲလို့ ကျန်တာဘာမှလုပ်ဖို့မလိုအပ်တော့ဘူး၊ အဲဒီကျောင်းသားသာ ခြိုးခြံချွေတာတတ်ရင် သူ့အိမ်က ပိုက်ဆံယူစရာမလိုတဲ့အပြင် သူ့အိမ်ကိုတောင် ပိုက်ဆံပြန်ပို့ပေးနိုင်အောင် သူတို့ကပေးမှာတဲ့.. ပြီးတော့ Scholarship ပေးမယ့် ကျောင်းသူ ကျောင်းသားအရေအတွက်ကိုလည်း အရင်က (၅)ဦးပေးနေရာက အခု (၁၀)ဦးအထိ တိုးမြှင့် လိုက်ပြီတဲ့”ဟု နီလာကရှည်လျားစွာရှင်းပြပြီးနောက် “နင်တို့ကိုရှင်းပြရတာ ငါမောလိုက်တာ” ဟုဆိုကာ အအေးတစ်ခွက်မှာသောက်နေသည်။
    ကျော်အောင်က ထုံးစံအတိုင်း တွေးဆစွာဖြင့်ပင် “အင်း..အရင်ကတော့ မြဆောင်တို့အဖေ ကုမ္ပဏီက ငါတို့ကျောင်းကို လစဉ်ကြေးလောက်ပဲထည့်တာ၊ အခုမှ သူ့သားက ကျောင်းသားခေါင်း ဆောင်အဖြစ် အရွေးခံမယ်ဆိုတာနဲ့ပဲ အခုလို အလှူကြီးကို ရက်ရောတော့တာလားလို့ တွေးစရာပဲ၊ အေးလေ..သူများအလှူကို ငါတို့ကဝေဖန်တာတော့မဟုတ်ပါဘူး..ဒါပေမယ့် ဒါဟာ သမားရိုးကျ တိုက် ဆိုင်မှုတော့မဖြစ်နိုင်ဘူးထင်တယ်”..ဟုဆိုရာ ၀င်းမောင်က..
    “ကျော်အောင် .. မင်းကတော့ထုံးစံအတိုင်းအတွေးလွန်နေပြန်ပြီ၊ ငါ..မင်းပြောသလိုဆို ငါမေး မယ်၊ အခု မြဆောင်အဖေက သူ့သားကျောင်းသားခေါင်းဆောင်ဖြစ်ဖို့ ပိုက်ဆံတွေအများကြီးသုံးတယ် ပဲထားပါတော့… ဒီပိုက်ဆံတွေက သူ အမြတ်ပြန်ရမယ့်ပိုက်ဆံတွေမှမဟုတ်တာ”..
    ထိုအခါကျော်အောင်က “အဲဒါတော့ငါလည်းသိပ်မသိဘူးကွာ၊ ဘာပဲဖြစ်ဖြစ် ဒီကိစ္စက ဟို ကောင်မျိုးမင်းကိုတော့ ငါတို့အသိပေးသင့်တယ်ထင်တယ်”ဟုပြောလိုက်လေသည်။ ထို့နောက် နီလာ ဘက်သို့လှည့်၍ “ဟဲ့..နီလာ၊ နင်ဒီအကြောင်းတွေကို မျိုးမင်းကိုပြောပြီးပြီလား” ဟုမေးရာ နီလာက အအေးသောက်ရင်းမှ ခေါင်းခါပြသည်။ ထိုအခါ ကျော်အောင်က
    “ကဲ..ကောင်းထိုက် ၊ ငါတို့သောက်စရာရှိတာသောက်ပြီး မျိုးမင်းကိုသွားရှာရအောင်၊ ဒီကောင် ဒီအချိန်ဆို library မှာရှိမယ်ထင်တယ်..” ဟုပြောရာ ကောင်းထိုက်တို့ကလည်း “ကောင်းပြီလေ”ဟု ဆိုကာ သဘောတူလိုက်သဖြင့် သူတို့အုပ်စုသည် အအေးဖိုးကျသင့်ငွေကိုရှင်းပြီး ကင်တင်းန်မှ ထွက်ခဲ့ကြသည်။
    Library ရောက်တော့ မျိုးမင်းက သူတို့လာသည်ကိုမြင်သဖြင့် သူဖတ်နေသော အင်္ဂလိပ်စာအုပ်ထူကြီး၏ မျက်နှာဖုံးကို သူတို့မြင်အောင် မသိမသာထောင်ကာ ကိုင်လိုက်သည်ကို မျက်စိလျှင်သော ကောင်းထိုက်က မြင်လိုက်သည်။ အကြွားသန်သောသူငယ်ချင်းကို နည်းနည်း ဒေါသ ဖြစ်ချင်သလိုဖြစ်သွားသဖြင့် ”ဟေ့ကောင်မျိုးမင်း..ငါတို့မင်းကို သတင်းတစ်ခုပြောစရာရှိလို့လာတာ.. အဲဒါမင်းတို့ leader ရွေးပွဲနဲ့ပတ်သက်တယ်၊ အဲဒါမင်းနားထောင်မှာလား၊ မင်းငါတို့ဝင်လာမှ မင်းဖတ် နေတဲ့စာအုပ်ကြီးကို ထောင်ပြပြီးငါတို့မြင်အောင်လုပ်ပြပြီး ပဲဆက်များနေရင်တော့ ငါတို့ အတန်းသွား တက်တော့မယ်” ဟုပြောလိုက်မှ မျိုးမင်းက မျက်ကလဲဆန်ပြာဖြင့်..
    ‘သူငယ်ချင်း..မင်းကလည်းကွာ၊ မင်းတို့ဝင်လာတာငါမသိပါဘူးကွ၊ တိုက်ဆိုင်သွားတာဖြစ်ပါ လိမ့်မယ်” ဟုဆိုကာ သူဖတ်နေသောစာအုပ်အထူကြီးကို စာကြည့်တိုက်မှူးထံပြန်အပ်ခဲ့ပြီး library အပြင်ဘက်အုတ်ခုံလေးတွင် ထိုင်စကားပြောလေသည်။ ကောင်းထိုက်တို့က သူတို့ကြားထားသော သတင်းကို မျိုးမင်းအားရှင်းပြပြီးချိန်တွင် ၀င်းမောင်တို့က စောစောကသူတို့မကြေလည်သော ကိစ္စကို မျိုးမင်းကိုထပ်ပြောပြသည်။
    “ဟေ့ကောင်..မျိုးမင်း..မင်းပြောစမ်းကွာ..ဒီမြဆောင်အဖေက ဒီလိုပိုက်ဆံတွေအများကြီးသုံး တာ သွေးရိုးသားရိုးမှဟုတ်ရဲ့လား… သွေးရိုးသားရိုးမဟုတ်ရင် သူဒီပိုက်ဆံတွေကို ဘယ်ကပြန်ရမလဲ” ဟုမေးရာ မျိုးမင်းက…
    “ဟာ..၀င်းမောင်၊ မင်းကလည်း… အခုလက်ငင်းကြီးတော့ ပိုက်ဆံ ဘယ်ပြန်ရမလဲကွ၊ ဖြစ်နိုင်ခြေရှိတာကတော့ .. သူ့သားကျောင်းသားခေါင်းဆောင်ဖြစ်ရင် သူလည်း သိက္ခာရှိမယ်၊ ပြီးတော့ ကျောင်းအုပ်ကြီးနဲ့ ခင်မင်မှုရမယ်. ပြီးတော့ မြဆောင်အဖေက နိုင်ငံခြား တက္ကသိုလ်တစ်ခုကနေ “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့”ယူဖို့ လျှောက်ထားတာ ငါတို့ ကျောင်းအုပ်ကြီးက ထောက်ခံပေးရင် ရဖို့လွယ်တယ်လို့လည်း ပြောသံကြားတယ်။ နောက်ပြီး မင်းစဉ်းစား ကြည့်လေ။ အခု ငါတို့ကျောင်းက အများပိုင်ဆိုပေမယ့်  ငါတို့ကျောင်းရဲ့ စတော့ရှယ်ယာတွေက ရာခိုင်နှုန်းနည်းနည်းလေးပဲ ရောင်းသေးတာ။ ကျောင်းအုပ်ကြီးက ငါတို့ကျောင်းကို ထပ်ပြီး တိုးချဲ့ဖို့ ငွေအများကြီးလိုတယ်။ အဲဒီတော့ တစ်ချိန်ချိန်မှာ ဒီစတော့ရှယ်ယာတွေကို ထုတ်ရောင်းမှာပဲ။ အဲဒီအခါကျရင် ငါတို့ကျောင်းရဲ့ စတော့ရှယ်ယာအများဆုံးကို မြဆောင် အဖေကလိုချင်နေတာ၊ ကျောင်းအုပ်ကြီးကမရောင်းသေးလို့၊ ငါတို့ကျောင်းက ကျောင်းသားလည်းများတယ်၊ နိုင်ငံတကာလည်းပေါက်တယ်၊ အဲဒီတော့ ငါတို့ကျောင်းရဲ့စတော့ရှယ်ယာ ရာခိုင်နှုန်းအများဆုံးကို မြဆောင်အဖေသာပိုင်သွားရင် ပွဲသိမ်းပြီလေကွာ.. ပိုက်ဆံအကျိုးအမြတ်လည်းရ၊ နိုင်ငံတကာမှာလည်း ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုထပ်ပွင့်၊ ပြီးတော့ သူ့ကုမ္ပဏီရဲ့ အကြံပေးပညာရှင်တွေကိုလည်း ငါတို့ ကျောင်းက စာတော်တဲ့ကျောင်းသားတွေကိုပဲပြန်ခန့်မှာဆိုတော့ ပြင်ပ ပညာရှင်တွေကိုဈေးကြီးပေးငှားစရာ မလိုတော့ဘူးလေ။ အဲဒါ ဘော့စ်တော်တော်များများက ငါတို့ကျောင်းအုပ်ကြီးကို လာညှိနေကြတာ ကြာပြီကွ၊ ငါတို့ကျောင်းအုပ်ကြီးက စဉ်းစားမယ်ပဲပြောထားတာ.. ဘယ်သူ့ကိုမှ စကားမကျွံသေးဘူး၊ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ Investment for Long-term Business Plan “ရေရှည်မှာ အကျိုးအမြတ်ရလာနိုင်မယ့် စီးပွားရေးစီမံကိန်းများတွက် ရင်းနှီးမြှုပ်နှံမှု” လို့ခေါ်တာပေါ့။ ငါထင် တာတော့ ဧကန္တ မြဆောင်တို့သားအဖ ဒီကျောင်းကို သိမ်းဖို့ ကြံနေပြီလားမသိဘူး..” ဟု မျိုးမင်းက အကွက်ကျကျရှင်းပြလိုက်လေရာ ၀င်းမောင်တို့မှာ ဘာပြောရမှန်းမသိဖြစ်သွားသည်။ ထိုအခါနီလာက “ကဲ..မျိုးမင်း သူများတွေကတော့ ခြေလှမ်းတွေ စကျဲနေပြီ၊ နင်ဘာလုပ်မှာလည်း” ဟုမေးရာ.. မျိုးမင်းက စပ်ဖြဲဖြဲဖြင့် “ငါကတော့ ဟိုတလောကဆုံးသွားတဲ့ နိုင်ငံရေးပညာရှင်ကြီး တစ်ဦးပြောသလို သမ္မတမဖြစ်ချင်ဘူး၊ သမ္မတကိုအကြံပေးတဲ့ သမ္မတအကြံပေးပဲလုပ်ချင်နေတယ်”ဟု စပ်ဖြဲဖြဲနှင့်ဖြေရာ နီလာက… “အေး..နင့်လိုကောင်မျိုးကတော့ သမ္မတအကြံပေးဖြစ်ဖို့နေနေသာသာ သမ္မတ အိမ်တော် သန့်ရှင်းရေးအဆင့်ရရင်တောင်ကံကောင်း” ဟုနှုတ်ခမ်းစူကာ ချော်တောငေါ့လိုက်သဖြင့် အားလုံးပွဲကျသွားကြသည်။ ထိုအခါကျမှ မျိုးမင်းက.. “ငါလည်း ပြောသာပြောနေရတာဟာ၊ ဒီကောင်မြဆောင်တို့သားအဖလုပ်ပုံနဲ့ ခေါင်းတောင်နည်းနည်းခြောက်နေပြီ” ဟု စိတ်ပျက် သံကြီးဖြင့်ပြောရာ ကောင်းထိုက်တို့က ”သူငယ်ချင်း၊ မင်းကလည်း စစ်မရောက်ခင် မြှားမကုန်ချင်စမ်းပါနဲ့”ဟုဆိုကာ အားပေးနှစ်ရလေတော့သည်။ ၀င်းမောင်ကလည်း “မျိုးမင်း..ငါတို့က မင်းရဲ့ကောင်းတူဆိုးဖက် သူငယ်ချင်း အရင်းတွေကွာ..ငါတို့လုပ်ပေးနိုင်တာရှိရင်လည်းပြောကွာ…”ဟု ဆိုရာ မျိုးမင်းက ”အေး..ငါက Tea Party လေးတစ်ခုလုပ်ချင်တယ်၊ ဟိုကောင် မြဆောင်တို့လို အကြီး အကျယ်ကြီးတော့ မဟုတ်ဘူးပေါ့ကွာ၊ ငါတို့ ကျောင်းသားတွေနားချိန်ကျရင် ငါကကျောင်းသားတွေကို Tea Party လေးပေး၊ လက်ဖက်ရည်တိုက်ပြီး စကားနည်းနည်းပြောချင်တယ်” ဟုဆိုရာ ကောင်းထိုက် က “အေး..လုပ်လေ၊ ငါတို့ဘာလုပ်ပေးရမလဲ”ဟုမေးရာ မျိုးမင်းက ”ဟို..ငါ အဲဒီ Tea Party အတွက် ပိုက်ဆံနည်းနည်းလိုနေတယ်ကွာ၊ ငါ့မိဘတွေကလည်း ငါ့ကျောင်းစရိတ်နဲ့တင်တော်တော်ထောင်းနေ ပြီဆိုတော့ ငါသူတို့ဆီကလည်း မတောင်းချင်တော့ဘူး”ဟု ပြောသည်။
    ထိုအခါ နီလာက မိန်းကလေးပေမယ့် ဒီလိုနေရာမျိုးမှာပြတ်သားသည်။ နီလာ၏လက်များ သည် သူမ၏လည်ဂုတ်ပေါ်သို့ဝဲသွားပြီး ပြန်ကျလာသည့်အခါ ရွှေဆွဲကြိုးတစ်ကုံးပါလာသည်။ “ကဲ. ရော့မျိုးမင်း..နင်ဒါကို ပေါင်ချင်လည်းပေါင်၊ ရောင်းချင်လည်းရောင်းလိုက်၊ ပြဿနာမရှိဘူး၊ အဲဒါ ငါ ကုမ္ပဏီတစ်ခုမှာ အချိန်ပိုင်းစာရင်းစစ်လုပ်နေတုန်းက ငွေစုပြီးဝယ်ထားတာ” ဟုပြောကာ မျိုးမင်းကို ပေးလိုက်လေသည်။ ထိုအခါ ကောင်းထိုက်လည်းမနေသာတော့.. သူ့ ရွှေလက်စွပ်ကိုချွတ်ပြီး မျိုးမင်း ကိုပေးလိုက်သည်။ “မျိုးမင်း..ငါတို့ကမင်းကို ဘော်ဒါအကန့်နဲ့ကူညီတာ၊ မင်းကြိုးစားကွာ၊ မင်းပညာတော်တာငါသိတယ်၊ မင်းအောင်မြင်မှာပါ၊ တကယ်လို့ မင်းထင်သလိုဖြစ်မလာလည်း ဘာမှစိတ်မပူပါနဲ့၊ ငါတို့ကို မင်းဘာမှပြန်ဆပ်စရာမလိုပါဘူး”ဟုပြောရာ နီလာကလည်း “အေး.. ဟုတ်တယ်၊ ငါတို့ကနင့်ကို ငွေချေးတဲ့သဘောမျိုးနဲ့ပေးတာမဟုတ်ဘူး၊ နင့် ခေါင်းထဲမှာ ငါတို့ကို နင့်ရဲ့ အကြွေးရှင်တွေလို့သဘောမထားနဲ့၊ အတိုးလည်းပေးစရာမလိုဘူး၊ နင်လုပ်စရာရှိတာကိုသာ စိတ်အေးချမ်းသာစွာနဲ့လုပ်၊ အဲဒီလို နင့်စိတ်က ပေါ့ပါးနေမှလည်း နင်အောင်မြင်မှာ”ဟု ထပ်ဆင့်ပြောလိုက်ရာ တစ်သက်လုံးက သူများထက်စာတော်ချင်၊ သူများကိုဆရာလုပ်ချင်၊ ကြောချင်သော မျိုးမင်းမှာ သူအထင်ကြီးလောက်အောင်စာတော်သည့် သူငယ်ချင်းများစာရင်းတွင် မပါသော်လည်း ဖြူစင်သောစေတနာဖြင့် သူ့ကို ခင်မင်ကြသည့်သူငယ်ချင်းများ၏မေတ္တာတရားကို သူတစ်ခါမှမတွေ့ကြုံဘူးသည့်အလား ရုတ်တရက် တောင့်တောင့်ကြီးဖြစ်သွားပြီး မျက်ရည်များပင်ဝဲလာကာ ”ငါမင်းတို့ကို သိပ်ကျေးဇူးတင်ပါတယ် သူငယ်ချင်းတို့ရယ်၊ မင်းတို့အပေါ်မှာ ငါမောက်မာမိတာရှိရင်ခွင့်လွှတ်ပါ”ဟုဆိုကာ သူ၏သူငယ်ချင်းများအား ပြေးဖက်လိုက်လေတော့သည်။ (စာကြွင်း-သူပြေးဖက်သောသူငယ်ချင်းများထဲတွင်တော့ နီလာ မပါ ပါ)။ ထို့နောက် ၀င်းမောင်နှင့် ကျော်အောင်တို့မှလည်း သူတို့လုပ်အားကူညီမည်ဖြစ်ကြောင်း၊ သူတို့နိုင်တာ သူတို့ကူညီမည် ဖြစ်ကြောင်း ပြောဆိုကာ သူငယ်ချင်းများ Happy Ending ဖြင့် လမ်းခွဲခါနီးတွင် မျိုးမင်းက ”ငါ ဒီရွှေတွေကို ဘယ်မှာသွားပေါင်ရမလဲ၊ ငါမင်းတို့ရွှေတွေကို မရောင်းချင်ပါဘူး၊ တစ်လ လောက်ပဲပေါင်ပြီး လကုန်လို့ ငါ guide လုပ်နေတဲ့ကလေးတွေဆီက ကျူရှင်ခရရင် ပြန်ရွေးပေးပါ့ မယ်၊ အခု ငါဘယ်မှာပေါင်ရမှန်းမသိလို့” ဟုပြောရာ ကောင်းထိုက်ကပင် .. ”ကဲ..ဒါဆိုလည်း ငါ့ အသိ ဦးလေးကြီးတစ်ယောက် ငါတို့ကျောင်းနားက ရပ်ကွက်ထဲမှာနေတယ်။ ငါနဲ့ တော်တော်ခင်တယ်။ ပြီးတော့ သူက စိတ်လည်းစိတ်ချယုံကြည်ရတယ်။ ငါတို့ပစ္စည်းတွေ သူ့ဆီမှာ အာမခံအနေနဲ့ ခဏထားပြီး ငွေချေးကြည့်ရအောင်၊ သူက အတိုးယူမှာမဟုတ်ပါဘူး”ဟု ဆိုသဖြင့် ကောင်းထိုက်၏ အသိ ဦးလေးကြီးအိမ်သို့သွားရာ ထိုနေ့မှာ သောကြာနေ့ နေ့လည်ပိုင်းဖြစ်ပြီး ကောင်းထိုက် အသိဦးလေးကြီှးမှာ အစ္စလာမ်ဘာသာဝင်ဖြစ်သဖြင့် သောကြာနေ့ဗလီတက်နေသောကြောင့် ထိုအိမ်နားကလက်ဖက်ရည်ဆိုင်တွင်ခဏထိုင်နေကြသည်။ ထိုအချိန်တွင် သူတို့ထိုင်နေသည့် လက်ဖက်ရည်ဆိုင်အရှေ့မှ လူမိုက်ပုံစံဖြင့် လူ ၃ ယောက်နှင့်အတူ သူတို့ ကျောင်းမှ ကျော်ဦးတို့ဖြတ်သွားသည်ကို အမှတ်မထင် မြင်လိုက်ရသည်။ ထိုအခါကောင်းထိုက်က “ဟာ..ဟိုမှာ ကျော်ဦး..ကျော်ဦး၊ ငါတို့ကိုမြင်ပုံမရဘူး” ဟုပြောရာ ကျော်အောင်က.. “သွားမခေါ်နဲ့ ကောင်းထိုက်၊ လွှတ်ပေးထားလိုက်၊ ငါတို့အဖွဲ့ထဲမှာ မိန်းကလေးတစ်ယောက်ပါတယ်၊ ဒီကောင့် သူငယ်ချင်းတွေ ပုံစံကြည့်ရတာ သိပ်ဟန်ပုံမရဘူး”ဟုပြောရာ ကောင်းထိုက်က “အေး…ငါလည်း နဂိုကတည်းက ခေါ်ဖို့အစီအစဉ်မရှိပါဘူး”ဟုပြန်ပြောလိုက်လေသည်။ ထို့နောက်လက်ဖက်ရည် ထိုင်သောက်ပြီး ကောင်းထိုက်အသိဦးလေးကြီးအိမ်သို့သွားရာ ထိုဦးလေးကြီးက ဗလီမှအိမ်သို့ ပြန်ရောက်နေပြီး ကောင်းထိုက်ပြောသည့်အတိုင်းပင် ထိုဦးလေးကြီးက … “အေး..အန်ကယ်က မောင်ကောင်းထိုက်ရဲ့ မိဘများနဲ့လည်း ရင်းနှီးပါတယ်၊ မောင်ကောင်းထိုက်ပစ္စည်းတွေလည်း ထားခဲ့စရာမလိုပါဘူး၊ မောင်ကောင်းထိုက်လာယူတဲ့ငွေကလည်း သိပ်အများကြီးမှမဟုတ်တာ၊ အတိုးတော့ အန်ကယ် လုံးဝမယူပါရစေနဲ့ကွယ်”ဟုဆိုကာ အတိုးယူဖို့ အကြောက်အကန် ငြင်းလေတော့သည်။ သို့သော်လည်း ကောင်းထိုက်တို့က အတိုးမယူသည့်တိုင် အာမခံ ပစ္စည်းလက်ခံထားရန် အတင်းအကျပ်ပြောတော့ “အဲဒါဆိုလည်း မောင်ကောင်းထိုက် ကြိုက်တဲ့ အချိန်လာယူပါ၊ အန်ကယ်သေချာသိမ်းထားပါ့မယ်၊ မောင်ကောင်းထိုက်တို့ ပစ္စည်းတွေ မှဲ့တစ် ပေါက်မစွန်းစေရပါဘူး”ဟု ပြန်ပြောပြီး ပစ္စည်းများကိုလက်ခံထားကာ ကောင်းထိုက်တို့လိုသော ငွေကိုထုတ်ပေးလိုက်လေတော့သည်။
    လမ်းတွင် နီလာက “ဟဲ့.ကောင်းထိုက်၊ အဲဒီအန်ကယ်ကြီးက ငွေအတိုးယူမှာမဟုတ်ဘူးဆိုတာ နင်ဘယ်လိုကြိုသိလဲ…”ဟုမေးရာ ကောင်းထိုက်က ”ဟ..နင်ကလည်း၊ သူတို့က မွတ်စလင်မ်တွေလေ၊ သူတို့မွတ်စလင်မ်တွေက ၀က်သားတင်မစားတာမဟုတ်ဘူး၊ အတိုးလည်းမစားဘူး”ဟု ပြန်ပြောလေ သည်။ ထိုအခါ မျိုးမင်းက “..ဟ … ကောင်းထိုက်၊ မင်းတော်တော်လည်တဲ့ကောင်ပဲ၊ အကြံပိုင်တယ် ကွာ”ဟု ချီးကျူးရာ ပွဲကျသွားကြသည်။ ထိုအခါ ကောင်းထိုက်က ”တိုက်ဆိုင်သွားတာပါကွာ၊ မင်းပြောတဲ့ပုံက မသိရင်ငါကပဲ ဂွင် ရိုက်သလိုကြီးဖြစ်နေတယ်၊ ကဲ..အခု ငါတို့လည်း မင်းကို ငါတို့ပစ္စည်းတွေပေးပြီးကူညီတာ အတိုးတင်မဟုတ်ဘူး၊ အရင်းပါပြန်မပေးလည်းဖြစ်တယ်လို့ မင်းကိုပြောပြီးသား၊ ခင်မင်ရင်းနှီးမှုပေါ့ကွာ”ဟု ပြန်ပက်လိုက်ရာ မျိုးမင်းလည်း ပါးစပ်ပိတ်သွားတော့ သည်။
    ကျော်အောင်က..”ဟိုကောင် ကျော်ဦးကို ဒီရပ်ကွက်ထဲမှာတွေ့တာငါတော့ သိပ်မသင်္ကာဘူး။ ဘာဖြစ်လို့ဒီကောင် ဒီရပ်ကွက်ထဲလာတာလည်းမသိဘူး”ဟုပြောရာ..နီလာက “အေး.. အဲဒီကျော်ဦး လည်း ဘာလုပ်နေလည်းမသိဘူး၊ သူက မျိုးမင်းလိုလည်း စာမတော်၊ မြဆောင်လိုလည်း ပိုက်ဆံမရှိ၊ ကြည်သာရီလိုလည်း ဘာအရှိန်အ၀ါမှမရှိတော့ သူဘာလုပ်မလည်းမသိဘူး” ဟု ဆိုကာ ကျော်ဦးကိစ္စမှာ သူတို့အတွက် ပဟေဠိတစ်ပုဒ်ဖြစ်ခဲ့လေတော့သည်။
    တနင်္လာနေ့ ကျောင်းရောက်သောအခါ ကောင်းထိုက်တို့ကို သတင်းတစ်ပုဒ်က ဆီးကြိုနေလေ သည်။ ထိုသတင်းက အခြားတော့မဟုတ်။ ကျော်ဦးနှင့် ၎င်း၏အပေါင်းအပါများသည် ကျောင်းနားရှိ ရပ်ကွက်ထဲက လူမိုက်များနှင့် ရန်ဖြစ်ကြသည်ဆိုသည့် သတင်း။ ကျော်ဦးလိုလူမျိုး ရန်ဖြစ်တာ အထူးအဆန်းမဟုတ်ပေမယ့် အခုတစ်ခါက ထူးဆန်းနေသည်။ ကျော်ဦးရန်ဖြစ်သည့်အကြောင်းကို ကျောင်းမှလူတော်တော်များများက ချီးကျူးနေကြသည်။ ဆရာ/ဆရာမများကလည်း ဆူပူကြိမ်းမောင်းနေတာမျိုးမလုပ်ဘဲ ကျော်ဦးတို့အုပ်စုကို ခပ်ဆိုးဆိုး ခပ်ပေပေ ကျောင်းသားများမို့ ခပ်တင်းတင်းခပ်တည်တည်ဖြင့်ဆက်ဆံသောဆရာ/ဆရာမများကပင် “သားတို့” ဟုခေါ်နေတာ ကြားရသည်။ မိန်းကလေးများကလည်း ကျော်ဦးကိုတွေ့လျှင် သူရဲကောင်းတစ်ယောက် ကို အားကိုးသည့်အကြည့်မျိုးဖြင့်ကြည့်ကြသည်။ ကျော်ဦးတို့အုပ်စုကလည်း ခပ်ပြုံးပြုံးမျက်နှာထားများ ဖြင့် ကျောင်းကလူတွေအားလုံးနှင့် အလွမ်းသင့်အောင်ဆက်ဆံနေကြသည်။ ၀င်းမောင်နှင့် ကင်တင်းန် မှာတွေ့တာပင် ”ကိုဝင်းမောင်၊ လက်ဖက်ရည်သောက်ပါဦးလား”ဟု လှမ်းခေါ်သေးသည်ဆို၏။ ကောင်းထိုက်တို့ ခေါင်းစားသွားသည်၊ ဘယ့်နှယ်..ဘယ်လိုဖြစ်တာလဲ။ နောက်တော့ ထုံးစံအတိုင်း “အင်တာနက်” ဟု ၀င်းမောင်တို့အမည်ပြောင်ပေးထားသည့် နီလာ ပြောမှသိရတာက…
    ကောင်းထိုက်တို့ကျောင်းပတ်ဝန်းကျင်တွင် နယ်မှကျောင်းလာတက်သော ကျောင်းသူလေးများ နေသည့်အဆောင်များရှိသည်။ အဆောင်များဟုဆိုရာတွင်လည်း အစိုးရတက္ကသိုလ်ကြီးကဲ့သို့ ကျောင်းအဆောင်များမဟုတ်ဘဲ ကျောင်းပတ်ဝန်းကျင်ရှိ ရပ်ကွက်များမှ အိမ်ခန်းပိုင်ရှင်များက ၎င်းတို့ အိမ်ခန်းလေးများကို ကျောင်းသူများသို့ပြန်ငှားခြင်းဖြစ်သည်။ ပြီးခဲ့သည့် သောကြာညက စာတမ်းပြုစု နေသည့်ကျောင်းသူလေးနှစ်ဦး သူတို့စာတမ်းကိစ္စအတွက် ကျောင်းဆရာမတစ်ဦးအိမ်သို့သွားရာ အိမ်ပြန်နောက်ကျသည်ဟုဆိုသည်။ ထိုအခါ ထိုကျောင်းသူလေးများအပြန်လမ်း လူပြတ်သောနေ ရာတွင် ထိုရပ်ကွက်ထဲရှိလူမိုက်များက ကျောင်းသူလေးများကို အိနြေ္ဒပျက်လောက်အောင် နှောင့် ယှက်သည်၊ ဆွဲလားရမ်းလားလုပ်သည်ဆိုသည်။ ထိုအချိန်တွင် ကျော်ဦးနှင့်သူငယ်ချင်းများက ထို ကျောင်းသူလေးများကို ၀င်ကူညီပြီး ထိုရပ်ကွက်ထဲမှလူမိုက်များကို ထိုးကြိတ်လိုက်ကြရာ ထိုလူမိုက် များ ထွက်ပြေးသွားသည်ဆိုသည်။ ထို့နောက် ညတွင်းချင်းပင် ကျောင်းအုပ်ဆရာကြီးကို အကြောင်းကြားရာ ကျောင်းအုပ်ဆရာကြီးမှ ထိုရပ်ကွက်သည် လူမိုက်ပေါသည်၊ အဆောင်နေ ကျောင်းသူလေးများတွက် မလုံခြုံဟုဆိုကာ ထိုကျော်ဦးတို့သူငယ်ချင်းအုပ်စု အကူအညီဖြင့် ညတွင်းချင်းပင် အခြားရပ်ကွက်တစ်ခုတွင် အိမ်ခန်းငှားပြီး အိမ်ပြောင်းပေး လိုက်ကြသည်ဟုသိရသည်။ သြော်..ဒါကြောင့်ကိုး။
    အခုနောက်ပိုင်းကာလများတွင်တော့ ကျော်ဦးတို့သူငယ်ချင်းအုပ်စုမှာ ကျောင်းထဲတွင် တော်တော်မျက်နှာပွင့်နေကြသည်။ ဟိုလူကလက်ဖက်ရည်သောက်ခေါ်လိုက်၊ ဒီလူက သွားစရာရှိလို့ ခဏလောက်လိုက်ခဲ့ပေးပါလားဟု အဖော်ညှိလိုက်ဖြင့် အဆင်ပြေနေကြသည်။ ဤတွင် ကျော်ဦးတို့က ထပ်မံ၍ အစီအစဉ်အသစ်တစ်ခုကို စ လုပ်သည်။ ပြီးခဲ့သောပြဿနာအတွက် ကျော်ဦးတို့က သက်ဆိုင်ရာသို့အကြောင်းကြားပြီးသွားပြီဟုဆိုသည်။ သူတို့ပြောတာပေါ့လေ။ သက်ဆိုင်ရာကလည်း သူတို့ကို ချီးကျူးသည့်အပြင် သက်ဆိုင်ရာနှင့်ပူးပေါင်း၍ နယ်မြေအေးချမ်းအောင် ဆောင်ရွက် ကြပါဟုလည်း မှာလိုက်သည်ဟုပြောသည်။ ဆိုတော့… ကျော်ဦးက ပိုဂွင်တည့်သွားသည်။ ကျောင်းပတ်ဝန်းကျင်ရှိ လူမိုက်များက ပြီးခဲ့သောပြဿနာကြောင့် မိမိတို့ကျောင်းကို အမြင်မကြည် တော့ကြောင်း၊ အထူးသဖြင့် မိမိတို့ကျောင်းသူလေးများကို ပို၍ ဂရုစိုက်စောင့်ရှောက် ရမည်ဖြစ်ကြောင်း၊ ကျောင်းသူလေးများအနေဖြင့်လည်း အဖေါ်မပါဘဲ တစ်ယောက်တည်း၊ နှစ်ယောက်တည်း အပြင်သို့ မထွက်သင့်ကြောင်း အစရှိသည်ဖြင့် သူတို့၏အစီအစဉ်တွေကိုချပြသည်။
    အပိုင်း – ၁ ပြီး၏။ ။
  • ကြေးအိုး မိတ်ဆွေ (M-Media ဝတ္ထုတို)
    ၂၀၁၃ ခုနှစ်၊ ဇွန်လ။
    M-Media
    ရေးသူ-O’Laie Manzu
    M-Media short stories
    အလုပ်ရှင်က ဘာစိတ်ကူးပေါက်သလဲမသိ။ ရုံးဝန်ထမ်းတွေ အားလုံးကို နေ့လည်စာကျွေးတယ်။ နေ့လည်စာ စီစဉ်ထားမယ်ဆိုတော့ ကျနော်လည်း ဒီနေ့ထမင်း မထုတ်လာခဲ့ဘူးပေါ့။ နေ့လည်ပိုင်းမှ အချိန်တန်လို့ ဗိုက်ဆာဆာနဲ့ နားနေခန်းကို သွားကြည့်တော့ အစားအသောက်တွေ အားလုံးက ဟလာလ် မဟုတ်တဲ့ အသားတွေနဲ့။ သက်သက်လွတ်လေး၊ ပင်လယ်စာလေးများပါမလားလို့ မသိမသာလေးရှာကြည့်သေးတယ်။ ကြက်သား၊ အမဲသား၊ ဝက်သား တဝေဝေနဲ့ ခေါက်ဆွဲကျော်တွေ၊ ထမင်းကျော်တွေ ကိုပဲတွေ့တယ်။ ဒါနဲ့ ဟိုကြည့်ဒီကြည့် ကြည့်ပြီး ရေနွေးကြမ်းလေးတစ်ခွက်ဆွဲကာ ပြန်ထွက်လာတယ်။ အားလုံး နေ့လည်စာ ကိုယ်စီကိုယ်စီ စားသောက်ပြီးချိန်မှာ ကျနော်က ရေနွေးကြမ်းလေး တမြမြနဲ့ ကွန်ပြူတာ  တဂေါက်ဂေါက်ခေါက်နေသေးတာ့ အစားအသောက်တွေကိုတာဝန်ယူ ဝယ်ထားပေးတဲ့ စာရေးမ က
    “မစားဘူးလား၊ လက်နှေးရင်တော့ ကိုမျိုး ဗိုက်ဟောင်းလောင်း ဖြစ်သွားနိုင်တယ်နော်။ သွားစားနှင့်” လာပြောတယ်။
    ကျနော်ကတော့ အားနာနာနဲ့
    “ဟုတ်ကဲ့။ ကျေးဇူးဘဲ အမရေ။ ကျနော်ဒီဖိုင်တွဲလေးတွေ အပြီးသပ်လိုက်ဦးမယ်။” လို့ ပြန်ဖြေလိုက်တယ်။
    အစားအသောက်တွေ ဝယ်ထားပေးရဲ့သားနဲ့ အပြင်ထွက်စားရင်လည်း မဟုတ်ပြန်။ မှာယူထားတဲ့ အစာတွေကလည်း ကျနော်မစားတဲ့ အသားတွေနဲ့ဆိုတော့ ဒီနေ့အဖို့ နေ့လည်စာသာ အငတ်ခံလိုက်မယ်လို့ စိတ်ဆုံးဖြတ်လိုက်တယ်။ ဟိုလိုလို ဒီလိုလိုနဲ့ လုပ်လက်စ အလုပ်ကိုပဲ ဆက်ပြီးလုပ်နေတယ်။ နေ့လည်စာ စားချိန်ကျော်ပြီး နာရီအနည်းငယ်အထိ ကျနော် သွားမစားတော့ ရုံးထုံးစမ်းအတိုင်း စကားရှာပြီး ‘ကိုမျိုးက သဌေးကျွေးတဲ့ နေ့လည်စာ မစားကြောင်း’ ရေးကြီးခွင်ကျယ် ပြောကြပါလေရော။ နောက်တော့မှ ကျနော်က ဟလာလ် မဟုတ်တဲ့ အစားအစာ မစားကြောင်း အဖြေရှာတွေ့သွားကြဟန်တူတယ်။ သူတို့ပြောနေကြတာကိုတော့ ဝိုးတိုဝါးတားသာကြားရတယ်။ တအောင့်လောက်အကြာမှာ အစားအသောက် ဝယ်ယူတဲ့ စာရေးမ က ရုံးခန်းထဲဝင်လာပြီး
    “ဆောရီနော် ကိုမျိုး။ ကိုမျိုးက မွတ်စလင်ဆိုတာသိရင် သက်သက်လွတ်မှာပေးတာပေါ့။ စိတ်မရှိနဲ့နော်။ ကျမအခုဘဲ အသားမပါတာ တစ်ခုခု မှာပေးမယ်။ နာရီဝက်အတွင်း သူတို့လာပို့ပေးမှာပါ။” သူလည်းတော်တော် အားနာသွားပုံပေါ်တယ်။
    “ရပါတယ်ဗျာ။ ကိစ္စမရှိပါဘူး။ ဒီနေ့မနက်စာ အဝစားလာတော့ ဗိုက်တောင်မဆာပါဘူး။”
    ကျနော်ကလည်း အလုပ်ဝင်တာ ရက်ပိုင်းပဲရှိသေးတယ်။ အပိုစကားတွေလည်း မပြောတက်တော့ ကျနော် မွတ်စလင်မ်ဆိုတာ သူတို့လည်း မသိကြဘူး။ သိဖို့လည်း မလိုဘူး လို့ထင်တယ်။ ဘာသာရေးဆိုတာက ထုတ်ဖော်ပြဖို့လည်း မလိုအပ်ဘူးလေ။
    ဟလာလ်မဟုတ်တဲ့ အစားအသောက်တွေကို မစားတဲ့ ကျနော်ကြောင့် အခြားသူတွေမှာ ဝန်ထုတ်ဝန်ပိုးလိုမဖြစ်စေချင်။ အလုပ်ပို လိုမျိုးလည်းမဖြစ်စေချင်ဘူး။ ဒါနဲ့ “ဗိုက်မဆာဘူး” လို့သာပြောပြီး နောက်ထပ် အစားအသောက်မဝယ်စေတော့ဘူး။
    ဒီနေ့မှပဲ ဗိုက်ကလည်း အလိုက်မသိဖြစ်နေတယ်။ ဗိုက်ကလည်းဆာ နေ့လည်စာ အနားယူချိန်မှာ ဗိုက်မဆာသလို ဟိတ်ဟန်နဲ့ အလုပ်လုပ်နေတော့ နားချိန်လည်းမယူဖြစ်လိုက်။ နာရီတကြည့်ကြည့်နဲ့ ရုံးဆင်းချိန်ကို မျှော်နေလို့လားတော့မသိ… နေတာပိုရှည်သလို ခံစားရတယ်။
    တစ်နေ့တာကုန်လို့ အိမ်ပြန်ရောက်တာနဲ့ မီးဖိုခန်းရှိရာဆီကို ဦးလှည့်တော့တာပေါ့။ ထမင်းစားပွဲပေါ်မှာ ခွက်လေးတစ်လုံးတွေ့တော့ ငတ်ကြီးကျနေသလို အပြေးအလွား ဖွင့်ကြည့်မိတယ်။ အငွေ့လေးတွေကလည်း ဝေ့လှိုင်ပြီးတက်လာတယ်။ ပူပူနွေးနွေး။ စားချင်စရာလေး။ ခေါက်ဆွဲနဲ့ဟင်းရည် … အနံ့ကတော့ နှာခေါင်းနဲ့မယဉ်လို့လားမသိ။ ထူးထူးခြားခြားဖြစ်နေတယ်။ အသားဖက်တွေကလည်း ပလူပေါ်နေတယ်ဆိုတော့ အသာလေး အဖုံးပြန် ဖုံးထားလိုက်တယ်။ နောက်မှ အိမ်မှာ ဘယ်သူရှိလဲ ကြည့်ဖို့သတိရလာမှ ဟိုကြည့်ဒီကြည့်ကြည့် နဲ့။ အဓိကကတော့ ထုံးစံအတိုင်း မိန်းမကို လိုက်ရှာတာပါ။
    သားကလည်း ထုံးစံအတိုင်း ကွန်ပြူတာရှေ့မှာ ကစားနေတယ်။ သူ့အခန်းထဲ ကျနော်ဝင်လာတာ တွေ့တော့မှ နားရွက်မှာ ကပ်နေတဲ့ မိုက်ခရိုဖုန်းကို လက်လေးနဲ့ မတင်လိုက်ပြီ … “ဖေဖေ စလာမာလေးကွန်း” ဟု နှုတ်ဆက်တယ်။
    “ဝါလေးကွန်းစလာမ်… မင်းအမေရော။”
    “အလုပ်က ပြန်မလာသေးဘူး။ အစောတုန်းကပဲ ဖုန်းဆက်တယ်. နည်းနည်းနောက်ကျမယ်ဆိုပြီး။”
    “ဒါနဲ့ အိမ်ရှေ့မှာ ခေါက်ဆွဲက ဘယ်ကရောက်လာတာလဲ။” သားချက်ထားတာမဟုတ်တာတော့သေခြာတယ်လေ။ တစ်နေနေရာရာက ရောက်လာတာဘဲဖြစ်ရမယ်လို့တွက်ထားပြီးသား။
    “ဘေး နှစ်အိမ်ကျော်က… အိမ်သစ်တက်ပွဲ အလှူဆိုလား။ အိမ်တိုင်းကို လိုက်ပို့နေတာတွေ့တယ်။”
    “ထင်သားဘဲ။ တစ်နေရာရာက လာပို့ထားတာဖြစ်မယ်လို့။ အဲဒါ မင်းစားလိုက်သေးလား။”
    “ဟာ … ဖေဖေကလည်း … ဖေဖေတို့မစားခင် ဘယ်တုန်းက ဦးဦးဖျားဖျား ယူစားဖူးလို့လဲ”
    သားကိုတော့ ယုံပါတယ်။ အစားအသောက် ဦးဦးဖျားဖျား လူကြီးတွေမစားခင် မယူစားရဘူးဆိုတဲ့ ထုံးတမ်းဓလေ့က ဆွဲမြဲနေတယ်လေ။
    ဘေးအိမ်က အိမ်သစ်တက်ပွဲဆိုတော့ အလှူလုပ်တဲ့သဘော လည်းပါ။ အိမ်နီးနားချင်းတွေကိုလည်း မိတ်ဆက်ရာရောက်တဲ့ အနေနဲ့ လာပို့ထားတာနေမှာ။ ထူးဆန်းတဲ့အစားအစာကိုတော့ ဘုမသိဘမသိဘဲ အရမ်း အရမ်း မစားကြည့်ရဲဘူး။ ဒါကြောင့် လက်ကျန် အစားအသောက်လေးများရှိမလားလို့ မီးဖိုခန်းထဲမှာ မွေနှောက်နေခိုက် မိန်းမပြန်ရောက်လာတယ်။ …
    “စိုး ရေ ဘေးအိမ်က ခေါက်ဆွဲလာပို့ထားတယ် အသားတွေနဲ့… ဘာလဲ မသိဘူး။”
    မိန်းမကဖွင့်ကြည့်ပြီး …
    “ဒါကြေးအိုးပဲ။ ဝက်သားတွေနဲ့”
    ကျနော်ကတော့ ကြေးအိုးဆိုတာ ကြားသာကြားဖူးတာ မသိဘူးလေ။ တစ်ခါမှလည်း စားဖူးတာမဟုတ်။ ဝက်သားနဲ့ဆိုတော့ မစားရတာတော့ သေခြာတယ်။ သွန်ပြစ်ရမှာလည်း မဟုတ်ပြန်။ အခြားဘေးအိမ်ကို ပေးလိုက်ဖို့ကလည်း သူတို့က အိမ်တိုင်းကို လိုက်ပေးထားပြီးပြီးဆိုတော့ မကောင်းပြန်။ ဒါနဲ့ အိမ်နီးချင်း မွတ်စလင်မ်တစ်ယောက်ဆီ ဖုန်းဆက်လိုက်တယ်။
    “အတ်စလာမို့အလိုင်ကွမ်း၊ ဟေ့ … အီစွတ်ဘိုင် … ခင်ဗျားတို့အိမ်မှာ အိမ်သစ်က ကြေးအိုးလာပို့သေးလား။”
    “ကြေးအိုး။” အံအားသင့်တဲ့လေသံနဲ့ “ကျနော် ဒီနေ့ တစ်နေကုန် အိမ်မှာ ရှိနေတာဘဲ။ ဘာအိုးမှ လာမပို့ဘူး။ ဘာဖြစ်လို့လဲ။”
    “အိမ်မှာ ဝက်သားနဲ့ ချက်ထားတဲ့ ကြေးအိုးတစ်ခွက် လာပို့ထားတာတွေ့လို့။ ခင်ဗျားတို့ဆီကိုလည်း လာပို့ထားလားလို့ မေးကြည့်တာပါ။”
    “ခင်ဗျားကလည်း ဝက်သားဟင်း လာပို့လားလို့မမေးဘဲ ဘယ့်နယ် ကြေးအိုး ဆိုတော့ ကျနော်တောင် ကြောင်အံ့အံ့ဖြစ်သွားတာဘဲ။ ကျနော့်ရုပ်ကြီးနဲ့ ဘယ်သူက ဝက်သားဟင်းလာကြွေးပါ့မလဲ။”
    “ဖြေးဖြေး… ကြေးအိုးဆိုတာက ဝက်သားနဲ့ချက်ထားတဲ့ ခေါက်ဆွဲနာမည်ကိုပြောတာ။”
    “အော်… ကြံကြံဖန်ဖန်။ မကြားဖူးပါဘူး။ ခင်ဗျားတို့ကို မွတ်စလင်မ်မှန်းမသိလို့ နေမှပေါ့ဗျ။ ခင်ဗျားပုံကလည်း မွတ်စလင်မ်ပုံမှ မပေါက်တာ။ မုတ်ဆိတ်ထားဖို့ပြောတာ ခင်ဗျားက ကဂျီကကြောင်လုပ်နေတာကို။”
    “တော်ပါဗျာ။ ဗိုက်ဆာနေတဲ့အထဲ မွတ်စလင်မ်ပုံဆိုတာမရှိပါဘူးဗျ။ မွတ်စလင်မ်ဖြစ်ကြောင်း မုတ်ဆိတ်နဲ့ သက်သေထုဖို့မလိုပါဘူးဗျ။ နောက်မှလူချင်းတွေပြောမှပဲ စကားပြန်ဆက်တာပေါ့။”
    “ဒါကို ရေးကြီးခွင်ကျယ်လုပ်ပြီး အလုပ်ရှုပ်ခံမနေပါနဲ့ဗျာ။ သွန်လိုက်ပေါ့ဗျ။”
    “နှမျောတယ်ဗျ။ ကိုယ်မစားပေမယ့် သွန်လိုက်လို့ ဘယ်ကောင်းမလဲ။ သွားပြန်ပို့တော့လည်း ကြီးကျယ်ရာကြတယ်ဗျ။ ထားလိုက်ပါတော့ … နောက်မှစကားပြောတော့မယ်ဗျာ။ အတ်စလာမို့အလိုင်ကွမ်း” ဟု နှုတ်ဆက်ကာ စကားဖြတ်လိုက်တယ်။
    ဒါဆိုရင်တော့ တမင်သက်သက် အရွဲ့တိုက်ပြီး ဝက်သားလာပို့တာ မဟုတ်တာ သေခြာတယ်။ သံသယဆိုတာက တကယ့်ကြီးမားတဲ့ မိစ္ဆာကောင်ပဲမဟုတ်လား။ မာန်နတ်တွေ၊ ရှိုင်တွာန်တွေထက် ကြောက်ရတယ်။ ဒါကြောင့် ဘယ်ကိစ္စမဆို ထိပ်တိုက်ရင်ဆိုင်ပြီး သံသယ မိစ္ဆာကို အလဲထိုးတတ်တဲ့ အလေ့အကျင့်က ငယ်ငယ်ကတည်းက မိဘတွေ သွန်သင်ပေးခဲ့တယ်လေ။ သံသယကင်းစွာနဲ့ ကောက်ချက်ချလိုက်တယ်။ အီစွတ်ဘိုင်ပြောသလို ကျနော်တို့က မွတ်စလင်မ်ဆိုတာ မသိလို လာပို့တာဖြစ်မှာပေါ့။ အီစွတ်ဘိုင်က မုတ်ဆိတ် တစ်ထွာလောက်နဲ့ ဆိုတော့ လမ်းထိပ်ကကြည့်ရင်တောင်မွတ်စလင်မ် ဆိုတာ သိသာနေတယ်။ သူလည်း ကျနော့်လိုဘဲ ကရင်ကပြားတွေဆိုတော့ မုတ်ဆိတ်မပါရင် မွတ်စလင်မ်ဆိုတာသိမှာမဟုတ်ဘူး။ ကျနော်တို့ပတ်ဝန်းကျင်မှာကလည်း မုတ်ဆိတ်နဲ့ မွတ်စလင်မ် ဒွန်တွဲနေသလိုမှတ်ထားကြတာကို။ မုတ်ဆိတ်ထားလေ့ရှိတဲ့ ဟစ်ပီလမ်းသရဲတွေ၊ အားမရှ်ဂျာမန်တွေ၊ ဂျူးတွေ၊ တရုတ်ဖိုးဖိုးတွေ၊ ဒဿနာပညာရှင်တွေလည်း မရှိ။ မြန်မာနိုင်ငံမှာက အများအားဖြင့် ပန်ချာနဲ့ မွတ်စလင်မ်တွေဘဲ မုတ်ဆိတ်ထားကြတာကို။ ပန်ချာတွေကတော့ ခေါင်းပေါင်း ပါနေတော့ မွတ်စလင်မ်နဲ့ခွဲလို့ရတယ်။ ကျနော့်သားကတော့ မုတ်ဆိတ်လည်းမပါ … လူတွေပုံသေမှတ်ထားသလို ကုလားရုပ်လည်းမပေါက်တော့ မွတ်စလင်မ်မှန်းမသိဘဲ ပေးခဲ့တာနေမှာ။
    ကျနော်တို့က မစားပေမယ့် အစားအသောက်ဆိုတာ ပြစ်ထုတ်ရမှာကို နမျောသလိုဖြစ်နေတယ်။ ဒီခွက်ကြီးက စားပွဲခုံပေါ်မှာ အတင်လျက်သားရှိနေတော့လည်း နေမထိထိုင်မသာဖြစ်နေပြန်ရော။ တစ်သက်လုံး ဝက်သားနဲ့ ခပ်ဝေးဝေးနေလာခဲ့တဲ့ ကျနော်တို့လင်မယားနှစ်ယောက်ကတော့ အနံ့ထူးထူးရှူရိုက်ရတော့ အနောက်တိုင်းသားတွေ ငါးပိအနံရတဲ့ မျက်နှာမျိုးနဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးသလိုလို မဲ့သလိုလို ဘာလုပ်ရရင်ကောင်းမလဲ လို့ အကြိတ်အနယ်စဉ်းစားကြတယ်။
    အိမ်မှာမွေးထားတဲ့ ကြောင်ကလည်း မွတ်စလင်မ် ဟုတ်လားမဟုတ်လာတော့ကျနော်လည်းမသိ။ ကိုယ့်အိမ်မှာနေတယ် ဆိုတော့လည်း ဝက်သားတွေ သူ့ကိုမကျွေးချင်။ ကျနော်တို့မသိခိုက် ဟိုဟိုဒီဒီ အလှစ်သုတ်ပြီး ရှာစားတော့လည်း သူ့ဟာသူဘဲပေါ့။ ကျနော်ကတော့ မကျွေးဘူး။
    မိန်းမက – “စားတဲ့လူ တစ်ယောက်ယောက်ကို ကျွေးလိုက်ပါ။ ပြန်သွားပို့ပေးတော့ ကြီးကျယ်ရာကြတယ်။ မျက်နှာပျက်စရာကြီး။ သူများက ခင်မင်ချင်လို့ပါဆိုနေမှ မိတ်က မဆက်ခင် ပျက်တော့မှာဘဲ။” ဟုပြောတယ်။ အီစွတ်ဘိုင်တို့လိုမွတ်စလင်မ်ဆိုတာသိရင်လည်း အိမ်သစ်တက်ပွဲ အလှူစာရင်းမှာတောင်ထည့်မှာမဟုတ်ဘူး။ ဘာသာမတူလို့ မိတ်မဖွဲ့ရတာလည်းမဟုတ်ပြန်ဘူး။ အစားတစ်လုပ်ကြောင့် တော့မဟုတ်ဘူး။ တချို့က ဝက်သားအကြောင်းပြပြီး ဘေးဖယ်ထားတက်တဲ့ အလေ့အထရှိတယ်လေ။
    ကျောင်းတုန်းကလည်း သူငယ်ချင်းတွေ စုဝေးပြီးချက်ပြုတ်စားသောက်ကြတိုင်း ကျနော့် ကို မခေါ်ဘဲ ချန်ထားတက်ကြတယ်။ တစ်ခါတစ်ခါ စကားစုံတဲ့အခါဆိုရင် … “ဝက်သားဟင်းချက်စားလို့ မခေါ်တာပါ” တို့… “ဘီယာဝိုင်းထောင်လို့ မခေါ်တာပါ” တို့ ပြောတက်ကြတယ်။ အဲဒီတုန်းကလည်း ဝက်သားမစား-ဘီယာမသောက် ရလည်း လာခဲ့မယ်လို့ ပြောရပြန်ရင်လည်း အတင်းအဓ္ဓမ သူများမခေါ်ချင်တာကို ဇွတ်ဝင်သလိုဖြစ်နေပြန်ရော။ တခါတခါ ကျနော့် အဆောင်ကို သူငယ်ချင်တွေဖိတ်ရင်လည်း သိပ်မလာချင်ကြဘူး။ ကျောင်းသားတွေစုပြီး တွေ့ကြတာ ဘီယာဝိုင်းမထောင်ရင်လည်း ပျင်းခြောက်ခြောက်ကြီးဖြစ်နေတာကို။ စကားဝိုင်းထိုင်လိုက်၊ ရုပ်ရှင်ကြည့်လိုက်၊ ကာရာအိုအေဆိုလိုက် ဆိုပေမယ့် ဘီယာတွေ၊ အရက်တွေမပါတဲ့ ပါတီပွဲကိုတော့ သိပ်ပြီးတော့လည်း စိတ်ဝင်စားကြတာမဟုတ်ဘူး။ ဒီလိုနဲ့ တက္ကသိုလ် ကျောင်းသားဘဝ တလျှောက် အစားအသောက်နဲ့ စည်းခြားထားတဲ့ အရှုပ်တော်ပုံထဲမှာ မြောခဲ့ရပြီးပြီ။ အစားအသောက်ကို အကြောင်းပြပြီး ဘေးဖယ်ထားတာကိုလည်း ခံခဲ့ရတယ်။ အိမ်နီးချင်းအကြားမှာတော့ ဒီလိုဇာတ်လမ်းမျိုးတွေနဲ့ စည်းခြားထားတာတော့ အဖြစ်မခံနိုင်ဘူးလေ။
    အတွေးတွေနဲ့ ချာချာလည်နေခိုက် မိန်းမဖြစ်သူ က
    “နေဦး … တစ်ခုခုပြန်ချက်ပို့ပေးလိုက်မယ်။ မိတ်မပျက်သွားရအောင် … မဟုတ်ရင် တစ်ယောက်နဲ့တစ်ယောက် စကားတန့်သွားလိမ့်မယ်။”
    မိတ်ဖွဲ့တုန့်ပြန်တဲ့ အကြံကောင်းတစ်ခု မိန်းမဖြစ်သူ စဉ်စားမိတဲ့အတွက် “ကောင်းတယ်၊ ကောင်းတယ်။” ဟု ဆိုကာ မီးဖိုခန်းအတွင်း ကူညီချက်ပြုတ်ပေးလိုက်တယ်။ မိတ်ဆွေလမ်းစ ပြန်ဖွင့်တဲ့နေနဲ့ မိန်းမက ခေါက်ဆွဲသုတ်လုပ်ပေးပြီး အိမ်က ထမင်းချိုင့်တစ်ခုထဲ ထည့်ပေးလိုက်တယ်။ သားကို သွားပို့ပေးခိုင်းမယ် ဆိုပေမယ့် သူက ငယ်သေးတော့ လယ်လယ်ဝယ်ဝယ် ရှင်းပြတက်မှာမဟုတ်ဘူးလေ။ ဒါနဲ့ လင်မယားနှစ်ယောက်လုံး သွားကြပါလေရော။
    ဟိုရောက်တော့မှ
    “အမ…။ ကျမ စိုးစိုးလွင်ပါ။ ဒါကတော့ ကျမအမျိုးသား ကိုမျိုးမင်း။ အမတို့နဲ့ ဒီဖက် နှစ်အိမ်ကျော်က။ ကြေးအိုလာပို့တာ ကျေးဇူးတင်တယ်။”
    အိမ်ရှင်မ ဖြစ်ဟန်တူတဲ့ အသက် လေးဆယ်ကျော်အမျိုးသမီးအား မိတ်ဆက်လိုက်တယ်။
    “ကျမတို့လည်း ပြောင်းရွေ့နေတာနဲ့ ဘယ်သူနဲ့မှ အေးအေးဆေးဆေးမတွေ့ဖြစ်သေးဘူး။ ကျမနာမည်က သဇင်ညိုပါ။ လာ… အိမ်ထဲဝင်ခဲ့လေ။”
    “အိမ်ထဲတော့ မဝင်တော့ဘူး။ အိမ်မှာ လုပ်စရာလေးတွေ နည်းနည်းရှိသေးတယ်။”
    “သြော်…”
    “ဒီလိုအမရဲ့ ကျမတို့က ဝက်သားမစားတော့ ကြေးအိုးက နမျှောစရာကြီး”
    စကားသံမှာ မသဇင်ညိုရဲ့ ပါးပြင်အား ခပ်ကြမ်းကြမ်း ရိုက်ထဲ့လိုသလို ပါးပြင်တစ်ခုလုံးနီရဲတက်လာတယ်။ ပို့ထားတဲ့အစားအသောက်ကို ပြန်ပေးတယ်ဆိုတော့ ဘယ်သူကမှ ကြိုက်နှစ်သက်မှမဟုတ်ဘူးလေ။ မသဇင်ညို အသက်မရှုတော့သလောက် ငြိမ်ကျသွားတယ်။
    ကျနော့အမျိုးသမီးက ဆိုင်းငံ့မနေတော့ဘဲ စကား ဆက်လိုက်တယ်။
    “တမျိုးမထင်ပါနဲ့ ကျမတို့က ဝက်သားမစားဘူးလေ။ ဒါပေမယ့် အမတို့လာပို့တာကို အရမ်းကျေးဇူးတင်ပါတယ်။ ပို့ထားတဲ့ အစားအသောက်ပြန်လာပေးရတာ မျက်နှာတော့ပူပါတယ်။ ဒါပေမယ့် ကျမတို့မစားလို့ ပြစ်ထုတ်ရမှာလည်း နမျောတယ်လေ။ စိတ်မရှိပါနဲ့အမ”
    “ရပါတယ်။ ကျမတို့ကတော့ စားစေချင်တဲ့စေတနာနဲ့ပါ။ သွန်လိုက်လည်းရပါတယ်။ ပြန်လာပို့တာလည်း ကိစ္စမရှိပါဘူး။”
    မသဇင်ညို၏တုန့်ပြန်မှုမှာ အသက်မဝင်သလိုပင်။ ဒါနဲ့ ကျနော်က
    “ကျနော်တို့ကမွတ်စလင်မ်တွေမို့လို့ပါ။”
    မွတ်စလင်မ်လို့ပြောလိုက်တော့မှ ထွေထွေထူးထူး ရှင်းပြစရာမလိုတော့။ မသဇင်ညို သဘောပေါက်လိုက်တဲ့ မျက်နှာရိပ် လွားခနဲပေါ်လာတယ်။ တဆက်တည်းမှ အားနာတဲ့အမူအရာ အဖြစ်ပြောင်းသွားတယ်။
    “အားနာစရာကြီး။ ကျမတို့လည်းမသိပါဘူး။ မွတ်စလင်မ်တွေဆိုတာ အစကတည်းက သိတယ်ဆိုရင်တော့ တခြားတစ်ခုခုလုပ်ပေးမှာပေါ့။”
    ထိုစဉ် အိမ်ထဲမှာ ထိုင်နေတဲ့ အမျိုးသားက
    “မွတ်စလင်မ်ဆိုတာမသိလို့ပါ … ဈေးဆိုင်တွေမှာ ၇၈၆ ကပ်ထားသလို မွတ်စလင်အိမ်တွေမှာလည်း ၇၈၆ ကပ်ထားရင်တော့ ကျနော်တို့လည်း ခွဲခွဲခြားခြားသိမှာပေါ့။” ဟု တုန့်ပြန်သံနဲ့အတူ အိမ်ရှေ့တံခါးဝသို့ထွက်လာခဲ့တယ်။ အမျိုးသမီးဖြစ်သူက သူယောက်ျားဖက်လည့်လိုက်တယ်။ မျက်မှောက်ကြုတ်ပြလိုက်လား၊ အံကြိုက်ပြလိုက်သလားတော့မသိ။ ကျနော်တို့ကို ကျောခိုင်းထားတော့ သူ့မျက်နှာ အမူအရာကို မတွေ့ရ။ လင်မယားနှစ်ယောက် မျက်နှာချင်းဆိုင်ပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်ပုံထောက်တော့ အချင်းချင်းအချက်ပြလိုက်တယ်ဆိုတာလောက်ပဲ ရိပ်မိလိုက်တယ်။
    “ကျနော်တို့ မွတ်စလင်မ်ဖြစ်တယ်ဆိုတာ ကြေညာသလိုတော့ လုပ်ဖို့မလိုပါဘူး။ ဘယ်သူဘယ်သာဘာ ကိုးကွယ်တယ်ဆိုတာ အိမ်ရှေ့ဆိုင်းဘုတ်ချိတ်ဖို့လည်း မလိုပါဘူးဗျ။ ရင်ထဲမှာ ရှိရင်ရပါတယ်။ ဆိုင်တွေမှာ ၇၈၆ ရေးတပ်တယ်ဆိုတာ ဟလာဟ်အစားအသောက် တွေရောင်းတယ်ဆိုတဲ့ သင်္ကေတဗျ။ ဟလာလ်ဆိုတာက စားပိုင်ခွင့်ရှိတယ် ဆိုတဲ့သဘောကိုဆိုလိုတာပါ။ မွတ်စလင်ဆိုင်ဖြစ်တယ်ဆိုပြီး ကြွေးကျော်တဲ့သဘောမဟုတ်ဘူးဗျ။” ခပ်ရင့်ရင့်ပြောတဲ့သဘောကိုဆောင်တဲ့ ပြောဆိုသံကို ကျနော်ကလည်း ဖြေရှင်းချက်တွေ ဝေါ်ခနဲ့ အန်ချလိုက်တယ်။ ကျနော်စကားအဆုံးတွင် အိမ်ရှင်အမျိုးသားမှ လက်ကမ်းနှုတ်ဆက်သည့်သဘောဖြင့်
    “ကျနော်က သီဟလင်းပါ။ တွေ့ရတာဝမ်းသာပါတယ်။”
    “တွေ့ရတာဝမ်းသာပါတယ်။ ကျနော်က မျိုးမင်းပါ။”
    “၇၈၆ အကြောင်းကျနော်သိပါတယ် ကိုမျိုးမင်း။ ‘အလ္လာအရှင်ရဲ့ အမည်နဲ့အစပြုပါတယ်’ ဆိုတဲ့ အဓိပ္ပါယ်ပေါက်တယ်ဆိုတာလည်း ကျနော် သိပါတယ်။ ဒါက မွတ်စလင်ဖြစ်ကြောင်းကြေငြာတဲ့ သဘောလိုဖြစ်နေတာဘဲမဟုတ်လား။ ‘စားခွင့်ရှိသည်’ တို့၊ ‘ဟလာလ်’ တို့၊ ‘လူမျိုးဘာသာမရွေးစားသုံးနိုင်သည်’ တို့ လို ရေးသားထားရင်တော့ တမျိုးပေါ့ဗျာ။”
    “မွတ်စလင်ဆိုင်မှာ ၇၈၆ ဆိုတာရေးထားတာတွေ၊ အာရဗီဘာသာစကားနဲ့ရေးထားတဲ့ ဘာသာရေးစာတွေ ချိတ်ဆွဲထားကြသလို၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဆိုင်တွေမှာဆိုရင် ဘုရားစင်ရှိတယ်။ ခရစ်ယာန်ဆိုင်တွေမှာဆိုရင် လက်ဝါးကပ်တိုင် ရှိကြတာဘဲမဟုတ်လား။”
    ကိုသီဟလင်းက စကားလမ်းကြောင်းလွဲတဲ့အနေနဲ့
    “မိတ်ဖွဲ့ဖွဲ့ချင်း ဘာသာရေးအကြောင်းပြောတာကတော့ နည်းနည်းဂွကျတယ်ဗျ။ အထဲဝင်ပါလား အေးအေးဆေးဆေး စကားထိုင်ပြောကြတာပေါ့။”
    အမြင်မတူတဲ့ ဘာသာရေးပြစ်လုံးတွေနဲ့အတူ မိတ်ဆက်မိတဲ့အတွက် စကားဆုံးအောင်တော့ပြောဆိုသင့်တယ်လို့ ယူဆမိတယ်။ ဒီလို့စကားဖြတ်လိုက်ကြရင် တစ်ယောက်နဲ့တစ်ယောက်လမ်းတွေ့တောင် နှုတ်ဆက်ရမှာ ခက်နေကြလိမ့်မယ်လေ။ မိတ်ဖွဲ့ဖို့လာတာဘဲမဟုတ်လား။ မိန်းမဖက်လည့်ကြည့်လိုက်တော့… မိန်းမက အလိုက်သိသိနဲ့…
    “အကိုပဲဝင်သွားပါ။ စိုး ကတော့ မသဇင်ကို ခေါက်ဆွဲပေးပြီးပြန်လိုက်တော့မယ်။”
    ဒီလိုနဲ့ ကိုသီဟလင်းခေါ်ရာသို့ အိမ်ထဲ လိုက်ဝင်သွားခဲ့တယ်။ နာရီဝက်ခန့်လောက် မိတ်ဖြစ်ဆွေဖြစ် မိတ်ဆက်စကားပြောပြီးမှ အိမ်ပြန်ခဲ့တယ်။  သူတို့ကလည်း ဝက်သားပါတဲ့ကြေးအိုးပို့မိလို့ အားနာ။ ကျနော်တို့ကလည်း ပြန်သွားပေးလိုက်ရတဲ့အတွက်အားနာ။ မျက်နှာပူကြတာပေါ့။
    အစားအသောက်ဆိုတာ မိတ်ဖွဲ့တဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်သလို အခန့်မသင့်ရင်လည်း မိတ်ပျက်နိုင်တယ်လေ။ အရင်က အစားအသောက်ကြောင့် စည်းခြားတာတွေအကြိမ်ကြိမ်ခံ ခဲ့ရတော့ အစားတစ်လုပ်နဲ့ ဘာသာရေးအကြောင်းပြပြီး လူ့အသိုင်းအဝိုင်းမှာ ဘေးဖယ်မခံရဖို့အတွက်  အမြဲဆိုသလို သတိပြုနေထိုင်ရတဲ့ ပြဿနာကလည်း မသေးလှပါဘူး။
    ရက်အနည်းငယ်ကြာတော့ ကျနော်တို့ခေါက်ဆွဲထည့်ပေးလိုက်တဲ့ ချိုင့်နဲ့ အစားအသောက်တွေလာပို့ပေးတယ်။ အဲဒီနောက်ပိုင်းမှာတော့ ကျနော်တို့ မကြာမကြာ အစားအသောက်လေး ထူးထူးဆန်းဆန်း လုပ်စားတဲ့အခါမျိုးမှာ အပြန်လှန် ပေးပို့ဖြစ်တယ်။ ကြေးအိုးတစ်ခွက်ကြောင့် မိတ်မပျက်သွားတဲ့အတွက်တော့ စိတ်ပေါ့မိပါတယ်။
    O’Laie Manzu
    ၂၀၁၃ ခုနှစ်၊ ဇွန်လ
  • အဖွားတို့ခေတ်က ဆွမ်းထမင်းတစ်လုတ်
    အဖွားတို့ခေတ်က ဆွမ်းထမင်းတစ်လုတ်
    မေလ-၄၊၂၀၁၃
    M-Media
    ရေးသူ- O’Laie Manzu
    နံနက်ဝေလီဝေလင်းအချိန်မှာ အဖွားဖြစ်သူဟာ ဘုန်းကြီး ဆွမ်းလောင်းပြီး အိမ်ထဲပြန်ဝင်လာကိုတွေ့တော့ ဘဝင်မကျတဲ့လေသံနဲ့
    “နာနီး … ဘာလို့ ဘုန်းကြီးဆွမ်းသွားလောင်းနေရတာလဲ၊ အီမာန်ပျက်သွားမယ်။ ပတ်ဝန်းကျင်လေး ဘာလေးကြည့်ပါဦး” လို့ ကျနော်စောဒက တက်ခဲ့တယ်။
    “အီမာန်…?”
    မေးခွန်းထုတ်တဲ့ လေသံခပ်မြင့်မြင့်နဲ့ အဖွားက တုန့်ပြန်ခဲ့တယ်။ အနားကပ်လာပြီး ကျနော့်ရဲ့ရင်ဘတ်ကို လက်ညိုးနဲ့ ထောက်ကာ …
    “အီမာန်ဆိုတာ ဒီမှာရှိတယ်။ အလ္လာဟ်အရှင်မြတ်က လွဲရင် ဘယ်သူမှမတွေ့ဘူး။ ပတ်ဝန်းကျင်က သိဖို့လည်းမလိုဘူး။ ပြဖို့လည်းမလိုဘူး။” လို့ ပြန်ဖြေပြီး မီးဖိုခန်းထဲသို့ဝင်သွားခဲ့တယ်။ အဖွားရဲ့အဖြေကို သဘောမကျတဲ့ မျက်နှာထိ မျက်နှာထားနဲ့ အဖွားကိုသာကြည့်နေခဲ့မိတယ်။
    တစ်အောင့်လောက်အကြာ…နံနက်စာ စားပွဲမှာ ဝိုင်းထိုင်နေကြစဉ် အဖွားက ကျနော့်မျက်နှာကိုကြည့်ပြီး ဆိုင်းမဆင့်ဗုံမဆင့် …
    “လူတွေက လုပ်ရပ်ကိုကြည့်ပြီးဝေဖန်ကြတယ်။ အနှစ်သာရကို မသိဘူး။ အဲဒီလို ကျိုးကြောင်းနားမလည်ဘဲ ထင်သလိုပြောတက်တဲ့ လူစားမျိုး ငါ့မြေးတို့မဖြစ်ရအောင် ကြိုးစားနေထိုင်ကြ” လို့ ပြောလိုက်တယ်။
    အဖွားဘာကိုရည်ညွန်းပြောနေတယ်ဆိုတာကို အရိပ်အမွတ် လောက်တော့သဘောပေါက်လိုက်တယ်။ ဒါပေမယ့် ဆိုလိုရင်းရဲ့ လေးနက်မှုကိုတော့ ချက်ချင်းမသိလိုက်ဘူး။ မလောက်လေး မလောက်စား သိထားတဲ့ အတွေးအခေါ် အယူအဆတွေနဲ့ ဟုတ်လှပြီလို့ထင်နေတဲ့ ကျနော့်အဖို့ကတော့ အဖွားရဲ့ ဆိုလိုရင်းကိုလည်း လေးလေးနက်နက် စဉ်းစားဖို့ စိတ်ကူးမရှိခဲ့ဘူး။ နံနက်က အဖွားရဲ့ လုပ်ရပ်ကို ပြန်လည်ချေပဖို့ဘဲ ဆိုင်းပြင်းနေခဲ့တယ်။ အဖွားပြောနေတဲ့ လုပ်ရပ်တွေ၊ အနှစ်သာရတွေ၊ ကျိုးကြောင်းတွေက အစောက ဘုန်းကြီးဆွမ်းလောင်းတာကိုဘဲ တွေးမြင်မိတယ်။ ဒါတွေက အစ္စလာမ်ဘာသာဝင်တွေနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ယူဆတဲ့ ကျနော်ကတော့ စကားဝိုင်းကို လိုရာဆွဲယူခဲ့တယ်။
    “မွတ်စလင်တစ်ယောက် က ဘုန်းကြီးဆွမ်းလောင်းတဲ့ အလုပ်နဲ့ မဆိုင်ပါဘူး။ အဲဒီမှာ ဘာအနှစ်သာရမှလည်းမရှိဘူး။ နားလည်လို့လည်းမရဘူး။” လို့ချေပခဲ့တယ်။ ထမင်းဝိုင်းက အခြားမိသားစုဝင်တွေကတော့ လမ်းပျောက်နေသူတွေလို မျက်စေ့တွေဝေ့လည်လည်နဲ့ ဘာပြောလို့ ပြောရမှန်း မသိဖြစ်နေကြတယ်။
    “ဒီမနက် နာနီး ဘုန်းကြီးဆွမ်းလောင်းတာကို ငါ့မြေးဘဝင်မကျဘူးဆိုတာ သိပါတယ်။ ဘုန်းကြီးတွေက ဆွမ်းခံထွက်ရင် ဘယ်သူဆီမှ တောင်းခံတာ မဟုတ်ဘူး။ စေတနာရှိရင် ပေးလို့ရတယ်။ အိမ်ရှေ့ရောက်လာသူတွေကို နာနီးဘယ်တုန်းကမှ လက်ခါလီ ပြန်မလွတ်ခဲ့ဘူး။”
    “ကန်တော့ပါသေးတယ်လို့ပြောလိုက်ရင် နောက်အိမ်ရှေ့ဘယ်လာတော့မလဲ။ အခုတော့ ဆွမ်းတစ်ခါ လောင်းလိုက်တော့ နောက်ဆို နေ့တိုင်း အိမ်ရှေ့လာတော့မှာပေါ့”
    “ဆွမ်းခံကြွတယ်လို့ပြောရတယ်။ ဗမာစကားမှာ လူကြီးကိုပြောတဲ့စကား၊ ရွယ်တူချင်းပြောတဲ့စကား၊ ဆရာသမားတွေကိုပြောတဲ့စကား တွေမှာ အသုံးအနှုန်းမတူကြဘူး။ ဒီလိုဘဲဘုန်းကြီးတွေကို ပြောတဲ့ စကားကလည်း သူ့အသုံးအနှုန်းနဲ့သူရှိတယ်။” ဟု ကျနော် စကားအသုံးအနှုန်းမှားသွားတာကို ချက်ချင်း ထောက်ပြပြီး ပြုပြင်ပေးခဲ့တယ်။ နောက်စကားပြန်ဆက်တဲ့အနေနဲ့…
    “ကန်တော့ပါသေးတယ်ဆိုတဲ့ စကားလုံးက ရိုးရှင်းပေမယ့် နာနီးပါးစပ်ကပြောမထွက်ဘူး။ ဒါပေမယ့် အစောတုန်းက ဆွမ်းလောင်းလိုက်တာက အားနာလို့မဟုတ်ဘူး။ အလှူအဒါန်းလုပ်တာ။ ငါ့မြေးတို့ တစ်နေ့တစ်နေ့ သူငယ်ချင်းအပေါင်းအသင်းတွေကို လက်ဖက်ရည်တိုက်လိုက်၊ မုန့်ဝယ်ကျွေးလိုက် မလုပ်ကြဘူးလား။ အိမ်ဖိတ်ခေါ်ပြီး ထမင်းလက်စုံမစားကြဘူးလား။ သူတို့ရောဘာသာခြားတွေမဟုတ်ဘူးလား။ ဘာသာခြားဖြစ်လို့ ဖော်ဖော်ရွေရွေ မကျွေးမွေးရတော့ဘူးလား။ သေခြာစဉ်စားကြည့်ပါဦး။ ဘုန်းကြီးဆိုတာ လူ့တွေရဲ့ သမရိုးကျ တွယ်မက်တာတွေကို စွန့်လွတ်ပြီး တရားအားထုတ်နေကြတယ်။ သူ့ရဲ့ တရားကို လက်ခံတာမခံတာက အပထား။ ကောင်းမှုကုသိုလ်လုပ်တဲ့သူအတွက် ထမင်းတစ်လုပ် လှူဖို့လက်တွန့်မနေရဘူး။”
    “ဘုန်းကြီး ကိုလှူတာ တခြားသာမန်လူတွေကို ကျွေးမွေးတာနဲ့တော့ ဘယ်တူမလဲ။” မတူဘူး ဆိုတာကို အဖွားရော ကျနော်ရော သဘောထားချင်း တိုက်ဆိုင်ပေမယ့် မတူပုံ မတူနည်းကတော့ သိသိသာသာ ခြားနားနေခဲ့ပါတယ်။
    “ဘုန်းကြီးကို လှူတော့ သူများဘာသာကို အားပေးအားမြှောက်လုပ်ရာကြတယ်။ သာမာန်လူတွေကို ကျွေးမွေးတာက စားပြီးပြီးသွားရော။ ကောင်းကျိုးလည်း မရှိဘူး။ မကောင်းကျိုးလည်းမရှိဘူး။ မိတ်ဖွဲ့ ရင်းနှီးတာလောက်ဘဲရှိတယ်။”
    “ဒါဆို ဘုန်းကြီးကို အလှူပေးတဲ့ ထမင်းတစ်လုတ်ကတော့ ဆိုးကျိုးတွေရှိတယ်လို့ ငါ့မြေးမြင်နေလား။”
    အဖွားရဲ့မေးခွန်းကို ပြန်မဖြေဘဲ နှုတ်ခမ်းနှစ်လွှာ အားပါပါနဲ့ ပိတ်ထားလိုက်ပြီး လုပ်ကြံပြုံး ပြုံးပြလိုက်တယ်။ ထမင်းတစ်လုတ် အလှူပေးတာကို ပုံကြီးချဲ့ စောဒက တက်ပြီးဖြေမယ့် အဖြေအတွက် ကိုယ့်ကိုကိုယ့် ရှက်မိတယ်လို့တော့ မဟုတ်။ လေးနက်ပြီး သဘာဝကျတဲ့ အဖြေမျိုးမဟုတ်တဲ့ အတွက် ပြန်မဖြေခဲ့တာဘဲ ဖြစ်မယ်လို့ ဝိုးတဝါးသာမှတ်မိတော့တယ်။
    အလှူအဒါန်းရဲ့ဆိုးကျိုးကို ရှာကြံပြီးပြန်ဖြေခဲ့မယ်ဆိုရင်လည်း …
    “ပတ်ဝန်းကျင်မွတ်စလင်တွေ အထင်လွဲကုန်လိမ့်မယ်” တို့၊ “ကဲ့ရဲ့စရာတွေဖြစ်ကုန်လိမ့်မယ်” တို့၊ “မွတ်စလင်တွေနဲ့ အယူဝါဒခြင်းမတူတဲ့ ဘာသာရေးခေါင်းဆောင် ထမင်း တစ်လုတ်စာ အင်အား တိုးလာလိမ့်မယ်” တို့ အစရှိတဲ့ အပေါ်ယံ အတွေးအခေါ်နဲ့သာ အဖွားရဲ့မေးခွန်းကို တုန့်ပြန်လိုက်မိမှာပါ။ ကျနော် နှုတ်ဆိတ်နေပေမယ့် မကျေလည်တဲ့ အတွေးအခေါ်တွေနဲ့ နဘန်းလုံးနေတယ်ဆိုတာကို အဖွားက သတိပြုမိပုံပေါ်တယ်။
    “ဘာသာခြားတိုင်း စည်းခြားထားဖို့မလိုဘူး။ ဘာသာရေးနဲ့ ပတ်သက်တဲ့ စကားပြောမယ်ဆိုရင်လည်း အမှန်တကယ် သိနားလည်ဖို့လိုတယ်။”
    ကြုံရင် ကြုံသလို အမြဲ သွန်သင်ဆုံးမတက်တဲ့ အဖွားကတော့ စကားအစချီပြီး
    “တမန်တော်ခေတ်မှာ မွတ်စလင်တွေ မကာမြို့တော်က ထွက်ပြေးတုန်းက ခရစ်ယာန်တွေ ကူညီပေးခဲ့တယ်။ တမန်တော်မြတ်ကလည်း ခရစ်ယာန် ဘုရားရှိခိုးကျောင်း တွေကို ကာကွယ်ပေးခဲ့တယ်။ နာနီးတို့ရဲ့ နှစ်ဘဝသခင် ကျေးဇူးရှင် တမန်တော်မြတ် က တကိုယ်ကောင်းမဆန်ခဲ့ဘူး။ အမြော်အမြင်ကြီးတယ်။ ဖော်ရွေတယ်။ ရက်ရောတယ်။ ရိုင်းပင်းကူညီတယ်။ အင်မတန်မွန်မြတ်တဲ့ ရှေ့ဆောင်လမ်းပြဘဲ။ အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်ကို မွတ်စလင်တွေ အတွက်ချည်း စေလွတ်ခဲ့တာမဟုတ်။ တမန်တော်မြတ်ကလည်း မွတ်စလင်တွေအ တွက်ချည်း  ကောင်းကျိုးပြုခဲ့တာမဟုတ်။ လူသားအားလုံးအတွက်။ နာနီးတို့ကလည်း ဘာဘဲလုပ်လုပ် ‘လူသားအားလုံးအတွက်’ ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် စဉ်စား လုပ်ကိုင်တက်ရမယ်။ နာနီးတို့ယုံကြည်တယ်ဆိုတာ ကြားဖူးနားဝနဲ့ ယုံကြည်တာမဟုတ်ဘူး။ ကိုရ်အာန်ကို နားလည်ဖို့လိုတယ်။ တမန်တော်မြတ်ရဲ စွန္နတ်တော် ပြုမှုကျင့်ကြံပုံတွေကို သိထားဖို့လိုတယ်။ လိုက်နာကျင့်သုံးဖို့လိုတယ်။ ဒါတွေကို မသိနားမလည်ဘဲ ကြားဖူးနားဝတွေကိုဘဲအားကိုးလို့မရဘူး။ နာနီးယုံကြည့်တဲ့ နာနီးရဲ့ အီမာန် [ယုံကြည်ချက်] က ဘုန်းကြီးကို ဆွမ်းတစ်လုတ်လှူလို့ ပျက်မသွားဘူး။ လျော့မသွား။ အကုသိုလ်မဖြစ်သွားဘူး ငါ့မြေး။ ဘေးပတ်ဝန်းကျင်ပြောတာကိုလည်း ဂရုစိုက်ဖို့မလိုဘူး။ ကုသိုလ်လုပ်တယ် အလှူအဒါန်းလုပ်တယ်ဆိုတာ မွန်မြတ်ပါတယ်။ တန်ရာတန်ရာ အကျိုးဆဝသ်ရပါတယ်။”
    အဖွားရဲ့ ဘာသာရေးနဲ့ လူသားဝါဒတွေနှောင်ဖွဲ့ပြီး ပြောဆိုဆုံးမမှုတွေက အဲဒီအချိန်တုန်းက ကျနော့်နားထဲမှာ အပေါ်ယံသာ ကြားလိုက်မိသလိုဘဲ။ လူ့သဘာဝလို့ဆိုရမလား … ကျနော်ဦးနှောက်ကဘဲ အလုပ်ရှုပ်နေသလားမသိ။ အတွေးတွေက ဦးနှောက်ထဲမှာ ပလူပျံနေရော။ ဒါနဲ့ … ရေအကျိုး ဆယ်ပါးရပြီး ဆွမ်းအကျိုး ကတော့ငါးပါးပဲ ရကောင်းလားလို့ မကျေမနပ်စောဒက တက်လို့ ဘုန်းကြီးက ဆွမ်းချက်ရာမှာ ရေလည်းထည့်ရတဲ့အတွက် ဆွမ်းအကျိုး ငါးပါးအပြင် ရေအကျိုး ဆယ်ပါးလည်းပါလို့ စုစုပေါင်း ဆယ်ငါးပါးရတယ်လို့ ပုံဖော်ထားတဲ့ ဇာတ်ဝင်ခန်းလေးကို မျက်စေ့ထဲ ပြေးမြင်လိုက်မိတယ်။ ဒါပေမယ့် အယုံအကြည်ချင်း မတူကြတဲ့ ကျနော်တို့အဖို့ ဒီအကျိုး ဆယ့်ငါးပါးတော့ ရလိမ့်မယ်လို့မထင်။ ဘယ်သူက ဒီအကျိုးတွေ ချီးမြှင့်မှာလဲ အဖွားကို မေးခွန်းထုတ်ခဲ့ပြန်တယ်။
    “ကောင်းတာကိုလုပ်တိုင်း အဲဒီကောင်းမှုရဲ့ အကျိုးရလဒ်ကို အလ္လာဟ်အရှင်မြတ်ကသာ ချီးမြှင့်ပေးမယ်ဆိုတာကို ငါ့မြေးမသေမချင်းမှတ်ထား။ အဲဒါကိုက အစောတုန်းက ငါ့မြေးပြောတဲ့ အီမာန်ရဲ့ အစိတ်အပိုင်းဘဲ။ အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကသာ အကျိုးဆဝသ် ချီးမြှင့်ပေးသနားနိုင်တယ်ဆိုတာကို ခိုင်ခိုင်မာမာယုံကြည်နေဖို့လိုတယ်။ နာနီးတို့ရဲ့လုပ်ရပ်အပေါ်မှာ အကျိုးဆဝသ်ချီးမြှင့်မယ်-မချီးမြှင့်ဘူးဆိုတာ အလ္လာဟ်အရှင်မြတ်ကသာ ဆုံးဖြတ်ပေးမှာ။ ကောင်းမူကုသိုလ် လုပ်ရမှာက နာနီးတို့တာဝန်ဘဲ။”
    အဖွားဖြစ်သူရဲ့ သွန်သင်ဆုံးမမှုကို အတွန့်တက်ဖို့ စကားရှာမတွေ့ခဲ့။ အဖွားရဲ့ မွန်မြတ်တဲ့စိတ်ထားကို ပိုမိုလေးစားခဲ့တယ်။ အစ္စလာမ်ဘာသာအကြောင်း အဖွားလောက်လည်းမသိသေးတာကိုတော့ ဝန်ခံမိပါတယ်။ အီမာန်ဆိုတဲ့ ယုံကြည်မှုအကြောင်း လေးလေးနက်နက် စဉ်းစားဖြစ်ခဲ့တယ်။ အီမာန်အကြောင်း စေ့စေ့ပေါက်ပေါက်မသိဘဲ အီမာန်ပျက်နိုင်တယ်လို့ ပြောမိတဲ့အတွက်လည်း တွေဝေးခဲ့မိတယ်။
    နောက်ရက် ဆွမ်းခံကြွလာတဲ့ ဘုန်းကြီးကိုတွေ့တော့ ဆွမ်းလောင်းဖို့ထွက်လာတဲ့အဖွား ဆီကပန်းကန်ကို
    “ကျနော် သွားလောင်းပေးမယ်” လို့ယူခဲ့လိုက်တယ်။
    တက်တက်ကြွကြွ ဆွမ်းလောင်းချင်လို့တော့ မဟုတ်ပေမယ့် လူကြီးဖြစ်သူ မနက်တိုင်း ဆွမ်းလောင်းနေတာ ပတ်ဝန်းကျင်ကမြင်သွားရင် မကောင်း။ ဘာဘဲဖြစ်ဖြစ် ပတ်ဝန်းကျင်ကို ဂရုစိုက်တယ်လို့ဘဲပြောပြော ပတ်ဝန်းကျင်ကမွတ်စလင်တွေ ဟိုပြောဒီပြော ပြောကြမှကိုတော့ စိုးရိမ်မိခဲ့တာ အမှန်ဘဲ။ မွတ်စလင်တွေအကြား ပြောစရာဖြစ်… သိက္ခာကျမယ်ဆိုလည်း ကျနော်သာလျှင် သိက္ခာကျပါစေတော့ ဆိုတဲ့ သဘောနဲ့ သူရဲကောင်းဝင်လုပ်တဲ့သဘောလည်း ပါခဲ့တာတော့ အမှန်ပါ။
    ဘုန်းကြီးရှိရာ လမ်းလျှောက်သွားချိန်မှာ အဖွားက
    “ဖိနပ်မစီးရဘူးနော်” ဟုသတိပေးလိုက်တယ်။
    အနာနားရောက်တော့ ဘုန်းကြီးကို ပြုံးပြလိုက်ပေမယ့် ဘုန်းကြီးကတော့ ပြန်မပြုံးပြဘူး။ မျက်လွှာချထားပြီး ရှေ့ဆက်ခရီးနှင်လိုရာ အရပ်ကိုသာ တည့်တည့်မတ်မတ် မျက်နှာမူထားတယ်။ ဖိနိပ်ချွတ်ပြီး ခြေတစ်လှမ်းရှေ့တိုးလိုက်တယ်။ ပြီးတော့ သပိတ်ထဲကို ထမင်းတစ်ကော် အသာအယာထည့်လိုက်တယ်။ ဘဝတစ်သက်တာမှာ ဘုန်းကြီးပေါင်းမြောက်များစွာတွေ့ဖူးပေမယ့် အဲဒီအချိန်မှသာ တစ်ပေခန့်အကွာ အနားကပ်ဖူးတယ်။ တစ်ကိုယ်လုံးမှာ သင်္ကန်းနဲ့ သပိတ်သာပါရှိတဲ့ ဘုန်းကြီးရဲ့ပုံစံနဲ့ မျက်နှာအနေထားတည်ကြည်မှုဟာ တမူထူခြားနေသလိုဘဲ။ နှလုံးအေးရတယ်လို့ အတော်ကြာကြာ စိတ်ထဲမှာ စွဲမြဲနေခဲ့တယ်။
    အစကတော့ ပတ်ဝန်းကျင်က မွတ်စလင်မိတ်ဆွေတွေ မမြင်ခင် ဆွမ်းလောင်းပြီး အိမ်ထဲ ကပြာကယာ ဝင်ပြေးမလို့ဘဲ။ ဒါပေမယ့် ဆွမ်းလောင်းပြီးတော့ အသက်ခပ်ပျင်းပျင်းရှုထုတ်လိုက်ပြီး ဘုန်းကြီး လမ်းတဖက်ကို ချိုးဝင် ပျောက်ကွယ်သွားတဲ့အထိ ထမင်းခွက်လေးကိုင်ကာ မားမားမက်မက်ရပ်ကြည့်နေမိတယ်။ တစ်သက်တာ ထူးထူးခြားခြား အလှူအဒါန်းလုပ်လိုက်ရတဲ့အတွက် ဂုဏ်မှောက်နေလို့လား၊ ပိတိ တွေနဲ့ ကြည်နူးနေမိလို့လားတော့ ကျနော်လည်း မမှတ်မိ။ သေခြာတာကတော့ ပတ်ဝန်းကျင်ကို ဂရုစိုက်ရမယ့် စိတ်ဓါတ် တခဏတာ ကွယ်ပျောက်သွားခဲ့တယ်။
    အိမ်ထဲပြန်အဝင်မှာ အဖွားက ချိုချိုသာသာပြုံးပြပြီး ထမင်းပန်းကန်ယူသွားခဲ့တယ်။
    နောက်ရက်တွေမှာလည်း ပုံမှန် ဆွမ်းလောင်းပေးဖြစ်ခဲ့တယ်။ ဘယ်အချိန်အထိ ကြာကြာ ဆက်ပြီး ဆွမ်းလောင်းပေးနေမလဲ ဆိုတာကိုတော့ ကျနော်လည်း မစဉ်းစားမိခဲ့။ ဘေးပတ်ဝန်းကျင်ပြောမှာ ကိုလည်း ကျနော်ဂရုမမူတော့။ တစ်ရက်တစ်ရက် အတွေးအခေါ် အယူဝါဒတွေ ကင်းရှင်းတဲ့ ထမင်းတစ်လုတ် အလှူလုပ်နေရတာကို ပိတိဖြစ်မိတယ်။ သိပ်မကြာပါဘူး သုံးလေးရက်လောက်ပြီးတော့ ဘုန်းကြီးလည်း အိမ်ရှေ့မှာ မရပ်တော့ဘူး။ မျက်စောင်းထိုးအိမ်က ဘုန်းကြီးကို သူတို့အိမ်ရှေ့ပင့်လိုက်ပုံပေါ်တယ်။ ကျနော်တို့ ဆွမ်းလောင်း ပေးနေတာကို အမြင်မတော်လို့လား၊ ဘာသာခြားဆွမ်းလောင်းတာကို မကြိုက်လို့လားတော့ ကျနော်တို့လည်းမသိ။
    နှစ်အတော်ကြာကြာ အမှတ်တရလေးဖြစ်နေခဲ့တယ်။ အဖွားရဲ့ ဆုံးမမှုတွေကို ပြန်လည်ကြားယောင်မိတိုင်း သတိရနေမိတယ်။
    အခုတလော ဘာသာရေးအရေးအခင်းတွေဖြစ်နေတော့ ပိုပြီးသတိရမိတယ်။ အဖွားသာရှိနေသေးရင် တစ်ချိန်က အဖွားမေးခွန်းကို မဖြေဘဲ နှုတ်ပိတ်နေခဲ့တဲ့ ကျနော် စောဒကတက်ပြီး အဖွားနဲ့ စကားဝိုင်း အတွန့်ရှည်ဖြစ်ဦးမယ်ထင်ပါတယ်။ အခုတော့…အဖွားကိုတမ်းတပြီး စိတ်ထဲမှာ ပြောနေမိတယ်
    နာနီးရေ… သဘောထားမကြီးနိုင်တော့တာကိုတော့ နားလည်ပေးပါ။ နှစ်တွေလည်းကြာပြီ… ခေတ်တွေလည်းပြောင်းကုန်ပြီ မဟုတ်လား။ ဘုန်းကြီးတွေကလည်း အရင်လိုမဟုတ်တော့ဘူး။ ထမင်းတစ်လုတ်မပြောနဲ့ အနားကပ်ရမှာတောင် လက်တွန့်နေရပြီ။ ကြည်ညိုစရာဆိုတာတွေလည်း ခမ်းခြောက်ကုန်သလိုပါဘဲ။ အခုဆိုသင်္ကန်းခြုံထားတာတွေ့ရင် ရင်တထိတ်ထိတ်၊ အန္တာရယ် ရှိတယ်လို့ အချက်ပြနေသလို စိတ်ထဲမှာ တွေးထင်နေမိတယ်။ ဘုန်းကြီးမြင်ရင် အရင်ကလို နှလုံးမအေးတော့ဘူး။
    **M-Media အယ်ဒီတာ အီးမေးလ်ကို O’Laie Manzu ပေးပို့လာသော ဝတ္ထုတို ဖြစ်ပါတယ်။
    **M-Media သို့ သတင်း၊ဆောင်းပါး၊ ဘသာပြန်နှင့် ကာတွန်းများ ပေးပို့လိုလျှင် [email protected] သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။
  • စိတ်ခွန်အား ပြန်လည်ပြည့်ဝလာတဲ့ လူငယ်တစ်ယောက် အကြောင်း (WORLD AIDS DAY အထိမ်းအမှတ်)
    စိတ်ခွန်အား ပြန်လည်ပြည့်ဝလာတဲ့ လူငယ်တစ်ယောက် အကြောင်း (WORLD AIDS DAY အထိမ်းအမှတ်)
    ဒီဇင်ဘာ ၁၊ ၂၀၁၂
    M-Media
    ရဲမာန်အောင်
    ဒီနေ့ထူးထူးခြားခြား မထင်မှတ်ပဲ လက်ဖက်ရည်ဝိုင်းက စိုစိုပြည်ပြည်လေးဖြစ်နေသည်။ ကျွန်တော် တော်တော်အံ့သြနေမိသည်။ ဒီလိုလက်ဖက်ရည်ဝိုင်းမျိုး သူငယ်ချင်းတွေ စုပြီးမထိုင်ဖြစ်တာတော်တော်ကြာခဲ့ပြီလေ။ ဝိုင်းထဲမှာ ထွေရာလေးပါးစကားအစုံကို တက်တက်ကြွကြွ ဦးဆောင်နေတာ က “ မြင့်ထူး” ။
    ကျွန်တော် အဓိက အံ့သြရသူက သူ့ကိုပါ။ သူ့ကိုယ်သူ သာမန်လူကောင်းတစ်ယောက်နဲ့မခြား  ပျော်ပျော်ပါးပါးစကားတွေ ပြောနေလိုက်တာများ။ သူက ကျွန်တော်တို့ သူငယ်ချင်းတွေပေါင်းလုပ်နေတဲ့ ပရဟိတ လူမှုကွန်ယက်မှာလည်း တက်ကြွစွာပါဝင်လှုပ်ရှားသူတစ်ယောက်ပါ။ မြင့်ထူးကို ကြည့်ရင်း ကျွန်တော့်အတွေးထဲကို လွန်ခဲ့သော ခြောက်နှစ်ခန့်က အဖြစ်အပျက်တွေ အစီအရီဝင်ရောက်လာပါတော့တယ်။ ကံကြမ္မာ ဟူသည်ကား ဆန်းကြယ်လှပေစွ။
    ၂၀၀၅-၆ အကူးအပြောင်းလေးမှာပေါ့။ မြင့်ထူးက ကျွန်တော်နဲ့အရမ်းတွဲတဲ့သူငယ်ချင်း။ ဘယ်လောက်ထိရင်းလဲဆိုရင် သူ့မိသားစုဝင်တွေနဲ့ပါ တရင်းတနှီး၊ မြင့်ထူးတို့အိမ်က ကျွန်တော်တို့ သူငယ်ချင်းတွေရဲ့စားအိမ်သောက်အိမ်၊ ကျွန်တော်တို့သူငယ်ချင်းတွေရဲ့စုရပ်လို့တောင်ပြောလို့ရပါတယ်။
    ၂၀၀၅ နှစ်ကုန်ပိုင်း ဒီဇင်ဘာမှာ ကျွန်တော်အလုပ်ကိစ္စနဲ့ခရီးတွေသွားနေရတာနဲ့ မြင့်ထူးတို့အိမ်ဘက် သိပ်မရောက်ဖြစ်ပဲ သူငယ်ချင်းတွေလည်း မဆုံဖြစ်ကြဘူးပေါ့။ နောက်ပိုင်း အလုပ်တွေလက်စသတ်တော့ ၂၀၀၆ ဇန်နဝါရီလကုန်ပိုင်းလောက်မှ ကျွန်တော်လည်း ခရီးကနေပြန်ရောက်တယ်။ ဒါနဲ့ မတွေ့တာကြာပြီဖြစ်လို့ မြင့်ထူးတို့ အိမ်ဖက်ကို ရောက်သွားခဲ့တယ်။ မြင့်ထူးတို့အိမ်ရောက်တော့ မြင့်ထူးညီမလေးက မြင့်ထူးတစ်ယောက် ခုတစ်လောနေမကောင်းကြောင်း၊ ကျွန်တော်က ဘာဖြစ်တာလဲလို့ဆိုတော့ New Year ပွဲတော်ရက်ပြီးကထဲက တရှောင်ရှောင်နဲ့ ညနေဖက်ဆို အဖျားတက် တက်နေကြောင်း ပြောပြပါတယ်။ ကျွန်တော်လည်း မြင့်ထူးကိုဝင်တွေ့ပြီး ကောင်းသွားမည်ဖြစ်ကြောင်း၊ အစားအသောက် ဂရုစိုက်ရန်လိုကြောင်း၊ စတာတွေပြောပြီး ပြန်လာခဲ့ပါတယ်။ နောက်ရက်ပိုင်းတွေတော့ ကျွန်တော်လည်း ကိုယ့်အလုပ်နဲ့ကိုယ် မအားတာနဲ့ မြင့်ထူးတို့အိမ်ဘက် သိပ်မရောက် ဖြစ်တော့ပါ။
    ဒီလိုနဲ့ ဖေဖော်ဝါရီလဆန်းရက်မှာပေါ့။ တစ်ရက် အလုပ်မှာထိုင်နေရင်း …..
    “ တီတီ..တီတီ…တီတီ..” ကျွန်တော့် အလုပ်စားပွဲပေါ်မှ ဟန်းဖုံးကမြည်လာပါတယ်။ ဖုံးနံပါတ်ကြည့်လိုက်တော့ မြင့်ထူးအစ်ကို မြင့်ဦး ဆီက ဖုံးဖြစ်နေတယ်၊ ပြန်ထူးလိုက်ပါတယ်။
    “ ဟုတ်ကဲ့ကိုမြင့်ဦး .. ပြောပါ”
    “ ဟေ့ကောင်ရဲကြီး မင်းကလည်းပျောက်နေလိုက်တာကွာ”
    “ မဟုတ်ပါဘူးအကိုရာ အလုပ်လေးနည်းနည်းများနေလို့ပါ.. ဒါနဲ့မြင့်ထူးတစ်ယောက် ဘယ်လိုနေလဲဗျ.. ကျွန်တော်လည်း မရောက်ဖြစ်လို့… ကောင်းသွားပြီလားမသိ”
    “ အေးကွာ…အကိုလည်း အဲဒီအတွက်ပဲ မင်းကို ဆက်တာကွ.. ဒီကောင်ကွာ တရှောင်ရှောင်နဲ့ ခုထိမသက်သာဘူးကွ.. ညနေတိုင်းလိုလို အဖျားတက်တက်နေတယ်.. အကိုသိပ်မကြိုက်ဘူး သူ့ပုံစံကို.. ဖြစ်နိုင်ရင် သေချာစစ်ဆေးလိုက်စေချင်တယ်.. တော်ကြာ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်နေမယ်။ အဲဒါမင်းနည်းနည်းကူပါဦးကွာ”
    “ ကောင်းပြီအကို.. စိတ်ချ၊ ကျွန်တော်အစွမ်းကုန် ကူညီပါ့မယ်။မနက်ဖြန်မနက် သူ့ကို ကျွန်တော်ဆေးခန်းခေါ်သွားလိုက်မယ်။ လိုအပ်တာတွေအကုန်စစ်ပေးလိုက်မယ်ဗျာ။ အကို သူ့ကိုမှာထားလိုက်ပါ..ကျွန်တော်လာခေါ်မယ်လို့။”
    “ အေးအေး..ကျေးဇူးပဲကွာ.. အကိုကျတော့ ညီအစ်ကိုချင်းဆိုတော့ ပြောရတာ လက်ပေါက်ကပ်လို့”
    “ ဟုတ်ကဲ့အကို.. ကျွန်တော် နက်ဖြန်စီစဉ်ပါ့မယ် …စိတ်ချနော်.. ဒါပဲနော်အကို ဖုံးချလိုက်တော့မယ်”
    ဖုံးချလိုက်ပြီး အစီအစဉ်တွေကမန်းကတမ်းဆွဲရသည်။ အလုပ်တွေ အချိန်ရွှေ့သင့်တာရွှေ့နဲ့ပေါ့။
    နောက်နေ့မနက်ကျတော့ စောစောထပြီး မြင့်ထူးကိုသွားခေါ်သည်။ မြင့်ထူးတစ်ယောက် မလိုက်ချင်လိုက်ချင်နဲ့ လိုက်လာပါတယ်။ လူကလည်း ပိန်ချုံးလို့ ဝိတ်တော်တော်ကျသွားတယ်။ ကျွန်တော်သူ့ကို တွဲပြီးလမ်းထိပ်ကို ထွက်လာရင်း မြင့်ထူးက “ဟေ့ကောင်ရဲကြီး.. ငါကော်ဖီသောက်ချင်တယ်ကွာ.. လက်ဖက်ရည်ဆိုင်ခဏထိုင်ရအောင်” လို့ဆိုတော့ ကျွန်တော်က“ ဟာ နေပါဦးကွာ မင်းကလည်း..ဆေးခန်းက အပြန်သောက်တာပေါ့. တကယ်လို့ ဆေးခန်းမှာ အစာမစားပဲ စစ်စရာရှိရင် တစ်ခါတည်း အဆင်သင့်ဖြစ်တာပေါ့ကွ” လို့ပြန်ပြောတော့ မြင့်ထူးက “ ဟာကွာ… ငါမင်းကို ပြောပြစရာရှိလို့ပါ… လက်ဖက်ရည်ဆိုင်သာ င့ါကိုခေါ်သွားစမ်းပါကွာ..ငါတောင်းပန်ပါတယ်” လို့ဆိုပြန်တော့ ကျွန်တော်လည်း မတတ်သာသည့်အဆုံး လမ်းထိပ်က လက်ဖက်ရည်ဆိုင်ကိုဝင်ထိုင်လိုက်ကြပါတယ်။ လက်ဖက်ရည်ဆိုင်ရောက်တော့ ခဏနားပြီး မြင့်ထူးက
    “ သူငယ်ချင်း … မင်းမှတ်မိမလားမသိဘူး ၂၀၀၀ ခုနှစ်လောက်တုန်းက ငါ နိုင်ငံခြားမှာသွားပြီးအလုပ်လုပ်ဖို့လုပ်တုန်းက ကုမ္ပဏီကိုပေးထားတဲ့ ငွေတွေ ဆုံးသွားတယ်ဆိုတာလေ”
    “ ဟ..မှတ်မိတာပေါ့ကွာ…ငါတောင်အဲ့တုန်းက မင်းကိုပြောသေးတယ်လေ.. အဲဒီကုမ္ပဏီကို ငွေပြန်မပေးရင် ပြဿနာသွားရှာမယ်လို့”
    “ အေး.. အဲဒါပြောပြမလို့ကွာ..ငါကမင်းကို အစုံအလင်မပြောပြပဲ အုပ်ထားခဲ့မိတာ.. .. .. တကယ်က ကုမ္ပဏီက မှားတာမဟုတ်ဘူး.. မှားတာက ငါ… ငါဆေးမအောင်တာလေ”
    “ ဟာ…….. မင်းကဘယ်လိုဆေးမအောင်တာတုန်းဟ”
    မြင့်ထူးတစ်ယောက် ကျွန်တော်ပြန်မေးတဲ့မေးခွန်းကို ပြန်မဖြေခင် ချုံးပွဲချငိုလိုက်ရင်းက တုန်ရီသောအသံနဲ့
    “ ငါ့မှာ HIV POSITIVE  တဲ့ကွာ”
    ကျွန်တော့ ခေါင်းတစ်ခုလုံး မိုးကြိုးပစ်ချလိုက်သလိုခံစားလိုက်ရပါတယ်။
    “ ဟာ ……………….မင်းကွာ.. အဲဒါင့ါကို ဘာဖြစ်လို့ အစောကြီးကမပြောပြတာလဲကွာ.. မင်းတော်တော်မှားတယ်ကွာ.. ဘာပဲဖြစ်ဖြစ် မင်းငါ့ကိုတော့ပြောပြသင့်တာပေါ့.. ငါတို့တွေက တစ်ဖက်မှာ နှစ်သိမ့်ပညာပေးအစီအစဉ်တွေကို နယ်တွေအထိတောင်ဆင်းပြီးလုပ်နေကြတာ.. မင်းက ငါတို့နဲ့အနီးဆုံးဖြစ်ပြီး အဲလောက်တောင်ပေါ့ဆရလားကွာ… ”ပြောရင်း ကျွန်တော်လည်း မျက်ရည် မဆည်နိုင်ပါဘူး။ မြင့်ထူးကလည်း ငိုတာမရပ်တော့ဘူး။ ကျွန်တော် အလုပ်သင့်ဆုံးကိစ္စတစ်ခုကို အမြန်ဆုံးအကောင်အထည်ဖော်လိုက်ပါတယ်။ ကျွန်တော်သူ့ကိုပြောလိုက်ပါတယ်။
    “ စိတ်ဓါတ်မကျပါနဲ့ သူငယ်ချင်းရေ.. အေးဆေးပါကွာ။ ဘာမှမဖြစ်ဘူး။ ငါမင်းကိုအဆင်ပြေဆုံးဖြစ်အောင် ကူညီပါ့မယ်။ လတ်တလော မင်းအဲဒီကိစ္စကို ခေါင်းထဲက ထုတ်ထားလိုက်စမ်းပါ၊ တစ်ခုတော့ ရှိတယ် ။ ငါတို့စီစဉ်ပေးတဲ့အတိုင်းတော့ မငြင်းပဲ လိုက်နာပေးဖို့ မေတ္တာရပ်ခံချင်တယ်။”  မြင့်ထူးလည်း မျက်ရည်တွေကြားထဲကနေခေါင်း အသာညိတ်ရှာပါတယ်။
    နောက်တစ်ရက်ကျတော့ ကျွန်တော့သူငယ်ချင်း ဆရာဝန်နဲ့အတူ မြင့်ထူးကိုသွားခေါ်ပြီး ဝေဘာဂီဆေးရုံကြီးကို ခေါ်သွားခဲ့ပါတယ်။ ဆေးရုံကိုရောက်တော့ လိုအပ်တဲ့ Confirmatory Test တွေလုပ်ပြီး စာရင်းသွင်းခဲ့ပါတယ်။ ဟုတ်ပါတယ် မြင့်ထူးဟာ HIV POSITIVE ဖြစ်နေတာအမှန်ပါပဲ။  လက်ရှိခံစားနေရတဲ့ ရောဂါဝေဒနာတွေကို စစ်ဆေးကြည့်တော့ အဆုတ်လည်းပွ နှလုံးလည်း ကြီးနေပါတယ်။ ဒါနဲ့ပဲ ဆေးရုံတစ်ခုမှာတင်ပြီး ဆေးကုသမှုခံယူပါတယ်။ ဆရာဝန်ကြီးက အရင်ဆုံး နှလုံးကြီးတာကို အရင်ကုသပါတယ်။ တော်တော်လေး အခြေအနေတိုးတက်လာတော့မှ မူရင်းရောဂါနဲ့ပတ်သက်တဲ့ဆေးတွေကို စတိုက်ပါတယ်။ သူ့စီဒီဖိုးကောင့်က တစ်ရာအောက်မှာပါ။ ဝမ်းလည်းဆက်တိုက်နီးပါးစသွားနေပါပြီ။ အပြင်လူတွေရဲ့အပြောအရတော့ မြင့်ထူးဟာ မျှော်လင့်ချက်မဲ့နေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ ဇွဲမလျှော့ပါဘူး။ မြင့်ထူး ဆေးရုံတက်နေတဲ့ကာလတလျှောက် ကျွန်တော် မြင့်ထူးကို နေ့တိုင်းသွားတွေ့ပါတယ် ။ လိုအပ်တာတွေ စီစဉ်ပေးပါတယ်။ တော်တော်လေး ထူနိုင်ထောင်နိုင်သွားတဲ့အချိန်ကျတော့ ဆရာဝန်ကြီးက ဆေးရုံဆင်းခွင့်ပြုလိုက်ပါတယ်။ ဒါပေမယ့် မြင့်ထူး လမ်းကောင်းကောင်း မလျှောက်နိုင်တော့ပါဘူး။ အောက်ပိုင်းခြေထောက်တွေ ချိနဲ့သွားတဲ့ သဘောဖြစ်မယ်ထင်ပါတယ်။ စိတ်ဓါတ်လည်း တော်တော်ကျနေတဲ့ပုံပဲဗျ။ ကျွန်တော်စဉ်းစားပါတယ်။ မြင့်ထူးကိုဘာလုပ်ပေးနိုင်မလဲပေါ့။ နောက်ဆုံး ကျွန်တော်စာလေး တစ်စောင်ချရေးဖြစ်ပါတယ်။ မြင့်ထူးရယ်မှမဟုတ်ပါဘူး။ သူ့လိုဘဝတူ အားလုံးကို ရည်ရွယ်ထားတဲ့စာလေးတစ်စောင်ပါ။
    P.L သူငယ်ချင်းသို့…………အိတ်ဖွင့်ပေးစာ
    သူငယ်ချင်းရေ…….
    မင်းအနားမှာလာပြီး ထိုင်ပြောနေရင် မင်းနားငြီးမှာစိုးလို့ စာရေးပြီးမင်းကိုပေးထားမယ်လို့ စိတ်ကူးရတာနဲ့ ဒီစာကိုရေးလိုက်တာပါကွာ. .သေချာဖတ်ပါ… အလိမ်အညာတစ်ခုမှမပါဘူး… အပွင့်လင်းဆုံးတွေရေးထားတာ…
    Positive Living  ( P . L  )
    (P.L)ဆိုတာရောဂါပိုးရှိလျှက်နဲ့အသက်ရှင်နေထိုင်ခြင်းကိုဆိုလိုတာ..ရောဂါပိုးရှိတော့ဘာဖြစ်လဲ? ရှိရှိပေါ့ကွာ..ခန္ဓာကိုယ်အတွင်းကဖြစ်လာတဲ့ဟာကိုရှောင်လွှဲလို့မှမရနိုင်တာ… ရင်ဆိုင်လိုက် စမ်းပါကွာ… ဒီရောဂါပိုးရှိလာရင် ဆေးကိုအချိန်မှန်မှန်၏အသက်နဲ့ခန္ဓာမြဲသရွေ့သောက်ရမယ်… ၀မ်းနည်းစရာဘာမှမရှိဘူး။ သွေးတိုး၊ ဆီးချိုသမားတွေလည်း သက်ဆုံးတိုင် ဆေးသောက် ကြရတာပါပဲ၊ ကိုယ့်ကိုယ်ကို သူတို့နဲ့ဘ၀တူပဲလို့ မှတ်ယူထားလိုက်စမ်းပါ၊ အစားကိုကောင်းကောင်းစား၊ အားဖြစ်မယ့် အစားအစာတွေကို အဓိကစား၊ သတိထားရမှာက စိတ်တည်ငြိမ်ဖို့ပဲ၊အားလပ်တဲ့အချိန် တိုင်းမှာ ဘုရားတရားကိုအာရုံပြု၊ ဖြစ်သမျှအကြောင်းကို အကောင်းချည်းပဲလို့မှတ်ထား၊ မိသားစုကို ဘယ်လိုနည်းနဲ့ အကျိုးပြုနိုင်မလဲဆိုတာလေးလေးနက်နက် စဉ်းစား၊ ပျော်တာပါးတာတွေမေ့ထား လိုက်တော့…..“ သောက်မှစားမှ ပျော်စရာမဟုတ်ဘူး” မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ရင်လည်း ပျော်စရာပါ၊ ဒီနေ့လောကကြီးမှာ ဒီလိုနည်းနဲ့အသက်ရှင်နေထိုင်တဲ့လူတွေ(P.L )တွေအများကြီး၊ အရာရာကိုအကောင်းမြင်ပါ..။
    ဆိုးဆိုးဝါးဝါးဖြစ်ပျက်သွားတဲ့အဖြစ်အပျက်တစ်ခု–ဥပမာ- လူ(၅၀)ကျော်သေဆုံးသွားတဲ့ ပေါက်ကွဲမှုတစ်ခုကိုကြည့်ပြီး အဆိုးမြင်ဝါဒီသမားက ဘာပြောလဲဆိုတော့ “ဒီ့ထက်ဆိုးတာမရှိနိုင်တော့ဘူး”လို့ ပြောတယ်။ အဲ—— အကောင်းမြင်ဝါဒီသမားကတော့ ဒီလိုမဟုတ်ဘူး၊ “ ဒီ့ထက်ဆိုးတာရှိနိုင်သေးတယ်”လို့ပြောတယ်။ အဲဒီနှစ်ယောက် ဘယ်သူမှန်မယ်ထင်လဲ၊ ငါတော့အကောင်းမြင်တဲ့လူကို ထောက်ခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိဖြစ်ပျက်သွားတဲ့ကိစ္စကို မင်းလက်မခံလို့မှမရတာ။ အဆိုးထဲကအကောင်းကို မြင်အောင်ကြည့်ရမှာပေါ့။ မဟုတ်ဘူးလား….ဆိုးတာကိုဆိုးတယ်လို့ပြောပြီး ငုတ်တုတ်ထိုင်နေရင် ဆုံးရှုံးရုံကလွဲပြီး ဘာမှဖြစ်မလာ နိုင်တော့ဘူး။
    လောကမှာကိုယ်ဖြစ်စေချင်နေတာတွေထက် သူ့ဟာသူဖြစ်လာနေတာကို ပြေလည်အောင်ဖြေရှင်းနိုင်ဖို့ ပိုအရေးကြီးတယ်ကွာ။
    ( P.L )တစ်ယောက်အနေနဲ့ မင်းအရင်ဆုံး အနှောင့်အယှက်ဖြစ်လာနိုင်တာက မင်းရဲ့ပတ်ဝန်းကျင်( အပေါင်းအသင်း)တွေပဲ။
    သူငယ်ချင်းရေ…..
    မင်းရဲ့ အပေါင်းအသင်းတွေထဲမှာ ငါ့လိုစကားများတဲ့လူတွေပါနိုင်သလို၊ မင်းကိုမလိုလားတဲ့စကားတွေနဲ့ သွားပုပ်လေလွင့်ပြောပြီး ရှေ့ မှာတစ်မျိုး၊ ကွယ်ရာမှာတစ်ဖုံ ဆက်ဆံကြမယ့် သူငယ်ချင်းအတုအယောင်တွေလည်းရှိနိုင်တယ်။ ဂရုမစိုက်ပါနဲ့…ဒီဟာကလည်း အပြစ်လို့မဆိုသာဘူး။ ငါတို့မွေးဖွားကြီးပြင်းရတဲ့ ဒေသကိုက ဒီကိစ္စနဲ့ပက်သက်ရင် ကျန်းမာရေး ဗဟုသုတ နည်းပါးနေကြလို့ပါ၊ ပြောနေကြတဲ့လူတွေကိုယ်တိုင်ဆေးစစ်မခံရဲဘူး။ ဒေါသမဖြစ်ပါနဲ့။ သူတို့ကိုမေ့ထားလိုက်ပါ။ သူ့ဟာသူအချိန်တန်ရင် ရပ်သွားလိမ့်မယ်။ နောက်ပြီးတော့ အရေးကြီးဆုံးက မိသားစုကိုအသိပေးပါ။ ဆေးသောက်ဖို့ကိစ္စ တစ်ယောက်တည်းနဲ့ ရေရှည်မဖြစ်နိုင်ဘူး။ ရှက်စရာကိစ္စမဟုတ်ဘူး။ သူများပြောမှသိရတာထက် ကိုယ်ပြောလို့သိသွားတာကောင်းတယ်၊ မင်းလည်းလိပ်ပြာပိုသန့်မယ်။
    “ သေခြင်းတရား ”
    ဒီကိစ္စက မင်းနဲ့လည်းမဆိုင်ဘူး။ ငါနဲ့လည်းမဆိုင်ဘူး။ ဒီကိစ္စကိုလောကမှာဘုရားမှလွဲပြီး ဘယ်သူမှ မစိုးပိုင်ဘူး။ ဒီတော့ဘုရားသခင်ကိုကျော်ပြီးမတွေးပါနဲ့။ သူ့အလုပ်သူလုပ်လိမ့်မယ်။ ကိုယ့်အလုပ်က ကျန်းမားအောင်နေထိုင်ဖို့၊ ဘုရားကြိုက်အောင်နေဖို့။ငါတို့အယူဝါဒမှာ ရှိတာ ငါပြောပြမယ်။ “ရောဂါဘယဆိုတာဟာတဲ့ ဘုရားသခင်ကမင်းကိုချစ်လို့ပေးတာတဲ့၊ ဘာဖြစ်လို့လဲဆိုတော့ လူဆိုတာအမှားမကင်းဘူး၊ အပြစ်ဆိုတာရှိနိုင်တယ်။ အဲဒီအပြစ်တွေကို ဆေးကြောပေးတာပဲ”တဲ့။ ဒီတော့လောကမှာ နေထိုင်ခွင့်ရတုန်း အပြစ်တွေဆေးကြောခွင့်ရတယ် လို့မှတ်ယူထားလိုက်ပေါ့ကွာ။လောကကြီးမှာ “ ကြည့်တတ်ရင် ဘာဝနာ၊ မကြည့်တတ်ရင်တဏှာတဲ့” တရားဘာဝနာစီးဖြန်းဖို့ အားထုတ်ပါ။
    လောကမှာအသက်ရှင်နေထိုင်ဖို့ “ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ” ညီမျှရမယ်လို့ ဗုဒ္ဓမြတ်စွာဘုရားကမိန့်တယ်။ ကံဆိုတာ အလုပ်၊ စိတ် ဆိုတာက မင်းရဲ့စိတ်နှလုံးသန့်ရှင်းကြည်လင်ဖို့၊ ဥတုဆိုတာက ရာသီဥတု၊ အာဟာရဆိုတာက မင်းနေ့စဉ် မှီဝဲစားသောက်ရမယ့် အစားအစာ ဆေးကိုဆိုလိုတာ…အသက်ကိုဥာဏ်စောင့်ပါတယ်ကွာ….။
    သူငယ်ချင်းရေ……
    ဒီနေ့ကမ္ဘာကြီးဟာ လျှင်မြန်တဲ့အဟုန်နဲ့ ပြောင်းလဲတိုးတက်နေတာကွ… ဘယ်နယ်ပယ်မှာမဆိုပေါ့ကွာ….အခုပဲကြည့်လေ.. “ကုရာနတ္ထိ ဆေးမရှိ”ဆိုတဲ့ဆောင်ပုဒ် ဘယ်ရောက်သွားမှန်းတောင်မသိဘူး။ အခုနောက်ဆုံးငါသိထားရသလောက်ပြောရရင် အမြစ်ပြတ် မကုနိုင်သေးပေမယ့် ရောဂါကိုတားထားနိုင်တဲ့ဆေးတွေပေါ်လာပြီလေ။ မဝေးတော့တဲ့အနာဂတ်မှာ ဒီရောဂါဆိုးကြီးကို အမြစ်ပြတ်ချေ မှုန်းနိုင်တဲ့ ဆေးစွမ်းကောင်းတွေ ပေါ်မလာဘူးလို့ ဘယ်သူဆိုဝံ့သလဲ……. လူဆိုတာမျှော်လင့်ချက်နဲ့ အသက်ရှင်နေရတာပါကွာ…
    ဒီတော့ “သူငယ်ချင်း”…..
    ရခဲတဲ့လူ့ဘ၀မှာ အသက်ရှည်စွာနေထိုင်နိုင်ဖို့ ကြံ့ကြံ့ခံစမ်းပါသူငယ်ချင်းရာ။ “ ငါဘာမှမဖြစ်ဘူး၊ငါကျန်းမာလာပြီ”လို့ စိတ်ထဲမှာခံယူထားပါ။ စိတ်ရှုပ်စရာတွေ မတွေးပါနဲ့… အိမ်ထဲမှာနေ နေရလို့ မွန်းကျပ်လာရင် ငါတို့နဲ့လာနေပါ၊ပျော်ရွှင်စွာနေပါ။
    မင်းနေကောင်းသွားပြီလို့ ငါယုံကြည်တယ်ကွာ…. တစ်ခုခုစိတ်ထဲမှာ ခံစားရရင် ဒီစာလေးကို ထုတ်ဖတ်ပါသူငယ်ချင်း။ မင်းအတွက်ဆေးတစ်ခွက်ဖြစ်ရင် ငါကျေနပ်ပါတယ်ကွာ…… သူငယ်ချင်း ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ပါစေ။
    မင်းရဲ့အချစ်ဆုံးသူငယ်ချင်း
    ရဲကြီး
    နောက်ရက် မြင့်ထူးဆီသွားတော့ သူက ကျွန်တော့်စာလေးအတွက် ကျေးဇူးတင်တဲ့အကြောင်း သူ့စိတ်ခွန်အားတွေ ပြန်ပြည့်လာသလိုခံစားရကြောင်း။ ဘယ်သူ့ကိုမှ အသိမပေးခဲ့မိတဲ့ သူ့အမှားတွေအတွက်လည်း နောင်တရမိကြောင်း၊ ခုဆိုရင် တော်တော်လေး နေသာထိုင်သာရှိသွားပြီး ဆေးလည်းအချိန်နဲ့တိတိကျကျသောက်နေတဲ့အကြောင်း မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေပြီး ဘုရားတရားလည်း ပိုလုပ်ဖြစ်ကြောင်း။တကယ့်လူ့ဘဝကို အခုမှ တန်ဖိုးထားမိကြောင်းတွေ ရွှန်းရွှန်းဝေအောင်ပြောနေပါတော့တယ်။ ကျွန်တော်ကလည်း ရောဂါဘယတစ်ခုဖြစ်လာရင် စိတ်ဓါတ်အရေးကြီးကြောင်း စိတ်ထောင်းလို့ကိုယ်ကြေတယ်လို့ အဆိုရှိကြောင်း ၊ ကုသမှုခံယူရင်း လူကောင်းနဲ့မခြား လောကအကျိုးပြုလုပ်ငန်းတွေ လုပ်နိုင်ကြောင်း ပြောပြပါတယ်။ အောက်ပိုင်း ချိနေတာကိုလည်း တဖြေးဖြေး လေ့ကျင့်ခန်းလုပ်ရင်း တော်တော်ပြန်ကောင်းလာတာကိုလည်း တွေ့ရပါတယ်။ ကျွန်တော့ရင်ထဲက ပီတိအဟုန်ကိုလည်းပြောမပြတတ်အောင် ခံစားမိခဲ့ပါတယ်။
    ဘယ်လောက်ကြာအောင် အတွေးနယ်ချဲ့နေမိသည်လည်းမသိ။  “ဟေ့ကောင်..ရဲကြီး..ဘာတွေစဉ်းစားနေတာလဲကွ၊ မင်းကိုခေါ်နေတာကြာလှပြီ” ဆိုတဲ့ မြင့်ထူးရဲ့အသံကြားမှ ကျွန်တော်  လက်ဖက်ရည်ဝိုင်းထဲကို ပြန်အာရုံဝင်လာပါတယ်။
    “ဘာရယ်မဟုတ်ပါဘူးကွာ.. တောင်တောင်အီအီလျှောက်စဉ်းစားနေတာ..ဟဲဟဲ” မြင့်ထူးက“ အေးပါ.. မင်းကသာ လျှောက်စဉ်းစားနေတာ…ကြည့်လည်းလုပ်ဦး ခေါင်းတွေဖြူကုန်ဦးမယ်..  ငါဆို တစ်ခါတစ်လေ မင်းတို့နဲ့တွေ့ရင် ကိုယ့်ကိုယ်တောင်မေ့နေတာ.. ဒါနဲ့ ဒီတစ်ပတ်မင်းတို့ နှစ်သိမ့်ပညာပေး ခရီးသွားရင် ငါ့ကိုခေါ်ဦးနော်.. ငါဆေးတွေသေချာဆောင်ပြီးလိုက်ခဲ့မယ်… င့ါဘဝရဲ့ အဖြစ်သနစ်တွေကိုပြပြီး ငါနဲ့ဘဝတူတွေကို စိတ်ဓါတ်မြှင့်တင်ပေးဖို့ငါအရမ်းကိုအာသီသ ရှိနေတယ်ကွာ…  ငါ့ကိုခေါ်သွားဖို့တော့မမေ့ပါနဲ့ကွာ…။” ကျွန်တော်သူ့ကိုကြည့်ရင်း ကြည်နူးပီတိ ဂွမ်းဆီထိသို့ ဖြစ်ရပါလေတော့သတည်း။
    (သူငယ်ချင်း မြင့်ထူး ကျန်းမာရွှင်လန်းစွာဖြင့် လူ့လောကကို အကျိုးပြုရင်း သက်တမ်းစေ့နေထိုင်နိုင်သွားပါစေလို့ ဆန္ဒပြုရင်း 2012 DECEMBER 1 ရက်နေ့မှာ ကျရောက်မယ့် WORLD AIDS DAY ကို ဤဖြစ်ရပ်မှန်ဆောင်းပါးဖြင့် ဂုဏ်ပြု ရေးဖွဲ့ပါသည်။)
    Ye Man Aung (29-11-2012)
  • ကျွန်တော် မရူးချင်ပါ! (ကမ္ဘာ့ခွေးရူးပြန်ရောဂါ ကာကွယ်ရေးနေ့ အထိမ်းအမှတ်)
    ကျွန်တော် မရူးချင်ပါ! (ကမ္ဘာ့ခွေးရူးပြန်ရောဂါ ကာကွယ်ရေးနေ့ အထိမ်းအမှတ်)
    စက်တင်ဘာ၊ ၂၈ ၊၂၀၁၂
    M-Media
    Dr-Raihana
    လမ်းမီးအလင်းရောင်မရှိသော လမ်းကလေးတွင် လရောင်၏ အားကိုးနှင့် ကောင်လေးတစ်ယောက် လမ်းလျှောက်လာနေသည်။ တစ်ချက်တစ်ချက် အမြန်လျှောက်လိုက်၊ တစုံတခုကို တွေးမိဟန်နှင့် ခြေလှမ်းတွေ နှေးသွားလိုက်နှင့်။
    ကောင်လေးက လမ်းလျှောက်နေရင်း ရုတ်တရက် ရပ်၍ လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်လိုက်ပြီး အသားတွေ တဆတ်ဆတ်တုန်လာကာ တက်ခေါက်လိုက်ဟန်က သည်ကလေးအရွယ်လေးနှင့် ဘယ်လိုမှ မအပ်စပ်ချေ။
    သူရပ်လိုက်သည့်နေရာက လမ်းထိပ်အုတ်ခုံလေးရှိရာ ဖြစ်နေသည်။ လက်သီးဆုပ်တွေကို ဖြေလိုက်ပြီး ဟင်းခနဲ သက်ပြင်းရှည်ကြီး ချလိုက်သည့်အခါ စောစောက မာန်နှင့်တင်းထားပုံ ချက်ချင်းပျောက်ပြီး သူ့ကိုယ်လေးပင် ကျုံ့ဝင်သွားသယောင် ထင်ရသည်။ အုတ်ခုံလေးပေါ် ထိုင်ချလိုက်ပြီး သူ မရှိုက်ဘဲ မျက်ရည်တွေ ကျလာပါ၏။
    ****************************************************************************
    ကျွန်တော်အသက် ၁၀ နှစ် အရွယ်မှစ၍ အပြင်အလုပ်စလုပ်ရသည်မှာ အခုဆို နှစ်နှစ်ရှိပြီ။ ကျွန်တော် ကျောင်းမဆက်တက်တော့ပေမယ့် ညီမလေးကိုတော့ ပညာတတ်ဖြစ်စေချင်ပါသည်။ ထို့ကြောင့်လည်း ကျွန်တော် ကြိုးစား၍ ငွေရှာသည်။
    လွန်ခဲ့သည့်နှစ်နှစ်၊ အဖေဆုံးသည့်နှစ်တွင် ညီမလေး ကျောင်းစတက်ရသည်။ ကျောင်းသားနှစ်ယောက်၏ စရိတ်နှင့် အိမ်စရိတ်သည် မေမေ့လုပ်အား တစ်ခုတည်းနှင့် မမျှသောအခါ ကျွန်တော်ကျောင်းထွက်ပြီး အဖေလုပ်ခဲ့သော အိမ်ဆေးသုတ်သည့် အဖွဲ့တွင် ဝင်လုပ်သည်။ ဆေးအနံ့ရလျှင် ကျွန်တော် နှာချေတတ်သည်မှလွဲ၍ ထိုအလုပ်လုပ်ရသည်မှာ အဆင်ပြေပါသည်။
    ***************************************
    မေမေထည့်ပေးသော ထမင်းဗူးကို လွယ်အိတ်ထဲထည့်ကာ ကျွန်တော် အိမ်က ထွက်လာသည်။ မနေ့ညက အလုပ်မှအပြန် မိုးမိထား၍ ဒီနေ့ နှာရည်ယိုနေသည်။ လက်ရှိ ဆေးသုတ်ပေးနေရသော အိမ်မှာ တစ်မှတ်တိုင်ခန့်သာ ဝေး၍ လမ်းလျှောက်သွားလိုက်သည်။
    ဒီနေ့မှ ကျွှန်တော်တို့အဖွဲ့မှ ဦးလေးကြီးတစ်ယောက်က အလုပ်မလာပေ။ သူ့သားလေးခွေးကိုက်ခံရလို့ ဆေးရုံတင်ထားရသည်တဲ့။ “ခွေးကိုက်ခံရရင် ကာကွယ်ဆေးထိုးရတယ်ကွ၊ ထွန်းမြင့်က သူ့သားလေး ခွေးကိုက်ခံရလို့ ဆေးခန်းတော့ သွားပြတယ်၊ ခွေးရူးကာကွယ်ဆေးက လေး၊ ငါးလုံး ထိုးရမယ်၊ တစ်လုံးကို တစ်သောင်းကျော်တယ်ဆိုတော့ မလွယ်ဘူးပေါ့ကွာ” ဟု နောက်ဦးလေးတစ်ယောက်က ပြောသည်။ ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်သွား၏။ ကျွန်တော်တို့ ရပ်ကွက်မှာလည်း ခွေးလေခွေးလွင့်တွေ ပေါသည်။
    တစ်နေကုန် အလုပ်လုပ်လိုက်တော့ ဆေးအနံ့တွေကြောင့် ကျွန်တော့်နှာခေါင်းက ပိုဆိုးလာပြီး ခေါင်းလည်းကိုက်၊ မျက်စိများပါ ဝေလာ၏။ အလုပ်သိမ်းတော့ လူက ဖျားချင်နေပြီ။
    ဦးလေးကြီးတို့ကို မစောင့်ဘဲ ကျွန်တော် တိုက်အောက်သို့ ဆင်းလာလိုက်၏။ လှေကား အောက်ဆုံးအထစ်သို့ အရောက်၊ တိုက်ရှေ့တွင် ရန်ဖြစ်နေကြသော ခွေးအုပ်ထဲမှ ခွေးတစ်ကောင်က ဂိန်ခနဲ အော်ပြီး လှေကားထဲ ပြေးဝင်လာ၏။ ကျွန်တော် ရှောင်ချိန်မရလိုက်။ ခြေသလုံးက ပူပြီး၊ ရင်ဘတ်ထဲတွင် ကျဉ်သွား၏။ ” ဟာ၊ ကောင်လေးကို ခွေးကိုက်သွားပြီဟေ့ “ ဟု အော်ကာ ဦးလေးကြီးတို့ ပြေးဆင်းလာကြသည်။
    ******************************************
    ဆေးခန်းရောက်တော့ ဆရာဝန်က အနာကို ဆေးပေးပြီး မေးခိုင်ကာကွယ်ဆေး ထိုးပေးသည်။ တစ်ဆက်တည်း ခွေးရူးကာကွယ်ဆေးထိုးရန် ရှင်းပြ၏။ လိုအပ်သော ငွေပမာဏကို ကျွန်တော် ဘယ်ကရမည်နည်း၊ တွေးရင်း ကျွန်တော် ခြောက်ခြားလာပါသည်။
    ******************************************
    အိမ်ရောက်တော့ ထမင်းမစားဘဲ အိပ်လိုက်သည်။
    ကျွန်တော့် အိပ်မက်ထဲတွင် ကျွန်တော် ဆောက်တည်ရာမရ ပြေးနေသည်၊ ညီမလေးက ကျွန်တော့်ကို ကြည့်ပြီး ‘ ကြောက်တယ်၊ ကြောက်တယ်၊ မလာနှင့်၊ မလာပါနှင့် ‘ ဟု အော်ကာ ပြေး၏၊ ညီမလေးကို ကြည့်ပြီး ကျွန်တော် သနားသွားသည်၊ ကိုယ့်ကိုကိုယ်လည်း ထိန်းချုပ်၍ မရ၊ ကျွန်တော် အိမ်အောက်ကို ဆင်းပြေးတော့ အိမ်ရှေ့တွင် ကစားနေသော ကလေးတွေက ‘ ခွေးရူးကြီး၊ ခွေးရူးကြီး ‘ ဟု အော်ကာ ကြောက်လန့်တကြား ပြေးကုန်၏၊ ကျွန်တော့်ပါးစပ်က သွားရည်များလည်း ကျနေ၏၊ ကလေးတွေ နောက်ကို ပြေးလိုက်ရင်း ကျွန်တော့် ခြေတွေ၊ လက်တွေ ကွေးကောက်ကုန်လေသည်၊ မြေပေါ်လဲကျကာ ပါးစပ်မှ အမြှုပ်တစီစီ ထွက်ပြီး တဆတ်ဆတ်တုန်နေသော ကျွန်တော့်ကို အိပ်မက်ထဲတွင် ကျွန်တော် ခြောက်ခြားစွာ မြင်နေခဲ့ရလေသည်။
    *******************************************
    သန်းခေါင်ယံတွင် ချွေးစေးတွေ ပြန်ကာ ကျွန်တော် လန့်နိုးလာ၏။ ကျွန်တော် ဘာလုပ်ရမည်နည်း။ ကျွန်တော်ချစ်သော မေမေနှင့် ညီမလေးကိုတော့ ကျွန်တော့်ကြောင့် ဒုက္ခမရောက်စေနိုင်ပါ။ ကျွန်တော့်ကြောင့် မေမေတို့ ထိခိုက်မည့်အစား ကျွန်တော် မရှိတော့သည်ကမှ ကောင်းပါဦးမည်။ ကျွန်တော် ဆုံးဖြတ်ပြီး ညီမလေးကာ ဖက်ပြီး အိပ်နေသော မေမေ့ကို သွားကြည့်သည်။ ဒါ ကျွန်တော် မေမေတို့ကို နောက်ဆုံးမြင်ခွင့်ရခြင်းလား။
    ငိုချင်စိတ်ကို ချိုးနှိမ်ပြီး ကျွန်တော် အိမ်က တိတ်တိတ်လေး ထွက်လာလိုက်သည်။
    ခပ်သုတ်သုတ်လျှောက်လာရင်း အိမ်နှင့် ဝေးလာတော့မှ ကျွန်တော်တွေးမိသည်။ ကျွန်တော့်ကိုယ်ကျွန်တော်? မည်ကဲ့သို့ အဆုံးသတ်ရမည်နည်း? ကြားဖူးနားဝ နည်းလမ်းတွေ စဉ်းစားကြည့်သော်လည်း တစ်ခုမှ မလုပ်ဝံ့။
    ” အဲဒီခွေးကိုက်လို့ သေချာပေါက် ခွေးရူးဖြစ်မယ်လို့တော့ မဟုတ်ဘူးပေါ့၊ အကယ်၍ ရောဂါရှိနေတဲ့ ခွေးဖြစ်နေရင် ရောဂါကူးစက်ခံရရင် ဖြေဆေးမရှိလို့သာ ကာကွယ်ဆေးကို မဖြစ်မနေ ထိုးသင့်တာ” ဟု ဆရာဝန်ပြောခဲ့စကားကို ရုတ်တရက် သတိရလာတော့ ကျွန်တော် မျှော်လင့်ချက်ပြန်ရှိလာသည်။ ကျွန်တော့်ကို ကိုက်သောခွေးသည် ရောဂါမရှိသောခွေး ဖြစ်နိုင်သည်မဟုတ်လား။ အိမ်ပဲ ပြန်တော့မည်။ လရောင်အေးအေးအောက်တွင် ကျွန်တော် ခပ်မြန်မြန် လျှောက်လာလိုက်၏။ မတော်တဆ မေမေနိုးလာလို့ ကျွန်တော့်ကို မတွေ့လျှင် စိတ်ပူနေတော့မည်။
    ဦးလေး ဦးထွန်းမြင့်၏သား ဆေးရုံတက်ရတာကို တွေးမိတော့ ကျွန်တော် အိမ်ပြန်ရန် အားပျော့သွားပြန်သည်။ ခြေလှမ်းတွေ လေးကုန်၏။ ကျွန်တော်မရှိတော့လျှင် ကျွန်တော့်ကို ရှာနေမည့် မေမေ့ကို မြင်မိတော့ ကျွန်တော့် ခြေလှမ်းတွေ ပြန်သွက်လာပြန်၏။
    မကြာပါ၊ ကျွန်တော့်အိပ်မက်ထဲက မြေပြင်ပေါ်လဲကျနေသောပုံစံက ဗြုန်းဆို ကျွန်တော့်အာရုံမှာပေါ်လာတော့ ကျွန်တော် ဆက်မလျှောက်နိုင်ဘဲ ရပ်လိုက်ရသည်။ အသားတွေ တဆတ်ဆတ်တုန်လာပြီး လက်သီးကို အားကုန်ကျစ်ထားမိသည်။ ” တောက် !”
    ဖေဖေ့ကို သတိရတော့ ကျွန်တော် သိပ်ကို အားငယ်သွားပါသည်။ သက်ပြင်းရှည်တစ်ခု ချလိုက်သောအခါ တင်းထားသမျှတွေ ပြိုကျသွားသလို အားကုန်သွား၏။ ဘေးက အုတ်ခုံလေးပေါ် ထိုင်ချလိုက်ပြီး ကျွန်တော် မျက်ရည်တွေ ကျလာသည်။
    *************************************************************
    မှုန်ပျပျသာ လင်းနေသော လမ်းကလေးထက်ရှိ အုတ်ခုံပေါ်တွင် ကောင်လေး ထိုင်နေသည်။ ကောင်လေးက ကျလာသည့် မျက်ရည်တွေကိုလည်း သုတ်မပစ်။ တဖြည်းဖြည်းနှင့် ကောင်လေး၏ ရှိုက်ငိုသံက ပျံ့လာသည်။
    လမင်းကို တိမ်ဖုံးသည့်ခဏ လမ်းကလေးက မှောင်မိုက်သွားသည်။ ကောင်လေး၏ ငိုသံသဲ့သဲ့ကတော့ ပျောက်မသွား။ ကောင်လေးက ထိုင်နေဆဲ၊ ရှိုက်၍ ရှိုက်၍ ငိုနေဆဲ……။
    ***********************************************************************