News @ M-Media
Category: ဆောင်းပါး
  • သမ္မတနှင့် သားသတ်သမားတို့၏ လောင်းကြေးထပ်ခံရသည့် အာဖဂန်နိုင်ငံရေးအခင်းအကျင်း
    သမ္မတနှင့် သားသတ်သမားတို့၏ လောင်းကြေးထပ်ခံရသည့် အာဖဂန်နိုင်ငံရေးအခင်းအကျင်း
    အောက်တိုဘာ ၁၀၊ ၂၀၁၆
    M-Media
    kabul
    အာဖဂန်နစ္စတန်၊ ကဘူးလ်မြို့တွင် ဂူလ်ဘွတ်ဒီးန် ဟိက်မတ်ယာ ဦးဆောင်သော ဟိဇ်ဘီအစ္စလာမီအုပ်စုနှင့် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးနေသည့် အရှ်ရဖ် ဂနီ
    – ကဘူးလ်မြို့၏သားသတ်သမား ဂူလ်ဘွတ်ဒီးန် ဟိက်မတ်ယာနှင့် သဘောတူညီချက်ရယူလိုက်သော အာဖဂန်သမ္မတအဖို့ နိုင်ငံရေးအရ အသာစီးရသွားသော်လည်း ယင်းလုပ်ဆောင်ချက်က နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်ပေါ်လာစေနိုင်သည်။
    ပြီးခဲ့သည့်သီတင်းပတ်က အာဖဂန်အစိုးရသည် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် စစ်ဘုရင် တဖြစ်လဲ ၀န်ကြီးချုပ်ဟောင်း ဂူလ်ဘွတ်ဒီးန် ဟိက်မတ်ယာနှင့် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးခဲ့ရာ မျှော်လင့်ချက်ရော စိုးရိမ်စရာပါ မြင့်တက်လာခဲ့သည်။ အဓိကရသောင်းကျန်းသူအုပ်စုတစ်စု၏ ခေါင်းဆောင်ဖြစ်သူမှ ပထမဆုံး လက်နက်ချရန် သဘောတူညီခြင်း၊ နိုင်ငံ့ဥပဒေအောက်၌ ခိုလှုံခြင်းနှင့် မြေပေါ်နိုင်ငံရေးလမ်းကြောင်းသို့ ၀င်ရောက်ခြင်းဖြစ်၍ အဆိုပါသဘောတူစာချုပ်သည် မျှော်လင့်ချက်ကို သယ်ဆောင်လာစေသည်။
    သို့သော် ဟိက်မတ်ယာ၏ ဦးလှည့်ခြင်းက နိုင်ငံရေး၊ စစ်ရေးနှင့် လူမှုပြဿနာများအား ဒလဟော သွန်ချပေးလိုက်သလို ဖြစ်သွားနိုင်ပေသည်။ နိုင်ငံ့အနာဂတ်ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနိုင်၏။
    “ကဘူးလ်မြို့မှသားသတ်သမား” ဟု အမည်တွင်သည့် ဟိက်မတ်ယာထံ၌ အငြင်းပွားဖွယ်သမိုင်းကြောင်း ရှိနေသည်။ လွန်ခဲ့သော နှစ် ၃၀ ကျော်က သူသည် ကွန်မြူနစ်ခေါင်းဆောင်များနှင့်အတူ အာဏာသိမ်းရန် အနည်းဆုံးနှစ်ကြိမ် ကြံစည်ဖူးသည်။ သို့သော် မအောင်မြင်ခဲ့ပေ။
    ၁၉၉၀ နှစ်များမှ အာဖဂန်ပြည်တွင်းစစ်ပွဲကာလအတွင်း သူ၏ အာဏာရရေးကြိုးပမ်းမှု၌ ဥဇဘက်ခေါင်းဆောင် ဗိုလ်ချုပ် အဗ်ဒုလ်ရရှီးဒ်ဒေါ့စ်သူးမ်နှင့် ဟာဇရာခေါင်းဆောင် အဗ်ဒုလ် အလီ မဇာရီ စသော သူ၏ ဂိုဏ်းကွဲမဟာရန်သူတော်များနှင့်ပင် မဟာမိတ်ဖွဲ့ခဲ့သူဖြစ်သည်။
    ၎င်းနောက် မဟာမိတ်အားလုံးနီးပါးများထံမှ ခွဲထွက်ဘက်ပြောင်းပြီး မိမိ၏ကျော်စောမှုနောက်ကိုသာ အဖန်တလဲလဲ လိုက်ပါသူဖြစ်၍ စဉ်းလဲကောက်ကျစ်သည့်၊ ယုံကြည်ကိုးစားမှုနှင့်မထိုက်တန်သည့် စရိုက်သဘာဝ ရှိနေသည်။
    အကြံကြီးမှုများ
    လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်က သူသည် နိုင်ငံအများအပြားမှ ထောက်လှမ်းရေးအေဂျင်စီများနှင့် ပတ်သက်ဆက်နွှယ်ခဲ့သူလည်းဖြစ်သည့်အပြင်၊ အလွန်အကြံကြီးပြီး အာဏာအတွက် ရက်စက်ရန် လက်မတွန့်သူတတ်သူ ဖြစ်ခဲ့၏။
    အာဖဂန်ပြည်တွင်းစစ်အတွင်း သမ္မတဖြစ်ရေးတိုက်ပွဲတွင် ဟိက်မတ်ယာသည် ကဘူးလ်မြို့အား ဒုံးကျည်များ ထောင်ချီသုံးကာ ဗုံးမိုးရွာစေခဲ့သဖြင့် သောင်းနှင့်ချီသော မြို့နေလူထုများ သေကြေဒဏ်ရာရခဲ့ကြသည်။
    သူသည် မိမိ၏ပြိုင်ဖက်များကို အမြစ်လှန်နိုင်ရန်၊ အာဏာရရှိရန် လူမျိုးရေးတင်းမာမှုများကို သွတ်သွင်းမီးမွှေးခဲ့သဖြင့် နာမည်ဆိုးတွင်ထားသူလည်း ဖြစ်ပြန်သည်။ ဤငြိမ်းချမ်းရေးစာချုပ်သစ်တွင် သူ၏နောက်ကြောင်းရာဇ၀င်ကဏ္ဍတိုင်းက သူ၏ ကြမ်းကြုတ်ရက်စက်ခြင်းနှင့် အာဏာမက်မောခြင်းအား ညွှန်ပြလျက်ရှိနေသည်။
    ကဘူးလ်မြို့ရှိ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ ဖြစ်လွယ်ပျက်လွယ် အပြောင်းအလဲများနိုင်သော အနေအထား၌ရှိနေ၏။ နိုင်ငံ့ဒေသအများအပြားတွင် မလုံခြုံမှုများက အဆက်မပြတ် ခြိမ်းခြောက်နေ၏။ ၂၀၁၄ ခုနှစ်က ဖွဲ့စည်းတည်ထောင်သော အမျိုးသားညီညွတ်ရေးအစိုးရ – National Unity Government (NUG) အတွင်း၌ အုပ်စုကွဲအားပြိုင်နေမှုများက ဤအပြောင်းအလဲများနိုင်သော အခြေအနေကို ထပ်မံအားဖြည့်ပြီး လူမျိုးရေးတင်းမာမှုအား အသစ်တဖန် မြင့်တက်သွားစေခဲ့သည်။
    ဗဟိုအစိုးရ၏ ပျော့ကွက်က စစ်ဘုရင်များကို အင်အားဖြည့်ပေးရာရောက်ပြီး အာဏာကို အချည်းနှီး ဖြစ်စေခဲ့သည်။ အာဖဂန်နစ္စတန်သို့ ဟိက်မတ်ယာ၏ ပြန်လှည့်လာမှုသည် နိုင်ငံရေးအခင်းအကျင်းအား ထပ်ဆင့် ရှုပ်ထွေးစေနိုင်သည်သာမက နိုင်ငံရေး၊ လူမျိုးရေးနှင့် ဂိုဏ်းကွဲတင်းမာမှုများဆိုင်ရာ လှိုင်းဂယက်တစ်ခု အသစ်တဖန် ဖုံးလွှမ်းလာနိုင်ပေသည်။
    အကယ်၍ သူသည် ပြည်တွင်းစစ်ကာလအတွင်း ပြုမူခဲ့သကဲ့သို့ အာဏာရရှိရေးနှင့် ပြိုင်ဖက်ဖြိုလှဲရေးအတွက် လူမျိုးရေးကို ရှေ့ဆက်အသုံးချသည့် လမ်းကြောင်းကို ရွေးချယ်ပါက လူမျိုးရေးတင်းမာမှုများကို ထပ်မံ ဆိုးရွားလာစေတော့မည်ဖြစ်သည်။
    kabul-2
    ကဘူးလ်မြို့ အာဖဂန်အစိုးရနှင့် ဂူလ်ဘွတ်ဒီးန် ဟိက်မတ်ယာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားထုတ်လွှင့်ချက်ကို စိတ်ဝင်တစားစောင့်ကြည့်နေကြသည့် အာဖဂန်ပြည်သူများ 
    ၁၉၈၀ ခုနှစ်များကပင် ဟိဇ်ဘီ အစ္စလာမီသည် တာဂျစ်တို့၏ အဓိကအုပ်စုကွဲတစ်ခုဖြစ်သော ဂျမအတ်သီ အစ္စလာမီနှင့် ပြိုင်ဖက် ဖြစ်နေခဲ့၏။ ဤနိုင်ငံရေးပြိုင်ဖက် လက်နက်ကိုင်အုပ်စုနှစ်စုလုံးမှာ ဒီမိုကရေစီဘက်တော်သားများဖြစ်သော်လည်း ဟိက်မတ်ယာ၏ ဦးလှည့်လာမှုမှာကား နိုင်ငံရေးအရရော၊ ၎င်းတို့အကြား ပြင်းထန်သည့်ပဋိပက္ခကိုပါ မီးထတောက်စေမည့် အဓိကလောင်စာတစ်ရပ်ဖြစ်နေပေသည်။
    ခေတ်သစ်အာဖဂန်နစ္စတန်၌ လက်ခံကျင့်သုံးနေသော လွတ်လပ်စွာဖော်ထုတ်ခွင့်နှင့် ရေးသားတင်ပြခွင့်၊ အမျိုးသမီးများအခွင့်အရေး၊ အပြန်အလှန်လေးစားမှုအခြေတည် နိုင်ငံရေးပြိုင်ဆိုင်ခြင်း အစရှိသည်တို့အပေါ် ဟိက်မတ်ယာဖက်မှ လက်ခံသည့် အရိပ်အယောင် မပြသနိုင်သေးပေ။
    နိုင်ငံရေးခြေလှမ်းသာဖြစ်သည်
    ဟိက်မတ်ယာအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ခေါ်ဆောင်လိုက်သည့် သမ္မတ အရှ်ရဖ် ဂနီ၏ ပင်မရည်ရွယ်ချက်သည် နိုင်ငံရေးအရသာဖြစ်၏။
    စောင့်ကြည့်မှုအရ NUG ၏ ပုံဖော်ချက်ဖြစ်သော အာဏာခွဲဝေခြင်း သဘောတူညီချက်အရ ဟိက်မတ်ယာသည် သူ၏ပြိုင်ဖက် အမှုဆောင်ချုပ် အဗ်ဒုလ္လာဟ်အဗ်ဒုလ္လာဟ်နှင့် သူ့အုပ်စုကို ပခုံးချင်းယှဉ်နိုင်မည့် အခြေခံပါဝါလိုအပ်ချက်များ လစ်ဟင်းလျက်ရှိနေသေးသည်။
    ဟိက်မတ်ယာ၏ တစ်ကျော့ပြန်လာခြင်းက သူ၏ပြိုင်ဖက်အုပ်စုကွဲ ဂျမအတ်သီ အစ္စလာမ်မီအုပ်စုမှ အာဏာရလာသည့် အဗ်ဒုလ္လာဟ်နှင့် ဂနီတို့အကြားရှိ သြဇာချိန်ခွင်လျှာအား ထိုးနှက်မှု ဖြစ်လာနိုင်၏။ သမ္မတ ဂနီ၏ လူမျိုးနွယ် ပက်ရှ်တွန်းမှ မျိုးကွဲအုပ်စုဖြစ်သော အရှေ့ပိုင်းဂီလ်ဇာအီတို့အကြားရှိ ဟိက်မတ်ယာ၏သြဇာလွှမ်းမိုးမှုက ဂနီအတွက် အဗ်ဒုလ္လာဟ်နှင့် ဂျမအတ်အုပ်စု၏ ဖိအားပေးမှုအပေါ် ရင်ဆိုင်ရေး၌ အသုံးတည့်လှချေသည်။
    ထို့အပြင် ဂနီအတွက် ၂၀၁၄ ခုနှစ်တွင် အနားယူသွားပြီး အာဏာပြန်လည်ရယူရန် အပူတပြင်းဖြစ်နေသော သမ္မတဟောင်း ဟာမစ်ကာဇာအီ(ဟာမစ်ကာဇိုင်း)၏ သြဇာနှင့်အာဏာကို ချိန်ညှိထိုးဆွခြင်း၌လည်း အထောက်အကူဖြစ်စေနိုင်၏။ NUG အတွင်း မညီညွတ်မှုကြောင့် အာဖဂန်နစ္စတန်၏ ပြည်တွင်း နိုင်ငံရေးနှင့် လုံခြုံရေးအနေအထား ပိုမို ဆိုးဝါးလာရသည်ဟု လူအများက ယုံကြည်လျက်ရှိကြသည်။
    ဟိက်မတ်ယာ၏ နိုင်ငံရေးသမိုင်းက ကာဇာအီထက် ပိုမိုခြေလှမ်းကျယ်သဖြင့် Loya Jirga (ခေါ်) နိုင်ငံရေးအကူးအပြောင်းတစ်ရပ်ဖြစ်သော အမျိုးသားရေးညှိနှိုင်းတိုင်ပင်မှု ထပ်မံပျက်ပြယ်မသွားအောင် လိုအပ်သည်ရှိသော် ကာဇာအီ၏ အာဏာပြန်ရရေးအပေါ် ကာကွယ်ခြင်း၌ ဟိက်မတ်ယာအနေနှင့် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လာပေမည်။
    ဤသဘောတူညီချက်အား ဖြစ်မြောက်စေရေးနှင့်ပတ်သက်ပြီး ပါကစ္စတန်၏သဘောထားကမူ ပဟေဠိ ဖြစ်နေဆဲပင်။ ပါကစ္စတန်က ဟိက်မတ်ယာအား ကာလရှည် ပံ့ပိုးကာကွယ်ပေးခဲ့ပြီး လက်ရှိတွင် သူနှင့် သူ၏မိသားစုအား ခိုလှုံခွင့်ပေးထားသည်။ ယခုငြိမ်းချမ်းရေးပဋိညာဉ်အပေါ် ပါကစ္စတန်မှ တရားဝင်တုန့်ပြန်မှု တစ်စုံတစ်ရာ မရှိသေးလင့်ကစား ၎င်းတို့၏နှုတ်ဆိတ်နေမှုက လျစ်လျူရှုထားခြင်းသဘောလည်း မသက်ရောက်ပေ။
    kabul-3
    အရှ်ရဖ်ဂနီကို အဗ်ဒုလ္လာဟ်အဗ်ဒုလ္လာဟ်နှင့်အတူ တွေ့ရစဉ် 
    ပါကစ္စတန်၏ထောက်ခံအားပေးမှု
    ပါကစ္စတန်၏ထောက်ခံအားပေးမှု မပါဘဲ ဟိက်မတ်ယာသည် အရေးကြီးသည့် နိုင်ငံရေးဆုံးဖြတ်ချက်ကို ပြုလုပ်မည်မဟုတ်။ ကဘူးလ်နှင့် အစ္စလာမဘတ်အကြားရှိ ဆက်ဆံရေးမှာ မည်သည့်အခါမှ မတိုးတက်စဖူး။ NUG မှာလည်း စတင်ထူထောင်သည့် ၂၀၁၄ ခုနှစ်ကတည်းက နိုင်ငံရေးနှင့်လုံခြုံရေးအရ အကြီးမားဆုံး စိန်ခေါ်မှုများကို ရင်ဆိုင်နေရချိန်ဖြစ်နေသည်။ ယင်းသဘောတူညီမှုကို ထောက်ခံသည့်အသွင်ဆောင်ခြင်းမှာ တိုက်ရိုက်အကျိုးအမြတ်တစ်ရပ် ရှိမရှိ ရှင်းလင်းစွာ မသိနိုင်သေးပါ။
    ဖြစ်နိုင်ချေအလားအလာနှစ်ရပ်ရှိ၏။ ပါကစ္စတန်သည် အာဖဂန်၌ အိန္ဒိယ၏ သြဇာကြီးထွားလာမှုအား ဖြိုလှဲရန် ဟိက်မတ်ယာကို အသုံးချခြင်း ဖြစ်နိုင်သည်။ နောက်တစ်ချက်မှာ အိန္ဒိယနှင့် အာဖဂန်နစ္စတန်အကြား ဖက်လှဲတကင်းရှိနေမှုက ၎င်း၏နိုင်ငံလုံခြုံမှုအတွက် အန္တရာယ်တစ်ရပ်အဖြစ် ရှုမြင်ထားသည်။
    ၁၉၈၀ နှစ်များတွင် ဆိုဗီယက်အား စတင် ခုခံတိုက်ခိုက်ချိန်ကတည်းက မူဂျာဟစ်ဒင်အုပ်စုများအကြားဟိက်မတ်ယာသည် ကက်ရှမီးယားနယ်ရှိ သူပုန်များအား မီးမွှေးပေးနိုင်သည့် ပြိုင်ဖက်ကင်းသူဖြစ်ခဲ့သည်။
    အိန္ဒိယသားများအား ဆန့်ကျင်မုန်းတီးမှု ဟူသော ဟိက်မတ်ယာ၏ကျောထောက်နောက်ခံက အာဖဂန်ရှိ အိန္ဒိယကြီးစိုးမှုကို ဖြိုလှဲရေး၌ အသုံးချနိုင်မည်ဟု အစ္စလာမာဘတ်က နားလည်ထားဟန်ရှိ၏။ ဤသည်မှာ ဖြစ်နိုင်ချေ ပထမအချက်တည်း။
    ဒုတိယအချက်မှာ ချည့်နဲ့နေသော ကဘူးလ်အုပ်ချုပ်ရေးအပေါ် ပါကစ္စတန်မှ အာဏာလွှမ်းရန် ကြိုးစားလာမှု၌ အခြေတည်နေ၏။ အာဖဂန်၏ ယိုင်နဲ့နေပြီဖြစ်သော နိုင်ငံရေးအခင်းအကျင်း (နှင့်) ကဘူးလ်၌ အရှိန်မြင့်နေသော အစ္စလာမဘတ်၏ သြဇာလွှမ်းမိုးမှုတို့ကို ဟိက်မတ်ယာ၏ ဦးလှည့်ဝင်လာမှုဖြင့် အကြွင်းမဲ့ ရှုပ်ထွေးသွားစေမည်ဟု ပါကစ္စတန်က ယုံကြည်ထားဟန်ရှိသည်။
    ဂနီအတွက်တော့ ဟိက်မတ်ယာအား ခေါ်ယူခြင်းမှာ နိုင်ငံရေးအသာစီးရမှု ဖြစ်သည်။ သို့ပင်သို့ငြား ၎င်း၏ ပြန်ရောက်လာမှုက နိုင်ငံရေးတည်ငြိမ်မှုကို အထောက်အကူပြုမည်လော သို့မဟုတ် ထိခိုက်စေမည်လော မသိနိုင်သေးပေ။
    အကယ်၍ ဟိက်မတ်ယာသည် ခွေးမြီးကောက်ကျည်ထောက်စွပ်သည့် ဥာဉ်အတိုင်း အာဖဂန်၏ လက်ရှိဒီမိုကရေစီစနစ်ကို လက်မခံဘဲ ငြိမ်းချမ်းရေးပဋိညာဉ်အပေါ် သဘောထားမဖြောင့်မှန်ပါက – ဂနီအစိုးရထံ၌သာ လုံးလုံးလျားလျား တာဝန်ရှိပေတော့မည်။ နိုင်ငံရေးအခင်းအကျင်းမှာ တိုးတက်မှုမဖြစ်ထွန်းဘဲ အဆိပ်ခံသလို ဖြစ်တော့မည်။ ဒီမိုကရေစီထောက်ခံသည့် ခေတ်သစ် အာဖဂန်နစ္စတန်မြေအတွင်းမှာပင် အန္တရာယ်တွင်းတူးရာ ရောက်ပေမည်။ ပြင်ပမှ သူဆောင်ယူလာသော နိုင်ငံရေးစနစ်ထက် ဆိုးဝါးသွားနိုင်သည်။
    ဟိက်မတ်ယာသည် အာဖဂန်နစ္စတန်၏ အကြမ်းကြုတ်ဆုံး စစ်ဘုရင်တစ်ဦး ဟူသော ခေါင်းစဉ်အောက်တွင် ရှိနေဆဲ။ သို့ဖြစ်ရာ ဂနီသည် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံရေးတည်ငြိမ်မှု နှစ်ခုစလုံးအပေါ် လောင်းကြေးတစ်ရပ်၏ ပန္နက်တိုင်ကို စိုက်ထူမိလေပြီ။
    (ကဘူးလ်အခြေစိုက်ပညာရှင်၊ အာဖဂန်နစ္စတန်ရေးရာနှင့် နိုင်ငံရေးကျွမ်းကျင်သူ သုတေသီအဖွဲ့ဝင် နဂျစ် ရှရဖီ၏ Al Jazeera ဖော်ပြချက်ပါ Ashraf Ghani’s gamble with ‘butcher of Kabul’ အတွေးအမြင်ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။)
  • ရှုတ်ချဆန့်ကျင်ရတော့မည့် အရှေ့တောင်အာရှတွင်းက ဘာသာရေး သည်းမခံနိုင်မှုများ
    ရှုတ်ချဆန့်ကျင်ရတော့မည့် အရှေ့တောင်အာရှတွင်းက ဘာသာရေး သည်းမခံနိုင်မှုများ
    အောက်တိုဘာ ၅၊ ၂၀၁၆
    M-Media
    buddihst
    – အရှေ့တောင်အာရှဒေသသည် ကမ္ဘာပေါ်တွင် မတူညီသော လူမျိုးစုများနှင့် ကွဲပြားသော ဘာသာအယူဝါဒများအကြား အများဆုံး အတူယှဉ်တွဲတည်ရှိရာ အရပ်ဒေသတစ်ခုဖြစ်သည်။ မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံကိုကြည့်လျှင် စံနမူနာပြ အနေဖြင့် သိနိုင်ပေသည်။ လူများစု ကိုးကွယ်ရာ ဘာသာကြီးများဖြစ်သော အစ္စလာမ်၊ ဗုဒ္ဓ၊ ဟိန္ဒူနှင့် ခရစ်ယာန် ကိုးကွယ် ယုံကြည်သူတို့မှာ အုပ်စုသေးငယ်လှသော်လည်း တက်တက်ကြွကြွရှိလှသည့် ဆခ်၊ ဘဟာအီ၊ ကွန်ဖြူးရှပ်စ် နှင့်သာမက ဂျူးအသိုင်းဝိုင်းများအထိပါ အတူတကွ လက်တွဲနေထိုင်လာခဲ့ကြသည်မှာ နှစ်ပေါင်း အတော်ကြာမြင့်ခဲ့ပေပြီ။ ယခုတော့ သီးခံခြင်းတရားဖြင့် တည်ဆောက်ထားခဲ့ကြသော လက်သင့်ခံနိုင်ဖွယ်ရှိသည့် မတူကွဲပြားမှုမှာ ခြိမ်းခြောက်ခြင်းကို ခံနေရပါပြီ။
    မြန်မာနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံလုံးမှာ  စစ်အာဏာရှင်စနစ်၏ ဆယ်စုနှစ်ပေါင်းများစွာ အုပ်စိုးမှုအောက်မှ လွတ်မြောက်လာခဲ့ပြီး အထိမခံ ရွှေပုဂံလိုဖြစ်နေသော ဒီမိုကရေစီစနစ်ဆီသို့ ၀င်ရောက်ခဲ့ပါသည်။ ယနေ့တွင် နှစ်နိုင်ငံစလုံးမှာ အရပ်သား  ဦးဆောင်သော ဒီမိုကရေစီ အစိုးရတစ်ရပ် ပေါ်လာခဲ့သော်လည်း၊ မြန်မာပြည်၌မူ စစ်တပ်က အာဏာကို ချုပ်ကိုင်ထားဆဲ။ အင်ဒိုနီးရှားနိုင်ငံ၌လည်း  ပထုတ်ခြင်းခံထားရသော စစ်တပ်က လက်ရှိအုပ်ချုပ်ရေးပိုင်းသို့ ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းဆဲဖြစ်သည်။
    နှစ်နိုင်ငံစလုံးမှာလည်း အရှိန်အဟုန်မြင့်တက်လာသော ဘာသာရေး သည်းညီးမခံနိုင်မှု့များနှင့် နပန်းလုံးနေရသည်။ မြန်မာ နိုင်ငံ၏ ပြန်လည်ပေါ်ပေါက်လာခဲ့သော လွတ်လပ်ခွင့်များမှာလည်း စစ်သွေးကြွ အမျိုးသားရေး ဗုဒ္ဓ၀ါဒ၏  ခြိမ်းခြောက်မှု့ ဒဏ်ကို ခံနေရဆဲပင် ဖြစ်ပါသည်။ တိုင်းပြည်၏ မပြောပလောက်သော မွတ်စလင်လူနည်းစုများအပေါ် ရက်စက်ကြမ်းကြုပ် သော မုန်းတီးမှုနှင့် အကြမ်းဖက်လှုပ်ရှားမှုတိုက်ပွဲ ပေါ်ပေါက်လာခဲ့ရသလိုပင် တစ်ဆက်တည်းမှာလည်း ယင်းတို့၏ဒဏ်ကို ခရစ်ယာန်များကပါ ရောပြီး ခံစားခဲ့ရသည်။
    ဤအတောအတွင်း၊ အင်ဒိုနီးရှားနိုင်ငံ၏ ဘာသာရေးမတူကွဲပြားမှု့ ဓလေ့ထုံးစံကို ထုံမွှမ်းစေသည့် ပန်ကြပ်ဆီလာ pancasila ခေါ် နိုင်ငံတော်၏ သာတူညီမျှ သဘောတရား – ယင်းမှာ တိုင်းပြည်က အသိမှတ်ပြုထားသည့် ဘာသာအယူ ၀ါဒ အသီးသီးအား သာတူညီမျှ အခွင့်ရေးပေးထားခြင်းဖြစ်သည် – မှာလည်း တယူသန် အစ္စလာမ်မစ်သမားများ၏ ရန်မှ ခြိမ်းခြောက်ခြင်းကို ခံနေရသည်။ အဟ်မဒီယာမွတ်စလင်နှင့် ရှီအာမွတ်စလင်တို့မှာ ရက်စက်စွာ တိုက်ခိုက်သတ်ဖြတ်ခြင်းကို ခံလာနေရပြီး ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်းများကိုလည်း ပိတ်ပစ်ကာ တယူသန် အစွန်းရောက်ဝါဒီများနှင့် ဆူဖီဓမ္မ လမ်းစဉ်ကို ဘိုးစဉ်ဘောင်ဆက်ကျင့်သုံးလာခဲ့ကြသော တိုင်းရင်းသားမွတ်စလင်အသိုင်းဝိုင်းတို့အကြား ပြဿနာများလည်း မြင့်တက်လာခဲ့ရသည်။
    မြန်မာနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံစလုံးမှာပင်၊ တိုင်းပြည်မှာ လက်ရှိပြဿနာနှင့် ရင်ဆိုင်နေခဲ့ရသည်။ ယခင် မြန်မာအစိုးရ သည် သည်းညီးမခံနိုင်မှု့အသစ် အတော်များများ၏ နောက်ကွယ်က လက်သည်တရားခံဖြစ်သော ဗုဒ္ဓဘာသာ- အမျိုးသားရေးဝါဒ လှုပ်ရှားမှု – မဘသကို မသိမသာ အထောက်အကူပေးခဲ့ကြသည်။ ယင်းမဘသမှာ အခြေခံလူ့အခွင့်ရေးများကို ဆိုးဝါးစွာချိုးဖောက်သော ဥပဒေများဖြစ်သည့် ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနှင့် မတူညီသော ဘာသာ အချင်းချင်းကြား လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေများကို တင်သွင်းခဲ့ကြသည်။
    မဘသ၏ အမုန်းတရား ဟောပြောနေမှုများနှင့် ဘာသာရေး ပဋိပက္ခ လှုံ့ဆော်နေမှု့များကို လူသိရှင်ကြားဝေဖန်ခဲ့သော ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သူ ဦးထင်လင်းဦးအား နှုတ်ပိတ်ရန်အတွက် စစ်အစိုးရက ဘာသာရေးကို စော်ကားသည်ဟု စွပ်စွဲကာ ရာဇ၀တ်မှု့ကျူးလွန်သူအဖြစ် သတ်မှတ်ခဲ့ပါသည်။ လူမျိုးတုန်းသတ်ဖြတ်သည်ဟု အချို့သော နိုင်ငံတကာပညာရှင် များက ဖေါ်ပြနေကြသည့် တိုက်ပွဲပုံစံဖြင့် မီးတောင်သဖွယ် ပေါက်ကွဲပေါ်ထွက်လာခဲ့သော ရိုဟင်ဂျာများအပေါ် အကြမ်း ဖက်မှုများမှာလည်း ယခင်အစိုးရ လက်ထပ်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။
    ယင်းမှာ ဘာသာရေးတည်းဟူသော ပျားရည်တွင် အမုန်းတရား အဆိပ်ခတ်ထားခြင်းသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သည့် အရပ်သားအစိုးရသစ်က အမွေဆက်ခံခဲ့ရသည်။ ယခုလို စိန်ခေါ်မှုများသာ မရှိပါလျှင်၊ တိုင်းပြည်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ချောမွေ့နေမည်သာ ဖြစ်ပါသည်။ ထို့ကြောင့်ပင်၊ မဘသ တရားမ၀င်ကြောင်း ထုတ် ဖေါ်ပြောကြားခဲ့သည့် လက်ရှိအစိုးရ၏ မကြာသေးခင်က ခြေလှမ်းများကိုလည်း ကြိုဆိုအပ်ပါသည်။
    အင်ဒိုနီးရှားတွင်မူ၊ သမ္မတ ဂျိုကို ၀ီဒိုဒိုမှာ အလားတူ အာနိသင်ပြင်းသော ပျားရည်ကို လက်ခံသောက်သုံးခဲ့ရသည်။၂၀၀၄ ခုနှစ်မှ ၂၀၁၄-ခုနှစ်အထိ တိုင်းပြည်ကို အုပ်ချုပ်သွားခဲ့သော ဆူဆီလို ဘန်ဘန်း ယူဒိုယိုနိုက ဘာသာရေး အဆောက်အအုံ ဆောက်လုပ်ရာနေရာများကို ကန့်သတ်ခြင်းနှင့် အချို့သော မွတ်စလင်များက မွတ်စလင်မဟုတ်ဟု ငြင်းပယ်ခံနေရသော ဘာသာခွဲတစ်ခုဖြစ်သည့် အဟ်မဒ်ဒီယာများအား ခွဲခြားကန့်သတ်သော ဥပဒေများကိုလည်း ထပ်မံ ပြင်ဆင်မွမ်းမံခဲ့သည်။ ၂၀၀၇-ခုနှစ်က မိန့်ခွန်းတစ်ရပ်တွင်၊ မစ္စတာ ယူဒိုယနိုက ဗဟုဝါဒ (မတူညီသော ဘာသာတရားများ)၊ pluralism ဘာသာရေးနဲ့ နိုင်ငံရေးအား မရောထွေးသောဝါဒ secularism ၊ လစ်ဘရယ်ဝါဒ liberalism နှင့် သွေ ဖယ်ညင်းဆန်ကြသူများကိုပေးသည့် ဖွဿွဝါဌာနကို  တိုင်းပြည်၏ လက်နက်အနေဖြင့် သုံးဖို့ ကတိစကားပေးသည် အထိ ပင် ဖြစ်ခဲ့ပါသည်။
    ဒေါ်အောင်ဆန်းစုကြည်ရော၊ ၀ီဒိုဒိုပါ အဆိုပါအတိတ်နှင့် မသက်ဆိုင်တော့ကြောင်း ရှင်းရှင်းလင်းလင်းပင် ရပ်ဆိုင်းလိုက် ပြီးဖြစ်သည်။ ဘာသာရေး သည်းမခံနိုင်မှုများကို ဆန့်ကျင်ပြီး၊ ဗဟုဝါဒကို လေးစားတန်ဖိုးထားသည့် စိတ်ဓာတ် ထိုသူနှစ်ဦးစလုံးမှာ ရှိနေသည့်တိုင်၊ ထိုသူနှစ်ဦးလုံးအား ဘာသာရေးအစွန်းရောက်များ၊ အမျိုးသားရေးဝါဒီများနှင့် စစ်တပ် တို့က ပူးပေါင်းကာ ဘာမှလှုပ်လို့မရအောင် ဟန့်တားထားကြသည်။ ထို့ကြောင့် ထိုသူနှစ်ဦးစလုံးအား သူတို့၏ ဒီမိုကရေစီဝါဒ၊ မတူကွဲပြားမှု့များ ယှဉ်တွဲနေထိုင်နိုင်သည်ဟူသော အသိစိတ်ဓာတ်များကို ရပ်တည်ရှင်သန်နိုင်အောင် အားပေးရမည်ဖြစ်ပြီး မြင့်တက်လာသော ဘာသာရေး သည်းညည်းမခံနိုင်မှု့များကိုလည်း ထိုးနှက်ပစ်ရပေမည်။
    ဤဒေသအား ထူးခြားဆန်းကျယ်စေသည့် မတူကွဲပြားနေမှုအား ထိန်းသိမ်းထားရမည့် အဆင့်လေးချက်
    အဆိုပါ စိန်ခေါ်မှု့များကို ရင်ဆိုင်နိုင်ဖို့ အဓိက အချက် လေးချက် လိုအပ်ပါသည်။
    ပထမအချက်- ဘာသာရေး လွတ်လပ်ခွင့်(သို့မဟုတ်) လွတ်လပ်စွာ ယုံကြည်ခွင့်- လူ့အခွင့်ရေး အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်း အခန်းအမှတ် ၁၈ တွင် ဖေါ်ပြပါရှိသည့်အတိုင်း၊ လူတိုင်းအတွက် အခြေခံရပိုင်ခွင့်တစ်ခုကို အသိ မှတ်ပြုပေးရမည်။ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် (သို့) ဘာသာရေးကို လွတ်လပ်စွာ ရွေးချယ် ပိုင်ခွင့်မရှိလျှင်၊ သာတူညီမျှ လွတ်လပ်ခွင့်ဆိုသည်မှာလည်း ရှိတော့မည် မဟုတ်ချေ။ ယင်းမှာ လွတ်လပ်ရေး၏ အခြေ ခံအုတ်မြစ်ပင် ဖြစ်လေသည်။
    ဒုတိယအချက်- လူမျိုးရေး၊ဘာသာရေးကို နိုင်ငံရေးနှင့် မရောထွေးမိစေရန် သင်ယူရမည်။ ယင်းသုံးခုစလုံးမှာ မကြာခဏ ဆိုသလိုပင် တစ်ခုနှင့်တစ်ခု နီးစပ်လွန်းရကား ရောယှက်သွားတတ်ကြသည်။ လူများစုအနေဖြင့်၊ မြန်မာ (သို့မဟုတ်) ထိုင်း ဖြစ်လျှင် ဗုဒ္ဓဘာသာ ဖြစ်မည်။ မလေး (သို့မဟုတ်) အာချေးနယ်သား ဖြစ်လျှင် မွတ်စလင် ဖြစ်မည်။ ဖီလစ်ပိုင် လူမျိုး များအတွက်ကတော့၊ ခရစ်ယာန်ဘာသာသည် လူ့အသိုင်းဝိုင်းနှင့် ကိုယ်ပိုင် အမှတ်သင်္ကေတတို့တွင် နှလုံးသည်းပွတ်၌ ရှိနေကြပါသည်။ ဘာသာတရားတစ်ခုကို မကြာခဏဆိုသလို နိုင်ငံရေး၌လက်နက်သဖွယ် လွဲမှားစွာ အသုံးချလေ့ရှိကြ သည်။ ဘာသာရေးဆိုသည်မှာ စိတ်၊နှလုံး၊ ၀ိဥာဉ်တို့နှင့်သာ သက်ဆိုင်သော အရေးကိစ္စဖြစ်သင့်ပြီး မျိုးနွှယ် (သို့မဟုတ်) မွေးဖွားရာ ဇာတိတို့နှင့် သက်ဆိုင်သည့် အကြောင်းရာ မဖြစ်သင့်ချေ။ လူတို့သည် သူတို့ မွေးဖွားရာ ဇာတိတိုင်းပြည်တွင် နိုင်ငံသားများဖြစ်ကြပြီး ဘာသာရေးကိုအခြေမခံပဲ သာတူညီမျှအခွင့်ရေး၌ တန်းတူရရမည်ဟူသော အမြင်အတွက် ကျွန်ုပ်တို့ တွန်းလှန်တိုက်ပွဲဝင်ရပါမည်။
    နိုင်ငံသား စိစစ်ရေးကဒ်ပြားများတွင် ဘာသာထည့်သွင်း ဖေါ်ပြထားမှု့ကို ပယ်ဖျယ်ပေးသင့်ပြီး အမျိုး၊အတန်းအစား ခွဲခြား ထားမှု့ ဆိုသည်မှာ အထွေထွေစာရင်းအင်း ကိစ္စရပ်များတွင်သာ အသုံးပြုရမည်ဖြစ်ပြီး လူတစ်ယောက်အား မည်သူမည်ဝါ ဖြစ်ကြောင်း ခွဲခြားသတ်မှတ်ရန်အတွက် မဟုတ်ပေ။ ဘာသာတရားအားလုံးကို နားလည်လာအောင် ဘာသာရေးပညာကို အားပေးချီးမြှောက်သင့်သည်။ နိုင်ငံသားအားလုံးသည် တိုင်းပြည်၏ အနာဂတ်တွင် အေးအတူပူအမျှ တူညီစွာ ဝေစုရှိသူ များ ဖြစ်သဖြင့် အားလုံးကို တန်းတူအခွင့်ရေးပေးရမည်ဟု ကျွန်ုပ်တို့ အလေးနက်ထားရမည်။
    သာသနာရေး ၀န်ကြီးဌာနတစ်ရပ်ကို ထားရှိသော အစိုးရများသည် ဘာသာ/သာသနာ တစ်ခုက အခြား ဘာသာ/သာ သနာများအား အလွဲသုံးစွာပြုနေသလား၊ အားပေးချီးမြှောက်နေသလား (သို့တည်းမဟုတ်) ဘာသာ/သာသနာများ အား ထိန်းချုပ်နေသလား ဆိုသည်ကို စဉ်းစားသင့်ပေသည်။ယုတ်စွအဆုံး၊ ယင်းအစိုးရများက ဘာသာ/သာသနာ အားလုံးတို့ အပေါ်တွင် လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ခွင့်အား အားပေးအားမြောက်ပြု၍ အကာကွယ်ပေးနေသည် ဟု စိတ်ချယုံကြည်လာအောင် ပြုပြင်ပြောင်းလဲသင့်က  ပြုပြင်ပြောင်းလဲရပေမည်။
    တတိယအချက်- ပြည်နယ်၏ အခန်းကဏ္ဍကိုလည်း ထည့်သွင်းဖေါ်ပြရမည်။ လုံခြုံရေးတပ်ဖွဲ့များက အားအင်ချိနဲ့ရှာသော လူနည်းစု ဘာသာဝင်များအပေါ် တိုက်ခိုက်နေမှုတို့အား ရပ်တန့်ရန် အကာကွယ်ပေးရပေမည်၊ အမုန်းတရား လှုံ့ဆော်နေသူ များနှင့် ရာဇ၀တ်မှု့မြောက်သည့် အကြမ်းဖက်သမားများကို တရားဥပဒေရှေ့တော်မှောက်သို့ ပို့ဆောင်ကာ ခွဲခြားဆက်ဆံ ရန် ရည်ရွယ်ရေးဆွဲထားသော မတရားဥပဒေများကိုလည်း ပြုပြင်သင့်ကပြုပြင်၊ ပယ်ဖျက်သင့်က ပယ်ဖျက် ပစ်ရပေမည်။ အဆိုပါ ဥပဒေများသည် လူနည်းစုများအပေါ် ရည်ရွယ်နှိပ်ကွပ်ထားလင့်ကစား၊ ယခုထက်တိုင်၊ တရား ဥပဒေစိုးမိုးရေးမှာ လူ့အသိုင်းဝိုင်းတစ်ခုလုံးအား သဟဇာတဖြစ်ရန်အတွက် ဦးစားပေးလုပ်ဆောင်နေရသည်။ စောစောက အမြင်ကို အခြေခံ လူ့အခွင့်ရေးတစ်ရပ်ဖြစ်သည့် ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်ခြင်းဆိုသည့် ဦးစားပေးအစီစဉ်သစ်ဖြင့် အစားထိုး လုပ်ဆောင်ရပေမည်။ အကြမ်းဖက်အုပ်စုများ၏ သက်ရောက်မှု့မှန်သမျှကိုလည်း လျော့ချခြင်းအားဖြင့် ငြိမ်းချမ်းတည်ငြိမ်မှု့ ကို ထိန်းသိမ်းရာ ရောက်ပေမည်။
    နောက်ဆုံးအချက်- အနေဖြင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ခွင့် (သို့မဟုတ်) ဘာသာရေး လွတ်လပ် ခွင့်များကို လူသားအားလုံးရရှိအောင် ကျွန်ုပ်တို့ နှုတ်မှ ထုတ်ဖေါ်ပြောကြားရပေမည်။ မြန်မာပြည်မှ ပထမဦးဆုံး ကာဒီနယ် ဖြစ်သူနှင့် ယခင်အင်ဒိုနီးရှားဝန်ကြီးချုပ်ဟောင်းနှင့် ထင်ရှားသောအစ္စလာမ်ဘာသာရေးဆရာတစ်ဦးလည်း ဖြစ်သူ – (Gus Dur )အဗ္ဗဒူလ်ရာဟ်မာန် ၀ါဟိဒ် ၏ သမီးတစ်ယောက်အနေဖြင့်၊ ကျွန်တော်တို့ နှစ်ဦးစလုံးက ယင်းကိစ္စကို မည်မျှအထိပင် အရေးပါကြောင်း ယခုလို ကြိုးစားပမ်းစား သာဓကများဖြင့် သက်သေပြခဲ့ပါသည်။ မြန်မာပြည်မှ မွတ်စလင်များအတွက် လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ ခရစ်ယာန်များအတွက်လည်းကောင်း သူတို့ ခွဲခြားဆက်ဆံခံရပြီး နှိပ်စက်ညှင်းပန်းခံနေ ရချိန်တွင် ကျွန်ုပ်တို့ နှစ်ဦးစလုံးမှာ အသံများထွက်ပြခဲ့ပါပြီ။ ထိုသို့လုပ်ရန်လည်း ထိုဒေသရှိ ဘာသာရေး နှင့် နိုင်ငံရေး ခေါင်းဆောင်များအားလုံးကို  ကျွန်ုပ်တို့က ပန်ကြား တိုက်တွန်းလိုက်ရပေသည်။
    (ဤဆောင်ပါးကို မြန်မာနိုင်ငံမှ ကာဒီနယ် ချားလ်စ် ဘိုနှင့် အင်ဒိုနီးရှားနိုင်ငံမှ မစ္စ၀ါဟဒ်တို့ ပူးပေါင်းရေးသားသည်။ ကာဒီနယ် ဘိုမှာ မြန်မာပြည်မှ ပထမဆုံး ရွေးချယ်ခံရသည့် ကာဒီနယ်နှင့် ရန်ကုန်မြို့၏ ခရစ်ယာန် ဂိုဏ်းချုပ် သာသနာ ပိုင် တစ်ဦးဖြစ်သည်။ မစ္စ ၀ါဟဒ်မှာလည်း ယခင် အင်ဒိုနီးရှား သမ္မတဟောင်း အဗ္ဗဒူလ်ရာဟ်မာန် ၀ါဟဒ်၏ သမီးတစ်ဦး ဖြစ်ပြီး Gusdurian Network ၏ ဒါရိုက်တာ တစ်ဦးလည်း ဖြစ်ပါသည်။)
    (THE WALL STREET JOURNAL တွင် ဖေါ်ပြပါရှိသော Rejecting Religious Intolerance in Southeast Asia ကို ဆလိုင်းမှူးထန်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
  • မြန်မာပြည်ရဲ့ အမုန်းတရားဖြန့်ဝေရာ လော်စပီကာ ဖြစ်လာသော ဆိုရှယ်မီဒီယာ
    မြန်မာပြည်ရဲ့ အမုန်းတရားဖြန့်ဝေရာ လော်စပီကာ ဖြစ်လာသော ဆိုရှယ်မီဒီယာ
    အောက်တိုဘာ ၄ ၊ ၂၀၁၆
    M-Media
    6-ma-ba-tha-posters_aung-myin-ye-zaw
    ယမန်နှစ် စက်တင်ဘာလအတွင်း မျိုးစောင့်ဥပဒေလေးရပ် အတည်ပြုခံရခြင်း အခမ်းအနား၌ မဘသအဖွဲ့မှ ခင်းကျင်းဆင်ယင်ထားသည့် မွတ်စ်လင်မ်ဆန့်ကျင်ရေး ပိုစတာနှင့် ဓာတ်ပုံများကို တွေ့ရစဉ်။ (ဓာတ်ပုံ – အောင်မြင်ရဲဇော်၊ The Myanmar Times)
    မြန်မာနိုင်ငံ၏ လက်ရှိ အင်တာနက် တော်လှန်ရေးမှာ အမှောင်ဖုံးလွှမ်းနေဆဲပင်။
    ဖေ့စ်ဘွတ်ကဲ့သို့သော ဆိုရှယ်မီဒီယာ ပလက်ဖောင်းများသည် ဆဲလ်ဖီဓာတ်ပုံများ၊ စတစ်ကာများ၏နောက်ကွယ်တွင် အမုန်းတရားအမုန်းစကားများ ပျိုးထောင်သန်စွမ်းရေးအတွက် အခင်းအကျင်းသစ်တစ်ခု ဖြစ်လို့နေသည်။
    အမုန်းစကားပြန့်ပွားမှု (တစ်နည်း) လူ့အခွင့်အရေးဆိုင်ရာအပိုဒ် ၁၉ ရည်ညွှန်းချက်ဖြစ်သည့် “နိုင်ငံသား၊ လူမျိုး၊ ကိုးကွယ်ရာဘာသာတရားအပေါ် အခြေခံသော အမုန်းရန်ငြိုးကို အားပေးအားမြှောက်ပြုခြင်း” ဟူသည် ဤနိုင်ငံထဲတွင် သမိုင်းနှင့်ချီ၍ ကြာမြင့်လာလေပြီ။
    ထို့ပြင် ဆယ်စုနှစ်များတစ်လျှောက် မီဒီယာကဏ္ဍမှာ အပြောင်းအလဲ ဖြစ်လာကြသော်လည်း စိတ်ကူးစိတ်သန်း အများစုမှာမူ ထူးမခြားနားသေးပေ။
    ၁၉၃၀ ခုနှစ်များမှ နာမည်ကြီးသီချင်းတစ်ပုဒ် ရှိ၏။ ၎င်း၌ အိန္ဒိယသားနှင့် မွတ်စ်လင်မ်တို့အပေါ် “ငါတို့၏အကျိုးစီးပွားကို ဖျက်ဆီးသူ၊ ငါတို့အမျိုးသမီးတို့ကို လူမျိုးရေးအရ ၀ါးမျိုးသူ” အဖြစ် အဆိုးမြင်သဘောဖြင့် စပ်ဆိုသီကုံးထားခဲ့သည်။
    ၁၉၉၆ ခုနှစ်အရောက်တွင်လက်ကမ်းစာစောင်တစ်ခု၌ “မြန်မာနိုင်ငံသားတို့ သတိပြုကြ။ မွတ်စလင်မ်တို့သည် မြေ၊ ငွေ၊ အမျိုးသမီးနှင့် အာဏာများကို တိတ်တဆိတ် ရယူခြင်းဖြင့် ဗုဒ္ဓဘာသာအား ဖျက်ဆီးကာ ၎င်းတို့၏ သာသနာကို ပြန့်ပွားအောင် ကြံဆောင်ကြိုးစားနေကြသည်” ဟူ၍ ပြင်းထန်စွာ ရေးသားထားကြောင်း တွေ့ရပြန်သည်။
    လတ်တလောသမယများမှာတော့ အမျိုးသားရေးဝါဒီဆိုသူများက စီဒီ၊ ဒီဗီဒီခွေများဖြင့် အလားတူ သွေးထိုးလှုံ့ဆော်သည့် သတင်းစကားတို့ကို ထည့်သွင်း၍ ကျေးလက်ဒေသအဆင့်ထိပင် ပုံဟန်အမျိုးမျိုးဖြင့် ဖြန့်ချိနေလျက်ရှိကြ၏။
    တစ်ချိန်တစ်ခါက ဤအခြင်းအရာမှာ အရင်းအမြစ်၊ လူအင်အား၊ ပထ၀ီဝင်အနေအထားများအရ အတိုင်းအတာတစ်ရပ်အထိ အကန့်အသတ် ရှိခဲ့သော်လည်း ယခုအခါမှာတော့ အင်တာနက်ဆက်သွယ်မှု ပေါ်ထွက်လာခြင်းက မကြုံစဖူးလောက်အောင် ကျယ်ပြန့်လာစေတော့သည်။
    ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မိုဘိုင်းသုံးစွဲမှု တိုးတက်နှုန်းမှာ ၄ ရာခိုင်နှုန်းမျှသာရှိသည်ဟု ခန့်မှန်းခဲ့ကြသည်။ ယမန်နှစ်၌ ၆၃ ရာခိုင်နှုန်းအထိပင် ရောက်ရှိသွားကြောင်း ဆိုကြသည်။
    ရန်ကုန်မြို့အခြေစိုက် Amara Digital Marketing Agency ၏အဆိုအရ ဖေ့စ်ဘွတ်အသုံးပြုသူ အရေအတွက်မှာ တစ်နှစ်မပြည့်မီကာလအတွင်း နှစ်ဆမြင့်တက်ပြီး ၉.၇ သန်းအထိ များပြားလာခဲ့သည်။
    Telenor နှင့် MPT ၏ အခမဲ့အသုံးပြုနိုင်မှု အစီအစဉ်ကြောင့် ဆိုရှယ်မီဒီယာအသုံးပြုသူ အရေအတွက် ဤမျှအထိ မြင့်တက်လာရပေသည်။ ယင်းကွန်ရက်နှစ်ရပ်ပေါင်း၏ ပုံမှန်ငွေဖြည့်အသုံးပြုနေကြသူများမှာ ၃၆.၉ သန်း အနိမ့်ဆုံး ရှိနေ၏။
    ဤသို့ ရုတ်တရက် တအုံတကျင်း အသုံးပြုလာမှုသည် အများနှင့် ပုဂ္ဂလဆိုင်ရာ ဆွေးနွေးချက်တို့နှင့် ဒွန်တွဲဖြစ်တည်လာခြင်း မဟုတ်သောကြောင့် အကြောင်းအရာများအပေါ် ဝေဖန်ဆန်းစစ်ခြင်းနှင့် ပတ်သက်၍ ကျွမ်းကျင်သူများစွာတို့မှ စိုးရိမ်မိကြောင်း The Myanmar Times သို့ပြောကြားသည်။
    မြန်မာနိုင်ငံသည် မီဒီယာနှင့် သတင်းအချက်အလက်ပညာအပေါ် ခွဲခြားသိမြင်မှု အဆင့်နိမ့်ပါးနေသေးသည်ဟု ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO ယူနက်စကို(မြန်မာ)ရုံး၏ အဆိုအရ သိရသည်။
    လူပေါင်းများစွာတို့သည် စူးစမ်းသော (၀ါ) ခွဲခြမ်းစိပ်ဖြာသော အမြင် မရှိဘဲ မြင်မြင်သမျှ အဟုတ်အမှန်ဟု ယုံကြည်နေတတ်သည်ကို ဤအချက်က ညွှန်းဆိုပြသနေသည်။
    “(အသုံးပြုသူအချို့က) ဘယ်ဟာက အဖြစ်မှန်၊ ဘယ်ဟာက လုပ်ကြံဖန်တီးချက် ဆိုတာကို ဝေဖန်ပိုင်းခြားမှု မလုပ်တတ်ကြဘူး” ဟု NGO ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။
    အမျိုးသားရေးဝါဒီများသည် တစ်ဦးချင်းသော်လည်းကောင်း၊ အုပ်စုလိုက်သော်လည်းကောင်း အွန်လိုင်းကျင့်ဝတ်ချိုးဖောက်၍ လူနည်းစုဝင်များအား သွေးခွဲချိုးနှိမ်နှိမ့်ချခြင်း၊ အကြမ်းဖက်မှုဖြစ်ပေါ်အောင် အွန်လိုင်းပေါ်မှတွန်းအားပေးခြင်း စသည်တို့ကို လုပ်ဆောင်နေကြကြောင်း အမုန်းစကားစောင့်ကြည့်ရေး အဖွဲ့အစည်းအသီးသီးက The Myanmar Times သို့ ပြောပြကြ၏။
    စောင့်ကြည့်လေ့လာရေးအဖွဲ့များက ဘာသာရေးနှင့် လူမျိုးရေးဆန့်ကျင်ခွဲခြားခြင်းကို အတုအယောင်လုပ်ကြံသတင်းများနှင့် သိမှတ်ဖွယ်အသွင်ဆောင်အချက်အလက်ပို့စ်များအားဖြင့် ဆိုရှယ်မီဒီယာပေါ်မှ လမ်းကြောင်းဖော်လျက်ရှိသည်ဟု ဖွင့်ချအသိပေးခဲ့ကြသည်။
    “အွန်လိုင်းပေါ်က အမုန်းစကားရဲ့ တာသွားမှုကို တစ်ယူသန်အစွန်းရောက်တွေက ကောင်းကောင်း သိနေကြပြီး ဒါကိုပဲ ထပ်ခါတလဲလဲ အသုံးချနေကြပါတယ်။ သတင်းအတုအယောင်တွေ၊ မုသားအချက်အလက်တွေအပေါ် like ပေး၊ comment ရေး၊ share လုပ်တဲ့အရေအတွက်ဟာ ကြောက်ခမန်းလိလိ ဖြစ်နေပါတယ်ရှင်” ဟု PEN Myanmar Center ပညာပေးအဖွဲ့မှ ပရိုဂရမ်မန်နေဂျာ မဇာခြည်ဦးက ပြောဆိုလိုက်ပါသည်။
    ×××××××××××××××
    မြင့်မိုရ်မောင်မောင်
    The Myanmar Times မှ Nick Baker ၏ How social media became Myanmar’s hate speech megaphone ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုရေးသားသည်။
  • ” လွှတ်တော်မှာ ‘လဝက’ ဝန်ကြီး  ထစ်ထစ်ငေါ့ငေါ့ မဖြစ်စေရန်”
    ” လွှတ်တော်မှာ ‘လဝက’ ဝန်ကြီး ထစ်ထစ်ငေါ့ငေါ့ မဖြစ်စေရန်”
    အောက်တိုဘာ ၃ ၊ ၂၀၁၆
    M-Media
    ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှုတက္ကသိုလ်) ရေးသည်။
    u-thein-swe
    အတည်ပြုချက်မရသေးသော နေပြည်တော်လူဝင်မှုကြီးကြပ်ရေး(လ၀က)နှင့် အဆက်အသွယ်ရှိသော ပုဂ္ဂိုလ်တစ်ဦးထံမှ ကြားလိုက်ရသည်မှာ ၂၀၁၄ ခုနှစ် မတ်လတွင် ကောက်ခံခဲ့သော သန်းခေါင်စာရင်းအရ ကောက်ယူခဲ့သော လူမျိုးနွယ်ပေါင်းမှာ ၈၃၀ ကျော်နေခြင်း သည် အံ့ဩဖွယ်ရာ ဖြစ်ခဲ့သည်။
    ထိုလူမျိုးနွယ်စုစုပေါင်း ၈၃၀ ကျော်သည် မိုးပေါ်မှ ဥံဖွကျလာသူများမဟုတ်သည်မှာ သေချာသည်။ မြန်မာနိုင်ငံတွင် လက်ရှိနေထိုင်နေကြသူများ ဖြစ်ကြသည်။
    “မြန်မာနိုင်ငံတွင် ကမ္ဘာ့အံ့ဖွယ် မြန်မာနိုင်ငံသားဥပဒေတစ်ခုရှိပါသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလ)တစ်ပါတီ အာဏာရှင် ဦးနေဝင်း၏ကြီးကြပ်လမ်းညွှန်မှု့အောက်တွင် ဥပဒေအကြံပေးလူယုံတော်၊ ဒေါက်တာမောင်မောင် ဦးဆောင်ကာ မဆလပါတီမှ ရွေးချယ် ထားသော ပုဂ္ဂိုလ် ၄၅ ဦးခန့်ဖြင့် “ကုလားမုန်း၊ တရုတ်မုန်း” မူကို ဦးတည်ကာ ၁၉၈၂ ခု မြန်မာနိုင်ငံသား ဥပဒေကို ရေးဆွဲခဲ့ကြောင်း” အမေရိကန်ဥပဒေပညာရှင် ဒေါက်တာ လော့ရင့်စ်ဗက်ကာက New York Times သတင်းစာကြီးတွင်  ရေးသားဖော်ပြခဲ့ဖူးကြောင်း စာရေးသူ မှတ်သားဖူးပါသည်။
    ထို ၁၉၈၂ ခု မြန်မာနိုင်ငံသားဥပဒေတွင် ဥပဒေပုဒ်မပေါင်း ၇၆ခု ရှိပါသည်။ ထို ၁၉၈၂ ခု မြန်မာနိုင်ငံသား ဥပဒေကို ရေးဆွဲခဲ့သော မဆလအစိုးရသည် ၁၉၈၈ခု ဩဂုတ်လ ၈ရက် ၈-၈-၈၈ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးကြောင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါ
    တီကို တရားဝင်ဖျက်သိမ်းခဲ့ရသည်။ ၁၉၈၈ခု စက်တင်ဘာ ၁၈ရက်တွင် စတင်အာဏာရလာ သော စစ်အစိုးရများ (န၀တ၊ နအဖ)နှင့် ဦးသိန်းစိန်အစိုးရတို့သည် ၁၉၈၂ခု ထိုမြန်မာနိုင်ငံသားဥပဒေကို ဦးထိပ်ပန်ဆင်ကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သည်ကို တွေ့ရသည်။ ထိုအပြင် လူဝင်မှု့ကြီးကြပ်ရေးဝန်ကြီးဆိုသူများ၏ အမိန့်ညွန်ကြားချက်များ ပါးစပ်မိန့်များကိုပါ “ဥပဒေ၊ နည်းဥပဒေများသဖွယ်၊ လမ်းညွှန်ခြင်း၊ ကျင့်သုံးစေခြင်းတို့ ကြောင့် ဗုဒ္ဓဘာသာဝင်များသာမက၊ အခြားဘာသာဝင်များသည်လည်း လူဝင်မှု့ကြီးကြပ် ရေး(လ၀က)ရုံးသို့ သွားရောက်ကာ မွေးတိုးသန်းခေါင်စာရင်းများပြုလုပ်ခြင်း၊ မှတ်ပုံတင်ပျောက်ပျက်ပြုလုပ်ခြင်း၊ မှတ်ပုံအသစ်လျှောက်ထားခြင်း ကိစ္စရပ်များကို ဆောင်ရွက်ရာတွင်၊ အခက်အခဲ၊ အကျပ်အတည်းပေါင်းစုံ၊ စိတ်ဒုက္ခပေါင်းစုံ ခံစားကြရုံသာမက၊ ငွေကုန်ကြေးကျ များ တန်ဘိုးရှိအချိန်များ မလိုအပ်ပဲ၊ ကုန်ကျနေသည်မှာ NLD အရပ်သား အစိုးရခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်တိုင်ပင် ဖြစ်သည်။”
    ထူးဆန်းသည်မှာ ၁၉၈၂ခု မြန်မာနိုင်ငံသားဥပဒေတွင် မြန်မာနိုင်ငံ၌ တိုင်းရင်းသား ၁၃၅ မျိုး သာရှိခြင်း၊ ဗုဒ္ဓဘာသာဝင် မဟုတ်သူများနှင့် ထိုတိုင်းရင်းသား ၁၃၅ မျိုးတွင် မပါဝင်သော လူမျိုးများကို “သွေးနှော” ဟုခေါ်သော အသုံးအနှုန်းမျိုးကို ထို “၈၂” နိုင်ငံသားဥပဒေ၏  မည်သည့်နေရာတွင်မျှ မတွေ့ရခြင်း ပင်ဖြစ်သည်။
    သို့သော် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(လ၀က)  သည် တိုင်းရင်းသား ၁၃၅မျိုးနှင့် “သွေးနှော” ဟူသော အသုံးအနှုန်း တို့ကို လက်နက်သဖွယ် အသုံးချကာ ထိုတိုင်းရင်းသား ၁၃၅ မျိုးထဲတွင် မပါဝင်သောလူမျိုးများက “သွေးနှော”
    ဟူ၍ ခွဲခြားဆက်ဆံခြင်း၊ တိုင်းရင်းသား ၁၃၅မျိုးနွယ်ဝင်ဖြစ်သော်လည်း  ဗုဒ္ဓဘာသာဝင် မဟုတ်သူများကိုလည်း ဗမာ-ကချင်၊ ဗမာ-ရှမ်း၊ ဗမာ-မွန်၊ ဗမာ-ကရင်စသည်ဖြင့် လူမျိုးအမည်ပေါင်းထည့်ပေးခြင်း၊ စသည်တို့ကြောင့် စက်တင်ဘာ၂၁ ရက် နေပြည်တော်၊ ပြည်သူ့
    လွှတ်တော်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာခင်မောင်မောင်က “လူဝင်မှုကြီးကြပ်ရေးရုံး တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထား ရာတွင်၊ အချိန်ကြန့်ကြာမှု့များရှိနေခြင်းနှင့် ၀န်ထမ်းအချို့၏လာဘ်စားမှုများ ရှိနေခြင်းအပေါ့် ပြည်သူတွေက “လ၀က” ရုံးကို ရွံကြောက်ဖြစ်နေကြပြီ။ မသွားရင်လည်း၊ မဖြစ်ဘူး သွားရင် လည်း၊ ပိုက်ဆံပေးရတယ်။ မှတ်ပုံတင်ရှိပြီးသား၊ နိုင်ငံသား မိဘနှစ်ဦးက မွေးဖွားလာသည့် သား၊ သမီးများသည် ဥပဒေ အရ၊ အလိုအလျောက် နိုင်ငံသားဖြစ် ရမည် ဖြစ်သော်လည်း မှတ်ပုံတင် သွားလျှောက်သည့်အခါ “လ၀က”ရုံးက “သွေးနှော” ပြန်လည်စိစစ်သည်ဆိုသည့်အကြောင်းပြချက်ဖြင့် ကြန့်ကြာနေခြင်းကြောင့် ၀န်ကြီးဌာနက သွေးနှောပြန်လည် စိစစ်ရန် ညွှန်ကြားထားခြင်း ရှိ၊ မရှိ ” လွှတ်တော်တွင် မေးမြန်းခဲ့ပါသည်။ ထိုသို့မေးမြန်းရာတွင်  အထောက်အထားတစ်ခုအနေဖြင့် ၁၄/၀ခမ(နိုင်)————ကိုင်ဆောင်ထားသည့် မိဘနှစ်ဦး၏သားသမီး သုံးဦးအနက်၊ အငယ်ဆုံး သမီးဖြစ်သူက မှတ်ပုံတင်လျှောက်ထားရာတွင် လ၀ကရုံးက “သွေးနှော” ပြန်လည်စိစစ်ရမည်ဟူသည့် အကြောင်းပြချက်ဖြင့် အချိန်ခြောက်လကြာချိန်အထိ မှတ်ပုံတင်ထုတ်မပေးကြောင်း၊ သမီးအလတ်ဖြစ်သူမှာ မှတ်ပုံတင်တွင်လက်မှတ် ထိုးပေးသည့် ဦးစီးမှူးကို ငွေတစ်သိန်းပေးပြီး မှတ်ပုံတင် လုပ်ခဲ့ရကြောင်း၊ ၎င်း၏ မဲဆန္ဒနယ်အတွင်းရှိ မိသားစုတစ်စု၏ အခြေအနေကို ဥပမာပေးပြီး လွှတ်တော်တွင် မေးမြန်း ခဲ့ပေသည်။ ထို့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးက “ရှေ့က၊ လူတွေလည်း၊ ထုတ် ပေးပြီးပြီ။ အငယ်ကျမှ အခုလို၊ ထပ်လုပ်တယ်။ ဒါဟာ၊ ပုဂ္ဂိုလ်တစ်ယောက်ထဲကို၊ ကျွန်တော် ဦးတည်ပြီး ပြောတာမဟုတ်ပါဘူး။ ဒီလိုကိစ္စမျိုးတွေ၊ ကျွန်တော်တို့ကိုတိုင်ထားတာ၊ တိုင်စာ (၃၀)လောက်ရှိပြီ” ဟုလည်း၊ ထပ်ဆင့်မေးမြန်းစဉ်ပြောဆိုခဲ့ပါသည်။
    ဒေါက်တာခင်မောင်မောင်၏ မေးမြန်းချက်အပေါ် အလုပ်သမားလူဝင်မှု့ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၀န်ကြီး ဦးသိန်းဆွေက “မှတ်ပုံတင်ပြုလုပ်ရာတွင် “သွေးနှော” ဖြစ်သဖြင့် ပြန်လည်စိစစ်ရန်၊ ညွှန်ကြားထားကြောင်း၊ မိဘနှစ်ပါးအား ထုတ်ပေးထားတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားများဟာ၊ ဥပဒေနှင့်အညီ ထုတ်ပေးထားခြင်းရှိ၊ မရှိ အထောက်အထားများနှင့် စိစစ်ပြီးမှသာထုတ်ပေးနိုင်မှာ ဖြစ်ပါကြောင်း” ဦးသိန်းဆွေက ဖြေကြားခဲ့ပါသည်။
    ထို့ကြောင့်လည်း ပြည်သူ့လွှတ်တော်ဥက္ကဌကြီး ဦးဝင်းမြင့်က လ၀က၀န်ကြီးအား ထောက်ပြ ပြောဆိုခဲ့သည်မှာ “မှတ်ပုံတင်ရှိပြီးသား၊ မိဘနှစ်ဦး၏သား၊ သမီးများကို သွေးနှောစိစစ်ရန်ညွှန်ကြားထားခြင်းသည် လ၀က ၀န်ထမ်းများအတွက် အဂတိလိုက်စားရန် အခွင့်အလမ်း တစ်ခုဖြစ်နေကြောင်း”၊ “အောက်ခြေမှာ စိတ်နေစိတ်ထား၊ မပြောင်းချင်တဲ့သူအချို့က အဲဒါကို အခွင့်အရေးတစ်ရပ်လိုယူပြီး အသုံးချနေတော့ ပြည်သူလူထုက ဒုက္ခရောက်တယ်။ ပြဿနာဖြစ်တယ်။ ဒါကြောင့် သေသေချာချာ ပြန်လည်စိစစ်ပေးပါ။ ညွှန်ကြားချက်ကို အသုံးချပြီး လုပ်နေတာတွေရှိတယ်လို့၊ ၀န်ကြီးဌာနကို အသိပေးပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဌကြီးက လ၀က၀န်ကြီးအား မှတ်ချက်ပြု ပြောကြားခဲ့သည်မှာ ပညာရှိပီသလှပေသည်။
    ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအပေါ် အခြေခံ၍ လူဝင်မှုကြီးကြပ်ရေး(လ၀က)မှ ထုတ် ပေးနေသော မှတ်ပုံတင်ကဒ် အမျိုးအစား ၃ မျိုးရှိပါသည်။ (၁) တိုင်းရင်းသား၊ နိုင်ငံသားများကိုထုတ်ပေးသော ပန်းရောင်နိုင်ငံသားစိစစ်ရေးကဒ် (၂) နိုင်ငံသား(ပြု) အစိမ်းရောင်ကဒ် (၃) ဧည့်နိုင်ငံသား(အပြာရောင်)ကဒ် တို့ပင်ဖြစ်ပါသည်။
    မြန်မာနိုင်ငံတွင် “လ၀က”ဌာနသည် ၁၉၈၂ ခု မြန်မာနိုင်ငံသားဥပဒေအရ မှတ်ပုံတင်ထုတ် ပေးနေခြင်းဖြစ်သည်ဟု စာရေးသူ လုံးဝမထင်ပါ။ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုအနေဖြင့် လ၀က၀န်ကြီးအား သိစေလိုသည်မှာ စာရေးသူ၏ မိဘနှစ်ပါးစလုံးသည် နိုင်ငံသားစိစစ်ရေးပန်းရောင်ကဒ်ကို ၁၉၉၀ ခုတွင် သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းတွင် ရရှိခဲ့သောအခါ စာရေးသူပါ၊ တပါတည်းရရှိခဲ့ပါသည်။ စာရေးသူ၏ဇနီးသည်လည်း မိုးကုတ်မြို့နယ်မှ နိုင်ကဒ်ပန်းရောင်ကို ရရှိထားသူဖြစ်ပါသည်။ သားသမီး ၂ ဦးအတွက် အသက် ၁၀ ပြည့်၊ ၁၂ ပြည့် နိုင်ငံသားစိစစ်ရေးကဒ်လျှောက်ရန် သင်္ဃန်းကျွန်းမြို့နယ် လ၀ကဌာနမှ ဖောင်တစ်စုံလျှင် ၁၅၀၀ ကျပ်ပေးဝယ်ကာ ဖြည့်စွက်ခဲ့ပါသည်။ လ၀ကမှတောင်းဆိုသော စာရေးသူနှင့်ဇနီးတို့၏ အထောက်အထားများ၊ စာရေးသူ၏မိဘနှစ်ပါးနှင့် ဇနီးသည်၏မိဘနှစ်ပါးတို့နှင့်ပတ်သက် ဆက်နွယ်သောအထောက်အထားစာရွက် စာတမ်းအစုံအလျှင်ကို လ၀ကရုံးသို့ပေးပို့ လျှောက်ထားခဲ့သည်မှာတစ်နှစ်ခွဲကြာခဲ့ပါပြီ။ ယခုအချိန်ထိ စိစစ်နေဆဲဖြစ်မည်ဟု နားလည်ပေးလိုက်ပါသည်။ လာဘ်ပေး၊ လာဘ်ယူ တစ်ပြားမှ မပေးခြင်း၏ ဆိုးကျိုးဖြစ်နိုင်ပါသည်။
    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်ပင်လျှင် နိုင်ငံသားစိစစ်ရေးကဒ် (ပန်းရောင်)ကို ၂၃-၄-၂၀၁၅ မှရရှိခဲ့သည်ကို တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိ ဖြစ်ပါသည်။ “လူကို ခင်လျှင်မူကို ပြင်ပါသည်။ လူကိုမုန်းလျှင် မူကိုသုံးသည့်စနစ်” ဌာနဆိုင်ရာများတွင် ယနေ့တိုင် အမှန်တကယ်ကျင့်သုံးနေပါသည်။ အစိုးရသာပြောင်းခဲ့ပါသည်။ မူမပြောင်းပါ။ မြန်မာနိုင် ငံကြီး ခေတ်မှီဖွံ့ဖြိုး တိုးတက်ရန်၊ မြေပေါ်မြေအောက်၊ ရေပေါ်၊ ရေအောက် သယံဇာတများကိုပဲ အားကိုး၊ အားထားမပြုသင့်ပေ။ ထိုတွင်းထွက် သယံဇာတများသည် အချိန်အတိုင်းအတာတစ်ခုတွင် ကုန်ခမ်း၊ ပျောက်ပျက်သွားမည်ဖြစ်သည်။ ထို့ကြောင့် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ ဒုနဲ့ဒေးလိုအပ်လျက်ရှိနေသည်။ ၁၉၆၂ ခု မတ်လ ၂ ရက်နေ့ အာဏာသိမ်းစစ်အစိုးရများ၊ အုပ်ချုပ်မှု့သက်တမ်း တစ်လျောက်၊ ဖိနှပ်မှု့အမျိုးမျိုးကြောင့် ပြည်ပတွင်နိုင်ငံစွန့်ကာ၊ ထာဝရအခြေချခဲ့သည့် မြန်မာနိုင်ငံသား အဖိုးတန် လူသားအရင်းအမြစ် ရတနာများရှိနေပါသည်။ ထိုအသိပညာရှင်၊ အတက်ပညာရှင်၊ Resourced persons အဖိုးတန်ရတနာများကို အမိမြန်မာနိုင်ငံတော်ကြီး အတွက်၊ အလှဆင်မြန်းရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥရောပခရီးစဉ်၊ အမေရိကန်ခရီး တစ်လျှောက် ပြည်တော်ပြန်လာရန် ဖိတ်ခေါ်နေပါသည်။ သို့သော် ၁၉၈၂ ခု မြန်မာနိုင်ငံသားဥပဒေက လက်တွေ့တွင်
    မဟာတံတိုင်းတစ်ခုအနေနဲ့ အဟန့်အတားကြီးတစ်ခု ဖြစ်နေပါသည်။
    မြန်မာနိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်း၊ တိုင်းရင်းသားဖြစ်ခြင်း၊ မဖြစ်ခြင်းတို့ကို စိစစ်ဆုံးဖြတ်ရာတွင် (၁) ရုပ်ရည်ရူပါသွင်ပြင်ကို ကြည့်၍လည်းကောင်း (၂) ဘာသာတရားယုံကြည်မှု့ကိုကြည့်၍လည်းကောင်း (၃) အာဏာပါဝါကိုကြည့်၍ လည်းကောင်း (၄) ကာယံကံရှင်၏ မျိုးရိုးအမည်၊ မိခင်၊ ဖခင်၊ အဖိုး၊ အဖွားတို့၏ မျိုးရိုးအမည်တစ်ခုခုကို ကြည့်၍လည်းကောင်း၊ မဆုံးဖြတ်နိုင်ပါ။ မသတ်မှတ်နိုင်ပါ။ ပြည်သူလူထု၏အာဏာကို မတရားသိမ်းယူထားသော၊ အစိုးရတစ်ရပ်ကလည်းကောင်း၊ ထိုအစိုးရတစ်ရပ်၏ လက်ညှိုးထောင်၊ ခေါင်းညိတ် ပုတ်သင်ညိုလိုလူစားများ၊ မလှုပ်မရှုတ်၊ မပြုတ်လူစားများ၊ လူ့မလိုင်အခွင့်ထူးခံ လူတန်းစားများ၊ ကင်းရှင်းသည့် ပြည်သူ့ဘက်တော်သား၊ ပြည်သူ့ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံသားဥပဒေကို ပါဝင်ရေးဆွဲပြဌာန်းရန် အချိန်တန်ပြီဖြစ်ပါကြောင်း၊ သမိုင်းပေးတာဝန်ကျေဖို့လိုနေပြီ ဖြစ်ပါကြောင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ ပဋိဉာဉ်စာတန်းပါ အချက်များနှင့်ကိုက်ညီသော နိုင်ငံတကာစံနှုန်းများကို အခြေခံသော လူတစ်စု၊ တစ်ဖွဲ့၊ ဘာသာတစ်ခုအပေါ် အခြေမခံသော”မြန်မာနိုင်ငံသား ဥပဒေတစ်စု”၊ လူသစ်၊ မူသစ်အစိုးရလက်ထက်တွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှု့ပေါင်းစုံ၊ ရိုးရာအစဉ်အလာပေါင်းစုံ၊ အရောင်စုံသည့် ဖယ်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ်ကြီးတည်ဆောက်ရာတွင် မရှိမဖြစ် အထူးလိုအပ်နေပေသည်။
    သို့မဟုတ်ပါက၊ “နွားကျောင်းသား အမေး၊ ဘုရားလောင်း မဖြေနိုင်” သကဲ့သို့ ပြည်နယ်၊ တိုင်း အသီးသီးရှိ ပြည်သူ့ကိုယ်စားလှယ်များက အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေအား ပြည်သူ့ လွှတ်တော်တွင် မေးမြန်း တော့မည့် LIVE မေးခွန်းများသည် ပို၍တိကျသော၊ ပို၍ပွင်းလင်းမြင်သာသောတာဝန်ယူမှု့၊တာဝန်သိမှု့တို့ကို အဆုံးအဖြတ်ပေးမည့် အထောက်အထားပြည့်စုံသော အရှိုက်ထိစေမည့်မေးခွန်းများ ဖြစ်လာစေရန် မြန်ပြည် တ၀ှမ်း ခံစားနေရသော ပြည်သူလူထုကြီးက မိမိတို့၏ရင်တွင်းဖြစ်၊ ခံစားချက်များကို အချိန်နှင့်တပြေးညီ မိမိတို့ကိုယ်စားလှယ်များထံပေး ပို့တော့မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၀န်ကြီးမင်းများ အစမ်း (Rehearsal) လေ့ကျင့်ရန် လိုအပ်လိမ့်မည် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
    ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှုတက္ကသိုလ်)
  • ညောင်မြစ်တူးရအုံးမည့် မြန်မာ့ ကျောက်စိမ်းထုတ်လုပ်မှုကဏ္ဍ
    ညောင်မြစ်တူးရအုံးမည့် မြန်မာ့ ကျောက်စိမ်းထုတ်လုပ်မှုကဏ္ဍ
    စက်တင်ဘာ ၃၀၊ ၂၀၁၆
    M-Media
    jade-2
    – ၁၉ ရာစု တရုတ်ဧကရာဇ်ဘုရင်မ ကျီယီနှင့် သူမ အဆက်အနွယ်ဖြစ်သော ခေတ်သစ်တရုတ်ပြည်သူများ အမြတ်တနိုး စွဲလမ်းတန်ဖိုးထားကြသည့် ကျောက်စိမ်းများက မြန်မာနိုင်ငံမှလာသည်။ အရည်အသွေးကောင်းမွန်မှုကြောင့် မြန်မာနိုင်ငံမှ ကျောက်စိမ်းများမှာ ‘ကျောက်စိမ်းတကာတို့၏ ထွဋ်ခေါင်’ ဟု အမည်တွင်ပြီး ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး၊ ဈေးကွက်အ၀င်ဆုံး ဖြစ်သည်။
    တရုတ်နိုင်ငံ ဧကရာဇ်နန်းတော်ကြီး ခမ်းနားကြီးကျယ်မှုက မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှ ကျောက်စိမ်းထွက်ရာ ဖားကန့်ဒေသနှင့် လုံးဝ ကွဲပြားခြားနားသည်။ အဆိုပါ မိုင်းတွင်များတွင် ရေမဆေးကျောက် ရှာဖွေသူများ၏ ဘ၀က အလွန် ပင်ပန်းဆင်းရဲသည်။ ကမ္ဘာ့ အကြီးဆုံးကျောက်စိမ်းထွက်ရာဒေသရှိ တောင်တန်းများပေါ်တွင် လုပ်ကွက်ရထားသည့် ကုမ္ပဏီများက စွန့်ပစ်ထားသော မြေစာပုံများတွင် ၎င်းတို့က ကျောက်စိမ်းများ တွေ့လိုတွေ့ငြား ရှကြသည်။ ကံကောင်းထောက်မ၍ တွေ့ပါက ကုန်သည်များ၊ ကျောက်သမားများကို ပြန်ရောင်းကြသည်။
    မြန်မာနိုင်ငံ၏ ကျောက်စိမ်းလုပ်ငန်းနှင့်ပတ်သက်၍ လေ့လာစမ်းစစ်မှု ပြုလုပ်ခဲ့သော Global Witness အဖွဲ့မှ ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ခုအရ ဖားကန့်မှထွက်သော ကျောက်စိမ်းအများစုအတွက် တိုင်းပြည်မှ အခွန်မရဘဲ တရုတ်နိုင်ငံသို့ မှောင်ခိုလမ်းကြောင်းမှ ရောက်ရှိသွားသည်ဟု ဖော်ပြထားသည်။ တစ်နှစ်တစ်နှစ် မြန်မာနိုင်မှ တရုတ်နိုင်ငံသို့ မှောင်ခိုထွက်သွားနေသည့် ကျောက်စိမ်း တန်ဖိုးကို Global Witness မှ စုံစမ်းထုတ်ပြန်ခဲ့သည့် ထိုအစီရင်ခံစာတွင် ဖော်ပြထားခြင်းမရှိသော်လည်း ကန်ဒေါ်လာ ၃၁ ဘီလီယံခန့် ရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။
    ထိုပမာဏက မြန်မာနိုင်ငံ ဂျီဒီပီ၏ တစ်ဝက်ရှိပြီး ကျန်းမာရေးကဏ္ဍအတွက် အစိုးရကချပေးသည့် အသုံးစားရိတ်ထက် ၄၆ ဆ များလေသည်။ ၂၀၁၄ ခုနှစ်တွင်ပြုလုပ်သည့် ကျောက်မြတ်ရတနာပြပွဲတွင် ပြသသည့် ကျောက်စိမ်းတုံးများမှ တစ်တုံးမှာ ကြမ်းခင်းဈေးပင် ယူရိုသန်း ၆၀ ရသည်ဟု တရားဝင်ထုတ်ပြန်မှုမရှိသည့် ရင်းမြစ်တစ်ခု ဆိုသည်။
    မြန်မာနိုင်ငံ၏ ကျောက်စိမ်းကဏ္ဍကို နိုင်ငံတကာမှ စိတ်ဝင်တစား စောင့်ကြည့်ခဲ့သည့် ဇွန်လတွင် ကျောက်စိမ်း ကုန်သွယ်သူ အုပ်စုတစ်စုက ယခင်အစိုးရမှ အကြီးတန်းအရာရှိများမှာ စီးပွားရေးလုပ်ငန်းများရှင်လျှို့ဝှက်ဆက်သွယ်ကာ ကန်ဒေါ်လာ သန်းနှင့်ချီရယူခဲ့သည်ဟု ကျောက်စိမ်းကုန်သည် အုပ်စုတစ်စုက စွပ်စွဲခဲ့သည်။ အစိုးရက ထိုကိစ္စအတွက် စုံစမ်းစဆေးမှုများ ပြုလုပ်ခဲ့ပြီး ယခင်ရေတပ်ဗိုလ်ချုပ်နှင့် ၀န်ကြီးတစ်ဦးအပါအ၀င် အစိုးရအရာရှိများမှာ ဥပဒေဘောင်အတွင်းမှ လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်ဟု ကြေငြာခဲ့သည်။ Global Witness မှ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ဂျူမန် ကဘ်ဘာက အဆိုပါ ကျောက်စိမ်းကဏ္ဍမှာ လက်ရှိအချိန်အထိ ‘လျှို့ဝှက်ချက်များ’ ရှိနေဆဲဖြစ်ပြီး ‘ခြစားမှု မရှိတော့ဟု ပြောဆိုယုံမျှဖြင့် မလုံလောက်’ ဟု ဝေဖန်ခဲ့လေသည်။
    ကျောက်စိမ်းစီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နေသည့် KIC Group မှ ဥက္ကဌဖြစ်ဦး အစိုးရအား စောဒကတက်ခဲ့သူများတွင် တစ်ဦးအပါအ၀င်ဖြစ်သည့် ကိုကျော်ကျော်ဦးက အာဏာပိုင်းများအနေဖြင့် ကြည့်ရှုရန် ဆန္ဒရှိပါက မိမိတွင်ပင် အထောက်အထားများ ရှိနေသည်ဟု ပြောကြားခဲ့သည်။
    “ငွေတွေဘယ်လိုပေးခဲ့ရတယ်ဆိုတာကို အသေးစိတ်ရေးသားထားတဲ့ ဖြတ်ပိုင်းတွေ ကျွန်တော့်ဆီမှာပဲ အထပ်လိုက်ရှိပါတယ်။ ဒီငွေတွေ ဘယ်လိုသုံးလဲဆိုတာကို အသေးစိတ်ကို စစ်ဆေးရင် ဘယ်လောက် မသမာမှုတွေ ရှိနေလဲဆိုတာကို တွေ့မှာပါ”
    ထိုဖြတ်ပိုင်းများက နိုင်ငံရေးသမားများ၊ စက်မှုလုပ်ငန်းရှင်များက ကျောက်စိမ်းမှရသည့် ၀င်ငွေများကို ရရှိနေသည်ဟု ပြသနေသည်။
    ကျောင်းစိမ်းမှရရှိသည့် အကျိုးအမြတ် မဆိုစလောက်သာ ဒေသ၏ စီးပွားရေးအတွင်းသို့ စီးဝင်သည်။ ကမ္ဘာ့ဘဏ်၏အဆိုအရ ကျောက်စိမ်း အကြီးကျယ်တူးဖော်နေသည့် ကုမ္ပဏီက မြန်မာနိုင်ငံသားအမည်ဖြင့် တရုတ်ကုမ္ပဏီများဖြစ်ပြီး ၀ယ်သူအများစုက တရုတ်၊ ဟောင်ကောင်နှင့် ထိုင်ဝမ်နိုင်ငံတို့မှ လာရောက်ကြသည်ဟု သိရသည်။ ပြီးခဲ့သည့်နှစ်အထိ ကျောင်းစိမ်းအတွက် အကောက်ခွန်ဆိုသည် မရှိ။ ကျောက်ရိုင်းတုံး တင်ပို့မှုအတွက် လေဗီကြေး ၃၀ ရာခိုင်နှုန်းကို ပေးဆောင်ရန် ရှောင်ရှားသည့် နည်းလမ်းများလည်း ရှိနေသည်။ ထိုအခွန်ကို ရှောင်ရန်အတွက် ကျောက်မိုင်းများမှာ ၎င်းတို့ထံမှ ထွက်ရှိသည့် ကျောင်းစိမ်းများကို ကုမ္ပဏီများသို့ မရောင်းမီ မှတ်ပုံတင်သော်လည်း ဈေးကို အလွန်အမင်းချထားလေသည်။ ခြစားမှုရှိနေခြင်း၊ တိုင်းရင်းသားပဋိပက္ခ၊ ရန်မီးဝါဒတို့နှင့် ဆက်နွယ်သည့် အဆိုပါ ကျောက်စိမ်းစီးပွားရေးက ၀ရုန်သုန်းကားနိုင်သည့် မှောင်ခိုစီးပွားရေး ဖြစ်သည်ဟု Global Witness က ပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် မိုင်းတွင်းများမှ အခွန် ၆.၂ ဘီလီယံ ဆုံးရှုံးသည်ဟုလည်း ၎င်းတို့အဖွဲ့က ခန့်မှန်းတွက်ချက်သည်။
    “အာဏာပါဝါရှိတဲ့သူတွေက ကျန်တဲ့ပြည်သူတွကို မလိမ့်တပတ်လုပ်ပြီး မြန်မာနိုင်ငံရဲ့ ပေါကြွယ်ဝတဲ့ ကျောက်စိမ်းတွေကို နှစ်ပေါင်းများစွာ အမြတ်ထုတ်ခဲ့ပါတယ်။ ဒီလို မရပ်တန့်နိုင်တဲ့ အမြတ်ထုတ်မှုတွေက ကြောက်စရာကောင်းတဲ့ မြေပြိုမှုတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုတွေကို ဖြစ်စေပါတယ်” ဟု ကဘ်ဘာက ပြောကြားခဲ့သည်။
    ၁၉၉၀ ပြည့်နှစ်များမှစ၍ တရုတ်နိုင်ငံ၏ သြဇာ လွှမ်းမိုးလာမှုနှင့်အတူ ကျောက်စိမ်းဝယ်လိုအားမှာလည်း မြင့်တက်လာသည်ဟု ကုလသမဂ္ဂ၏ ကုန်သွယ်ရေး ကိန်းဂဏန်းများက ဖော်ပြနေသည်။ ထို့ကြောင့် မြန်မာစစ်အာဏာရှင်များမှာ ကျောက်စိမ်းပေါကြွယ်ဝသော ဖားကန့်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA ထံမှ သိမ်းယူရန် တွန်းအားဖြစ်စေခဲ့သည်။ ထိုသိမ်းယူနိုင်မှုတွင် စစ်ဖက်အကြီးအကဲများ အလွန်အမင်း အမြတ်ထွက်ခဲ့ပြီး ၎င်းတို့၏ အခွင့်ထူးများကို ဆွေမျိုးများ၊ ခရိုနီများနှင့် ဝေစားမျှစား လုပ်ခဲ့ကြသည်ဟု Global Witness ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
    ကျောက်စိမ်းထုတ်လုပ်မှု မြင့်တက်လာသည်နှင့်အမျှ ခြစားမှုများ၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဆိုက်မှုများလည်း မြင့်တက်လာသည်။ ပြီးခဲ့သည့်နှစ်အတွင်းက မြေစာပုံပြိုကျမှုတစ်ခုအတွင်းမှာပင် ရေမဆေးကျောက်ရှာဖွေသူ လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး တူးဖော်ရေးလုပ်ငန်းများကို ပိတ်ပစ်ရန် သတ္တုတွင်းဒုဝန်ကြီးက အဆိုပြုရသည်အထိ ဖြစ်ခဲ့လေသည်။ ဒေသတွင်း လူထုအခြေပြုအဖွဲ့အစည်းများက ရေမဆေးကျောက် ရှာဖွေသူများ၏ ၃ ပုံ ၂ ပုံမှာ မိုင်းတွင်းများတွင် လွယ်လွယ်ကူကူရရှိနေသော ဆေးစွဲနေသည်ဟု ဆိုသည်။ နှစ်ပေါင်း ၅၀ နီးပါး ကြာမြင့်ခဲ့သည့် စစ်အာဏာရှင်စနစ်မှ ၂၀၁၁ ခုနှစ်တွင် အရပ်သားဦးဆောင်သည့် အစိုးရနှင့် အသွင်ကူးပြောင်းမှုကို စတင်ခဲ့သော်လည်း စစ်တပ်အရာရှိများ၊ ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမီတက်ကဲ့သို့ စစ်တပ်ကျောထောက်နောက်ခံပြု ကုမ္ပဏီများက ကုန်သွယ်မှုများ၊ လုပ်ပိုင်ခွင့်ခွဲဝေရေးလုပ်ငန်းစဉ်များကို ဆက်လက်ချုပ်ကိုင်ထားဆဲဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုကြသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမီတက်မှာ ၂၀၀၈ ခုနှစ်ကတည်းက အမေရိကန်၏ ပိတ်ဆို့မှုကို ခံခဲ့ရသည်။
    မြန်မာနိုင်ငံ သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး လှုပ်ရှားမှု (MEITI) အရ ကျောက်စိမ်းကုမ္ပဏီများကို ပိုင်ဆိုင်မှု၏ နောက်ကွယ်တွင်ရှိနေသည့် အစုရှင်ယာရှင်များအား ထုတ်ဖော်ရေးနှင့် သတ္ထုတွင်းလုပ်ငန်းဆိုင်ရာ ဥပဒေများကို ပြုပြင်ပြောင်းလဲရေးအတွက် စီမံကိန်းကို ၂၀၁၇ ခုနှစ်တွင် ဆောင်ရွက်ရန် မြန်မာအစိုးရက သဘောတူခဲ့သည်။ မြန်မာ့ကျောက်မြတ်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း(MGE) ကတော့ ကျောက်စိမ်းနှင့် ကျောက်မြတ်ရတနာ လုပ်ကွက်ပေါင်း ၃၀၀ ကျော်မှာ ယခုလအတွင်း သက်တမ်းကုန်မည်ဖြစ်ပြီး လုပ်ပိုင်ခွင့်အသစ်များကို ဇူလိုင်လတွင် ကြေငြာမည်ဟု ဆိုသည်။
    MGE မှ ကျောက်မြတ်ရတနာပြပွဲများကို စီစဉ်ကျင်းပပေးပြီး၊ ဥပဒေစည်းကမ်းများ ချမှတ်ခြင်း၊ ဖားကန့်အနီးရှိ အရေးပါသည့် ကျောက်စိမ်းလုပ်ကွက်ကြီးများတွင် ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်ခြင်းများကိုလည်း ဆောင်ရွက်လေသည်။ EMG အပေါ်သက်ရောက်နေသည့် ပိတ်ဆို့မှုများ အပါအ၀င် မြန်မာနိုင်ငံအပေါ် ရှိနေသည့် ပိတ်ဆို့မှုများအားလုံးကို ဖယ်ရှားပေးမည်ဟု နိုင်ငံတာ်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်အတွင်း သမ္မတ အိုဘားမား ပြောကြားမှုက စောင့်ကြည့်အဖွဲ့များကို လက်မှိုင်ကျစေလေသည်။
    ကျောက်စိမ်းလုပ်ငန်းတွင် ပိုမို ပွင့်လင်းမြင်သာမှုရှိရေး လှုပ်ရှားနေသည့် ကချင်ပြည်နယ်မှ NLD လွှတ်တော်အမတ် ဦးလှဆန်းက မကြာသေးမီကာလအတွင်း ပေါ်ထွက်လာခဲ့သည့် မသမာမှုများမှာ အပေါ်ယံသာဖြစ်သည်ဟု ဆိုသည်။
    “ကုမ္ပဏီတွေအချင်းချင်း ကတောက်ကဆဖြစ်ရင် ခြစားမှုအသေးစိတ်အချက်အလက်တွေကို ကြားရမှာဖြစ်ပြီး၊ ပြည်သူလူထုကလည်း သိရမှာပါ” ဟု ဦးလှဆန်းက ပြောကြားခဲ့သည်။
    (စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူများ ပါဝင်နေသော) MGE ၏ အဆက်အသွယ်များက လွှမ်းမိုးမှု၊ လုပ်ပိုင်ခွင့်များရှိနေသည်ဟု သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲမှုနှင့်ပတ်သက်၍ စောင့်ကြည့်အဖွဲ့တစ်ခုဖြစ်သည့် Natural Resource Governance Institute အဖွဲ့မှ အကြံပေး မက်သယူး ဆော်လမွန်က ပြောကြားခဲ့သည်။
    “MEG ရဲ့ တာဝန်တွေက ဘာမှန်း ရေရေရာရာမသိရဘူးဗျ။ ဘာ့ကြောင့်လည်းဆိုတော့ မြန်မာကျောက်မြတ်ရတနာ ရောင်းဝယ်ရေး ဥပဒေလိုမျိုး အဓိကကျတဲ့ စာရွက်စာတမ်းမျိုး သူတို့ရဲ့ ဒိုမိန်းထဲမှာ မရှိဘူး။ နောက်ပြီး သူတို့ရဲ့ ဆောင်ရွက်မှုမျိုး၊ နှစ်ပတ်လည် အစီရင်ခံစာမျိုးလည်း မရှိဘူး”
    ထိုကိစ္စနှင့်ပတ်သက် MGE မှ တာဝန်ရှိသူများက မှတ်ချက်မပေးခဲ့။
    ပွင့်လင်းမြင်သာမှုရှိရေး လှုံ့ဆော်နေသည့် အဖွဲ့များ၏ နောက်ထပ် စိုးရိမ်မှုတစ်ခုက အများပြည်သူများ လေ့လာကြည့်ရှုနိုင်ခြင်းမရှိသည့် MGE မှ ဘဏ်အကောင့်များဖြစ်သည်။ EITI ၏ အစီရင်ခံစာတွင် MGE မှာ ကျောက်မြတ်ရတနာလုပ်ငန်းမှ အကျိုးမြတ် ထက်ဝက်ကျော် ကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကို ထိုငွေစာရင်းများတွင် ထိန်းသိမ်းထားသည်ဟု ဖော်ပြခဲ့သည်။ မစ္စတာ ဆော်လမွန်ကတော့ ထိုပမာဏမှာ အလျှော့ပေါ့ဆုံး ခန့်မှန်းထားခြင်းဖြစ်ပြီး အမှန်ကတယ်ပမာဏမှာ ထိုထက် အဆပေါင်းများစွာ များပြားနိုင်ကာ သန်း ၆၅၀ ကျော်အထိရှိမည်ဟု ဆိုလေသည်။
    KIC Group မှာ ကိုကျော်ကျော်က တရုတ်နိုင်ငံမှ ၀ယ်လိုအားမြင့်တက်နေချိန်တွင် ပွင့်လင်းမြင်သာမှုရှိရေး ဆောင်ရွက်ချက်များကို မဖြစ်မနေ ပြုလုပ်ရမည်ဟု ပြောကြားခဲ့သည်။
    “ဥပဒေချိုးဖောက်သူတွေကို အပြစ်ပေးဖို့လိုတယ်။ ဒါပေမယ့် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကူအညီမပါဘဲ ဒီကိစ္စကို ကျွန်တော်တို့ လုပ်လို့မရပါဘူး။ သူတို့ ပူးပေါးပါဝင်မှ၊ ဒါကို ကူညီပေးမှ အခြေအနေတွေက ပြောင်းလဲမှာပါ”
    Ref: finicialtimess
    ( Financial Times မှ The dark shadow of Myanmar’s jade trade ဆောင်းပါးကို လေးမောင်က ဆီလျော်အောင်ြ
    ပန်ဆိုသည်။)