News @ M-Media

Category: ဆောင်းပါး

  • နိုင်ငံတော်တွင် တင်နေသေးသည့် နောက်ထပ် အကြွေးတခု

    နိုင်ငံတော်တွင် တင်နေသေးသည့် နောက်ထပ် အကြွေးတခု

    ၂၀၁၂ ခုနှစ်က ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့သော အညတရ သူရဲကောင်းဆု တတိယ အကြိမ် ဆုပေးပွဲ

    မကြာသေးခင်က ရန်ကုန်မြို့တွင် ဦးကိုနီနှင့် ကိုနေဝင်းတို့အတွက် ချီးကျူးဂုဏ်ပြုပွဲအခမ်းအနားကျင်းပသွား တာ တွေ့သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်ပြီး နှစ်ယောက်လုံးကို ချီးကျူးစကားများ ပြော ကြားသွားသည်။ ကျန်ရစ်သူမိသားစုနှစ်စုအနေဖြင့် မိမိတို့မိသားစုဝင် ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းပူဆွေးနေကြ မည်မှာမှန်သော်လည်း တဖက်က ယခုလို တတိုင်းတပြည်လုံးက မိမိတို့ကို နှုတ်အားဖြင့်တင်မက ငွေအား၊ လူအားဖြင့်ပါ ဝိုင်းဝန်းဖေးမကူညီကြသည်ကိုမြင်ရသဖြင့် ဖြေသာမည်၊ မိမိတို့ချစ်ခင်ရသည့် သွားလေသူနှစ်ဦးအတွက် ဝမ်းမြောက် ဂုဏ်ယူ ကြလိမ့်မည်၊ စိတ်ဒဏ်ရာများလည်း နက်နက်မကျန်ရစ်နိုင်ဟု ယုံကြည်ပါသည်။

    သို့ရာတွင် ကျွန်တော်တို့ မေ့နေခဲ့ကြသော မမေ့အပ်သော ကိစ္စတခုရှိပါသေးသည်။ ဦးကိုနီနှင့် ကိုနေဝင်းတို့လောက် လူသိ မများ၊ ဟိုးလေးတကျော်မဖြစ်ဘဲ လူမသိသူမသိပေးဆပ်ခဲ့ကြသူတွေအတွက်လည်း စာနာကြောင်း၊ လေးစားဂုဏ်ယူကြောင်း၊ အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြသဖို့ဖြစ်သည်။ ၁၉၆၂ အာဏာသိမ်းသည်မှစကာ ၂ဝ၁၀ နောက်ပိုင်း   မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်အောင် အုတ်တချပ်သဲတပွင့်ပါဝင်ကာ တွန်းတင်ပေးခဲ့ကြသူအပေါင်း ဒုနှင့်ဒေး ရှိခဲ့ သည်။ ထိုသူတို့သည် မည်သည့်အကျိုးစီးပွားကိုမျှ မျှော်ကိုး၍မဟုတ်ဘဲ အမှန်တရားကို ချစ်မြတ်နိုးစိတ်၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် လောကပါလတရားများထွန်းကားရေးတို့ကို လိုလားသောစိတ်တစ်ခုတည်းဖြင့် ကျရာနေရာမှ ဝင်ရောက်ကာ တိုက်ပွဲဝင်ခဲ့ကြသူများဖြစ်သည်။

    ၁၉၆၂ ခုနှစ်နှင့် ၂ဝ၁ဝ ပြည့်နှစ်အကြား နှစ် ၅၀ ကာလအတွင်း စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဒုက္ခရောက်သူ၊ ဘဝပျက်ခဲ့ သူတွေ တပုံတပင်ရှိသည်။ လမ်းပေါ်ထွက်ဆန္ဒပြ၍ ထောင်ကျခံ၊ ညှဉ်းပန်းနှိပ်စက်ခံ၊ နောက်ဆုံး အသက်အသေခံခဲ့ ရသူတို့ သာလျှင် စနစ်ဆိုး၏ဒဏ်ကို ခံစားခဲ့ရသည်မဟုတ်။ နိုင်ငံရေးလုပ်မိသူတို့၏ နီးစပ်ပတ်သက်သည့် မိသားစုဝင်၊ ဆွေမျိုးသား ချင်း၊ မိတ်ဆွေအပေါင်းအသင်းများလည်း တနွယ်ငင် တစင်ပါ ခံစားခဲ့ကြရသည်။ လက်နက်ကိုင် တောခိုသွားကြသူတို့၏ ကျန်ရစ်ခဲ့သည့်မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများလည်း အမျိုးမျိုးဒုက္ခပေးခံခဲ့ရသည်။ ကျွန်တော့်မိတ်ဆွေ တယောက်၏ ဖခင်သည် စစ်ထောက်လှမ်းရေး၏ ဖမ်းဆီးခြင်းခံခဲ့ပြီးနောက် သူတို့မိသားစု ဒုက္ခအကြီးအကျယ်ရောက်ခဲ့ကြသည်။ တချိန် က နိုင်ငံရေးလုပ်ဖော်လုပ်ဖက်များကလည်း သတင်းမမေး၊ အားပေးနှစ်သိမ့်မှုမရှိခဲ့ကြဟု ဆိုသည်။

    ဖခင်ဖြစ်သူအဖမ်းခံရသည့်နောက် အိမ်မှာ မိန်းမတွေချည်း ကျန်ရစ်ခဲ့သည်။ အိမ်ရှင်က အိမ်လခတိုးတောင်းတာ ခံရသည်။ မိခင်ဖြစ်သူမှာ အစိုးရဝန်ထမ်းဖြစ်ရာ နောက်ဆုံး ရမယ်ရှာပြီး အလုပ်ဖြုတ်ခံရသည်။ အပြင်မှာ စာပြစားဖို့လုပ်တာကိုပင် ထောက်လှမ်းရေးက စာမသင်နိုင်အောင် အမျိုးမျိုးလိုက်နှောင့်ယှက်သည်။ ငတ်တလှည့် ပြတ်တလှည့်ဖြင့် ဖြတ်သန်းရသည်။ စာအုပ်များကို အဟောင်းတန်းတွင် ရောင်းစားရသည်အထိ ဖြစ်သည်။ နိုင်ငံရေးသမားမိသားစုဆိုလျှင် ပတ်ဝန်းကျင်က မဆက်ဆံချင်ကြ။ ကူကွယ်ရာမဲ့ဘဝ ရောက်ရသလိုရှိခဲ့သည်။ အမေနှင့်သမီးတွေချည်း ကြံ့ကြံ့ခံကာ ရပ်တည်ခဲ့ရသည်။

    ကျွန်တော့်မိတ်ဆွေလို ခါးသီးသည့်အတွေ့အကြုံများကို ခံစားခဲ့ရသူပေါင်း မြန်မာနိုင်ငံတွင် ထောင်သောင်းသိန်းဂဏန်းမျှ ရှိနိုင်သည်။ ထိုခံစားခဲ့ရသူများမှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက စုဆောင်းပြုစုထားသည့် နိုင် ငံရေးအကျဉ်းသားဟောင်း/သစ် စာရင်းဝင်နေသူဦးရေထက် ပိုသည်။

    ထောက်လှမ်းရေးက ညကြီး အချိန်မတော် တံခါး လာခေါက်ပြီး “မေးစရာရှိလို့ လိုက်ခဲ့ပါဦး” ဟု ခေါ်သွားကာ ကံကောင်းစွာဖြင့် ပြန်လွှတ်ခံခဲ့ရဖူးသူအားလုံး၊ ထိုသူတို့နှင့် ပတ်သက်ပြီး ထိခိုက်ခံစားခဲ့ရသူအားလုံး၊ ၁၉၈၈၊ ၂ဝဝ၇ စသည့် အရေးအခင်းတို့တွင် လမ်းပေါ်ထွက်ဆန္ဒပြ၍ဖြစ်စေ၊ ဘေး ကရပ်ကြည့်ရာမှဖြစ်စေ ကျည်သင့်ကာ ကွယ်လွန်ခဲ့သူများအားလုံး၊ ရိုက်နှက်ဖမ်းဆီးခံရသူအားလုံး၊ လိင်ပိုင်းအစော်ကားခံခဲ့ရသူအားလုံး စသည်ဖြင့် အာဏာရှင်စနစ်ဆိုး၏ရိုက်ချက်ကို အဖျားအနားပင်ဖြစ်စေ ထိမှန်ခဲ့ကြသူအားလုံးကို ဆိုလိုသည်။

    ကျွန်တော်ငယ်ငယ်ကနေခဲ့သည့် ရပ်ကွက်ထဲတွင် ၉/၁၁ တိုက်ခိုက်မှုပြီးကာလလောက်ကဖြစ်မည်၊ ကျောချင်းကပ်လမ်းက မွတ်စလင်ကောင်လေးတစ်ယောက်ကို ထောက်လှမ်းရေးက အယ်လ်ကိုင်ဒါနှင့်ပတ်သက်သည်ဟု သံသယဖြင့် ဖမ်းဆီးသွား ခဲ့ရာ စစ်မေးရင်း လက်လွန်သွားခဲ့သည်။ ထောက်လှမ်းရေးက ထိုကောင်လေး၏မိသားစုဝင်များအား သည်ကိစ္စမပေါက်ကြား စေရန်နှင့် နာရေးကို တိုးတိုးတိတ်တိတ်လုပ်ရန်သာ လာသတိပေးခဲ့သည်ဟု နောက်ပိုင်းပြန်ကြားရသည်။ ထိုသို့သော အညတရပေါင်းများစွာရှိသည်။ သူတို့အတွက် သို့မဟုတ် သူတို့၏ကျန်ရစ်သူအသိုင်းအဝိုင်းအတွက်လည်း ထည့်စဉ်းစားဖို့လိုသည်။

    ခေတ်ဆိုးစနစ်ဆိုးကြောင့် ထိခိုက်ခံစားခဲ့ရသူများအနက် အဆိုးရွားဆုံးက ဥမမည် စာမမြောက် ကလေးငယ်များ ဖြစ်သည်။ ကိုယ်အားကိုးသည့် မိဘ၊ ဆွေမျိုး၊ စသည်တို့ ဒုက္ခရောက်၊ အသက်ဆုံးသည်ကို မြင်ရရာမှ သွေးပျက်ကာ တသက်လုံး စိတ်ရောဂါရသွားသည့် ကလေးငယ်များက ဘဝမှာအနစ်နာဆုံးဖြစ်သည်။ လူကြီးဆိုသည်က ကိုယ်ယုံကြည်ရာကို လုပ်ခြင်း ဖြစ်၍ ဘာပဲဖြစ်လာဖြစ်လာ ဖြေသာနိုင်သေးသည်။ စိတ်ကြံ့ခိုင်နိုင်သေးသည်။ ကလေးဆိုသည်ကတော့ နုနယ်စဉ်မှာ စိတ်ထဲကို ဒဏ်ရာနက်နက် ဝင်သွားခဲ့လျှင် တသက်လုံး နာလန်ထူမည်မဟုတ်တော့။ သူတို့၏ ပညာရေး၊ ရုပ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ လူမှုဆက်ဆံရေး အားလုံးထိခိုက်နစ်နာသွားတော့မည်။ တိုက်ပွဲဖြစ်ပွားရာ တိုင်းရင်းသားဒေသများမှာဆို လည်း သည်အတိုင်း။ မိမိရှေ့မှာ လူတွေ ရုပ်ပျက်ဆင်းပျက်သေကြ၊ ရွာတွေ မီးရှို့ခံရတာကို မြင်ရ၊ ကိုယ့်ရှေ့မှာသူများကို ကျူးလွန်တာဖြစ်စေ၊ ကိုယ့်ကိုကျူးလွန်တာဖြစ်စေ ခံစားရပြီဆိုလျှင် ထို ကလေးငယ်များသည် တသက်လုံး ပုံမှန်ဘဝမှာ နေသွားဖို့မဖြစ်နိုင်တော့။ စောစောကပြောခဲ့သည့် ကျွန်တော့် မိတ်ဆွေဆိုလျှင် တစ်သက်လုံး အမုန်းတရားဖြင့်ကြီးပြင်းလာခဲ့ရသည်ဟု ဆိုသည်။ ဒုက္ခရောက်နေသည့် အချိန် ရုပ်ဝတ္ထုအကူအညီထက် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုမရခဲ့ခြင်းက အမုန်းတရားကိုမီးတောက်စေသည့် အဓိကအကြောင်းအရင်း ဖြစ်မည်ထင်သည်။ ဆိုလိုသည်မှာ ထိခိုက်နစ်နာခဲ့သူများ အတွက် စစ်အစိုးရအဆက်ဆက်သာလျှင် တရားခံမဟုတ်၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဝင်များကိုယ်တိုင်လည်း တာဝန်ရှိ သည်။ ပြည်သူများအကြားတွင် ဘယာဂတိ အစိုးမိုးမခံဘဲ မတရားမှုကို ငုံ့မခံစိတ်၊ နစ်နာသူအပေါ် အားပေးဖေးကူချင်စိတ်များ ထိုစဉ်က ကိန်းအောင်းခဲ့လျှင် ကျွန်တော့်မိတ်ဆွေသည် အစိုးရဆိုးကြောင့် ဖခင်ထောင်ကျနေရဦးတော့၊ မိသားစုဝင်များ သည်လောက် ဒုက္ခမရောက်နိုင်၊ အမုန်းတရားများလည်း သည်မျှမပွားစည်းနိုင်ဟု သုံးသပ်မိသည်။ ခုတော့ အစိုးရကတင်မက ပတ်ဝန်းကျင်ကပါ ရေနစ်သူဝါးကူထိုးသလိုဖြစ်သည်ဟု သူ့ဖြစ်ရပ်ကိုကြည့်၍ ခံစားရသည်။

    ကျွန်တော်ညွှန်ပြလိုသည့်အချက်မှာ ထိုသို့သော ထိခိုက်ခံစားခဲ့ရသူများအတွက် နိုင်ငံတော်က မည်သို့သော အစီအစဉ်ဖြင့် ပြန်လည်ကုစားပေးမည်နည်းဆိုသည့် အချက်ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးသူများ အတွက် ပုံမှန်အချိန်တခု ရောက်တိုင်း ကူညီစောင့်ရှောက်ပေးမည့် အသင်းအဖွဲ့၊ လူပုဂ္ဂိုလ် စသည် ယနေ့ ပေါ်ထွက်လာကြပြီဖြစ်သည်။ သို့သော်လည်း အပေါ်တွင်ပြောခဲ့သလို စိတ်ဒဏ်ရာဖြင့် ကြီးပြင်းခဲ့ရသူများအတွက် ရုပ်ပိုင်းမဟုတ်သည့် မည်သို့သော ပြန်လည်ထူ ထောင်ရေးအစီအစဉ်ကို လုပ်ဆောင်မည်ကို နိုင်ငံတော်အနေဖြင့်၊ အထူးသဖြင့် လက်ရှိအစိုးရအနေဖြင့် စဉ်းစားထားသည်ကို သိရှိလိုသည်။ ဒါက စနစ်အကူးအပြောင်းကို ဖြတ်သန်းနေရသည့်နိုင်ငံတိုင်းအတွက် အရေးကြီးသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ နိုင်ငံတကာမှာတော့ Transitional Justice “အသွင်ကူးပြောင်းကာလ တရားမျှတမှု” ဟု ခေါ်ကြသည်။ ဒီမိုကရေ စီနိုင်ငံထူထောင်မည်ဆိုပါက မဖြစ်မနေဆောင်ရွက်ရမည့် တရားမျှတမှုရှာဖွေသည့်လုပ်ငန်းဖြစ်သည်။ ‘အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး’ ခေါင်းစဉ်ဖြင့် အတိတ်ကို ပြည်ဖုံးကားချခြင်း၊ သင်ပုန်းချေခြင်း၊ ကျူးလွန်ခဲ့သူများကို ခွင့်လွှတ်ခြင်းနှင့် မသက်ဆိုင်သော သီးခြားလုပ်ငန်းစဉ်ဖြစ်သည်။ သာဓကပြရလျှင် အတိတ်က အစိုးရအဆက်ဆက်၏ မှားယွင်းခဲ့သည့်အပြစ် များကို အတိအလင်းဖွင့်ဟဝန်ခံခြင်း၊ (ဦးကိုနီနှင့် ကိုနေဝင်းမိသားစုများအား လုပ်ပေးသလို) နစ်နာခဲ့သူများအား ပြန်လည် ကြည့်ရှုစောင်မခြင်း၊ တချိန်က နာမည်ပျက်စာရင်း သွင်းခံခဲ့ရသူများအား လူဆိုးမဟုတ်ကြောင်း ပြန်လည်ကြေညာပေးခြင်း၊ ဒီမိုကရေစီတိုက်ပွဲတွင် စွန့်လွှတ်အနစ်နာခံခဲ့ရသူအားလုံးတို့အတွက် အထိမ်းအမှတ်တခုခု (ပြတိုက်၊ ကျောက်တိုင်၊ ပန်းခြံ စသည်) ပြုလုပ်ပေးခြင်း၊ ထိုသူတို့အတွက် ရည်စူး၍ နေ့တနေ့ကို အောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ်ပေးခြင်း၊ စိတ်ဒဏ်ရာဖြင့်ကြီးပြင်းခဲ့ကြရသူများအတွက် နှစ်သိမ့်ဆွေးနွေးမှု၊ နွေးထွေးမှုများ ပြန်လည်ပေးခြင်း စသည်တို့ပါဝင်သည်။

    အသွင်ကူးပြောင်းကာလ တရားမျှတမှုသည် ဒဏ်ရာဒဏ်ချက်များကို သက်သာပျောက်ကင်းစေရန် နိုင်ငံတော် အစီအစဉ်ဖြင့် ကုစားပေးခြင်းဖြစ်သည်။ ထိုဒဏ်ရာဒဏ်ချက်များကို ပျောက်ကင်းအောင် အရင်မလုပ်ဘဲ စနစ်အကူးအပြောင်းကိုသာ ပုံ ဖော်မည်ဆိုပါလျှင် စစ်မှန်သော တရားမျှတမှုထွန်းကားသည့် လူ့ဘောင်ကို တည်ဆောက်နိုင်မည်မဟုတ်ပါ။ နောင်တ ချိန်တွင် မြန်မာနိုင်ငံသည် ပြည်တွင်းစစ်ချုပ်ငြိမ်း၍ ပြည်သူအများ တောင့်တသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တစ်ခု ဖြစ်လာသော်လည်း ကြားကာလတွင် အသွင်ကူးပြောင်းကာလ တရားမျှတမှုကို မဖော်ဆောင်ထားမိပါက သွေးပြည်ပုပ်တို့ကို ဖောက်ချကာ ဆေးမထည့်ဘဲ အပေါ်က အရေပြား ထပ်ပိုးပြီး မိတ်ကပ်လိမ်းသည်နှင့် တူပါလိမ့်မည်။ တိုင်းပြည်ကသာ တည်ငြိမ်သွားပြီး စီးပွားရေးကောင်းချင် ကောင်းလာမည်ဖြစ်သော်လည်း ခေတ်ဆိုးကိုဖြတ်သန်းခဲ့ရသည့် နိုင်ငံသားများ၏ မျက်နှာပေါ်တွင် စစ်မှန်သော အပြုံးတို့ကိုတော့ မြင်ရမည်မဟုတ်ပါ။

    ဆရာကြီးရွှေဥဒေါင်းစကားဖြင့်ပြောရလျှင် စိတ်တွင် ဆူးများတချောင်းပြီး တချောင်းပေါက်နေသော လူများ မြန်မာနိုင်ငံတွင် အများအပြားကျန်ရှိနေပါသေးသည်။ ဦးကိုနီနှင့်ကိုနေဝင်းတို့ကို မမေ့သကဲ့သို့ ထိုလူအများကိုလည်း မမေ့အပ်ဘဲ လက်တွဲ ခေါ်ဖို့၊ ဂရုစိုက်ဖို့ နိုင်ငံတော် (အစိုးရနှင့်ပြည်သူ) တွင် အကြွေးကျန်နေပါသည်။     ။

    (ဝေယံဘုန်းသည် Myanmar Now ၏ အယ်ဒီတာတဦး ဖြစ်သည်)

  • လွတ်လပ်စွာပြောဆိုခွင့်နဲ့ အမုန်းစကား ကွဲကွဲပြားပြားဖြစ်စေချင်။

    လွတ်လပ်စွာပြောဆိုခွင့်နဲ့ အမုန်းစကား ကွဲကွဲပြားပြားဖြစ်စေချင်။

    မင်းမျိုးဝင်း|ရန်ကုန်တက္ကသိုလ်|

            လူတိုင်းဟာ လွတ်လွတ်လပ်လပ် ထင်မြင်ယူဆနိုင်ခွင့်ရှိသလို လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့်လည်းရှိပါတယ်။ လွတ်လွတ်လပ်လပ် ရှာဖွေဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နဲ့ ဝေမျှနိုင်ခွင့်တွေလည်းရှိပါတယ်။

    လွတ်လပ်စွာပြောဆိုပိုင်ခွင့်နဲ့ပတ်သက်ပြီး လူ့အခွင့်အရေးကြေငြာစာတမ်းရဲ့ အပိုဒ် ၁၉ မှာလည်း “လူတိုင်းတွင် လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာဖွင့်ဟဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောက်အယှက် မရှိဘဲ၊ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်ပါဝင်သည့်အပြင် နိုင်ငံနယ်နိမိတ်များကိုထောက်ထားရန်မလိုဘဲ သတင်း အကြောင်းအရာနှင့် သဘောတရားများကို တစ်နည်းနည်းဖြင့် လွတ်လပ်စွာရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှနိုင်ခွင့် တို့လည်းပါဝင်သည်”လို့ ဖော်ပြထားတာကိုတွေ့ရပါတယ်။

    ကမ္ဘာ့ကုလသမဂ္ဂကထုတ်ပြန်တဲ့ လူ့အခွင့်အရေးကြေငြာစာတမ်းဟာ ကမ္ဘာ့နိုင်ငံအသီးသီးကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ကြေငြာစာတမ်းတစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ပဲ၊ ကမ္ဘာနိုင်ငံအသီးသီးရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာလည်း လွတ်လွတ်လပ်လပ် ထင်မြင်ယူဆနိုင်ခွင့်၊ လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့်၊ လွတ်လွတ်လပ်လပ် ရှာဖွေဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နဲ့ ဝေမျှနိုင်ခွင့်တွေရှိကြောင်းကို ထဲ့သွင်းရေးဆွဲထားကြပါတယ်။

    မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၅၄ မှာလည့်း “ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရားအလို့ငှာ ပြဌာန်းထားသည့်ဥပဒေများနှင့် မဆန့်ကျင်လျှင်  အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာသုံးစွဲဆောင်ရွက်ခွင့်ရှိသည်။

    (က) မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ချိခွင့်၊ (ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ (ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများဖွဲ့စည်းဆောင်ရွက်ခွင့်၊ (ဃ) တိုင်းရင်းသားလူမျိုးတစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုးအချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာ သာသနာကိုလည်းကောင်း၊ ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့်စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်” ရှိသည်လို့ ဖော်ပြထားပါတယ်။

    လွတ်လပ်စွာပြောဆို၊ရေးသား၊ထုတ်ဝေခွင့်ဆိုတာ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ရဲ့မိတ်ဖက်ဖြစ်သလို အာဏာရှင်စနစ်ရဲ့ ရန်ဘက်လည်းဖြစ်ပါတယ်။ လွတ်လပ်စွာပြောဆို၊ရေးသား၊ထုတ်ဝေခွင့်ဆိုတာ ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွက် အင်မတန် အရေးကြီးတဲ့ နိုင်ငံသားတို့ရဲ့မွေးရာပါလွတ်လပ်ခွင့်လည်းဖြစ်ပါတယ်။ လွတ်လပ်စွာပြောဆို၊ရေးသား၊ထုတ်ဝေခွင့်ဆိုတာ လူ့အခွင့်အရေးရဲ့ တန်ဖိုးဖြစ်သလို လွတ်လပ်ခြင်း၊တန်းတူညီမျှခြင်း၊တရားမျှတခြင်းတို့ဖြစ်တဲ့ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ရဲ့ အုတ်မြစ်ဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လူတစ်ဦးချင်း၊ နိုင်ငံသားတစ်ဦးချင်း၊ ရသင့်ရထိုက်တဲ့အခွင့်အရေးလည်း ဖြစ်သလို၊ ဥပဒေအရ ရပိုင်ခွင့်ရှိတဲ့အခွင့်အရေးလည်းဖြစ်ပါတယ်။ လွတ်လပ်စွာပြောဆို၊ရေးသား၊ထုတ်ဝေခွင့်ကို ဒီိမိုကရေစီနိုင်ငံတွေမှာရော၊ ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းလျှောက်လှမ်းနေတဲ့နိုင်ငံတွေမှာပါ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ထဲ့သွင်းရေးဆွဲထားရမှာဖြစ်ပါတယ်။ လွတ်လပ်စွာပြောဆို၊ရေးသား၊ထုတ်ဝေခွင့်တွေနဲ့အတူ ငြိမ်းချမ်းစွာစုဝေးခွင့်၊ အသင်းအဖွဲ့တွေ၊ အစည်းအရုံးတွေ ဖွဲ့စည်းခွင့်၊ တစ်ခြားလူမျိုး၊တစ်ခြားဘာသာတရားတွေကို မထိခိုက်ဘဲ၊ လွတ်လွတ်လပ်လပ် ကိုးကွယ်ယုံကြည်ပိုင်ခွင့်နဲ့အတူ မိမိကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားအပေါ်မှာ လွတ်လွတ်လပ်လပ် ကျင့်သုံးပိုင်ခွင့်ဆိုတာတွေလည်းပါဝင်ရမှာဖြစ်တယ်။ ဒါမှလည်း နိုင်ငံတကာစံချိန်မီတဲ့ဒီမိုကရေစီကို ပြောင်းလဲနေပြီလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။

    ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ လွတ်လပ်စွာပြောဆို၊ရေးသား၊ထုတ်ဝေခွင့်ရှိတယ်ဆိုပေမယ့် မိမိတို့ပြောဆို၊ ရေးသား၊ထုတ်ဝေဖော်ပြမှုတိုင်းမှာ လူသားတွေရဲ့အခြေခံရပိုင်ခွင့်တွေ၊ လူတစ်ဖက်သားအပေါ် ပုတ်ခတ်မှုတွေ၊ အငြှိုးထားပြီး အာဃာတတရားကြီးထွားအောင် လှုံ့ဆော်မှုတွေနဲ့အမုန်းစကားဖြန့်ချိမှုတွေကိုတော့ ရှောင်ရှားရမှာဖြစ်ပါတယ်။ လူမျိုးရေး ကြောင့်ဖြစ်ဖြစ်၊ ဘာသာရေးကြောင့်ဖြစ်ဖြစ် တစ်ဖက်နဲ့တစ်ဖက်၊ လူ့အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု မုန်းတီးအောင်၊ သွေးကွဲအောင် ဖန်တီးမှုတွေကို ရှောင်ရှားရပါမယ်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၆၄ မှာလည်း “ လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့် သော်လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်တီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုး ပေါ်ပေါက်လာစေရန်ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဌာန်းနိုင်သည်” လို့ ထည့်သွင်းဖော်ပြထားပါတယ်။

    လူမျိုးရေး၊ ဘာသာရေးခွဲခြားဆက်ဆံမှု၊ မုန်းတီးမှု၊ သွေးကွဲအောင်လှုံ့ဆော်မှုတွေဟာ လူ့အဖွဲ့အစည်းတစ်ခုလုံး အတွက် အင်မတန်အရုပ်ဆိုးအကျည်းတန်ပြီး လူသားဝါဒရဲ့အခြေခံဥပဒေသတွေ၊ လူ့ဂုဏ်သိက္ခာကိုလေးစားတန်ဖိုးထားရမယ် ဆိုတဲ့အချက်တွေနဲ့လည်း ဖီလာဆန့်ကျင်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းတစ်ခုကိုဖြစ်ဖြစ်၊ လူမျိုးစုတစ်စုစုကိုဖြစ်ဖြစ် ခွဲခြားနှိမ်ချစော်ကားပြီး တိုက်ခိုက် ပြောဆို ရေးသားမှုတွေကို အမုန်းစကား(Hate Speech)လို့ ခေါ်တာဖြစ်တယ်။ အမုန်းစကား(Hate Speech)ဆိုတာ လူမျိုးရေး၊ ဘာသာရေးခွဲခြားဆက်ဆံမှု၊ ပိတ်ဆို့တားမြစ်မှုတွေ အတွက်ရည်ရွယ်ပြီး ၀ါဒဖြန့်ပြောဆိုမှုတွေကိုခေါ်တယ်။ လူတစ်ဦးတစ်ယောက်၊ လူတစ်စု၊ လူမျိုးစုတစ်စု၊ လူမျိုးတစ်ခု၊ ဘာသာတစ်ခုအပေါ်မှာ မလိုမုန်းထား၊နှိမ့်ချစော်ကားနေတာ၊ ခြိမ်းခြောက်ပြောဆိုနေတာတွေဟာ အမုန်းတရားဖြန့်ချိမှုပါပဲ။ လူမျိုး၊ ဘာသာ၊ လိင်နဲ့လူသားမျိုးနွယ်အချင်းချင်းကြားမှာ အမုန်းတရားဖြစ်ပေါ်စေဖို့၊ သွေးကွဲရန်ဘက်ဖြစ်စေဖို့ အတွေးခေါ်တွေနဲ့ အယူအဆတွေပြန့်နှံ့အောင် ၀ါဒမှိုင်းတိုက်မှုတွေကိုလည်း အမုန်းစကား(Hate Speech)လို့ ခေါ်ပါတယ်။ လူနည်းစုလူမျိုးတွေနဲ့ လူနည်းစုဘာသာဝင်တွေကို နာကျင်စေတဲ့စကားမျိုးပြောဆိုတာဟာလည်း အမုန်းစကားကို ဖြစ်ပေါ် စေပါတယ်။ ဒီလို လူမျိုးရေးစော်ကားတာ၊ ဘာသာရေးစော်ကားတာ၊ နာကြင်စေတဲ့စကားတွေပြောတာတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အမုန်းစကား(Hate Speech)တွေကြောင့် အကြမ်းဖက်တိုက်ခိုက်မှုတွေကနေ မျိုးဖြုတ်သတ်ဖြတ်မှုတွေ အထိဖြစ်ကာ ထိန်းမနိုင်သိမ်းမရ အခြေအနေဆိုက်ရောက်ခဲ့ရတယ်ဆိုတာ သမိုင်းမှာသက်သေတွေ ရှိခဲ့ပါတယ်။

    အမုန်းစကား(Hate Speech) အများစုဟာ တကယ်တော့ ရိုးသားပြီး မိမိလူမျိုး၊ မိမိဘာသာကိုချစ်မြတ်နိုးတဲ့လူထုကို သည်းခြေကြိုက်စကားလုံးတွေဖြစ်တဲ့ လူမျိုးရေး၊ဘာသာရေးစကားတွေ ခုတုံးလုပ်ပြီး လှုံ့ဆော်ဝါဒဖြန့်ကြတာကြောင့် အကြမ်းဖက်မှုတွေဖြစ်ရတာဖြစ်တယ်။ လူမျိုးမတူသူတွေကြား၊ ဘာသာမတူသူတွေကြား သံသယနဲ့အထင်အမြင် လွဲမှားမှုတွေ ကြောင့် ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေပေါ်ပေါက်လာရတာဖြစ်တယ်။ သံသယတွေ၊ အထင်အမြင်လွဲမှားမှုတွေကို အရင်းစစ်ကြည့်လိုက်ရင်  အမုန်းစကား(Hate Speech)တွေကြောင့်ဆိုတာ ထင်ရှားပါတယ်။  လူ့အဖွဲ့အစည်းတွေအတွင်းမှာ အမုန်းစကား (Hate Speech)တွေ ပြန့်နှံ့လာတဲ့အခါ တစ်ဖက်လူ့အဖွဲ့အစည်း၊ တစ်ဖက်လူမျိုးစုတွေကို တိုက်ခိုက်ဖို့ အင်အားစုတွေ အလိုလိုပေါ်ပေါက်လာလေ့ရှိပါတယ်။

    အဲဒီအင်အားစုတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဘာသာရေးနဲ့ဆိုင်တဲ့ခွဲခြားဆက်ဆံမှုတွေ၊ ကိုးကွယ်ယုံကြည်တဲ့ ဘာသာမတူသူတွေကို ခွဲခြားဆက်ဆံဖို့၊ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ အတူနေလာကြပြီး ဒီမြေမှာမွေး၊ ဒီမြေမှာသေကြရမယ့်သူတွေကိုတောင် ကိုယ်လိုသူလိုညီရင်းအစ်ကို စိတ်မထားနိုင်ကြတော့ဘဲ၊ တစ်နိုင်ငံတည်းသားတွေလို့မမြင်နိုင်ကြတော့ဘဲ ခွဲခြားဆက်ဆံမှုတွေပြုလုပ်လာကြတယ်။ နိုင်ငံသားအချင်းချင်းတွေဖြစ်နေ ပါလျက်နဲ့ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်တွေနဲ့ စီးပွားရေးအဆက်အဆံမလုပ်ဖို့၊ ဘာသာမတူသူတွေရဲ့ဈေးဆိုင်တွေမှာမ၀ယ်ဖို့၊ ဘာသာမတူသူတွေကို မြို့ရွာတွေတွေမှာနေထိုင်ခွင့်မပြုဖို့၊ မြို့ရွာတွေကနေမောင်းထုတ်ဖို့၊ ဘာသာရေးအဆောက်အဦတွေကို အကြောင်းအမျိုးမျိုးရှာပြီး ပိတ်သိမ်းဖို့စတာတွေ ရေးသား ပြောဆို ဟောပြော ၀ါဒမှိုင်းတိုက်နေတာတွေဟာ လွတ်လပ်စွာ ပြောဆို ရေးသားခွင့်နဲ့ရောထွေးသွားကြပြီး၊ အမုန်းစကား(Hate Speech) ဖြန့်ချိမှုအဆင့်ကို ရောက်သွားပါတော့တယ်။

    အဲဒီ အမုန်းစကား(Hate Speech)တွေဖြစ်ပေါ်လာအောင် လှုံ့ဆော်နေတဲ့စကားတွေဟာ ဘယ်လို လူနည်းစု ဘာသာဝင်တွေကို လူများစုတွေက အခွင့်အရေးမပေးဘဲ ကန့်သတ်ထားရမယ်။ ဘယ်ဘာသာဝင်တွေရဲ့ဆိုင်တွေကိုတော့ ဈေးမ၀ယ်ဘဲရှောင်ကြဉ်ရမယ်၊ ဘယ်ဘာသာဝင်တွေကို မြို့ရွာတွေမှာနေထိုင်ခွင့်မပြုရဘူး၊ ဘယ်ဘာသာဝင်တွေရဲ့ ဘာသာရေး ဆိုင်ရာအဆောက်အဦးတွေကို ဖျက်သိမ်းရမယ်။ ဘယ်ဘာသာဝင်နဲ့တော့ လက်ထပ်ခွင့်မရှိဘူးစတဲ့ လူမျိုးနဲ့ လိင်အရ သီးသန့် ခွဲခြားသတ်မှတ်ဖို့ တိုက်တွန်းနှိုးဆော်တာမှန်သမျှ အမုန်းတရားဖြစ်ပေါ်ဖို့လှုံ့ဆော်မှုပါပဲ။ ဒါကို လွတ်လပ်စွာ ပြောဆိုခွင့်လို့ဆိုပြီး ခွင့်ပြုပေးရမှာမဟုတ်တဲ့အပြင် လွတ်လပ်စွာပြောဆိုခွင့်ကိုပါ ထိခိုက်နစ်နာအောင်ပြုလုပ်တဲ့အတွက် ဥပဒေနဲ့တားမြစ်ရမှာ ဖြစ်ပါတယ်။

    လွတ်လပ်စွာပြောဆိုခွင့်ဆိုတာက လူနည်းစုဘာသာဝင်တွေနဲ့ လူမျိုးမတူသူတွေကို ခွဲခြားဆက်ဆံဖို့မဟုတ်ပါဘူး။ လူမျိုးရေး၊ဘာသာရေးခွဲခြားဖို့ အမုန်းစကားတွေအတွက် ပြောဆိုခွင့်မဟုတ်ပါဘူး။ လွတ်လပ်စွာပြောဆိုခွင့်ကို အောက်ခြေကနေ လှိုက်စားမယ့် အမုန်းစကားပြောဆိုမှုတွေ၊ လူမျိုးရေး ဘာသာရေးဖယ်ထုတ်လိုမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ မဖြစ်ပေါ်အောင် တားဆီးပြီး လွတ်လပ်စွာပြောဆိုခွင့်တွေနဲ့မရောယှက်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံဖို့၊ လူမျိုးရေး ဘာသာရေးဖယ်ထုတ်ဖို့ အမုန်းစကားဖြန့်ချိနေမှုတွေကို လက်ခံပေးနေတဲ့နိုင်ငံဟာ ကိုယ့်နိုင်ငံကို ကိုယ်တိုင်ပျက်စီးရာ ပျက်စီးကြောင်းဖန်တီးဖို့ အုတ်မြစ်ချနေခြင်းဖြစ်ပါတယ်။

    ဒါကြောင့် ဒီမိုကရေစီနိုင်ငံတွေမှာတော့ အမုန်းစကားဖြန့်ချိနေမှုကို ဥပဒေနဲ့တားမြစ်ထားတာတွေရှိပါတယ်။ နိုင်ငံသားတွေဖြစ်တဲ့ လူမျိုးစုတွေအချင်းချင်း၊ ဘာသာတွေအချင်းချင်း သိက္ခာချရေးသားပြောဆိုတာ၊ စော်ကားနှိမ်ချပြောဆို ရေးသားတာမျိုးပြုလုပ်လာရင် အစိုးရကိုယ်တိုင် တရားစွဲဆိုပြစ်ဒဏ်ပေးကြတယ်။ လူတစ်ဦးကိုအထင်အမြင်သေးတဲ့စကားမျိုး၊ ဂုဏ်သိက္ခာ ထိခိုက်စေတဲ့စကားမျိုးပြောခြင်းဟာ ဂုဏ်သိက္ခာထိခိုက်စေတဲ့အဆင့်မှာသာရှိပြီး တစ်ဦးချင်းနဲ့ဆိုင်တဲ့ပြစ်မှု ဖြစ်ပေမယ့် လူမျိုးရေး ဘာသာရေးတစ်ခုခုကို အထင်သေးအမြင်သေး စော်ကားပြောဆို ရေးသား ဟောပြောနေမှုတွေကတော့ လူ့အဖွဲ့အစည်းကြား ရှင်းရခက်တဲ့အမုန်းမျိုးစေ့ချတာဖြစ်လို့ တိုင်းပြည်အတွက်ရော၊ နောင်မျိုးဆက်တွေအတွက်ရော ထိခိုက်စေနိုင်တဲ့အတွက် ရေရှည်မှာ အင်မတန်ကြီးမားတဲ့ ရာဇ၀တ်ပြစ်မှုပဲဖြစ်တယ်။

    လူမျိုးတစ်မျိုးနဲ့ ဘာသာရေးတစ်ခုခုအပေါ် အမုန်တရားဖြစ်ပေါ်အောင် ပြောဆိုရေးသားဟောပြောမှုတွေကြောင့် ပြောဆိုတဲ့လူများစု လူမျိုးစု လူမျိုး၊ ဘာသာဝင်တွေကသာ အပြောခံရတဲ့ လူနည်းစု လူမျိုးစု လူမျိုး၊ ဘာသာဝင်တွေကို အကြမ်းဖက်မှုတွေ သွားရောက်ကျူးလွန်နိုင်တဲ့အတွက် အမုန်စကားဖြန့်ချိသူတွေဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ တိုင်းပြည် အတွက် ကြောက်စရာကောင်းတဲ့ မတည်ငြိမ်မှုဖန်တီးသူတွေလို့ သတ်မှတ်လို့တော့မရပါဘူး။ အပြောခံရတဲ့ လူနည်းစု လူမျိုးစု လူမျိုး၊ ဘာသာဝင်တွေကလည်း အကြမ်းဖက်မှုတွေကို တန်ပြန်ကျူးလွန်မှုတွေ ပြုလုပ်လာနိုင်ပါတယ်။ အဲဒီလိုအခါမျိုးမှာ လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ တိုင်းပြည်အတွက်ပါ ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ မတည်ငြိမ်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အမုန်စကားဖြန့်ချိမှုတွေဟာ ပြောသူဘက်ကဖြစ်ဖြစ်၊ အပြောခံရတဲ့ဘက်ကဖြစ်ဖြစ် အားလုံးထိခိုက်နစ်နာရတဲ့ အပြင် တိုင်းပြည်အပြောင်းအလဲအတွက်ရော၊ တိုင်းပြည်တည်ငြိမ်မှု၊ တိုးတက်မှုတို့အတွက်ပါ နစ်နာစေပါတယ်။

    ကျွန်တော်တို့ မြန်မာနိုင်ငံလို တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးစုံ၊ ဘာသာစုံ၊ နိုင်ငံသားစုံရှိနေတဲ့လူ့အဖွဲ့အစည်းမှာ အခက်အခဲတွေကြားက ဒီမိုကရေစီစနစ်ကိုပြောင်းလဲဖို့ ကြိုးစားနေရတဲ့အချိန်ဖြစ်တဲ့အတွက် တရားဥပဒေစိုးမိုးမှုကိုအခြေခံပြီး တားမြစ်ရမှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ပြောင်းလဲဖော်ဆောင်နေချိန်မှာ အမုန်းစကား (Hate Speech)ပြောဆိုနေမှုတွေနဲ့ ပတ်သက်ပြီး  အရေးယူဖို့အတွက် ဥပဒေကြမ်းရေးဆွဲနေပြီဖြစ်ကြောင်းနဲ့ တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူရမှာဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကလည်း  ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေမှာ ရှိတဲ့ ၀ိဇယမင်္ဂလာ ဓမ္မသဘင်ခန်းမမှာ ဇူလိုင်လ ၁၄ ရက်နေ့ကပြုလုပ်တဲ့ သတ္တမအကြိမ်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဧကာဒဿမ အစည်းအဝေးဒုတိယနေ့အစည်းအဝေး တက်လာချိန် မီဒီယာတွေမေးမြန်းတဲ့အခါ ပြောကြား သွားသလို၊  ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့နဲ့ မေလအတွင်းက မန္တလေးမှာတစ်ကြိမ်၊ ရန်ကုန်မှာ တစ်ကြိမ်တွေ့ဆုံပွဲမှာ အဲဒီအဖွဲ့ရဲ့ နာယကတွေနဲ့ အဖွဲ့ဝင်တွေတင်ပြချက်တွေကြောင့် အဲဒီဥပဒေရေးဆွဲဖို့ဖြစ်လာတဲ့အကြောင်း အခုလိုပြောကြားခဲ့ပါတယ်။

    “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းပဲ၊ မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသားတိုင်း၊ တိုင်းရင်းသားတိုင်းဟာ မိမိယုံကြည်ရာ၊ နှစ်သက်ရာဘာသာကို လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ရှိတယ်။ ကိုးကွယ်တဲ့ဘာသာအားလုံးကိုလည်း နိုင်ငံတော်အစိုးရက အသိအမှတ်ပြုတယ်။ စောင့်ရှောက်မယ်ဆိုပြီးပြဌာန်းချက်ရှိပါတယ်။ အဲဒါမှာ ဘာသာတစ်ခုက ဘာသာတစ်ခုကို၊ လူတစ်စုကနေ ဘာသာမတူတဲ့လူတစ်စုကို ထိခိုက်ပုတ်ခတ်ခြင်း၊ အနိုင်ကျင့်ခြင်းမရှိစေရဆိုတာလည်း ကာကွယ်ပေးတဲ့ အပိုဒ်လည်းရှိပါတယ်။  ဒါ အခြေခံဥပဒေပြဌာန်းချက်ပါ။ အခြေခံဥပဒေဆိုတာကတော့ နိုင်ငံတစ်ခုရဲ့ မိခင်ဥပဒေဖြစ်လို့မလို့ ခုနကအကြောင်းအရာတွေ အပေါ်မှာ အသေးစိတ်ဖော်ပြရေးသားနိုင်ဖို့ သူ့မှာအခြေအနေမပေးပါဘူး။ အဲဒီမှာ ခုနက အရေးကြီးတဲ့ဥပဒေပုဒ်မတွေကို နောက်ဆက်တွဲဥပဒေအဖြစ် ပြန်လည်ပြီးမှရေးဆွဲပါမယ်။ အဲဒါကြောင်မို့လို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ အကြီးအကဲတွေရဲ့တင်ပြချက်အရ အမုန်းစကား(Hate Speech)တွေ ဖြန့်ဝေမှု၊သွေးခွဲမှုကြောင့်မို့ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ၊ပဋိပက္ခတွေ မပေါ်ပေါက်စေနိုင်ဖို့အတွက်ကို အမုန်းစကား(Hate Speech) တားဆီးရေးဥပဒေ မူကြမ်းတစ်ခု ရေးဆွဲဖို့ အတွက် ဆုံးဖြတ်ကြပါတယ်”လို့ပြောခဲ့ပြီးဖြစ်ပါတယ်။

    အဲဒီ ဥပဒေမူကြမ်းကို ၀န်ကြီးဌာနကရေးဆွဲမှာမဟုတ်ဘဲ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့က အငြိမ်းစားဥပဒေ ပညာရှင်တွေနဲ့ရေးဆွဲပြီး သာသနာရေးဝန်ကြီးဌာနက လေ့လာသုံးသပ်ပြီး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးကိုပို့ပြီး သဘောထား မှတ်ချက်တောင်းယူမယ်၊ ပြီးရင် ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းအတည်ပြုမှာဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ပြောခဲ့ပါသေးတယ်။

    “လွှတ်တော်မှာအတည်ပြုပြီးတဲ့နောက် နောက်ဆုံးအခြေအနေနဲ့ကိုက်ညီတဲ့၊ ခေတ်စနစ်၊ ဒီမိုကရေစီကျင့်စဉ်နဲ့ ကိုက်ညီတဲ့ဥပဒေကြမ်းတစ်ရပ် ပေါ်ထွက်လာမှာဖြစ်ပါတယ်။ ဥပဒေတစ်ရပ်အတည်ဖြစ်လာမှာဖြစ်ပါတယ်။ အဲဒီဥပဒေအရပဲ ဘာသာပေါင်းစုံကိုးကွယ်ကြတဲ့ လူမျိုးပေါင်းစုံကိုကာကွယ်ပေးနိုင်တဲ့ အနေအထားတစ်ရပ်ပေါ်ပေါက်လာမှာ သေချာပါတယ်” လို့ပြောခဲ့သလို  လက်ရှိအခြေအနေမှာ အမုန်းစကားပြောဆိုနေကြသူတွေကိုလည်း တည်ဆဲဥပဒေအရပဲ အရေးယူရမှာ ဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့်လည်း အခုအချိန်အထိတော့ အမုန်းစကား(Hate Speech) ပြောဆိုရေးသားဟောပြောနေသူတွေဟာ ဒီမိုကရေစီစနစ်ရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို အခွင့်ကောင်းယူကာ ဗရမ်းဗတာဆန်ဆန် အမုန်းစကားဖြန့်ချိမှုတွေကိုပြုလုပ်နေကြဆဲ၊ ရေးသားနေကြဆဲ၊ ဟောပြောနေကြဆဲဖြစ်သလို လူမျိုးရေး၊ဘာသာရေး သွေးခွဲ ရန်တိုက်မှုတွေကိုလည်း ပြုလုပ်နေဆဲဖြစ်ကြပါတယ်။ လွတ်လပ်စွာပြောဆိုရေးသားခွင့်ကိုအသုံးချပြီး ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမျိုးရေး၊ လူမှုရေးစတာတွေ မတည်မငြိမ်ဖြစ်အောင်၊ ဆူပူမှုတွေဖြစ်အောင်၊ အရပ်သား အစိုးရသစ်အကြပ်အတည်းဖြစ်အောင်၊ အရပ်သားအစိုးရသစ်နဲ့လူထုကြား အမြင်မှားအထင်မှားတွေ ပေါ်ပေါက်လာအောင်၊ လူထုခေါင်းဆောင်၊ နိုင်ငံတော်တော်၏ အတိုင်ပင်ခံအပေါ် နိုင်ငံတကာက အပြစ်တင်ဝေဖန်မှုတွေဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေမှုတွေရှိနေဆဲပဲဖြစ်ပါတယ်။  တိုင်းပြည်တည်ငြိမ်တိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နိုင်ငံသားတို့ဘ၀လုံခြုံ အေးချမ်းစေဖို့အတွက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ချုပ်ချယ်တာမျိုးမဟုတ်ဘဲ၊ တရားဥပဒေစိုးမိုးမှု စံချိန်စံညွှန်းနဲ့အညီ အမုန်းစကား(Hate Speech) တားဆီးရေးဥပဒေတစ်ရပ် အမြန်ဆုံးရေးဆွဲ အတည်ပြုဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်းနဲ့ အဲဒီဥပဒေပေါ်ပေါက်လာမှသာ ဘာသာတစ်ခုနဲ့တစ်ခု၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ လူ့အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ပဋိပက္ခဖြစ်စေအောင်၊ အကြမ်းဖက်မှုတွေပေါ်ပေါက်စေအောင်၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တည်ငြိမ်အေးချမ်းမှု ကိုပျက်ပြားအောင် လှုံ့ဆော်ဖန်တီးနေသူတွေ၊ သွေးခွဲရန်တိုက်နေသူတွေကို ကျူးလွန်တဲ့အတိုင်းအတာပေါ်မူတည်ပြီး ပြစ်မှု ပြစ်ဒဏ်တွေချမှတ်နိုင်မှာဖြစ်ပါတယ်။

    ဒါမှသာ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ကြွေးကြော်သံနဲ့အတူ လူထုနှစ်ပေါင်းများစွာမျှော်လင့်ပြီး အားကိုးတကြီး ထောက်ခံ ရွေးချယ်ခဲ့တဲ့ အရပ်သားအစိုးရအနေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ် အေးချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို အမုန်းစကား(Hate Speech)တွေ ကင်းကင်းရှင်းရှင်းနဲ့ အမြန်ဆုံးပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ တိုင်းပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးစုံ၊ ဘာသာစုံ ပြည်ထောင်စုသား နိုင်ငံသားအားလုံးကလည်း စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ သဟဇာတဖြစ်စွာပူးပေါင်းဆောင်ရွက်ကြမှသာ အမုန်းတရားကင်းစင်ပြီး ချစ်ခြင်းတရားတွေနဲ့ပြည့်နှက်နေတဲ့ နိုင်ငံတော်သစ်ကို မိမိတို့ရဲ့နောင်လာနောက်သားမျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းနိုင်ခဲ့မှာဖြစ်ပါကြောင်းနဲ့ လူ့ဘောင် လောကအတွက် အကောင်းဆုံးအကျိုးပြုသူတွေအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူခဲ့ကြဖို့လိုကြောင်း တင်ပြလိုက်ရပါတယ်။

    မင်းမျိုးဝင်း|ရန်ကုန်တက္ကသိုလ်|

  • ဒီမိုကရေစီစနစ်နဲ့ လိုက်လျော ညီထွေတဲ့နိုင်ငံသားဖြစ်မှု။

    ဒီမိုကရေစီစနစ်နဲ့ လိုက်လျော ညီထွေတဲ့နိုင်ငံသားဖြစ်မှု။

    မင်းမျိုးဝင်း|ရန်ကုန်တက္ကသိုလ်| ရေးသည်။

    နိုင်ငံသားဖြစ်မှုဆိုတာ ဘယ်တော့မှ အမျိုးသားရေး သီးခြားလက္ခဏာ တစ်ရပ်နဲ့ ဆက်နွယ်ခဲ့တာ မရှိဘူးလို့  ဂျာဂျင်ဟာဘားမတ်စ်က သူ့ရဲ့စာတမ်းတစ်စောင်ဖြစ်တဲ့ “နိုင်ငံသားဖြစ်မှုနှင့် အမျိုးသားရေး သီးခြား အမှတ်လက္ခဏာ” ဆိုတဲ့စာတမ်းမှာဖော်ပြထားပါတယ်။ နိုင်ငံသားဖြစ်မှုဟာ အမျိုးသားရေးသီးခြား အမှတ်လက္ခဏာနဲ့ မတွဲဖက်ရဘူး ဆိုတာ ဒီမိုကရေစီနိုင်ငံတစ်ခုအတွက် အရေးကြီးဆုံးအတွေးအခေါ် တစ်ရပ်ဖြစ်တယ်။

    ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖြစ် အသွင်ပြောင်းတည်ဆောက်တဲ့ အခါမှာ နိုင်ငံသားဖြစ်မှုကို နိုင်ငံသား အခွင့်အရေး၊ နိုင်ငံသား လွတ်လပ်ခွင့်တို့ကိုအခြေခံပြီး မတည်ဆောက်ဘဲ၊ လူမျိုးကြီးဝါဒတွေ ဒါမှမဟုတ် လူမျိုးကြီးတွေရဲ့ အမျိုးသားရေးသီးခြား လက္ခဏာတွေအပေါ်မှာ အခြေခံ တည်ဆောက်ဖို့ကြိုးစားလာပြီဆိုရင် ဒီမိုကရေစီဖော်ဆောင်ဖို့ အခက်အခဲတွေ၊ အဟန့်အတားတွေ၊ ပြဿနာတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်။ နိုင်ငံသား အခွင့်အရေး၊ နိုင်ငံသားလွတ်လပ်ခွင့်တို့ကို အခြေခံပြီးမတည်ဆောက်ဘဲ၊ လူမျိုးကြီးတွေရဲ့ အမျိုးသားရေး သီးခြား လက္ခဏာတွေအပေါ်မှာ အခြေခံတည်ဆောက်ခြင်းဟာ လူတစ်ဦးချင်းစီရဲ့နိုင်ငံသား အဖြစ်ရပိုင်ခွင့် အခွင့်အရေးတွေကို ချိုးဖောက်လိုက်တာပဲ ဖြစ်တယ်။

    ဒါဟာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် အမှတ်(၁၅)မှာ ဖော်ပြထားတဲ့ “လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်ခံယူခွင့်ရှိသည်” “ ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်းမခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သောအခွင့်အရေးကိုလည်း ငြင်းပယ်ခြင်း မရှိစေရ” ဆိုတဲ့အချက်ကိုချိုးဖောက်တာဖြစ်တယ်။ လူ့အခွင့်အရေးရဲ့အခြေခံအကျဆုံးဖြစ်တဲ့ နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးကို ချိုးဖောက်ခံရတာပဲဖြစ်တယ်။

    လူသားတစ်ယောက်အနေနဲ့ နိုင်ငံသားဖြစ်ခွင့်အခွင့်အရေးမရရှိဘူးဆိုရင် လူ့အခွင့်အရေးလည်းဆုံးရှုံးရ လောက်အောင်ဖြစ်ပါတယ်။ အဆိုးဆုံးကတော့ မိမိမွေးဖွားကြီးပြင်းရာ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့် အခွင့်အရေး မရရှိဘဲ၊ ဆုံးရှုံးနေခြင်းဟာ လူသားတစ်ယောက်အဖြစ်တောင် ရှင်သန်ခွင့်မရှိရလောက်အောင် လူသားရဲ့ဂုဏ်သိက္ခာနဲ့ မွေးရာပါလူ့အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့အဖြစ်မျိုး ရင်ဆိုင်နေရသူလိုဖြစ်နေပါတယ်။

    နိုင်ငံတိုင်းမှာ နိုင်ငံသားဖြစ်မှုဆိုတာ အင်မတန်အရေးကြီးသလို အဲဒီနိုင်ငံသားဖြစ်မှုနဲ့ပတ်သက်ပြီး အမြင်တွေ၊ အယူအဆတွေ မတူညီမှုတွေလည်း ကြီးကြီးမားမားရှိပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်လာရင် အမြဲတန်းလိုလိုငြင်းခုံနေကြရပြီး ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် အနိုင်ရဖို့သာ ကြိုးစားနေကြတာတွေ ရှိပါတယ်။ အထူးသဖြင့် လူမျိုးနဲ့ကိုးကွယ်တဲ့ဘာသာပေါ်မှာအခြေခံပြီး နိုင်ငံသားဖြစ်မှုဟာ အခက်အခဲတွေနဲ့ရင်ဆိုင် နေရတာတွေရှိပါတယ်။

    နိုင်ငံသားဖြစ်မှုနဲ့ပတ်သက်ပြီး သတ်မှတ်ကြတဲ့အရည်အချင်းဟာ ယေဘူယျအနေနဲ့ သွေးအပေါ်အခြေခံတဲ့ နိုင်ငံသားဖြစ်မှုနဲ့ လူသားဖြစ်မှုအပေါ်မှာအခြေခံပြီး သတ်မှတ်တဲ့နိုင်ငံသားဆိုပြီးရှိပါတယ်။ တစ်ချိန်တုံးကတော့ သွေးအပေါ်မှာအခြေခံပြီး၊ ဒီလူမျိုးတွေက ဒီနိုင်ငံနဲ့သက်ဆိုင်တယ်။ ဒီနိုင်ငံမှာနိုင်ငံသားဖြစ်ထိုက်တယ်စသဖြင့် ခွဲခြား သတ်မှတ်ကြပေမယ့် ဒီဘက်ခေတ်မှာတော့ လူမျိုးတွေ၊ ဘာသာတွေ၊ သွေးတွေ၊ ယဉ်ကျေးမှုတွေဟာ အချင်းချင်း ရောယှက်လာကြတာကြောင့် လူသားဖြစ်ခြင်းကိုပဲအခြေခံပြီး နိုင်ငံသားအဖြစ်သတ်မှတ်လာကြပါတယ်။ သွေးကို အခြေခံပြီးသတ်မှတ်မှုဟာ နာဇီအာဏာရှင်ဟစ်တလာကျင့်သုံးခဲ့တဲ့ နိုင်ငံသားပြုမှုစံဖြစ်သလို၊ နာဇီအာဏာရှင် ဟစ်တလာလက်ထက်က ကျင့်သုံးခဲ့မှုတွေကြောင့် သမိုင်းမှာအရိပ်ဆိုးကြီးထင်ဟပ်ခဲ့ရပြီး လူထုတွေနစ်နာကြ ရပါတယ်။ ဒါကြောင့် လူမျိုးရေးဘာသာရေးအခြေခံပြီး၊ လူမျိုးတစ်မျိုး၊ ဘာသာတစ်ခုရဲ့အဖွဲ့ဝင်ဖြစ်ခြင်းအပေါ်မှာ နိုင်ငံသား သတ်မှတ်မှုတွေကို ကမ္ဘာပေါ်ကဒီမိုကရေစီနိုင်ငံတွေမှာ မကျင့်သုံးတော့ပါဘူး။ လူသားရဲ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေး၊ တန်းတူညီမျှမှုစတာတွေနဲ့ စဉ်းစားတွေးခေါ်ပြီး လူသားဖြစ်ခြင်းအပေါ်မှာသာအခြေခံပြီး နိုင်ငံသားဖြစ်မှုကို သတ်မှတ်လာကြပါတယ်။

    ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ နိုင်ငံသားဖြစ်မှုဟာ အချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံရဲ့ သတ်မှတ်ချက်တွေထဲ ကနေ ရုန်းမထွက်နိုင်သေးပါဘူး။ နိုင်ငံတော်အတွင်းမှာ ပြဌာန်းအတည်ပြုထားတဲ့ ဥပဒေတွေအတိုင်းသာ ဘယ်သူ့ကို မဆို နိုင်ငံသားအဖြစ်ရရှိခွင့်ရှိတယ်။ နိုင်ငံအတွင်းမှာ နိုင်ငံသားဖြစ်မှုနဲ့ဆိုင်တဲ့ ဥပဒေတွေပြဌာန်းတဲ့အခါ နိုင်ငံအလိုက် ကွာခြားချက်တွေ၊ မတူညီမှုတွေတော့ရှိပါတယ်။ နိုင်ငံတိုင်းမှာ တည်ဆဲဥပဒေနဲ့အညီသတ်မှတ်ပြီး အတည်ပြုလက်ခံခဲ့ ကြပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံသားသတ်မှတ်ချက်နဲ့ပတ်သက်ပြီး ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို စံထားပြီး သတ်မှတ်တာကိုတွေ့ရမှာဖြစ်တယ်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေမတိုင်မီကလည်း ၁၉၄၈ ခုနှစ် နိုင်ငံသား ဥပဒေဆိုတာရှိခဲ့ဖူးပါတယ်။ ၁၉၄၈-ခုနှစ် နိုင်ငံသားဥပဒေကတော့ ပျော့ပြောင်းတဲ့ဥပဒေလို့ပြောလို့ရပါတယ်။ အဲဒီ ဥပဒေအရဆိုရင် နိုင်ငံတွင်းမှာရှိတဲ့သူတွေဟာ နိုင်ငံမဲ့တွေဖြစ်မသွားနိုင်ဘူး။ နိုင်ငံသားဆိုရင်နိုင်ငံသား၊ နိုင်ငံခြားသား ဆိုရင်လည်း နိုင်ငံခြားသားဆိုပြီးရှိပါတယ်။ နိုင်ငံခြားသားတွေကိုလည်း နိုင်ငံသားပြုခွင့်လျှောက်ထားနိုင်ပါတယ်။ နိုင်ငံသားပြုခွင့်၊ နိုင်ငံသားဖြစ်ခွင့်ရှိသလို၊ တိုင်းရင်းသားမျိုးနွယ်စုကဆင်းသက်လာတဲ့ မွေးရာပါနိုင်ငံသားတွေအပြင် မိဘဘိုးဘွားတွေက ဒီနိုင်ငံမှာမွေးဖွားကြီးပြင်းလာတယ်၊ ဒါမှမဟုတ် ဒီနိုင်ငံမှာနေထိုင်ပြီး သေသွားခဲ့တယ်ဆိုရင် သူတို့က မွေးဖွားလာတဲ့သူတွေဟာလည်း နိုင်ငံသားဖြစ်ခွင့်ရှိပါတယ်။

    မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရေးဆွဲခဲ့ပြီး ပါလီမန်ဒီမိုကရေစီခေတ်မှာသုံးစွဲခဲ့တဲ့ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့နိုင်ငံသားဖြစ်မှုကို လေ့လာကြည့်မယ်ဆိုရင် ၁၉၄၈ ခုနှစ်၊ နိုင်ငံသားဥပဒေကို ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်က တိုင်းပြုပြည်ပြုလွှတ်တော်မှာ ဥပဒေအဖြစ်အတည်ပြုပြီး၊ ၁၉၄၈ ခုနှစ်၊ ဇန္န၀ါရီလ(၄)ရက်နေ့မှာ အာဏာတည်ခဲ့ပါတယ်။ အဲဒီ နိုင်ငံသားဥပဒေပုဒ်မ (၁၀၊၁၁၊၁၂)ကို လေ့လာကြည့်ခြင်း အားဖြင့် နိုင်ငံတော်၊ တိုင်းရင်းသားနဲ့ တရားဥပဒေဆိုတဲ့အချက်(၃)ချက်ကြောင့် နိုင်ငံသားဖြစ်ခွင့်ရှိတာကိုတွေ့နိုင် ပါတယ်။

    ပုဒ်မ-၁၀။ ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံသားဟူ၍ တစ်မျိုးတည်းသာရှိရမည်။ ဆိုလိုရင်းမှာ ပြည်ထောင်စုအဖွဲ့ဝင်များ၏ နိုင်ငံသားဟူ၍ အသီးအခြားမရှိစေရ။ ပြည်ထောင်စုမြန်မာနိုင်ငံသားဟူ၍သာရှိရမည်။

    ပုဒ်မ-၁၁။(က)မြန်မာနိုင်ငံတိုင်းရင်းသားတစ်မျိုးမျိုးတွင်ဖြစ်သော သို့တည်းမဟုတ် ဖြစ်ခဲ့သောမိဘနှစ်ပါးမှ မွေးဖွားသူ တိုင်းသည်လည်းကောင်း၊
    (ခ) မြန်မာနိုင်ငံတိုင်းရင်းသားတစ်မျိုးမျိုးတွင်ဖြစ်သော သို့တည်းမဟုတ် ဖြစ်ခဲ့သောဘိုးဘွားများအနက် အနည်းဆုံး တစ်ဦးမှ ပြည်ထောင်စုမြန်မာနိုင်ငံတွင်ပါဝင်လတ္တံ့သော အာဏာပိုင်နက်အတွင်း၌မွေးဖွားသူတိုင်းသည်လည်းကောင်း၊
    (ဂ) ပြည်ထောင်စုမြန်မာနိုင်ငံ၏နိုင်ငံသားဖြစ်သော သို့တည်းမဟုတ် ဤအခြေခံဥပဒေ စတင်အာဏာတည်သည့် နေ့တွင် အသက်ရှင်နေသည်ဖြစ်ပါက တိုင်းရင်းသားအဖြစ်ကိုရယူခွင့်ရှိသော မိဘနှစ်ပါးမှ ပြည်ထောင်စုနိုင်ငံတွင် ပါဝင် လတ္တံ့သော အာဏာပိုင်နက်အတွင်း၌ မွေးဖွားသူတိုင်းသည်လည်းကောင်း၊
    (ဃ) ဗြိတိသျှဘုရင်မင်းမြတ်၏ အာဏာပြန့်ရာနယ်မြေတစ်ခုခုတွင် မွေးဖွားခဲ့သည်ဖြစ်၍ ဤအခြေခံဥပဒေ စတင် အာဏာတည်သည့်နေ့မှအထက် သို့တည်းမဟုတ် ၁၉၄၂ ခု၊ ဇန္န၀ါရီလ(၁)ရက်နေ့မှအထက် အခြားမဲ့သော ဆယ်နှစ် အတွင်း ရှစ်နှစ်အောက်မယုတ်သောကာလအဖို့ ပြည်ထောင်စုနိုင်ငံတွင်ပါဝင်လတ္တံ့သော အာဏာပိုင်နက်အတွင်းတွင် ထာဝစဉ်နေထိုင်ရန်ကြံရွယ်ခဲ့သည်ဖြစ်၍ ထို့ပြင် တရားဥပဒေဖြင့်သတ်မှတ်သောနည်းလမ်းနှင့်အညီ ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ်ရွေးချယ်ခြင်းကို ထုတ်ဖော်သူတိုင်းသည်လည်းကောင်း ပြည်ထောင်စုမြန်မာနိုင်ငံ၏နိုင်ငံသား ဖြစ်ရမည်။

    ပုဒ်မ-၁၂။ နိုင်ငံသားဖြစ်ခြင်းသဘော၊ နိုင်ငံခြားသားဖြစ်ခြင်းသဘောတို့နှင့်စပ်လျဉ်း၍ လျော်ကန်သင့်မြတ်သည်ဟု ထင်မြင်သည့်အတိုင်း တရားဥပဒေများကိုပြုနိုင်သော ပါလီမန်၏အာဏာသည် ပုဒ်မ(၁၁)ရှိပြဌာန်းချက်ကြောင့် ယုတ်လျော့ခြင်းမဖြစ်ရ။ ထို့ပြင် ထိုကဲ့သို့သောတရားဥပဒေတစ်ခုခုသည် ပုဒ်မ(၁၁)တွင်မပါဝင်သေးသော လူအမျိုးအစားများကို နိုင်ငံသားအဖြစ်ဖြင့် လက်ခံရန်သော်လည်းကောင်း၊ လက်ရှိဖြစ်သော လူအမျိုးအစားများကို

    နိုင်ငံသားအဖြစ်မှ ရပ်စဲစေရန်သော်လည်းကောင်းပြဌာန်းနိုင်သည်။ လို့ နိုင်ငံသားဖြစ်ခွင့်နဲ့ပတ်သက်ပြီး ဖော်ပြထားတာ ကိုတွေ့ရမှာ ဖြစ်ပါတယ်။

    ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသား ဥပဒေကို ၁၉၄၈-ခုနှစ်၊ဇန္န၀ါရီလ(၄)ရက်နေ့မှာ တိုင်းပြုပြည်ပြု လွှတ်တော်က အက်ဥပဒေအမှတ် (၆၆)အရ ပြဌာန်းအတည်ပြုခဲ့ပြီး အဲဒီနေ့မှာပဲ အာဏာတည်ခဲ့ ပါတယ်။ မြန်မာနိုင်ငံ သားဖြစ်မှု အက်ဥပဒေ(၆၆)မှာ ပုဒ်မပေါင်း(၂၃)ခုနဲ့ ပုဒ်မခွဲတွေကို ပြဌာန်းထားပါတယ်။ ဥပဒေပုဒ်မ(၅)မှာပါဝင်တဲ့ ပြဌာန်းချက်တွေကတော့

    ပုဒ်မ-၅။ အခြေခံဥပဒေစတင်အာဏာတည်ပြီးမှမွေးဖွားသည့် အောက်၌ဖော်ပြသောသူများသည် ပြည်ထောင်စုမြန်မာ နိုင်ငံသားဖြစ်ရမည်။
    (က) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်သည့် မိဘတစ်ပါးပါးမှ ပြည်ထောင်စုနိုင်ငံတွင်မွေးဖွားသောသူ။
    သို့ရာတွင်(ထိုသူ၏အဘသည် နိုင်ငံခြားတစ်ခုခု၏နိုင်ငံသားဖြစ်ခဲ့သော်) ထိုသူသည်အရွယ်ရောက်ပြီး နောက်တစ်နှစ် အတွင်းတွင် နိုင်ငံခြားသားအဖြစ်ကိုစွန့်လွှတ်ကြောင်းနှင့် ပြည်ထောင်စုနိုင်ငံသားအဖြစ်တည်မြဲတည်စေရန် ရွေးချယ် ကြောင်း ကြေငြာခြင်းမပြုလျှင် ထိုသူသည် ထိုတစ်နှစ်ကုန်ဆုံးသောအခါ ပြည်ထောင်စုနိုင်ငံသားအဖြစ်မှ ရပ်စဲရမည်။
    (ခ) ပြည်ထောင်စုနိုင်ငံသားဖြစ်သော အဘမှ ပြည်ထောင်စုပြင်ပတွင် မွေးဖွားသောသူ။
    သို့ရာတွင် ဤအက်ဥပဒေအရ သတ်မှတ်သည့် နည်းလမ်းအတိုင်း သတ်မှတ်သည့်ကာလအတွင်းတွင် ပြည်ထောင်စု၏ သက်ဆိုင်ရာကောင်စစ်ဝန်ရုံးတွင် မွေးဖွားကြောင်းကို မှတ်ပုံတင်ခံရသူဖြစ်ရမည်။
    (ဂ) ပြည်ထောင်စုနိုင်ငံသားလည်းဖြစ်၍ ပြည်ထောင်စုနိုင်ငံအစိုးရအမှုကိုထမ်းနေဆဲဖြစ်သော မိဘတစ်ပါးပါးမှ ပြည်ထောင်စုပြင်ပတွင်မွေးဖွားသောသူ။

    သို့ရာတွင် ထိုသူ၏မိဘတစ်ပါးပါးသည် နိုင်ငံခြားသားဖြစ်ခဲ့သော် ထိုသူသည်အရွယ်ရောက်ပြီး နောက်တစ်နှစ် အတွင်းတွင် နိုင်ငံခြားသားအဖြစ်ကိုစွန့်လွှတ်ကြောင်းနှင့် ပြည်ထောင်စုနိုင်ငံသားအဖြစ်တည်မြဲတည်စေရန် ရွေးချယ် ကြောင်း ကြေငြာခြင်းမပြုလျှင် ထိုသူသည် ထိုတစ်နှစ်ကုန်ဆုံးသောအခါ ပြည်ထောင်စုနိုင်ငံသားအဖြစ်မှ ရပ်စဲရမည်။ လို့ ဖော်ပြထားပါတယ်။

    ၁၉၇၄-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့နိုင်ငံသားဖြစ်မှုကိုလေ့လာကြည့်မယ်ဆိုရင်…..
    ၁၉၇၄ ခုနှစ် ဇန္န၀ါရီလ(၃)ရက်နေ့မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပြီး အတည်ပြုပြဌာန်ခဲ့တာဖြစ်ပြီး၊ ၁၉၇၄-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာရှိတဲ့နိုင်ငံသားဖြစ်ခြင်းနဲ့ပတ်သက်ပြီးပုဒ်မ၁၄၅(က)(ခ)၊၁၄၆တို့မှာအခုလိုဖော်ပြထားပါတယ်။

    ပုဒ်မ-၁၄၅(က)။ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူအားလုံး သည် နိုင်ငံသားများဖြစ်သည်။
    (ခ)။ ဤဖွဲ့စည်းပုံ အခြေခံဥပဒေအတည်ပြုပြဌာန်းသည့်နေ့တွင် ဥပဒေအရနိုင်ငံသားဖြစ်ပြီးသူများသည် လည်း နိုင်ငံသားဖြစ်သည်။

    ပုဒ်မ-၁၄၆။ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့်နိုင်ငံသားအဖြစ်မှရပ်စဲခြင်းတို့သည် ဥပဒေဖြင့်ပြဌာန်းသည့်အတိုင်း ဖြစ်စေရမည်။ လို့ဖော်ပြထားတာကိုတွေ့ရမှာဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါရှိတဲ့ နိုင်ငံသား ဖြစ်ခြင်းနဲ့ ဆိုင်တဲ့ သဘောသဘာဝတွေကတော့ သိပ်ကွဲလွဲမှုမရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။

    ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါဝင်တဲ့ နိုင်ငံသားဖြစ်မှုကို ထုတ်နှုတ်တင်ပြရရင်
    ပုဒ်မ-၃၄၅။ အောက်ဖော်ပြပါ အရည်အချင်းတစ်ရပ်ရပ်နှင့်ပြည့်စုံသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားများ ဖြစ်ကြသည်။

    (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှမွေးဖွားသူ၊
    (ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြဌာန်းသည့်နေ့တွင် ဥပဒေအရနိုင်ငံသားဖြစ်ပြီးသူ။
    ပုဒ်မ-၃၄၆။ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့် နိုင်ငံသားအဖြစ်မှရပ်စဲခြင်းတို့သည် ဥပဒေဖြင့် ပြဌာန်းသည့်အတိုင်း ဖြစ်စေရမည်။

    ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကတော့ စစ်မှန်တဲ့လွှတ်တော်မရှိသေးတဲ့ တစ်ပါတီအာဏာရှင်စနစ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ပြဌာန်းခဲ့တဲ့ဥပဒေဖြစ်တာဖြစ်ပြီး နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့ဥပဒေဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကိုတော့ လူ့အခွင့်အရေးသမားတွေရော၊ နိုင်ငံတကာပညာရှင်တွေကပါ အဝေဖန် ဆုံးနဲ့ ကမ္ဘာပေါ်မှာအဆိုးရွားဆုံးနိုင်ငံသားဥပဒေလို့တောင် ကင်ပွန်းတပ်ကြပါတယ်။ ဒီ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေဟာ တတ်သိပညာရှင်တွေအားလုံး ပါဝင်ဆွေးနွေးတိုင်ပင်ပြီး ရေးဆွဲထားတဲ့ဥပဒေမဟုတ်သလို၊ လူထုရွေးချယ် တင်မြောက်ထားတဲ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ လွှတ်တော်က အတည်ပြုပြဌာန်းထားတာ မဟုတ်ဘဲ၊ တစ်ပါတီ အာဏာရှင်စနစ်၊ မဆလခေတ်၊ လက်ညှိုးထောင်ခေါင်းညိတ်ပြီး ရေးဆွဲပြဌာန်းထားတဲ့ဥပဒေသာဖြစ်တယ်။ လူသားတန်ဖိုး၊ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးဆိုတာတွေကို ထဲ့သွင်းစဉ်းစားအခြေခံပြီး ရေးဆွဲထားတာမဟုတ်ဘဲ အာဏာရှင်တို့စိတ်ကြိုက် ရည်ရွယ်ချက်ရှိရှိရေးဆွဲထားတဲ့ဥပဒေသာဖြစ်တယ်။

    ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ၁၉၈၂ ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့မှာ ပြည်သူ့လွှတ်တော် ဥပဒေ အမှတ်(၄)ဖြင့် ပြဌာန်းခဲ့ပြီး အခန်း ၈ ခန်း၊ ပုဒ်မပေါင်း ၇၆ ခု၊ ပုဒ်ခွဲပေါင်းများစွာနဲ့ အတည်ပြုခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက တရားမျှတမှုရှိရမယ်၊ လူတိုင်းတန်းတူညီမျှမှုရှိရမယ်လို့ပြဆိုထားပေမယ့် ၁၉၈၂ မြန်မာ နိုင်ငံသားဥပဒေဟာ တရားမျှတမှုနဲ့ တန်းတူညီမျှမှုတွေကို မတွေ့ရတဲ့အတွက် ညီညွတ်မှုမရှိတာကိုတွေ့ရပါတယ်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေမှာ အငြင်းပွားစရာတွေ၊ ဆွေးနွေးစရာတွေ၊ ပြဿနာဖြစ်နိုင်စရာတွေ ပါဝင်နေတဲ့ အတွက် အဲဒီဥပဒေကို ဖျက်သိမ်းပေးဖို့၊ အသစ်ရေးဆွဲပေးဖို့၊ ပြန်လည်ပြင်ဆင်ပေးဖို့၊ နိုင်ငံတကာနိုင်ငံသားဥပဒေတို့ရဲ့ စံချိန်စံညွှန်းနဲ့ကိုက်ညီဖို့ဆိုတဲ့ တောင်းဆိုမှုတွေလည်းရှိနေပါတယ်။

    ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို လေ့လာကြည့်တဲ့အခါမှာတော့ မြန်မာနိုင်ငံသားအဖြစ်ရပိုင်ခွင့်ရှိဖို့ အခုလို တွေ့ရပါတယ်။

    ပုဒ်မ-၇။ နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေ မွေးဖွားသည့်အောက်ပါသူတို့သည်လည်း နိုင်ငံသား ဖြစ်သည်။
    (က) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားလာကြသူများ၊
    (ခ) နိုင်ငံသားနှင့် ဧည့်နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားကြသူများ၊
    (ဂ) နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွားသူများ၊
    (ဃ) ဧည့်နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသောသားသမီးများနှင့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားလာကြသူများ၊
    (င) နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွားသောသားသမီးများနှင့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွားသူများ၊
    (စ) ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှမွေးဖွားလာသောသားသမီးများနှင့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှမွေးဖွားကြသူများ၊ လို့ ဖော်ပြထားတာကို ကြည့်ခြင်းအားဖြင့် နိုင်ငံသားဖြစ်မှုဟာ နိုင်ငံသားအပေါ်အဓိကအခြေခံပြီး ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူတို့နဲ့ ဆက်စပ်ထားတာကိုတွေ့ရပါတယ်။

    အထက်မှာဖော်ပြခဲ့တဲ့ နိုင်ငံသားဥပဒေတွေကိုလေ့လာကြည့်ခြင်းအားဖြင့် နိုင်ငံသားဖြစ်ခြင်းကို လူတစ်ဦးချင်း ရပိုင်ခွင့်လို့မမြင်ဘဲ၊ အရည်အချင်းကိုလိုက်ပြီးဆုံးဖြတ်တာမျိုးမဟုတ်ဘဲ၊ သွေးအပေါ်အခြေခံမှု တနည်းပြောရရင် ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်ဖြစ်သလဲဆိုတဲ့အချက်ပေါ်မှာအခြေခံပြီး ဆုံးဖြတ်နေတယ်ဆိုတာကိုတော့ ၁၉၈၂ နိုင်ငံသားဥပဒေရဲ့ ၀ိသေသလက္ခဏာက သက်သေခံနေပါတယ်။ ဒါဟာ အမျိုးသားနိုင်ငံထူထောင်ချင်သူတွေ အုပ်ချုပ်တဲ့တိုင်းပြည်တွေမှာ တွေ့ရတတ်တဲ့လုပ်နည်းလုပ်ဟန်တွေ၊စဉ်းစားတွေးခေါ်ပုံတွေဖြစ်တဲ့ တစ်ပါတီ အာဏာရှင်စနစ်ရဲ့ ရည်ရွယ်ချက်ရှိရှိလုပ်ရပ်တွေဆိုတာထင်ရှားပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ အမျိုးသားရေး သီးခြားအမှတ် လက္ခဏာတစ်ရပ်ကို လူမျိုးတစ်မျိုး၊ ဘာသာတစ်ခုတည်းအပေါ်မှာ အခြေခံတည်ဆောက်ခြင်း ဖြစ်တယ်။ မြန်မာနိုင်ငံလို တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ စုဝေးနေထိုင်တဲ့ တိုင်းပြည်တစ်ခုမှာ လူမျိုးတစ်မျိုး၊ ဘာသာတစ်ခုအပေါ်မှာမူတည်ပြီး နိုင်ငံသားဖြစ်မှုသတ်မှတ်ခြင်းဟာ လူမျိုးကြီး စိတ်ဓာတ်ရဲ့ပြယုဂ်ဖြစ်သလို၊ မိမိမနှစ်သက်တဲ့လူမျိုးတွေ၊ အဲဒီလူမျိုးသွေးပါဝင်သူတွေ၊ မိမိနဲ့ကိုးကွယ်ယုံကြည်မှု မတူတဲ့ဘာသာဝင်တွေကို ခွဲခြားဆက်ဆံလိုခြင်း၊ တရားမျှတမှုမပေးလိုခြင်း၊ တန်းတူညီမျှမခံစားစေလိုခြင်းတို့အပြင် အဆုံးစွန်အနေနဲ့ လုံးဝမောင်းထုတ်ချင်ကြတဲ့စိတ်ဓာတ်တွေပြည့်နှက်နေတဲ့ အာဏာရှင်တို့ရဲ့အတွင်းရောဂါလက္ခဏာ တွေပဲဖြစ်ပါတယ်။

    ပြည်ထောင်စုမြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်၊ ဇန္န၀ါရီလ(၄)ရက် (လွတ်လပ်ရေးနေ့)ကျမှသာ စတင်ပေါ်ပေါက် လာတယ်ဆိုတာကို မမေ့ကြဖို့လိုပါတယ်။ လွတ်လပ်ရေးမရခင်က မြန်မာနိုင်ငံမှာ လူမျိုးစုံ ဘာသာစုံနေလာခဲ့ကြပြီး ဖြစ်ပါတယ်။ တစ်ချိန်က နိုင်ငံသားဆိုတာထက်စာရင် ရှင်ဘုရင်နဲ့ကျေးကျွန်ဆိုတဲ့သဘောမျိုးသာ ရှိခဲ့တာဖြစ်ပြီး၊ ရှင်ဘုရင်တွေဟာ သူတို့အပေါ်သစ္စာစောင့်သိသူတွေကို သူ့မြေပေါ်မှာနေထိုင်ခွင့်ပေးခဲ့တာဖြစ်တယ်။ မြန်မာနိုင်ငံသား ဆိုတာ ခေတ်သစ်မြန်မာနိုင်ငံရယ်လို့ ထူထောင်တော့မှသာ ပြောဆိုဆွေးနွေးစရာဖြစ်လာတာပါ။

    နိုင်ငံတော်ဆိုတာ နိုင်ငံသားတွေမရှိဘဲ ထူထောင်လို့မရနိုင်ပါ။ နိုင်ငံတော်ဟာ နိုင်ငံသားတွေကို အဓိကအခြေ မခံဘဲ နိုင်ငံတော်အဖြစ်ရပ်တည်နိုင်ခြင်းမရှိပါ။ နိုင်ငံတော်မှာ နိုင်ငံသားတွေကိုဖယ်ထုတ်လို့လည်း မရနိုင်ပါ။ နိုင်ငံသားတွေကို ဖယ်ထုတ်လို့မရနိုင်သလို နိုင်ငံသားကိုအခြေခံပြီး ဖန်တီးရတဲ့နိုင်ငံဖြစ်တာမို့ နိုင်ငံတော်နဲ့ နိုင်ငံသား ဆိုတာ တိုက်ရိုက်ဆက်နွယ်လျှက်ရှိပါတယ်။ နိုင်ငံတော်ရှိရင်နိုင်ငံသားရှိရပါမယ်။ နိုင်ငံသားရှိမှလည်း နိုင်ငံတော် ဆိုတာရှိမှာပါ။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ရပ်တည်မှုဟာ နိုင်ငံသားများရဲ့တည်ရှိမှုအပေါ်မှာ အဓိကတိုက်ရိုက် သက်ဆိုင်ပါတယ်။ နိုင်ငံသားတွေကလည်း နိုင်ငံသားဖြစ်မှုအပေါ်မှာ အဓိကအခြေခံရတဲ့အတွက် တိုင်းရင်းသား ပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံနေထိုင်တဲ့မြန်မာနိုင်ငံမှာ ဒီမိုကရေစနစ်ကို အသွင် ကူးပြောင်းဖော်ဆောင်ဖို့အတွက် နိုင်ငံသားမဖြစ်ရင်၊နိုင်ငံတော်ဟာဥပဒေအရတောင့်တင်းတဲ့နိုင်ငံဖြစ်မှာ မဟုတ်ပါဘူး။

    ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့နိုင်ငံတစ်ခုအနေနဲ့ အရေးတကြီးဆောင်ရွက်ရမယ့်လုပ်ငန်းကတော့ နိုင်ငံသားဖြစ်မှုအခွင့်အရေးတွေကို နိုင်ငံသားအားလုံးက ခွဲခြားဘေးဖယ်ထုတ်ခံရမှုမရှိဘဲ ရရှိခံစားနိုင်ဖို့ပဲဖြစ်ပါတယ်။ နိုင်ငံသားဖြစ်မှုအခွင့်အရေးတွေဖြစ်တဲ့ ဥပဒေအခွင့်အရေးတွေ၊ နိုင်ငံရေးအခွင့်အရေးတွေနဲ့ လူမှုစီးပွားအခွင့်အရေး တွေကို နိုင်ငံသားအားလုံးက တန်းတူခံစားပိုင်ခွင့်ရှိရမှာဖြစ်ပါတယ်။ ဒါ့အပြင် လွှမ်းမိုးကြီးစိုးထားတဲ့ လူများစု တစ်ခုတည်းရဲ့ အမျိုးသားအမှတ်လက္ခဏာကိုသာမက ကျန်လူနည်းစုလူမျိုးစုတွေရဲ့ အမျိုးသားအမှတ်လက္ခဏာတွေ ကိုလည်း ထိန်းသိမ်းခွင့်ပြုရမှာဖြစ်ပါတယ်။ ဒါမှလည်း လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ လူ့အဖွဲ့ အစည်းဖြစ်ထွန်းလာမှာဖြစ်ပြီး နိုင်ငံသားဖြစ်မှုအခွင့်အရေးတွေကို တန်းတူညီမျှခံစားနိုင်မှာဖြစ်ပါတယ်။ တကယ်လို့သာ လူ့အဖွဲ့အစည်းဟာ အစွန်းရောက်အမျိုးသားရေးဝါဒီတွေ၊ ဘာသာရေးအစွန်းရောက်တွေ၊ လူမျိုးကြီးဝါဒအစွန်းရောက် တွေ၊ ဥပဒေအထက်ကအခွင့်ထူးခံလူနည်းစုတွေနဲ့ အာဏာရှင်စနစ်ဆိုးရဲ့လက်ကျန်ဝါဒီတွေ လွှမ်းမိုးကြီးစိုးနေမှုတွေ ဆက်လက်လွှမ်းမိုးနေအုံးမယ်ဆိုရင်တော့ နိုင်ငံသားဖြစ်မှုအခွင့်အရေးတွေဟာ ဝေးကွာနေအုံးမှာဖြစ်ပြီး၊ ဒီမိုကရေစီ စနစ်အသွင်ပြောင်းဖော်ဆောင်နေခြင်းဟာလည်း အိပ်မက်ဆန်တဲ့အတွေးစိတ်ကူးတွေသာ ဖြစ်နေပါလိမ့်မယ်။

    အခုလို ဒီမိုကရေစီကိုပြောင်းလဲဖော်ဆောင်နေတဲ့အချိန်မှာ ဒီမိုကရေစီရဲ့စံချိန်စံညွှန်းတွေနဲ့အညီ နိုင်ငံသား ဆိုတာကို ရွေးချယ်သတ်မှတ်ကြဖို့လိုပါတယ်။ လူတစ်ဦးချင်းရပိုင်ခွင့်လို့မြင်ပြီး နိုင်ငံသားဖြစ်ခွင့်သတ်မှတ်ရပါမယ်။ နိုင်ငံခြားသားမဟုတ်သူတွေကို နိုင်ငံသားအဖြစ်စိစစ်ပြီး အသိအမှတ်ပြုပေးရပါမယ်။ နိုင်ငံတွင်းမှာ နိုင်ငံသားကို တစ်မျိုးတစ်စားတည်းသတ်မှတ်ပြီး၊ နိုင်ငံခြားသားတွေကိုလည်း နိုင်ငံသားပြုခွင့် အသိအမှတ်ပြုသင့်ရင် ဥပဒေနဲ့အညီ အသိအမှတ်ပြုပေးရပါမယ်။ ဘယ်သွေးပါသူတွေ၊ ဘယ်လူမျိုးဖြစ်သူတွေလဲဆိုတာကိုကြည့်ပြီး နိုင်ငံသားအဖြစ် သတ်မှတ်မယ့်အစား ဒီမြေပေါ်မှာ ခေတ်အဆက်ဆက်နေလာခဲ့သူတွေက ဆင်းသက်လာသူတွေ၊ တိုင်းကျိုးပြည်ကျိုး သယ်ပိုးသူတွေ၊ တိုင်းပြည်အပေါ်သစ္စာစောင့်သိရိုသေသူတွေ၊ တိုင်းပြည်ရဲ့ဥပဒေတွေကို လေးစားလိုက်နာသူတွေ၊ တိုင်းပြည်ကိုသံယောဇဉ်ရှိသူတွေဖြစ်မယ်ဆိုရင် ဒီနိုင်ငံရဲ့နိုင်ငံသားအဖြစ် အသိအမှတ်ပြုလက်ခံပေးတာက ဒီမိုကရေစီ စနစ်နဲ့ အဆီလျော်ဆုံးစိတ်နေသဘောထားဖြစ်မှာပါ။ ဒီလိုမှမဟုတ်ဘဲ သွေးအပေါ်မှာအခြေခံပြီး ဆုံးဖြတ်မယ်ဆိုရင် တော့ အရည်အချင်းရှိသူတွေဟာ တစ်ခြားတိုင်းပြည်တွေမှာရောက်ပြီး၊ တိုင်းပြည်ရဲ့အခြေခံလူသားအရင်းအမြစ်တွေ၊ တိုင်းပြည်ရဲ့အင်အားတွေ လက်လွတ်ဆုံးရှုံးပြီး၊ ညံ့ဖျင်းတဲ့သူတွေပဲ နိုင်ငံသားအဖြစ် တိုင်းပြည်တွင်းမှာကျန်ရစ်ခဲ့မယ် ဆိုရင် တိုင်းပြည်ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်တည်ဆောက်တဲ့နေရာမှာ အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ အဟန့်အတား အနှောက်အယှက်တွေကြောင့် တိုင်းပြည်ရဲ့အရွေ့ဟာ နှောင့်နှေးကြန့်ကြာနိုင်ပါတယ်။

    ဒါကြောင့်မို့ မြန်မာနိုင်ငံရဲ့နိုင်ငံသားဖြစ်မှုသတ်မှတ်တဲ့နေရာမှာ အမြှော်အမြင်ကြီးကြီးနဲ့ ကြောင်းကျိုး ညီညွတ်စွာ၊ ဒီမိုကရေစီစံချိန်စံညွှန်းနဲ့အညီ လူသားတန်ဖိုး၊ လူ့ဂုဏ်သိက္ခာကို ထည့်သွင်းစဉ်းစားပြီး နိုင်ငံသားဖြစ်မှုကို သတ်မှတ်ဖို့လိုပါတယ်။ တိုင်းပြည်တွင်းမှာရှိတဲ့ လူအသီးသီး၊ လူမျိုးအသီးသီး၊ ဘာသာအသီးသီး အခွင့်အရေးတန်းတူ မရသေးသမျှကာလပတ်လုံး စစ်မှန်တဲ့မိုကရေစီလို့ အမည်တပ်လို့မရနိုင်ပါဘူး။

    လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ဒီမိုကရေစီနဲ့ပတ်သက်ပြီး ”ဒီမိုကရေစီဆိုတိုင်း ဒီမိုကရေစီတာ မဟုတ်ဘူး။ ဒီမိုကရေစီခေတ်စားလာတဲ့အခါမို့ ရောယောင်သံဖမ်းပြီး ပြောကြတာတွေလည်း အများကြီးဘဲ။ ဒါဖြင့် ဒီမိုကရေစီဆိုတာဘာလဲ။ လူလူချင်း၊ လူတန်းစားအချင်းချင်း၊ လူမျိုးအချင်းချင်း အစရှိသည် အားဖြင့် အခွင့်အရေးတန်းတူ ကျပ်ပြည့်တင်းပြည့်မရှိသမျှကာလပတ်လုံး ဒီမိုကရေစီ ကျပ်ပြည့်တင်းပြည့် မဟုတ် သေးဘူး။ လူမျိုး၊ ဘာသာ၊ လိင်မရွေး တိုင်းပြည်ကြီးသားတိုင်း ရသင့်ရထိုက်တဲ့အခွင့်အရေးတွေပါရမယ်။ လူမျိုးရေး အရ ကွဲပြားခြားနားတဲ့ လူများစု၊လူနည်းစုကိစ္စတွေမှာတော့ လူများစုလူမျိုးစုက လူနည်းစုလူမျိုးတွေအပေါ် လွှမ်းမိုးမှု မရှိစေမှ၊ ဒီမိုကရေစီမှန်မယ်။ မြင့်မြတ်တဲ့လွတ်လပ်ရေးဆိုတာ လွတ်လပ်စွာဘာသာတရားကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘာသာတရားကို ကာလဒေသမရွေး ဟောပြောနိုင်မှု၊ ကြောက်ရွံ့စိုးရိမ်ပူပန်ခြင်းမှ ကင်းလွတ်မှု၊ လူအ လူနဘ၀မှ လွတ်မြောက်မှု့တို့ဖြစ်တယ်။ လူမျိုးအရ၊ ဘာသာအရ၊ လိင်အရအခွင့်အရေးခွဲခြားမှုနှိမ့်ချမှုတွေကို ဥပဒေအရ ပယ်ဖျက်ပြီး၊ ဒီလို နှိမ့်ချတာမျိုးတွေ့ရင် ဥပဒေအရအပြစ်ပေးတာမျိုးတောင်စီမံရမယ်။ ဒါမှဒီမိုကရေစီ ပီသမယ်” လို့ မိန့်ချွေခဲ့တာကိုလည်း နှလုံးသွင်းကျင့်သုံးမှသာ ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှာဖြစ်ပါတယ်။

    ဒါမှသာ ဒီမိုကရေစီနိုင်ငံတစ်ခုအတွက် အရေးကြီးဆုံးအတွေးအခေါ်တစ်ရပ်ဖြစ်တဲ့ အမျိုးသားရေးသီးခြား အမှတ်လက္ခဏာတစ်ရပ်နဲ့ ဆက်နွယ်မှုမရှိတဲ့နိုင်ငံသားဖြစ်မှု၊ ဒီမိုကရေစီစနစ်နဲ့ လိုက်လျောညီထွေတဲ့နိုင်ငံသားဖြစ်မှု တစ်ရပ်ဖော်ဆောင်နိုင်မှာဖြစ်ပြီး နိုင်ငံသားအားလုံးရဲ့စည်းလုံးညီညွတ်တဲ့အင်အားတွေနဲ့ စစ်မှန်တဲ့ဒီမိုကရေစီကို အရှိန် အဟုန်ပြင်းပြင်း ပြောင်းလဲနိုင်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

    ကိုးကား။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ မြန်မာနိုင်ငံသားဥပဒေ၊ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီဂျာနယ်များ။

    မင်းမျိုးဝင်း|ရန်ကုန်တက္ကသိုလ်|

  • ဦးကိုနီ သူရဲကောင်းလား

    ဦးကိုနီ သူရဲကောင်းလား

    မောင်သိန်းလွင်

    ဦးကိုနီဟာ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့် ခေါင်းဆောင်ပြီး အင်ဒိုနီးရှားကို လေ့လာခရီးထွက် တဲ့ အဖွဲ့ထဲမှာ ပါသွားပါတယ်။ ဘာသာအယူ မတူ ကွဲပြားသူများအကြား ချစ်ကြည်ရင်းနှီးစွာအတူ ယှဉ်တွဲနေထိုင်မှု လေ့လာရေးခရီးဖြစ်ပါတယ်။ တပ်မတော်သား ၀န်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။ အဲဒီ ခရီးစဉ်က အပြန် မင်္ဂလာဒုံလေဆိပ်အရောက် အိမ်ပြန်ဖို့ ပြင်ဆင်နေစဉ်မှာ သေနတ်နဲ့ပစ်ခတ်လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ရပါတယ်။ သတင်းစာတွေ၊ ဂျာနယ်တွေမှာလည်း အဲဒီသတင်းကို အထူးအသားပေး ဖော်ပြခဲ့ပါတယ်။

    “NLD ဥပဒေအကြံပေး ဦးကိုနီ သေနတ်ဖြင့် အနီးကပ် လုပ်ကြံသတ်ဖြတ်ခံရ” ခေါင်းစဉ်နဲ့ ဖော်ပြပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဥပဒေအကြံပေးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် ဇန်န၀ါရီ ၂၉ ရက် ညနေ ၅နာရီ ၁၀ မိနစ်အချိန်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 1 ရှေ့တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်း ကြောင့် ကွယ်လွန်သွားခဲ့ကြောင်းလို့ ဖော်ပြကြပါတယ်။

    ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရပြီးတဲ့အခါ Facebookမှာ ထင်မြင်ချက်အမျိုးမျိုးပေးကြ၊ ရေးသားကြတာကို ဖတ်ရှု ရပါတယ်။ အချို့ကတော့ သနားဂရုဏာသက်ကြောင်း၊ မိသားစုနဲ့ထပ်တူ ၀မ်းနည်းရကြောင်း၊ တိုင်းပြည်အတွက် နစ်နာ မှုတစ်ခုဖြစ်ကြောင်း၊ သူရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ပြီး ဂုဏ်ယူကြောင်း၊ သူရဲကောင်းတစ်ယောက်လို သေဆုံးခဲ့ ခြင်းဖြစ်ကြောင်း၊ ဂုဏ်ပြုချီးကျူးကြပါတယ်။ အချို့မနှစ်သက်တဲ့ လူတွေကတော့ ချီးကျူးစရာမလိုကြောင်း၊ ဘာကြောင့်လဲဆိုတော့ ဦးကိုနီဟာ အစ္စလာမ်ဘာသာကိုးကွယ်သူဖြစ်လို့ မွတ်စလင်တွေရဲ့ ကောင်းကျိုးကိုသာ ကြည့် သူဖြစ်ကြောင်း စသည်ဖြင့် ဆန့်ကျင်ရေးသားကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာမှမဝေဖန်လိုပါဘူး။ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိပါတယ်။

    သမ္မတရုံး
    ———–
    ဒါပေမယ့် ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး လုပ်ကြံခံရလို့ ၂၅ နာရီအကြာမှာ နိုင်ငံတော်သမ္မတရုံး ကလည်း ကြေညာချက်ထုတ်ပြန်ပါတယ်။ ဦးကိုနီလုပ်ကြံခံရမှုဟာ နိုင်ငံတော်တည်ငြိမ်မှု ပျက်ပြားစေရန် ရည်ရွယ်လုပ် ဆောင်ခြင်းဖြစ်နိုင်ကြောင်း၊ ကနဦးစစ်ဆေးချက်များအရ သုံးသပ်တွေ့ရှိရကြောင်းလို့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခုဖြစ်စဉ်မှာ ပြည်သူတွေ အထိတ်တလန့်မဖြစ်ဘဲ၊ တည်ငြိမ်အေးချမ်းစွာနေထိုင်ကြဖို့ ဘာသာရေးနဲ့လူမျိုးရေး သွေးထိုးမှုတွေကို အထူးသတိပြုကြဖို့လည်း သတိပေးထုတ်ပြန်ပါတယ်။

    တပ်မတော်
    —————
    မြန်မာ့တပ်မတော်ကလည်း ဦးကိုနီလုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်ပါတယ်။ ဖြစ်စဉ်မှန် ပေါ်ပေါက်ရေးဖြစ်မှု ကျူးလွန်သူတွေကို အမြန်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့အစည်းတွေလည်း ပူးပေါင်း ဆောင်ရွက်မှာဖြစ်တဲ့အကြောင်း တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ၃၀-၁-၂၀၁၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

    နိုင်ငံရေး အင်အားစုများ
    —————————-
    မြန်မာနိုင်ငံအရေးပါတဲ့ နိုင်ငံရေးအင်အားစုတွေကလည်း ကြေညာချက်တွေ အသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ စသည့် စသည့် အဖွဲ့အစည်းအသီးသီးက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်းကလည်း ”ဒီကိစ္စကို မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့က အပြည့်အ၀ပူးပေါင်းဆောင်ရွက်ပေးထားပါတယ်။” လို့ ပြောတဲ့ အကြောင်း သတင်းစာထဲမှာ ဖတ်ရပါတယ်။

    အာဏာရ NLD ပါတီက ဦးကိုနီလုပ်ကြံခံရခြင်းကို ၀မ်းနည်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက် အစားထိုးမရသော ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်ကြောင်း၊ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ နေပြည်တော်မှာလည်း ဦးကိုနီအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လွှတ်တော်သို့ တက်ရောက်တဲ့ ဒီချုပ် အမတ်တွေက ဖဲကြိုးအနက်တပ်ဆင်ပြီး တက်ရောက်ခဲ့ပါတယ်။ အဲဒီလိုကြေညာချက်တွေ ထုတ်ပြန်ရတယ်ဆို ကတည်းက ဒီပြသနာရဲ့ အတိမ်အနက်နဲ့ အခြေအနေကို ခန့်မှန်းမိကြမယ်ထင်ပါတယ်။

    ဦးကိုနီရဲ့သမီးကြီး ဒေါက်တာယဉ်နွယ်ခိုင်က “လူကတော့ ပြန်လာစေချင်လို့မှ မရတော့တာ။ ကျွန်မတို့မှာ နောက်ထပ်ဖြစ်စေချင်တာ ဆိုတာ မရှိတော့ဘူးလေ။ အမှုမှန်ပေါ်စေချင်တာပေါ့။ ဒါပါပဲ။ ရေဆုံးမြေဆုံးအထိ လိုက်ပြီး အမှုမှန်ပေါ်စေချင်တယ်။ ဒါပဲ တောင်းဆိုချင်ပါတယ်။ ဒီထက်တခြားဘာမှ တောင်းဆိုစရာမရှိပါဘူး” လို့ ပြော ကြားခဲ့ပါတယ်။

    ကျွန်တော်နဲ့ ဆရာဦးကိုနီတို့ ပေါင်းသင်းဆက်ဆံလာခဲ့ကြတာ နှစ်ပေါင်း ၄၀ ကျော် ရှိပါပြီ။ သူ့အကြောင်းကို အစအဆုံး သိသူတစ်ယောက်လို့ ယူဆပါတယ်။ သူဘာတွေလုပ်တယ်။ ဘာရည်ရွယ်ချက်နဲ့လုပ်တယ် ဆိုတာတွေကို လည်း ဂဃနဏသိရှိသူတစ်ဦးဖြစ်ပါတယ်။

    ဦးကိုနီနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ
    ————————————
    ဆရာဦးကိုနီဟာ ၂၀၁၃ခုနှစ် ဇန်န၀ါရီလက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ကြမှာလဲ ဆိုတဲ့ စာအုပ်ကို ရေးသား ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်မှာ ကျွန်တော်အမှာစာရေးသားခဲ့ပါတယ်။ အဲဒီအမှာစာမှာ သူနဲ့ကျွန်တော် ပြောဆိုဆွေးနွေးကြတဲ့ အကြောင်းအရာတွေကို ဖော်ပြခဲ့ပါတယ်။ “အခြေခံဥပဒေကို ပြင်သင့်တယ်လို့ ကျွန်တော်ပြောတာက လူတစ်ဦးတစ်ယောက်၊ အသင်းအဖွဲ့တစ်ခုအတွက် ရည်ရွယ်ပြီးပြောတာ မဟုတ်ပါဘူး။ တစ်တိုင်းပြည်လုံး၊ တိုင်းရင်းသားလူမျိုးစုအားလုံး၊ နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ ကောင်းကျိုးအတွက် ရည်ရွယ်ပြီး ပြောတာပါ”

    “အခြေခံဥပဒေကို ပြင်တဲ့အခါ တရားဥပဒေရှုထောင့် Legal point of view တစ်ခုတည်းကသာ ပြင်ဖို့ ကျွန်တော်ပြောနေတာ မဟုတ်ပါဘူး။ Political point of view နိုင်ငံရေးရှုထောင့်၊ Logical point of view ယုတ္တိဗေဒ ရှုထောင့်စတဲ့ . . . စတဲ့ ရှုထောင့်အမျိုးမျိုးကနေ သုံးသပ်ပြီး ပြင်သင့်တယ်လို့ ကျွန်တော်ယူဆပြီး ဒီဆောင်းပါးတွေကို ကျွန်တော်ရေးနေတာပါ …” လို့ သူက ဆိုပါတယ်။

    တပ်မတော်အပေါ် သဘောထား
    ———————————-
    တပ်မတော်နဲ့ပတ်သက်ပြီး သူသဘောထားကို ကျွန်တော်ကမေးတော့ “ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ရာမှာ တပ်မတော်ဟာ အလွန်အရေးကြီးတာပေါ့…။ အခြေခံဥပဒေပုဒ်မ (၁၂၂)မှာ ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသော တပ်မတော်သားများသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ် ထားသည့် အရည်အချင်းများနှင့် ပြည့်စုံရမည်လို့ပြဋ္ဌာန်းထားပြီးသားပဲ။ သူတို့လည်း နိုင်ငံ့သားကောင်းတွေပဲ။ ဒါပေမဲ့ ကျွန်တော်ဖြစ်စေချင်တာက တပ်မတော်သား ကိုယ်စားလှယ်တွေကို ခဏခဏမပြောင်းလဲဘဲ ပြည်သူ့လွှတ်တော် အရပ်သားကိုယ်စားလှယ်တွေရဲ့ သက်တမ်းအတိုင်း စခန့်ကတည်းက လွှတ်တော်သက်တမ်းကုန်တဲ့အထိ ရှိစေချင် တယ်။ ပြည်သူ့လွှတ်တော် အရပ်သားကိုယ်စားလှယ်များနည်းတူ တပ်မတော်သားကိုယ်စားလှယ်တွေကလည်း မိမိတို့ရဲ့ လွတ်လပ်သောဆန္ဒအရ မဲပေးပိုင်ခွင့်၊ တိုင်းပြည်တာဝန်ထမ်းဆောင်ခွင့် ရှိစေချင်တာပါပဲ” လို့ ပြောပါတယ်။

    ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့
    ————————-
    အဲဒီစာအုပ်မှာပဲ စာရေးသူရဲ့အမှာအနေနဲ့ ”နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုသည်မှာ နိုင်ငံတော် အား မည်သို့မည်ပုံ တည်ထောင် အုပ်ချုပ်မည်ဆိုသည်ကို နိုင်ငံသားများအကြား သဘောတူချုပ်ဆိုထားသော စာချုပ် ကြီးတစ်ရပ်ဖြစ်သည်။ နိုင်ငံတော်အာဏာ၏ ပင်ရင်းပိုင်ရှင်မှာ နိုင်ငံသားပြည်သူများသာဖြစ်ရာ နိုင်ငံသားတို့၏ ဆန္ဒသာအဓိကဖြစ်သင့်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲသူ လူတစ်စု၏ဆန္ဒကိုသာ အလေးထားရမည်ဆို လျှင် နိုင်ငံသားတို့၏ အခန်းကဏ္ဍမှာနောက်တန်းသို့ ရောက်သွားမည်ဖြစ်ပြီး မည်သည့်အခါမျှ ဒီမိုကရေစီနိုင်ငံ ဖြစ်လာ မည် မဟုတ်ပါဟု ကျွန်တော်အလေးအနက် ပြောလိုပါသည်”လို့ သူ့သဘောထားကို တင်ပြသွားပါတယ်။

    ဦးကိုနီနှင့် မဲမသမာမှုများ ဟန့်တားချက်
    ——————————————
    ရွေးကောက်ပွဲ မဲမသမာမှုတွေနဲ့ ပတ်သက်ပြီးတော့ စာအုပ်တစ်အုပ်ရေးခဲ့ပါသေးတယ်။ ဒီမိုကရေစီ ရွေးကောက်ပွဲများ၊ မဲမသမာမှုများနှင့် ပြည်သူတို့၏ အခွင့်အရေးများ ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်မှာ “၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပေါ် သုံးသပ်ရပါက ကန့်ကွက်မှုများ၊ အတိုင်အတော ပြဿနာများ အမြောက်အများ ရှိခဲ့ကြောင်း တွေ့ရသည်။

    အံ့သြဖွယ်ရာ အကောင်းဆုံးပြဿနာမှာ ရွေးကောက်ပွဲနေ့ ညနေ (၄)နာရီ မဲရုံးများပိတ်ပြီးနောက် မဲရေတွက် ရာတွင် ညဥ့်နက်သည်ထိ ကြိုတင်မဲထုတ်များ တစ်ထုပ်ပြီးတစ်ထုပ် ရောက်လာကာ ညသန်းကောင်ကျော်သည်ထိ မဲများရေတွက်နေရသည့်ကိစ္စဖြစ်ကြောင်း တွေ့ရသည်။ တစ်စုံတစ်ယောက် အနိုင်မရမချင်း ကြိုတင်မဲများ ဆက်ကာ၊ ဆက်ကာ ရောက်လာနေသည့်သဘောဖြစ်သည်။ အမှန်အားဖြင့် ကြိုတင်မဲဆိုသည်မှာ မဲရုံစဖွင့်သည့် နံနက် (၆)နာရီ ကတည်းကပင် မဲရုံသို့ ရောက်ရှိပြီးဖြစ်ရမည်။ နောက်ထပ် ကြိုတင်မဲဟူ၍ မည်သည့်အရပ်ကမျှ လာရန် အကြောင်းမရှိပါ။ လာခဲ့လျှင်လည်း ဥပဒေအရ လက်မခံရပါ” လို့ ထောက်ပြခဲ့ပါတယ်။

    စာပေနဲ့ အသိဥာဏ်ပေးရုံမကပါဘူး။ လူကိုယ်တိုင်လည်း အနယ်နယ် အရပ်ရပ်သို့ လှည့်လည်သွားရောက် ဟောပြောပါတယ်။ အဲဒီတုန်းက NLD အဖွဲ့ဝင်မဟုတ်သေးပါ။ ကိုယ့်ကား ကိုယ်မောင်း။ ကိုယ့်ထမင်း ကိုယ်စား။ ကိုယ့်ကုန်ကျစရိတ် ကိုယ်ဘာသာကျခံပြီး လှည့်လည်ဟောပြောတာ ဖြစ်ပါတယ်။ ဒါကြောင့် အမှန်တရားကို ဖုံးကွယ်လိုသူတချို့က သူ့ကို မုန်းတီးကြတာ ဖြစ်ပါတယ်။ မော်လမြိုင်သို့ ဟောပြောပွဲသွားတုန်းကဆိုရင် ကျွန်တော်လည်း လိုက်ပါသွားခဲ့ပါတယ်။ နံနက်တစ်ပွဲ၊ ညနေတစ်ပွဲ ဆက်တိုက်ဟောတာ ထမင်းမေ့၊ ဟင်းမေ့ပါပဲ။ ရန်ကုန်ကို ပြန်ရောက်တော့ ည ၁နာရီ ထိုးပါပြီ။ ဟောပြောပွဲတိုင်းမှာ သူပြောနေကြစကားလေး တစ်ခွန်းရှိပါတယ်။

    “ဒီမိုကရေစီနိုင်ငံရေးစနစ်တွင် ‘အစိုးရ’ ဆိုသည်မှာ လူထု၏ ကျေးကျွန်ဖြစ်ပါသည်။ ပြည်သူ့ဝန်ထမ်းဖြစ်သည်။ အရှင်သခင် မဟုတ်ပါ။ ပြည်သူလူထုသာလျှင် အရှင်သခင်၊ နိုင်ငံတော်အာဏာ၏ ပင်ရင်းပိုင်ရှင်များ ဖြစ်ကြပါသည်” လို့ အမြဲတမ်းထောက်ပြပါတယ်။ ပြီးတော့ ရွေးကောက်ပွဲမတိုင်မီ သိထားရမည့် အချက်များ၊ ကြိုတင်ပြင်ဆင်ထားသင့် ပုံများ၊ ရွေးကောက်ပွဲ ကျင်းပသည့် နေ့တွင်လည်း သတိထားရမည့် အချက်များ ဆောင်ရွက်ရမည့် နည်းလမ်းများကို လည်း ဟောပြောပို့ချပါတယ်။
    ၂၀၁၂ ခု ဧပြီလ ၁ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ မှန်မှန်ကန်ကန် ဖြစ်အောင် ကြိုးပမ်းမှုများကိုပြုလုပ်ပြီး “ရွေးကောက်ပွဲနှင့် မဲမသမာမှု” ခေါင်းစဉ်နဲ့ ဆောင်းပါးများရေးတယ်။ ဥပဒေသဘောတရား တွေကို အရှိကို အရှိအတိုင်း ဖြောင့်ဖြောင့်မှန်မှန်တင်ပြတယ်။ အဲဒီဆောင်းပါးတွေကို စုစည်းပြီး “လာမည့် ရွေးကောက်ပွဲမှာ မဲဘယ်လိုပေးရမှာလဲ” ဆိုတဲ့ စာအုပ်ကလေးကို ထုတ်ဝေပြီး ပြည်သူကြားသို့ စိမ့်ဝင်ပျံ့နှံ့သွားအောင် ကြိုးစားတယ်၊ ရွေးကောက်ပွဲမှာ ဆရာရဲ့ စေတနာအရာထင်ခဲ့ပါတယ်။ အားလုံးသိပြီးဖြစ်တာမို့ အကျယ်မဖော်ပြ တော့ပါဘူး။

    ဦးကိုနီနှင့် တရားဥပဒေစိုးမိုးရေး
    ———————————
    မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှု နည်းပါးနေတယ်။ တရားဥပဒေစိုးမိုးမှုမရှိသမျှ တိုင်းပြည်အေးချမ်းသာယာမှု ရှိမှာမဟုတ်ဘူး ဆိုပြီး “ဂဠုန်ဆရာစံ ရာဇ၀တ်တရားခံလား နှင့် တရားဥပဒေစိုးမိုးရေးဆောင်းပါးများ” စာအုပ်ကို ၂၀၁၂ အောက်တိုဘာလက ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်မှာ ဟံသာဝတီဦးဝင်းတင်၊ စာရေးဆရာ မောင်ဝံသနဲ့ ကျွန်တော်တို့ အမှာစာ ရေးဖြစ်ခဲ့ပါတယ်။ အဲဒီအမှာစာတွေကို ဖတ်လိုက်ရင် ဦးကိုနီ ဘယ်လိုလူစားလဲဆိုတာ သိသာ ပေါ်လွင်ပါလိမ့်မယ်။
    ဆရာဦးကိုနီကို ဥပဒေ ပညာမှာ သူသာ အတော်ဆုံးလို့ ကျွန်တော်ဆိုလိုတာ မဟုတ်ပါဘူး။ သူလို တော်တဲ့သူ၊ သူထက် တော်တဲ့သူတွေလည်း ရှိမှာပါ။ ဒါပေမဲ့ ပညာတော်သလို တိုင်းပြည်အတွက် စေတနာကောင်းထားဖို့လဲ လိုပါ တယ်။ ဦးကိုနီကို မလိုလားသူတွေက ဘာသာမတူ လူမျိုးမတူတဲ့အတွက် ကဲ့ရဲ့ ရှုတ်ချအပြစ်တင်ကြပါတယ်။ သူရဲ့ တိုင်းပြည်အပေါ်ထားတဲ့ စေတနာ၊ လူမျိုးဘာသာ အခြေပြု သွေးထိုးလှုံ့ဆော်မှုတွေ မဖြစ်စေလိုတဲ့ စိတ်ဓာတ်၊ တစ်တိုင်းပြည်လုံး တရားဥပဒေစိုးမိုးပြီး ငြိမ်းချမ်းသာယာစေလိုတဲ့ သဘောထားတွေကိုတော့ မြင်အောင်ကြည့်တတ်ဖို့ လိုပါတယ်။

    ဦးကိုနီ သူရဲကောင်းလား
    ————————–
    ဦးကိုနီကွယ်လွန်တဲ့နေ့က သူရဲ့ သမီးကြီးဖြစ်သူ ဒေါက်တာယဉ်နွယ်ခိုင်ကို ဂျာနယ်တစ်စောင်က “ဦးကိုနီကို သူရဲကောင်းလို့ထင်ပါသလား”လို့ မေးတယ်။ သမီးဖြစ်သူက “ကျွန်မအတွက်ကို မေးတာလား၊ ကျွန်မအတွက် ဆိုရင်တော့ ဖေဖေက သူရဲကောင်းပေါ့။ ဒါပေမဲ့ အခြားလူတွေရဲ့ သတ်မှတ်ချက်ကိုတော့ ကျွန်မ မသိပါဘူး။ သူရဲကောင်း ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ အများက သတ်မှတ်ကြမှာလေ” လို့ ဖြေလိုက်ကြောင်း ပြောပြပါတယ်။

    ရှိတ်စပီးယားရေးတဲ့ ဂျူးလီးယပ်ဆီဆာပြဇာတ် ကို ဖတ်ဖူးကြမှာပါ ဂျူးလီးယပ်ဆီဆာလုပ်ကြံသတ်ဖြတ်ခံရပြီး တဲ့နောက် လုပ်ကြံသူခေါင်းဆောင်ဗရူးတပ်က မိန့်ခွန်းပြောတယ်။ သူပြောပြီးတဲ့အခါ ဆီဆာရဲ့ မိတ်ဆွေ မတ်အန် တော်နီက မိန့်ခွန်းပြောတယ်။ သူ့ရဲ့မိန့်ခွန်းမှာ ”ကျွန်တော်ဒီကိုရောက်လာတာဟာဖြင့် ဆီဆာကို မြှုပ်နှံသဂြိင်္ုဟ် ဖို့အတွက်သာ ဖြစ်ပါတယ်၊ သူ့ကို ချီးကျူးထောပနာပြုဖို့ ရောက်လာတာ မဟုတ်ပါဘူး။ လူတွေဟာ မကောင်း တာလေးတွေ လုပ်မိတယ်ဆိုရင်…၊ သူတို့သေပြီးတဲ့အထိ ပြောစမှတ်ပြု ကျန်ရစ်တတ်ကြပါတယ်။ အဲ … ကောင်းတာလေးတွေဆိုရင်တော့ … သူတို့ရဲ့ အရိုးစုနဲ့အတူ မြှုပ်နှံပစ်လိုက်ကြတာပါပဲ။ ဒါက လူတွေရဲ့ သဘာဝ ဆိုတော့ ဆီဆာနဲ့ ပတ်သက်ပြီးတော့လည်း . . . ရှိပါစေတော့ . . . “ တဲ့။

    အခုလည်း ဦးကိုနီကို ဂုဏ်ပြုချီးကျူးဖို့ ဒီဆောင်းပါးကို ရေးတာမဟုတ်ပါဘူး။ ဒါပေမဲ့ တိုင်းပြည်နဲ့လူမျိုးအပေါ် သူ့ရဲ့ သစ္စာဖောက်တဲ့အချက်၊ ဗုဒ္ဓဘာသာကို စော်ကားပြောဆိုတဲ့အချက်၊ အမျိုးဘာသာ အခြေပြု သွေးထိုးလှုံ့ဆော်မှု တွေပြုတဲ့အချက်၊ တစ်ခုတလေရှိရင် လူတွေသိသွားအောင် အထောက်အထားအကိုးအကားနဲ့ ဖော်ပြစေချင်ပါတယ်။ သက်သက်မဲ့ အပုတ်ချတဲ့သဘောမျိုးတော့ မပြောကြစေချင်ပါဘူး။ သူ့ရဲ့ ကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေကို မေ့ပစ်ချင်မေ့ပါ။ မေ့ပစ်လို့ရနိုင်ပါတယ်။ ဒါပေမဲ့ အထောက်အထားမရှိ တမင်သက်သက် စွပ်စွဲပြောဆိုတာတွေကို တော့ ရှောင်ရှားစေချင်ပါတယ်။ ဦးကိုနီကတော့ သူ့အသက်ကို စွန့်လွှတ်ပြီး ကျန်တဲ့သူတွေ သူလိုမဖြစ်အောင် သတိပေးခဲ့ပါပြီ။ တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့သူတွေ သူလို အသက် စွန့်မသွားကြပါစေနဲ့လို့ ဆုတောင်းနေမိပါတယ်။ တကယ်တော့ ဒီဖြစ်ရပ်ဟာ ကျွန်တော်တို့တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှု မရှိလို့ပါဘဲ။ ပြီးတော့ ဦးကိုနီရဲ့ ပညာနဲ့စေတနာကို ယှဉ်တွဲပြီး မြင်စေချင်ပါတယ်။ ဦးကိုနီရဲ့ တရားဥပဒေစိုးမိုးရေး စာအုပ်မှာ ကျွန်တော်အမှာစာ ရေးပေးတုန်းက-

    မေခနှင့် မလိခသည် ပေါင်းဆုံ၏။ ထိုအခါ “မြစ်မဧရာ”ပေါ်ထွန်းခဲ့၏။
    “မြစ်မဧရာ”သည် မြန်မာပြည်၏ “အသက်” ….။
    ဆရာ၏ စေတနာနှင့် ဆရာ၏ ပညာတို့သည် ပေါင်းဆုံ၏။ ထိုအခါ “တရားဥပဒေစိုးမိုးရေး ဆောင်းပါးများ” စာအုပ် ပေါ်ထွန်းခဲ့၏..။
    “တရားဥပဒေစိုးမိုးရေး”သည် မြန်မာနိုင်ငံနှင့် နိုင်ငံသားများ၏ “အသက်” . . .။
    ထို့ကြောင့်
    တိုင်းပြည်ကို ချစ်သော၊
    နိုင်ငံသားအားလုံးကို မြတ်နိုးသော၊
    ငြိမ်းချမ်းရေးကို လိုလားသော၊
    တည်ငြိမ်အေးချမ်းရေးကို နှစ်သက်သော
    သူအားလုံး “တရားဥပဒေစိုးမိုးရေး”ကို နှလုံးသည်းပွတ်တွင် သိမ်းဆည်းပြီး၊ ဦးနှောက်တွင် သိုမှီးထား နိုင်ကြပါစေ … လို့ ဆန္ဒပြုမိပါတယ်။

    အခုလည်း နောက်ထပ်နောက်ထပ် လုပ်ကြံသတ်ဖြတ်မှုတွေ ထပ်မံမပေါ် ပေါက်ကြပါစေနဲ့လို့ ဆုမွန်ကောင်း တောင်းနေမိပါတော့တယ် . . . ။

    ကဲ… မိတ်ဆွေ သင်ကကော ဦးကိုနီကို ဘယ်လိုမြင်ပါသလဲ။ ဦးကိုနီအပေါ် ဘယ်လိုသတ်မှတ်ပါသလဲ။ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိပါတယ်။ လူတစ်ယောက် ဘာပြောတယ်ဆိုတာထက် ဘာလုပ်တယ်ဆိုတာကို ကြည့်ပြီး ဆုံးဖြတ်ကြတာပေါ့။

    ချစ်ခင်လေးစားလျက်
    မောင်သိန်းလွင်

    WeeklyHeadline
    Vol2, No.6, (6-2-2017) မှ ကူးယူဖော်ပြပါသည်။

  • ကွဲပြားခြင်းနဲ့ ခွဲခြားခြင်း (သို့မဟုတ်) ဦးကိုနီသို့ အမှတ်တရ

    ကွဲပြားခြင်းနဲ့ ခွဲခြားခြင်း (သို့မဟုတ်) ဦးကိုနီသို့ အမှတ်တရ

    ဒေါက်တာမြတ်ထူးရာဇတ် ရေးသည်။

    ၂၀၁၆ ခုနှစ် အာဇာနည်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး တွင် သူရဦးတင်ဦး၊ ဦးကိုနီတို့နှင့်အတူ

    ကျနော့်သူငယ်ချင်း ပေါ်ထွန်းရဲ့သား မင်္ဂလာဆောင်တာကို ကြားရတော့ ကျနော်တို့ ပေါ်ထွန်းတို့ငယ်စဉ်က ကြီးပြင်းလာခဲ့တဲ့ ရပ်ကွက်လေးကို သတိရမိပါတယ်။ အခု ပြန်သတိရမိတဲ့အခါ “ကွဲပြားခြားနား” တဲ့ မိသားစုများစွာ စုစည်းနေထိုင်ခဲ့တဲ့ ရပ်ကွက်ဖြစ်တာကို အမှတ်ပြုမိပါတယ်။ ဒီလိုကွဲပြားမှုတွေကို ငယ်ငယ်တုန်းက သတိမပြုမိတာကိုလည်း အခုမှ ဂရုပြုမိပါတယ်။
    .
    ကျနော် လူမှန်းသိစကနေပြီး ၇တန်းထိနေခဲ့တဲ့ ယောက်လမ်းရပ်ကွက်ဟာ ဗိုလ်ချုပ်ဈေး၊ သမ္မတ ရုပ်ရှင်ရုံ၊ မင်းမနိုင်၊ အရင် စစ်ရုံးချုပ်ကြီး၊ မျက်စိ နား နှာခေါင်းပြည်သူ့ဆေးရုံကြီး (အခု Max Myanmar)၊ အထက (၁) ဒဂုံကျောင်းတို့က ဝိုင်းရံထားတဲ့ ရပ်ကွက်ဖြစ်ပါတယ်။ ရပ်ကွက်မှာနေသူတွေရဲ့အခြေအနေတွေ ကွဲပြားကြပေမယ့် ခွဲခြားမှုတွေမရှိသလောက် နည်းခဲ့ တာတွေကို ကလေးတယောက်အနေနဲ့ အမှတ်ရမိတာလေးတွေကို ပြောပြပါရစေ။
    .
    ကျနော်တို့နေခဲ့တဲ့အိမ်က ၅၁ ဆင်းဒဝစ်လမ်း (အခု ဗိုလ်ရာညွန့်လမ်း)ဖြစ်ပါတယ်။ လမ်းမကြီးကနေ ကိုက် ၁၀၀ လောက် ရှိတဲ့လမ်းတိုလေးထဲမှာ ရှိတဲ့အိမ်ဖြစ်ပါတယ်။ ရှေးခေတ်က နှစ်ထပ်အိမ်ဖြစ်ပါတယ်။ လမ်းတိုလေးရဲ့အဆုံးမှာ ဆေးရုံအမှု ထမ်းတွေနေတဲ့ အိမ်ရာတိုက်ခန်းတွေရှိတဲ့ ဆေးရုံဝင်းရှိပါတယ်။ ပေါ်ထွန်းအပါအဝင် သူငယ်ချင်းတချို့က ဆေးရုံဝင်းထဲ မှာ နေခဲ့ကြပါတယ်။ ဆေးရုံဝင်းထဲမှာ တိုင်းရင်းသား၊ တိုင်းရင်းသူတော်တော်များများရှိပါတယ်။ ကရင်၊ ကချင်၊ ချင်း၊ ရှမ်း၊ ရခိုင်၊ ဗမာ၊ မွန် ဆရာမနဲ့ ဆရာဝန်မိသားစုတွေရှိတာကို မှတ်မိခဲ့ပါတယ်။
    .
    ဘေးက ပျဉ်ထောင်အိမ်မှာနေတဲ့မိသားစုက လမ်းထိပ်မှာ အကြော်ဆိုင်ဖွင့်ပါတယ်။ ဦးကြီးကရွှေတိဂုံစေတီတော်မြတ်ကြီးကို နေ့တိုင်း သွားရောက်ပူဇော်ကန်တော့ပါတယ်။ ကျနော်တို့ ကလေးတွေလည်း တခါတလေ လမ်းလျောက်လိုက်သွားတတ်ပါတယ်။ အဲဒီမိသားစုထဲက မိုးသူက ကျနော်တို့ အင်မတန်ခင်တဲ့သူငယ်ချင်းပါ။ ကစားချင်လွန်းလို့ မိုးသူ မြန်မြန်အလုပ်ပြီးအောင် အကြော်ဆိုင်မှာ သွားကူခဲ့တဲ့ နေ့တွေ ရှိခဲ့တာတွေကို သတိရမိပါတယ်။ သူတို့ မိသားစုကလည်း ကျနော်နဲ့ကျနော့်ညီ အောင်အောင်ကို သူတို့ရဲ့တူသားတွေလို ချစ်ခင်ဆက်ဆံတာကို အမှတ်ရမိပါတယ်။
    .
    အိမ်ရှေ့သုံးထပ်တိုက်အိမ်က ဦးတင်မြင့်ဟာ မဂိုလမ်းက ရွှေဆိုင်ပိုင်ရှင်ပါ။ ဒေဝါလီနေ့တွေမှာ ရပ်ကွက်ထဲ ကျနော်တို့ ကလေးတွေဟာ အင်မတန်အရသာရှိတဲ့ အချိုမုန့်တွေကို သူတို့အိမ်မှာ အဝစားခဲ့ရတာတွေကို သတိရမိပါတယ်။ သူ့သားတွေဟာ အင်ဂျင်နီယာ ဆေးကျောင်းသားတွေဖြစ်လို့ စာအများကြီး ဖတ်ရဖို့ လိုပေမယ့် ရပ်ကွက်လှုပ်ရှားမှုတိုင်းမှာ တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။
    .
    နှစ်အိမ်ကျော်ရဲ့ဝင်းထဲမှာ မုန့်ဟင်းခါးသည် အဒေါ်ကြီးနဲ့ အချဉ်ထုပ်သည် အဒေါ်ခင်တို့ မိသားစုတွေနေကြပါတယ်။ သူတို့ ဆိုင်တွေဟာ ကျနော်တို့ရဲ့အားထားရတဲ့ဆိုင်တွေပါပဲ။ တခါတလေ မုန့်ဖိုးကုန်သွားရင် နားလည်စွာနဲ့ စားခွင့်ပေးခဲ့ကြပါ တယ်။ သူတို့ရဲ့သားသမီးတွေဟာလည်း ကျနော်တို့ရဲ့ကစားဖော်သူငယ်ချင်းတွေပါ။ ဂေါ်လီရိုက်၊ ဂျင်ပေါက်၊ သရေကွင်း ပစ်၊ ဘော်လုံးကန်ရင်း ရန်ဖြစ်လိုက် ပြန်တဲ့လိုက်ပါပဲ။
    .
    လမ်းထိပ်က အိမ်နှစ်လုံးထဲက တလုံးမှာ ကျနော့်အမေရဲ့တဝမ်းကွဲအရီးလေးနဲ့ မိသားစုနေကြပါတယ်။ အရီးလေးဒေါ်နီရဲ့ ကွယ်လွန်သွားခဲ့တဲ့ခင်ပွန်းက ရခိုင်အမျိုးသားရှေ့နေဦးတင်မောင်ဖြစ်ပါတယ်။ သူတို့တိုက်တခြမ်းမှာ ဗုဒ္ဓဘာသာဝင် ရခိုင် မိသားတစုနေခဲ့ကြပါတယ်။ ဆရာဝန်ဖြစ်လာတဲ့ ကိုခင်ကျော်နဲ့ သူ့ညီ ကိုထွန်းကျော်တို့က ကျနော့်ရဲ့အဆုံးမသပ်တဲ့ မေး ခွန်းတွေကို စိတ်ရှည်စွာနဲ့ ဖြေကြားခဲ့တာတွေကို မှတ်မိနေဆဲပါ။
    .
    ကျနော်တို့ကလေးအဖွဲ့တွေက သင်္ကြန်၊ သီတင်းကျွတ်၊ ခရစ်စမတ်၊ ဒေဝါလီ၊ တရုပ်နှစ်သစ်ကူးနဲ့ အစ်ဒ်နေ့တွေကို ပျော်ရွှင် စွာ စောင့်မျှော်နေမိခဲ့တာတွေကို သတိရမိပါတယ်။ ခရစ်စမတ်သီချင်းလာဆိုတဲ့အဖွဲ့တွေကို ညနက်တဲ့အထိ စောင်ြ့ပီး နား ထောင်ခဲ့သလို မနက်အစောကြီး ထပြီး ဆွမ်းဆန်လောင်းခဲ့တဲ့နေ့တွေဟာ ကျနော်တို့ရဲ့ကလေးဘဝက ပျော်ရွှင်ခဲ့တဲ့နေ့ တွေပါပဲ။ အစ်ဒ်နေ့တွေမှာ အီဒီနဲ့ တရုတ်နှစ်ကူးမှာ အန်ပေါင်း (မုန့်ဖိုး) တွေကို ကျနော်တို့ကလေးတွေ ပုံမှန်ရခဲ့တဲ့ ရပ်ကွက်3လေးလည်းဖြစ်ခဲ့ပါတယ်။
    .
    ရပ်ကွက်ထဲက ကျနော်တို့အားလုံး ဒဂုံမြို့နယ် အစိုးရအထက်တန်းကျောင်း အမှတ် ၁ (အထက ၁ ဒဂုံ) (အရင် က English Methodist School) မှာ ကျောင်းတက်ခဲ့ကြပါတယ်။ နေထိုင်တဲ့ရပ်ကွက်ပေါ် မူတည်ပြီး ဘယ်ကျောင်းတက်ရမယ်ဆိုတာ ကို ဆုံးဖြတ်ခဲ့လို့ဖြစ်ပါတယ်။ ဝင်ငွေအဆင့်အတန်းနဲ့သာ ဆုံးဖြတ်ခဲ့ရင် ကျနော့်ရပ်ကွက်ထဲက သူငယ်ချင်း တော်တော်များ များက အထက (၁) ဒဂုံကို လာနိုင်ခြေ နည်းပါးပါတယ်။
    .
    ကျနော်တို့လမ်းတိုလေးရဲ့အပြင်ရပ်ကွက်ထဲမှာလည်း ကွဲပြားမှုတွေ ရှိနေခဲ့ပါတယ်။ ပြည့်စုံတဲ့ အမျိုးသားရုပ်ရှင်ပိုင်ရှင်ဝင်း (လေးစားရ တဲ့ရုပ်ရှင်မင်းသားဟောင်းကြီး ကိုကျော်သူရဲ့မိသားစု)၊ ဒေါက်တာရွှေတင်(နှလုံးအထူးကု ဆရာဝန်ကြီး)၊ စစ်အရာရှိအိမ်ရာ ဝင်း၊ ရှုမဝတိုက်တို့ ရှိခဲ့သလို လက်လုပ်လက်စားပေါင်းစုံ (ကြံရည်ဆိုင်၊ စာအုပ်အငှားဆိုင်၊ လက်ဖက်ရည်ဆိုင်) တွေလည်း နေထိုင်တည်ရှိခဲ့ပါတယ်။
    .
    ယောက်ျား ဖြစ်ပေမယ့် မိန်းကလေးဆန်ပြီး မိတ်ကပ်နှုတ်ခမ်းနီဆိုးတတ်တဲ့ ကိုချစ်တိုးနဲ့ မိန်းကလေးဖြစ်ပေမယ့် ဆံပင်တိုတို နဲ့ ပုဆိုးကို ယောက်ျားလို ဝတ်တတ်တဲ့ မခိုင်မာတို့လည်း ရပ်ကွက်ထဲမှာနေကြပါတယ်။ ဘာလို့ သူတို့ အဲဒီလို ဖြစ်နေတာလဲလို့ မေးကြည့်မိတော့ ကျနော်တို့ရဲ့ကရင်အဒေါ်က ”သူတို့ဘဝနဲ့ သူတို့နေတတ်သလို နေတာပဲ။ နင်တို့ကို ဘာဒုက္ခပေးလို့လဲ။ သူတို့နေတတ်သလို နေပါစေ” လို့ ဖြေလိုက်တာကို အခုထိ သတိရမိလိုက်ပါတယ်။
    .
    ကျနော်တို့ကလေးတသိုက်ကို ရပ်ကွက်ထဲက မိသားစုအားလုံးက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြပါတယ်။ ဘယ်သူ့ ကလေးကိုမဆို သွန်သင်ဆုံးမခွင့် အားလုံးမှာ ရှိကြပါတယ်။ ခွဲခြားတာ မရှိခဲ့ပါဘူး။ ကျနော်တို့လမ်းထဲမှာ မဟုတ်တာတွေ လုပ်လာခဲ့ရင် အချဉ်ထုပ်သည် အဒေါ်ခင်ရဲ့ချက်ချင်း အဆူခံရတာတင်မက အိမ်မှာလည်း ထပ်ဆင့် အဆူခံရပါတယ်။ အဒေါ်ခင်က အိမ်ကို အကြောင်းကြားလိုက်လို့ပါ။
    .
    ကျနော်တို့ရဲ့ရပ်ကွက်လေးမှာ ကြီးပြင်းလာခဲ့ဘဝက ကွဲပြားတာကို ခွဲခြားစရာမလိုကြောင်းကို လက်တွေ့ကျကျနဲ့ တဖြည်းဖြည်းချင်း သင်ပေးလိုက်သလိုပါပဲ။ ဝင်ငွေ၊ ပညာ၊ အလုပ်၊ လူမျိုး၊ ဘာသာကွဲပြားနိုင်ပေမယ့် လူသားအဖြစ် ကွဲပြားမှုမရှိလို့ ခွဲခြားစရာမလိုတာကို မေတ္တာ၊ စေတနာတွေနဲ့ လက်တွေ့ပြသခဲ့တဲ့ လူမှုပတ်ဝန်းကျင်ကို အင်မတန်လေးစား ကျေးဇူးတင်မိ ပါတယ်။
    .
    အခု အချိန်မှာတော့ အရင်နှစ် ၄၀နဲ့ မတူတော့တာတွေကို သတိထားမိပါတယ်။ ကျနော်တို့နေခဲ့တဲ့ရပ်ကွက်လေး ပြောင်းလဲသွားသလို တိုင်းပြည်ကြီးကလည်း ပြောင်းလဲနေခဲ့ပါတယ်။ အဆင့်အတန်းကွဲပြားမှုတွေ အင်မတန်များလာခဲ့သလို လူ လူချင်း ခွဲခြားမှုတွေကလည်း မယုံနိုင်အောင် ပြန့်ပွားနေတာကို ကြားသိခဲ့ရပါတယ်။ ဥစ္စာ၊ အာဏာပြည့်စုံသူတွေရဲ့ကလေး တွေ တက်တဲ့ကျောင်းတွေကို လက်လုပ်လက်စားမိသားစုတွေရဲ့ကလေးတွေ ဘယ်လိုမှ မတက်နိုင်တာကိုလည်း ဝမ်းနည်းစွာ အမှတ်ပြုမိပါတယ်။
    .
    တချိန်တည်းမှာပဲ ကွဲပြားမှုတွေကို ပုံကြီးချဲ့ပြီး မုန်းတီးရက်စက်ရေးတွေကို ဆော်သြောနေတဲ့အဖွဲ့တွေရှိနေတာကိုလည်း သတိထားမိပါတယ်။ ကျနော်ကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင်ရဲ့ဗုဒ္ဓတရားတော်အောက်မှာ ကွဲပြားမှုတွေကို မေတ္တာနဲ့တုံ့ပြန် ခဲ့ကြတာတွေဟာ အခုခေတ်မှာ ရှားပါးလာသလို ခံစားမိပါတယ်။ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်မှုတွေဟာ မြန်မာ ပြည်သာမက ကမ္ဘာကြီးမှာပါ ကြုံတွေ့နေရတာကို ရင်နင့်စွာ ခံစားမိပါတယ်။
    .
    ဒီဆောင်းပါးရေးနေရင်း ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံလိုက်ရတာကို ဝမ်းနည်းကြေကွဲစွာနဲ့ ကြားသိခဲ့ရပါတယ်။ ဦးကိုနီကို ကျနော် ၈၈၈၈ လှုပ်ရှားမှုတုန်းက မတွေ့ခဲ့ရပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ရှင်းလင်းပြတ်သားတဲ့ တင် ပြမှုတွေကို လေးစားစွာ နားထောင်မှတ်သားခဲ့ပါတယ်။
    .
    လူကိုယ်တိုင် တွေ့ဆုံစကားပြောခွင့်ရခဲ့တဲ့အခါ ဦးကိုနီကို ပိုမို လေးစားလာမိပါတယ်။ သူ့ရဲ့တိုင်းပြည်ချစ်စိတ်၊ ဥပဒေရေး ရာကျွမ်းကျင်မှု၊ အမြှော်အမြင်ကြီးမှု၊ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လေးစားမှု၊ ဘာသာတိုင်းကို လေးစားနားလည်မှု နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အခရာကျမှုကို ဦးစားပေးချက်တွေကို ပိုသိလာခဲ့ပါတယ်။
    .
    ဦးကိုနီ မြန်မာပြည်ကို ဘယ်လောက်ထိ ချစ်ခင်မြတ်နိုးပေမယ့် သူ့ရဲ့ဘာသာရေးကွဲပြားမှုကြောင့် လူတချို့တွေက ရက်စက်ရင့်သီးစွာ ခွဲခြား ဆက်ဆံခဲ့ကြတာတွေကို စိတ်မကောင်းစွာ ကြားသိမြင်တွေ့ခဲ့ရပါတယ်။ အကြောင်းကြောင်းကြောင့် နောက်ဆုံးအသက်ကို ပေးဆပ်ခဲ့ရတဲ့အခြေထိ ရောက်ခဲ့ရပါတယ်။
    .
    ဦးကိုနီဟာ တိုင်းပြည်ကို ကောင်းမွန်စေချင်လွန်းတဲ့ ချစ်စိတ်အပြည့်ရှိတဲ့ ရဲဝံ့တဲ့သူရဲကောင်းတယောက်ဖြစ်တယ်လို့ ယုံကြည်မိပါတယ်။ ကွဲပြားမှုတွေကို ကြောက်စိတ်မုန်းတီးစိတ်တွေဟာ ဗုဒ္ဓဘာသာရဲ့မေတ္တာကို အခြေခံတဲ့ သွန်သင်ဆုံးမ မှုတွေနဲ့ မကိုက်ညီဘူးလို့လည်း မြင်မိပါတယ်။ လူထုအများစုက ဦးကိုနီကျဆုံးသွားတာကို ဝမ်းနည်းကြေကွဲမှုတွေ လှိုက်လှိုက်လှဲလှဲဖော်ပြကြတာ တွေ့ရ ကြားရတော့ ရင်နင့်နေတဲ့ကြားက အားတက်မိပါတယ်။
    .
    ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုအောက်မှာ ကျနော်တို့ချစ်မြတ်နိုးတဲ့ မြန်မာပြည်ရဲ့အနာဂတ်အတွက် ကွဲပြားမှု တွေကို ရဲဝံ့တည်ငြိမ်စွာနဲ့ အသိအမှတ်ပြုလက်ခံပြီး တိုင်းပြည်ရှေ့ရေးကောင်းမွန်လာစေဖို့ ခွဲခြားနှိမ့်ချရက်စက်မှုတွေ မရှိ အောင် တပ်မတော်နဲ့ လုံခြုံရေးမိသားစုအပါအဝင် ပြည်သူအားလုံးက တားဆီးဦးဆောင်သွားနိုင်ကြပါစေလို့ လေးနက်စွာ မျှော်လင့်ဆုတောင်းလိုက်ပါရစေ။
    .
    (ဒေါက်တာမြတ်ထူးရာဇတ်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်၏ မြေးတဦး ဖြစ်သည်)

    http://burma.irrawaddy.com/news/2017/01/31/129597.html