News @ M-Media

Category: M-Media Blog

  • ” မြန်မာ ဟာ မြန်မာပါဘဲ ကွယ်” (ကဗျာ)

    ” မြန်မာ ဟာ မြန်မာပါဘဲ ကွယ်” (ကဗျာ)

    စက်တင်ဘာ၊ ၃၀၊ ၂၀၁၂
    M-Media
    မုဒိတာဝေဖြာ

    * အခြေအနေအချိန်အခါမပေးလို့၊
    နေပါစေ အသာလေးဆိုပြီး
    ထွက်ပြေးမဲ့ အထဲ ဒို့မပါ။

    * အတိတ်ရိုင်းခဲ့သူတွေ မဟုတ်ခဲ့လို့၊
    အစိတ်အပိုင်းတစ်ခုလို ရှိခဲ့တာမို့၊
    ထုတိမင်္ဂလာ၊ ယ္ခုထိ မြန်မာဆို–မြန်မာဘဲ။

    * မညီညာ လို့တော့ မပြောလာပါနဲ့၊
      မတူတာ ဘာသာတစ်ခုကလွဲလို့၊
      ဒို့ကိုယ်ထဲကသွေးတွေက၊
      မြန်မာ မြန်မာလို့–ပွက်ပွက်ဆူ။

    * ဘိုးဘေးဘီဘင်လက်ထက်က၊
    သွေးစက်တွေက စကားမပြောလာဘူးဆိုတာ၊
    နှစ်ဘဝသာယာတာတွေ ပေးမယ်ဆိုတဲ့၊
    ယ္ခု ဘဝရဲ့ ဘာသာရေးတဲ့လား? ။

    * လောကီဓမ္မတာတွေကို မသိဟန်ဆောင်ပြီး၊
    လောဘ တဏာတွေ ဖုန်းနေသူတွေ ကိုဖြင့်၊
    မကွယ်မဝှက် တစ်ကယ် အပြတ် ပြောခြင်သပါ့၊
    ယ္ခု ထိ ဒို့တွေမှာ–
    မြန်မာဟာ–မြန်မာပါဘဲကွယ်။  ။

    မုဒိတာဝေဖြာ

  • ၁၈-ရက် စက်တင်ဘာ. (ကဗျာ)

    ၁၈-ရက် စက်တင်ဘာ. (ကဗျာ)

    စက်တင်ဘာ၊ ၁၈၊ ၂၀၁၂

    M-Media

    ဝိုင်း

    ဘယ်တော့မှ မမေ့ဘူး။

    ၄-တန်းကျောင်းသူအရွယ်

    နုနယ်တဲ့ နှလုံးသားမှာ

    တဒိုင်းဒိုင်းနဲ့ သေနတ်သံတွေ

    ဖုံးလွှမ်းရာကို သိသောနေ့ . . . ။

    ရှစ်လေးလုံးရဲ့

    နောက်ဆက်တွဲ အကျိုးဆက်အဖြစ်

    မိခင်နဲ့ဖခင်ရဲ့ ပြန်လာချိန်ကို

    စိုးရိမ်ကြီးစွာ စောင့်မျှော်ခဲ့ရတဲ့

    နုနယ်တဲ့ နှလုံးသားမှာ

    သောကများစွာ

    စတင် ဖုံးလွှမ်းသောနေ့.  . . . ။

    အိမ်ပေါ်ထိ စစ်ခြေနင်းတွေ စီးနင်းပြီး

    ရိုင်းစိုင်းတဲ့ အပြုအမူတွေကို

    မျက်ဝါးထင်ထင်မြင်တွေ့ရပြီး

    စစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေကို

    နာကျင်မှု စတင်ခဲ့သောနေ့.  . . . ။

    ၁၈-၉-၁၉၈၈ မှသည် ၁၈-၉-၂၀၁၂ သို့ . . .

  • အစ္စလာမ့် အေးရိပ်ဆာယာသို့ (၈)- ဆွစ်ဇလန်မှ မွတ်စလင်မ် မုန်းတီးရေး ဦးဆောင်ခဲ့သူ

    အစ္စလာမ့် အေးရိပ်ဆာယာသို့ (၈)- ဆွစ်ဇလန်မှ မွတ်စလင်မ် မုန်းတီးရေး ဦးဆောင်ခဲ့သူ

    သြဂုတ်၊ ၃၁၊ ၂၀၁၂

    M-Media

    Daniel Streich

    ကမ္ဘာတစ်ဝှမ်းတွင် ဂယက်ရိုက်မှုများစွာ ဖြစ်ပေါ်စေခဲ့သည့် ဆွစ်ဇလန်နိုင်ငံ မီနာရသ်ပိတ်ပင်ရေး လှုပ်ရှားမှုတွင် အဓိကဦးဆောင်သူ တစ်ဦးဖြစ်ခဲ့သော ဆွစ်ပြည်သူပါတီဝင် နိုင်ငံရေးသမား ဒီနီရယ်စထရစ်သည် (၂၀၀၅ )ခုနှစ် တွင် အစ္စလာမ့် အေးရိပ်ဆီ ကူးပြောင်းခဲံသည်ဟု သိရသည်။

    သူသည်ဆွစ်ဇလန်ရှိ ဗလီများကို သော့ခတ် ပိတ်ပင်နီုင်ရန်နှင့် မီနာရာပိတ်ပင်ရေး လူထုဆန္ဒခံယူနိုင်ရန် ပထမဆုံး ဦးဆောင်ကြိုးပမ်းခဲ့သူ တစ်ဦးဖြစ်သည်။

    ဒီနီရယ်၏ လူသိ ရှင်ကြား အစ္စလာမ်အေးရိပ် ကူးပြောင်းကြောင်း ကြေငြာခဲ့ခြင်းကြောင့် ဆွစ်နိုင်ငံရေး လောကတွင် သာမက မီနာရာပိတ်ပင်ရေး ကြိုးပမ်းမှုကိုပါ ငလျင်အသေးစား သဖွယ် ရိုက်ခတ်ခဲ့သည်။

    ဆွစ်ဇလန် နိုင်ငံ တစ်ဝှမ်း မွတ်စလင် မုန်းတီးရေးများကို မျိုးစေ့ချပြန်နှံစေခဲ့သူ ဒီနီရယ်သည် ယခုအခါ ဆွစ်ဇလန်နိုင်ငံ၏ ပဉ္စမမြောက် ဗလီ ဆောက်လုပ်နိုင်ရန် လုပ်ဆောင်နေပြီဖြစ်သည်။ သူသည်အစ္စလာမ်၏ ကြီးမြတ်သည့် အနှစ်သာရကို မြည်းစမ်း မိလိုက်သောအခါ မီနာရသ်ပိတ်ပင်ရေးကို ဥပဒေကြောင်းအရ လက်ခံနိုင်ဖွယ် ဖြစ်လာအောင် စွမ်းဆောင် ကြိုးပမ်းရမည့်အစား ဘာသာရေးဆိုင်ရာ သဘောထားကြီးမှု၊ ငြိမ်းချမ်းစွာ အတူရှင်တွဲ နေထိုင်ရေးတို့ကို လှုံဆော်သူ ဖြစ်လာခဲ့သည်။

    သူ၏အစ္စလာမ့် အေးရိပ်ခိုလာခြင်းနှင့် ပတ်သက်ပြီး ဆွစ် အခြေစိုက် လူမှု ကယ်ဆယ် ရေး အဖွဲ(OPI) အကြီးအကဲ အဗ္ဗူလ်မဂျစ်အလ်ဒအီက ဥရောပသားများသည် အစ္စလာမ် အပေါ် သိလိုစိတ်ပြင်းပြနေကြောင်း၊ ဒီနီရယ် ကဲ့သို့ သော သူအချို့သည် အစ္စလာမ်နှင့် အကြမ်းဖက် ၀ါဒ၏ ဆက်စပ် နေမှုကို လေ့လာသိရှိလိုကြကြောင်း ပြောပြသည်။

    ဒီနီရယ်သည် အစ္စလာမ်အား အခက်ကြုံသွား စေရန် ကြံစည်ခဲ့သ်ာလည်း အစ္စလာမ်အကြောင်း ကျမ်းမြတ် ကုရ်အာန်မှ လေ့လာလိုက်ခွင့်ရလိုက်ကာ အစ္စလာမ် အပေါ် နားလည် ကျင့်သုံးသူ တစ်ယောက်အဖြစ် ရောက်ရှိ ခဲ့သည်။

  • မြန်မာ့ ဂုဏ်သိက္ခာတံခါး ကျိုးပေါက်ခြင်း (ကဗျာ)

    မြန်မာ့ ဂုဏ်သိက္ခာတံခါး ကျိုးပေါက်ခြင်း (ကဗျာ)

    စိန်စံထိုက်

     

    ရှေးသရောအခါ        ပြည်မြန်မာသည်

    အတ္တဖယ်ထား       မေတ္တာများနှင့်

    မာနကိုရှောင်           အပြုံးဆောင်လျှက်

    လောကကိုချစ်         အလှစစ်ခဲ့ပါလေသည်။

    ကမ္ဘာမြေတလွှား       စံပြုကာလျှင်

    သူငါသွားလာ           မြေလွတ်ရာတွင်

    အာဂန္တုအား             ကရုဏာပွား၍

    ကြီးငယ်ဇရပ်            ဆောက်လှူခဲ့ကြပါလေသည်။

     

    နိဗ္ဗာန်ရည်ရော်          ကုသိုလ်မျှော်၍

    ရေတွင်းရေကန်         သောက်သုံးရန်အတွက်

    တူးကြဖေါ်ကြ            စုပေါင်းကြနှင့်

    လူမျိုးဘာသာ            မခွဲပါဘဲ

    ကောင်းမြတ်အကျိုး     သယ်ပိုးခဲ့ကြပါလေသည်။

    မြန်မာ့အလှ                 မေတ္တာမျှ၍

    ကျက်သရေမြင့်မား        စင်ကလေးများဖြင့်

    ရေအိုးကိုတည်(တယ်)   သောက်စေကွယ်လို့

    ၁၀ ပါး အကျိုး             မျှော်ကိုးခဲ့ကြပါလေသည်။

    အိမ်အနားကခွေး          ကိုယ်မမွေးလည်း (လဲ)

    ဟင်းစားပိုချက်             ကရုဏာသက်၍

    ခွေးစာခွက်ထား            ကျွေးခဲ့တာများ

    မှတ်မိရဲ့လား      အို      မြန်မာ…..။

    သတ္တ၀ါအား                ငဲ့ညှာသနားကာ

    အသက်ကိုရှောင်          ကုသိုလ်ဆောင်၍

    သမုဒ္ဒရာပမာ               ၀မ်းတစ်ထွာကို

    အသက်သတ်လွတ်        ရောင့်ရဲမှုနှင့်

    တစ်ချိန်တုန်းက    အို     မြန်မာ….။

     

    ခုချိန်ခုခါ                     ပြည်မြန်မာသည်

    အပြစ်မဲ့သား                ခရီးသွားကို

    လူအုပ်စုပြု                  ဗိုလ်ကျမှုနှင့်

    ဒုတ်ဓါးကိုင်စွဲ               မျိုးဖြုတ်ပွဲသို့

    ရက်စက်လှစွာ             သတ်ဖြတ်ခဲ့ကြပါလေသည်။

    ဆယ်ဦးသတ်ပွဲ              နောက်ဆက်တွဲက

    အတ္တကိုင်ဆွဲ                 မေတ္တာမွဲလို့

    လူထောင်သောင်းထက်   ဘ၀ပျက်၍

    အိုးအိမ်ဥစ္စာ              ပျောက်ရရှာသည်

    အကျည်းတန်ခဲ့             ရုပ်ဆိုးခဲ့ပေါ့ ပြည်မြန်မာ ။

    စိမ်းစိုချိုမြ                     တောတောင်အလှနှင့်

    ပြာလဲ့လဲ့အသွင်              ပင်လယ်ပြင်ကြောင့်

    ထယ်ဝါ၀င့်ကြွား              အနောက်တံခါးက

    ကျက်သရေဆောင်ထား    မေတ္တာများကြောင့်

    ကမ္ဘာလှည့်များ               ခိုဝင်နားခဲ့ကြပေသည်။

    ပစ္စုပ္ပန်အခါ                    ပြည်မြန်မာသည်

    အတ္တမာန်ကြီး              ဒေါသမီးနှင့်

    ရက်စက်စိတ်ကြမ်း          ကရုဏာခန်းသည်

    ကမ္ဘာ့ပြည်သား               မိတ်ဆွေများက

    ရွံရှာမုန်းတီး                   ကြောက်စိတ်ကြီး၍

    မြန်မာ့မြေအား                အစဉ်လေးစားတဲ့

    ဂုဏ်သိက္ခာတံခါး             ကျိုးပေါက်ခဲ့ရပါလေသည်။

  • အမှန်တရား ဆိုတာ (ကဗျာ)

    အမှန်တရား ဆိုတာ (ကဗျာ)

    စိန်ဌေးဟန်

    မေတ္တာတရားကို အယောင်ပြလို့မရိုးသား

    သစ္စာတရားကို အမှောင်ချဖို့ကြိုးစား

    အကွက်ချ အကောက်ကြံခြင်းကသာ

    အရှက်ရ နောက်ဆံတင်းရမှာ

    အမှန်တရားဆိုတာ ပင်ကိုယ်အားအကြီးဆုံးအရာ။

     

    အချိန်တန်တဲ့ အခါများမှာ

    ကလိမ်ကြံတဲ့ အရာများဟာ

    လက်သီး တစ်ချက်နဲ့တင်

    အသက် အပြီးထွက်ခဲ့ရင်

    အမှန်တရားဆိုတာ ပင်ကိုယ်လက်သံပြောင်တဲ့အရာ။

     

    သူ့ကို အချောင်နှိုက်သူများ အတွက်တော့

    တစ်မနက်စာ အရိုးအရွင်းပေါ့

    သူ့ကို ဗြောင်ကြိုက်သူများ အတွက်တော့

    တစ်သက်စာ မသိုးထမင်းပေါ့

    အမှန်တရားဆိုတာ တန်ဖိုး မဖြတ်နိုင်တဲ့အရာ။

     

    သူ့အလှကို မယှဉ်ပြိုင်ရဲလို့

    သူ့ဘ၀ကို အစဉ်ယိုင်လဲဖို့

    သတ်ဖြတ်ကြကာ အမြစ်မကျန် လှန်စဉ်မှာ

    မတ်တပ်ထကာ အသစ်တစ်ဖန် ပြန်ရှင်လာ

    အမှန်တရားဆိုတာ ဘယ်တော့မှ မသေတဲ့အရာ။  ။