News @ M-Media

Category: M-Media Blog

  • အစ္စလာမ့် အေးရိပ်ဆာယာသို့(၇)- အွန်လိုင်းပေါ်က သက်ဝင်မှု

    အစ္စလာမ့် အေးရိပ်ဆာယာသို့(၇)- အွန်လိုင်းပေါ်က သက်ဝင်မှု

    သြဂုတ်၊ ၂၃၊ ၂၀၁၂

    M-Media

    ဂျူလိုင်ရဲရင့်

    အွန်လိုင်းပေါ်က သက်ဝင်မှု(Embracing Islam In Cyberspace)

    A Colllection of Stories on Why  They Embrace Islam TMR  ( The Muslim Reader ) 2010 – 2011 , Singapore

    အွန်လိုင်းပေါ်က အစ္စလာမ့်သွေးစည်းမှုကို စတင်နှစ်သက်ခံစားမိရာမှ မုစ်လင်မ်သစ်လွင်ဖြစ်လာခဲ့သော အဖီယဟ် ကီကို ၀ါတာနာဘေး

         ဂျပန်နိုင်ငံ မြို့ငယ်လေးတစ်ခုကနေ ကြီးပြင်းလာသူဖြစ်လို့ အစ္စလာမ့်အကြောင်း ကျွန်မ ဘာမှ မသိခဲ့ပါဘူး။ ဂျပန်နိုင်ငံမှာ မုစ်လင်မ်လူဦးရေ လေးထောင်ကျော်ရှိနေပေမယ့် တကယ့်ကို လူနည်းစုလေးပါ (အများအားဖြင့် မုစ်လင်မ်သစ်လွင်တွေ ဖြစ်ကြပါတယ်)။ အစ္စလာမ်ကို ကျွန်မရှာဖွေတွေ့ရှိခြင်း နဲ့ ကျွန်မရဲ့အစ္စလာမ့်သက်ဝင်မှုဟာဖြင့် တမူထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။ အဲ့ဒီ ဟိဒါယဟ် (လမ်းညွှန်တရား)က စက်မှုနည်းပညာပစ္စည်းတစ်ခုဖြစ်တဲ့ ကွန်ပျူတာကနေတဆင့် ရောက်ရှိလာလို့ပါဘဲရှင်။

    သူလိုကိုယ်လို ပုံသေဘ၀မှသည် …..

    ဘယ်မုစ်လင်မ်တစ်ဦးတစ်ယောက်ကိုမှ ကောင်းကောင်းကန်းကန်း မတွေ့ဆုံဖူးပေမယ့် မုစ်လင်မ်တွေကိုကြည့်ပြီး အစ္စလာမ်ဆိုတာကို ကျွန်မ သိခဲ့ပါတယ်။ ဂရိမှာ ကျွန်မ သုံးနှစ်နီးနီး အလုပ်လုပ်ယင်း နေထိုင်ခဲ့ပါတယ်။ အဲ့ဒီမှာ ကျွန်မဘ၀က အဲ့ဒီက လူတွေအတိုင်း ပုံသေကားချပ်ဖြစ်လို့နေခဲ့တယ်။ ကျွန်မလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ညစဉ်ညတိုင်း သောက်စားလိုက် ကခုန်လိုက်နဲ့ ဘဲပေါ့။  ”  သက်တမ်းတိုတိုလေးထဲမှာ ပျော်သာပျော်  ” ဆိုတဲ့ အတွေးအခေါ်ကို လက်ကိုင်ပြုနေခဲ့တာလေ။

    နောက်ပိုင်းမှာကျတော့ ကံဆိုးမိုးမှောင်ကျပါလေရော။ ကျွန်မရည်းစား စီးပွားပျက်ပြီး မွဲတေသွားတယ်။ သူက ကျွန်မရဲ့ အကြွေးဝယ်ကဒ်ကိုယူသုံးယုံတင်မကသေးဘူး – ငွေချေးပေးဖို့တောင်းဆိုတဲ့အထိ ဖြစ်လာတယ်။ ကျွန်မတို့နှစ်ယောက်စလုံး ငွေခန်း သလောက်ဖြစ်လာတော့ ကျွန်မ သူ့ကို လုံးဝ မကူညီနိုင်တော့ဘူး။ သူမပြောပေမယ့် ကျွန်မသိတယ် – သူ အကြွေးပုံကြီးထဲ နစ်ဝင်နေပြီ ဆိုတာကိုလေ။

    မိခင်ကိုပြုစုဖို့ ပြည်တော်အပြန်

                   တစ်ချိန်တည်းမှာဘဲ ဂျပန်မှာရှိတဲ့ ကျွန်မမိခင်ဟာ ၀ဲဖက်ကျောက်ကပ်ကို အကြီးစားခွဲစိပ်ကုသမှုကိစ္စ ပေါ်လာခဲ့တယ်။

    မေမေဟာ ကျွန်မအပေါ်စိုးရိမ်စိတ်နဲ့ အမြဲမပြတ်ငိုကြွေးနေခဲ့တာသိရတော့ ကိုယ့်ကိုယ်ကို ပြစ်တင်လို့မဆုံးနိုင်တော့ပါဘူး။ အဲ့ဒါ  ကျွန်မကြောင့်ပေါ့ ……….။  ကျွန်မရဲ့အလုပ်အကိုင်နဲ့ ရည်းစားကိုစွန့်ခွါလို့ မွေူးရပ်မြေ မတ်ဆုယာမားမြို့ဆီ မိဘများနဲ့အတူနေဖို့ အပြေးပြန်ခဲ့ပါတယ်။ နှစ်လတိုင်တိုင် ကျွန်မဖေဖေအတွက် မနက်စာပြင်ဆင်ကူညီပေးခဲ့တယ် – ဆေးရုံမှာရှိတဲ့ မေ့မေ့ကိုပြုစုဖို့ မသွားသေးခင်အချိန်လေးမှာပေါ့။

    လေသံသဲ့သဲ့နဲ့ မေမေ့ ညည်းသံကို ကျွန်မလေ ခုထက်ထိ ကြားယောက်နေဆဲပါ။  ”  ကီကိုရယ်၊ မေမေ့ ခင်းနှီးတွေကို လဲလှယ်ပေးနေရလို့ သမီးလက်တွေ ပေကျံကုန်ပြီ၊ မေမေ စိတ်မကောင်းဘူးကွယ် ” တဲ့လေ။ ဆေးရုံထဲမှာ – မေမေ့ရှေ့မှာ ကျွန်မ မျက်ရည်တစ်စက်မှ မကျစေခဲ့ပါဘူး။ ဒါပေမယ့် နေ့စဉ်နဲ့အမျှ တစ်ကိုယ်တည်းရှိနေချိန်မှာတော့ မေမေ့ဖြစ်အင်အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်ယင်း ငိုကြွေးနေမိတယ်။ ဘုရားသခင်က ကျွန်မအပေါ် ဒုက္ခတွေရောက်စေ – ဖြစ်စေတာက ကျွန်မကို လမ်းမှန်ဆီ ရောက်သွားစေတဲ့အကြောင်း အဲ့ဒီတုန်းက ဘယ်နားလည်ပါ့မလဲ။ မေမေပြန်ကျန်းမာလာပြီး အိမ်ပြန်ရောက်တဲ့အခါ ကျွန်မလေ အကောင်းဆုံး ပြုစုနေထိုင်ခဲ့တယ်။ ကျွန်မအပေါ် ထာဝစဉ်အချစ်ပိုတဲ့မေမေက ကျွန်မကို ဂျပန်ပြင်ပမှာ  အလုပ်တစ်ခု ထပ်ရှာဖို့ အားပေးတိုက်တွန်းရှာပါတယ်။

    တိုကျိုမှာဘဲ အလုပ်ဝင်ပြီ

    လစဉ်လတိုင်း မိဘတွေကို ပြန်ကြည့်နိုင်ဖို့အတွက် တိုကျိုမြို့က ဂျပန်ဘောလုံးအသင်းမှာ အလုပ်တစ်ခု ဇောက်ချ လုပ်ကိုင်လိုက်ပါတယ်။ အဲ့ဒီကာလမှာဘဲ အင်တာနက် ချက်တင်လိုင်းကနေတစ်ဆင့် စင်္ကာပူက မုစ်လင်မ်တစ်ဦးနဲ့ ကျွန်မ သိကျွမ်းခဲ့ ပါတယ်။ မုစ်လင်မ်ဆိုတာ ဘယ်လိုမျိုးလဲ – ကျွန်မ မသိခဲ့တော့ သိချင်စိတ် ပြင်းပြလာခဲ့တယ်။ အစ္စလာမ်အကြောင်းဖော်ပြတဲ့ ဂျပန် ဘာသာ ၀က်ဘ်ဆိုဒ် တစ်ခုကို ရှာဖွေလေ့လာဖြစ်တယ်။ အဲ့ဒီဆိုဒ်ရဲ့ ပင်မစာမျက်နှာ  Home Page  ကို ဖန်တီးပုံဖော်ထားသူဟာ ကျွန်မတို့ဇာတိမြို့ငယ်က အိမာမ်တစ်ပါးဖြစ်နေလို့ အလွန်ဘဲ စိတ်ဝင်စားသွားရတယ်။ အဗူ မုဟ်ဒီ စုလိုင်မာန် ဟမနာကာ တဲ့လေ။

    အဲ့ဒီဆိုဒ်ထဲကအဖွဲ့ဝင်တွေနဲ့ ကျွန်မက စတင်ပြီး အပြန်အလှန် ဆက်သွယ်ပါတော့တယ်။ ဆိုဒ်ထဲမှာ ဆောင်းပါးတွေ၊ အစ္စလာမ်နဲ့ပတ်သက်တဲ့ မေးခွန်း/ပြသနာ နဲ့ သတင်းဖော်ပြချက်တွေ – အစုံပါဝင်နေပါတယ်။ အဗူ မုဟ်ဒီကိုယ်တိုင်လည်း ကမ္ဘာတစ်လွှားက ဂျပန်လူမျိုးမုစ်လင်မ်အမျိုးသားအမျိုးသမီးတွေနဲ့ အွန်လိုင်းပေါ်ကနေ ပြောဆိုဆွေးနွေးတယ်၊ မုစ်လင်မ်သစ်လွင် တွေရဲ့ မေးမြန်းမှုများကို ဖြေဆိုကူညီပေးလေ့ရှိတယ်လေ။ ဒီလိုလျှို့ဝှက်ဆက်သွယ်မှုနဲ့ မုစ်လင်မ်မိတ်ဆွေသစ် အများအပြား ရလာတယ်။ စအူဒီအာရေဗျ၊ အင်ဒိုနီးရှား၊ အီဂျစ်၊ ဆီးရီးယား၊ မလေးရှား၊ စင်္ကာပူ၊ ဂျပန်၊ အို – ကမ္ဘာအနှံ့က လူတွေဘဲ ဆိုပါတော့။ ချက်တင်ရွန်းမ်မှာ တွေ့ရတဲ့ ဒီမုစ်လင်မ်တွေဟာ ကျွန်မအပေါ် ဆွဲဆောင်နိုင်လွန်းလှပေတယ်။ သူတို့ဟာ အင်မတန် ယဉ်ကျေးသိမ်မွေ့ကြတယ်၊ နွေးထွေးမှုရှိတယ်၊ ပြီးတော့ ရိုးသားကြတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ကျွန်မတို့ဟာ တစ်ဦးကိုတစ်ဦး တစ်ကြိမ်တစ်ခါမျှ မမြင်မတွေ့ဖူးကြသည့်တိုင်အောင် အချင်းချင်း အထူးခင်မင်ရင်းနှီးသွားပါရောလား။

     

    ကွာလာလမ်ပူက သူငယ်ချင်း
    သူတို့ရဲ့အဖွဲ့ထဲမှာ ကျွန်မ စိတ်ချမ်းသာလိုက်တာရှင်။ ဂရိမှာ ဖြတ်သန်းခဲ့ရတဲ့ ဘ၀သာယာမှုနဲ့ ကွာလွန်းမက ကွာခြားလိုက်လေခြင်း။ အဲ့ဒီနောက် စင်္ကာပူကခေါ်တဲ့ အလုပ်တစ်ခု ကျွန်မ ရသွားတယ်။  မေမေကတော့ ကျွန်မအတွက် ၀မ်းသာလိုက်တာလွန်ပါလေရော။ အခုအချိန် ကျမှ ပြန်စဉ်းစားမိတယ် – အဲ့ဒါဟာ ကျွန်မအဖို့ အားလုံးအတွက် အခွင့်အလမ်းပွင့်သွားစေခဲ့တာလေ။ ကျွန်မ မုစ်လင်မ်တွေနဲ့သိကျွမ်းပြီး အစ္စလာမ်ကိုရှာဖွေနေခဲ့စဉ်က ကျွန်မဟာ မိဘတွေအပေါ် အပြစ်ပြု မိနေသလိုမျိုး ခံစားနေခဲ့ရတယ်။ နောက်ဆုံးမှာ ကျွန်မအနေနဲ့ မုစ်လိမဟ် ( အစ္စလာမ်သာသနာဝင် အမျိုးသမီး ) ဖက်လှည့်သွားရေးအတွက် အလ္လာဟ်အရှင်မြတ် ( SWT ) ရဲ့ အစီအမံတစ်ရပ်ဘဲလို့ ဆိုရမှာပါ။ စင်္ကာပူကနေမပြန်ခင် နှစ်လအလိုမှာတော့ ယှဟာဒဟ်ကို ကြေငြာဖို့ ကျွန်မ အရံသင့် ဖြစ်သွားခဲ့ပါပြီ။

    ဒီလိုခြေစုံပစ်ဝင်ရောက်လာရတဲ့ အဓိကအကြောင်းရင်းကတော့ ကျွန်မရဲ့အပြစ်အားလုံး ခွင့်လွှတ်ခံရရေးအတွက်ဖြစ်ပါတယ်။ ဒါ့ပြင် အစ္စလာမ်က ကျွန်မကို သိက္ခာရှိတဲ့အမျိုးသမီး ဖြစ်လာစေ တာလည်း ပါတာပေါ့။ အစ္စလာမ်မှာက ကျွန်မ သိချင်တဲံအရာတိုင်းအတွက် အဖြေ ရှိနေကြတယ်။ ကျင့်ကြံဖို့လည်း လွယ်ကူတယ်လေ။ ဒါကြောင့် ကျွန်မ လုပ်သင့်တဲ့အရာနဲ့ စတင်အပ်တဲ့အချိန်ကို ရွေးချယ်လိုက်ပါတယ်။ အလ္လာဟ်အရှင်မြတ် (SWT) က ကျွန်မရဲ့ ရည်ရွယ်ချက်တိုင်းကို သိရှိနေတော်မူလေတော့ ကျွန်မရဲ့လုပ်ဆောင်မှုမှန်သမျှ အလ္လာဟ့်အတွက် ဖြစ်ရပါတော့မယ်လေ။

    အထီးမကျန်တဲ့ လက်ဦး ရမ်ဒွါန်

    ကျွန်မ မုစ်လိမဟ် ဖြစ်ပြီး နှစ်လသမီးအရွယ်မှာ ပထမဆုံး ရမ်ဒွါန်ကို ကြုံကြိုက်ခဲ့ရတယ်။ အိမ်ထဲမှာ ကျွန်မ တစ်ယောက်တည်း ………   ဒါပေမယ့် ကျွန်မ ၀မ်းနည်းအားငယ်မှုကို မခံစားရဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မရဲ့ မုစ်လင်မ်သူငယ်ချင်းတွေအားလုံး အွန်လိုင်းမှာ ကျွန်မနဲ့အတူတူ ရှိနေကြလို့ပါဘဲ။ အစ္စလာမ့်သွေးစည်းမှုက နက်နဲတဲ့ခံစားချက်ကို ဖြစ်ထွန်းလာစေခဲ့ပါတယ်။

    ဒီလို အိခ်ဝါ (ညီနောင်ဖွဲ့ခြင်း)ရဲ့ အနှစ်ရသကို ရရှိစေတဲ့ အင်တာနက်ကိုလည်း ကျေးဇူးတင်မိပါတယ်။ အင်တာနက်ကနေတဆင့် ပထမဆုံး မုစ်လင်မ်မိတ်ဆွေတစ်ဦးကို ဆုံစည်းမိချိန် ကတည်းက ကျွန်မအပေါ် အလ္လာဟ့်ကရုဏာတော် သက်ရောက်လိုက်ပြီဆိုတာ ကျွန်မ သိရှိနားလည် သွားခဲ့ပါတယ်။ အခုဆိုယင် ကျွန်မဆီမှာ ဒုက္ခတစ်ခုခုကြုံလေတိုင်း အလ္လာဟ်အရှင်မြတ်ရဲ့ စမ်းသပ်ချက်တစ်ရပ်လို့ သိနေပြီလေ။ အဲ့ဒီဒုက္ခရဲ့အကျိုးဆက်က ဘာပဲဖြစ်ပါစေ ကျွန်မအတွက် အကောင်းဆုံးတစ်စုံတစ်ရာဖြစ်လာအောင် အလ္လာဟ်အရှင်က စီစဉ်ပေးတော်မူမှာပါ။ မုစ်လိမဟ် တစ်ဦးအဖြစ် ဘ၀ဆောက်တည်ခွင့်ရလို့ ကျွန်မ အလွန်တရာ ကြည်နှူးဝမ်းမြောက်မိပါတယ်။ ပြီးတော့ မုစ်လင်မ်မဟုတ်သူများအပေါ် ကျွန်မရဲ့ ရှာဖွေတွေ့ရှိချက်တွေကို

    ဝေမျှပေးနိုင်ဖို့လည်း မျှော်လင့်လျက်ပါဘဲရှင်။

     

     

    ပုံဖော်ရေးသားတင်ဆက်သူ

    Johari  Abdul  Aziz

    From –  TMR : Vol 19 , No.1 , Pg 28-29

               TMR :   Following  Faith ( 2010 – 2011 ), Pg 39

     


  • အစ္စလာမ့် အေးရိပ်ဆာယာသို့(၆)- မွန်ဂိုပြည့်ရှင် မာဟ်မွတ် ဂါဇန် (Mahmud Ghazan)

    အစ္စလာမ့် အေးရိပ်ဆာယာသို့(၆)- မွန်ဂိုပြည့်ရှင် မာဟ်မွတ် ဂါဇန် (Mahmud Ghazan)

    အနောက်တိုင်းသားများက ကာဆာနက်စ်ဟု ခေါ်သည့် မာဟ်မွတ်ဂါဇန်သည် ၁၂၉၅ မှ ၁၃၀၄ ထိကာလများအတွင်း ယခု အီရန်နိုင်ငံ တည်ရှိသော မွန်ဂို အစ်က်ခန္နိတ် အင်ပါယာ ၏ ခုနစ်ဆက်မြောက် ပြည့်ရှင် ဖြစ်သည်။
    ချင်ဂျစ်ခန်၏အဆက်အနွယ်ဖြစ်သော အင်ပါယာပြည့်ရှင် အာဂွန်၏ သားလည်းဖြစ်သည်။

    မွန်ဂိုအစ်က်ခန္နိတ်မင်းဆက်ရှိ အင်ပါယာပြည့်ရှင်များထဲတွင် အထင်ပေါ်ဆုံး အင်ပါယာပြည့်ရှင် အဖြစ်ထင်ရှားသည်။ သူ၏ အထင် ရှားဆုံး ဆောင်ရွက်ချက် တစ်ခုမှာ ၁၂၉၅ ခုနှစ် ၌ အင်ပါယာပြည့်ရှင် အဖြစ် ရောက်ရှိပြီးသည်တွင် နိုင်ငံရေး မူဝါဒများတွင်ပါ အစ္စလာမ်မစ် ကျင့်ထုံးများကို ပြောင်းလဲပြစ်ခဲ့ပြီး သူကိုယ်တိုင်လည်း အစ္စလာမ်ဘာသာဝင်ဖြစ်လာခဲ့ခြင်းပင်။

    ထိုပြောင်းလဲမှုကြောင့် အာရှ အလယ်ပိုင်း၌ အစ္စလာမ် သာသနာသည် သာ၍ လွှမ်းမိုးလာနိုင်ခဲ့သည်။

    ဂါဇန်၏ မိဖုရားခေါင်ကြီးမှာ ကူဗလိုင်ခန်က ပေးပို့ခဲ့သော မွန်ဂိုမင်းသမီး ကိုကီချင်ဖြစ်ပြီး ထိုမင်းသမီးကို မာကိုပိုလို၏ အစောင့်အရှောက်ဖြင့် မွန်ဂိုမြို့တော်မှ သည် အစ်က်ခန္နိတ် အင်ပါယာ တိုင်အောင် ဆောင်ယူလာခဲ့ခြင်း ဖြစ်သည်။

    ၁၂၉၅ခုနှစ်တွင် အစ်က်ခန္နိတ်၌ ဂါဇန်၏ တူတော်သူ ရုပ်သေးဘုရင် ဘေဒုအာဏာရလာခဲ့သည်။ ထိုဘုရင်ကအစ်က်ခန္နိတ် အင်ပါယာကြီးကို တက်ဟာချာ ခေါင်းဆောင်သည့် သူပုန်များအား မိမိတို့ ကြိုက်သလို ခွဲဝေအုပ်ချုပ်ရန် အခွင့်ပေးလေသည်။ ထိုကြောင့် ဂါဇန်က ဘေဒုအား စိန်ခေါ်ခဲ့ပြီး ၁၂၉၅ အောက်တိုဘာ ၅ တွင် ဘေဒုကို အဆုံးစီရင်ကာ အင်ပါယာပြည့်ရှင်ဖြစ်လာခဲ့သည်။

    ထိုသို့ ဂါဇန်အာဏာရလာအောင် စွမ်းဆောင်ခဲ့ရာ၌ ကျော်ကြားသော မွတ်စလင်ခေါင်းဆောင် နော်ရုဇ်ပါဝင်လေသည်။ နိုင်ငံရေးဆိုင်ရာ နောက်ခံ အကြောင်းများ ရှိသော်လည်း အဆုံးတွင်မူ ဂါဇန်သည် အစ္စလာမ် သာသနာဝင် ဖြစ်လာခဲ့သည်။ ထို့နောက်ဂါဇန်သည်မိမိအမည်ရှေ့၌ မာဟ်မူဒ်ဟု တပ်ခေါ်ကာ မိမိကိုယ်ကို မွတ်စလင်တစ်ယောက်အနေဖြင့် ကြေညာခဲ့သည်။

    မဟ်မွတ်ဂါဇန်သည် မိမိအင်ပါယာအတွင်း အခြားသာသနာများကို လေးစားထောက်ပံ့ခဲ့ပြီး မွန်ဂိုရိုးရာ ရှေးဟောင်းယဉ်ကျေးမှုကို မပပျောက်စေရန် အားပေးခဲ့သည်။ မွန်ဂိုတို့၏ ရှေးဟောင်း ကိုဓဥပဒေဖြစ်သည့် ယသ ဥပဒေကိုလည်း ဆက်လက်တည်တံ့စေခဲ့သည်။

    မာဟ်မွတ်ဂါဇန်သည် မွန်ဂိုအင်ပါယာပြည့်ရှင်များထဲ၌ ဥရောပသားများသာမက ခရစ်ယာန်ကရူးဆိတ်စစ်သွေးကြွများနှင့်ပါ နှစ်ပရိစ္စေဒကြာမြင့်စွာ မိတ်သင်္ဂဟဖွဲ့နိုင်ခဲ့သော ဘုရင်ဖြစ်သည်။ သူ၏လက်ထက်တွင် ပြင်သစ်နှင့်ပူးပေါင်းကာ ပြင်သစ်-မွန်ဂို မဟာမိတ်ဖွဲ့နိုင်ရန်လည်း ကြိုးစားခဲ့သည်။

    သူသည် ယဉ်ကျေးမှုထွန်းကားမြင့်မားရေးအတွက် အစွမ်းကုန်အားထုတ်ခဲ့သော မင်းတပါးအဖြစ်ထင်ရှားသည်။ မိမိကိုယ်တိုင်လည်း တရုတ် ၊ အာရေဗျ နှင့် လက်တင်ဘာသာစကားတို့အပြင် သူ၏ကိုယ်ပိုင် မွန်ဂိုဘာသာစကားတို့ကိုပါ ပြောဆိုနိုင်သည်။

    မာဟ်မွတ်ဂါဇန်သည် ၁၃၀၄ မေလ ၁၀ရက်တွင်ကွယ်လွန်ခဲ့သည်။

    http://en.wikipedia.org/wiki/Mahmud_Ghazan မှ ကောက်နှုတ်တင်ပြပါသည်။

  • ဝိညာဉ် သစ္စာ

    ဝိညာဉ် သစ္စာ

    Fair Judge

    တို့တိုင်း တို့ပြည် တို့မြေကြီး တွက်
    တို့ ဖေ တို့ဘိုး တို့အမျိုး တို့
    ရင်မြေ ကတုတ် ကျောတံတိုင်းလုပ်

    အသွေး အသား အသက်တို့ပေးလင့်။ တို့တိုင်းတို့ပြည်တို့မြေကြီး တွက်
    တို့ ဖေတို့ဘိုး တို့အမျိုး အမွေ
    တို့ သွေး တို့သား တို့ဝိညာဉ် ကို
    တို့ဆက်ခံသည် ရာဇဝင် တင့်။ အာဇာနည်သွေး လွတ်လပ်ရေး တွက်
    မတုန် မလှုပ်တောက်တောက် ကျစဉ်
    ၉ ပါး ဇာနည် သွေးတို့စစ်လည်း
    တို့အသွေးက ၂ ပါးမှာတည်။

    အရေးတော်ပုံ ပြည်တော် ခေါ်ဆင့်
    တို့ အ သွေး တို့အဆီ ပွက်ပွက်ဆူသည်
    တို့ဓားတွေထက် ဝိညာဉ်နှုတ်ခဲ့
    တို့သစ္စာ သည် ဝဠှာတည် ၏။

    တို့တိုင်း တို့ပြည် တို့မြေကြီးတွင်
    တို့သား တို့သမီး တို့မြေး မြစ်တို့
    ကမ္ဘာတည်သ၍ တို့အနွယ်တည်
    အသက်ထက်ဆုံး တို့နေထိုင်မည်။

    တို့ကို နှင်လို တို့ကို မောင်းသို့
    ဟိုသွားဒီနေ လာမပြောနှင့်
    တို့ကို နှင်ချင် ဆိုချင်လေက
    တို့လည်ချောင်းသွေး သောက်လေအရင်
    သို့ပင် ဖြစ်လည်း တို့ဝိညာဉ်တို့
    ဤမြေ ဤ ရေ ဤ အခြေမှ
    တစ်စက်ရွေ့ကာ သွေဖည်မည်ဟု
    အိပ်မက်၌ပင် ထည့်မမက်လင့်။

    အမိနိုင်ငံတော်ကြီး အတွက် စွန့်လွှတ်စွန့်စားခဲ့ကြသော မြန်မာမွတ်စလင်အာဇာနည် အပေါင်းနှင့် မျိုးဆက်သစ် မြန်မာမွတ်စလင် တို့အားရည်ညွှန်းဂုဏ်ပြုအပ်ပါသည်
    (Fair Judge ၈.၈.၂၀၁၂)

  • အစ္စလာမ့် အေးရိပ်ဆာယာသို့(၅)- သာတူညီမျှ မုစ်လင်မ်တို့ဘဝ

    အစ္စလာမ့် အေးရိပ်ဆာယာသို့(၅)- သာတူညီမျှ မုစ်လင်မ်တို့ဘဝ

    တန်းတူညီမျှစံနစ်ကို အပြင်းစားယုံကြည်ရာမှ အစ္စလာမ့်ဘောင်သို့ရောက်ရှိလာသော အဆင့်မြင့် မိုဘိုင်းလ်ပညာရှင် အမေရိကန်သူ ကာရိုးလ် စတုန်း – Carol Stone
    The Muslim Reader ( TMR )  နှင့်  Carol Stone ( CS ) ၏  တွေ့ဆုံမေးမြန်းချက်များ

    ဂျူလိုင်ရဲရင့်

    ( TMR )   အစ္စလာမ်နဲ့ပတ်သက်တဲ့ ခင်ဗျားရဲ့စဦးအတွေ့အကြုံရယ် ၊ ပြီးတော့ နောက်ပိုင်းမှာ အစ္စလာမ်ကိုလက်ခံလာပုံလေးရယ် ပြောပြစေချင်ပါတယ်။
    ( CS )    ကောလိပ်မှာတုန်းက ကျွန်မ အစ္စလာမ်အကြောင်းကို လေ့လာခွင့်ကြုံခဲ့တယ်။ ကျွန်မ အင်္ဂလိပ်စာပြနေတချိန်ကပေါ့။ ကျောင်းသားတစ်ဦးက ကျွန်မကို လက်ဆောင်အနေနဲ့ ကုရ်အာန်တစ်စုံကိုပေးခဲ့တယ်။ ကျွန်မက စာအုပ်စင်ပေါ် အသာတင်ထားလိုက်တာ လပေါင်းများစွာကြာတဲ့အထိပါဘဲ။ ဒီလိုနဲ့ တစ်ညနေခင်းတော့ ကျွန်မရဲ့ စိတ်ပညာဆိုင်ရာမှတ်စုတွေဖတ်အပြီးမှာ ကုရ်အာန်ကို ကောက်ကိုင်လိုက်မိတယ်။
    ခါတိုင်းဆို အဲ့ဒီအချိန်မှာ အိပ်ငိုက်နေပါပြီ။ ဒါပေမယ့် မုက္ခပါဌ်တော်တစ်ရပ်က ကျွန်မကို နိုးကြားသွားစေ ပါလေရော။ အဲ့ဒါက ….. ”  စင်စစ်ဧကန် ယဟူဒီများသည်လည်းကောင်း၊ ဆွာဘီများသည်လည်းကောင်း၊ ခရစ်ယာန် များသည်လည်းကောင်း အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့တော်ကိုယုံကြည်ပြီး ဖြောင့်မတ်ကောင်းမြတ်စွာ ကျင့်မူကြပါလျှင် ထိုကဲ့သို့သောသူတို့အဖို့ စိုးရိမ်ဖွယ်ရာမရှိ၊ ပူဆွေးစရာလည်း ရှိအံ့မည်မဟုတ်ချေ “ တဲ့။ အဲ့ဒါ စူရဟ် မာအိဒဟ်ထဲက အာယသ်အမှတ် ၆၉ – ၅း၆၉ ဖြစ်ပါတယ်။ အစ္စလာမ်က ခြယ်မှုန်းပြသထားတဲ့ ဘုရားသခင်ဟာ – ကျွန်မရဲ့ ကိုယ်ပိုင်အယူအဆနဲ့ တစ်ထပ်တည်း ဖြစ်နေပါလားဆိုပြီး အမြင်ပွင့်သွားခဲ့တယ်လေ။
    လယ်ကွင်းတွေထဲငြိမ်းချမ်းစွာ ဘ၀ကိုကျောင်းပြီး သစ္စာသမာဓိရှိတဲ့ ဂျူးတွေကို ဘုရားသခင်က ပြစ်ဒဏ်ခတ်ခြင်းဟာ မမျှတဘူးရယ်လို့ ကျွန်မ အမြဲတမ်းတွေးနေခဲ့မိတာပေါ့။ အဲ့ဒီအချက်က ကျွန်မကို ကုရ်အာန်ပိုပြီးဖတ်ဖြစ်အောင် တွန်းပို့ခဲ့တာပါ။ ဖတ်ရှုလေလေ ကျွန်မယုံကြည်ထားမှုနဲ့သဘောမျှနေတဲ့ အကြောင်းအရာတွေကို တွေ့လာရလေလေ ဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ ကျွန်မဟာ ကျောင်းမှာရှိတဲ့ မုစ်လင်မ် တစ်ဥိး တစ်ယောက်ကိုမှ လက်လွှတ်မခံဘဲ မေးမြန်းတယ်၊ ဆွေးနွေးတယ်၊ အပြန်အလှန်အချေအတင် ပြောဆိုကြည့်တယ်။ လ အနည်းငယ်အတွင်းမှာဘဲ ( ငါးလ၀န်းကျင်လောက် အကြာမှာ ထင်ပါတယ် ) အစ္စလာမ်က ကျွန်မအတွက်ဘဲဆိုပြီး သိသွားခဲ့ပါတယ်။

    ( TMR )   ကုရ်အာန်စာအုပ်ကို မရရှိခင်တုန်းက အစ္စလာမ်အကြောင်း တစ်စုံတစ်ရာ သိရှိခဲ့ပါသလား။
    ( CS )    အစ္စလာမ်အကြောင်းဆိုလို့ ဘာမှ မသိခဲ့ပါဘူးရှင်။ ကြားဖူးနားဝတောင် မရှိခဲ့ပါဘူးလို့ ဆိုရပါမယ်။
    တစ်စုံတစ်ယောက်က ကျွန်မကို မေးမြန်းလာယင်လည်း အဲ့ဒါဟာ အရှေ့ဖျားတိုင်းပြည်တွေမှာရှိတဲ့ ဘာသာရေး ယုံကြည်ချက်တစ်မျိုးလို့ ပြောမိပါလိမ့်မယ်။ ကျွန်မတို့ကျောင်းရဲ့ သင်ရိုးထဲမှာ အပိုင်းသုံးပိုင်းခွဲထားတယ် – ခရစ်ယာန်ဝါဒ၊ ဂျူးအယူဝါဒ နဲ့ အခြားဘာသာတရားများ ကဏ္ဍ ဆိုပြီးတော့ပေါ့။ နောက်ဆုံးအပိုင်းထဲမှာ ဗုဒ္ဒ၊ ဟိန္ဒူ နဲ့ အစ္စလာမ်ဘာသာတွေ ပါဝင်တယ်။ ဒါကြောင့်မို့လည်း အစ္စလာမ်ဆိုတာ အရှေ့ဖျားတိုင်းပြည်နိုင်ငံဆီက ဘာသာတရား တစ်ခုဖြစ်တယ်လို့သာ သိခဲ့ရတာလေ။

    ( TMR )   အစ္စလာမ်နဲ့ပတ်သက်ပြီး ခင်ဗျားရဲ့တွေ့ရှိချက်တွေကကို တစ်ယောက်ယောက်နဲ့ မျှဝေခံစားခဲ့တာမျိုးရှိခဲ့ဖူးပါသလား ၊ ရှိခဲ့ယင် သူတို့ရဲ့ လက်ငင်းတုန့်ပြန်မှုတွေက ဘယ်လိုပါလဲ။
    ( CS )    တကယ်တမ်းကျတော့ ကျွန်မက သီးသန့်ဆန်တဲ့လူတစ်ယောက်ပါ။ ကျွန်မရဲ့ယုံကြည်မှုကို သိုသိပ်ထားခဲ့ပါတယ်။ အကူးအပြောင်းလုပ်ပြီးတဲ့နောက် လူတွေကို ဒီအကြောင်းပြောပြတဲ့အခါမှာတော့ သူတို့တစ်တွေက စိတ်ဝင်တစားဆွေးနွေးကြပါတယ်။ ရန်ရှာမှုကို မကြုံရသလောက်ပါဘဲ။ ကျွန်မမိသားစုရဲ့တုန့်ပြန်မှုကသာ ကျွန်မကို စိတ်မချမ်းမြေ့စေခဲ့တာပါ။ ကျွန်မက ကိုယ်ဆုံးဖြတ်တာအမှန်လို့ အမြဲယူဆတတ်တဲ့လူစားမျိုးလေ။
    ဒီကိစ္စဖြစ်လာတာလောဘကြောင့်လည်းမဟုတ်၊ ငွေကြောင့်လည်း မဟုတ်ခဲ့ဘူး။ သူတို့ဘာကြောင့် လက်မခံနိုင်သလဲဆိုတာကို ကျွန်မ တော်တော်လေး နားမလည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။

    ( TMR )   အစ္စလာမ်ကိုလက်ခံပြီးနောက်မှာမှ ထူးထူးခြားခြား ခံစားမိတာမျိုးရှိပါသလား။ ငါ့ရဲ့ရွေးချယ်မှု မှန်မမှန်ဆိုတာမျိုးပေါ့လေ။
    ( CS )       အိုး – သိပ်ရှိတာပေါ့ရှင်။ ကျွန်မ အကူးအပြောင်းလုပ်ပြီး တစ်နှစ်လောက်အကြာမှာပေါ့။ အမျိုးသမီး Racket Ball ပြိုင်ပွဲကနေ ရပ်နားခံရတယ်။ ဆောင်းတွင်းကြီးဖြစ်လို့ ချမ်းစိမ့်လိုက်တာ လွန်ပါလေရော။ အဲ့ဒီအခါတုန်းက အိမ်အပြန် တစ်လမ်းလုံးငိုကြွေးယင်း လမ်းလျှောက်နေခဲ့မိတာကို အမှတ်ရပါတယ်။
    ကျွန်မရဲ့မိသားစုဝင်အားလုံးရော ကျွန်မရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေပါ ကျွန်မကို အရမ်းစိတ်ဆိုးနေခဲ့ကြ တယ်လေ။ ကျွန်မလည်း  –  အို၊ ဖန်ဆင်းရှင်။ ကျွန်မကို အစ္စလာမ်ဆိုတာကို သိသွားအောင် ဘာလို့ပြုတော်မူလိုက်တာလဲ လို့ မိမိဖာသာ ရေရွတ်မိပါတယ်။  ဘာကြောင့်လဲဆိုတော့ မသိနားမလည်တဲ့သူကို ပြစ်ဒဏ်မပေးဘူး  ဆိုတဲ့အာယသ်တော် တစ်ခုကို ကျွန်မသိထားလို့ဖြစ်ပါတယ်။ ဒါပေမယ့် ဘုရားသခင် ပေးကမ်းတော်မူတဲ့ အရာမှန်သမျှထဲမှာ ကောင်းမြတ်တဲ့ အကြောင်းရပ်တစ်ရပ်ရပ် ရှိကိုရှိတယ်၊ ပြီးတော့ အဲ့ဒီအရာနဲ့ ရှင်သန်နေထိုင်သွားရမယ်ဆိုတာကိုလည်း ကျွန်မ အသိဝင်ခဲ့ ပါတယ်။ အဲ့ဒီအချက်က ကျွန်မအဖို့ စိတ်ဖြေစရာ ရရှိစေပြီး ခိုင်မြဲသွားစေခဲ့တာပါ။

    ( TMR )   အစ္စလာမ်ကိုလက်ခံလိုက်တဲ့အခါ စွန့်လွှ့တ်လိုက်ရတဲ့ အရာတွေ ဒါမှမဟုတ် ပြင်ဆင်ညှိနှိုင်းရတဲ့ အရာတွေရှိခဲ့ပါသလား။
    ( CS )       ကျွန်မ အစ္စလာမ်ကို မကူးပြောင်းခင်ကတည်းက အစ္စလာမ့်နည်းကျအရာတွေ တော်တော်များများ ကျွန်မဆီမှာ ရှိနှင့်နေခဲ့ပါတယ်။ ကျွန်မက အရက်၊ ဆေးလိပ် မသောက်စားဘူး။ မူးယစ်ဆေးဝါး မသုံးဘူး။ အမြဲတစေ ချာ့ခ်ျဘုရားရှိခိုးကျောင်းတက်နေခဲ့သူဖြစ်တယ်။ ကျွန်မအဖို့ ပြောင်းလဲပြင်ဆင်လိုက်ရတာကတော့ ၀တ်စား ဆင်ယင်မှုပုံစံ တစ်ခုပါဘဲ။ အကူးအပြောင်းဖြစ်ကာစမှာ နေရောင်ခံဝတ်စုံ  Sun Dress ကို ၀တ်နေဖြစ်သေးတယ်။ နောက်ပိုင်းမှာတော့ အ၀တ်အစား ထူထူဝတ်ဆင်လာတယ်။ လက်မောင်းသားအနားစတွေ ခပ်ရှည်ရှည်ဖြစ်လာပါတယ်။ ဆံပင်ကိုဖုံးကွယ်ရတဲ့ကိစ္စကတော့ ကျွန်မအဖို့ အချိန်တော်တော်ယူခဲ့ရတယ်ရှင့်။

    ( TMR )   ခင်ဗျားရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုအတွက် လူတစ်ဦးဦးဆီက အကူအညီ ရယူခဲ့ပါသလား။
    ( CS )       မရှိသလောက်ပါဘဲရှင်။ ကိုယ့်ဖာသာ လုပ်ယူရတာပါ။ အုပ်စုဖွဲ့ဆွေးနွေးမှုတွေဖြစ်လာအောင် ကျွန်မစည်းရုံးတယ်။ အဖွဲ့ဝင်တွေကို ပံ့ပိုးမှုတွေလုပ်တယ်။ သူတို့ကိုကြည့်ယင်း စိတ်ဓါတ်ကျလိုက် ပြန်မြှင့်တင်လိုက် – ပြိုကွဲလိုက် ပြန်စုစည်းလိုက်နဲ့ပေါ့။ သူတို့ကို ကူညီဖို့အတွက် ကျွန်မကိုယ်တိုင်က မကြံ့ခိုင်လို့ ဘယ်ဖြစ်မလဲလေ။

    ( TMR )   စင်္ကာပူမှာဆိုယင် လူတစ်ဦးဟာ မုစ်လင်မ်သစ်လွင် ဖြစ်သွားတာနဲ့ အခြားသူတွေက သူ့ကို မလေးလူမျိုးဖြစ်သွားပြီလို့ ထင်မြင်တတ်ကြတယ်။ ခင်ဗျားအနေနဲ့ရော အလားတူအဖြစ်မျိုး ကြုံဖူးပါသလား။
    ( CS )       အဲ့ဒါ အသိနိမ့်ကျမှု သက်သက်ပါဘဲ။ တစ်ချို့ (မိရိုးဖလာ) မုစ်လင်မ်တွေက ရှင်တို့ကို ယဉ်ကျေးမှုနဲ့ဖိအားပေးနေတာပါ။ ရှင်တို့ (မုစ်လင်မ်သစ်လွင်)တွေဟာ ပတ်ဝန်းကျင်အသစ်မှာ အဆင်မပြေမှုတွေ ကြုံတွေ့နေရတဲ့ကြားက အဲ့ဒီဖိအားတွေကြောင့် ပိုပြီးတော့ မသက်မသာ ဖြစ်သွားရမှာ အမှန်ဘဲ။

    ( TMR )   အမေရိကမှာရှိနေတဲ့ မုစ်လင်မ်အများစုဟာ အာရပ်လူမျိုး နဲ့ အိန္ဒိယ-ပါကစ္စတန်အနွယ်ဝင်တွေလို့ ကျွန်တော်တို့သိထားပါတယ်။ ကျွန်တော်တို့ စင်္ကာပူမှာကြုံရတဲ့ မလေးယဉ်ကျေးမှုကိစ္စလို ”  အစ္စလာမ့်ယဉ်ကျေးမှု နဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု မကွဲပြားတဲ့ ပြသနာတွေ ”  ခင်ဗျားတို့ဆီမှာ တွေ့ရပါသလား။
    ( CS )       ကျွန်မတို့ဆီမှာ အဲ့ဒီလိုပြသနာတွေ များမှများပါဘဲရှင်။ မိမိရဲ့ယဉ်ကျေးမှုကသာလျှင် အဟုတ်အမှန် လို့ပြောပြီး သူတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုတွေအပေါ် ကိုယ်စီကိုယ်ငှ တစ်ယူသန် အစွဲကြီးနေလိုက်ကြတာလေ။ အမေရိကန်မုစ်လင်မ်တွေက သူတို့ကြားထဲ ညှပ်နေရတယ်။ ဒီတော့ ကျွန်မတို့ကလည်း ဟိုတစ်စ သည်တစ်စ ကောင်းနိုးရာရာကောက်နှုတ်လို့ ကျွန်မတို့နဲ့ အံဝင်ကိုက်ညီနိုင်တာကို ကြည့်ပြီး ပုံဖော်ကြရတာပါဘဲ။

    ( TMR )   ခင်ဗျားတွေ့လိုက်ရတဲ့ အစ္စလာမ်သာသနာရဲ့ပသာဒ တစ်ရပ်ရပ်ကို အသိပေးဝေမျှပေးချင်တာရှိယင် …….
    ( CS )       ဟုတ်ကဲ့။ ကုရ်အာန်အာယသ်တော် ၅း၆၉ က အစ္စလာမ်ဟာ ဘယ်လောက်ထူးခြားတယ်ဆိုတာ ကျွန်မကိုပထမဦးဆုံးအမြင်ပွင့်စေခဲ့တယ်။ ဘယ်သူက ဘယ်ဘာသာတရားကို ကိုးကွယ်ယုံကြည်နေပါစေ – အလ္လာဟ်အရှင်မြတ်က လူတိုင်းအပေါ် မေတ္တာထားတော်မူတယ် ဆိုတဲ့အကြောင်းပါဘဲ။ ခရစ်ယာန်အယူဝါဒမှာ ခရစ်ယာန် များသာလျှင် ကောင်းကင်ဘုံကိုသွားကြရပြီး ကျန်သူအားလုံးကတော့ ငရဲလားရမယ်လို့ ဆိုတယ်။ အစ္စလာမ်မှာကတော့ ဘယ်မုစ်လင်မ်ကိုမှ တစ်ဖက်သတ် ပ,စားပေးမထားတာမျိုး မရှိဘူး။ မုစ်လင်မ်ဖြစ်ပါတယ်ဆိုယုံနဲ့ ငရဲဘုံက ကင်းလွတ်သွားမယ်လို့ ဆိုမထားဘူးလေ။ အစ္စလာမ်ဟာ တရားမျှတမှုအပေါ် တကယ့်ကို အလေးအနက်ပြုထားပါတယ်။

    ( TMR )   ဒါဖြင့် အခြားသော မုစ်လင်မ်သစ်လွင်တွေကို တစ်စုံတစ်ရာလမ်းညွှန်မှု ပေးနိုင်ပါမလား။
    ( CS )       ‘  ငါဟာ နေ့စဉ်နေ့တိုင်း ခြေတစ်လှမ်းကို ရှေ့ဆက်တိုးသွားမယ် ”  ဆိုတဲ့ ကျွန်မရဲ့ကိုယ်ပိုင် ဒဿနကိုဘဲ ပြောနိုင်ပါတယ်။ နေ့တစ်နေ့ကုန်လွန်လေတိုင်း ကျွန်မ ပြန်လှည့်ကြည့် (ဆင်ခြင်) ပါတယ်။ မိမိကိုယ်ကို တိုးတက်မြင့်မားလာအောင် ဆောင်ရွက်ထားတာရှိမရှိ ကိုယ့်ကိုယ်ကို မေးမြန်းပါတယ်။ ကျွန်မကိုကျွန်မ တိုးတက်မြင့်မား လာတာကိုဘဲ တွေ့မြင်ချင်လို့ပါ။ နေ့စဉ် ဆွလာသ်ငါးကြိမ်ဝတ်ပြုရေး၊ ရမ်ဒွန်တစ်လလုံး ဥပုသ်သီတင်းဆောက်တည်ရေး ဆိုပြီး ကိုယ့်ကိုယ်ကို စည်းကမ်းချမှတ်ဖို့ အများကြီး လိုအပ်ပါသေးတယ်။ မိမိကိုယ်ကို ခက်ခဲမှုဆီ တွန်းမပို့လိုက်ပါနဲ့၊ ဒါပေမယ့် ရှေ့ဆက်နိုင်အောင် ကိုယ့်ဖာသာ ကြပ်မတ်ဖို့လိုအပ်ပါတယ်  လို့  မုစ်လင်မ် သစ်လွင်များကို ကျွန်မ အကြံပြုလိုက်ပါတယ်။ ကျန်တဲ့ကိစ္စတွေကတော့ အလ္လာဟ်အရှင်မြတ် (SWT) ရဲ့ အလိုတော်ပေါ့ရှင်။

    Interview Section

    A Colllection of Stories on Why  They Embrace Islam TMR  ( The Muslim Reader ) 2010 – 2011 , Singapore
    From –  TMR : Vol 7 , No.4 , Pg 24-25
    TMR :   Following  Faith ( 2010 – 2011 ), Pg 27-28

  • တရုတ်အမျိုးသား D T F Wong ရဲ့ အစ္စလာမ့်အေးရိပ်ဆာရာသို့ ခရီး

    တရုတ်အမျိုးသား D T F Wong ရဲ့ အစ္စလာမ့်အေးရိပ်ဆာရာသို့ ခရီး

    ကျနော် “အဗဒူ ဟက်”ပါ။ ကျနော် တရုတ်လူမျိုးဖြစ်ပြီး “ဘရူနိုင်း”နိုင်ငံမှာ မွေးဖွားခဲ့သူပါ။ အမည်ရင်းက “ဝေါင်”ဖြစ်ပြီး နဂိုက မိဘတွေအတိုင်း ခရစ်ယာန်ဘာသာ ကိုးကွယ်ခဲ့ပါတယ်။ အခုအသက် ၃၆-နှစ်ရှိပါပြီ။ ၁၉၇၇-ခုနှစ်မှာ “ဘရူနိုင်း”နိုင်ငံကနေ “အင်္ဂလန်”နိုင်ငံကို ပညာသင်ထွက်ခဲ့ပြီး “အင်္ဂလန်”နိုင်ငံမှာပဲ အခြေချခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ခရစ်ယာန်သာသနာပြုကျောင်းမှာ တက်ရောက်ခဲ့ပြီး “အင်္ဂလန်”နိုင်ငံရောက်တော့လည်း ကောလိပ်မတက်ခင် ခရစ်ယာန်အလွတ်တန်းကျောင်းတစ်ခုမှာ ၂-နှစ်တက်ရောက်ခဲ့ပါတယ်။ အသက် ၂၇-နှစ်အထိ ခရစ်ယာန်ဘာသာဝင်အဖြစ်ရှိခဲ့ပြီး အခုတော့ အစ္စလာမ်ဘာသာဝင်ဖြစ်လာတာ ၉-နှစ်တိုင်ခဲ့ပါပြီ။

    အသက် ၂၃-နှစ်လောက်ကစပြီး ဘာသာရေးကိုစိတ်ဝင်စားစပြုလာပြီး ဘုရားသခင်ဆိုတာကို ပိုမိုသိရှိလိုစိတ်တွေ ပေါပေါက်လာပါတယ်။ အိမ်ပြတင်းပေါက်ကနေ အပြင်ကိုကြည့်ပြီး ကောင်းကင်၊ သစ်ပင်၊ လူ စတာတွေကို ကြည့်ရင်း ဖန်ဆင်းခြင်းကိုစိတ်ဝင်စားလာပြီး ဖန်ဆင်းရှင် တည်ရှိကြောင်းအသိ ဖြစ်ပေါ်တိုးပွါးလာပါတယ်။ ကောလိပ်မှာ ဗိသုကာပညာရပ်သင်ကြားတဲ့အခါ အဆောက်အဦးဆိုတာ တစ်စုံတစ်ယောက်က ဒီဇိုင်းဆွဲ၊ ဆောက်လုပ်ရတာဆိုသလို နေ့နဲ့ည ပြောင်းလဲခြင်း၊ ခန္တာကိုယ်ဖြစ်တည်နေမှု စတာတွေဟာ ဖန်ဆင်းရှင်ရှိလို့ဆိုတာကို လေးလေးနက်နက် ယုံကြည်လာခဲ့ပါတယ်။

    “ဘရူနိုင်း”နိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့မယ့် အစ္စလာမ်သာသနာအကြောင်း မလေ့လာဖြစ်၊ မသိရှိဖြစ်ခဲ့ပါဘူး။ “ဘရူနိုင်း”နိုင်ငံမှာ အစ္စလာမ်ဘာသာဝင်မဟုတ်သူများအတွက် အစ္စလာမ်သာသနာ ပညာရေး သင်ခန်းစာ ကင်းလွတ်ခွင့်ရှိပါတယ်။ တစ်နေ့မှာ အစ္စလာမ်ဘာသာရေးရာ စာအုပ်ဆိုင်တစ်ဆိုင်အနား ဖြတ်လျှောက်အသွား ဘာရယ်မဟုတ် ဝင်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီမှာ “ကုရ်အာန်ကျမ်းမြတ်”ကို တွေ့ရှိပြီး ဝယ်ယူဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ “ကုရ်အာန်ကျမ်းမြတ်”ရဲ့ ညွှန်ကြားပြသမှုတွေ၊ သင်ကြားရှင်းလင်းမှုတွေက အချိန်အတော်ကြာ ကျနော် ခံစားယုံကြည်နေတဲ့ ဖန်ဆင်းရှင်အသိ မှန်ကန်ကြောင်းအပြင် ခရစ်ယာန်ဘာသာရဲ့ယုံကြည်မှုနဲ့ သမ္မာကျမ်းစာတို့ကို ထပ်လောင်းလင်းဝင်းပြမှုတွေကို ပထမဆုံးအကြိမ် သိရှိလိုက်ရပါတော့တယ်။

    ဒီလိုနဲ့ ရှာဖွေလေ့လာဖတ်ရှုရင်း တဖြည်းဖြည်း  အစ္စလာမ်သာသနာဘောင်တွင်း ဝင်ရောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။  အစ္စလာမ်သာသနာဟာ အလွန်ရိုးရှင်းပြီး သန့်စင်တဲ့ သာသနာပါ။ မိဘတွေကိုဖွင့်ပြောလိုက်တဲ့အခါ အမေက သူ့ရဲ့ အကိုတော်တဲ့ ခရစ်ယာန်ဘုန်းကြီးနှစ်ယောက်ကို ဆက်သွယ်ပြီး ခရစ်ယာန်ဘာသာ မှန်ကန်ကြောင်း ဟောပြောပြန်ဆွယ်ပါတယ်။ သို့သော်လည်း ကျနော့်ကို သူတို့ပြန်ဆွယ်လို့မရခဲ့ပါဘူး အစ္စလာမ်သာသနာရဲ့ အဆုံးအမတွေ ဆက်လက်လေ့လာဖတ်ရှုရင်း ကျနော့်ယုံကြည်ချက်က ပိုမိုခိုင်မာလာပါတယ်။

    ဒီနေ့လို လူတွေတီထွင်တဲ့ ဥပဒေသတွေ၊ မတရားမှုတွေနဲ့ လွှမ်းမိုးနေတဲ့ ခေတ်ကြီးမှာ ဖန်ဆင်းရှင်ရဲ့ သင်ကြားမှုဆီ ပြန်လှည့်ဖို့ရာ အချိန်တန်ပါပြီ။ ကျနော် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တယ်ဆိုတာ ကျနော် အသိဆုံးပါ။

    လင်းယုန်နက် (ခြင်္သေ့မြို့တော်)

    ကိုးကား

    http://wechooseislam.wordpress.com/2010/03/27/guidance-to-the-truth-by-abdulhaqq-dtf-wong-china/, http://islam100.wordpress.com/2009/01/24/guidance-to-the-truth-by-abdulhaqq-dtf-wong-china/