News @ M-Media

Category: ပြည်တွင်း

  • တန်ဖိုးနည်းအိမ်ယာများ နိုင်ငံတစ်ဝှမ်းတွင် တည်ဆောက်မည်

    တန်ဖိုးနည်းအိမ်ယာများ နိုင်ငံတစ်ဝှမ်းတွင် တည်ဆောက်မည်

    ဇွန် ၈၊ ၂၀၁၆
    M-Media

    housing

    – နိုင်ငံတစ်ဝှမ်းတွင် တန်ဖိုးနည်းအိမ်ယာပေါင်း ၁၈၀၀၀၀ ကို ဆောက်လုပ်သွားမည်ဟု ယမန်နေ့က နေပြည်တော်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ကြေငြာခဲ့သည်။

    မြို့ပြအိမ်ယာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းသိန်းက ကြေငြာခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကမူ အဆိုပါ တန်ဖိုးနည်းအိမ်ယာဆောက်လုပ်ရေးလုပ်ငန်းကို နေပြည်တော်တွင် စတင်နေပြီး ရန်ကုန်တိုင်းဒေသကြီးတွင်မူ မိုးရာသီအကုန် စက်တင်ဘာလတွင် စတင်မည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ဟာ ပထမဆုံး ရန်ကုန်မှာ ရေမြောင်းတွေနဲ့ ကားလမ်းတွေ ဆောက်လုပ်ရေးကို အာရုံစိုက်သွားမှာပါ။ အဲဒီ တန်ဖိုးနည်းအိမ်ယာတွေမှာ ကလေးကစားကွင်းတွေ၊ ကားပါကင်တွေနဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်နိုင်မယ့် အများပြည်သူသုံး ဧရိယာတွေ ပါဝင်မှာဖြစ်ပါတယ်” ဟု ဦးဝင်းခိုင်က ဆိုသည်။

    ရန်ကုန်တိုင်းဒေသကြီးတွင် ပြုလုပ်မည့် အဆိုပါစီမံကိန်းများအတွက် တင်ဒါခေါ်ယူမှုများကိုလည်း သတင်းစာများတွင် ကြေငြာသွားမည်ဖြစ်ပြီး၊ တန်ဖိုးနည်းအိမ်ယာဆောက်လုပ်မည့် ဧရိယာကို ၂၃၂ ဧက သတ်မှတ်ထားသည်ဟုလည်း ၀န်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

    “စီမံကိန်းတွေကို ဒဂုံမြို့သစ်နဲ့ လှိုင်သာယာ မြို့နယ်တွေလို နေရာမျိုးမှာ ပြုလုပ်သွားမှာပါ။ အိမ်ယာဆောက်လုပ်ဖို့အတွက် မြေနေရာရှာရာမှာ အခက်အခဲတွေ ရှိပါတယ်”

    အဆိုပါ အိမ်ယာများအတွက် ကုန်ကျစားရိတ်အနည်းဆုံးဖြစ်အောင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဖြစ်သည်။

    Ref: mmtimes

  • အလ်နီညို ဇွန်လအထိ ဆက်ရှိပြီး၊ စက်တင်ဘာတွင် လာနီညာလာမည်

    အလ်နီညို ဇွန်လအထိ ဆက်ရှိပြီး၊ စက်တင်ဘာတွင် လာနီညာလာမည်

    မေ ၁၅၊ ၂၀၁၆
    M-Media

    hil

    – မြန်မာနိုင်ငံတစ်ဝှမ်းတွင် ကြုံတွေ့နေရသည့် အလ်နီညိုရာသီဥတုမှာ လက်ရှိအချိန်တွင် အားနည်းသွားသော်လည်း ဇွန်လအထိ သက်ရောက်မှုဆက်ရှိနေမည်ဟု မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒဌာနမှ ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

    အလ်နီညိုကြာင့် နိုင်ငံတစ်ဝှမ်း အပူချိန်မြင့်မားမှုများကို ခံစားခဲ့ရပြီး နိုင်ငံအထက်ပိုင်းတွင် မိုးရွာသွန်းမှုများ၊ လေပြင်းတိုက်ခက်မှုများ ဖြစ်ပွားခဲ့သည်။ မိုးလေ၀သနှင့် ဇလဗေဒဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးကမူ မေလ ဒုတိယသီတင်းပတ်အတွင်း မြန်မာနိုင်ငံတောင်ပိုင်း၌ မိုးရာသီ ရောက်ရှိတော့မည်ဟု ဆိုသည်။

    “အလ်နီညိုရဲ့ ရိုတ်ခတ်မှုကြောင့် ပုံမှန်မဟုတ်တဲ့ ရာသီဥတုအခြေအနေတွေကို ဆက်လက် ခံစားနေရဆဲပါပဲ။ ဒါပေမယ့် ပြင်းအားကတော့ လျော့သွားပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်းမှာ မိုင်းသက်မုန်တိုင်း၊ လေပြင်းတိုက်ခတ်မှုနဲ့ မိုးသီးကြွေမှုတွေကို ဧပြီလအတွင်းမှာ ခံစားခဲ့ရပါတယ်။ အောက်ပိုင်းမှာတော့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ကြုံတွေ့ခဲ့ရပေမယ့် မိုးတော့ မရွာခဲ့ပါဘူး” ဟု ဦးကျော်လွင်ဦးက ပြောကြားခဲ့သည်။

    ဧပြီ ၂၉-၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော နိုင်ငံတစ်ဝှမ်း လေပြင်းတိုက်ခတ်မှုများကြောင့် လူ ၅ ဦး သေဆုံးခဲ့ပြီး ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် စေတီပုထိုးများ ပျက်ဆီးခဲ့သည်။ မိုးလေ၀သနှင့် ဇလဗေဒဌာနကမူ ထိုအခြေအနေမျိုးကို မေလတွင် ထပ်မံကြုံတွေ့ရနိုင်သည်ဟု သတိပေးထားသည်။

    ထို့ပြင် စက်တင်ဘာမှစတင်ကာ လာနီညာ ရာသီဥတုကို ရင်ဆိုင်ရနိုင်သည်ဟု ဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ဆိုသည်။

    “လာနီညာကတော့ အလ်နီညိုနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး အေးကာ စိုထိုင်းတဲ့ ရာသီဥတုကို ခံစားရပါလိမ့်မယ်။ ဆောင်းတွင်းမှာ သာမန်ထက်ပိုအေးပြီး အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ မိုးကြီးပါမယ်” ဟု ဦးကျာ်မိုးဦးက ပြောကြားခဲ့ပြီး စက်တင်ဘာလတွင် လာနီညာဒဏ်ကို ၄၀ မှ ၅၀ ရာခိုင်နှုန်းကြား ခံစားရနိုင်ပြီး ယခုနှစ်အဆုံးပိုင်းတွင် ၇၀ ရာခိုင်နှုန်းအထိ ခံစားရမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: mmtimes

  • အစ္စလာမ့်ရေးရာ ဘာသာပြန်ဆောင်းပါးတွင် မှားယွင်းမှုများအတွက် The Voice Daily မှ ပြင်ဆင်ချက်ထည့်ပေးခဲ့ပြီး၊ သက်ဆိုင်သူများကိုလည်း တောင်းပန်ခဲ့

    အစ္စလာမ့်ရေးရာ ဘာသာပြန်ဆောင်းပါးတွင် မှားယွင်းမှုများအတွက် The Voice Daily မှ ပြင်ဆင်ချက်ထည့်ပေးခဲ့ပြီး၊ သက်ဆိုင်သူများကိုလည်း တောင်းပန်ခဲ့

    ဒီဇင်ဘာ ၉၊ ၂၀၁၅
    M-Media

    FB_IMG_1449629430145

    – ဒီဇင်ဘာ ၆ ရက်နေ့ထုတ် The Voice Daily တွင် ဖော်ပြထားသည့် “မိုဟာမက်နှင့် ပထမဆုံးကာလီဖိတ်များ” ဘာသာပြန်ဆောင်းပါးပါ သမိုင်းဆိုင်ရာမှားများ၊ အသုံးအနှုန်းမှားယွင်းမှုများ၊ ဘာသာပြန်အမှားများနှင့် ဓာတ်ပုံ မှားယွင်းသုံးစွဲထားမှုများအတွက် ပြင်ဆင်ချက်နှင့် ထိခိုက်သူအားလုံးအား တောင်းပန်မှုကို ဒီဇင်ဘာ ၉ ရက်နေ့ (ယနေ့) ထုတ် The Voice Daily တွင် ထည့်သွင်းပေးခဲ့သည်ဟု သိရသည်။

    အဆိုပါ ဘာသာပြန်ဆောင်းပါးမှာ National Geographic အဖွဲ့မှ ထုတ်ဝေသည့် Essential Visual History of The World စာအုပ်တွင် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပါရှိခဲ့သည့် အကြောင်းအရာများကို မြန်မာဘာသာဖြင့် ပြန်ဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    သို့သော်လည်း ထိုပြန်ဆိုမှုတွင် အသုံးအနှုန်းမှားယွင်းမှုများနှင့် ဘာသာပြန်အမှားများစွာ ပါရှိခဲ့ပြီး အစ္စလာမ်ဘာသာကို စတင်ဟောကြားခဲ့သည့် တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) ၏ ပုံဟု ဆိုသော ဓာတ်ပုံတစ်ပုံကိုလည်း ထည့်သွင်းဖော်ပြခဲ့သည်။

    ထိုကဲ့သို့ အစ္စလာမ်ဘာသာဝင်များ၏ စိတ်နှလုံးတွင် ထိခိုက်စေသော အမှားများကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ထိုဘာသာပြန်ဆောင်းပါးအတွက် ပြင်ဆင်ချက်ထည့်ပေးရန် ဒီဇင်ဘာ ၈ ရက်နေ့ ရက်စွဲဖြင့် မေတ္တာရပ်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး အသုံးအနှုန်းနှင့် အချက်အလက် မှားယွင်းမှု ၁၄ ခုအတွက်လည်း အသုံးအနှုန်းအမှန်များကို ထုတ်ပြန်ပေးခဲ့သည်။ ထို့ပြင် အစ္စလာမ်သာသနာသမိုင်း၊ တမန်တော် မုဟမ္မဒ်သခင်၏ ထေရုပ္ပတ္တိနှင့် အခြားသော အထောက်အကူပြု စာအုပ်များကို The Voice အယ်ဒီတာအဖွဲ့သို့ ပေးပို့ခဲ့သည်။

    ယနေ့တွင် The Voice မှ ထုတ်ပြန်သော “အမှားပြင်ဆင်ချက်” ၌ ထိုကဲ့သို့ မှားယွင်းမှုများမှာ ဘာသာပြန်သူနှင့် ဘာသာပြန်မှုကို စီစစ်တည်းဖြတ်သော The Voice Daily သတင်းစာ Foreign Desk အဖွဲ့တို့၏ အာရဗီဘာသာစကားနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိခြင်း၊ အစ္စလာမ်ဘာသာရေး နားလည်တတ်ကျွမ်းသူများနှင့် တိုင်ပင်ကာ စနစ်တကျ စီစစ်တည်းဖြတ်မှု မရှိခဲ့ခြင်း၊ သမိုင်းရှုထောင့်မှ ရေးသားထားသော စာအုပ်ဖြစ်၍ သမိုင်းအမြင်ဖြင့် ဘာသာပြန်ရေးသားခဲ့ခြင်း တို့ကြောင့် ထိုကဲ့သို့ အမှားများ ပါဝင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

    ထို့ပြင် ထိုအမှားများမှာ နိုင်ငံတကာရေးရာ၊ ဘာသာပြန်ရေးရာ အစရှိသည်တို့ကို အဓိကတာဝန်ယူရရသည့် Foreign Desk တစ်ခုတည်း၏ ပေါ့ဆချွတ်ချော်မှုကြောင့်ဖြစ်သော အမှားများသာဖြစ်သည်ဟု ရိုးသားစွာ ၀န်ခံလိုပြီး “အခြား မည်သည့်ရည်ရွယ်ချက် တစ်စုံတစ်ရာ လုံးဝ(လုံးဝ) မရှိကြောင်း အထူးဖော်ပြလိုပါသည်” ဟုလည်း ထည့်သွင်း ဖော်ပြထားသည်။

    အသုံးအနှုန်းမှားယွင်းမှုများနှင့် ဘာသာပြန်လွဲချော်မှုများအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ထုတ်ပြန်ပေးခဲ့သည့် ပြင်ဆင်ချက်ကို ထည့်သွင်းပေးခဲ့ပြီး မုဟမ္မဒ်သခင်၏ ဓာတ်ပုံဖော်ပြထားမှုအတွက်လည်း “ယင်းဆောင်းပါးတွင် ပါရှိသော မိုဟာမက် ဟု ဖော်ပြထားသည့် ရုပ်ပုံမှာ မုဟမ္မဒ်၏ ရုပ်ပုံ လုံးဝ(လုံးဝ) မဟုတ်ကြောင်း၊ မုဟမ္မဒ်၏ ပုံတူပန်းချီ လုံးဝမရှိကြောင်း” ပြန်လည်ပြင်ဆင်ပေးခဲ့သည်။

    ထို့ပြင် အဆိုပါ ဘာသာပြန်ဆောင်းပါး၏ ရိုးသားစွာ လွဲချော်မှားယွင်းမှုများအတွက် “သက်ဆိုင်သူအားလုံးကို လေးလေးစားစား တောင်းပန်အပ်ပါကြောင်း မေတ္တာရှေ့ထား ဖော်ပြလိုပါသည်” ဟု ထည့်သွင်းတောင်းပန်ခဲ့သည်။

    ထိုကဲ့သို့ ရိုးသားစွာမှားယွင်းသည်ဟု ၀န်ခံကာ ပြင်ဆင်ချက်ထည့်ပေးခဲ့သည့် The Voice Daily သတင်းစာ၏ တာဝန်ယူခဲ့သော လုပ်ရပ်အတွက် အစ္စလာမ်ဘာသာဝင်များကလည်း ဆိုရှယ်မီဒီယာများမှတစ်ဆင့် ၀မ်းမြောက်ဝမ်းသာစွာ ကြိုဆိုလက်ခံခဲ့သည်။

    1
    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ထုတ်ပြန်ခဲ့သည့် အမှားပြင်ဆင်ချက်များ
    2
    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ထုတ်ပြန်ခဲ့သည့် အမှားပြင်ဆင်ချက်များ
  • မြန်မာနိုင်ငံအား နှစ်ရှည်ချေးငွေ ဒေါ်လာ သန်း ၈၀၀ ကျော်ထုတ်ပေးရန် ဂျပန် ကတိပြု

    မြန်မာနိုင်ငံအား နှစ်ရှည်ချေးငွေ ဒေါ်လာ သန်း ၈၀၀ ကျော်ထုတ်ပေးရန် ဂျပန် ကတိပြု

    ဇူလိုင် ၄၊ ၂၀၁၅
    M-Media

    japan

    – အလျင်အမြန်တိုးတက်လာသော မြန်မာနိုင်ငံအတွင်း အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီဖြစ်စေရန်အတွက် မြန်မာနိုင်ငံသို့ အတိုးနည်း နှစ်ရှည်ချေးငွေ ယန်း ၉၉.၈၅ ဘီလီယံ (ကန်ဒေါ်လာ ၈၁၂.၃၅ သန်း) ထုတ်ပေးသွားမည်ဟု ဂျပန်နိုင်ငံက ယနေ့တွင် ကတိပြုခဲ့သည်။

    မြန်မာသမ္မတ ဦးသိန်းစိန်အား တိုကျိုမြို့၌တွေ့ဆုံစဉ် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ယခုကဲ့သို့ ကတိပြုခဲ့ခြင်းဖြစ်သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

    အဆိုပါ ပမာဏထဲမှ ကန်ဒေါ်လာ ၃၃၄.၅၀ သန်းမှာ မြန်မာနိုင်ငံ၏ ဓာတ်အားဖြန့်ဖြူးမှု ကွန်ယက် ဖွံ့ဖြိုးရေးအတွက်ဖြစ်ပြီး၊ ၂၇၅.၅၅ သန်းမှာ ထိုင်း၊ လာအို၊ ဗီယက်နမ်တို့နှင့် ကုန်လမ်းဖြင့် ဆက်နေသော အရှေ့-အနောက် ကုန်သွယ်ရေး ပူးပေါင်းလမ်းမကြီးမှ မြန်မာနိုင်ငံဘက်ခြမ်း တိုးတက်ရေးအတွက် ဖြစ်သည်ဟု ၀န်ကြီးဌာနက ဆိုသည်။

    ကျန်ရှိသည့် ကန်ဒေါ်လာ ၂၀၂.၃၀ သန်းမှာ ရန်ကုန်ရှိ မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှုစီမံကိန်းနှင့် ပတ်သက်မည်ဖြစ်သည်။

    သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံမှုအတွင်း အာဘေးက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည့် ဂျပန်ကုမ္ပဏီများနှင့်အတူ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုအခြေအနေ တိုးတက်ရေး ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

    မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေသော ဂျပန်ကုမ္ပဏီများမှာ ၂၀၁၂ ခုနှစ်တွင် ၅၆ ခုသာ ရှိရာမှ ၂၀၁၄ ခုနှစ်တွင် ၁၆၈ ခုအထိ တိုးလာခဲ့သည်ဟု ဂျပန်တာဝန်ရှိသူများက ဆိုသည်။

    မြန်မာနိုင်ငံမှာ မကြာသေးမီနှစ်များအတွက် စီးပွားရေးဖွံ့ဖြိုးမှု သိသိသာသာမြင့်လာခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ၈.၃ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

    သမ္မတဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့မှာ ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များ ပါင်းဆောင်ရွက်ရေးအတွက်လည်း အတည်ပြုခဲ့ကြသည်။

    Ref: Nikkei

  • တရုတ်ပိုင်နက်အတွင်း ဗုံးဆံထပ်ကျ၍ တိုက်ခိုက်မှုရပ်ရန် မြန်မာအား တရုတ်သတိပေး

    တရုတ်ပိုင်နက်အတွင်း ဗုံးဆံထပ်ကျ၍ တိုက်ခိုက်မှုရပ်ရန် မြန်မာအား တရုတ်သတိပေး

    ဧပြီ ၂၈၊ ၂၀၁၅
    M-Media

    kokang

    – ကိုးကန့်လက်နက်ကိုင်များအား လတ်တလောတိုခိုက်မှုအတွင်း တရုတ်ပိုင်နက်ထဲသို့ ဗုံးဆံများ ကျရောက်ပြီးနောက် တိုက်ခိုက်မှုများကို ရပ်တန့်ရန်အတွက် မြန်မာအစိုးရအား တရုတ်က ယနေ့တွင် ထပ်မံ တောင်းဆိုလိုကသ်ည်။

    ပြီးခဲ့သည့်လက သူပုန်များနှင့် မြန်မာစစ်တပ်တို့ တိုက်ခိုက်မှုအတွင်း မြန်မာစစ်တပ်မှ ပစ်လိုက်သည့် ဗုံးဆံများမှာ လမ်းကြောင်းလွဲကာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သို့ ကျရောက်ခဲ့ပြီး တရုတ်နိုင်ငံသား ၅ ဦး သေဆုံးခဲ့သောကြာင့် တရုတ်နိုင်ငံက ဒေါသထွက်ခဲ့သည်။

    “မကြာသေးခင်ကပဲ မြန်မာဘက်က ဗုံးဆံအချို့ တရုတ်နိုင်ငံထဲကို ကျရောက်ခဲ့ပြီး အဆောက်အဦး ပျက်ဆီးမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ သေဆုံး၊ ဒဏ်ရာရမှုတော့ မရှိပါဘူး” ဟု တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွန်လီက ဖြစ်ပွားသည့်ရက်အား အတိအကျ ဖော်ပြခြင်းမရှိဘဲ နေ့စဉ် သတင်းစာများသို့ ပြောကြားခဲ့သည်။

    “တရုတ်နိုင်ငံဟာ မြန်မာဘက်ကို ပြတ်သားတဲ့ တင်ပြမှုမျိုးတွေ ပြုလုပ်ပြီးပါပြီ။ ပြီးတော့ ဒါမျိုး နောက်ထပ်မဖြစ်ဖို့ ထိရောက်တဲ့ ဆောင်ရွက်မှုတွေကို စိတ်အားထက်သန်စွာ ပြုလုပ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ မြန်မာဘက်ကတော့ ဒါမျိုး နောက်ထပ်မဖြစ်ဖို့အတွက် သက်ဆိုင်ရာ အမှုထမ်းတွေကို ထိထိရောက်ရောက် ထိန်းချုပ်တာဆီးဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်” ဟု လီက ထပ်လောင်းပြောကြားခဲ့သည်။

    ထို့ပြင် တရုတ်သမ္မတ ဇီ ဂျင်ပင်းမှာ ယမန်နေ့က အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ သူရဦးရွှေမန်းနှင့် ဘေဂျင်းတွင် တွေ့ဆုံခဲ့ပြီး နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးအတွက် ထပ်မံ တိုက်တွန်းခဲ့သည်ဟုလည်း လီက ဆိုသည်။

    “နယ်စပ်ဒေသကို ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ သက်ဆိုင်ရာအဖွဲ့တွေဟာ တတ်နိုင်သမျှ အခြေအနေကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်”

    မြန်မာအစိုးရတပ်များမှာ တရုတ်နိုင်ငံနယ်စပ်မှ မီတာ ၅၀၀ အကွာအဝေးတွင် ခြေကုပ်ယူထားသော သူပုန်များအား တိုက်ခိုက်နေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    Ref: Reuters