News @ M-Media

Category: Interview

  • ၂၀၁၇ တက္ကသိုလ်ဝင်တန်း ဘာသာစုံဂုဏ်ထူးရှင် မနှင်းဝတ်မှုံထွေး နှင့် တွေ့ဆုံခြင်း

    ၂၀၁၇ တက္ကသိုလ်ဝင်တန်း ဘာသာစုံဂုဏ်ထူးရှင် မနှင်းဝတ်မှုံထွေး နှင့် တွေ့ဆုံခြင်း

    ဇူလိုင် ၂၆ ၊ ၂၀၁၆
    M-Media
    ချမ်းငြိမ်းအေး တွေ့ဆုံမေးမြန်းသည်။

    ၂၀၁၆- ၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဂုဏ်ထူး (၆) ဘာသာ ဖြင့် အမှတ်ပေါင်း ၅၁၂ မှတ် ရရှိခဲ့တဲ့ ရန်ကုန်မြို့မှ မနှင်းဝတ်မှုံထွေးကို M-Media မှ တွေ့ဆုံမေးမြန်းထားပါတယ်။

    M_Media ။ ။မင်္ဂလာပါ ညီမလေး။
    HWMH ။ ။ ဟုတ် မင်္ဂလာပါ။

    M_Media ။ ။ညီမလေး ဆယ်တန်းမှာ ဒီလို ဂုဏ်ထူးတွေနဲ့ အောင်မြင်ဖို့အတွက် အရင်ကတည်းက ရည်ရွယ်ချက် ရှိပြီးတော့ ကြိုးစားခဲ့တာလား။

    HWMH ။ ။ အင်း ဟုတ်တယ် ၉ တန်းလောက်ကတည်းက ဒီလို ဖြစ်ရမယ် ငါ ဂုဏ်ထူးတွေနဲ့ အောင်ရမယ်ဆိုပြီး ကြိုးစားခဲ့တာ။ ဘာလို့လည်းတော့ မဟုတ်ဘူး။ ငါ ရမှာပါဆိုပြီး လုပ်ခဲ့တာပါ။

    M_Media ။ ။ကျောင်းစတက်တဲ့ နှစ်စမှာရော ညီမလေး စာတွေကို ဘယ်လိုကြိုးစားလေ့လာခဲ့လဲ။

    HWMH ။ ။ နှစ်စကတည်းက စာတွေကို သေသေချာချာ လေ့လာတယ်။ ဘယ်စာကိုမှ မလစ်ဟင်းအောင် လုပ်ခဲ့တယ်။ ဘယ်စာတွေကိုမှ မပယ်ဘူး။ အကုန်လုပ်တယ်။ အရမ်းကြီး သူများတွေလို timetable ကိုချမဆွဲထားဘူး။ ခေါင်းထဲမှာပဲ တစ်နေ့နေ့ ငါဘယ်လောက် ရနေပြီလဲ အဲ့ဒီလိုပဲ မှတ်ပြီး ပုံမှန်ကျက်တယ်။ ပုံမှန်စာကျက်ချိန်ဆိုပြီးတော့ အဲ့လိုမျိုးလည်း သိပ်ပြီးတော့ မရှိဘူး။ တစ်ပတ်ပြီးရင် ဒီတစ်ပတ်မှာ ငါဘာလိုနေလဲ။ ဒီဘာသာလိုလား အဲ့ဒီလိုတဲ့ဘာသာကို ပိုလုပ်လိုက်တယ်။ တစ်နေ့ကို ကိုယ်ပိုင်စာကျက်ချိန် (၄) နာရီတော့ ထားတယ်။ အဲ့အချိန်အတွင်းမှာ သေချာလုပ်တယ်။

    M_Media ။ ။ ကျောင်းတက်နေတဲ့ အချိန်မှာရော ဘယ်လို အခက်အခဲမျိုးတွေရော ရှိလဲ။

    HWMH ။ ။ အခက်အခဲကတော့ ကျူရှင်နဲ့ ကျောင်းပဲလေ။ ကျူရှင်နဲ့ ကျောင်းနဲ့ ကြားကဆိုတော့ ဒွိဟများတယ်လေ။ အဲ့တော့ ကျူရှင်က သင်တဲ့ဟာကိုပဲ ရွေးပြီး လုပ်ခဲ့တယ်။ အဲ့လို ကျူရှင်က သင်တာပဲ ကျူရှင်ကိုပဲ ရွေးပြီးလုပ်တော့ ကျောင်းမှာ အခက်အခဲတွေ ရှိတယ်။ ကျောင်းက စာမေးပွဲတွေမှာဆိုရင် အမှတ်တွေလျော့တယ်။ လုံးဝကို အရမ်းနည်းတဲ့ အခြေအနေတွေရှိတယ်။ အဲ့လို အခြေအနေတွေမှာဆိုရင်တော့ စိတ်ဓာတ်တော့ ကျတာပေါ့။ သွားပြီ ငါတော့ မရလောက်ဘူးပဲထင်တာ ဒါပေမယ့် ကျူရှင်မှာက အမှတ်တွေများတယ် ပုံမှန်ပဲဆိုတော့ အရမ်းတော့ ပြသာနာမဖြစ်ပါဘူး။ စာမေးပွဲကြီးကျတော့ အကုန်အဆင်ပြေသွားတယ်။

    M_Media ။ ။ ဒီလိုကာလတစ်လျှောက်မှာရော အရမ်းစိတ်ဓာတ်ကျတဲ့အချိန်တွေရှိလား။

    HWMH ။ ။ ရှိတယ်။ ကျောင်းမှာ ပထမဆုံး စာမေးပွဲ ဖြေတဲ့အချိန်မှာ အမှတ်က အရမ်းနည်းတယ်။ တော်တော်နည်းတော့ အဲ့အချိန်မှာ တော်တော် စိတ်ဓာတ်ကျခဲ့တယ်။

    M_Media ။ ။ အဲ့လိုအခါမှာ ဒီအခက်အခဲတွေကို ဘယ်လို ကျော်လွှားခဲ့လဲ။
    HWMH ။ ။ အဲ့ဒီအခါမှာ ကျူရှင်ကို ပြန်ကြည့်တော့ ကျုရှင်မှာ အမှတ်တွေက ကောင်းနေတယ်။ ကျောင်းက အမှတ်တွေပဲ စုတ်ပြတ်သတ်နေတာ။ တဖြည်းဖြည်းနဲ့တော့ အဆင်ပြေသွားတယ်။ ဒီလိုနဲ့ပဲ ကိုယ့်ကိုကိုယ် အားတင်းထားရတာပေါ့။

    M_Media ။ ။ မိသားစုကရော ညီမလေးအပေါ်မှာ ဘယ်လိုအထောက်အပံ့တွေ ပေးလဲ။

    HWMH ။ ။ အရမ်းကြီး စာကျက်ရမယ် ဟိုဟာရရမယ် အဲ့ဒီလိုတွေ မရှိဘူး။ ရုပ်ရှင်ကြည့်နေရင်တောင် ကြည့်နေတယ်ဆိုပြီး တစ်ခါမှ မဆူပါဘူး။ ဘာလိုလို ဖြည့်ဆည်းပေးတယ်။ နားလည်မှုလည်း အပြည့်ပေးတယ်။ မိသားစုက အခုလို ဖိအားမပေးပဲ အေးဆေးပဲဆိုရင် ကျောင်းသူ ကျောင်းသားတွေအတွက် ပိုပြီးတော့ အဆင်ပြေနိုင်ပါတယ်။

     

    M_Media ။ ။ နောက်နှစ်မှာ (၁၀) တန်းဖြေမယ့် ညီငယ် ညီမငယ်တွေအတွက်ရော ဘာများပြောချင်လဲ။

    HWMH ။ ။ အဓိကကတော့ စပြီးတော့ စလုပ်ကတည်းက ဘာကိုမှ မပယ်ဘူးဆိုတဲ့စိတ်နဲ့လုပ်ပါလို့။ ပြီးတော့ နောက်ပိုင်းကျမှ နည်းနည်းမရတဲ့ အခန်းတွေကို မပယ်တာမျိုးတွေ လုပ်ပါ။ တကယ်တော့ စိတ်ဖိစီးမှု အရမ်းများနေရင် ဆယ်တန်းက အဆင်မပြေဘူး။ နည်းနည်းလေး ကိုယ့်ကိုကိုယ် နားလည်အောင်လုပ်ပါ။ ဘယ်အချိန်မှာ ငါဘာကျက်ရမယ်၊ ဘာလုပ်ရမယ်ဆိုတာကို သိရင် ရပါပြီ။

     

    M_Media ။ ။ညီမလေးအနေနဲ့ ရှေ့ဆက်ပြီးတော့ ဘာတွေဆက်လုပ်ဖို့ ရည်မှန်းထားလဲ။

    HWMH ။ ။ ဆရာဝန် လုပ်ဖို့ စဉ်းစားထားပါတယ်။ ငယ်ငယ်လေးကတည်းက အဲ့လို OG ဆရာဝန်ဖြစ်ချင်တာ။ ရုပ်ရှင်ကြည့်ရင်လည်း အဲ့လို OG အဲ့ဒီလို ကားတွေဆိုလည်း စိတ်ဝင်စားတယ်။ အကိုကလည်း ဆရာဝန်ဆိုတော့ သူ့ကိုလည်း အားကျတာတွေ ပါတယ်။ ဆရာဝန်ဖြစ်ချင်တယ်ဆိုတာကလည်း ကိုယ့်ကိုကိုယ် သေချာတယ်။ OG ဖြစ်သွားရင်လည်း တောဘက် အဲ့လိုနေရာမျိုးတွေမှာ သေချာလုပ်ပေးချင်တယ်။ ကိုယ့်မှာ level တစ်ခုတော့ ရှိလာမှာပဲလေ။ အဲ့ဒါနဲ့ ထိုက်တာတွေ လုပ်ချင်ပါတယ်။

  • “လှုံ့ဆော်တာနဲ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလို့ရတယ်”

    “လှုံ့ဆော်တာနဲ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလို့ရတယ်”

    တရားလွှတ်တော်ရှေ.နေ ဦးကြီးမြင့်။ (ဓာတ်ပုံ-Myanmar Now)

    ဆွေဝင်း/ Myanmar Now

    ရန်ကုန် (Myanmar Now)—ဦးကိုနီကိုလုပ်ကြံမှုနဲ့ ပတ်သက်သူတွေကို ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူများက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ တို့နဲ့ စွဲချက်တင်ဖို့ ပြင်ဆင်နေတယ် လို့ မကြာသေးမီပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အရေးမယူတာကို မီဒီယာကမေးရာမှာ ဒီဥပဒေနဲ့ အရေးမယူဘူးဆိုတာ မနှစ်နှောင်ပိုင်းကဖြစ်သွားတဲ့ ရခိုင်ပြည်နယ်မောင်တော ရဲကင်းစခန်းများဝင်ရောက်တိုက်ခိုက်တဲ့ကိစ္စ၊ ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲကိစ္စတွေမှာတောင် အကြမ်းဖက်မှုဥပဒေကို မသုံးခဲ့ကြောင်း၊ ဒါ့ကြောင့် လူတစ်ဦးတည်းသာသေဆုံးတဲ့ ဦးကိုနီကိစ္စကိုလည်း အကြမ်းဖက်မှုပုံစံနဲ့ မကိုင်တွယ်ရခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောခဲ့ပါတယ်။ ဦးကိုနီလုပ်ကြံမှုဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အကျုံးဝင်ပါသလား၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခဲ့မယ်ဆိုရင် ဘာတွေဖြစ်လာမလဲ၊ တရားရုံတင် စစ်ဆေးတဲ့အခါမှာရော အခုစွဲချက်တင်မယ့် ပုဒ်မတွေကို အပြောင်းအလဲဖြစ်သွားနိုင်မလားဆိုတာကို အသက် ၇၂ နှစ်အရွယ်ရှိ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကို Myanmar Now က သွားရောက်မေးမြန်းခဲ့ပါတယ်။ ဦးကြီးမြင့်ဟာ ၁၉၇၀ ခုနှစ်၊ ၁၉၇၄ ခုနှစ်၊ ၁၉၇၉ ခုနှစ်၊ ၁၉၈၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်တို့မှာ နိုင် ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံရခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပြီးတော့ ပြည်ထောင်စုရှေ့နေများနဲ့ ဥပဒေအထောက် အကူပြုအဖွဲ့မှာ ယာယီဥက္ကဌအဖြစ် ဆောင်ရွက်နေသူတဦးဖြစ်ပါတယ်။

    မေး။ ။ ဦးကိုနီအမှုမှာ လူသတ်မှုပုဒ်မ ၃၀၂ လို ရာဇ၀တ်မှုနဲ့ အရေးယူတယ်။ ဒါဟာလုံလောက်တဲ့ စွဲချက်တွေလို့ ဆရာထင်လား။

    ဖြေ။ ။ မမှန်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒီ ၃၀၂ ဆိုတာက သာမန်လူသတ်မှုပဲလေ။ ဒီ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေက ၂၀၁၄ ခုနှစ်ကျမှပေါ်တာ။ ဘာလို့ပေါ်ရလဲဆိုတော့ ရှိနေတဲ့ဥပဒေနဲ့ မလုံလောက် တော့ဘူး။ အကြမ်းဖက်တာကြီးက တအားကိုခေတ်မီလာပြီးတော့၊ အုပ်စုနဲ့ ဂိုဏ်းနဲ့ဖွဲ့လာပြီးတော့ အရမ်းကိုသူတို့ဘက်က ခေတ်မီ လူသတ်မှုတွေ ဖြစ်လာတဲ့အခါကျတော့ ဒီဥပဒေမျိုးနဲ့ ပြန်လည်တုံ့ပြန်မှရမယ်ဆိုပြီး ဒီဥပဒေကို လွှတ်တော်မှာတင် အတည်ပြုလိုက်တာ။ ကမ္ဘာ့စံချိန်မီဥပဒေအနေနဲ့ ပြဋ္ဌာန်းလိုက်ရတာ။ ဦးကိုနီအမှုကိုကြည့်မယ်ဆိုလို့ရှိရင် ခဲလုံးတစ်လုံးတည်းနဲ့ ပစ်မှတ် ၄၊ ၅ ခုလောက်ကို မှန်အောင်ပစ်တာ။ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူစလင်တွေ စိတ်ဝမ်းကွဲပြား အောင်၊ အခြေခံဥပဒေပြင်ဆင်ရေးကို ရှေ့မတိုးရဲအောင်၊ မလုပ်ရဲအောင်ပေါ့။ နောက်တခါ စစ်အာဏာရှင်သက်ဆိုးရှည်ရေး အတွက် အားထုတ်နေတဲ့ ခရိုနီတွေရဲ့လှုပ်ရှားမှုတွေက ရှေ့ထွက်လာတာ။ အဲ့ဒီလိုဂိုဏ်းနဲ့၊ အုပ်စုနဲ့လုပ်တဲ့ဟာတွေမှန်သမျှ သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တည့်တည့်ပဲ။ ဒီဥပဒေနဲ့အရေးယူမှုတွေ လုပ်ရမယ်။ သာမန် ၃၀၂ လောက်နဲ့မ ဟုတ်တော့ဘူး။ သာမန် ရည်းစားနဲ့မကျေနပ်လို့ ကပ်ကြေးနဲ့ထိုးသတ်သလို ရိုးရိုးမဟုတ်ဘူး။ ဒီကိစ္စက နိုင်ငံတော်နဲ့ပတ် သက်နေတဲ့ အကြမ်းဖက်မှုဖြစ်တယ်။ လေဆိပ်မှာဖြစ်တဲ့ကိစ္စ။ လေဆိပ်ဝန်ဆောင်မှုဖြစ်နေစဉ်ဆိုတာ ဘာကိုအဓိပ္ပါယ်ခေါ် သလဲဆိုတာ ပါလာတယ်။ လေယာဉ်ပေါ်က ဆင်းလာပြီး ၂၄ နာရီကာလအတွင်းကို လေယာဉ် ၀န်ဆောင်မှုကာလလို့ခေါ် တယ်။ အဲ့ဒီကာလမှာဖြစ်တာတွေက သေဒဏ်ပဲ။ အထူးသဖြင့် လေဆိပ်မှာဖြစ်တာကိုလည်း အကျုံးဝင်စေတယ်။

    မေး။ ။ အကြမ်းဖက်မှုဥပဒေမှာကော အတိအကျဘယ်လိုတွေ အဓိပ္ဗါယ်ဖွင့်ဆိုထားလဲ။

    ဖြေ။ ။ ဥပဒေမှာ အဓိပ္ပါယ်ဖွင့်ထားတာက အကြမ်းဖက်မှုဆိုသည်မှာ အကြမ်းဖက်မှုတခု ခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဥပဒေနှင့်မညီပဲ တနည်းနည်းဖြင့် ကျူးလွန်သူ၊ သို့မဟုတ် ကျူးလွန်ရန်အား ထုတ်သူကိုသော်လည်းကောင်း၊ အကြမ်းဖက်မှုတွင် ကြံရာပါအဖြစ်ပါဝင်သူ သို့မဟုတ် အကြမ်းဖက်မှုကျူးလွန်ရန် အခြား သူများအား ညွှန်ကြားသူ သို့မဟုတ် စည်းရုံး သိမ်းသွင်းသူကိုသော်လည်းကောင်း၊ အကြမ်းဖက်မှုကျူးလွန်နိုင်ရန် ရည်ရွယ် ချက်ဖြင့် ပါဝင်ထောက်ပံ့သူကိုသော်လည်းကောင်း ဆိုလိုတယ်။ အကြမ်းဖက်သမားဆိုသည်မှာ၊ အကြမ်းဖက်အုပ်စုဆိုသည် မှာ အကြမ်းဖက်မှုတခုခု ကျူးလွန်ရန် အချိန်ကာလတစ်ခုခုယူ၍ ဖွဲ့စည်းထားသည့် လူ ၂ ဦးနှင့် အထက်ပါသော အသင်းအ ဖွဲ့ကို ဆိုသည်။ ယင်းစကားရပ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အရ လည်းကောင်း၊ ဗဟိုအဖွဲ့က ပြည် ထောင်စုအစိုးရ၏ အတည်ပြုချက်ဖြင့်လည်းကောင်း ကြေညာထားသည့် အကြမ်းဖက်အုပ်စုသည် ပါဝင်သည်။ နောက်တခါ လှုံ့ဆော်မှုဆိုသည်မှာ အကြမ်းဖက်မှုတခုခုကို ကျူးလွန်ရန်အတွက် လှုံဆော်ရန် ရည်ရွယ်ချက်ဖြင့် သတင်းစကား သို့မ ဟုတ် သတင်းစကားအချက်အလက်ကို သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ဖြန့် ဝေခြင်း၊ အားပေးအားမြှောက်ပြုခြင်း၊ သို့မဟုတ် အခြားတနည်းနည်းဖြင့် ကြားမြင်သိရှိခြင်းကို ဆိုသည်။

    မေး။ ။ ရဲတပ်ဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရဆိုရင် ပြည်ခိုင်ဖြိုးလွှတ်တော်အမတ် ယခင်ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးကြီးဟောင်း လင်းဇော်ထွန်းဟာ အောင်ဝင်းခိုင်၊ ဇေယျာဖြိုးတို့နဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီး ဦးကိုနီကိစ္စမကျေမနပ်ပြောခဲ့တယ်။ ဒီလိုပြောပြီး အပြန်မှာ အောင်ဝင်းခိုင်နဲ့ ဇေယျာဖြိုးက ကားပေါ်မှာစကားပြောရင်း ဦးကိုနီကိုသတ်ဖို့ စတင်ဆွေးနွေးခဲ့တယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က အမှုဖြစ်ပြီး သူ့ကိုခေါ်ယူစစ်ဆေးတဲ့အခါမှာလည်း ဒီကိစ္စမှာသူမပါဘူးဆိုပြီး သတင်းထုတ်ပြန်ထားတယ်။ ဦးလင်းဇော်ထွန်းကိုယ်တိုင်လည်း သူဦးကိုနီကိစ္စ အောင်ဝင်းခိုင်တို့၊ ဇေယျာဖြိုးတို့နဲ့ စကားပြောဖူးတာသာရှိတယ်၊ သတ်မယ့်ကိစ္စသူမသိ၊ သူမပါဘူးဆိုပြီး သတင်းမီဒီယာတွေကို ပြောနေတယ်။ ဆိုတော့ ဦးလင်းဇော်ထွန်းရဲ့ အခြေအနေကို ဥပဒေကြောင်းအရဘယ်လိုမြင်လဲ။

    ဖြေ။ ။ သူက လှုံ့ဆော်မှုထဲမှာပါတယ်။ သတင်းအချက်အလက်ကို သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ၊ တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဒီလိုကျူးလွန်ဖို့ ဖြန့်ဝေခြင်း၊ အားပေးအားမြှောက်ပြုခြင်း၊ သို့မဟုတ် အခြားတနည်းနည်းဖြင့် ကြားမြင်သိရှိစေခြင်းဆိုတာပါ။

    မေး။ ။ ဒါပေမယ့် တိုက်ဆိုင်တာရော မဖြစ်နိုင်ဘူးလား။ ဦးကိုနီကိစ္စ စကားပြောမိတယ်။ သူစကားပြောပြီးအပြန်မှ ဟိုနှစ်ယောက်က သူတို့ဘာသာသူတို့ ဦးကိုနီကိုသတ်ဖို့ကြံတယ်။ နောက်သူလုံးဝမသိ၊ မမျှော်လင့်ပဲနဲ့ အခုလိုလုပ်ကြံမှုဖြစ်သွားတယ်။ ဒါမျိုး မဖြစ်နိုင်ဘူးလား။

    ဖြေ။ ။ မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်တယ်ဆိုတဲ့ဟာကို ဥပဒေက အဲ့ဒီလိုပြောလို့မရဘူး။ ဥပဒေမှာက ရှင်းရှင်းလေးပဲ။ အဲ့ဒီကိစ္စမဖြစ် ခင် ဒီစကားတွေပြောခဲ့တယ်။ ပြီးတော့အဲ့ဒီကိစ္စဖြစ်သွားတယ်။ ဒါပဲ။ အဲ့ဒီတော့ ဥပဒေက ဒီစကားရပ်တွေနဲ့ သိလို့ဖြစ်စေ၊ မသိလို့ဖြစ်စေ အားပေးအားမြှောက်ပြုရာရောက်တယ်။

    မေး။ ။ ဒါဆိုရင် ဒီအကြမ်းဖက်ဥပဒေနဲ့အရေးမယူဘဲ ရာဇ၀တ်မှုနဲ့ပဲ အရေးယူတာဟာ အာဏာပိုင်တွေက တမင်သက်သက် နဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာလား။

    ဖြေ။ ။ ဒီကိစ္စကြီးက ကျယ်ပြန့်သွားပြီးတော့ အများကြီး ဒီမှာပါလာနိုင်တယ်။ နောက်တစ်ခါ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့သာစွဲမယ်ဆိုရင် ဘယ်သူမှ သေဒဏ်ကနေမလွတ်ဘူး။ အခုဒီမှာက ကြည်လင်းက သေဒဏ်ကျပြီး ကျန်တဲ့သူတွေက တစ်သက်တစ်ကျွန်းတို့၊ ၁၀ နှစ်တို့ ဘာတို့နဲ့ ကျသွားပြီး ပြီးသွားတာမျိုး ဖြစ်နိုင်တယ်။ အဲ့ဒီလမ်းကြောင်းကြီးကို ခင်းထားတယ်။

    မေး။ ။ စွဲချက်တင်တာတော့ ရဲတပ်ဖွဲ့ကနေ စွဲချက်တင်တာပေါ့။ တရားရုံးမှာရော ပြောင်းလို့မရဘူးလား။ ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်ကိုကြည့်ပြီးတော့ ဒီပုဒ်မတွေ ပြောင်းလိုက်တာမျိုးပေါ့။

    ဖြေ။ ။ ဒါက ဥပဒေ၀န်ထမ်းမှာ တာဝန်ရှိတယ်။ နိုင်ငံတော်ကို ကိုယ်စားပြုမယ့် ဥပဒေ၀န်ထမ်းက သတ္တိရှိမယ်၊ ဥပဒေကို ကျွမ်းကျင်မယ်၊ တိုင်းပြည်အပေါ်မှာ စေတနာထားမယ်ဆိုရင် ရဲတပ်ဖွဲ့ကဘယ်လိုပဲတင်တင်၊ ဥပဒေ၀န်ထမ်းက ဒီကိစ္စဟာ ဒီဥပဒေနဲ့မဟုတ်ဘူး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူရမယ့်ကိစ္စ၊ ပြန်စစ်ပြီး သူက အမှုကိုတည်ဆောက်လို့ ရတယ်။ ဥပဒေ၀န်ထမ်းက ဒီနေရာမှာ အချက်ပဲ။

    မေး။ ။ အခုရော အဲ့ဒီလိုတည်ဆောက်မယ်လို့ရော ယုံကြည်လား။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ ဆရာလဲသိတာပဲ။ တရားရေးအဖွဲ့နဲ့ အားပြိုင်လို့ရှိရင်ပေါ့။

    ဖြေ။ ။ ဒီဟာမှာ ရှေ့နေချုပ်ကို (အစိုးရက) ခန့်ထားတာပဲ။ ကိုယ်ခန့်ထားတဲ့သူက ဥပဒေကိုမစောင့်ရှောက်ဘူးဆိုလို့ရှိရင် လက်ရှိအစိုးရကိုပဲ အပြစ်တင်ရတော့မှာပဲ။ ရှေ့နေချုပ်တို့၊ ရန်ကုန်တိုင်းဥပဒေချုပ်တို့က ကိုယ်ခန့်ထားတဲ့သူတွေ။ ရဲတပ်ဖွဲ့က ဘာပဲတင် တင် သူတို့က ထိန်းကျောင်းပေးပြီး လုပ်လို့ရတဲ့သူတွေ။ သူတို့ပျော့လို့၊ ညံ့လို့၊ ကြောက်လို့မလုပ်တာကတော့ သူတို့တာဝန် ပဲလေ။ ဒီအစိုးရတာဝန်ပဲ။

    မေး။ ။ အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်တရာတော်တစ်ပါးဖြစ်တဲ့ ဦးဝီရသူဟာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးထားတာက ဦးကိုနီကိုသတ်တဲ့သူတွေကို ကျေးဇူးတင်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိပါးချင်သူတွေကို သတိပေးတယ်ဆိုတဲ့အပေါ် ဆရာ့အနေနဲ့ဘယ်လိုယူဆလဲ။ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက မကြာသေးခင်က သတင်းစာရှင်းလင်းပွဲအစမှာ အမုန်းစကားတွေ ရပ်သင့်ကြပြီလို့ပြောခဲ့တယ်၊ ဒါပေမယ့် အခုချိန်ထိ ဒါ မျိုးကို အရေးယူတာမျိုးတွေ တခါမှမရှိသေးဘူး။

    ဖြေ။ ။ သူက နောက်ထပ်အလားတူအမှုမျိုး ထပ်ကျူးလွန်အောင် လှုံ့ဆော်လိုက်တာလေ။ လူသတ်မှုကဖြစ်ပြီးသွားလို့ အရေးယူလို့မရတော့ဘူးဆိုတာမှမဟုတ်တာ။ လှုံ့ဆော်တာနဲ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလို့ရတယ်။ ဒါပေမယ့် သူ့ကိုအရေးယူ မှုမရှိတာနဲ့ ပတ်သက်ရင်တော့ ကိုယ်လည်း ဗုဒ္ဓဘာသာဝင်တစ်ဦးဆိုတော့ ဘုန်းကြီးတစ်ပါးကို အရေးယူဖို့ ပြောဖို့ရာမှာတော့ ကွာ။ ဒါက နိုင်ငံတော်ရဲ့တာဝန်ပဲ။

  • “ဒီအခြေခံဥပဒေကို တပ်မတော်က ခွင့်မပြုရင် ဘယ်သူမှ ပြင်လို့မရဘူး”

    “ဒီအခြေခံဥပဒေကို တပ်မတော်က ခွင့်မပြုရင် ဘယ်သူမှ ပြင်လို့မရဘူး”

    အခြေခံဥပဒေကာကွယ်တဲ့ တပ်မတော်ကို မဘသခေါင်းဆောင်ပိုင်းက ထောက်ခံလိုက်ပါတယ်

    ပုံစာ – ၂ဝ၁၅ နှစ်ကုန်ပိုင်းက မော်လမြိုင်မြို့ မြစေတီပရိယတ္တိစာသင်တိုက်မှာ တွေ့ရတဲ့ မဘသ ဗဟိုအတွင်းရေးမှူး ဆရာတော် ဦးဝိမလဗုဒ္ဓိ (ဓာတ်ပုံ – ဖြိုးသီဟချို / Myanmar Now)

    ထက်ခေါင်လင်း/Myanmar Now

    ဦးကိုနီလိုမျိုး အခြေခံဥပဒေပြင်လိုသူတွေကို  မုန်းတီးသူ၊ သတ်ချင်သူတွေ အများအပြား ရှိတယ်လို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရဲ့ ထိပ်တန်းခေါင်းဆောင်   မွန်ပြည်နယ် မြစေတီဆရာတော် ဘဒ္ဒန္တ ဝိမလဗုဒ္ဓိက တနင်္လာနေ့မှာ သတိပေးလိုက်ပါတယ်။

    Myanmar Now သတင်းထောက် ထက်ခေါင်လင်းက ဆက်သွယ် မေးမြန်းရာမှာ  မဘသ ဗဟိုအဖွဲ့ အတွင်းရေးမှူး ဦးဝိမလဗုဒ္ဓိက ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်တဲ့ မဘသ အဖွဲ့ရဲ့ သဘောထား၊ တပ်မတော် အာဏာသိမ်းခြင်း၊  ဧည့်စာရင်း၊ အခြေခံဥပဒေ ပြင်ဆင်မှု မပြုရေး၊ အစိုးရသစ်ရဲ့ အုပ်ချုပ်ရေးတို့အကြောင်း မိန့်ကြားခဲ့ပါတယ်။ ဆက်သွယ်မေးမြန်းချက်ထဲကနေ ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

    မေး။     ။ ဦးဝီရသူရဲ့လူမူကွန်ရက်စာမျက်နှာမှာ ဦးကိုနီကိုသတ်လိုက်တဲ့ သူတွေကို ကျေးဇူးတင်တဲ့အကြောင်း ရေးသားထားတာနဲ့ ပတ်သက်လို့ သံဃာတော်တစ်ပါးနေနဲ့ ဒီလိုမျိုး ပြောရမလား ဆိုပြီးတော့ ဝေဖန်နေကြပါတယ်။ ဘုန်းဘုန်းအနေနဲ့ရော ဘယ်လိုများ သဘောရလဲဘုရား။

    ဖြေ။    ။    သူ့ရဲ့ ပုဂ္ဂလိက အာဘော်ပဲ။ မဘသ အနေနဲ့ပြောတာ မဟုတ်ဘူးလေ။     ဘုန်းကြီးတို့ကတော့ ဒါတွေကို ဘာမှ မဝေဖန်လိုဘူးပေါ့။ ကိုနီနဲ့ ပတ်သက်တဲ့လူတွေကတော့ ဘာပဲဖြစ်ဖြစ် အပြစ်မြင်မှာပဲလေ၊  မဟုတ်ဘူးလား၊  ဒီသဘောတော့ ရှိတာပေါ့။ ဒါပေမဲ့  ဘုန်းကြီးတို့က အားလုံးအတွက် ကြေညာစာတမ်း ထုတ်ထားပြီးပြီလေ၊ ကိုနီသေတာကိုလည်း ဒါဟာ သတ္တဝါတစ်ဦးသေသလို ဝမ်းနည်းတာပဲပေါ့။ အားလုံး သေနေကြတာပဲ မဟုတ်လား။ အသတ်ခံနေကြရတာပဲ မဟုတ်လား။   ဘုရားက မြွေဟောက်တစ်ကောင်ကို ကာလသားတွေ ဝိုင်းရိုက်တာကို ဘုရားက မကြိုက်လို့တားခဲ့တယ် ဆိုတဲ့ပုံစံလေ၊  ဖတ်ဖူးတယ် ဟုတ်။ မည်သူတစ်ဦးဦးကို သတ်တာကမှ ဘုန်းကြီးတို့ အဖွဲ့က မကြိုက်ဘူးလေ။ ဒါ သဘောထား ကြေညာချက် ထုတ်ပြန်ထားပြီးပြီပဲဟာ။ ဖတ်ရတယ်မဟုတ်လား။

    မေး။     ။ အခုက သူ့ရဲ့အာဘော်ဆိုပေမဲ့ သံဃာတော်တစ်ပါးအနေနဲ့ အဲဒီလိုမျိုး ပရိသတ်တွေကို အတည့်အလင်း ချပြဖို့သင့်မသင့် ဘယ်လိုမြင်လဲဘုရား။

    ဖြေ။     ။ အဲဒါတော့ ဘုန်းကြီးမပြောလိုဘူးလေ။ ဒါ သူ့ကိစ္စနဲ့သူပဲလေ။ သေတာလည်း သူ့ကိစ္စနဲ့သူပဲလေ။ အမှန်ကတော့၊  ဘုန်းကြီးတို့အမြင်ကတော့ ကိုနီကို မုန်းနေတာ အများကြီးဖြစ်နေတာကို။ သတ်ချင်တဲ့သူကလည်း အများကြီး ဖြစ်နေတာ။ ကရင်ပြည်နယ်က DKBA တပ် တစ်တပ်လုံးက သတ်ချင်နေတယ်လို့ ဘုန်းကြီးတို့က သိထားတယ်။ ကိုနီကိုချည်းပဲ မဟုတ်ဘူး၊ လုပ်နေတဲ့ လုပ်ငန်းက တိုင်းပြည်ချောက်ကျအောင် လုပ်နေတယ်လို့ မြင်တဲ့ပုဂ္ဂိုလ်အားလုံးက အဲဒီလုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို သတ်ချင်နေတာနော်၊ အဲဒါ သတိပေးလိုက်။

    မေး။     ။ တိုင်းပြည်ချောက်ကျအောင်ဆိုတော့ ဘယ်လိုလုပ်ငန်းမျိုးလဲဘုရား။

    ဖြေ။    ။    ယိုးဒယားကို ဒကာ အခုတလောမှာ ကြည့်လိုက်။ ယိုးဒယားမှာ ဒီမိုကရေစီဆိုတဲ့ သဘောမျိုးနဲ့ လုပ်နေပေမယ့်   ကမ္ဘာမှာ ယိုးဒယားက အာဏာသိမ်းတာ အများဆုံးပဲ၊   သိမ်းပြီးရင်လည်း မူဝါဒက  နဂိုအတိုင်းပဲ သွားနေတဲ့အခါကျတော့ အမေရိကန်က နုတ်ပိတ်ပြီးတော့ ဒီအတိုင်း မနေနေဘူးလား။ ဗမာပြည်က အာဏာ သိမ်းလိုက်တဲ့အခါကျတော့ အမေရိကန်က သူ့မူဝါဒအတိုင်းမလိုက်ဘဲနဲ့  ဦးနေဝင်းတို့ ဆိုရှယ်လစ်ဘက်ကို လုပ်လိုက်တဲ့အခါကျတော့ အမေရိကန်က ကလန်တယ်လေ။ အကယ်၍ ဦးနေဝင်းသာ  အမေရိကန်နဲ့ တည့်အောင်ပေါင်းနေမယ် တည့်နေတယ် ဆိုရင် ဒါဟာ သူတို့မြှောက်စားနေမှာပဲ။ ပါကစ္စတန်မှာလည်း အာဏာသိမ်းတဲ့ ဗိုလ်ချုပ်တွေကို သူ့မူဝါဒအတိုင်း လုပ်တဲ့အခါကျတော့  လက်တွဲပြီးတော့ ဆောင်ရွက်နေတယ်။  သူ့မူဝါဒအတိုင်းလုပ်မယ်ဆိုရင် ဘယ်သူသိမ်းသိမ်း သူကြိုက်တယ်။ ကနေ့ ယိုးဒယားရဲ့လွှတ်တော်မှာ မွတ်စလင်တွေ ရာနဲ့ချီပြီးတော့ ရောက်သွားပြီ၊  ကြားဖူးတယ်နော်။ အခု ယိုးဒယားက မက္ကာသွားတဲ့ ကုလားတွေကို အစိုးရရဲ့ခရီးစရိတ် ထုတ်ပေးရတဲ့အဖြစ် ရောက်သွားပြီ။ ပြီးတော့   ယိုးဒယားအခြေအနေမှာ ဓမ္မာကာယဂိုဏ်းဆိုတာ ဂိုဏ်းနှစ်ဂိုဏ်းထဲမှာ အဓိက ဂိုဏ်းကို အစိုးရက ဖြိုခွင်းနေတာရော ကြားလား။ ကြားတယ်မလား။ ဒီလိုစနေပြီပေါ့။ ဗမာပြည်မှာ အဲဒီအန္တရာယ်ကို ကာကွယ်ဖို့ရန်အတွက် ရှေးကတည်းက ဦးနေဝင်းတို့ လက်ထက်ကတည်းက ဘာသာခြားတွေကို ရာထူးကြီးကြီး မပေးခဲ့ဘူး။ ဗိုလ်မှူးချုပ်အေဘယ် တစ်ယောက်ပဲ အရည်အချင်းရှိလို့ နဂိုကတည်းက ဒီရာထူးနဲ့ပဲ နေတယ်။ ဒါပေမဲ့ အရေးပါတဲ့နေရာမှာ မထားဘဲနဲ့ နိုင်ငံခြားဘက်မှာပဲ ထားသွားတယ်။ နောက်ထပ် နောက်ထပ် ဘယ်သူမှ ဗိုလ်မှူးကြီး မဖြစ်လာရဘူး။   ကိုနီက ခြံစည်းရိုးဆိုတဲ့ဥပဒေကို တစ်ချောင်းခြင်းတစ်ချောင်းခြင်း ဖယ်ရှားနေတယ်။ တဖြည်းဖြည်း သူ့လူတွေကို ဝင်လာနိုင်အောင် လုပ်နေတယ်။ ဒါကို ဉာဏ်မျက်စိနဲ့မြင်အောင် ကြည့်တတ်ကြဖို့လိုတယ်။ ဒို့ဧည့်စာရင်းစစ်တဲ့ဟာကို ပထမဆုံး ဖျက်ပစ်လိုက်တယ်။ ဧည့်စာရင်း တိုင်တဲ့နေရာမှာ ဟိုးလွန်ခဲ့တဲ့ အနှစ်၂ဝ၊  ၂၅ လောက်တုန်းက ၁ ကျပ်လား ပေးရတယ်၊ တို့ရွာမှာ။ နောက်ပိုင်း ဘယ်လောက်ပေးရလဲ မသိဘူး။ ဘာပဲဖြစ်ဖြစ်လူတွေက ပေးရရင် မကြိုက်ဘူးလေ။ လူတွေက ဧည့်စာရင်းကိစ္စရှုပ်တယ် ဆိုပြီးတော့၊  ဒီအကွက်ကို သူတို့က လူထုမကြိုက်ဘူးဆိုပြီး လုပ်လိုက်တာ။ အကြောင်းပြတာ။ ဒါဖျက်လိုက်တာနဲ့ တစ်ခါတည်း  ဒီခြံစည်းရိုးတစ်ချောင်း ကျိုးတာနဲ့ တစ်ခါတည်း သူ့မွတ်စလင်ကုလားတွေ တန်းစီပြီးတော့ ဝင်လာတာ မတွေ့ဘူးလား။ ဒါက တိုင်းပြည် အလားအလာအတွက် ဒီအတိုင်းသွားရင် မကောင်းဘူးဆိုတာ မြင်တယ်။ ဒီလောက်နဲ့တော့ မဖြစ်သေးဘူး။ တဖြည်းဖြည်း၊  တဖြည်းဖြည်းချင်း လာမယ်။  အဲဒါတိုင်းပြည် ချောက်ကျမယ့် သဘောပဲ။

    မေး။    ။ အခြေခံဥပဒေက ပြင်ဆင်ဖို့ မလိုဘူးလို့ ယူဆပါသလား။

    ဖြေ။     ။ လောလောဆယ်ဆယ် ပြင်ဆင်ဖို့မလိုသေးဘူး။ ပြင်ဆင်ဖို့ ဆိုတာလည်း မရသေးဘူး။ မရသေးတဲ့ အတွက်ကြောင့် ပြင်မယ်လို့ ပြောနေတာကလည်း အမုန်းပွားတာပဲ အဖတ်တင်မယ်၊ ငါလည်း စိတ်ပူပြီးတော့ ပြောဖူးတယ်။ ဗိုလ်ချုပ်ကြီး တစ်ယောက် ပြောတယ်၊ ဆရာတော် ဘာမှမပူပါနဲ့၊  တပ်မတော်သည် အခြေခံဥပဒေကို ကာကွယ်ရမည်လို့ စာကြောင်းပါတယ်။   တလောက ဆောင်းပါးမှာဖတ်လိုက်ရတာက အခြေခံဥပဒေ ထိန်းသိမ်းဖို့ရန် တပ်မတော်သည် အဓိက တာဝန်ရှိသည်။ ဒီလိုစာသားနဲ့ ရေးထားတာရှိတယ်။ ဟို ဗိုလ်ချုပ်ပြောတာကတော့ ဗမာလိုပြောချလိုက်တာပဲလေ။ တပ်မတော်သည် အခြေခံဥပဒေကို ကာကွယ်ရမည်။ ဒီအခြေခံဥပဒေကို တပ်မတော်က ခွင့်မပြုရင် ဘယ်သူမှ ပြင်လို့မရဘူး။ ပြင်ချင်ရင် တပ်မတော်နဲ့ သင့်လျော်အောင်ပေါင်း၊ ညှိ။ ဟုတ်ပြီလား။ အဲဒီလိုကာကွယ်ရတဲ့ အပိုင်းတွေ အများကြီး ရှိတယ်။ ဟိုကောင်တွေက ဥပဒေဆိုတဲ့ ခြံစည်းရိုးကို တစ်ချောင်းခြင်း၊  တစ်ချောင်းခြင်း၊ ဖြည်းဖြည်း မသိမသာဖြုတ်။ သူတို့က ဘာမှနားမလည်တဲ့ လူထုကို ဘာမဟုတ်တာလေးတစ်ခုပေး၊   ဘာမဟုတ်တဲ့ တစ်ကျပ်၊  ငါးမူး သက်သာတာကို။ တကယ် သူ့လူ သူသွင်းချင်တာကိုကတော့ မြှုပ်ထားတယ်။ ဒီ့အပြင်အရေးကြီးတဲ့ဟာတွေ ရှိသေးတယ်။ အဲဒါ၊  တိုင်းပြည် ချောက်ကျသွားမှာပဲ။   ချောက်တော့ အကျမခံဘူး။ ပြောလို့မရရင်တော့ တို့ မျိုးချစ်လူတွေက၊  ဘုန်းကြီးတွေကရော လက်ခံနိုင်မှာ မဟုတ်ဘူး။ လက်မခံနိုင်ရင် တိုင်းပြည်ပွက်မယ်။ တိုင်းပြည်ပွက်လို့ အစိုးရက ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ရင် တပ်က အာဏာသိမ်းမယ်၊  ဒီလမ်းစဉ်ပဲရှိတာ။ အဲဒီလိုဆိုရင် တို့ဒီမိုကရေစီ ဘာဖြစ်သွားမလဲ။   ငါတို့က အဲဒီ ဒီိမိုကရေစီကို ပေးမပျက်စေချင်လို့။ ဒီကိုနီ မွှေနေပုံက တစ်နေ့တော့ ဒုက္ခတော့ ပေးတော့မှာပဲ လို့၊  ဒီလိုတော့ သိတယ်လေ။ အခုသည်ပင်လျှင် တပ်မတော်က ငါတို့ အတွင်းကျကျသိထားတဲ့ အသိတစ်ခုက၊  မှားရင်လည်းမှားမယ်၊  မှန်ရင်လည်း မှန်မယ်၊  ဒီမိုကရေစီနဲ့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက် တိုင်းပြည်ကို တိုးတက်အောင် သူလုပ်နိုင်သလဲ။ သူ့လုပ်ဆောင်ချက်က တိုင်းပြည်အတွက် ဘယ်လောက်တောင် အန္တရာယ် များသွားသလဲ။ ဒါကို တပ်မတော်က စောင့်ကြည့်နေတယ်၊  လူထုက သူ့ကို တအား ယုံကြည်နေတာကို။ ကနေ့အထိတော့ တိုင်းပြည် ကသောင်းကနင်း ဖြစ်လောက်အောင် မဖြစ်သေးဘူး။ မဖြစ်သေးတဲ့ အတွက်ကြောင့်   ဒီအတိုင်ပင်ခံ ဆိုင်ရာ၊  ဒီ ကိုနီတို့ လုပ်လိုက်တဲ့ အခါကျတော့၊ အခြေခံဥပဒေနဲ့မညီတဲ့ အခါကျတော့၊ တပ်မတော်က တောက်တစ်ချက် ခတ်သွားတယ်၊ သည်းခံလိုက်တယ်၊ မလုပ်သေးဘူး၊ စောင့်ကြည့်နေတယ်။ ဒီလိုဟာ များနေရင် ပါးစပ်က တောက်ခတ်ရုံတင်မကတော့ဘဲ လက်ပါလာမယ်။ ဒါတွေကို သတိပြုမိကြရဲ့လား ဆိုတာတော့ မပြောနိုင်ဘူးလေ။ ငါတို့ကတော့ စိတ်ပူနေတယ်။

    မေး။  ။   ဒီလုပ်ကြံမှုမှာ  အငြိမ်းစားယူသွားတဲ့ တပ်မတော် အရာရှိကြီးဟောင်းတွေ ပါဝင်နေတယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။ ဒီလို ယူဆချက်တွေကိုရော ဘယ်လိုထင်ပါသလဲ။

    ဖြေ။   ။ ဒါကကွာ လယ်ပြင်မှာ ဆင်သွားသလိုပဲ ထင်ရှားနေတာပဲ။ ဉာဏ်မျက်စိနဲ့ ကြည့်ရင်မြင်တယ်လေ။ ဒီမိုကရေစီကို မင်းတို့၊  ငါတို့ ပြည်သူတွေက အော်ဟစ် တိုက်ခိုက်လို့ ရလာတာမှ မဟုတ်တာ။ ဟိုတုန်းက ငါတို့ အော်ဟစ် တိုက်ခိုက်လို့ သေတာပဲ အဖတ်တင်ခဲ့တယ်လေ။ ရရဲ့လား၊  မရဘူးနော်။ နောက်ဆုံး အခြေခံ ၇ ချက် ဆိုပြီး ယိုးဒယားကပြောလို့ ဦးခင်ညွန့်တို့က ဘာမြေပုံဆိုလဲ အဲဒါတွေနဲ့ အခြေခံတွေဆွဲပြီး ငြိမ်ဝပ်ပိပြားရေး လက်ထက်မှာလေ၊ ဆွဲပြီးလို့ အားလုံးလမ်းခင်းပြီးတဲ့အခါကျမှ ဒီမိုကရေစီ ပါတီစုံရွေးကောက်ပွဲကို ချပေးခဲ့တယ်လေ။ ချပေးလိုက်တဲ့ အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်တို့ အဖွဲ့က ပထမအသုတ်မှာ ဝင်မပြိုင်ဘူးလေ။ အဲဒါ ဘယ်သူက မပြိုင်ခိုင်းလို့ မဝင်သလဲဆိုတာ ဒကာသိလား။ ကိုနီပါရင် လှေမှောက်တယ် ဆိုတဲ့ ဂျာနယ်တစ်စောင်ရေးတဲ့ ဆောင်းပါး၊ ဒကာဖတ်လိုက်ပါ၊  အဲဒီမှာ ၆ ချက်တွေ့လိမ့်မယ်၊ နောက်ဆုံးတစ်ချက် ငါပြောမယ်၊ အဲဒီမှာ ကိုနီက အကြံဉာဏ်ပေးတယ်၊ ရွေးကောက်ပွဲနိုင်ရင်လည်း ဒေါ်စု သမ္မတ မဖြစ်ဘူး၊   အခြေခံဥပဒေ မပြင်တဲ့အတွက်ကြောင့်။ နိုင်တော့နိုင်မယ်၊ သမ္မတလုပ်လို့ မရဘူး။ အခြေခံဥပဒေကို အစကနေပြန်ရေးမယ် ဆိုတဲ့ အသံရော မကြားဘူးလား။ အဲ့ဒီမှာ ဒေါ်စုကို သူက ပြောတဲ့အခါမှာ ဒေါ်စုက သူ့အပေါ်မှာ သံသယဖြစ်တယ်လို့ တို့ကြားတယ်။ သူက မလုပ်နဲ့၊  လုပ်ရင် တပ်မတော်နဲ့ ထိပ်တိုက်တွေ့မယ်လို့ ပြောတယ် ဆိုလားပဲ။ ဦးကိုနီကိုလည်း နိုင်ငံခြား OIC ကနေ ငွေကြေးတွေ ထောက်ပံ့ပေးပြီး မင်းဒါတွေ မလုပ်သေးဘူးလားလို့ ဖိအားတွေ ပေးနေတယ်။ သူလုပ်ပြန်တော့လည်း ဒေါ်စုတို့က လက်မခံပြန်ဘူး။ မလုပ်သေးဘူး။ ဆိုင်းထားတယ်ပေါ့။ သူ့ကို တစ်ဖက်ကလည်း ငွေအားနဲ့ ဖိအားပေး အကျပ်ကိုင်နေတော့ သူလုပ်ထားတဲ့အလုပ်ကို စာအုပ်ရိုက်ပြီး ဝေလိုက်တယ်လေ။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် ဒေါပွတယ်ဆိုတာကြားတယ်။ ဒေါ်စုက သူနဲ့ ၃ လလောက် တန်းသွားပြီး အတွေ့မခံဘူးလို့လည်း ကြားတယ်။ ဟုတ်မဟုတ်တော့ မသိဘူးနော်၊ ကြားတာ။ အဲ့ဒီရဲ့အရှိန်နဲ့ အခုလို အသတ်ခံရတယ် ဆိုတော့ ဘယ်လိုတွေ၊  ဘယ်ဝါတွေတော့ မပြောနိုင်ဘူးပေါ့။ သတ်တာမှာ လူတယောက်သတ်တာ ဘယ်နေရာသတ်သတ် ရတာပဲ။ ဒီလောက် လက်နက်တွေ ပေါနေတာ။ လူကောင်မပေါ်ဘဲနဲ့ကို သတ်လို့ရတာပဲ။ မင်္ဂလာဆောင်မှာလည်း သတ်လို့ရတာပဲ။ အားလုံးရရဲ့သားနဲ့ လူမြင်ကွင်းဖြစ်တဲ့ ကမ္ဘာသိဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှာ ဗြောင်ကြီး လုပ်ပစ်လိုက်တာက တိုင်းပြည်က ဘယ်လိုဖြစ်နေလဲ ဆိုတာကို ဉာဏ်မျက်စိ၊  ဉာဏ်နားနဲ့ နားထောင်လိုက်ရင် သိနိုင်တယ်။

    မေး။ ။ ဒါဟာ ပြည်သူ ထိတ်လန့်စေအောင် ချိန်းချောက်လိုက်တဲ့သဘောပဲလို့ ဘုန်းဘုန်းတို့ ယူဆတယ်ပေါ့။

    ဖြေ။ ။ အဲ့ဒီလောက်မဟုတ်ဘူး။ ပြည်သူလူထုနဲ့ ဘာမှ မဆိုင်ဘူး။ မြန်မာပြည်ကြီးက ရန်ကုန်မှာ၊  အစောင့်ရှောက်တွေထူထပ်တဲ့ မင်္ဂလာဒုံမှာ မလုံခြုံတော့ဘူး ဆိုတာကို ကမ္ဘာကို လက်တွေ့ပြလိုက်တဲ့ သဘောပါ။ ကမ္ဘာက သိသွားတယ်လေ။ သေတာနဲ့ နာရီဝက်လောက်ပဲမှာ နိုင်ငံခြားတစ်ခုက ချက်ချင်း ကြေညာတယ်။ သူ့ကို ကြိုးကိုင်နေတဲ့အဖွဲ့က အရင်ဆုံး ကြေညာတာ။ အင်္ဂလိပ်လို နာမည် မမှတ်မိဘူး။ အပြင်လောကမှာ အဲ့ဒီအဖွဲ့ကပဲ သတ်ခိုင်းသလိုလိုတောင် ကြားလိုက်တယ်။ သူတို့ ခိုင်းတဲ့အတိုင်း မဖြစ်လာလို့၊ သူက အဲ့ဒီကငွေတွေ အများကြီး ယူထားတယ်။

    မေး။ ။ လုပ်ကြံတာ သူ့နောက်ကွယ်က အဖွဲ့အစည်းလို့ပဲ ယူဆတယ်ပေါ့။

    ဖြေ။ ။ ဘယ်သူမှန်းတော့ မသိဘူးလေ။ တို့အပြင်မှာ ကြားနေတာက ဒေါ်အောင်ဆန်းစုကြည်ဘက်မှာ ပါနေတဲ့ အဖွဲ့အစည်းထဲက တချို့ကတောင် လုပ်တယ်လို့တောင် ကြားတာ။

    မေး။ ။ ဒါဆိုလို့ရှိရင် စစ်အရာရှိဟောင်းတွေပါတဲ့ အဖွဲ့အစည်းက လုပ်တယ်လို့ ဘုန်းဘုန်းတို့ မယူဆဘူးပေါ့။
    ဖြေ။ ။ အဲ့ဒီဟာက နည်းနည်းတော့ ပါးတယ်။ သူတို့အဖွဲ့ထဲမှာကို သူချယ်လှယ်နေတာကို မကြိုက်တဲ့သူ အများကြီး ရှိတယ်။ တိုင်းပြည်တစ်ခုလုံးကို တစ်ဦးတည်း ကြိုးကိုင်ပြီး မွှေနေတယ်ဆိုတော့။ သူတို့ထဲမှာလည်း တိုင်းပြည်ကို တကယ်ချောက်ကျသွားမှာ ကြောက်တဲ့သူ အများကြီးရှိတယ်လေ။ ဗြောင်မပြောရဲတဲ့သူတွေလေ၊ ဗြောင်ပြောရင် ဘေးရောက်သွားမယ်လေ။ ဒီလိုတွေရော မရှိနိုင်ဘူးလား၊ အများကြီးပဲ။ သိမ်မွေ့တယ်လေ။ အဲ့ဒီလိုတွေ အများကြီး အန္တရာယ်ဖြစ်လာနိုင်ရင်တော့ ဒီလိုရှင်းပြစ်မယ်ဆိုတာတွေ လာလိမ့်ဦးမယ်။ နောက်ထပ် ဘယ်သူတွေ ဘာထပ်ဖြစ်မလဲ ဆိုတာတော့ မပြောနိုင်ဘူး။

    မေး။ ။ ဒါဆို နောက်ထပ် ဒီလိုတွေ ထပ်ဖြစ်နိုင်သေးတယ်လို့ ယူဆပါသလား။

    ဖြေ။ ။ ဘယ်သူတွေ ဘယ်လိုထပ်ဖြစ်မယ်ဆိုတာ မသိနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း လုံခြုံရေး တင်းတင်းကျပ်ကျပ် နေထိုင်သွားလာဖို့၊  ကျန်တဲ့ပုဂ္ဂိုလ်တွေလည်း ဒီတိုင်းပဲပေါ့လေ။ တို့က ဘယ်သူ့ကိုမှ၊  အရေးကြီးတဲ့သူတွေကို ဘာမှထပ်မဖြစ်စေချင်ဘူး။

    မေး။ ။   နောက်ထပ်ဖြစ်လာနိုင်ချေရှိတယ် ဆိုတော့   NLD ရဲ့ ဥပဒေအကြံပေးတွေ၊   လွှတ်တော် ကိုယ်စားလှယ်ထဲမှာလည်း အစ္စလမ်ဘာသာဝင် မရှိဘူး။ ပါတီရဲ့ဗဟိုကော်မတီဝင်တွေမှာလည်း မပါဘူး။ အဲ့ဒီတော့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ပါတီထဲက ကြိုးစားနေတဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်လာနိုင်တယ်လို့ ယူဆသလား။

    ဖြေ။ ။ အခြေခံဥပဒေကို အဲ့ဒီလို့ပဲ လုပ်လာပြီးတော့ ကိုးရိုးကားယားပေါ့… ဥပမာ ဦးကိုနီလိုပဲ မွှေလာမယ့်သူ ရှိလာရင်တော့ သတ်မယ့်လူလည်း ပေါ်လာဦးမှာပဲ။ တိုင်းပြည် ထိတ်လန့်ရင် ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊  ဘာပဲဖြစ်ဖြစ် ရှင်းကြမှာပဲ။ တိုင်းပြည် ဒုက္ခရောက်သွားမယ်ဆိုရင်။

    မေး။ ။ အခုတော့ ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်နေတာ သိမ်မွေ့တယ်။  ဒါပေမယ့် တစ်ချိန်မှာ သူကိုယ်တိုင် ထုတ်ပြောမယ်၊  ပါတီဗဟိုအလုပ်အမှုဆောင်တွေကလည်း အခြေခံဥပဒေနဲ့ပတ်သက်ပြီး ထုတ်ပြောမယ်ဆိုရင် သူတို့လည်း အန္တရာယ်ရှိနိုင်တယ်ပေါ့။

    ဖြေ။ ။ ကိုးရိုးကားယားဖြစ်မယ့်အနေအထား ဆိုရင်တော့ အန္တရာယ် ရှိနိုင်တာချည်းပဲလေ။ အားလုံး အန္တရာယ်ရှိနိုင်တာပေါ့။ တို့လည်း အန္တရာယ်ရှိတာပဲ။ သွားရင် အစောင့်အရှောက်နဲ့သွားနေရတာပဲ။ ကုလားရဲ့အန္တရာယ်ပေါ့။ အန္တရာယ်ကြီးတာနဲ့ငယ်တာပဲ ကွာတာ။ အဲဒါကြောင့် ငါတို့က ဘယ်သူ့ကိုမှ ဘာမှ မပေးဖြစ်စေချင်တာ အမှန်ပဲ။ တို့အဖွဲ့အစည်းက ဘယ်လုပ်ကြံမှုကိုမှ အားမပေးဘူးလေ။ အားလုံး အေးအေးဆေးဆေး ဖြစ်စေချင်တယ်။ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ဒီမိုကရေစီပန်းတိုင်ရောက်အောင်ပေါ့။ အခုက ပန်းတိုင်မရောက်သေးဘဲ အစမှာပဲ ချာလပတ်လည်နေတယ်။ တို့ကတော့ တကယ် တိုင်းပြည် ကောင်းစေချင်တာ။ ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက ငါတို့ညီလာခံမှာ ပြောခဲ့တာပဲ၊ တွဲပြီးတော့ တကယ် အုပ်ချုပ်။ ကျွမ်းကျင်တဲ့ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က တကယ်တော်တဲ့သူနဲ့ ၃ ပုံ ၁ ပုံ၊  ဒါမှမဟုတ် ၃ ပုံ ၂ ပုံ ပါဝင်ပြီး တွဲအုပ်ချုပ်သွားရင်၊  တဖြည်းဖြည်းနဲ့ ဟိုပုဂ္ဂိုလ်တွေကို ဘေးဖယ်ဖယ်သွားရင် ကိုယ်လည်း အုပ်ချုပ်ရေးတတ်သွားမယ်။ အခုက အုပ်ချုပ်ရေး မတက်တဲ့သူက အစိုးရဖြစ်နေတယ်။ ။

  • “ရင်ကြားစေ့ရေး လုပ်နေချိန်မှာ  ထိပ်တိုက်မတွေ့ဖို့ အတွက် အများကြီး ဆင်ခြင်ရတာပေါ့”

    “ရင်ကြားစေ့ရေး လုပ်နေချိန်မှာ ထိပ်တိုက်မတွေ့ဖို့ အတွက် အများကြီး ဆင်ခြင်ရတာပေါ့”

    ဖြိုးသီဟချို/Myanmar Now

    ရန်ကုန် (Myanmar Now)  – ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်ရေးအတွက် အစိုးရကို ဖိအား မပေးခြင်းမှာ ရင်ကြားစေ့ရေး လုပ်ငန်းစဉ် ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောသည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးခင်မောင်ဝင်းသည်  ရန်ကုန်၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သည်။

    ဖေဖော်ဝါရီ ပထမပတ်က ဆက်သွယ်မေးမြန်းစဉ် တရားသူကြီးဟောင်း ဦးခင်မောင်ဝင်းက  NLD ဥပဒေ အကြံပေး ဦးကိုနီ လုပ်ကြံခံရမှုအကြောင်း လွှတ်တော်တွင် ဆွေးနွေးခြင်း မရှိသေးသည့် အခြေအနေ၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီတို့အကြောင်း ပြောပြထားသည်။

    မေး။    ။ ဦးကိုနီလုပ်ကြံခံရမှု စုံစမ်းဖော်ထုတ်ရေးနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်မှာ အဆိုတင်တာ၊ မေးခွန်းထုတ်တာတွေ ရှိပါသလား။

    ဖြေ။     ။   ဘယ်သူမှ တင်တာမရှိသေးပါဘူး။ နောက်ပြီးတော့လည်း   ကျွန်တော်တို့က ဘက်လိုက်တဲ့ သဘောမျိုးဖြစ်လို့ မကောင်းဘူးလေ။ ပြီးတော့ ကျွန်တော်တို့မှာ အဝန်းအဝိုင်းမှာ ကန့်သတ်ချက်ဘောင် ရှိတယ်။  နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်လို့ပဲပြောပြော၊ ကျွန်တော်တို့ ပါတီဥက္ကဋ္ဌလို့ပဲ ပြောပြောဗျာ၊ ရင်ကြားစေ့ရေးလုပ်နေချိန်မှာ  ထိပ်တိုက် မတွေ့ဖို့အတွက် အများကြီး ဆင်ခြင်ရတာပေါ့။ ဦးကိုနီဆိုရင် သူအားသန်တာ ပြောတာ့၊ တချို့ဟာတွေကိုတော့ တပ်မတော်က ကြိုက်ချင်မှ ကြိုက်မှာပေါ့ဗျာ။ အဲဒီလိုကိစ္စမျိုးမှာ ကျွန်တော်တို့က လူကြီးတွေ သဘောထားမပါဘဲနဲ့ ကျွန်တော်တို့က ဝင်လုပ်ဖို့ကိုတော့ ဆင်ခြင်ရတာပေါ့ဗျာ။

    မေး။    ။ ဦးကိုနီက   ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဥပဒေရေးရာပိုင်း အများကြီး အကူအညီပေးခဲ့တာ မဟုတ်ဘူးလား။

    ဖြေ။     ။   ဦးကိုနီဆိုရင် ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ရွေးကောက်ပွဲ) နိုင်ဖို့အတွက် အများကြီး အကူအညီပေးခဲ့တာ။  ပြည်သူ့လွှတ်တော်ကျတော့ ပါတီတစ်ခု၊ အဖွဲ့တစ်ဖွဲ့ထဲကို ရပ်လို့ မရဘူး၊ ကျန်တဲ့လူတွေက ရှိသေးတာပေါ့ဗျာ။ ကျွန်တော်တို့ ဥက္ကဋ္ဌကလည်း ပြောထားတာပေါ့ဗျာ၊ ကျွန်တော်တို့က တာဝန်ပေးခံရတာပဲဖြစ်တယ်၊    အနိုင်ရတယ်လို့တောင်မှ သိပ်ပြီး ပြောစေချင်တာ မဟုတ်ဘူးလေ။ ကျွန်တော်တို့က ကျန်တဲ့ ပါတီ၊   တိုင်းရင်းသား ပါတီတွေကိုလည်း ကြည့်ရတာပေါ့ဗျာ။ ကျွန်တော်တို့က ကိုယ့်လူဖြစ်တာကြောင့် သိပ်ပြီးတော့ ခံစားမှု ပိုသွားရင်လည်း   ရင်ကြားစေ့ရေးကိစ္စတွေ သွေဖည်သွားရာလည်း ကျကောင်းကျနိုင်ပါတယ်၊ ဒါပေမယ့် မလုပ်ဘူးလို့တော့ မပြောနိုင်ဘူး၊ ဒီနေ့မလုပ်ပေမယ့်လည်း နက်ဖြန် လုပ်ချင်လုပ်မှာပေါ့ဗျာ။

    မေး။    ။   နိုင်ငံတော်သမ္မတရုံး၊ အတိုင်ပင်ခံရုံးတို့က ဒီဖြစ်စဉ်ကို  တရားရုံးချုပ်တို့ ရှေ့နေရုံးတို့နဲ့ ကော်မတီဖွဲ့ပြီး ကိုင်တွယ်စစ်ဆေးတာမျိုးဘာကြောင့် မရှိသေးတာလို့ ထင်ပါသလဲ။

    ဖြေ။     ။ လုပ်လို့ပဲ တော်တော်လေး လမ်းစပေါ်နေပြီဗျ။ ဒါတွေက သိုသိုသိပ်သိပ်လုပ်ရတဲ့ ကိစ္စလို့ ကျွန်တော်မြင်တာပေါ့ဗျာ။ ပျောက်သွားမှာလည်း စိုးရတယ်။ ဒီဘက်ကိုရောက်လာပြီဆိုရင် ဒီဘက်ကလူက အစဖျောက်လိုက်မှာလည်း စိုးရိမ်ရတယ်။ ဒါကတော့ စုံထောက်တွေရဲ့၊ စစ်ဆေးတဲ့လူတွေရဲ့ အသိဉာဏ် ကျယ်ပြန့်တဲ့ အပေါ်မှာ မူတည်ပါတယ်။ ဒီကိစ္စမှာတော့ စိတ်မပူပါနဲ့၊ နိုင်ငံတော် အကြီးအကဲတွေက အားလုံး သတိထားပြီးလုပ်နေမှာပါ။   အင်မတန် သိမ်သိမ်မွေ့မွေ့နဲ့လုပ်လို့ ဒီလောက်တည်ငြိမ်နေတာပါ။

    မေး။    ။ တရားဥပဒေစိုးမိုးရေးနဲ့ ဥပဒေရေးရာ ကော်မတီက ဘာတွေ လုပ်ဆောင်နေပါသလဲ။

    ဖြေ။     ။ ကျွန်တော်တို့ဆီကို ရောက်လာတဲ့အထဲက လုပ်ပေးနိုင်တာတွေရှိတဲ့ တိုင်ကြားစာတွေနဲ့ ပတ်သက်ပြီး ပြည်ထဲရေး၊   တရားလွှတ်တော်ချုပ်   အဲဒီလို သက်ဆိုင်တဲ့ ဌာနတွေကို တကယ်အရေးယူဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ဘက်က ခိုင်ခိုင်လုံလုံမြင်ရရင်တော့ အဲဒီကိုပို့ပြီးတော့ အရေးယူခိုင်းတာတွေ ရှိပါတယ်။ တချို့ ဝန်ထမ်းတွေ အရေးယူတဲ့အခါမှာ လျှော့ပေးဖို့ပေါ့။ လုပ်ထုံးလုပ်နည်းနဲ့မညီဘဲနဲ့ ချထားတဲ့အတွက် အလုပ် ပြုတ်သွားတာမျိုးတွေ၊ ကျွန်တော်တို့ ပြန်ပြီးစိစစ်တဲ့ အခါမှာ တချို့လည်း အလုပ် ပြန်ရသွားတာတွေလည်း ရှိပါတယ်။

    တချို့ကျတော့ လာဘ်ယူလို့တိုင်တယ်။ အဲဒါမျိုးကျတော့လည်း အရေးယူဖို့ ပြည်ထဲရေးကို ပို့လိုက်တာပေါ့။ ပြည်ထဲရေးကလည်း အရေးယူနေပါတယ်။ တချို့ကလည်း တရားလွှတ်တော်အဆင့်ဆင့်ကနေ အရူံး ပေးထားတဲ့လူတွေက သူ့အမှုကို ပြန်ပြီး နိုင်အောင်လုပ်ပေးပါ ဆိုတာကတော့ ကျွန်တော်တို့ကလည်း ကြိုးတော့ ကြိုးစားကြည့်ပါတယ်။၊အဆင်မပြေတာတွေများပါတယ်။ ဒါကတော့ ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်မှ မရှိတာ။

    မေး။    ။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ တရားသူကြီး ၁၁ ယောက် အပြည့်အဝ ခန့်မထားပါဘူး။ လစ်လပ်နေရာတွေရှိနေတာကြောင့် နိုင်ငံရဲ့ တရားစီရင်ရေးမှာ  ထိခိုက်မှု မရှိနိုင်ဘူးလား။

    ဖြေ။     ။ တရားသူကြီးတွေ အပြည့်မခန့်တဲ့အတွက် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်နိုင်တယ်လို့တော့ တိုက်ရိုက် အချိုးကျခြင်း မရှိပါဘူး။ တရားသူကြီး ၁၁ ယောက် ရှိနေပေမယ့်  အဂတိလိုက်စားမှုတွေက ရှိနေရင်လည်း ရှိနေမှာပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်နိုင်မှ ဒီဥစ္စာတွေက တစ်နွယ်ငင် တစ်စင်ပါ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တရားသူကြီးချုပ်ကိုပေးထားတဲ့ လုပ်ပိုင်ခွင့်တွေက အရမ်း များနေတယ်လေဗျာ။ သူက ဝန်ထမ်းတွေကို ခန့်တယ်ဗျာ၊   ရွှေ့တယ်ဗျာ၊  ရာထူးတိုးပေးတယ်ဗျာ၊ ဖြစ်လာတဲ့ ပြဿနာက သူနဲ့ ပတ်သက် ဆက်နွယ်တဲ့ လူတွေပဲ ဖြစ်တာ။ အပြင်က ရှေ့နေရှေ့ရပ်တွေ ပါရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ဒါကို ကျွန်တော်တို့ တတ်နိုင်တဲ့ လိုင်းကတော့ အကြံပေးနေတာပါပဲ။

    မေး။    ။ အဲဒီလို လစ်လပ်နေတဲ့ နေရာကို ခန့်အပ်ရေးအတွက် တိုက်တွန်းသွားဖို့ ရှိပါသလား။

    ဖြေ။     ။ အဲဒီလုပ်ပိုင်ခွင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော် သမ္မတနဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဥက္ကဋ္ဌတို့ပဲ ရှိတာပေါ့။ တစ်ယောက်ကတော့ ကွယ်လွန်သွားတဲ့ ဦးမြင့်ဟန်  နေရာမှာ ခန့်ဖို့ရာအတွက် စီစဉ်နေပါတယ်။ တိုးချဲ့ခန့်ဖို့ဆိုတာကတော့ သမ္မတနဲ့ တရားလွှတ်တော်ချုပ်ရဲ့သဘောပေါ့ဗျာ။ အဲဒီလို မခန့်တာတွေကလည်း တရားလွှတ်တော်ချုပ်နေရာမှာတင် မကဘူး၊ တခြားနေရာတွေမှာလည်း ရှိတာပေါ့ဗျာ။ ဥပမာအားဖြင့် လူ့အခွင့်အရေး ကော်မရှင်မှာ ဆိုရင်လည်း လစ်လပ်နေတာပဲ။ အဂတိလိုက်စားမှုတားမြစ်ရေး ကော်မရှင်မှာ ဆိုရင်လည်း   သမ္မတဦးသိန်းစိန်လက်ထက်က ခန့်ခဲ့တဲ့ ရာထူးတွေပေါ့။ ဒါတွေကိုလည်း ပြင်ဆင်ပြီး ပြောင်းလဲခန့်အပ်မယ် ဆိုရင်လည်း လိုအပ်နေတာပါပဲ။   နိုင်ငံတော်သမ္မတကြီးနဲ့ နိုင်ငံတော် အကြံပေးတွေရဲ့ သဘောထားပေါ်မှာ မူတည်တာပေါ့။ သူတို့ကလည်း တိုင်းပြည်ရဲ့လိုအပ်ချက်၊ သုံးစွဲရမယ့် ဘက်ဂျက် စသဖြင့် တကယ် အကျိုးရှိမလား မရှိဘူးလား၊ ဒါကို ဖွဲ့စည်းပုံအရ ကြည့်ပြီးတော့ လုပ်မယ့် ကိစ္စတွေပါ။   ။

  • မှောက်မှား ခက်ထန်မှုသို့ တွန်းပို့နေသည့် အကြောက်တရား

    မှောက်မှား ခက်ထန်မှုသို့ တွန်းပို့နေသည့် အကြောက်တရား

    အောက်တိုဘာ ၂၁၊ ၂၀၁၆

    M-Media
    ma-thid
    ကျင်းပသော ၁၂ ကြိမ်မြောက် မြန်မာနိုင်ငံရေးရာလေ့လာမှုကွန်ဖရင့် အစီအစဉ်တစ်ရပ်တွင် ဟောပြောခဲ့သည့် ဒေါက်တာ မသီတာအား ၂၀၁၆ အောက်တိုဘာလ၊ မြောက်ပိုင်းအီလီနွိုက်စ်တက္ကသိုလ်ကျောင်းဝင်း၌တွေ့ရစဉ်

    – ဒေါက်တာ မသီတာသည် လူသိထင်ရှား အတိုက်အခံ စာရေးဆရာ၊ အယ်ဒီတာ၊ ထုတ်ဝေသူ၊ သမားတော်၊ နိုင်ငံရေးကျားကန်သူနှင့် တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် ရပ်တည်လျက်ရှိသည်။ သူမသည် ၁၉၉၀ ခုနှစ်များအတွင်း ဥပဒေနှင့်မညီသော စာပေများ ဖြန့်ချိမှုဖြင့် ခြောက်နှစ်နီးပါး အကျဉ်းစံခဲ့ရသူအဖြစ် ထင်ရှားသည်။ အခြားအရေးယူထိန်းသိမ်းခံရမှုများအနက် ၁၉၈၈ ခုနှစ် ကျောင်းသားများဦးဆောင်သည့် မြန်မာ့ဒီမိုကရေစီအရေးအခင်း၏ တက်ကြွလှုပ်ရှားသူအဖွဲ့ဝင်တစ်ဦးဖြစ်ခြင်းလည်း ပါဝင်သည်။ အကျဉ်းထောင်၌ရှိစဉ် အဆုတ်ရောဂါနှင့်အတူ ကျန်းမာရေးဒုက္ခများစွာ ခံစားခဲ့ရသည်။ PEN International ကဲ့သို့ အဖွဲ့အစည်းများထံမှ ၀င်ရောက်လာသော နိုင်ငံတကာဖိအားကြောင့်သာ အချုပ်အနှောင်မှ လွတ်ကင်းလာရသည်။ ယခုသော် သူမသည် ထိုအဖွဲ့အစည်း၏ ဘုတ်အဖွဲ့ဝင် ဖြစ်နေလေပြီ။

    အောက်တိုဘာလ အမေရိကန်ခရီးစဉ်အတွင်း မသီတာသည် လက်ရှိမြန်မာလူ့အသိုင်းအ၀ိုင်းအပေါ် သူမ၏ စူးစမ်းသုံးသပ်မှုများကိုလည်းကောင်း၊ အကြောက်တရားအတွင်း အမြစ်တွယ်ရာမှာ (ငြိမ်းချမ်းတည်ငြိမ်မှုကို ပျက်ပြားစေနိုင်သည့်) မှောက်မှားခက်ထန်းခြင်း တိုးမြင့်လာသည့်အပေါ် သူမ၏အမြင်ကို ဧရာဝတီသတင်းဋ္ဌာနသို့ မျှဝေပေးခဲ့သည်။ ၎င်းကို ကျော်လွှားနိုင်သည့်နည်းလမ်းမှာ မျိုးဆက်အလီလီအတွက် ရုပ်ပိုင်း၊ နာမ်ပိုင်း၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းစနစ်တစ်ရပ်ကို အစဉ်တစိုက်လှုံ့ဆော်ရိုက်သွင်းနေကြသော နိုင်ငံ့အဖျက်သမားစစ်စစ်များအား ထိပ်တိုက်ရင်ဆိုင်ခြင်းသာဖြစ်သည်ဟု သူမက ဆိုသည်။

    ဒေါက်တာမသီတာနှင့် အမေးအဖြေဝေမျှချက်ကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပေသည်။

    (မေး) လက်ရှိအချိန် ဆရာမ ကိုင်တွယ်ထားရတဲ့ ကဏ္ဍအသီးသီးအပေါ် သုံးသပ်ချက်တစ်ရပ် ပေးစေချင်ပါတယ်။

    (ဖြေ) ကျွန်မဟာ PEN Myanmar ရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး PEN International ရဲ့ ရွေးချယ်ခံအဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ အဖွဲ့နှစ်ရပ်စလုံးရဲ့ ဘုတ်အဖွဲ့ဝင်လို့ ဆိုကြတယ်။ ဒါပေမယ့် ကျွန်မအဖို့ ဒီခေါင်းစဉ်နှစ်ခုစလုံးကို ရေရှည်ကိုင်တွယ်နိုင်မှာမဟုတ်ပါဘူး။ လာမည့်ဒီဇင်ဘာလအတွင်း PEN Myanmar အတွက် သုံးနှစ်တစ်ကြိမ်ရွေးချယ်တင်မြှောက်ပွဲ ပြုလုပ်မှာဖြစ်လို့အဲ့ဒီမှာ ကျွန်မ ထပ်မံပါဝင်မှာ မဟုတ်ဘဲ ကူညီသူအဖြစ်သာ ရှိပါမယ်။

    ကျွန်မက Info Digest journal ရဲ့ အယ်ဒီတာချုပ်လည်း ဖြစ်ပါတယ်။ အဲ့ဒါက နှစ်ပတ်တစ်ကြိမ်ထုတ် စာနယ်ဇင်းမှတ်တမ်းဆိုင်ရာ ကန့်သတ်စာစဉ်တစ်စောင်ဖြစ်ပါတယ်။ ကျွန်မတို့ကတော့ စိတ်ကူးယဉ်မှုများ၊ ခံစားချက်များကို စိတ်မ၀င်စားကြပါဘူး။ လူထုသိအပ်တဲ့ လူထုအခွင့်အရေးကို ကာကွယ်ခြင်းမှာသာ စိတ်ပါဝင်စားကြပါတယ်။

    ဒါ့အပြင် ကျွန်မဟာ မိသားစုဆိုင်ရာ အထွေထွေကျန်းမာရေးစောင့်ရှောက်သူအဖြစ်လည်း လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ အချိန်တိုင်း ကျွန်မရဲ့လူနာများနဲ့ ဆုံတွေ့ခွင့်ရခြင်းကလည်း ကျွန်မအဖို့ အထူးအခွင့်အရေးတစ်ရပ်ဖြစ်စေပါတယ်။ လန်ခဲ့တဲ့ ၁၀ နှစ်လောက်က (ရန်ကုန်)အခမဲ့နာရေးကူညီမှုအသင်းဆေးခန်းမှာ စေတနာ့ဝန်ထမ်းအဖြစ် ကျွန်မ စတင် ဆောင်ရွက်တယ်။ ခရီးအများအပြား ထွက်ရလေ့ရှိသည့်တိုင် အဲ့ဒီနေရာကို တစ်ပတ်တစ်ကြိမ် အရောက်သွားခဲ့ပါတယ်။ ကျွန်မရဲ့ပုံမှန်လူနာများလည်း ယနေ့ထိ ရှိနေဆဲပါ။ ကျွန်မအတွက်တော့ ကျန်းမာရေးလုပ်ငန်းက ပကတိနိုင်ငံရေးပဲ ဖြစ်ပါတယ်။ ဒီအရာက လူတိုင်းနှင့် မကင်းနိုင်ဘူးလေ။

    (မေး) တစ်ချိန်တုန်းက ဆရာမရဲ့ ပင်မနိုင်ငံရေးအာသီသဟာ နိုင်ငံ့သားကောင်းဖြစ်ရေးလို့ ဆိုခဲ့ပါတယ်။ ဒီအချက်က ဆရာမဘ၀ထဲဆရာမအတွက် အဓိပ္ပာယ်သက်ရောက်မှု ဘယ်လောက်ရှိနေပါသလဲ ?

    (ဖြေ) ကျွန်မက နိုင်ငံ့သားကောင်းတစ်ဦး ဖြစ်လိုဆဲပါပဲ။ သို့စေကာမူ ယခုချိန်မှာ PEN International နဲ့ ထဲထဲဝင်ဝင် ပိုမိုလက်တွဲဆောင်ရွက်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါက ကျွန်မရဲ့ ပုဂ္ဂလအောင်မြင်ဖြစ်ထွန်းလိုမှုကြောင့် မဟုတ်ပါ။ ဒါပေမယ့် သမိုင်းကြောင်းတလျှောက် နိုင်ငံတကာအဖွဲ့အစည်းတစ်ရပ်ထဲ ဒီလို ဆုံးဖြတ်ချက်ချမှတ်မှုအဆင့်ထိ တက်လှမ်းနိုင်သူ မြန်မာ့ကလောင်ရှင် တစ်ဦးမျှ မရှိခဲ့ဖူးဘူးလို့ ကျွန်မ ထင်မြင်ပါတယ်။ ကျွန်မရဲ့တိုင်းပြည်ကို ကိုယ်စားပြုသော နိုင်ငံ့သားကောင်းတစ်ဦးဖြစ်ဖို့ ကျွန်မ ကြိုးစားခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ဟာ သီးခြားဖယ်ကြဉ်ခံရခြင်း မရှိကြောင်း ပြသရာလည်း ရောက်ပါတယ်။ ခင်ဗျားအနေနဲ့ သာမန်နိုင်ငံသားတစ်ဦးဖြစ်နေလင့်ကစား တစ်စုံတစ်ရာကိုတော့ ပြုလုပ်နိုင်စွမ်းပါတယ်လို့ ဆိုချင်ပါတယ်။ ကျွန်မ အမှန်တကယ် လက်ဆင့်ကမ်းလိုတဲ့သတင်းစကားကတော့ ဒီအချက်ပဲဖြစ်ပါတယ်။

    (မေး) ဆရာမဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကျားကန်ကူညီသူအဖြစ် ဆောင်ရွက်ခဲ့ဖူးတယ်။ (၁၉၉၂ ခုနှစ်မှာရေးပြီး ၇ နှစ်ကြာမှ ပုံနှိပ်ထုတ်ဝေဖြစ်တဲ့) ဆရာမရဲ့ နေကြာပန်း စာအုပ်မှာ လူထုရဲ့ အထူးမျှော်လင့်ချက်ထားရှိခံရတဲ့ သူမကို “သြဘာပေးခံရသည့် အကျဉ်းစံ” လို့ ဖော်ပြထားပါသည်။ အခု သူမရဲ့ ခြောက်လကျော် အုပ်ချုပ်ရေးကာလအတွင်း သူမနဲ့ NLD အစိုးရရဲ့ ဆောင်ရွက်ချက်အပေါ် ဆရာမဖက်က ဘယ်လို အကဲဖြတ်လိုပါသလဲ ?

    (ဖြေ) ကျွန်မဆီမှာ သူမနဲ့ပတ်သက်ပြီး “အကြောက်တရားမက အမှန်တကယ် လွတ်မြောက်နေပါသလား” ဆိုတဲ့ မေးခွန်းတစ်ခုသာ ရှိပါတယ်။ (လူထု)ခေါင်းဆောင်တစ်ဦးရဲ့နေရာမှာ သူမဟာ အဲ့ဒီလောက်ထိ အကြောက်တရား ရှိချင်မှ ရှိပါမယ်။ သို့သော် နိုင်ငံတော်အတိုင်ပင်ခံတစ်ဦးအနေနဲ့ကတော့ နိုင်ငံသားတို့အပေါ် မထိခိုက်မိစေဖို့၊ အုပ်စုတိုင်းရဲ့ မျှော်လင့်ချက် မပျက်ပြားစေဖို့ စတဲ့ အကြောက်တရား(စိုးရိမ်မှု) အများအပြား ရှိနိုင်ကောင်းပါမယ်။ ဒီအကြောက်တရားအမျိုးအစားကို သူမ ဘယ်လိုကိုင်တွယ်မလဲ ဆိုတာ ည် ကျွန်မ အထူးစိတ်ဝင်စားနေပါတယ်။ ဒီကိစ္စက ၁၉၉၁ ခုနှစ်ကရေးသားတဲ့ “အကြောက်တရားမှ လွတ်မြောက်ခြင်း” စာအုပ်ထဲက ဖော်ပြချက် အကြောက်တရားများနဲ့ မတူညီဘဲ ကွဲပြားခြားနားမှု ရှိနေပါတယ်။ ဒါ့ကြောင့် လက်ရှိအကြောက်တရားအပေါ် သူမအနေနဲ့ ဘယ်ပုံဘယ်နည်း ရင်ဆိုင်မလဲဆိုတာ ကျွန်မလည်း အထူးတလည် သိချင်နေမိပါတယ်။

    (မေး) သူမရဲ့ အကြောက်တရားများအောက် သူမ နစ်ဝင်သွားမယ်လို့ ဆရာမ ထင်မြင်ပါသလား ?

    (ဖြေ) ပြောရခက်ပါတယ်။ ကျွန်မတို့ရဲ့ လက်ရှိအခြေအနေများက အကြောက်တရားနဲ့ဆက်နွယ်ပတ်သက်မှု ရှိမရှိ ဆိုတာ တပ်အပ်မဆိုနိုင်သေးလို့ ဖြစ်ပါတယ်။

    (မေး) Northern Illinois University’s Burma Studies Conference က ဆရာမရဲ့စကားဝိုင်းမှာ အကြောက်တရားအကြောင်း ဆွေးနွေးခဲ့ပါတယ်။ အဲ့ဒီမှာ “အကြောက်တရားက လူထုကို ခက်ထန်မှောက်မှားမှုဆီ တွန်းပို့နေတယ်” လို့ ဆရာမ ပြောဆိုခဲ့တယ်။ လက်ရှိကာလ မြန်မာနိုင်ငံမှာ ဒီဖစ်စဉ်ထင်ရှားလာမှုအပေါ် ဆရာမရဲ့အမြင် ဘယ်လိုရှိပါသလဲ ?
    (ဖြေ) အဲ့ဒါက နာမည်ကြီးစာရေးဆရာတစ်ဦးရဲ့ ၀တ္ထုတိုတစ်ပုဒ်ပါ။ စာပေစကားဝိုင်းတစ်ခုကနေ သူ့ဆီက ကျွန်မ ပြန်ကြားသိခဲ့ရတယ်။ အဲ့ဒီအချိန်က တိုင်းပြည်ဟာ ဦးသိန်းစိန်အစိုးရ လက်အောက်မှာ ရှိနေဆဲပေါ့။ ဒိဇာတ်လမ်းက အစိုးရရဲ့ အရှိုက်ကို အထိနာအောင် ထိုးနှက်နိုင်ခဲ့ပါတယ်။ (ဇာတ်လမ်းမှာ) ရန်ကုန်မြို့ကုမ္မဏီတစ်ခုက အောက်ခြေအဆင့် စာရေး မောင်ခရဲ့အကြောင်းဖြစ်တယ်။ မန်နေဂျာဖြစ်သူ မောင်က ဆိုတာ အလွန်ဆိုးသွမ်းမောက်မာလှသူဖြစ်တယ်။ မောင်ကရဲ့မကောင်းကြောင်းကို အခြားဝန်ထမ်းများစွာက နောက်ကွယ်မှာ ပြောဆိုကြပေမယ့် မောင်ခ ကတော့ အဲ့ဒီလိုပြောဆိုမှုမှ ကင်းစွာနေပါတယ်။ သာမန်အားဖြင့် မောင်ခဟာ မောင်ကရဲ့လုပ်ရပ်ဆိုးများကို လက်ခံနေသယောင်ရှိတယ်။ အလုပ်ချိန်ပြီးသွားတဲ့အခါ မောင်ခဟာ ပန်းဆိုးတန်းတံတားဖက်လမ်းမပေါ်က ခြေသည်းလက်သည်းလှီးဖြတ်သူများဆီ သွားတယ်။ ကျွန်မတို့ရဲ့ထုံးတမ်းဓလေ့အရ တစ်ပါးသူရဲ့ ခြေထောက်ကို ကိုယ်တွယ်ခယသူဟာ အဆင့်အနိမ့်ဆုံးသူဖြစ်တယ်။ အဲ့ဒီလို(ခြေသည်းလှီးဖြတ်ခံယူနေတဲ့)အချိန်မှာ မောင်ခက အထက်အရာရှိသူဋ္ဌေးတစ်ဦးသဖွယ် ဖြစ်နေပါတယ်။ ကိုင်တွယ်လှီးဖြတ်ခြင်း ပြီးစီးတဲ့နောက် သူဟာ ခြေသည်းလှီးဖြတ်သူကို ကျသင့်ငွေပေးပြီး “နှုတ်ဆက်ပါတယ်(bye bye) မောင်က” လို့ ပြောဆိုလိုက်ပါတော့တယ်။

    တစ်စုံတစ်ဦးကို မောင်က လို့ခေါ်ဆိုသမုတ်လို့ မိမိခြေထောက်ကို ကိုယ်တွယ်ခယစေပြီး မိမိဖာသာ လက်စားချေလိုက်တဲ့သဘောပါပဲ။ လူထုထံမှာ လက်စားချေတုန့်ပြန်လိုစိတ် ရှိနေကြပေမယ့် ဒီလိုလုပ်ခြင်းက ထိခိုက်နစ်နာမှု ရှိလာမှာလည်း သိကြတယ်။ မောင်ခဟာ မန်နေဂျာမောင်ခအပေါ် အကြောက်တရားကြောင့် ယဉ်ကျေးကောင်းမွန်စွာဆက်ဆံသည့်တိုင် သူ့ဆီမျာ လက်စားချေလိုစိတ် ကိန်းအောင်းနေတယ်။ ဒါပေမယ့် ဘာမျှ ပြန်လုပ်နိုင်စွမ်းမရှိ။ သူ့အတွက် အန္တရာယ်ရှိလာမှာ သိနေလို့ဖြစ်တယ်။ ဒါ့ကြောင့် သူဟာ မိမိအပေါ် လက်တုန့်ပြန်မှာမဟုတ်တဲ့ လူတစ်ဦးကို မောင်က အဖြစ် ယိုးမှတ်ပြီး လက်စားချေတုန့်ပြန်လိုက်တာပါ။ အဲ့ဒါကို မှောက်မှားခက်ထန်မှု လို့ ကျွန်မ ဆိုရခြင်းဖြစ်ပါတယ်။

    လူတွေက ဒီဇာတ်လမ်းကို ခရိုနီများနဲ့အစိုးရအပေါ် ထိုးနှက်ချက်တစ်ရပ်အဖြစ် နှစ်သက်ကြပါတယ်။ ဒါပေမယ့် ကျွန်မအတွက် တုန်လှုပ်စရာဖြစ်သွားခဲ့ရတယ်။ အကြောက်တရားက လူထုကို မှောက်မှားခက်ထန်စေကြောင်း ကျွန်ုပ် ခံစားမိလို့ဖြစ်တယ်။ သူတို့ဟာ မိမိတို့ရဲ့ဝေဖန်ပိုင်းခြားတတ်မှုနှင့် ကျိုးကြောင်းသင့်လျော်မှုကို မှန်ကန်စွာ အသုံးမပြုတတ်တော့ မိမိတို့ရဲ့ လက်စားချေတုန့်ပြန်ပုံက ဘယ်လိုဖြစ်သွားပါသလဲ ? ဒါဟာ ကျွန်မတို့လူ့အသိုင်းအ၀ိုင်းထဲ အကြောက်တရာနဲ့ပတ်သက်ပြီး ကိုင်တွယ်စီမံပုံကို မီးမောင်းထိုးပြနေပါတယ်။ ဒီဇာတ်လမ်းအားဖြင့် လူထုရဲ့ စိတ္တဗေဒအနေအထား တစေ့တစောင်းကို ကျွန်မ ပိုမို သိမြင်နားလည်ခဲ့ရပါတယ်။

    (မေး) မိမိတို့ရဲ့ လက်စားချေတုန့်ပြန်မှုများကို (အဲ့ဒီလို လွဲမှားစွာ) ထုတ်ဖော်နေသူများက ဘယ်သူတွေလဲ ?

    (ဖြေ) ဘာသာရေး၊ လူမျိုးရေးအကြမ်းဖက်မှုကို အသုံးချနေသူများလို့ ကျွန်မ ထင်မြင်ပါတယ်။ ပြည်သူတစ်ရပ်လုံးဆီမှာ အကြောက်အတရားက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့ပြီးဖြစ်တယ်။ သူတို့က လက်စားချေလိုစိတ် ပြင်းထန်နေပြီး လက်တုန့်ပြန်နိုင်စွမ်းမရှိတဲ့ တစ်စုံတစ်ဦးကို (အထက်ပါဇာတ်လမ်းအတိုင်း) ရှာဖွေနေတတ်ကြပါတယ်။ နောက်ဆုံးတော့ လူနည်းစုဝင်တို့ကို (အစားထိုး လက်တုန့်ပြန်နိုင်သူများအဖြစ်) ရှာတွေ့သွားပါတယ်။ သို့အတွက် အကြောက်တရားက လူထုကို မှောက်မှားခက်ထန်သွားစေတယ်လို့ ကျွန်မ ဆိုရခြင်းဖြစ်ပါတယ်။

    (မေး) လူထုအနေနဲ့ သူတို့ရဲ့အကြောက်တရားကို ဘယ်လိုဖြေရှင်းသင့်တယ်လို့ ဆရာမ ထင်မြင်ပါသလဲ ?

    (ဖြေ) လူတွေက ကျွန်တော်တို့ဆီမှာ နောက်ထပ်ပြဿနာများစွာ ရှိသေးတယ်လို့ ဆိုကြတယ်။ မဟုတ်ပါဘူးလို့ ကျွန်မ ပြောချင်ပါတယ်။ ပြဿနာတွေကတော့ အနည်းနဲ့အများဆိုသလို အတိတ်ကာလအတိုင်းပါပဲ။ ယခုအခါ ပိုမိုသိမြင်နားလည်လာကြတယ်၊ ပိုမိုဖွင့်ဟ၀န်ခံလာကြတယ်။ ယခင်က ကျွန်တော်တို့ဆီမှာ ပြဿနာများရှိကြောင်း ၀န်မခံတတ်ကြပါဘူး။ ဘာပြဿနာမျှ မရှိသလို ဟန်ဆောင်ခဲ့ကြတယ်။ ယခုအခါမှာ (ဖြေရှင်းရမယ့်) ပြဿနာများနဲ့ပတ်သက်ပြီး ကျွန်မတို့ ၀န်ခံဖွင့်ဟရဲလာပြီ။ ကျွန်မတို့အနေနဲ့ (အဆိုပါဇာတ်လမ်းမှ) စာရေး မောင်ခ လိုမျိုး ဘာကြောင့် ဟန်ဆောင်ခယဆက်ဆံနေဦးမှာလဲ။ စိတ်မပါဘဲ ဟန်ဆောင်ခယနေမယ့်အစား တကယ့်ဒုစရိုက်သမားအစစ်တို့ကို တိုက်ရိုက်ရင်ဆိုင်လိုက်ပါ၊ သတ္တိရှိရှိ ထိပ်တိုက်ပြောဆိုလိုက်ပါ။

    (မေး) ဆရာမက ဘယ်သူတွေကို ဒီလို တိုက်ရိုက်ရင်ဆိုင်စေလိုပါသလဲ ?

    (ဖြေ) လူအများအပြားရှိပါတယ်။ လူထုအပေါ် တရားဝင်တောင်းပန်ချက်တစ်ရပ် ဖြစ်လာစေရေးအတွက် ကျွန်မဟာ နိုင်ငံရေးအကျဉ်းသားဟောင်းများကို တိုက်တွန်းထားပြီး ဖြစ်တယ်။ တကယ်လို့ ကျွန်မတို့က ခွင့်လွှတ်ခြင်းတရား ကျင့်သုံးဖို့ အသင့်ရှိကြလျှင်ပင် တာဝန်ကျေမှာမဟုတ်ဘူး။ အခြားတစ်ဖက်မှာတော့ ဒုစရိုက်သားများက မကောင်းမှုတွေကို ထပ်ဖန်တလဲလဲ ပြုလုပ်နေဦးမှာ ဖြစ်တယ်။ သူတို့တစ်တွေအနေနဲ့ တောင်းပန်ခြင်းဖြင့် မိမိတို့ရဲ့ အပြစ်ကနေ လွတ်မြောက်စေတာမျိုး ကျွန်မ ဆန္ဒရှိပါတယ်။ ဒါက ကျွန်မတို့အတွက်သာ မဟုတ်ဘူး၊ သူတို့အတွက်ပါ ကောင်းကျိုးဖြစ်စေမှာပါ။ တစ်ချို့သောသူတွေက မိမိတို့ဟာ အရိုးခံပါ၊ မိမိတို့မှာ အပြစ်ရှိမရှိ ဆိုတာတောင် မသိပါဘူးလို့ ပြောကောင်းပြောဆိုပါမယ်။ ဒါပေမယ့် ကျွန်မ အယုံအကြည်မရှိပါဘူး။ သူတို့အနေနဲ့ ပြစ်မှုစက်ကွင်းက ထွက်ခွာလာခြင်းသာ သူတို့အတွက် ကောင်းမွန်စေမယ်လို့ ကျွန်မ ထင်မြင်ပါတယ်။

    (မေး) ဒီလို တရားဝင်တောင်းပန်ချက်ကို မြန်မာနိုင်ငံအတွင်း ခံစားထိုက်သူတွေဟာ ဘယ်သူတွေလို့ ဆရာမ ယူဆပါသလဲ ?

    (ဖြေ) မျိုးဆက်တိုင်းက လူထုတစ်ရပ်လုံးပါပဲ။ ကျွန်မတို့အားလုံးက ထိုက်တန်သူတွေပါ။ တစ်ချို့သောသူတွေဟာ ဖမ်းဆီးခံရတယ်၊ မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတယ်။ ဒါပေမယ့် သူတို့ချည်း မဟုတ်ပါဘူး။ သာမန်လူထုတွေလည်း နစ်နာမှုထဲ ပါဝင်ပါတယ်။ သူတို့ဟာ ကာယကံမြောက်စော်ကားမှုကို မခံရရင်တောင်မှ အခြေခံအားဖြင့် အကြမ်းဖက်မှုသားကောင်တွေ ဖြစ်ခဲ့ရပါတယ်။ ယဉ်ကျေးမှုနဲ့ အခြေခံလူ့အဖွဲ့အစည်းဆိုင်ရာ အကြမ်းဖက်စော်ကားမှုဒဏ်ကို လူထုတစ်ရပ်လုံး ခံစားခဲ့ရပြီးပါပြီ။

    (မေး) ဒီလို တောင်းပန်လိုက်ယုံနဲ့ လုံလောက်သွားပြီလား ?

    (ဖြေ) စင်စစ်မှာတော့ မလုံလောက်ပါဘူး။ ဒါပေမယ့် ၀န်ချတောင်းပန်မှုက လူထုရဲ့နှလုံးသားကို ထိခတ်စေပါတယ်။ တင်းမာမှုနဲ့ လက်စားချေလိုစိတ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့်လည်း ဒီကိစ္စကို တရားဝင်ဆောင်ရွက်နိုင်ခြင်းက အကောင်းဆုံးပါပဲ။ ၀န်ချတောင်းပန်မှုဆိုတာ ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။

    (မေး) အခုဆိုရင် မြန်မာပြည်မှာ “အမျိုးသားရင်ကြားစေ့ရေး” ဆိုတဲ့စကား အလွန်လူပြောများနေကြတယ်။ ဒီအယူအဆအပေါ်ဆရာမအနေနဲ့ ဘယ်လို သုံးသပ်ဝေဖန်ချင်ပါသလဲ ?

    (ဖြေ) အမှားဝန်ခံမှုမပြုဘဲ သို့တည်းမဟုတ် အမှားကိုအမှားအယွင်းလို့ အသိအမှတ်မပြုလက်မခံဘဲနဲ့တော့ အနာဂတ်အတွက် အမျိုးသားရင်ကြားစေ့ရေးဆွေးနွေးချက်များဟာ ငြိမ်းချမ်းရေးကို ရေရှည်ခိုင်မာအောင် ထိန်းသိမ်းသွားနိုင်မှာ မဟုတ်ပါဘူး။

    (မေး) အစကနဦးမှာ ဆရာမက ဆင်းရဲမွဲတေမှုအကြောင်း ဆန်းစစ်သုံးသပ်မှုအမြင်တွေကို ချပြတဲ့ စာရေးသူအဖြစ် ဒီလောကထဲ ၀င်ရောက်လာခဲ့တယ်နော်။ အခုအချိန်မှာ ဘယ်လိုဆန်းစစ်သုံးသပ်မှုမျိုးကို ချပြဖို့ အာသီသရှိနေပါသလဲ ?

    (ဖြေ) ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲမွဲတေမှုသာမက အသိပညာ၊ ဗဟုသုတပါ ဆင်းရဲမွဲတေမှု ဖြစ်နေကြပါတယ်။ ဒါဟာ တကယ့်ဆိုးဝါးတဲ့ ပြဿနာ တစ်ရပ်ပါ။ ဒါကြောင့်လည်း လွတ်လပ်စွာထုတ်ဖော်ခွင့်အတွက် တွန်းအားပေးခြင်းက ကျွန်မရဲ့ ထိပ်တန်းအဆင့်လှုပ်ရှားမှုတစ်ခု ဖြစ်နေတာပေါ့။ ခင်ဗျားဟာ ကြွယ်ဝချမ်းသာသူ သို့မဟုတ် အာဏာရှိသူ ဖြစ်နေပါစေ အသိပညာဗဟုသုတ လုံလုံလောက်လောက် မရှိထားဘူးဆိုရင် ခင်ဗျားဟာ အစွမ်းအစကင်းမဲ့သူပါပဲ။ ပြည်သူလူထုတစ်ရပ်လုံး အသိပညာအားကောင်းလာအောင် ပြုလုပ်ကြဖို့ ကျွန်မ အမှန်တကယ် တိုက်တွန်းချင်ပါတယ်။ အစွမ်းအစ၊ စေတနာ၊ လူထုပါဝင်ရေးအသိတရား မရှိဘဲနဲ့ အပြောင်းအလဲတစ်ရပ်ကို ကျွန်မတို့ ဘယ်လိုဖော်ဆောင်နိုင်မှာလဲ ?

    (မေး) လိုအပ်နေတဲ့ အသိပညာအမျိုးအစား ဆိုတာ ?

    (ဖြေ) စနစ်ဇယားနဲ့ပတ်သက်တဲ့ အသိပညာ၊ ကျွန်မတို့ ဘယ်ကို ဦးတည်ရှေ့ရှုနေကြောင်း အသိပညာ၊ မိမိတို့ရဲ့ စွမ်းဆောင်ရည်ဆိုင်ရာအသိပညာတွေပေါ့။ မိမိတို့ကိုယ်တိုင် လူ့အဖွဲ့အစည်းပြောင်းလဲဖို့ ပေးဆပ်နိုင်စွမ်းရှိသူ အပါအ၀င်ဖြစ်တယ်လို့ မခံစား မခံယူနိုင်သရွေ့ အစွမ်းအစမဲ့နေဦးမှာပါပဲ။

    (ဖြေ) တိုင်းပြည်အတွက် အရေးအပါဆုံးပုဂ္ဂိုလ်က ဘယ်သူလဲလို့ ကျွန်မရဲ့စကားဝိုင်းတွေမှာ ကျွန်မ မေးခွန်းထုတ်လေ့ရှိပါတယ်။ လူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်ပါလို့ ဆိုကြပါလိမ့်မယ်။ မှန်ထဲကို ကြည့်လိုက်ပါ၊ အသင်သာလျှင် အရေးအပါဆုံးပုဂ္ဂိုလ် ဖြစ်ကြောင်း တွေ့ရပါမယ်၊ ကျွန်မတို့ တစ်ဦးချင်းစီမှာ ဒီအသိတရားကို အသိအမှတ်ပြုသင့်တယ်။ တကယ်လို့ မိမိကိုယ်ကို အရေးပါသူလို့ ခံယူရင် အသင်ဟာ တစ်စုံတစ်ရာသော အားထုတ်မှု ပြုလာပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင်တော့ အသင်ဟာ မိမိအတွက် တစ်ပါးသူ လုပ်ပေးမှာကို ထိုင်စောင့်နေရတော့မှာ ဖြစ်ပါတယ်။ လူတိုင်းကိုယ်စီက မိမိသည် မိမိတိုင်းပြည်အတွက် အရေးအပါဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ ခံယူချက်ထားရှိစေချင်ပါတယ်။

    (မေး) လွတ်လပ်စွာထုတ်ဖော်ခွင့်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ အပြည့်အ၀ မဆွေးနွေးနိုင်ဘူးလို့ ဆရာမ ပြောကြားခဲ့ပါတယ်။ ဒီအကြောင်းရပ်အပေါ် ဘယ်လို အမြင်သဘောထားရှိပါသလဲ ?

    (ဖြေ) လွတ်လပ်စွာထုတ်ဖော်ခွင့် ဆိုတဲ့နေရာမှာ လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေကို မဆိုလိုပါဘူး၊ အားလုံးကို ခြုံငုံပါဝင်စေတဲ့ အခွင့်အရေးကို ပြောတာဖြစ်ပါတယ်။ တစ်ပါးသူတို့ရဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့် ကျင့်သုံးနိုင်ရေးကို ကျွန်မတို့ ခုခံကာကွယ်မှု မပေးနိုင်သေးသရွေ့၊ ခုခံကာကွယ်ပေးခွင့် မရရှိသေးသရွေ့ ကျွန်မတို့လည်း လွတ်လပ်စွာထုတ်ဖော်ခွင့် မရရှိနိုင်ပါဘူး။ အဆင့်လေးရပ်အပေါ် ကျွန်မတို့ ဆန်းစစ်ရပါလိမ့်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တရားဥပဒေစိုးမိုးသက်ရောက်မှု၊ သင်းပင်းအုပ်စုရေးရာနဲ့ တစ်သီးပုဂ္ဂလဆိုင်ရာ အဆင့်များဖြစ်ပါတယ်။

    (မေး) ဒီအရေးအရာအပေါ် အားလုံးခြုံငုံပါဝင်စေတဲ့နည်းလမ်းမျိုးနဲ့ ဆရာမက ဘာကြောင့် ချဉ်းကပ်ရပါသလဲ ?

    (ဖြေ) မိမိရဲ့ လွတ်လပ်စွာဖော်ထုတ်ခွင့် ကျင့်သုံးနိုင်ပါတယ်လို့ ခင်ဗျားယုံကြည်နေသည့်တိုင် အခြေခံဥပဒေမှာတော့ ခင်ဗျားအဖို့ အန္တရာယ်အနံ့ မကင်းဘူး။ တရားဥပဒေကြောင်းအရ ဒါဟာ ပြစ်မှုကျူးလွန်ရာ ရောက်နေပြီဖြစ်ပါတယ်။ သင်းပင်းအုပ်စုအရ အသင်ဟာ မိမိဖာသာ လုပ်ကိုင်ဆောင်ရွက်ခြင်းကြောင်း လူ့အဖွဲ့အစည်း အသွင်မဆောင်ပြန်ဘူး။ တစ်သီးပုဂ္ဂလဆိုင်ရာအရ ကြည့်ပြန်ရင်လည်း လူနည်းစုဝင်တို့ရဲ့ ဘာသာစကားကို ထည့်သွင်းရမှာဖြစ်ပါတယ်။ ကာလအပိုင်းအခြားနဲ့ ထုတ်ဝေတဲ့ စာစောင်/မဂ္ဂဇင်းတွေ အစုံအလင်ရှိနေပါပြီ၊ ဆင်ဆာဖြတ်တောက်မှု မရှိတော့ပါဘူးလို့ ပြောကြမယ် ဆိုပါစို့၊ မြန်မာဘာသာစကား မပြောဆိုမသုံးနှုန်းတဲ့ လူတစ်ယောက်အတွက် ဘယ်လိုအဓိပ္ပာယ်သက်ရောက်သွားမလဲ၊ သူတို့အတွက် လွတ်လပ်စွာပုံနှိပ်ထုတ်ဝေခွင့် မရှိကြပါဘူး။

    (မေး) လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ကာကွယ်ခြင်းနဲ့အတူ လူထုအကြား မီဒီယာအသိပညာ ကျယ်ကျယ်ပြန့်ပြန့် လိုအပ်နေတယ်လို့ ဆရာမက ဇောင်းပေးပြောသွားခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး ထပ်မံ ရှင်းပြပေးနိုင်မလား ?

    (ဖြေ) မြောက်များစွာသောလူတွေဟာ မီဒီယာက ပုံဖော်တဲ့ သတင်းအချက်အလက် (နဲ့) မူလသတင်းရင်းမြစ်အချက်အလက်ကို ကွဲပြားအောင် မခွဲခြားတတ်ကြပါဘူး။ ဒါကြောင့် ဘယ်သတင်းက ယုံကြည်စိတ်ချရတယ်၊ ဘယ်သတင်းက ပုံဖော်ချက်သတင်း သို့မဟုတ် ဘက်လိုက်သတင်းဖြစ်တယ် ဆိုတာကို မဆုံးဖြတ်နိုင်ကြဘူး။ ကျွန်မတို့ရဲ့ ဆင်ဆာကိစ္စအပေါ် မီဒီယာပိုင်ရှင်ရဲ့ သြဇာလွှမ်းမိုးမှုလည်း အတော်အတန် ကြီးမားပါတယ်။ ကိုယ်တိုင်တည်းဖြတ်မှုဖြစ်စေ၊ စုပေါင်းတည်းဖြတ်မှုဖြစ်စေ မီဒီယာပိုင်ရှင်နဲ့ ဆက်စပ်နေပါတယ်။ ဘယ်မီဒီယာက ဘာကို ကိုယ်စားပြုနေတယ်ဆိုတာ ပြည်သူလူထုက တကယ့်ကို မသိရှိကြပါဘူး။

    (မေး) လက်စမသတ်ရသေးတဲ့အရာတွေထဲက ဘယ်အရာကို ပြီးမြောက်အောင် ဆောင်ရွက်ချင်နေပါသလဲ ?

    (ဖြေ) ၀တ္တုတစ်အုပ်ကို လက်စသတ်ချင်နေပါတယ်။ ခေါင်းစဉ်နဲ့ ဒီဇိုင်းပိုင်းကတော့ စီမံပြီးပါပြီ။ သို့ပေမယ့် သုတေသနလုပ်ဖို့နဲ့ ရေးသားဖို့က လုံလောက်တဲ့အချိန် မရနိုင်သေးပါဘူး။ မြို့တစ်မြို့အကြောင်းပါ။ အဲ့ဒီဇာတ်အိမ်ရဲ့ဇာတ်ကောင်ကတော့ အဲ့ဒီမြို့ ကိုယ်တိုင်ပဲဖြစ်ပါတယ်။

    မသီတာ၏ မကြာသေးမီက ထွက်ရှိခဲ့သော စာအုပ်မှာ အင်းစိန်လမ်းမတစ်လျှောက် ကျွန်မ၏ခြေရာများဟု အမည်ရသည်။ လှုပ်ရှားတက်ကြွသူနှင့် နိုင်ငံရေးအကျဉ်းသားဘ၀မှ အမှတ်တရအကြောင်းအရာများကို ရေးသားထားသည်။ ၂၀၁၂ ခုနှစ်က စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ် အမည်ဖြင့် မြန်မာဘာသာနှင့် ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထုတ်ဝေသည်။

    (Ref : Ma Thida: ‘Fear Makes People Fierce’, By Sally Kantar ; The Irrawaddy Translation : Myintmo Maung Maung)