News @ M-Media

Tag: Bangladesh

  • ပန်းဝါ အကြမ်းဖက်မှု မသင်္ကာသူများကို ဖမ်းဆီး

    ပန်းဝါ အကြမ်းဖက်မှု မသင်္ကာသူများကို ဖမ်းဆီး

    အောက်တိုဘာ၊ ၂၊ ၂၀၁၂

    Source: ဧရာဝတီ

    ဗုဒ္ဓ သာသနိက အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးတာဟာ အစ္စလမ်အခြေခံဝါဒီတွေ လက်ချက်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ပြောကြားလိုက်ပါတယ် (ဓာတ်ပုံ – Reuters)

     

    ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပန်းဝါ (ခေါ်) ရာမူးမြို့က စတင်ခဲ့တဲ့ ဗုဒ္ဓ သာသနိက အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးမှု ဖြစ်ပွားခဲ့တာဟာ အစ္စလမ်အခြေခံ ဝါဒီတွေရဲ့ လက်ချက်ကြောင့်ဖြစ်ပြီး တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ထိန်းသိမ်းထားတဲ့ လူ ၁၇၀ ကျော်ထဲမှာ အတိုက်အခံ ပါတီဝင်တွေ ပါဝင်နေတယ်လို့လည်းလို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး မိုဟိအူဒင် ခန် အလမ်ဂါက အခင်းဖြစ်ပွားရာကို သွားရောက်ခဲ့စဉ် အတွင်း အခုလို ပြောဆိုခဲ့တာ ဖြစ်ပြီး နယ်မြေခံ အတိုက်အခံ ဘင်္ဂလားဒေ့ရှ် နေရှင်နယ်လစ် ပါတီခေါင်းဆောင်ကို အရေးအခင်း ဖြစ်ပွားအောင် လှုံ့ဆော်တယ်လို့လည်း ပြောကြားလိုက်ပါတယ်။

    တပြိုင်နက်တည်းမှာ ဒါကာက အတိုက်အခံ ပါတီခေါင်းဆောင် ခါလီဒါဇီယာက ဘင်္ဂလားဒေ့ရှ် အစိုးရဟာ နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်နေကြတဲ့ ဗုဒ္ဓဘာသာဝင် လူနည်းစုကို လုံခြုံမှု မပေးနိုင်တဲ့အပြင် အရေးအခင်းကို အကြောင်းပြပြီး အတိုက်အခံ တွေကို နှိပ်ကွပ်မှာ စိုးရိမ်တယ်လို့ ကြေညာချက် ထုတ်ပါတယ်။

    ဘင်္ဂလာဒေ့ရှ်နိုင်ငံ ပန်းဝါမြို့က စတင်လိုက်တဲ့ အကြမ်းဖက်မှုတွေဟာ စစ်တကောင်း တိုင်းအတွင်းက ကော့စ်ဘာဇာခရိုင်၊ ဦးကီယာ၊ တက္ကနာနဲ့ စစ်တကောင်း ခရိုင် ပေါ်တီယာမြို့တွေကို ပျံ့နှံ့သွားခဲ့ပြီးနောက် အကြမ်းဖက်မှုနဲ့ ပတ်သက်သူတွေကို အာဏာပိုင်တွေက ဆက်တိုက် ဖမ်းဆီးမှုတွေ ပြုလုပ်လာခဲ့တာ အခုဆို လူ ၁၇၀ ကျော်ကို ဖမ်းဆီးရမိထားကြောင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ မြို့တော် ဒါကာထုတ် သတင်းစာတွေနဲ့ ဒေသတွင်း သတင်းစာတိုင်းမှာ ဖော်ပြနေပါတယ်။

    ဖမ်းဆီးမှုတွေအကြောင်း ကော့စ်ဘာဇာ ရဲအရာရှိတဦးက “ဖမ်းတာတွေကတော့ ၁၇၀ ကျော်ပြီ။ သူတို့ကို စစ်တကောင်းမြို့နယ်နဲ့ ကော့စ်ဘာဇာ မြို့နယ်တွေက ဖမ်းဆီးထားတာပါ” လို့ ဧရာဝတီကို ပြောပါတယ်။

    ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်းနဲ့ အိမ် ၄၀ လောက် မီးရှို့ဖျက်ဆီး ခံရအပြီး ဒေသတွင်းမှာ နေထိုင်ကြသူ ဒုက္ခသည် ဗုဒ္ဓဘာသာဝင်တွေ ရပ်ရွာကို ပြန်လာကြရာမှာ စစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အကာအကွယ် ပေးပါတယ်။

    ဒေသခံ ဘင်္ဂလားဒေ့ရှ် စစ်တပ်ရဲ့ အဆိုအရ လူ တထောင်လောက် ထွက်ပြေးခဲ့ရပြီး အခု တိုက်ခိုက်မှုတွေ မရှိတော့ဘူးလို့ သိရပါတယ်။ ပျက်စီးသွားတဲ့ အိုးအိမ်တွေကို ပြန်ဆောက်ပေးမယ် လို့လည်း အစိုးရက ပြောပါတယ်။

    အစ္စလမ်ဘာသာကို အများစု ကိုးကွယ်ကြတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ လူဦးရေ ၁၅၃ သန်းမှာ ဗုဒ္ဓဘာသာဝင်ဟာ ၁ ရာခိုင်နှုန်းသာရှိပြီး မြန်မာနယ်စပ်နဲ့ ကပ်နေတဲ့ ဒေသတွေမှာ နေထိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ် ဗုဒ္ဓဘာသာ အသင်း ဥက္ကဋ္ဌရဲ့ အဆိုအရ ပြီးခဲ့တဲ့ တိုက်ခိုက်မှုဟာ ပါကစ္စတန်က ခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေး ကြေညာခဲ့ချိန်ကစလို့ ဒီလိုမျိုး တခါမှ မကြုံသေးဘူးလို့ သိရပါတယ်။ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဩဇာရှိတဲ့ လူမှုရေးခေါင်းဆောင် ၉ ဦးကလည်း တရားဥပဒေအရ စုံစမ်းစစ်ဆေးရေး အမြန်စဖို့ တောင်းဆိုထားပါတယ်။

    ရိုဟင်ဂျာ ဒုက္ခသည်တွေ တိုက်ခိုက်မှုမှာ ပါတယ်လို့ ကောလာဟလတွေ ထွက်နေပေမယ့် ခိုင်မာတဲ့ အထောက်အထား မရှိဘဲ အဖမ်းအဆီး ခံရမှုများလည်း မရှိသေးပါဘူး။

  • ဘုန်းကြီးကျောင်းတွေကို တိုက်ခိုက်မှု၊ ဒါကားမှာ ဘာသာပေါင်းစုံ ကန့်ကွက်ဆန္ဒပြ

    ဘုန်းကြီးကျောင်းတွေကို တိုက်ခိုက်မှု၊ ဒါကားမှာ ဘာသာပေါင်းစုံ ကန့်ကွက်ဆန္ဒပြ

    အောက်တိုဘာ၊ ၂ ၊ ၂၀၁၂

    Source: BBC

    ဘုန်းကြီးကျောင်းတွေကို တိုက်ခိုက်မှု၊ ဒါကားမှာ ကန့်ကွက်ဆန္ဒပြ

    လုံခြုံရေး တွေကိုလည်း တိုးချထားပါတယ်

     ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေ မီးရှို့ တိုက်ခိုက် ခံခဲ့ရတဲ့ အပေါ် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ် ဘာသာပေါင်းစုံ အဖွဲ့တွေနဲ့ တက္ကသိုလ် ပေါင်းစုံက ကျောင်းသားတွေ စုပေါင်းပြီး ဒါကားမြို့ အမျိုးသား ပြတိုက်ရှေ့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြ ပါတယ်။

    ဘင်္ဂလားဒေ့ရှ် အစိုးရက လုံခြုံရေး တွေ တင်းတင်း ကျပ်ကျပ် ချထားပြီး မတည်ငြိမ်မှု တွေ ဆက် မဖြစ်အောင် ထိန်းသိမ်း နေချိန်မှာပဲ အဖွဲ့ အစည်း ပေါင်းစုံက လူပေါင်း ၅၀ဝ လောက်က အခုလို ကန့်ကွက် ဆန္ဒပြခဲ့ကြတာပါ။

    မီးရှို့တိုက်ခိုက် ခံခဲ့ရတဲ့ ဘုန်းတော်ကြီးကျောင်း ၂၂ ကျောင်း ထဲမှာ တချို့ ကျောင်းတော် တွေဟာ နှစ်ပေါင်း ၂၅၀ ကျော် ၃၀ဝ ခန့်က တည်ရှိခဲ့တဲ့ ကျောင်းတွေ ဖြစ်ကြပါတယ်။ရှေးခေတ် ရွှေဆင်းတုတော်တွေ ပျောက်ဆုံးတာ၊ ပိဋကတ်တော်တွေ မီးလောင် ပျက်ဆီးသွားတာတွေနဲ့ ရှေးဟောင်း စာပေတွေ ပျက်ဆီး သွားတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ရှေးခေတ် ယဉ်ကျေးမှု အမွေ အနှစ်တွေ လုယက် ဖျက်ဆီး ခံခဲ့ရတာ ဖြစ်လို့ ဘင်္ဂလားဒေရှ်က ဗုဒ္ဓဘာသာဝင်တွေ အတွက် အကြီးမားဆုံး ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်။

    ဗုဒ္ဓဘာသာဝင် အမျိုးသား တစ်ယောက်ရဲ့ ဖေ့စ်ဘွတ်ခ် ပေါ်မှာ အစ္စလာမ် ဘာသာကို စော်ကားတယ် ဆိုတဲ့ ဓာတ်ပုံ တင်ခဲ့တယ် ဆိုတဲ့ စွပ်စွဲ ချက် ပေါ်ထွက်လာပြီး နောက် ရာမူးနဲ့ ကော့ဆက် ဘဇား မြို့တို့မှာ ဗုဒ္ဓဘာသာ ဝင်တွေရဲ့ ဘုန်းကြီးကျောင်းတွေ၊ ဆင်းတုတော် တွေကို မွတ်ဆလင် တွေက တိုက်ခိုက်ခဲ့ ကြတာပါ။ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာလည်း သံဃာ အပါး ၁၀ဝ လောက်က ဘင်္ဂလားဒေ့ရှ် သံရုံး ရှေ့မှာ ဆန္ဒပြခဲ့ကြ တယ်လို့ သိရပါတယ်။

  • ၇ ရာစုက တည်ဆောက်ခဲ့တဲ့ ဗလီ ဘင်္ဂလားဒေ့ရှ်၌ ရှာဖွေတွေ့ရှိ

    ၇ ရာစုက တည်ဆောက်ခဲ့တဲ့ ဗလီ ဘင်္ဂလားဒေ့ရှ်၌ ရှာဖွေတွေ့ရှိ

    လင်းယုန်နက် (ခြင်္သေ့မြို့တော်)

    source:http://www.aljazeera.com/


    အပျော်တမ်း ရှေးဟောင်းသုတေသန ပညာရှင် တစ်ဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရပ်ဝေးရွာတစ်ရွာဖြစ်တဲ့ ရမ်ဂျာပူမှာ ၇ ရာစုက တည်ဆောက်ခဲ့တဲ့ ဗလီဝတ်ကျောင်းတော် တစ်ခုရဲ့ အကြွင်းအကျန်များကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

    မြေအောက်မှာ နစ်မြုပ်နေတဲ့ ကုရ်အာန်စာသားများ ထွင်းထားတဲ့ ကျောက်တုံးများလည်း တွေ့ရှိပြီး တိကျတဲ့ အချက်အလက်များ ဆက်လက်ရှာဖွေနိုင်ပါက တောင်အာရှဒေသရဲ့ အစောဆုံး တည်ဆောက်ခဲ့တဲ့ ဗလီဝတ်ကျောင်းတော်  တစ်ခုအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

    အရှေ့တိုင်းမှာ အစောဆုံး အစ္စလာမ် ယဉ်ကျေးမှု အမွေအနှစ်များကို ၁၂ ရာစုခန့်ကသာ စ၍ တွေ့ရှိရလေ့ရှိပြီး ပိုမိုစောစီးစွာ တည်ဆောက်ခဲ့တဲ့ ဗလီဝတ်ကျောင်းတော်များဟာ တမန်တော်မြတ်သခင် လက်ထက်မှာ တရုတ်နိုင်ငံနဲ့ အိန္ဓိယနိုင်ငံ မာလဘာဒေသတို့မှာ ဖြစ်တယ်လို့ ယူဆကြသော်လည်း ခိုင်မာတိကျတဲ့ အထောက်အထား မရှိတဲ့အတွက် ယခု ရှာဖွေတွေ့ရှိမှုဟာ အလွန်သမိုင်းဝင်မဲ့ ဖြစ်ရပ်ပါ။

     

  • မြန်မာနှင့် ဘင်္ဂလားဒေရှ် ဆွေးနွေး သဘောတူညီချက် သတင်း

    မြန်မာနှင့် ဘင်္ဂလားဒေရှ် ဆွေးနွေး သဘောတူညီချက် သတင်း

     July 2, 2012

    source:http://www.thedailystar.net/

    ၃-ရက်ကြာခရီးရောက်ရှိနေသော မြန်မာနိုင်ငံခြားရေး ဒု-ဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော ၆-ဦးအဖွဲ့အား ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအရာရှိ Mijarul Quayes ဦးဆောင်သော ၉-ဦးအဖွဲ့က လက်ခံတွေ့ဆုံ၍ လက်ရှိနယ်စပ်တွင်ဖြစ်ပွါးနေသော အခြေအနေများနှင့်တကွ နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းလက်တွဲလုပ်ကိုင်ရေးအပြင် အခြားသော အကြောင်းအရာများ ဆွေးနွေးခဲ့ကြပါတယ်။

    မြန်မာ-ဘင်္ဂလားဒေရှ် နယ်စပ် တနေရာ

    ရိုဟင်ဂျာဒုက္ခသည်များ မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ရေး၊ လေကြောင်း၊ ရေကြောင်း၊ ကုန်းလမ်းဆက်သွယ်မှု တိုးမြှင့်ရေးများပါ ထည့်သွင်းဆွေးနွေးကြောင်း သိရှိရသည်။ မြန်မာနိုင်ငံမှ လျှပ်စစ်ဓာတ်အားနှင့် သဘာဝဓာတ်ငွေ့တင်သွင်းရေး၊ ရေအောက်ဆက်သွယ်ရေးလိုင်း၊ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ ပူးတွဲလုပ်ကိုင်ရေးများလည်းပါဝင်ပါတယ်။ မှောင်ခိုလုပ်ငန်းများတိုက်ဖျက်ရေး၊ ကာကွယ်ရေးရာပူးပေါင်းမှုများ၊ မူးယစ်ဆေးဝါး နှိမ်နင်းရေးအပြင် အိန္ဒိယနှင့်ကဲ့သို့ ပူးတွဲနယ်စပ်ထိန်းသိမ်းကွပ်ကဲရေးအဖွဲ့ (Joint Border Management) ဖွဲ့စည်းရေးများကိုလည်း ဆွေးနွေးကြပါတယ် လို့ Mijarul Quayes ကပြောကြားပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရုံးမှ သတင်းထုတ်ပြန်ချက်အရ ဒုက္ခသည်စခန်း ၂-ခုရှိ ရိုဟင်ဂျာ ၂၉၀၀၀-ခန့်အနက် မြန်မာအစိုးရသစ်က ၂၄၁၅-ဦးအား စိစစ်အတည်ပြုပြီးဖြစ်ပြီး အခြားရိုဟင်ဂျာမိသားစု ၁၀-ခုကလည်း မိမိတို့ဆန္ဒအလျောက် နေရပ်ပြန်ရန်စီစဉ်ထားသော်လည်း လတ်တလောဖြစ်ပွါးခဲ့သော အဓိကရုန်းကြောင့် ဤအစီအစဉ် နှောင့်နှေးသွားခဲ့ရကြောင်း သိရပါတယ်။

    တရားဝင် ဒုက္ခသည်ရိုဟင်ဂျာ များစွာ အပြင် တရားမဝင် (မှတ်ပုံတင်မဲ့) ဝင်ရောက်ခိုလှုံနေသူ ရိုဟင်ဂျာ ၄-သိန်းခန့်နှင့် မြန်မာနိုင်ငံသား အကျဉ်းကျခံနေရသူ ၁၀၀-ကျော် ရှိနေကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရုံးမှ ဇူလိုင်လတွင် ၃-ရက်ကြာခရီးရောက်ရှိနေသော မြန်မာနိုင်ငံခြားရေး ဒု-ဝန်ကြီး ဦးမောင်မြင့်အား ပြောကြားခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်နှင့်  မြန်မာ နိုင်ငံခြားရေးဝန်ကြီးအဆင့် အထူးပူးတွဲကော်မရှင် ဖွဲ့စည်းဖို့လည်း သဘောတူဆုံးဖြတ်ခဲ့ကြပြီး  ဘင်္ဂလားဒေ့ရှ်အစိုးရဘက်မှ မူးယစ်ဆေးဝါးနှင့် လက်နက်များ မြန်မာနိုင်ငံဘက်မှ မှောင်ခိုဝင်ရောက်မှုကို အထူးကြပ်မတ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ၁၂၈-ကီလိုမီတာအရှည်ရှိ နှစ်နိုင်ငံဆက်သွယ်လမ်း ဖောက်လုပ်ရန်အသင့်ရှိပြီး မြန်မာနိုင်ငံအတွင်းမှာ ၂၃-ကီလိုမီတာအထိ ဘင်္ဂလားဒေ့ရှ်က ကူညီဖောက်လုပ်ပေးဖို့ ကမ်းလှမ်းထားပြီး ကျန် ၁၀၅-ကီလိုမိတာကို မြန်မာနိုင်ငံမှ ဆက်လက်ဖောက်လုပ်ရမှာ ဖြစ်ပါတယ်။

    ရေအားလျှပ်စစ်တင်ပို့မှုနှင့်ပတ်သတ်၍ မြန်မာနိုင်ငံက ပြည်တွင်းလိုအပ်ချက်ကို ဦးစွာဖြည့်ဆီးရန် လိုအပ်မှုကြောင့် တင်ပို့နိုင်မှုမရှိသေးကြောင်းလည်း သိရှိရပါတယ်။  နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ရေးအတွက် မကြာမီ ရန်ကုန်မြို့၌ ဘင်္ဂလားဒေ့ရှ်ကုန်စည်ပွဲတော် ကျင်းပမှာဖြစ်ပါတယ်။

    လင်းယုန်နက် (ခြင်္သေ့မြို့တော်)

    ၂၀၁၂-ခုနှစ် ဇွန်လ ၂-ရက် (တနင်္လာနေ့)၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ The Daily Star သတင်းစာ၌ပါရှိသော Refugees to be taken back (Myanmar to verify their nationality first) ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။
    http://www.thedailystar.net/newDesign/news-details.php?nid=240596