News @ M-Media

Tag: boxing

  • ဘာတိုနှင့်ပွဲမှာ လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲဟု မေ၀ယ်သာ ထပ်မံအတည်ပြု

    ဘာတိုနှင့်ပွဲမှာ လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲဟု မေ၀ယ်သာ ထပ်မံအတည်ပြု

    စက်တင်ဘာ ၉၊ ၂၀၁၅
    M-Media

    may

    – အန်ဒရေဘာတိုနှင့်ပွဲအပြီးတွင် မိမိအနေဖြင့် လက်ဝှေ့လောကမှ အမှန်တကယ် အနားယူသွားမည်ဖြစ်ပြီး၊ မိမိ မရှိပါက ပက်ကွီအိုမှာ ကမ္ဘာ့အကောင်းဆုံး လက်ဝှေ့သမားအဖြစ် ဆက်ရှိနေမည်ဟု အမေရိကန် လက်ဝှေ့ကျော် မေ၀ယ်သာက ပြောကြားလိုက်သည်။

    မေ၀ယ်သာမှာ ၎င်း၏ ၄၉ ပွဲမြောက်ပွဲအဖြစ် အန်ဒရေဘာတိုနှင့် စက်တင်ဘာ ၁၂ ရက်နေ့တွင် လက်စ်ဗီးဂက်စ်ရှိ MGM Grand Garden Arena ၌ ထိုးသတ်သွားမည်ဖြစ်ပြီး ထိုပွဲမှာ ၎င်း၏ နောက်ဆုံးပွဲဖြစ်မည်ဟု ပက်ကွီအိုအား အနိုင်ရရှိခဲ့သည့် ပွဲအပြီးနောက် ပြောကြားခဲ့သည်။

    သို့သော်လည်း ပြိုင်ဘက်များက မေ၀ယ်သာနှင့် ထိုးသတ်ချင်သည့် ဆန္ဒရှိနေပြီး မေ၀ယ်သာမှာ လက်ဝှေ့လောကတွင် ထပ်မံ ရှိနေဦးမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။ မေ၀ယ်သာကမူ ယမန်နေ့က MGM Grand Garden Arena သို့ ရောက်လာသည့်အချိန်တွင် ဘာတိုနှင့်ပွဲမှာ ၎င်း၏ နောက်ဆုံးပွဲဖြစ်သည်ဟု ထပ်မံ အတည်ပြု ပြောကြားခဲ့သည်။

    ၎င်း လက်ဝှေ့လောကမှ အနားယူသွားပြီးနောက် မည်သူက အကောင်းဆုံးလက်ဝှေ့သမား ဖြစ်မလဲဟု မေးမြန်းခဲ့ရာ မေ၀ယ်သာက အနည်းငယ်စဉ်းစား၍ ပက်ကွီအိုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ပက်ကွီအိုကို ဖယ်ထားလို့မရပါဘူး။ သူက ကြီးကျယ်တဲ့ လက်ဝှေ့သမားတစ်ယောက်ပါ။ သူဟာ ကမ္ဘာ့ချန်ပီယံတစ်ယောက်လည်းဖြစ်ပြီး ကျွန်တော့်ရဲ့ အခက်ခဲဆုံး ပြိုင်ဘက်ပါပဲ။ ကျွန်တော် အနားယူသွားတဲ့အခါ သူဟာ အကောင်းဆုံးအဖြစ် ကျန်နေမှာပါ။ တစ်ခြားလူတွေကတော့ ကျွန်တော်တို့နောက်မှာဘဲ ရှိနေမှာပါ။ ပြီးတော့ တော်တော်ကောင်းတဲ့ လူငယ် လက်ဝှေ့သမားတွေ
    ရှိနေပါသေးတယ်။ ဒါပေမယ့် ကမ္ဘာ့အကောင်းဆုံးဖြစ်ဖို့ကတော့ မလွယ်ပါဘူး” ဟု မေ၀ယ်သာက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Dailymail

  • မေ၀ယ်သာ၏ နောက်ဆုံးပွဲ ပရိသတ်စိတ်ဝင်စားမှုနည်း

    မေ၀ယ်သာ၏ နောက်ဆုံးပွဲ ပရိသတ်စိတ်ဝင်စားမှုနည်း

    စက်တင်ဘာ ၈၊ ၂၀၁၅
    M-Media

    may

    – ယခုလအတွင်း ထိုးသတ်မည့် အမေရိကန်လက်ဝှေ့ကျော် မေ၀ယ်သာ၏ နောက်ဆုံးပွဲမှာ ပရိတ်သတ်များအကြား စွဲဆောင်မှု သိပ်မရှိဘဲ လက်မှတ်ရောင်းအားမှာ ထင်ထားသည်ထက် အလွန်အမင်း နည်းပါးနေသည်ဟု သိရသည်။

    လက်ဝှေ့သမားဘ၀ သက်တမ်းတစ်လျှောက်တွင် ရှုံးပွဲမရှိသေးသည့် မေ၀ယ်သာမှာ စက်တင်ဘာ ၁၂ ရက်နေ့တွင် တစ်နိုင်ငံတည်းသား အန်ဒရေဘာတိုနှင့် ထိုးသတ်မည်ဖြစ်ပြီး ထိုပွဲမှာ ၎င်း၏ လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲဖြစ်မည်ဟု မေ၀ယ်သာက ကြေညာခဲ့သည်။

    သို့သော်လည်း ထိုပွဲအား ပရိတ်သတ်များ၏ စိတ်ဝင်စားမှုမှာ နည်းပါးနေသည်။ မေလဆန်းပိုင်းက ထိုးသတ်ခဲ့သည့် မေ၀ယ်သာနှင့် ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုတို့၏ပွဲတွင် လက်မှတ်ဈေးမှာ ကန်ဒေါ်လာ ၁၅၀၀ မှ ၁၀၀၀၀ အထိ ရှိခဲ့ပြီး ၂ နာရီအတွင်းပင် ရောင်းကုန်သွားခဲ့ကာ မှောင်ခိုဈေးကွက်တွင်လည်း အဆိုပါ လက်မှတ်ဈေးနှုန်းမှာ အဆမတန် များပြားခဲ့သည်။

    ဘာတိုနှင့် ယခုပွဲတွင်မူ အမြင့်ဆုံးလက်မှတ်ဈေးနှုန်းမှာ ဒေါ်လာ ၁၅၀၀ သာဖြစ်ပြီး ထိုအတန်းအတွက် ယခုအချိန်အထိ ထိုင်ခုံ ၁၅၀ သာ ရောင်းချရသေးသည်။

    တစ်ပွဲစာ ၀ယ်ယူကြည့်ရှုရသည့် အမေရိကန် အခပေးရုပ်သံလိုင်းများတွင်လည်း မေ၀ယ်သာနှင့် ဘာတိုတို့၏ ပွဲအတွက် ၀ယ်ယူမှုမှာ ပက်ကွီအိုနှင့်ပွဲ ၀ယ်ယူမှုထက် ၃ ပုံ ၁ ပုံပင် မရှိသေးချေ။ ပက်ကီအိုနှင့်ပွဲတွင် တစ်ပွဲစာ ရုပ်သံဈေးနှုန်းမှာ ဒေါ်လာ ၁၀၀ မှ ၇၄.၉၅ ဒေါ်လာအထိ ရှိခဲ့ပြီး ၀ယ်ယူကြည့်ရှုသူ သန်း ၄၀၀ ခန့်ရှိခဲ့ကာ လက်ဝှေ့သမိုင်းတွင် စံချိန်တင်ခဲ့ခြင်းလည်းဖြစ်သည်။

    ယခုပွဲမှာ မေ၀ယ်သာနှင့် ကေဘယ်ရုပ်သံလိုင်း Showtime တို့၏ စာချုပ်ချုပ်ထားမှုမှ ဆဌမနှင့် နောက်ဆုံးပွဲဖြစ်ပြီး မေ၀ယ်သာမှာ ကန်ဒေါ်လာ ၃၈ သန်း ရရှိမည်ဖြစ်သည်။ မေ၀ယ်သာကမူ ပရိတ်သတ် စိတ်ဝင်စားမှုအတွက် မိမိက မစိုးရိမ်ဟု ဆိုသည်။

    “လူတွေက တီဗီဖွင့်ကြည့်နိုင်သလို၊ မကြည့်ချင်လည်း ပိတ်ထားလို့ရပါတယ်။ ကျွန်တော် မစိုးရိမ်ပါဘူး။ ကျွန်တော့်ရဲ့ လက်ဝှေ့သမိုင်းကြောင်းက ရှိပြီးသွားပါပြီ။ တစ်ပွဲစာ ၀ယ်ယူကြည့်ရှုမှုမှာ စံချိန်တင်သွားခဲ့တာ အပါအ၀င်ပေါ့”

    မေ၀ယ်သာမှာ လက်ရည်ညီဖွယ်ရှိသည့် ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်း၏ ကမ်းလှမ်းမှုကို ပယ်ချ၍၊ နောက်ဆုံး ၃ ပွဲဆက်တိုက် ရှုံးနိမ့်ထားသော ဘာတိုအား ရွေးချယ်မှုအတွက် ကျွမ်းကျင်သူများနှင့် ပရိတ်သတ်များ၏ ဝေဖန်မှုကို ခံခဲ့ရပြီး၊ အနိုင်ရရန် လွယ်ကူမည့် ပြိုင်ဘက်အား ရွေးချယ်ခြင်းဖြစ်သည်ဟု ပြစ်တင်ခဲ့ကြသည်။

    Ref: Dailymail

  • လာမည့်နှစ်တွင် လက်ဝှေ့လောကမှ ပက်ကွီအို အနားယူကာ သမ္မတဖြစ်ရေး ကြိုးပမ်းမည်

    လာမည့်နှစ်တွင် လက်ဝှေ့လောကမှ ပက်ကွီအို အနားယူကာ သမ္မတဖြစ်ရေး ကြိုးပမ်းမည်

    စက်တင်ဘာ ၃၊ ၂၀၁၅
    M-Media

    paq

    – ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုမှာ လာမည့် ၂၀၁၆ ခုနှစ်တွင် ၎င်း၏ လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲကို ထိုးသတ်သွားမည်ဖြစ်ကာ နောက်ပိုင်းတွင် အနားယူ၍ သမ္မတဖြစ်ရေးကိုသာ အာရုံစိုက်တော့မည်ဟု ၎င်း၏ ပွဲစီစဉ်သူ အေရမ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်မေလက မေ၀ယ်သာနှင့်ပွဲမတိုင်ခင် ရရှိခဲ့သော ပုခုံးဒဏ်ရာကြောင့် အနားယူနေသည့် ပက်ကွီအိုမှာ လာမည့်နှစ်တွင် လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်မည်ဖြစ်ပြီး ထိုဝင်ရောက်မှုမှာ ၎င်း၏ နောက်ဆုံးအကြိမ်လည်း ဖြစ်မည်ဖြစ်သည်။

    အေရမ်ကမူ ပက်ကွီအိုမှာ လက်ဝှေ့လောကမှ အနားယူပြီးနောက် ဖိလစ်ပိုင်သမ္မဖြစ်ရေး ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။

    “နောက်နှစ်မှာ သူ တစ်ပွဲ ထိုးသွားမှာပါ။ ဒါပေမယ့် သူ့ရဲ့ရည်ရွယ်ချက်ကတော့ ဖိလစ်ပိုင်မှာ နောက်နှစ် ဆီးနိတ်လွှတ်တော်အမတ်တစ်ယောက် ဖြစ်ဖို့ပါပဲ။ အဲဒီနောက်မှာတော့ သမ္မတဖြစ်ဖို့ပေါ့။ နောက်နှစ် ဆီးနိတ်အမတ်ရွေးပွဲမှာ အရွေးခံရရင် ပက်ကွီအိုဟာ အနားယူမယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ လက်ဝှေ့လောကကို ကျောခိုင်းတော့မှာပါ” ဟု အေရမ်က TMZ သို့ ပြောကြားခဲ့သည်။

    ဗြိတိန်လက်ဝှေ့ကျော် အမီရ်းခန်မှာ ပက်ကွီအိုနှင့် အရှေ့အလယ်ပိုင်းတွင် ထိုးသတ်ရန် ကမ်းလှမ်းထားပြီး အဘူဒါဘီမှာ ပြိုင်ပွဲကျင်းမည့် အလားအလာရှိသောနေရာ ဖြစ်နေသည်။ သို့သော်လည်း လက်စ်ဗီးဂက်စ်တွင်လည်း ၎င်းတို့နှစ်ဦး ထိုးသတ်နိုင်ဖွယ်ရှိသည်ဟု ပြောကြားမှုများ ရှိနေသည်။

    အမီးရ်ခန်းမှာ မေ၀ယ်သာနှင့် ထိုးသတ်ရန် ဆောင်ရွက်ခဲ့သော်လည်း မေ၀ယ်သာကမူ အန်ဒရေဘာတိုကိုသာ ရွေးချယ်ခဲ့ပြီး ယခုလ ၁၂ ရက်နေ့တွင် လက်စ်ဗီးဂက်စ်၌ ထိုးသတ်မည်ဖြစ်သည်။

    Ref: Dailymail

  • မေ၀ယ်သာနှင့် မကျေပွဲနွှဲချင်သည်ဟု မစ်ဒယ်ဝိတ်ချန်ပီယံ ကော့တိုပြော

    မေ၀ယ်သာနှင့် မကျေပွဲနွှဲချင်သည်ဟု မစ်ဒယ်ဝိတ်ချန်ပီယံ ကော့တိုပြော

    သြဂုတ် ၂၇၊ ၂၀၁၅
    M-Media

    box

    – WBC ကမ္ဘာ့ မစ်ဒယ်ဝိတ်ချန်ပီယံ မီဂွဲလ် ကော့တိုက မိမိအနေဖြင့် ဖလွိုက်မေ၀ယ်သာနှင့် မကျေပွဲ ထပ်နွှဲချင်သည်ဟု ပြောကြားလိုက်သည်။

    ၂၀၁၂ ခုနှစ် မေလက လက်စ်ဗီးဂက်စ်တွင် ထိုးသတ်ခဲ့သော ၎င်းတို့နှစ်ဦး၏ ပွဲတွင် ကော့တိုမှာ ဒိုင်အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ရပြီး မေ၀ယ်သာကလည်း ကော့တိုမှာ ၎င်းထိုးသတ်ခဲ့ရသူများတွင် အခက်ခဲဆုံးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မေ၀ယ်သာမှာ လက်ရှိတွင် တစ်နိုင်ငံတည်းသား အန်ဒရေဘာတိုနှင့် ၎င်း၏ လက်ဝှေ့သက်တမ်း နောက်ဆုံးပွဲကို စက်တင်ဘာတွင် ထိုးသတ်ရန် စီစဉ်ထားသည်။

    ကာနီလို အလ်ဗာရက်ဇ် နှင့် လာမည့် နိုဝင်ဘာတွင် ထိုးသတ်မည့်ပွဲအတွက် ယမန်နေ့က နယူးယောက်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပေါ်တိုရီကို လက်ဝှေ့သမား ကော့တိုက အကယ်၍ မေ၀ယ်သာအနေဖြင့် ပွဲ ၅၀ မြောက် ထပ်မံထိုးသတ်ရန် ရှိပါက မိမိမှာ မကျေပွဲနွှဲချင်သည်ဟု ပြောကြားခဲ့သည်။

    “ဒီပွဲပြီးရင် အနားယူတော့မယ်လို့ မေ၀ယ်သာက ပြောခဲ့ပါတယ်။ ကြိုးဝိုင်းထဲမှာ ထပ်မရှိတော့မယ့် သူတစ်ယောက်ကို ကျွန်တော် မညွှန်းချင်ပါဘူး။ ဒါပေမယ့် သူက ဒီပွဲအပြီး လက်ဝှေ့လောကထဲ ဆက်ရှိနေမယ်ဆိုရင်တော့ ဒီ (၎င်းနှင့်ထိုးသတ်မည့်ပွဲ) ဟာ လူတွေ့စောင့်ကြည့်ရမယ့်ပွဲလို့ ကျွန်တော်ထင်သလို၊ သိလည်းသိပါတယ်” ဟု ကော်တိုက ဆိုသည်။

    အောက်တိုဘာတွင် အသက် ၃၅ နှစ်ပြည့်တော့မည့် ကော့တိုက ၎င်းမှာ အသက် ၂၅ နှစ်အရွယ် အလ်ဗာရက်ဇ်ကို အနိုင်ရမည်ဟု ယုံကြည်နေသည်။ ၎င်းတို့၏ပွဲကို လက်စ်ဗီးဂက်စ်ရှိ Mandalay Bay တွင် ပြုလုပ်သွားမည်ဖြစ်သည်။

    “ထိုးမယ့်ညမှာ ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကာနီလို ဘယ်လိုလာလာ ကျွန်တော် ကိုယ်တွယ်နိုင်ပါတယ်။ အလဲထိုးမယ်လို့ ကျွန်တော် ဘယ်တော့မှ မပြောပါဘူး။ ခက်ခဲတဲ့ပွဲအတွက် ကျွန်တော့်ကိုကျွန်တော် ပြင်ဆင်နေပါတယ်”

    Ref: Dailymail

  • ဖိလစ်ပိုင်လက်ဝှေ့ကျော်ပက်ကွီအို အမီးရ်ခန်းထက် ဂါစီယာနှင့် ပို၍ ထိုးချင်နေ

    ဖိလစ်ပိုင်လက်ဝှေ့ကျော်ပက်ကွီအို အမီးရ်ခန်းထက် ဂါစီယာနှင့် ပို၍ ထိုးချင်နေ

    သြဂုတ် ၁၈၊ ၂၀၁၅
    M-Media

    manny

    – အမီးရ်ခန်းက ထိုးသတ်ရန် ကမ်းလှမ်းထားသော်လည်း ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုမှာ ရှုံးပွဲမရှိသေးသည့် အမေရိကန်လက်ဝှေ့သမား ဒန်နီဂါစီယာနှင့် ထိုးသတ်ချင်နေသည်ဟု သိရသည်။

    ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းမှာ မေ၀ယ်သာနှင့် ထိုးသတ်ရန် ဆန္ဒရှိခဲ့သော်လည်း မေ၀ယ်သာက လက်မခံခဲ့ပေ။ ထို့ကြောင့် ပက်ကွီအိုအား ပြီးခဲ့သည့် ရက်ပိုင်းက ကမ်းလှမ်းခဲ့ပြီး ၎င်းတို့ပွဲမှာ လာမည့်နှစ်တွင် အရှေ့အလယ်ပိုင်း၌ ဖြစ်လာလိမ့်မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

    သို့သော်လည်း ပက်ကွီအို၏ နည်းပြဖြစ်သူ ဖရက်ဒီ ရိုအာ့ခ်ျကမူ မိမိတို့မှာ ဒန်နီဂါစီယာနှင့် ပို၍ထိုးသတ်ချင်သည်ဟု ဆိုသည်။

    “ကျွန်တော်တို့လိုချင်တဲ့ ပွဲက ဒန်နီ ဂါစီယာနဲ့ပွဲပါပဲ။ ဒါဟာ ကမ္ဘာပေါ်မှာ အလွယ်ကူဆုံးပွဲပါပဲ” ဟု ရိုအာ့ခ်ျက ပြောကြားခဲ့သည်။

    အမေရိကန်လက်ဝှေ့သမားဖြစ်သူ ဒန်နီဂါစီယာမှာ ၂၀၁၂ ခုနှစ်တွင် အမီးရ်ခန်းအား အလဲထိုးနိုင်ခဲ့သူဖြစ်ပြီး ယခုအချိန်အထိ ရှုံးပွဲမရှိသေးသူ ဖြစ်သည်။

    ပက်ကွီအိုမှာ ပြီးခဲ့သည့်မေလက မေ၀ယ်သာအား ရှုံးနိမ့်ခဲ့သည့်ပွဲ၌ ပုခုံးတွင် ဒဏ်ရာရခဲ့သောကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး လာမည့်နှစ်ဆန်းပိုင်းတွင် ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်မည့် အလားအလာ ရှိနေသည်။

    မေ၀ယ်သာမှာ ၄၉ ပွဲမြောက်ဖြစ်ပြီး ၎င်း၏ နောက်ဆုံးပွဲအဖြစ် အန်ဒရေဘာတိုနှင့် ယခုနှစ်အတွင်း ထိုးသတ်ရန် စီစဉ်ထားပြီး ရိုအာ့ခ်ျကမူ ပက်ကွီအိုမှာ မေ၀ယ်သာနှင့် ထမ်မံထိုးသတ်ရန် မျှော်လင့်နေသည်ဟု ပြောကြားခဲ့သည်။

    “မယုံမရှိပါနဲ့။ ဖလွိုဒ် (မေ၀ယ်သာ)ဟာ ပွဲ ၅၀ မြောက်ကို ထိုးအုံးမှာပါ။ ငွေအများကြီးကိုလည်း ယူအုံးမှာပါ။ အထူးသဖြင့် မန်နီ (ပက်ကွီအို) နဲ့ ထပ်ထိုးတဲ့အခါမျိုးမှာပေါ့။ ပုခုံးဒဏ်ရာသာမရှိရင် မန်နီဟာ သူ့ကို နိုင်ပါတယ်”

    Ref: Dailymail