News @ M-Media
Tag: EPL
  • မော်ရင်ဟိုနှင့် ဟဇာ့ဒ် တစ်နှစ်တာအကောင်းဆုံးဆုများရ
    မော်ရင်ဟိုနှင့် ဟဇာ့ဒ် တစ်နှစ်တာအကောင်းဆုံးဆုများရ
    မေ ၂၂၊ ၂၀၁၅
    M-Media
    morinho
    – ချယ်ဆီးအသင်းအား ၅ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် မော်ရင်ဟိုမှာ ပရီးမီးယားလိဂ်၏ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိခဲ့သည်ဟု သိရသည်။
    ချယ်ဆီးမှာ ပြီးခဲ့သည့်နှစ် သြဂုတ်လကတည်းက ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်နိုင်ခဲ့ပြီး ရာသီကုန်ရန် ၃ ပွဲအလိုတွင် ချန်ပီယံဖြစ်ခဲ့သည်။ ယခုနှစ်ရာသီမှာ ချယ်ဆီးသို့ ပြန်လည်ရောက်ရှိလာပြီးနောက် မော်ရင်ဟို၏ ဒုတိယမြောက်ရာသီဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ချယ်ဆီးအသင်းမှာ ဒုတိယ ရရှိခဲ့သည်။
    ယခုနှစ်တစ်နှစ်လုံးတွင် တစ်လတာအကောင်းဆုံး နည်းပြဆုကို မရခဲ့သည့် မော်ရင်ဟိုမှာ ရော်နယ်လ်ကိုးမန်း၊ ဂါရီ မောန့်၊ နီဂျဲလ် ပီယာဆန်နှင့် အာဆင်ဝင်းဂါးတို့ကို ကျော်ဖြတ်ကာ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ချယ်ဆီး ပရီးမီးယားလိဂ်
    ချန်ပီယံဖြစ်ခဲ့သည့် ၂၀၀၄-၀၅နှင့် ၂၀၀၅-၀၆ ဘောလုံးရာသီများတွင်လည်း မော်ရင်ဟိုမှာ အဆိုပါဆုကို ရရှိခဲ့ပြီး ယခုအကြိမ်မှာ ၃ ကြိမ်မြောက်ဖြစ်သည်။
    PFA ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု၊ ဘောလုံးကလောင်ရှင်များအဖွဲ့၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုတို့ကို ဆွတ်ခူးရရှိခဲ့သည့် ကွင်းလယ်လူ အေဒင် ဟဇာ့ဒ်မှာ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့သည်။ ဟဇာ့ဒ်မှာ အသင်းဖော် ဂျွန်တယ်ရီ၊ မာတစ်နှင့် ဖာဘရီဂတ်စ်တို့ကို ကျော်ဖြတ်၍ ရရှိခဲ့ခြင်းဖြစ်သည်။
    Ref: Goal
  • ဒီဂီယာနေရာအတွက် ပီတာချက်နှင့်အစားထိုးရန် ပေါလ်စခိုးလ်ပြော
    ဒီဂီယာနေရာအတွက် ပီတာချက်နှင့်အစားထိုးရန် ပေါလ်စခိုးလ်ပြော
    မေ ၂၂၊ ၂၀၁၅
    M-Media
    c
    – အားထားရသော ဂိုးသမား ဒီဂီယာမှာ အသင်းမှထွက်ခွာပါက ၎င်း၏နေရာတွင် အစားထိုးရန်အတွက် ချယ်ဆီးဂိုးသမား ပီတာချက်အား ခေါ်ယူသင့်သည်ဟု မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က ပြောကြားလိုက်သည်။
    အသင်းတွင် သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့သည့် ဒီဂီယာမှာ ယခုနှစ်နွေရာသီတွင် ရီးယဲလ်သို့ ပြောင်းရွှေ့တော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး၊ မန်ယူကလည်း အသင်းတွင် ဆက်ရှိနေရန် အစွမ်းကုန် ကြိုးစားနေသည်။
    ဗန်ဂါးလ်ကမူ ဒီဂီယာ အသင်းမှထွက်ခွာပါက အစားထိုးရန် ဂိုသမားများကို လျာထားပြီးဖြစ်သည်ဟု ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြောကြားခဲ့သည်။ ဗန်ဂါးလ်၏ လျာထားဂိုးသမားစာရင်းတွင် ချယ်ဆီးမှထွက်ခွာတော့မည့် ပီတာချက်လည်း ပါဝင်ပြီး
    “တကယ်လို့ ဒီဂီယာထွက်မယ်ဆိုရင် ယူနိုက်တက်ဟာ ပီတာချက်ကို ခေါ်သင့်ပါတယ်။ ၂၀၀၅ ခုနှစ် အက်ဒွင် ဗန်ဒါးဆား အသင်းကိုရောက်လာတဲ့အချိန်က အကျိုးသက်ရောက်မှုကို ကျွန်တော်မှတ်မိပါတယ်။ ပီတာရှမိုက်ကယ် အသင်းက ထွက်သွားပြီးတဲ့နောက် လောက်လောက်လားလားရှိတဲ့ ဂိုးသမားတစ်ယောက်ရှာဖို့ ယူနိုက်တက်က ရုန်းကန်ခဲ့ရပြီး
    ဖေဘီယန်ဘားသက်ဇ်က အနီးစပ်ဆုံး ကျွန်တော်တို့ရလိုက်တဲ့ ဂိုးသမားပါ” ဟု ပေါလ်စခိုးလ်က Independent သတင်းစာတွင် ရေးသားခဲ့သည်။
    ဗန်ဒါးဆားရောက်ရှိလာပြီးနောက် အသင်း၏ အောင်မြင်မှုများကို ပေါလ်စခိုးလ်က ထောက်ပြခဲ့ပြီး ဗန်ဒါးဆားမှာ မန်ယူသို့ရောက်စဉ်က အသက် ၃၅ နှစ်ရှိနေသော်လည်း ပီတာချက်ကမူ ၃၃ နှစ်သာ ရှိသေးကြောင်း၊ မန်ယူအတွက် နောက်ထပ် ၆ နှစ်ခန့် ကစားပေးနိုင်သည့် အလားအလာရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    ပီတာချက်မှာလည်း ယခုနှစ်နွေရာသီတွင် ချယ်ဆီးမှ ထွက်ခွာတော့မည်ဖြစ်ပြီး အေးဂျင့် ဗစ်တာ ကိုလာကမူ ချက်မှာ မန်ယူ သို့မဟုတ် အာဆင်နယ်သို့ ပြောင်းရွှေ့ရန် ဖြစ်နိုင်သည်ဟု အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
    ဗန်ဂါလ်းမှာ ဒီဂီယာနေရာတွင် အသင်းဟောင်း အေဂျက်မှ နယ်သာလန် ဂိုးသမား စီလက်ဆန်အား အစားထိုးရန် ပိုဖြစ်နိုင်သည်ဟု သတင်းများက ဖော်ပြကြသည်။
    Ref: Goal
  • နွေရာသီအပြောင်းအရွှေ့ မန်ယူအတွက် ခက်ခဲမည်ဟု ဗန်ဂါးလ်ပြော
    နွေရာသီအပြောင်းအရွှေ့ မန်ယူအတွက် ခက်ခဲမည်ဟု ဗန်ဂါးလ်ပြော
    မေ ၂၀၊ ၂၀၁၅
    M-Media
    Vangal
    – မိမိအသင်း၏ လူစာရင်းမှာ ညီမျှမှုမရှိသေးဘဲ လာမည့်ရာသီအတွက် ပြင်ဆင်ရာတွင် နွေရာသီအပြောင်းအရွှေ့မှာ ခက်ခဲမည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။
    မန်ယူမှာ လောလောဆယ်တွင် နယ်သာလန်တိုက်စစ်မှူးဒီပေးကို ပေါင် ၂၂.၃ သန်းဖြင့် ခေါ်ယူရန် သဘောတူညီချက် ရရှိထားပြီး အားထားရသည့် ဂိုးသမား ဒီဂီယာနှင့်လည်း ယခုသီတင်းပတ်နှောင်းပိုင်းတွင် သက်တမ်းတိုးရေး ဆွေးနွေးရန် ရှိနေသည်။
    သို့သော်လည်း အငှားဖြင့်လာရောက်ကစားနေသည့် တိုက်စစ်မှူးဖယ်လ်ကာအိုမှာ အသင်းတွင် ဆက်ရှိနေရန် အလားအလာမရှိဘဲ ဗန်ဂါးလ်မှာ အသင်းအား ပြန်ပုံဖော်ရန် စီစဉ်နေသောကြောင့် အခြားသော ကစားသမားများမှာလည်း အိုးထရက်ဖို့ဒ်ကို စွန့်ခွာရန်ရှိနေသည်။
    မန်နေ့က ပြုလုပ်ခဲ့သည့် အသင်း၏ တစ်နှစ်တာဆုပေးပွဲအခမ်းအနားတွင် ဗန်ဂါးလ်က လာမည့်သီတင်းပတ်များ၌ လုပ်စရာအလုပ် အများအပြားရှိသည်ဟု ၀န်ခံခဲ့သည်။
    “ကျွန်တော်တို့ရဲ့ အသင်းက ညီမျှမှုမရှိပါဘူး။ ကျွန်တော်တို့ အဆင့်လေးအတွင်းဝင်ခဲ့ပေမယ့် ချန်ပီယံဖြစ်အောင် လုပ်ရပါမယ်။ ကျွန်တော်တို့ရဲ့ လူစာရင်းကိုလည်း တိုးတက်အောင်လုပ်ရမယ်။ ကစားသမားအများစုအတွက် ခက်ခဲတဲ့နွေရာသီ ဖြစ်မှာပါ။ ဒါပေမယ့် မန်ယူလို ထိပ်တန်းအသင်းကတော့ ဒါမျိုးလုပ်ရမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။
    ဗန်ဂါးလ်မှာ ယခုရာသီအစပိုင်းတွင် ကစားကွက်စမ်းသပ်မှုများကြောင့် ဝေဖန်ခံခဲ့ရပြီး လာမည့်ရာသီတွင် မိမိအနေဖြင့် အကောင်းဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရာသီအဆုံးအထိ တိုက်ပွဲဝင်သွားပြီး ကaစားသမားများ ၀ယ်ယူရာတွင်လည်း မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချမှတ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    “ကစားသမားတွေထွက်သွားတာဟာ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုပါ။ ပရိတ်သတ်တွေကတော့ သူတို့ကို မေ့မှာမဟုတ်ပါဘူး”
    Ref: Goal
  • ချယ်ဆီး၏ လာမည့်နှစ်ပစ်မှတ်က ထိပ်ဆုံးလေးသင်းဝင်ရန်ဟု မော်ရင်ဟိုပြော
    ချယ်ဆီး၏ လာမည့်နှစ်ပစ်မှတ်က ထိပ်ဆုံးလေးသင်းဝင်ရန်ဟု မော်ရင်ဟိုပြော
    မေ ၁၉၊ ၂၀၁၅
    M-Media
    mrh
    – မိမိတို့အသင်း၏ လာမည့်နှစ် ရည်ရွယ်ချက်မှာ ပရီးမီးယားလိဂ် ဗိုလ်စွဲရန်မဟုတ်ဘဲ ထိပ်ဆုံး ၄ သင်းစာရင်းဝင်ရေးသာ ဖြစ်သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
    ချယ်ဆီးမှာ ယခုနှစ်တွင် ပုံစံကောင်းများ ပြသနိုင်ခဲ့ကာ ရာသီပြီးရန် ၃ ပွဲအလို၌ပင် ပရီးမီးယားလိဂ်ဖလားအား ရရှိခဲ့သည်။ သို့သော်လည်း မော်ရင်ဟိုကမူ လာမည့်နှစ်တွင် မိမိတို့အသင်းမှာ ဖလားအကြောင်းမစဉ်းစားခင် ထိပ်ဆုံးလေးသင်းဝင်အောင်
    အသေအချာလုပ်ရမည်ဟု ပြောကြားခဲ့သည်။
    “လာမယ့်ရာသီမှာ ဒီနှစ် ၅ သင်းပဲ (ထိပ်ဆုံးမှာ) ရှိမှာပါ။ စပါးက ဒီနှစ်နွေရာသီမှာ ဘာလုပ်မလဲဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် သေချာတာက ဒီ ၅ သင်းကြားထဲမှာ တစ်သင်းသင်းဟာ ချန်ပီယံဖြစ်မှာပါ။ ပြီးတော့ တစ်သင်းသင်းဟာလည်း အဆင့် ၅ မှာ ရှိမှာပါ။ ရာသီစတဲ့အခါ ထိပ်ဆုံးလေးသင်း သေချာအောင် ကျွန်တော် လုပ်ရမှာပါ။ ဒါဟာ ပထမအဆင့်ပါ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ထဲက တစ်သင်းဟာ (ချန်ပီယံလိဂ်က) ထွက်ရမှာမို့လို့ပါ။ ပြီးခဲ့တဲ့နှစ်က မန်ယူ၊ ဒီနှစ် လီဗာပူးလ်ပါ။ နောက်နှစ်မှာတော့ ချယ်ဆီးမဖြစ်အောင် ကျွန်တော်တို့ သေချာလုပ်ရမှာပါ” ဟု မော်ရင်ဟိုက taklSPORT သို့ ပြောကြားခဲ့သည်။
    Ref: Goal
  • မန်ယူတိုက်စစ်မှူးလောင်း ဒီပေး ရွှေဖိနပ်ရ
    မန်ယူတိုက်စစ်မှူးလောင်း ဒီပေး ရွှေဖိနပ်ရ
    မေ ၁၈၊ ၂၀၁၅
    M-Media
    depay
    – မန်ယူအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့သည့် ပီအက်စ်ဗီတိုက်စစ်မှူး ဒီပေးမှာ ဟော်လန်အမှတ်ပေးပြိုင်ပွဲ Eredivisie ၏ ရွှေဖိနပ်ဆုကို ရရှိခဲ့သည်ဟု သိရသည်။
    အသက် ၂၁ နှစ်အရွယ်ရှိ ဒီပေးမှာ အမှတ်ပေးပွဲပေါင်း ၃၀ ပါဝင်ကစားခဲ့ပြီး ဂိုးပေါင်း ၂၂ ဂိုး သွင်းယူပေးခဲ့ကာ ရွှေဖိနပ်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ဒီပေးမှာ ၁၉၉၅ ခုနှစ်က ဘရာဇီးလ်တိုက်စစ်မှူး ရော်နယ်ဒိုပြီးနောက် Eredivisie ပြိုင်ပွဲ၏ အသက်အငယ်ဆုံး ရွှေဖိနပ်ဆုရှင်လည်း ဖြစ်ခဲ့သည်။
    ဒီပေးမှာ ပီအက်စ်ဗီအသင်းနှင့်အတူ ဟော်လန်အမှတ်ပေးဖလားကိုလည်း ယခုနှစ်တွင် ဆွတ်ခူးနိုင်ခဲ့သည်။ ပီအက်စ်ဗီမှာ ဒုတိယနေရာမှ အေဂျက်စ်အသင်းအား ၁၇ မှတ်ဖြတ်ကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။
    မန်ယူက ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းဖြင့် ဒီပေးအားခေါ်ယူရန် ပီအက်စ်ဗီအသင်းနှင့် ပြီးခဲ့သည့်တစ်ပတ်က သဘောတူညီခဲ့ပြီး ယခုသီတင်းပတ်အတွင်း ဆေးစစ်မှုပြုလုပ်ကာ အသေးစိတ်အချက်အလက်ကို ထုတ်ပြန်ရန် ရှိနေသည်။
    ဒီပေးမှာ ဟော်လန်လက်ရွေးစင်အသင်းတွင် ဗန်ဂါလ်းနှင့် တွဲဖူးပြီး ဗန်ဂါးလ်ကမူ ပီအက်စ်ဂျီအသင်း၏ စိတ်ဝင်စားမှုကို လက်ဦးရန်အတွက် အလျင်အမြန်ခေါ်ယူခဲ့ခြင်းဟု ပြောကြားခဲ့သည်။
    Ref: Dailymail