News @ M-Media

Tag: Greece

  • အကြွေးပြဿနာကြောင့် ဘဏ်များကို ဂရိအစိုးရ ယာယီပိတ်ပစ်

    အကြွေးပြဿနာကြောင့် ဘဏ်များကို ဂရိအစိုးရ ယာယီပိတ်ပစ်

    ဇွန် ၂၉၊ ၂၀၁၅
    M-Media

    grece

    – ဂရိအတွက် အရေးပေါ်ရန်ပုံငွေ ထပ်ဆောင်းမပေးတော့ဟု ဥရောပဗဟိုဘဏ် ECB က ပြောကြားခဲ့ပြီးနောက်ပိုင်း နိုင်ငံအတွင်းရှိ ဘဏ်များအားလုံးကို ယာယီပိတ်ထားလိုက်ပြီဟု ဂရိဝန်ကြီးချုပ် အလက်ဇစ် တီစီပရက်စ်က ပြောကြားလိုက်သည်။

    ယမန်နေ့က ရုပ်မြင်သံကြားမှ ပြောကြားသည့်မိန့်ခွန်းတွင် တီစီပရက်စ်က အစိုးရအနေဖြင့် အကြွးကိစ္စအတွက် မရေမရာဖြစ်နေသည့် နောက်ဆုံးရက်မတိုင်ခင် ငွေကြေးပမာဏ ထိန်းချုပ်မှုကို စတင်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

    ဂရိမှာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့သို့ အင်္ဂါနေ့နောက်ဆုံးထား၍ အကြွေး ၁.၈ ဘီလီယံပေးရန် လိုအပ်နေပြီး ထိုသို့မပေးပါက ဘဏ္ဍာရေးအန္တရာယ်နှင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။ ဂရိကမူ အကြွေးပေးရမည့် နောက်ဆုံးရက်ကို တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သော်လည်း ဥရောပဇုန်ရှိ ဘဏ္ဍာရေးဝန်ကြီးများက ပယ်ချခဲ့သည်။

    နိုင်ငံတကာကြွေးရှင်များမှ ကမ်းလှမ်းသော အကြွေးပြဿနာကယ်တင်ရေး အဆိုပြုချက်အတွက် လူထုဆန္ဒခံယူရန် စီစဉ်ထားသည့်ရက်၏ နောက်တစ်နေ့ ဇူလိုင် ၆ ရက်နေ့အထိ ဘဏ်များကို ပိတ်ထားရန် ဂရိအစိုးရ တာဝန်ရှိသူများက ယမန်နေ့တွင် အတည်ပြုခဲ့သည်။

    သို့သော်လည်း ATM စက်များကိုမူ တနင်္လာနေ့ နေ့လည်ပိုင်းတွင် ပြန်ဖွင့်မည်ဟု ဆိုပြီး လူတစ်ဦးလျှင် တစ်နေ့တာ ငွေထုတ်ယူမှုကို ၆၀ ယူရိုအထိသာ ကန့်သတ်ခွင့်ပြုမည်ဖြစ်သည်။

    သို့သော်လည်း နိုင်ငံအတွင်း နေထိုင်သည့် နိုင်ငံခြားသားများနှင့် နိုင်ငံရပ်ခြား ခရက်ဒစ်ကဒ်များကို ကိုင်ဆောင်ထားသူများမှာ ဘဏ်တွင် ငွေထုတ်မှုကန့်သတ်ချက် သက်ရောက်မည်မဟုတ်ဟု ဂရိအစိုးရက ကြေညာချက်တွင် ဖော်ပြထားသည်။

    ဂရိနိုင်ငံ၏ စတော့အိတ်ချိန်းမှာလည်း တနင်္လာနေ့အထိ ပိတ်ထားမည်ဖြစ်သည်။ ဂရိအနေဖြင့် အကြွေးမပေးနိုင်ပါက ယူရိုဇုန်မှ ထွက်ရမည်ဖြစ်သည်။

    Ref: Aljazeera

  • ဒုတိယကမ္ဘာစစ်က အကြွေး ဂျာမနီထံ ဂရိပြန်တောင်း

    ဒုတိယကမ္ဘာစစ်က အကြွေး ဂျာမနီထံ ဂရိပြန်တောင်း

    ဧပြီ ၇၊ ၂၀၁၅
    M-Media

    flag
    ဂရိအား သိမ်းပိုက်ပြီးနောက် အေသင်တွင် နာဇီများ အလံလွှင့်ထူနေစဉ်

     

    – ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတို့ ဂရိအား သိမ်းပိုက်သည့်အခါ နာဇီအာဏာပိုင်များက အတင်းအဓမ္မ တောင်းဆိုမှုကြောင့် ပေးခဲ့ရသည့် ယူရို ၂၇၉ ဘီလီယံကို ပြန်လည်ပေးအပ်ရန်အတွက် ဂရိအစိုးရက ဂျာမနီထံ တောင်းဆိုလိုက်သည်ဟု သိရသည်။

    ဂရိမှာ ဂျာမနီမှ လျော်ကြေးငွေများ ရရှိရန် အချိန်အတော်ကြာကပင် တောင်းဆိုမှုများ ရှိခဲ့သော်လည်း ယမန်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွက် ဂရိ လက်ထောက်ဘဏ္ဍာရေးဝန်ကြီး ဒီမီထရစ် မာဒက်စ်က ဂျာမနီမှာ ဂရိအပေါ် အကြွေတင်ထားသည်ဟုဆိုသည့် ငွေကြေးပမာဏအတိအကျကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။

    ထို့ပြင် မစ္စတာမာဒက်စ်မှာ ဂျာမနီက ဂရိအပေါ် မည်မျှ အကြွေးတင်ထားသည်ကို တွက်ချက်ရန် ဂရိအစိုးရက ဖွဲ့စည်းထားသည့် ကော်မတီတွင်လည်း ထိုကိစ္စနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

    ဂရိဝန်ကြီးချုပ် အဲလက်စစ် တီစစ်ပ်ရက်စ်ကလည်း “တာဝန်ဝတ္တရားတွေအားလုံး ကျေပွန်အောင် အစိုးရက အလုပ်လုပ်သွားမှာပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဂရိနိုင်ငံနဲ့ ဂရိပြည်သူတွေအတွက် မပြည့်ဝသေးတဲ့ တာဝန်ဝတ္တရားတွေကိုလည်း တစ်ခါတည်း ဖြည့်ဆည်းပေးသွားမှာပါ” ဟု အဆိုပါကော်မတီ ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ပြီးခဲ့သည့်လက လွှတ်တော်အတွင်း ဆွေးနွေးမှုတွင် ပြောကြားခဲ့သည်။

    နာဇီတို့က ဂရိအား သိမ်းပိုက်ရာတွင် ကုန်ကျသောငွေဟုဆိုကာ အတင်းအဓမ္မ တောင်းခံသောကြောင့် ဂရိမှာ ၁၉၄၂ ခုနှစ် ဒီဇင်ဘာတွင် ဂျာမန်ငွေ ၄၇၆ သန်းကို နာဇီအာဏာပိုင်များသို့ ကာလရှည် ချေးခဲ့ရသည်။ သို့သော်လည်း ဂျာမနီက ထိုငွေအား ပြန်ပေးခဲ့ခြင်းမရှိဟု ဆိုသည်။

    အဆိုပါငွေပမာဏကို လက်ရှိငွေကြေးဖြင့် တွက်ချက်ပါက ယူရို ၂၇၉ ဘီလီယံရှိပြီး ဂရိနိုင်ငံ၏ GDP ထက် ၁၂၅ ရာခိုင်နှုန်း ရှိနေကာ ထိုငွေအား ရရှိခဲ့ပါက တိုင်းပြည်၏ စီးပွားရေးမှာ လက်ရှိပမာဏ၏ ၂ ဆကျော် ဖြစ်လာမည်ဖြစ်သည်။ ဂျာမနီ၏ GDP နှင့် တွက်လျှင် ထိုငွေမှာ သုံးပုံတစ်ပုံခန့် ရှိသည်။

    ဂျာမနီကမူ အဆိုပါ တောင်းဆိုချက်အား လိုက်လျောမည့်အလားအလာ မရှိသော်လည်း ထိုသို့ဆောင်ရွက်ခြင်းက ဂရိအစိုးရအား ပြည်တွင်း၌ လူကြိုက်များလာနိုင်ပြီး ဂရိ၏အကြွေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများ တစ်ကျော့ပြန် ဖြစ်ပေါ်လာစေရန် အကူအညီ ဖြစ်စေမည်ဖြစ်သည်။

    ပြီးခဲ့သည့်နှစ်က အနိုင်ရရှိခဲ့သည့် လက်ဝဲယိမ်း SYRIZA အစိုးရမှာ မမျှမတ ဆက်ဆံသည်ဟုဆိုသော ဂရိ၏ အကြွေးရှင်နိုင်ငံများကို ပြတ်ပြတ်သားသားသား တုံ့ပြန်သွားမည်ဟု ကတိပြုထားသည်။

    ဒုတိယကမ္ဘာစစ် နာဇီတို့၏ ဂရိအားသိမ်းပိုက်ခြင်းက နိုင်ငံ၏ စီးပွားရေးကို အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့ပြီး အစာရေစာ ငတ်မွတ်ခေါင်းပါးမှုကြောင့် ဂရိပြည်သူ သန်းနှင့်ချီ၍ သေကြေပျက်စီးခဲ့ရသည်။

    Ref: Indpendent

  • ဂရိနိုင်ငံ၏ အလိုရှိဆုံး ၀ရမ်းပြေးတစ်ဦး စက်ဘီးစီးနေစဉ် ဖမ်းမိ

    ဂရိနိုင်ငံ၏ အလိုရှိဆုံး ၀ရမ်းပြေးတစ်ဦး စက်ဘီးစီးနေစဉ် ဖမ်းမိ

    ဇန်န၀ါရီ ၅၊ ၂၀၁၅
    M-Media

    xrs

    – ဥရောပ၏ အလိုအရှိဆုံး ၀ရမ်းပြေးများထဲမှ တစ်ဦးဖြစ်သူ ခရစ္စတိုဒူလော့စ် ဇီရို့စ်ကို ယခုသီတင်းပတ်အတွင်း ဖမ်းဆီးရမိခဲ့သည်ဟု ဂရိရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    အသက် ၅၆ နှစ်ရွယ်ရှိပြီး ဂရိရှိ `နိုဝင်ဘာ ၁၇´ လက်ဝဲစွန်းရောက် အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ဇီရို့စ်အား မြို့တော်အေသင် တောင်ဘက်ရှိ ဆင်ခြေဖုံးဒေသ၌ စက်ဘီးစီးနေစဉ် ပြီးခဲ့သည့် စနေနေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်း၏ လက်ထဲတွင် ကြည်အပြည့် ထည့်ထားသော ပစ္စတိုတစ်လက်ကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်။

    ဇီရို့ဇ်မှာ ဂရိနိုင်ငံ၏ လုံခြုံရေးအမြင့်ဆုံးသော Korydallos ထောင်ကို ပစ်မှတ်ထားတိုက်ခိုက်မည့် လှုပ်ရှားမှုအတွင်း လက်နက်များ၊ ဖောက်ခွဲရေးပစ္စည်းများဖြင့် ၂၀၀၃ ခုနှစ် မတ်လအတွင်းက ဖမ်းမိခဲ့ခြင်းဖြစ်ကာ တစ်သက်တစ်ကျွန်းပြစ်ဒဏ် အများအပြား ချမှတ်ခြင်းခံခဲ့ရသည်။

    သို့သော်လည်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ နှစ်ကူးအားလပ်ရက် ၉ ရက်ပေးချိန်တွင် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး တစ်နှစ်ကျော် ကြာပြီးနောက် ယခုမှ ပြန်လည် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

    ဂရိ ရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူ ဒီမီထရီယို့စ် ဆက်နာကစ်ကမူ ရဲအရာရှိများမှာ ဇီရို့စ် လပေါင်းများစွာ ပုန်းနေခဲ့သည့်အိမ်တွင် ထွက်ပြေးမည့်အစီအစဉ်များနှင့် လမ်းကြောင်းများကို ရေးသားထားသော စာရွက်ကို တွေ့ရှိခဲ့ရသောကြာင့် ယခုကဲ့သို့ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပြီး ထိုအိမ်ထဲတွင် လက်နက်များကိုလည်း တွေ့ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

    ၂၀၀၂ ခုနှစ်က ပြိုကွဲသွားခဲ့သည့် `နိုင်ဝင်ဘာ ၁၇´ အဖွဲ့မှာ တစ်ချိန်က ဂရိနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှု အပြုလုပ်ဆုံး လက်ဝဲစွန်းရောက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၎င်းအဖွဲ့ သက်တမ်း ၂၇ နှစ်အတွင်း ၁၉၇၅ ခုနှစ်က အေသင်ရှိ စီအိုင်အေ အကြီးအကဲကို လုပ်ကြံမှု အပါအ၀င် အစိုးရ အရာရှိများအား လုပ်ကြံမှု ၂၃ ခုကို ပြုလုပ်ခဲ့သည်။

    Ref : dailytelegraph

  • ကင်ဆာရောဂါသည် တစ်ဦးအား အသက်မသေဘဲ မြေမြုပ်ခဲ့မှု ဂရိတွင် ဖြစ်ပွားခဲ့

    ကင်ဆာရောဂါသည် တစ်ဦးအား အသက်မသေဘဲ မြေမြုပ်ခဲ့မှု ဂရိတွင် ဖြစ်ပွားခဲ့

    စက်တင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media

    – ကင်ဆာရောဂါသည် အမျိုးသမီးတစ်ဦးအား မသေသေးဘဲ မြေမြှုပ်တစ်ခု ပြီးခဲ့သည့် ကြာသာပတေးနေ့က ဂရိနိုင်ငံ အေသင်မြို့တွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    Coffin

    အသက် ၄၅ နှစ်အရွယ် ကင်ဆာရောဂါသည် အမျိုးသမီးအား သေဆုံးသည်ဟု ယူဆကာ မြေမြှုပ်ပြီးနောက်ပိုင်း ၁ နာရီခန့်အကြာတွင် အုတ်ဂူအတွင်းမှ အော်သံများ၊ ထုရိုက်သံများကို သုသာန် ဝန်ထမ်းများက ကြားရသည့် အတွက်ကြောင့် ပစ္စည်း ကိရိယာများကို ယူကာ သွားရောက် တူးဖော်ခဲ့ကြသည်။

    သို့သော်လည်း ထိုအမျိုးသမီး၏ အသက်အား မကယ်တင်နိုင်ခဲ့ဘဲ တူးဖော်ခဲ့ပြီးနောက် ထိုအမျိုးသမီးမှာ အသက်ရှူကြပ်သည့် ဝေဒနာကြောင့် သေဆုံး ခဲ့ကြောင်းကို တွေ့ရှိခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ ဆရာဝန်များက မည်သည့် အတွက်ကြောင့် အဆိုပါ အမျိုးသမီးအား သေဆုံးကြောင်း အတည်ပြုခဲ့သည်ကို စုံစမ်းစစ်ဆေးလျက်ရှိနေသည်။

    သို့သော်လည်း အခင်းဖြစ်ပွားရာ နေရာသို့ရောက်ရှိကာ အဆိုပါ အမျိုးသမီးအား စစ်ဆေးခဲ့သည့် ဆရာဝန်ကမူ ထိုအမျိုးသမီးမှာ နာရီအနည်းငယ် အရင်က သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    “ကျွန်တော်ကတော့ ဒါကိုမယုံပါဘူး။ နှလုံးအလုပ် မလုပ်တာကို စမ်းသပ်တာ အပါအ၀င် စမ်းသပ်မှု အများအပြားကို ကျွန်တော်တို့လုပ်ခဲ့ပါတယ်။ သေပြီးတောင့်လာတဲ့ အခြေအနေမျိုးမှာ လူတစ်ယောက်ဟာ အော်တာ၊ ဒီလိုမျိုး အခေါင်းကို ထုတာမျိုး လုပ်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ဒေါက်တ ခရစ်စီ မတ်စီကိုဒီက Greek TV သို့ ပြောကြားခဲ့သည်။

    အုတ်ဂူအတွင်းမှ အဆိုပါအမျိုးသမီး၏ အော်သံကို သုဿာန်နားတွင် နေထိုင်သူများနှင့် ထိုအနီးအနားတွင် ကစားသူ ကလေးငယ်များကလည်း ကြားခဲ့ကြသည်ဟု ဆိုသည်။ ထိုအဖြစ်အပျက်အတွက် သေမှုသေခင်းအရာရှိများက အလောင်းအား စစ်ဆေးမှုများကို ပြုလုပ်မည်ဖြစ်သည်။

    မိသားစုဝင်များကမူ ထိုအမျိုးသမီးအား ကုသပေးသည့် ဆေးရုံကို တရားစွဲဆိုရန် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။

    ref_mirror

  • ဥရောပ ပါလီမန် ဂရိကို်ယ်စားပြု အမတ်စာရင်းတွင် ဟိဂျဗ်ဝတ် မွတ်စလင် အမျိုးသမီး ပါဝင်လာ

    မေ ၉ ၊ ၂၀၁၄
    M-Media

    – ဥရောပ ပါလီမန်တွင် တာဝန်ထမ်းဆောင်ရမည့် ဂရိကိုယ်စားပြု ကိုယ်စားလှယ်များ၏ အမည်စာရင်းတင်သွင်းရာတွင် ဟိဂျဗ်ဝတ်ဆင်သည့် ဂရိ မွတ်စလင် အမျိုးသမီးတစ်ဦး ပါဝင်လာသည်ဟု သိရသည်။
    GreeceFiles-First-Veiled-MP-for-EU-Parliament
    “ကျွန်မရဲ့ သဘောထားတွေ ပေါ်လွင်တာကြောင့် ဂရိ Eco Green ပါတီကိုယ်စားပြုအဖြစ် ကျွန်မ အမည်စာရင်း တင်သွင်းခံခဲ့ရတာပါ။ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးကို အခြေခံတဲ့ ဒီနိုင်ငံရေးပါတီဟာ ဥရောပ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအဖွဲ့ရဲ့ အဖွဲ့ဝင် ပါတီလည်း ဖြစ်ပါတယ်” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အန်နာ စတာမူက Anadolu  သတင်းအေဂျင်စီနှင့် မေလ ၇ ရက်နေ့ အင်တာဗျူးတွင် ပြောကြားခဲ့သည်။ စတာမူမှာ ယခင်ယောဂ ဆရာမတစ်ဦးလည်းဖြစ်သည်။

    ဂရိပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးပါတီမှ အမည်စာရင်းတင်သွင်းခြင်းခံခဲ့ရသည့် စတာမူမှာ မေလ ၂၅ ရက်နေ့တွင် ပြုလုပ်မည့် ပါလီမန်အမတ်ရွေးပွဲတွင် အရွေးခံခဲ့ရပါက ဥရောပပါလီမန်တွင် ဟိဂျဘ်ဝတ်၍ တာဝန်ထမ်းဆောင်မည့် ပထမဆုံး အမျိုးသမီးဖြစ်လာမည်ဖြစ်သည်။

    စတာမူမှာ စီပွားစီမံဖြင့် ဘွဲရခဲ့ပြီး၊ ယခင်က ယောဂနည်းပြ ဆရာမဖြစ်သည်။ အော်သိုဒေါ့စ်ခရစ်ယာန်တစ်ဦးအဖြစ် မွေးဖွားလာခဲ့ခြင်းဖြစ်ပြီး ဘာသာတရားအားလုံးကို နှစ်ပေါင်းများစွာ လေ့လာခဲ့ပြီးနောက် အသက် ၃၀ အရွယ်တွင် အစ္စလာမ်သာသနာသို့ ကူးပြောင်းသက်ဝင်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ကူးပြောင်းခဲ့ပြီးနောက် နိုင်ငံရေးလောကထဲသို့ ခြေချခဲ့သည်။ စတာမူမှာ ဂရိ မွတ်စလင်အသင်းတွင် ပြည်သူ့ဆက်ဆံရေးတာဝန်ကိုလည်း ထမ်းဆောင်နေသည်။

    မေ ၂၅ ရက်နေ့တွင် ကျင်းပမည့် ဥရောပါလီမန်ရွေးချယ်ပွဲတွင် ဂရိနိုင်ငံမှ ၂၁ နေရာဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

    နိုင်ငံရေးကို အသက်မွေးဝမ်းကြောင်းအဖြစ် ရွေးချယ်ခဲ့သည့် စတာမူမှာ နိုင်ငံအား အလုပ်အကျွေးပြုရန်နှင့် မွတ်စလင်လူ့အဖွဲ့အစည်းအတွက် တူညီသော အာမခံချက်ရရှိရန် မျှော်လင့်နေသည်။

    ဥရောပ ပါလီမန်နေရာအတွက် ဟိဂျဘ်ဝတ်ဆင်ထားသည့် သူမအား အမည်စာရင်းတင်သွင်းခြင်းက လူများ၏ သွင်ပြင်လက္ခဏာကိုကြည့်၍ ခွဲခြားဆက်ဆံခြင်းကို တစ်စိတ်တစ်ပိုင်း ဆန့်ကျင်ခြင်းဖြစ်သည်ဟု စတာမူကဆိုပြီး၊ နိုင်ငံသားတိုင်းက တိုင်းပြည်အတွက် အလုပ်လုပ်သင့်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ဂရိနိုင်ငံ၏ လူဦးရေ ၁၀.၇ သန်း၏ ၁.၃ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။

    OnIslam & News Agencies