News @ M-Media

Tag: India

  • မြန်မာနယ်စပ်ကို ထိန်းချုပ်တော့မယ့် အိန္ဒိယ

    မြန်မာနယ်စပ်ကို ထိန်းချုပ်တော့မယ့် အိန္ဒိယ

    ဇန်န၀ါရီ ၂၁၊ ၂၀၂၄

    M-Media 


    -မြန်မာဖက်က ၀င်လာတာတွေကို တားမြစ်ဖို့အတွက် နယ်စပ်ကို ခြံစည်းရိုးကာမယ်လို့ အိန္ဒိယက ပြောပါတယ်။ 

    အိန္ဒိယနဲ့ မြန်မာတို့ဟာ ကီလိုမီတာ ၁၂၀၀ ကျော်လောက် နယ်မြေခြင်း ထိစပ်နေကြတာပါ။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံကနေ အိန္ဒိယဖက်ကို ထွက်ပြေးသူတွေ ပိုမိုများပြားလာတာပါ။  

    တိုင်းရင်းသား မဟာမိတ်တပ်ဖွဲ့တွေရဲ့ အောက်တိုဘာလက စတင်တဲ့ ထိုးစစ်ကြောင့် ရာနဲ့ချီတဲ့ မြန်မာစစ်သားတွေပါ အိန္ဒိယဖက် ထွက်ပြေးခဲ့ရပါတယ်။ 

    နိုင်ငံမြောက်ပိုင်း အာသံပြည်နယ်က တာ၀န်ရှိသူတွေနဲ့ စနနေ့တွေ့ဆုံမှုအတွင်း အိန္ဒိယ ပြည်ထဲရေး၀န်ကြီး အေမစ်ရှားက မြန်မာနဲ့ ကပ်နေတဲ့နယ်စပ်ကို ခြံစည်းရိုး ကာသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

    “အိန္ဒိယမြန်မာ နယ်စပ်က ပွင့်နေတဲ့ နေရာအားလုံးကို ခြံစည်းရိုးခတ်ဖို့ အစိုးရက ဆုံးဖြတ်ထားပါတယ်”

    ဒီလုပ်ငန်း ဘယ်တော့စတင်မယ်၊ ဘယ်လောက်ကြာမယ်ဆိုတဲ့ အချက်အလက်တွေကိုတော့ အေမစ်ရှားက ထည့်မပြောခဲ့ပါဘူး။ 

    နှစ်နိုင်ငံ လွတ်လပ်စွာကူးသန်းခွင့် သဘောတူညီချက်ကိုလည်း ရုပ်သိမ်းသွားမယ်လို့ ပြည်ထဲရေး၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: The Star 

  • အာကာသစူးစမ်းမှုတွင် မှတ်တမ်းသစ် တင်နိုင်ခဲ့ပြန်သည့် အိန္ဒိယ

    အာကာသစူးစမ်းမှုတွင် မှတ်တမ်းသစ် တင်နိုင်ခဲ့ပြန်သည့် အိန္ဒိယ

    ဇန်န၀ါရီ ၇၊ ၂၀၂၃

    M-Media 


    -အိန္ဒိယရဲ့ နေစူးစမ်းလေ့လာရေး ဂြိုဟ်တု Aditya-L1 ဟာ မနေ့က နေပတ်လမ်းကြောင်းထဲ အောင်မြင်စွာ ၀င်ရောက်နိုင်ခဲ့ပြီး ဒါဟာ အိန္ဒိယ အာကာသစီမံကိန်းရဲ့ နောက်ထပ် အောင်မြင်တစ်ခု ဖြစ်ပါတယ်။ 

    Aditya-L1 ဂြိုဟ်တုကို စက်တင်ဘာလမှာ လွှတ်တင်ခဲ့တာဖြစ်ပြီး ၄ လတာကြာမြင်ခဲ့ပြီးတဲ့နောက် နေပတ်လမ်းကြောင်းထဲ ၀င်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

    ကမ္ဘာနဲ့ နေကြား အကွာအ၀ေးရဲ့ ၁၀၀ ပုံ ၁ ပုံဖြစ်တဲ့ မိုင်ပေါင်း ၉ သိန်း ၃ သောင်းအထိ ရောက်ရှိခဲ့တာပါ။ Lagrange Point 1 ဆိုတဲ့နေရာကနေ နေကိုလှည့်ပတ်ကာ နေရဲ့ အပြင်ဆုံးအလွှာကို လေ့လာသွားမှာ ဖြစ်ပါတယ်။ 

    အာကာသရာသီဥတုအပေါ် နေရဲ့ သက်ရောက်မှု၊ နေနဲ့ ကမ္ဘာကြား ဆက်နွယ်ပတ်သက်မှု လျှို့၀ှက်ချက်တွေကိုလည်း ဒီဂြိုဟ်တုကနေ သိရှိရမှာဖြစ်ပါတယ်။ 

    Aditya-L1 ဂြိုဟ်တုရဲ့သက်တမ်းဟာ ၅ နှစ်ရှိမှာဖြစ်ပါတယ်။ 

    အိန္ဒိယဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက လရဲ့တောင်ဘက်၀င်ရိုးစွန်းကို စူးစမ်းရေးယာဥ် ပို့ဆောင်နိုင်တဲ့ ပထမဆုံး နိုင်ငံအဖြစ် မှတ်တမ်း၀င်ခဲ့ပြီး၊ အခုတစ်ကြိမ်မှာလည်း နေရဲ့ပတ်လမ်းအတွင်း လေ့လာရေးယာဥ်လွှတ်နိုင်တဲ့ ပထမဆုံး အာရှနိုင်ငံအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ 

    Ref: Aljazeera

  • ၅ နှစ်အတွင်း မိုးအနည်းဆုံးဖြစ်ပြီး စိုက်ပျိုးရေး အကြီးအကျယ် ထိခိုက်လာနိုင်သည့် အိန္ဒိယ

    ၅ နှစ်အတွင်း မိုးအနည်းဆုံးဖြစ်ပြီး စိုက်ပျိုးရေး အကြီးအကျယ် ထိခိုက်လာနိုင်သည့် အိန္ဒိယ

    အောက်တိုဘာ ၁၊ ၂၀၂၃

    M-Media 


    -အခုနှစ်အတွင်း အိန္ဒိယနိုင်ငံရဲ့ မိုးရွာသွန်းမှုဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးဖြစ်ခဲ့ပြီး လယ်ယာထွက်ကုန်တွေအပေါ် ထိခိုက်မှု ရှိမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    အိန္ဒိယတစ်နိုင်ငံလုံးရဲ့ စိုက်ပျိုးရေးလုပ်ငန်းအတွက် အရေးပါတဲ့ ရေအရင်းအမြစ်ရဲ့ ၇၀ ရာခိုင်နှုန်းကို မိုးရာသီကနေ ရရှိတာပါ။ လယ်ယာလုပ်ငန်းရဲ့ တစ်၀က်လောက်ဟာ ဆည်မြောင်းစနစ် မရှိတာကြောင့် မိုးရေကိုသာ အဓိက အားထားရတာ ဖြစ်ပါတယ်။ 

    ဒါပေမယ့် အလ်နီညိုကြောင့် အခုနှစ်ဟာ ၅ နှစ်အတွင်း မိုးအနည်းဆုံး ဖြစ်ခဲ့ပါတယ်။ အိန္ဒိယရဲ့ မိုးရာသီဟာ ဇွန်လကနေ ဒီဇင်ဘာအထိ ကြာမြင့်ပါတယ်။ 

    လက်ရှိအချိန်အထိ မိုးရွာသွန်းမှုဟာ ၉၄ ရာခိုင်နှုန်းသာ ရှိပါတယ်။  

    သြဂုတ်လက မိုးအနည်းဆုံးဖြစ်ခဲ့ပြီး ပျမ်းမျှရွာသွန်းမှုရဲ့ ၃၆ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ မိုးလေ၀သ ပညာရှင်တွေက အောက်တိုဘာကနေ ဒီဇင်ဘာလအတွင်း ပုံမှန် မိုးရွာကာ အခုနှစ်အတွင်း စုစုပေါင်း မိုးရွာသွန်းမှု ၄ ရာခိုင်နှုန်း နည်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 

    မိုးနည်းမှုကြောင့် စိုက်ပျိုးရေးထွက်ကုန်တွေ ကျဆင်းကာ အဓိက စားသောက်ကုန်တွေ စျေးကြီးတာ၊ ပြည်ပတင်ပို့မှု ကျဆင်းတာတွေ ဖြစ်မယ့်အနေအထား ရှိနေပါတယ်။ 

    Ref: Aljazeera 

  • ပတ်၀န်းကျင်နိုင်ငံ ပိုင်နက်များကို မိမိတို့ပိုင်အဖြစ် ဖော်ပြထားသည့် တရုတ်၏ မြေပုံအသစ်

    ပတ်၀န်းကျင်နိုင်ငံ ပိုင်နက်များကို မိမိတို့ပိုင်အဖြစ် ဖော်ပြထားသည့် တရုတ်၏ မြေပုံအသစ်

    သြဂုတ် ၃၁၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – အိန္ဒိယနှင့် တရုတ်အကြား ပိုင်နက်အငြင်းပွားမှုပြ မြေပုံ)

    -တရုတ် သဘာ၀သယံဇာတ ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၃  မြေပုံမှာ အငြင်းပွား ပိုင်နက်တွေကို တရုတ်ပိုင်နက်အဖြစ် ထည့်သွင်း ရေးဆွဲထားတဲ့အတွက် ပတ်၀န်းကျင်နိုင်ငံတွေက ၀ေဖန်နေကြပါတယ်။ 

    အထူးသဖြင့် တောင်တရုတ်ပင်လယ်က ပိုင်နက်တွေ၊ ရုရှားနဲ့ အိန္ဒိယနယ်စပ်က ပိုင်နက်တွေ ဖြစ်ပါတယ်။ 

    တောင်တရုတ်ပင်လယ်ကိစ္စမှာ တရုတ်ဟာ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်းတို့နဲ့ ရေပိုင်နက် အငြင်းပွားမှုတွေ ရှိနေတာပါ။ 

    မလေးရှား နိုင်ငံခြားရေး၀န်ကြီး ဇမ်ဘရီ အဘ်ဒူလ် ကာဒရ်က တရုတ်ရဲ့ အခုမြေပုံသစ်နဲ့ပတ်သက်ပြီး တရား၀င် ကန့်ကွက်သွားမယ်လို့ သြဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 

    ဖိလစ်ပိုင်ကလည်း တရုတ်ကို တရား၀င် ကန့်ကွက်ထားပြီးဖြစ်ပါတယ်။ ဖိလစ်ပိုင်ရဲ့ ပိုင်ဆိုင်မှု၊ ရေကြောင်း နယ်နမိတ်ကို တရုတ်က သူတို့ပိုင်နက်အဖြစ် မြေပုံမှာ ဖော်ပြထားတာဟာ နိုင်ငံတကာ ဥပဒေနဲ့ မကိုက်ညီဘူးလို့ ဖိလစ်ပိုင် နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ 

    အင်ဒိုနီးရှားဟာ တောင်တရုတ်ပင်လယ် အငြင်းပွားမှုမှာ မပါ၀င်ပါဘူး။ ဒါပေမယ့် အခု တရုတ်ရဲ့ မြေပုံအသစ်မှာ အင်ဒိုနီးရှား ရေပိုင်နက်အတွင်းရှိနေတဲ့ Natuna ကျွန်းစုတစ်ခုကို တရုတ်က သူတို့ပိုင်တယ်ဆိုပြီး ထည့်သွင်းရေးဆွဲထားပါတယ်။ 

    အင်ဒိုနိုင်ငံခြားရေး၀န်ကြီး ရတ္တနို မာဆူဒီက နယ်နမိတ်ရေးဆွဲမှုတွေဟာ နိုင်ငံတကာက  သတ်မှတ်ပြဌာန်းချက်တွေအတိုင်း ဖြစ်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ထိုင်၀မ်ကို တရုတ်ပိုင်အဖြစ် ထည့်သွင်းရေးဆွဲထားမှုကိုလည်း ထိုင်၀မ်ဖက်က ကန့်ကွက်ခဲ့ပါတယ်။ 

    ထိုင်၀မ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျက်ဖ်လျူက ထိုင်၀မ်ကို တရုတ်က ဘယ်တုန်းကမှ ပိုင်ဆိုင်ခဲ့တာမဟုတ်ဘဲ ဒါကို နိုင်ငံတကာကလည်း လက်ခံထားကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ 

    ပြင်းပြင်းထန်ထန်ကန့်ကွက်

    တရုတ်ရဲ့ ၂၀၂၃ မြေပုံသစ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်သူက အိမ်နီးချင်း အိန္ဒိယနိုင်ငံ ဖြစ်ပါတယ်။ 

    တရုတ်နဲ့ အိန္ဒိယဟာ နယ်စပ်က ကီလိုမီတာ ၃၅၀၀ လောက် ထိစပ်နေတဲ့ နေရာအတွက် ပိုင်ဆိုင်မှု အငြင်းပွားနေကြတာပါ။ 

    အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အရူနာချာလ် ပရာဒက်ရှ်၊ အနောက်မြောက်ပိုင်းက ကက်ရှ်မီးယားဒေသတွေမှာ ဖြစ်ပါတယ်။ ဒီအငြင်းပွားမှုအတွက် နှစ်ဖက် စစ်ပွဲဖြစ်တဲ့အထိ အခြေအနေ ဆိုးခဲ့တာပါ။ 

    အခု တရုတ်ရဲ့ မြေပုံအသစ်မှာ ဒီဒေသတွေက အငြင်းပွား ပိုင်နက် နှစ်ခုစလုံးကို တရုတ်ပိုင်အဖြစ် ဖော်ပြထားပါတယ်။ 

    အိန္ဒိယအာဏာပိုင်တွေက ဒီကိစ္စအတွက် ချက်ခြင်းပဲ ဆန့်ကျင်ကန့်ကွက်ခဲ့ပါတယ်။ အခြေအမြစ်မဲ့တဲ့ ဒီလို လုပ်ရပ်တွေဟာ နှစ်နိုင်ငံ နယ်နမိတ်ကိစ္စ အဖြေရှာမှုကို ပိုမိုရှုပ်ထွေးစေမှာဖြစ်ကြောင်း နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အရင်ဒမ် ဘဂ်ချီက ပြောပါတယ်။ 

    တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနက အခု မြေပုံအသစ်ကို ဓမ္မဓိဌာန်ကျကျ သုံးသပ်ဖို့၊ ချဲ့ကားမပြောဆို တုန့်ပြန်ပြောကြားခဲ့ပါတယ်။ 

    အိမ်နီးချင်းနိုင်ငံက ပိုင်နက်တွေကို သူတို့ပိုင်တယ်ဆိုပြီး မြေပုံမှာ ထည့်သွင်းရေးဆွဲမှုအတွက် တရုတ်ဟာ အရင်ကလည်း ဆန့်ကျင်ကန့်ကွက်မှုတွေကို ခံခဲ့ရပါတယ်။ 

    Ref: CNA

  • အာကာသစူးစမ်းရေးမှာ လျှော့မတွက်သင့်ကြောင်း သက်သေပြလိုက်တဲ့ အိန္ဒိယ

    အာကာသစူးစမ်းရေးမှာ လျှော့မတွက်သင့်ကြောင်း သက်သေပြလိုက်တဲ့ အိန္ဒိယ

    သြဂုတ် ၂၄၊ ၂၀၂၃

    M-Media 


    -အိန္ဒိယ လစူးစမ်းရေးဂြိုဟ်တု Chandrayaan-3 က ဂြိုဟ်ဆင်းယာဥ်ငယ်ဟာ သြဂုတ်လ ၂၃ ရက် ဗုဒ္ဓဟူးနေ့မှာ လမျက်နှာပြင်ပေါ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ 

    ရေခဲမြစ်တွေနဲ့ ရေအရင်းအမြစ် ကြီးကြီးမားမားရှိနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားတဲ့ လတောင်၀င်ရိုးစွန်းကို ဆင်းသက်ခဲ့တာပါ။ 

    လတောင်၀င်ရိုးစွန်းကို ရောက်ရှိတဲ့ ကမ္ဘာ့ပထမဆုံး နိုင်ငံအဖြစ် မှတ်တမ်း၀င်ခဲ့ပြီး၊ အာကာသစူးစမ်းရေးမှာ အင်အားကြီးတဲ့ နိုင်ငံတစ်ခု ဖြစ်လာကြောင်း အိန္ဒိယက သက်သေပြနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။  

    ရက်ပိုင်းအရင်ကပဲ ရုရှားက ဒီနေရာမှာ အာကာယာဥ်ဆင်းဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ 

    အိန္ဒိယဟာ အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့ပြီးတဲ့နောက် လပေါ်ကို အာကာယာဥ်ခြေချနိုင်နဲ့ စတုတ္ထမြောက်နိုင်ငံလည်း ဖြစ်ပါတယ်။ 

    ၁၉၆၀ က စတင်ခဲ့ 

    အိန္ဒိယရဲ့ အာကာသ စူးစမ်းရေး စီမံကိန်းဟာ ၁၉၆၀ ပြည့်နှစ်တွေကတည်းက စတင်ခဲ့တာပါ။ 

    နှစ်ပေါင်း ၆၀ ကာလအတွင်း အရပ်ဖက်နဲ့ စစ်ဖက်သုံး ဂြိုဟ်တုပေါင်းများစွာကို ကမ္ဘာပတ်လမ်းထဲ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။ 

    အိန္ဒိယဟာ လက်ရှိမှာ ပြည်တွင်းဖြစ်ဒုံးပျံနဲ့ အခကြေးငွေယူပြီး နိုင်ငံတကာ ဂြိုဟ်တုတွေကို လွှတ်တင်ပေးတဲ့ ၀န်ဆောင်မှုလည်း ပေးနေပါတယ်။ 

    ၂၀၀၈ ခုနှစ် Chandrayaan-1 အမည်နဲ့ လစူးစမ်းရေး ဂြိုဟ်တု လွှတ်တင်မှုမှာ တောင်၀င်ရိုးစွန်းအတွင်း ရေခဲတွေရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 

    ၂၀၁၉ ခုနှစ်မှာ ဂြိုဟ်ဆင်းယာဥ်ငယ် ဆင်းသက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ 

    Chandrayaan-3 ရဲ့ အခုအောင်မြင်မှုဟာ အိန္ဒိယကို အဖက်ဖက်က အားကောင်းလာစေမှာ ဖြစ်ပါတယ်။ အခြားနိုင်ငံကြီးတွေနဲ့ယှဥ်ရင် စားရိတ်အလွန်သက်တာတဲ့ ဂြိုဟ်တုလွှတ်တင်မှုစနစ်ကြောင့် ကမ္ဘာ့ အာကာသစူးစမ်းလေ့လာရေးကုမ္ပဏီတွေ အိန္ဒိယကို၀င်ရောက်ဖို့ တာဆူနေကြပါပြီ။ 

    အာကာသလေ့လာမှုနဲ့အတူ အကာကသနေ ကမ္ဘာမြေကို ပြန်လည်စောင့်ကြည့်တဲ့ စနစ်တွေလည်း အားကောင်းလာပြီး ရာသီဥတုပြောင်းလဲမှုဒဏ် ခံစားနေရမှုကို ပိုမို စနစ်တကျ ကိုင်တွယ်လာနိုင်တော့မှာ ဖြစ်ပါတယ်။ 

    Ref: Reuters, Foreign Policy