News @ M-Media
Tag: India
  • အာဏာရ အိန္ဒိယ BJP ပါတီ၏ အကြီးတန်းခေါင်းဆောင် ဝန်ကြီး တစ်ဦး ကားတိုက်မှုကြောင့် ကွယ်လွန်
    ဇွန် ၃ ၊ ၂၀၁၄
    M-Media
    20146342637372734_20
    – မကြာသေးခင်က အိန္ဒိယရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် BJP ပါတီမှ အကြီးတန်းခေါင်းဆောင်ဖြစ်ပြီး ကျေးလက်ရေးရာ ၀န်ကြီးဖြစ်သူ ဂိုပီနသ် မွန်ဒီမှာ ယနေ့နံနက်ပိုင်း ကားတိုက်မှု ကြောင့် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။
    အသက် ၆၄ နှစ်အရွယ်ရှိ မွန်ဒီမှာ ၎င်း၏ မွေးရပ်ပြည်နယ်ဖြစ်သည့် မာဟာရရှ် ထရာပြည်နယ်တွင် ပြုလုပ်မည့် နိုင်ငံရေးဆန္ဒထုတ်ဖော်ပွဲအတွက် နယူးဒေလီလေဆိပ်သို့ အသွားတွင် ထိုကဲ့သို့ မတော်တဆဖြစ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ မွန်ဒီသေဆုံး ခဲ့ခြင်းမှာ နိုင်ငံအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်ဟု ဝန်ကြီးချူပ် မိုဒီကပြောကြားခဲ့သည်။
    မွန်ဒီမှာ နိုင်ငံအနောက်ပိုင်း မာဟာရရှ်ထရာပြည်နယ် ဒုတိယ၀န်ကြီးချုပ် အဖြစ် ၁၉၉၅ ခုနှစ်မှ ၁၉၉၉ ခုနှစ် အထိ ဆောင်ရွက်ခဲ့ပြီး အောက်လွှတ်တော် အမတ်အဖြစ် ၂၀၀၉ နှင့် ၂၀၁၄ ခုနှစ်တွင် အရွေးခံခဲ့ရသည်။ ဝန်ကြီးချူပ် မိုဒီ၏ အဓိက လက်ရုံးဖြစ်သူ မွန်ဒီ၏ ကျေးလက်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မှုမှာ ၈ ရက်သာ ရှိသေးသည်။
    ဓါတ်ပုံ အညွှန်း- ကားတိုက်မှူကြောင့် ကွယ်လွန်သွားသည့် ဝန်ကြီး မွန်ဒီ (ဘယ်အစွန်) အား ဝန်ကြီးချူပ် မိုဒီနှင့် အတူ အခမ်းအနား တခု တွင် တွေ့ရစဉ်  (Photo AFP)
    Ref:  Agencies
  • ဝန်ကြီးချူပ်သစ် မိုဒီ အိန္ဒိယ နိုင်ငံသားအားလုံး အတွက်ဖြစ်မှာလား ?
    မေ ၂၈ ၊ ၂၀၁၄
    M-Media
    မင်းထွဋ်ခေါင် ဘာသာပြန်ဆိုသည်။
    10153927_232978823567724_2373077370935095511_n
    လတ်တလော ကမ္ဘာ့ နိုင်ငံကြီးများတွင် အမျိုးသားရေးဝါဒ ရှောင်တခင် ရေပန်းစားလျက်ရှိ၏။
    ခရိုင်းမီးယားသို့ ရုရှ၏ကြေငြာချက်၌ သမ္မတ ဗလာဒီမာ ပူတင်မှ အမျိုးသားရေးဝါဒအတွေးအမြင်အနံ့အသက် အသုံးပြုထားကြောင်း၊ ယူကရိန်းအရှေ့ဖက်ခြမ်းအား ကျူးကျော်ထိန်းချုပ်မှုက တရားမျှတမှုလုပ်ရပ်ကဲ့သို့ ဆိုထားကြောင်း တွေ့ရသည်။ သူနှင့် ရုရှစစ်တပ်တို့သည် တတ်နိုင်သမျှ ရောက်ရာအရပ်တွင် သူတို့ တိုင်းရင်းနွယ်ဖွားတို့အား ကာကွယ်၍ နေရပ်သို့ပြန်လည်ဆောင်ကြဉ်းရန် ဆောင်ရွက်နေပြီဖြစ်သည်။
    ယခုအခါ အိန္ဒိယက နာရင်ဒြာ မိုဒီအား ၀န်ကြီးချုပ် အဖြစ် အောင်မြင်စွာရွေးချယ်လိုက်လေပြီ။ လာမည့် ရက်သတ္တပတ်တွင် ကျမ်းသစ္စာ ကျိန်ဆိုမည်ဖြစ်သည်။ လမ်းမများ ပြည့်ကျပ်နေပေတော့မည်၊ မီဒီယာများ ပွင့်အံလာတော့မည်၊ ကုန်ဈေးနှုန်းများ ကြီးမြင့်လာတော့မည်၊ သူဆင်းရဲတို့၏အိပ်မက်များ အစိပ်စိပ်အမြွာမြွာ ဖြစ်ပေတော့မည်။ သို့သော် ကာလကြာရှည်ဖြစ်မည့်ဟန် မရှိပါ။
    “ ဘဏ္ဍာရေးအခြေအနေက အများသိထားတာထက် ပိုဆိုးနေတယ်။ အစိုးရအသုံးစားရိတ်ကို ကန့်သတ်ဖို့ လိုပါမယ် ” ဟု အိန္ဒိယအစိုးရ ၀န်ကြီးဟောင်းနှင့် စီးပွားရေးပညာရှင် အာရွန်း ရှောင်ရီမှ ပြောကြားသည်။
    ဆန့်ကျင် ကွဲလွဲတတ်သော မိုဒီ၏ ဗီဇ
    ကြီးမားသောနှုန်းနှင့်အတူ စီးပွားကဏ္ဍ အလှည့်အပြောင်းဖြစ်ရန် တော်တော်ခက်ခဲလိမ့်မည်။ သန်းပေါင်းများစွာ အလုပ်အကိုင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ အတွက် လေးရာခိုင်နှုန်းထက် ပိုကဲ နိမ့်ကျလျက်နေသည်။ အကယ်၍ မိုဒီ အကြပ်ဆိုက်ခဲ့သော် – သူ့ကတိအတိုင်း သူသည် အိန္ဒိယနိုင်ငံသား အပေါင်းအတွက် ၀န်ကြီးချုပ် ဖြစ်မည်လော သို့တည်းမဟုတ် သူသည် သူ၏ဆန့်ကျင် ကွဲလွဲတတ်သော ဗီဇဖက်သို့ လှည့်ပြောင်းမည်လော ဟူသည့် ပြဿနာရှိသည်။
    မိုဒီ့အပေါ် မကြာမဏဆိုသလို ဝေဖန်ကြသည့်အချက်များ အနက်တစ်ခုမှာ – ၂၀၀၂ ခုနှစ် သူ့ဇာတိနယ် ဂူဂျာရသ်တွင် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ပြီး မရှေးမနှောင်းမှာပင် လူပေါင်း တစ်ထောင် သေဆုံးစေခဲ့သည့် မွတ်စ်လင်မ် ဆန့်ကျင်ရေးအစီအမံကိစ္စ ဖြစ်၏။ အိန္ဒိယ တရားရုံးချုပ်မှ သူ့အပေါ် စွပ်စွဲချက်များကို ပယ်ချခဲ့သော်လည်း၊ မကြာသေးမီက ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်မှု ရုပ်သိမ်းပေးခဲ့သည့် အမေရိကန်နှင့် ယူကေအစိုးရ အပါအ၀င် အခြားတစ်ဖက်ကမူ သူ့အား သတ်ဖြတ်ရေး အဓိကရုဏ်းများကို လျစ်လျူရှုသူ အဖြစ်လည်းကောင်း၊ ယင်းအရေးအရာများ ပိုဆိုသွားအောင် ပါဝင် ပတ်သက်သူအဖြစ်လည်းကောင်း သံသယထားရှိခဲ့သည်။
    ထိုပြဿနာမှာ လိပ်ခဲတည်းလည်း ဖြစ်နေဆဲ။ အကြောင်းမူ မည်သည့်တောင်းပန်ချက်မျှ ရှိမနေ၍ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မျှ တောင်းပန်စရာမလိုဟု မိုဒီက ဆိုနေသည်။
    မိုဒီသည် သူ့ဘ၀တစ်လျှောက်လုံးနီးပါး ဟိန္ဒူ  အမျိုးသားရေး လှုပ်ရှား တက်ကြွသူအဖြစ် ရပ်တည်လာခဲ့သူဖြစ်သည်။ ဖီဆန်တတ်သော သဘာဝနှင့် စိတ်ဓာတ်ပြင်းထန်သူ ပီပီ အသက်ရှစ်နှစ်အရွယ်တွင် “ အိန္ဒိယသည် ဟိန္ဒူနိုင်ငံ ဖြစ်ရမည်၊ လူဦးရေ သန်း ၁၈၀ ရှိ မွတ်စ်လင်မ်တို့အပါအ၀င် လူနည်းစုဝင်များမှာ ဟိန္ဒူတို့ထက် နိမ့်ကျသောအဆင့်၌ ရှိနေရမည်” ဟူသော ယုံကြည်ချက်အခြေတည် အယူသည်းလှုပ်ရှားသူများကွန်ရက် Rashtriya Swayamsevak Sangh – RSS သို့ ၀င်ရောက်ခဲ့၏။
    စင်စစ်၌ ထို့ထက်ဆိုးဝါးချက်များ ရှိသေး၏။ အိန္ဒိယ၏ Caravan မဂ္ဂဇင်းဖော်ပြချက် တစ်ခု၌ တွေ့ရသည်။ ၁၉၇၀ နှစ်များအစောပိုင်းကာလ အိန္ဒိယ တောင်ပိုင်းရှိ RSS ခေါင်းဆောင် Yadavrao Joshi မှ စေတနာ့ဝန်ထမ်းလေ့ကျင်းရေး စခန်းတစ်ခုတွင် “ RSS ၏ အင်အား ခိုင်မာတောင့်တင်းလာသည်နှင့် တစ်ပြိုင်နက် မွတ်စ်လင်မ်နှင့် ခရစ်ယာန်တို့အား – အိန္ဒိယ၌ အသင်တို့နေထိုင်လိုလျှင်၊ ဤနိုင်ငံကို ချစ်မြတ်နိုးပါလျှင် အသင်တို့၏ ရှေးအထက် မျိုးဆက်များမှာ ဟိန္ဒူများသာဖြစ်ခဲ့ကြောင်း လက်ခံရမည်၊ ဟိန္ဒူ အယူဝါဒစည်းဝိုင်းတွင်းသို့ ပြန်လည် ၀င်ရောက်ရမည်ဟု ပြောကြားမည်ဖြစ်ကြောင်း ဆိုခဲ့ဖူးသည်။
    ထိုစဉ်က အသက် ၃၀ သာသာမျှသာရှိသော မိုဒီသည် RSS ရာထူးများအားဖြင့် မြင့်တက်လာခဲ့သည်။ အစွန်းရောက် ပြင်းထန်သော စိတ်ဓာတ်၊ လွှမ်းမိုးကြီးစိုးရေး အာသီသတို့နှင့် ထပ်တူကျသော စွမ်းဆောင်လုပ်ဆောင်ချက်များကြောင့် တိုတောင်းလှသည့် ကာလအတွင်း လျင်မြန်စွာ ထိပ်တန်းသို့ တက်လှမ်းလာခဲ့ပေသည်။ RSS နှင့် လက်ရှိအာဏာရ Bharatiya Janata Party – BJP ပါတီတို့အကြား ပင်မပေါင်းကူး တံတားဘ၀သို့ ၎င်းနောက်မှ ရောက်ရှိခြင်းဖြစ်သည်။ ကက်ရှ်မီးယားပိုင်နက်အပေါ် အိန္ဒိယနှင့် ပါကစ္စတန်အကြား အငြင်းပွားချိန်တွင် မိုဒီကို တီဗီဖန်သားပြင်ထက်၌ မကြာခဏ တွေ့ကြရသည်။ သူ၏ ၀ါဒဖြန့်မှုမှာ ပြင်းထန်သော ပါကစ္စတန် ဆန့်ကျင်ရေးနှင့် မွတ်စ်လင်မ် ဆန့်ကျင်ရေး ဖြစ်ခဲ့သည်။
    ရင်ကြားစေ့ မရစေသည့် အမျိုးသားရေးဝါဒ
    ၂၀၀၁ ခုနှစ်တွင် မိုဒီအား ဂူဂျာရသ်ပြည်နယ်၏၀န်ကြီးချုပ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် RSS မှ ရွေးချယ်တင်မြှောက်ခဲ့သည်။ မိမိဇာတိပြည်နယ်မှ ခြောက်နှစ်တိုင်တိုင် ကွဲကွာခဲ့သဖြင့် မိမိမှာ ကနဦးပိုင်းတွင် လစ်ဟာ အားနည်းခဲ့ရပါသည်ဟု မိုဒီက ဆိုလေ့ရှိသည်။ သူသည် အလုပ်အကိုင်အတွက် အပြင်းအထန် ဖော်ဆောင်ခဲ့ကြောင်း အခြားသူတို့က ဆိုသည်။ အခြားတစ်ဖက်တွင် သူ့အား ယင်းနေရာသို့ရောက်အောင် တွန်းတင်ခဲ့သည်မှာ RSS ဖြစ်ပြီး ယင်းအဖွဲ့က သူ့အား မိမိ၏ဘက်တော်သားအဖြစ် အမြင်ထားရှိနေဆဲဟု သိရ၏။ လွန်ခဲ့သောသြဂုတ်လအတွင်း RSS ခေါင်းဆောင် Mohan Bhagwat ၏စကား၌ “ မိုဒီဟာ RSS အယူအဆအရင်းအမြစ်ကို အရိုးစွဲနေဆဲ တစ်ဦးတည်းသောပုဂ္ဂိုလ် ဖြစ်တယ် ” ဟု တွေ့ရပေသည်။
    ရှေ့ဆက်သုံးသပ်ကြည့်ရပါလျှင် မိုဒီသည် ခွဲခြားရေးဝါဒီခေါင်းဆောင်အဖြစ် ရုပ်လုံးပေါ်လာနိုင်ချေရှိ၏။ သူ့မျက်မှောက်ရှိ များစွာသောအရေးကိစ္စများကြောင့် သူ၏ပြည်သူ ၁၄ ရာခိုင်နှုန်းကျော်က သူ့အား ထောက်ခံလိုစိတ် မရှိကြချေ။ သို့သော် သူ့ထိန်းချုပ်မှုတစ်ဖက်မှ ဖြစ်အင်များသည် သူ့အား ထိုလမ်းကြောင်းသို့ တွန်းပို့ကောင်းပေလိမ့်မည်။
    စီးပွားရေးတိုးတက်မှု နှောင့်နှေးသွားလိမ့်မည်၊ ဆင်းရဲသားအများစုအတွက် စီးပွားရေးချောင်လည်ဖို့ ခက်ခဲလွန်းမည် ဆိုသည့်အချက်က အမြတ်ထွက်နိုင်၏။ မိုဒီ၏မဟာမိတ်များအနက်မှ ၀န်ကြီးချုပ်ထောက်ခံမှုထိန်းသိမ်းရန် မွတ်စ်လင်မ်ဆန့်ကျင်ရေးဝါဒဖြန့်ချက်များကို အသုံးချနိုင်ပေလိမ့်မည်။ သူ့ထံမှ ၀ါဒဖြန့်ချက် ထွက်ပေါ်ခြင်း ရှိကောင်းမှရှိမည်၊ သူ့ကိုယ်ပိုင်ဆန္ဒနှင့်ပင် ဆန့်ကျင်နေနိုင်သေးသည်။ သို့တစေ သူ၏မိတ်ဆွေများနှင့် မဟာမိတ်များထံမှ ထွက်ပေါ်လာဖို့တော့ ဖြစ်နိုင်ချေများပါသည်။
    အကယ်၍ အမျိုးသားရေးအမုန်းတရားလမ်းကြောင်းသို့ ဦးတည်သွားလျှင် ကောင်းစွာ အလုပ်ဖြစ်ပါသော်လည်း ကောက်ရိုးမီးသာ ဖြစ်ချိမ့်မည်။ ၎င်းသည် လတ်လတ်ဆတ်ဆတ် ၀န်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်ခံရသော မိုဒီ၏ ထင်ရှားလှသည့် အဂတိသဘောထားလည်း ဖြစ်သွားနိုင်ပေသည်။ အမျိုးသားရေးဝါဒီလှုပ်ရှားသူအဖြစ် ဘ၀ဖြတ်သန်းလာပြီးသည့်နောက်မှာမှ သူသည် နိုင်ငံ့ခေါင်းဆောင်တစ်ဦးအနေနှင့် ၎င်းကို ကြံ့ကြံ့ခံတွန်းလှန်ခုခံနိုင်ပါမည်လော ?
    John Lloyd ရေးသားသည့် ရိုက်တာ၏အတွေးအမြင်ဆောင်းပါး Modi : PM for All Indians ? ကို မင်းထွဋ်ခေါင် (M-Media) မှ ဆီလျော်အောင် ပြန်ဆိုသည်။
  • အိန္ဒိယ ရွေးကောက်ပွဲကာလ အာသံတွင် မွတ်စလင်များ အစုအလိုက် အကြမ်းဖက် သတ်ဖြတ်ခံရ
    မေ ၁၅ ၊ ၂၀၁၄
    M-Media
    hromedia-More-bodies-found-dozens-still-missing-after-India-election-massacre-of-Muslims-intl.-news4
    – အာသံပြည်နယ်တွင် ရွေးကောက်ပွဲ ပြဿနာကြောင့် မွတ်စလင်များ အစုလိုက် အပြုံလိုက် အသတ်ခံခဲ့ရပြီး ပျောက်ဆုံးနေ သူများ၏ အလောင်း ၇ လောင်းကို ဘီကီမြစ်ထဲတွင် ပြီးခဲ့သည့် သီတင်းပတ်က တွေ့ရှိခဲ့ ရသည်ဟု အိန္ဒိယ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    မွတ်စလင်များက ဘိုဒိုလူမျိုးစု အမတ်များအား မဲမပေးခဲ့ခြင်းကို လက်စားချေသည်ဟု ယုံကြည်ရသော ဘိုဒို စစ်သွေးကြွများ၏ တိုက်ခိုက်မှု ၃ ခု ပြီးခဲ့သည့် သီတင်းပတ်က အာသံပြည်နယ်တွင်ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၄၁ ဦးသေဆုံးခဲ့သည်။ ဘီကီမြစ်ကမ်းနဖူးပေါ်တွင် တည်ရှိသော နာရာယန်ဂူရီရွာတွင် မျက်နှာဖုံးစွပ်ထားသည့် လက်နက်ကိုင်များက နေအိမ်များစွာကို မီးရှို့ခဲ့ကြပြီး အမျိုးသမီးနှင့် ကလေး ၂၀ ကျော်ကို ပစ်သတ်ခဲ့ကြသည်။
    ၅ ပတ်တာ ရွေးကောက်ပွဲ ကျင်းပနေသည့် အိန္ဒိယနိုင်ငံ အချို့နေရာများတွင် ဘာသာရေးနှင့် လူမျိုးရေး တင်းမာမှုများ ကြီးထွားလာနေသည်။ ထိုအကြမ်းဖက်မှုအား အတိုက်အခံ BJP ပါတီက ရှုတ်ချခဲ့ပြီး လက်ရှိအာဏာရ ကွန်ဂရက်ပါတီကို ပြစ်တင်ခဲ့သည်။ သို့သော်လည်း BJP ပါတီမှ ၀န်ကြီးချုပ်အဖြစ် ၀င်ရောက် အရွေးခံနေသည့် နရန် ဒရာမိုဒီမှာ မွတ်စလင်များမှာ ဘင်္ဂလားဒေ့ရှ်မှ တရား မ၀င်ခိုးဝင်လာသည်ဟု နှုတ်ဖြင့် တိုက်ခိုက်မှုများကြောင့် ထိုပြဿနာအား BJP မှ ပြုလုပ်နေသည်ဟု ပြိုင်ဘက်များက ပြန်လည်စွပ်စွဲခဲ့သည်။
    “ ပျောက်နေတဲ့သူတွေကို ဘီကီမြစ်ထဲမှာရှာဖို့ ကျွန်တော်တို့ ဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့ SDRF တွေကိုချထားပါတယ်” ဟု အာသံ ရဲတပ်ဖွဲ့အကြီးအကဲက AP သတင်းဌာနသို့ ပြောကြားခဲ့သည်။
    ရဲတပ်ဖွဲ့ဝင်များနှင့် ရွာသားများမှာ ၆ လအရွယ် ကလေးငယ်နှင့် ၃၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးပါအ၀င် အလောင်း ၇ လောင်းကို သတ်ဖြတ်မှုဖြစ်ပွားခဲ့သည့် ရွာမှ ၁၆ မိုင်အကွာ မြစ်အတွင်းတွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
    အာသံပြည်နယ်အကြီးအကဲ တာရန်ဂိုဂီမှာ အခင်းဖြစ်ပွားသည့်နေရာသို့ ပြီးခဲ့သည့် တစ်ပတ်က သွားရောက်ခဲ့ပြီး အဆင့်မြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် အမိန့်ပေးခဲ့သည်။
    Ref: Human Rights Observers
  • မိခင်က Facebook သုံးရန် ပိတ်ပင်မှုကြောင့် ၁၃ နှစ်အရွယ် မိန်းကလေး မိမိကိုယ်ကို သတ်သေ
    မေ ၁၂ ၊ ၂၀၁၄
    M-Media
    အိန္ဒိယ နိုင်ငံတွင် ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်ဟာ မိခင်ဖြစ်သူက Facebook အကောင့်ကို ပိတ်ပစ်ဖို့ပြောတာကြောင့် မိမိကိုယ်ကို ဆွဲကြိုးချသတ်သေခဲ့ပါတယ်။
    article-2624845-0DBAA46100000578-267_634x440
    ၁၃ နှစ်အရွယ် အိန္ဒိယက မိန်းကလေးငယ် အက်ဒီတီ ဂုပတ ဟာ သူငယ်ချင်းတွေနဲ့ အချိန်ကြာရှည်စွာ စကားပြောလွန်းတာကြောင့် မိခင်ဖြစ်သူ မိုဟာနား ရဲ့ တောက်လျောက် ဆူပူမှုအပြီးမှာ သူ့ရဲ့အိပ်ခန်းထဲမှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့ပါတယ်။
    မိခင်ဖြစ်သူက သူမအလုပ်မသွားခင် သမီးဖြစ်သူကို ” အိမ်ပြန်ရောက်တဲ့အချိန် Facebook အကောင့် ပိတ်ထားတာ လိုချင်တယ် ” လို့ ပြောသွားခဲ့ပါတယ်။ နေ့လည်ထမင်းစားချိန် အိမ်ပြန်ပြီး ၄ နာရီအကြာမှာ သမီးဖြစ်သူသေဆုံးကြောင်းသိခဲ့ရပါတယ်။
    ရဲဌာန ကို ပြောကြားရာမှာ “ဒီလောက်ကြီးအရေးမကြီးတဲ့အရာအပေါ်” ကိုယ့်ကိုသတ်သေရလောက်အောင် သမီးဖြစ်သူ လုပ်လိမ့်မယ်လို့ ထင်မှတ်မထားခဲ့ဘူးလို့ ပြောခဲ့ပါတယ်။
    သူမက ” ၉ နာရီခွဲလောက်မှာ ကျွန်မ အလုပ်သွားလေ့ရှိပြီး။ အမျိုးသားဖြစ်သူက ဒီထက်စောစောသွားလေ့ရှိပါတယ်။ သားအကြီးကတော့ အားလပ်ရက်ဖြစ်တာကြောင့် အဖွားဖြစ်သူအိမ်မှာရှိနေပါတယ်။ ”
    ” ကျွန်မ အလုပ်သွားတော့မယ့် အချိန် သူမက ကွန်ပျူတာရှေ့မှာ ရှိနေပါတယ်။ လူမှုကွန်ရက် (Social Network) တွေပေါ်မှာ သူမအချိန်ဖြုန်းလွန်းတာကြောင့် ကျွန်မလည်း စိတ်ဆိုးနေခဲ့ပါတယ်။ ”
    ” Facebook သုံးရအောင်နဲ့ အဲ့ဒီအပေါ်မှာ အချိန်ဖြုန်းရအောင် သိပ်ငယ်သေးလွန်းတယ်လို့ သူမကိုပြောခဲ့မိပါသေးတယ်။ ”
    ဒီဖြစ်ရပ်က Facebook နဲ့ပတ်သတ်ပြီး မိဘတာဝန်ဝတ္တရားနဲ့ ဆိုက်ဘာ(ကွန်ပျူတာနည်းပညာ) ကမ္ဘာထဲ ကလေးငယ်တွေ နှစ်မြုပ်နေမှုအကြောင်း ဆွေးနွေးငြင်းခုန်မှုတွေ အိန္ဒိယနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့ပါတယ်။
    Souce : UK DailyMail
  • အိန္ဒိယတွင် အမျိုးသား၊ အမျိုးသမီးမဟုတ်သည့် ကြားလိင်အား တတိယလိင်အဖြစ် တရားရုံးချုပ်မှ အသိအမှတ်ပြု
    ဧပြီ ၁၅၊ ၂၀၁၄
    M-Media
    – အမျိုးသားလည်း မဟုတ်၊ အမျိုးသမီးလည်း မဟုတ်သူများသည့် ကြားလိင်များအား အိန္ဒိယတရားရုံးချုပ်က တတိယလိင်အဖြစ် ယနေ့တွင် အသိအမှတ်ပြုခဲ့သည်ဟု သိရသည်။
    201441572140542734_20
    “(ယောက်ျားမဟုတ်၊ မိန်းမဟုတ်) ကြားလိင်တွေအတွက် တတိယလိင်အဖြစ် အသိအမှတ်ပြုတာဟာ လူမှုရေး ဒါမှမဟုတ် ဆေးပညာရပ်အရ မဟုတ်ပါဘူး။ လူ့အခွင့်အရေးအရပါ” ဟု တရားရေးဌာနမှ ရာဒါကရှစ်နန်က တရားရုံးချုပ်သို့ ပြောကြားခဲ့သည်။
    ထို့ပြင် အိန္ဒိယတွင်ရှိနေသည့် အခြားသော လူနည်းစုများနည်းတူ အခွင့်အရေးများ ရသင့်သည့် ကြားလိင်များအား တတိယလိင်အဖြစ် သတ်မှတ်ပေးရန် ပြည်နယ်အစိုးရနှင့် ဖက်ဒရယ်အစိုးရတို့အား တရားရုံးချုပ်မှ ညွှန်ကြားခဲ့သည်။
    ကြားလိင်များအား ဥပဒေအောက်တွင် တူညီသော အခွင့်အရေးရရှိရန် ဦးဆောင်လှုပ်ရှားနေသည့် အမျိုးသားစိတ်ပေါက်နေသူ ထရီပါသီကမူ ထိုကဲ့သို့ အသိအမှတ်ပြုခြင်းအား ချီးကျူးလိုက်ပြီး ကွန်ဆားဗေးတစ်နိုင်ငံဖြစ်သည့် အိန္ဒိယတွင် ကြားလိင်များမှာ ခွဲခြားဆက်ဆံမှုများ၊ လစ်လျူရှုမှုများကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသည်ဟု ပြောကြားခဲ့သည်။
    “ဒီနေ့မှာတော့ ကျွန်တော်ဟာ အိန္ဒိယနိုင်ငံသားတစ်ယောက်ဖြစ်ရတာကို ပထမဆုံးအကြိမ် ဂုဏ်ယူမိပါတယ်။ ဒီနေ့ တရားရုံးချုပ်က ကျွန်တော်တို့ရဲ့အခွင့်အရေးကို အာမခံပေးခဲ့တာကြောင့် ကျွန်တော်နဲ့ ကျွန်တော့်ညီမတွေဟာ အိန္ဒိယနိုင်ငံသား စစ်စစ်အဖြစ် ခံစားရပြီး သိပ်ကို ဂုဏ်ယူမိပါတယ်” ဟု ထရီပါသီက ဆိုသည်။
    အိန္ဒိယနိုင်ငံတွင် လိင်တူချင်း လိင်ဆက်ဆံမှုကို ၂၀၀၉ ခုနှစ်က ခွင့်ပြုခဲ့သော်လည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက တရားရုံးချုပ်မှ ပြန်လည်ပိတ်ပင်ခဲ့သောကြောင့် နိုင်ငံအား ၁၉ ရာစုခေတ်သို့ နောက်ပြန်ဆွဲသွားသည်ဟု ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။
    Agencies