News @ M-Media

Tag: iraq

  • အီရတ်တွင် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှု အဆုံးသတ်

    အီရတ်တွင် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှု အဆုံးသတ်

    ဒီဇင်ဘာ ၉၊ ၂၀၂၁
    M-Media

    -နိုင်ငံအတွင်း အမေရိကန်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ အဆုံးသတ်သွားပြီလို့ အီရတ်နိုင်ငံက ဒီကနေ့မှာ ကြေငြာပါတယ်။

    စစ်ရေးလှုပ်ရှားမှု အဆုံးသတ်ပြီး အီရတ်တပ်ဖွဲ့ကို အကြံပေးတဲ့ တာဝန်သာ ဆောင်ရွက်ပေးဖို့ အမေရိကန်နဲ့ဆွေးနွေးမှု ပြီးဆုံးသွားတဲ့အချိန်မှာ အီရတ် အမျိုးသားလုံခြုံရေးအကြံပေး ကာစင် အလ်-အရဂျ်က Twitter စာမျက်မှာ ​​ရေးသားခဲ့တာ ဖြစ်ပါတယ်။

    “မဟာမိတ်အဖွဲရဲ့ စစ်ရေးလှုပ်ရှားမှုတွေ အဆုံးသတ်ပြီလို့ တရားဝင်ကြေငြာလိုက်ပါတယ်။ လေ့ကျင့်သင်ကြားရေး၊ အကြံပေးရေးနဲ့ စွမ်းရည်မြှင့်တင်ရေးတွေမှာတော့ နိုင်ငံတကာမဟာမိတ်အဖွဲ့နဲ့ ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမှာပါ”

    အီရတ်ရဲ့ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အမေရိကန်ဖက်က တုန့်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် နှစ်ကုန်မှာ အီရတ်က စစ်ရေးလှုပ်ရှားမှုအားလုံး အဆုံးသတ်မယ်ဆိုတဲ့ ကတိကဝတ်ကို စောင့်ထိန်းမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီရ်ဘီက မနေ့မှာ ထုတ်ပြန်ပါတယ်။

    ဘဂ္ဂဒတ်က ဆွေးနွေးပွဲကိုတက်ခဲ့တဲ့ ကာ့ဒ်တပ်ဖွဲ့က ဗိုလ်မှူးချုပ် ဟဇ်ဟာ အစ္စမာအီလ်က စစ်ရေးလှုပ်ရှားမှု အခုနှစ်ကုန်မှာ အဆုံးသတ်မယ်ဆိုတဲ့ ကတိကဝတ်ကို အကောင်ထည်ဖော်ဖို့ အဆင်သင့် ဖြစ်နေတဲ့အကြောင်း ဟာမိတ်အဖွဲ့က ပြောခဲ့တယ်လို့ ဆိုပါတယ်။

    ‘အကြမ်းဖက်တိုက်ဖျက်ရေးစစ်ပွဲ’ ခေါင်းစဉ်နဲ့ အီရတ်ကို အမေရိကန်က ၂၀၀၃ ခုနှစ်မှာ ကျူးကျော်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အီရတ်က အမေရိကန်စစ်သားအရေအတွက်ဟာ ၂၀၀၇ ခုနှစ်မှာ ၁ သိန်း ၇ သောင်းအထိ ရောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်း ပြန်လျှော့ခဲ့ကာ လက်ရှိမှာတော့ အမေရိကန်စစ်သား ၂၅၀၀၊ မဟာမိတ်စစ်သား တစ်ထောင်လောက်သာ ကျန်ရှိပါတယ်။

    Ref: Aljazeera

  • IS အကြမ်းဖက်အဖွဲ့၏ မူဆိုးလ်အကျဉ်းထောင် သတ်ဖြတ်မှုကို စစ်ရာဝတ်မှုအဖြစ် သတ်မှတ်

    IS အကြမ်းဖက်အဖွဲ့၏ မူဆိုးလ်အကျဉ်းထောင် သတ်ဖြတ်မှုကို စစ်ရာဝတ်မှုအဖြစ် သတ်မှတ်

    ဒီဇင်ဘာ ၃၊ ၂၀၂၁
    M-Media

    -၂၀၁၄ ခုနှစ် ဇွန်လက အီရတ်နိုင်ငံ မူဆိုးလ်​မြို့အကျဉ်းထောင်မှာ လူ ၁၀၀၀ ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ IS အကြမ်းဖက်အဖွဲ့ရဲ့လုပ်ရပ်ဟာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    Badush Central အကျဉ်းထောင်ကို ၂၀၁၄ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်ပိုင်း IS အကြမ်းဖက်အဖွဲ့ဟာ ဒီသတ်ဖြတ်မှုကို စနစ်တကျ ကျူးလွန်ခဲ့တာပါ။

    အီရတ်မှာ IS ရဲ့ ရက်စက်ကြမ်းကြုတ်မှု​တွေကို ဖော်ထုတ်နေတဲ့ ကုသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ (UNITAD) အကြီးအကဲ ခရစ္စတီယန် ရစ်ချာက သတ်ဖြတ်ခံရသူတွေကို အစုလိုက်အပြုံလိုက် မြှုပ်ထားတဲ့ နေရာတွေ၊ IS ထိပ်ပိုင်းခေါင်းဆောင်တွေကိုယ်တိုက်က ဒီသတ်ဖြတ်မှုကို စီစဉ်ခဲ့ကြောင်း လွတ်မြောက်လာသူတွေရဲ့ ပြောကြားချက်တွေလို သက်သေအထောက်အထား အသေးစိတ်တွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

    “အကျဉ်းသားတွေကို ထောင်နားက ကွင်းပြင်တွေဆီ ခေါ်သွားတယ်။ ဘာသာအလိုက်ခွဲထုတ်ပြီး စော်ကားမော်ကားလုပ်တယ်။ အဲဒီနောက် ရှီအာမွတ်စလင် အနည်းဆုံး ၁၀၀၀ လောက်ကို စနစ်တကျ သတ်ဖြတ်ခဲ့ပါတယ်”

    ဒစ်ဂျစ်တယ်အထောက်အထားတွေ၊ မှတ်တမ်း​တွေ၊ လွတ်မြောက်လာသူတွေရဲ့ ပြောကြားမှုတွေ၊ သေဆုံးသူတွေကို မှုခင်းဆိုင်ရာ စစ်ဆေးမှုတွေ၊ IS အဖွဲ့ရဲ့ စာရွက်စာတမ်းတွေကို လေ့လာဆန်းစစ်ခဲ့ရာမှာ ဒီသတ်ဖြတ်မှုအတွင်း IS အဖွဲ့ဝင် အများအပြား ပါဝင်ခဲ့တယ်ဆိုတာကို စုံစမ်းစစ်ဆေးသူတွေက တွေ့ခဲ့ရကြောင်း ရစ်ချာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အသေးစိတ် လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် Badush Central အကျဉ်းထောင်မှာ IS ရဲ့ ဒီသတ်ဖြတ်မှုဟာ လူသားထုပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေမြောက်ကြောင်း UNITAD အဖွဲ့က သတ်မှတ်ခဲ့ပါတယ်။

    IS အကြမ်းဖက်အဖွဲ့ဟာ ၂၀၁၄ ခုနှစ်မှာ အီရတ်နဲ့ ဆီးရီးယားတို့က နေရာတော်တော်များများကို သိမ်းပိုက်နိုင်ခဲ့ပြီး ခါလီဖိတ်နိုင်ငံအဖြစ် ကြေငြာခဲ့ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တွေအကူအညီနဲ့ အီရတ်စစ်တပ်ဟာ ၃ နှစ်ကြာ တိုက်ခိုက်ခဲ့ရပြီးနောက်ပိုင်း ၂၀၁၇ ခုနှစ် IS အဖွဲ့ ကင်းစင်ကြောင်း ကြေငြာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဖွဲ့ရဲ့အကြွင်းအကျန်တွေ ရှိနေပြီး တိုက်ခိုက်မှုတွေလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။

    IS ဟာ အီရတ်နဲ့ ဆီးရီးယားတို့က ယာဇီဒီလူမျိုးတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တာကို တွေ့ရကြောင်း UNITAD အဖွဲ့ အကြီးအကဲဟောင်း ကာရင်ခန်းက မေလမှာ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • အီရတ်ဝန်ကြီးချုပ်ကို ဗုံးတပ်ဒရုန်းဖြင့် လုပ်ကြံမှုဖြစ်ပွား

    အီရတ်ဝန်ကြီးချုပ်ကို ဗုံးတပ်ဒရုန်းဖြင့် လုပ်ကြံမှုဖြစ်ပွား

    နိုဝင်ဘာ ၇၊ ၂၀၂၁
    M-Media

    -အီရတ်ဝန်ကြီးချုပ် မွတ်စ်တာဖာ အလ်-ကဒ်ဟီမီရဲ့ နေအိမ်ကို မနေ့က ဒရုန်းနဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ဝန်ကြီးချုပ်က အထိအခိုက်မရှိဘဲ လွတ်မြောက်ခဲ့ပါတယ်။

    ဖောက်ခွဲရေးပစ္စည်း တပ်ဆင်ထားတဲ့ ဒရုန်း ၃ စင်းဟာ ဝန်ကြီးချုပ်နေအိမ်ကို ချဉ်းကပ်လာရာမှာ ၂ စင်းကို အစောင့်တွေက ဖျက်ဆီးနိုင်ခဲ့ပြီး တစ်စင်းက အိမ်တော်ကို ထိခိုက်ကာ ပေါက်ကွဲခဲ့ပါတယ်။ ဒီအဖြစ်အပျက်အတွင်း လုံခြုံရေးအစောင့် ၆ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

    တိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်လဲဆိုတာ မသိရပါဘူး။ ဝန်ကြီးချုပ် အိမ်တော်ဟာ အစိုးရရုံးတွေ နိုင်ငံခြားသံရုံးတွေရှိရာ ဘဂ္ဂဒတ်မြို့ရဲ့ လုံခြုံရေးထူထပ်တဲ့ အစိမ်းရောင်ဇုန်အတွင်း ရှိနေတာ ဖြစ်ပါတယ်။ အီရတ်စစ်တပ်အကြီးအကဲရဲ့ ပြောရေးဆိုခွင့်ရှိသူက အစိမ်းရောင်ဇုန်ရဲ့လုံခြုံရေး တည်ငြိမ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    အောက်တိုဘာ ၁၀ ရက်နေ့ ရွေးကောက်ပွဲမှာ အကြီးအကျယ်ရှုံးနိမ့်ခဲ့တဲ့ အီရန်ကျောထောက်နောက်ခံပြု နိုင်ငံရေးပါတီတွေကို ထောက်ခံသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား တင်းမာမှုဖြစ်ပွားပြီး ၂ ရက်အကြာမှာ ဒီတိုက်ခိုက်မှု ပေါ်ပေါက်လာတာပါ။

    ဝန်ကြီးချုပ် ကဒ်ဟီမီနဲ့ ထိပ်တန်းဗိုလ်ချုပ်တွေ ဒီကနေ့ အစည်းအဝေးလုပ်နေတဲ့ ဗီဒီယိုကို ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ရုံးရဲ့ ကြေငြာချက်မှာ ဝန်ကြီးချုပ်ကို လုပ်ကြံဖို့ ရည်ရွယ်တဲ့ ဒီတိုက်ခိုက်မှုဟာ သူရဲဘောကြောင်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    သမ္မတ ဘာဟမ် ဆာလီကလည်း ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပါတယ်။

    Ref: Reuters

  • ရေနံမှရငွေ ဒေါ်လာ ဘီလီယံ ၁၅၀ ခိုးထုတ်ခံခဲ့ရဟု အီရတ်သမ္မတပြော

    ရေနံမှရငွေ ဒေါ်လာ ဘီလီယံ ၁၅၀ ခိုးထုတ်ခံခဲ့ရဟု အီရတ်သမ္မတပြော

    မေ ၂၄၊ ၂၀၂၁
    M-Media

    -အာဏာရှင် ဆက်ဒမ်ဟူစိန် ပြုတ်ချခဲ့တဲ့ ၂၀၀၃ ခုနှစ်နောက်ပိုင်း ရေနံကရတဲ့ ငွေပေါင်း ကန်ဒေါ်လာ ၁၅၀ ဘီလီယံလောက် တိုင်းပြည်အပြင်ကို ခိုးထုတ်ခံခဲ့ရတယ်လို့ အီရတ် သမ္မတ ဘာရ်ဟမ် ဆာလေဟ်က ပြောပါတယ်။

    ခြစားမှု တိုက်ဖျက်ရေး၊ အခိုးခံငွေများပြန်ရရေးနဲ့ ကျူးလွန်သူတွေကို အရေးယူအပြစ်ပေးရေးအတွက် လွှတ်တော်ကို သမ္မတက တင်သွင်းတဲ့ ဥပဒေမူကြမ်းတစ်ခုမှာ ဒီလို ဖော်ပြထားတာပါ။

    ခြစားတဲ့အမူအကျင့်တွေဟာ တစ်နိုင်ငံလုံးမှာ ပြန့်နှံ့နေပြီး ဒါကိုတားဆီးရေး တင်သွင်းတဲ့ဥပေဒကို အတည်ပြုဖို့လည်း ဆာလေဟ်က တိုက်တွန်းခဲ့ပါတယ်။

    နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Transparency International က ထုတ်ပြန်တဲ့ ကမ္ဘာ့ခြစားမှုအများဆုံးနိုင်ငံစာရင်းမှာ အီရတ်လည်း ပါဝင်နေပါတယ်။

    “၂၀၀၃ ခုနှစ်ကတည်းက ရေနံကနေ ဒေါ်လာ ၁ ထရီလီယံနီးနီးလောက် ဝင်ငွေရပေမယ့် ၁၅၀ ဘီလီယံလောက်ဟာ တိုင်းပြည်ပြင်ပကို ခိုးထုတ်ခံခဲ့ရပါတယ်” လို့ သမ္မတ ဆာလေဟ်က ပြောပါတယ်။

    အစိုးရအတွင်း လှိုက်စားနေတဲ့ ခြစားမှုကို ဆန့်ကျင်တဲ့အနေနဲ့ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တွေမှာ အီရတ်ပြည်သူတွေ အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။

    Ref: Alarabiya

  • အီရတ်ရှိ အမေရိကန်သံရုံး ဒုံးကျည်ဖြင့် အ​ပစ်ခံရ

    အီရတ်ရှိ အမေရိကန်သံရုံး ဒုံးကျည်ဖြင့် အ​ပစ်ခံရ

    ဒီဇင်ဘာ ၂၁၊ ၂၀၂၀
    M-Media

    -မြို့တော် ဘဂ္ဂဒတ်မှာရှိတဲ့ အမေရိကန်သံရုံးဟာ မနေ့က ဒုံးကျည် ၈ လုံးနဲ့ တိုက်ခိုက်ခံလိုက်ရတယ်လို့ အီရတ်အစိုးရက ထုတ်ပြန်ပါတယ်။

    နိုင်ငံတကာသံရုံးတွေရှိတဲ့ ဘဂ္ဂဒတ်က ရပ်ကွက်ကို အစိမ်းရောင်ဇုန်အဖြစ် အီရတ်အစိုးရက သတ်မှတ်ထားတာပါ။ မနေ့က တိုက်ခိုက်မှုကြောင့် အီရတ်လုံခြုံရေးအစောင့်တစ်ဦးဒဏ်ရာရခဲ့ကာ ကားအချို့နဲ့ အနီးအနားက လူမနေတဲ့ နေအိမ်အချို့ ထိခိုက်ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

    အမေရိကန်သံရုံးက ထုတ်ပြန်တဲ့ကြေငြာချက်မှာ တိုက်ခိုက်မှုဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ဒုံးခွင်းစနစ် C-RAM ကို အသုံးပြုခဲ့ရကြောင်း၊ ဒီလိုတိုက်ခိုက်မှုမျိုး နောက်မဖြစ်အောင် တားဆီးဖို့နဲ့ တိုက်ခိုက်သူကို အရေးယူဖို့အတွက် အီရတ်အစိုးရနဲ့ နိုင်ငံ​ရေးခေါင်းဆောင်တွေကို တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။ တိုက်ခိုက်မှုကြောင့် သံရုံးအဆောက်အဦး ပျက်ဆီးခဲ့တယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။

    အခုနှစ် ဇန်နဝါရီက အီရန်ဗိုလ်ချုပ် ကာစင်ဆိုလိုင်မာနီကို အမေရိကန်က အီရတ်မှာ လုပ်ကြံ သတ်ဖြတ်ခဲ့ပြီးတဲ့နောက်ပိုင်း ဘဂ္ဂဒတ်က အမေရိကန်သံရုံးကို လက်နက်ကိုင်အဖွဲ့အချို့က ပစ်မှတ်ထားတိုက်ခိုက်မှု လုပ်လာတဲ့အတွက် အမေရိကန်ဟာ C-RAM ဒုံးခွင်းစနစ်ကို အခုနှစ်အစောပိုင်းမှာ တပ်ဆင်ခဲ့တာပါ။

    ဆိုလိုင်မာနီ လုပ်ကြံမှု တစ်နှစ်ပြည့်မှာ လက်တုန့်ပြန်တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် သံရုံးဝန်ထမ်းတစ်ချို့ကို အခုလအစောပိုင်းမှာ အမေရိကန်က ပြန်ခေါ်ခဲ့ပါတယ်။

    ဘဂ္ဂဒတ်က အမေရိကန်သံရုံး အရင်က တိုက်ခိုက်ခံရမှုတွေမှာ အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့ Kataib Hezbollah လုပ်တာလို့ သတင်းတွေထွက်ခဲ့ပြီး မနေ့က တိုက်ခိုက်မှုကတော့ သူတို့လက်ချက်မဟုတ်ဘူးလို့ ဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

    Ref: Aljazeera