News @ M-Media

Tag: iraq

  • အီရတ်ရှိ အမေရိကန်စစ်စခန်း ၂ ခုကို အီရန်က လက်တုန့်ပြန် တိုက်ခိုက်

    အီရတ်ရှိ အမေရိကန်စစ်စခန်း ၂ ခုကို အီရန်က လက်တုန့်ပြန် တိုက်ခိုက်

    ဇန်နဝါရီ ၈၊ ၂၀၂၀
    M-Media

    -အီရတ်နိုင်ငံက အမေရိကန် စစ်အခြေစိုက်စခန်း ၂ ခုကို အီရန်က ဒီကနေ့မနက် အစောပိုင်းမှာ ဒုံးကျည် ၂၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိပ်တန်းဗိုလ်ချုပ် ကာစင်ဆူလိုင်မာနီ လုပ်ကြံခံရမှုကို တုန့်ပြန်တာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့တွေ တပ်စွဲထားတဲ့ အန်ဘာရ်ပြည်နယ်က အလ်-‌အာဆဒ် လေတပ်စခန်း၊ အီရ်ဘီလ်က စစ်စခန်းတွေ တိုက်ခိုက်ခံခဲ့ရတာပါ။

    အီရန်နိုင်ငံပိုင်သတင်းဌာနက တိုက်ခိုက်မှုကြောင့် အမေရိကန်အကြမ်းဖက်သမား ၈၀ ထက်မနည်း သေဆုံးခဲ့ပြီး၊ အမေရိကန် ရဟတ်ယာဉ်တွေ၊ စစ်လက်နက်ပစ္စည်းတွေ ဆိုးဆိုးဝါးဝါး ပျက်ဆီးခဲ့ကာ၊ ဒုံးကျည်တစ်စင်းမှ ကြားဖြတ်ပစ်ချခံရခြင်းမရှိဘူးလို့ ကြေငြာခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ကို သတင်းဌာနတွေက သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

    အမေရိကန်က ထပ်မံတိုက်ခိုက်မယ်ဆိုရင် အရှေ့အလယ်ပိုင်းက အမေရိကန်ပစ်မှတ် ၁၀၀ လောက်ကို တန်ပြန်တိုက်ခိုက်ဖို့ စီစဉ်ထားတယ်လို့လည်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ရဲ့ ပြောကြားမှုကို ကိုးကားပြီး နိုင်ငံပိုင်သတင်းဌာနက ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    အီရန်သမ္မတ ဟာဆန်ရူဟာနီဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းပြည်ကို မိန့်ခွန်းပြောကြားဖို့ ရှိနေပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အားလုံးအဆင်ပြေတယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပြီး ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ မိန့်ခွန်းပြောမယ်လို့ ဆိုပါတယ်။

    ‌အီရန်နိုင်ငံခြားရေးဝန်ကြီ ဂျာဗဒ်ဇာရစ်ဖ်ရဲ့ Twitter မှတ်ချက်မှာတော့ မိမိတို့နိုင်ငံသားတွေနဲ့ အာဏာပိုင်တွေအပေါ် သွေးကြောင်စွာ တိုက်ခိုက်မှုအတွက် သင့်လျော်တဲ့ လက်တုန့်ပြန်မှုကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ဖြစ်ဖို့ မလိုလားဘူးလို့ ရေးသားထားပါတယ်။

    ပြီးခဲ့တဲ့ သောကြာနေ့က အီရတ်နိုင်ငံ ဘဂ္ဂဒတ်လေဆိပ်အနီးမှာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ရဲ့ ထိပ်တန်းဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီကို အမေရိကန်က လုပ်ကြံသတ်ဖြတ်ခဲ့ပြီးတဲ့နောက်ပိုင်း အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှု မြင့်တက်လာတာ ဖြစ်ပါတယ်။

    Ref : Aljazeera

  • နိုင်ငံခြားတပ်ဖွဲ့များ နှင်ထုတ်ရေး အစိုးရကို အီရတ်လွှတ်တော် တိုက်တွန်း

    နိုင်ငံခြားတပ်ဖွဲ့များ နှင်ထုတ်ရေး အစိုးရကို အီရတ်လွှတ်တော် တိုက်တွန်း

    ဇန်နဝါရီ ၆၊ ၂၀၂၀
    M-Media

    -နိုင်ငံအတွင်းမှာရှိနေတဲ့ နိုင်ငံခြားတပ်ဖွဲ့တွေအားလုံးကို နှင်ထုတ်ရေး အစိုးရကိုတိုက်တွန်းတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အီရတ်လွှတ်တော်က မနေ့မှာ အတည်ပြုခဲ့ပါတယ်။

    အီရန်က ထိပ်တန်းဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီနဲ့ အီရတ်က အင်အားတောင့်တင်းတဲ့ Hashd al-Shaabi ပြည်သူ့စစ်အဖွဲ့ တပ်မှူးတို့ကို အမေရိကန်က လုပ်ကြံသတ်ဖြတ်ခဲ့ပြီးတဲ့နောက် အရှေ့အလယ်ပိုင်းမှာ တင်းမာမှု မြင့်တက်လာတဲ့အချိန် အီရတ်ရဲ့ ဒီဆောင်ရွက်ချက် ပေါ်ထွက်လာတာပါ။

    နိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံခြားတပ်ဖွဲ့တွေအားလုံးကို နှင်ထုတ်ရေးအပြင် IS တိုက်ဖျက်ရေး ကူညီနေတဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ထံ အကူအညီတောင်းခံထားမှုကို ရုပ်သိမ်းဖို့လည်း အီရတ်လွှတ်တော်က အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေမဟုတ်တာကြောင့် သဘောထားသက်သက်သာ ဖြစ်ပြီး အကောင်အထည်ဖော်နိုင်ရေး ဥပဒေသစ်တစ်ခု ပြဌာန်းဖို့ လိုအပ်ပါတယ်။

    မဲခွဲမှုမပြုခင် အမတ်တွေက ‘အမေရိကန်အလိုမရှိ…. အီရတ်အဓွန့်ရှည်ပါစေ’ လို့ လွှတ်တော်အတွင်းမှာ ဟစ်အော်ခဲ့ကြပါတယ်။ အီရတ်ဝန်ကြီးချုပ် အဒဲလ် အဘ်ဒူလ် မဟ်ဒီက နိုင်ငံခြားတပ်ဖွဲ့တွေ တိုင်းပြည်မှာ မရှိရေး ဆောင်ရွက်ဖို့ လွှတ်တော်ကို တိုက်တွန်းခဲ့ပါတယ်။

    အီရတ်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင် ၅၀၀၀ လောက်ရှိနေပြီး အများစုက အကြံပေးအဖြစ် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ Hashd al-Shaabi နဲ့အတူ IS အကြမ်းဖက်အဖွဲ့ကို တိုက်ထုတ်ခဲ့ပါတယ်။

    သမ္မတဒေါ်နယ်ထရမ့်က အီရတ်အနေနဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို နှင်ထုတ်မယ်ဆိုရင် လျောကြေး ဒေါ်လာ ဘီလီယံချီ ပေးရမယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • တင်းမာမှုမြင့်လာသည့် အ‌ရှေ့အလယ်ပိုင်းသို့ အမေရိကန်က တပ်များ ထပ်မံစေလွှတ်မည်

    တင်းမာမှုမြင့်လာသည့် အ‌ရှေ့အလယ်ပိုင်းသို့ အမေရိကန်က တပ်များ ထပ်မံစေလွှတ်မည်

    ဇန်နဝါရီ ၄၊ ၂၀၂၀
    M-Media

    -အမေရိကန်တပ်ဖွဲ့ဝင်တွေအပေါ် ခြိမ်းခြောက်မှု မြင့်တက်လာတဲ့အတွက် အရှေ့အလယ်ပိုင်းဒသကို နောက်ထပ် တပ်ဖွဲ့ဝင် ၃၀၀၀ နီးပါး စေလွှတ်သွားမယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    အီရတ်က အင်အားတောင့်တင်းတဲ့ ပြည်သူ့စစ်အဖွဲ့ PMF ရဲ့ အခြေစိုက်စခန်းတွေကို ပြီးခဲ့တဲ့ သီတင်းပတ် နှောင်းပိုင်းက အမေရိကန်က တိုက်ခိုက်ခဲ့တာ၊ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC က ထိပ်တန်းဗိုလ်ချုပ် ကာစင် ဆူလိုင်မာနီကို မနေ့က အီရတ်မှာ လုပ်ကြံသတ်ဖြတ်တာတွေ ပြီးတဲ့နောက် အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ မြင့်တက်နေတာပါ။

    အခုတစ်ပတ်အစောပိုင်းက ဘဂ္ဂဒတ်က အမေရိကန်သံရုံးကို အီရတ်ပြည်သူတွေ စီးနင်းခဲ့တဲ့အတွက် အမေရိကန်ဟာ အခုသီတင်းပတ် အစောပိုင်းကလည်း ကူဝိတ်က အခြေစိုက်စခန်းကို တပ်ဖွဲ့ဝင် ၇၅၀ စေလွှတ်ခဲ့ကာ ထပ်တိုး ၃၀၀၀ နီးပါးကိုလည်း ကူဝိတ်မှာ ချထားမှာ ဖြစ်ပါတယ်။

    ဗိုလ်ချုပ် ဆိုလိုင်မာနီ လုပ်ကြံခံရမှုကြောင့် အီရန်ဖက်က တုန့်ပြန်လက်စားချေလိမ့်မယ် ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    အရှေ့အလယ်ပိုင်းမှာ အီရန်ရဲ့ရန်ကို တုန့်ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ် မေလကစလို့ တပ်ဖွဲ့ဝင် စုစုပေါင်း ၁၄၀၀၀ လောက်ကို ထပ်မံစေလွှတ်ခဲ့ပါတယ်။

    Ref: Aljazeera

  • သံရုံးတိုက်ခိုက်ခံရမှုကြောင့် အရှေ့အလယ်ပိုင်းတွင် အမေရိကန်တပ်ဖွဲ့ဝင် ထပ်တိုးချမည်

    သံရုံးတိုက်ခိုက်ခံရမှုကြောင့် အရှေ့အလယ်ပိုင်းတွင် အမေရိကန်တပ်ဖွဲ့ဝင် ထပ်တိုးချမည်

    ဇန်နဝါရီ ၁၊ ၂၀၂၀
    M-Media

    -အရှေ့အလယ်ပိုင်းကို တပ်ဖွဲ့ဝင် ၇၅၀ ထပ်မံပို့ဆောင်သွားမယ်လို့ အမေရိကန်က မနေ့မှာ ကြေငြာလိုက်ပြီး အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့က အမေရိကန်သံရုံး တိုက်ခိုက်ခံရပြီးတဲ့နောက် ဒီကြေငြာချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ‌အီရတ်နိုင်ငံက အင်အားတောင့်တင်းတဲ့ ပြည်သူ့စစ်အဖွဲ့ Hashd al-Shaabi ကို ထောက်ခံသူတွေဟာ မနေ့က ဘဂ္ဂဒတ်မှာရှိတဲ့ အမေရိကန်သံရုံးရှေ့မှာ စုရုံးကာ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ဆန္ဒပြသူတွေဟာ သံရုံးထဲကို ဝင်ရောက်စီးနင်း တိုက်ခိုက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

    အမေရိကန်က အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ Hashd al-Shaabi လက်အောက်ခံအဖွဲ့ Kataib Hezbollah ကို တနင်္ဂနွေနေ့က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဒီလိုဆန္ဒပြမှု ပေါ်ပေါက်လာတာဖြစ်ပါတယ်။ IS အကြမ်းဖက်အဖွဲ့ကို သုတ်သင်ရှင်းလင်းရာမှာ ပါဝင်ခဲ့တဲ့ ဒီအဖွဲ့တွေကို အီရန်က ကျောထောက်နောက်ခံပြုထားတာပါ။

    မနေ့က သံရုံးရှေ့ ဆန္ဒပြမှုနဲ့ သံရုံးတိုက်ခိုက်မှုအတွက် အီရန်မှာ အပြည့်အ၀ တာဝန်ရှိပြီး၊ ဆန္ဒပြသူတွေကိုလည်း အရေးယူသွားမှာဖြစ်ကြောင်း၊ သံရုံးကိုကာကွယ်ရေး အီရတ်က အင်အားအသုံးပြုဖို့ မျှော်လင့်ပြီး ဒီအတွက်လည်း အကြောင်းကြားထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်ခံရမှုအပြီး ကူဝိတ်က တပ်ဖွဲ့ဝင်တွေကို ဘဂ္ဂဒတ်သံရုံးမှာ အမေရိကန်က ထပ်မံ ချထားခဲ့သလို၊ အရှေ့အလယ်ပိုင်းကို နောက်ထပ် တပ်ဖွဲ့ဝင် ၇၅၀ ပို့ဆောင်သွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး မာ့ခ် အက်စ်ပါက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    အီရန်ရဲ့ရန်ကို စိုးရိမ်ရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရှေ့အလယ်ပိုင်းကို အမေရိကန်တပ်ဖွဲ့ဝင်တွေ စေလွှတ်မှုအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ် မေလကစလို့ ၁၄၀၀၀ လောက် ရှိလာပြီဖြစ်ပါတယ်။‌ ဒီမတိုင်ခင်က အီရတ်မှာ အမေရိကန်တပ်ဖွဲ့ ၅၂၀၀ လောက် ရှိနေပြီး အီရတ်တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးဖို့နဲ့ IS အကြမ်းဖက်အဖွဲ့ကို တိုက်ဖျက်ရေး ကူညီဖို့ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဘဂ္ဂဒတ်တွင် အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြမှု ဖြစ်ပွား

    ဘဂ္ဂဒတ်တွင် အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြမှု ဖြစ်ပွား

    ဒီဇင်ဘာ ၃၁၊ ၂၀၁၉
    M-Media

    အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုမြင်ကွင်း

    -မြို့တော်ဘဂ္ဂဒတ်က အမေရိကန်သံရုံးရှေ့မှာ ရာနဲ့ချီတဲ့ အီရတ်ပြည်သူတွေဟာ ဒီကနေ့မနက်က ဆန္ဒပြခဲ့ကြပြီး၊ သံရုံးထဲကို ဝင်ရောက်စီးနင်းဖို့လည်း ကြိုးစားခဲ့ပါတယ်။

    အီရတ်က အီရန်ကျောထောက်နောက်ခံပြု ရှီအာပြည်သူ့စစ်အဖွဲ့ Kataeb Hezbollah ကို အမေရိကန်က တနင်္ဂနွေနေ့မှာ တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း ဒီလိုဆန္ဒပြမှု ပေါ်ထွက်လာတာပါ။ အမေရိကန်ရဲ့ တိုက်ခိုက်မှုအတွင်း လက်နက်ကိုင် ၂၅ ဦး သေဆုံးခဲ့ပါတယ်။ အီရတ်က သူတို့ရဲ့ အခြေစိုက်စခန်းကို ဒုံးကျည်နဲ့တိုက်ခိုက်ပြီး အလုပ်သမားတစ်ယောက် သေဆုံးသွားတဲ့အတွက် လက်တုန့်ပြန်တာလို့ အမေရိကန်က ထုတ်ပြန်ခဲ့ပါတယ်။

    ဆန္ဒပြသူတွေဟာ Kataeb Hezbollah အဖွဲ့ ပါဝင်ပြီး အင်အားတောင့်တင်းတဲ့ လက်နက်ကိုင်အဖွဲ့ Hashd Shaabi ရဲ့အလံတွေကို ကိုင်ဆောင်ကာ ‘အမေရိကန်ကျဆုံးပါစေ’ ‘အမေရိကန်အလိုမရှိ’ စတဲ့ ကျွေးကြောသံတွေ ဟစ်အော်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ အမေရိကန်ရဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူရဲ့ ဈာပနကို လိုက်ပါပို့ဆောင်ကြသူတွေက ဆန္ဒပြမှုကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

    တနင်္ဂနွေနေ့က အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ အီရတ်အစိုးရနဲ့ ဆက်နွယ်နေတဲ့ လက်နက်ကိုင်အဖွဲ့ကို အကြီးမားဆုံးတိုက်ခိုက်မှု ဖြစ်ပါတယ်။ Kataeb Hezbollah အဖွဲ့က လက်တုန့်ပြန်သွားမယ်လို့ တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသတွင်းမှာရှိတဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားတွေအပေါ် ပစ်မှတ်ထားလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိလာခဲ့ပါတယ်။

    Ref: Aljazeera