မတ် ၃၀၊ ၂၀၁၈
M-Media

– အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒတ်က ပေါက်ကွဲထားတဲ့ ကွန်ကရစ်နံရံကြီးနဲ့ လက်နက်ကိုင်လုံခြုံရေး ထူထပ်စွာချထားတဲ့ စစ်ဆေးရေးဂိတ်အလွန်မှာတော့ လှပတဲ့ Chaldean ခရစ်ယာန်ဘုရားကျောင်းတစ်ခု ရှိနေပါတယ်။
ဘုရားကျောင်းက ပန်းခြံထဲမှာ လူလုပ်ဂူငယ်လေးတစ်ခု ရှိနေပြီး အတွင်းပိုင်း အင်္ဂလိပ်၊ အာရဘီ၊ အာရမစ် ဘာသာစကားတွေနဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ရေထွင်းထားတဲ့ အဲဒီ ဂူငယ်လေးမှာ မယ်တော်မေရီ သခင်မရဲ့ ရုပ်ထုတစ်ခု ကိန်းဝပ်စံပယ်နေပါတယ်။
၁၉၆၀ ပြည့်နှစ်လောက်ကတည်းက တည်ဆောက်ထားတဲ့ ဒီ ‘မယ်တော်မေရီ၏ ချာလ်ဒီယန် ဘုရားကျောင်း’ ထဲမှာ ဘုန်းကြီးတစ်ပါးက ကျွန်တော်တို့ကို လိုက်လံပြသခဲ့ပါတယ်။
အီရတ်နိုင်ငံက ခရစ်ယာန်ဘာသာဝင်တွေဟာ ကမ္ဘာပေါ်မှာ အဆက်မပြတ် တည်ရှိလာခဲ့တဲ့ သက်တမ်းအရှည်ကြာဆုံး ခရစ်ယာန်လူ့အဖွဲ့အစည်းဖြစ်တယ်လို့ ပြောစမတ်ရှိပါတယ်။ သူတို့ဟာ အီရတ်မြေပေါ်မှာ မက်ဆိုပိုတေးမီးမီးယား ခေတ်ကာလလောက်ကတည်းက တည်ရှိလာကြတာပါ။
ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ဒီ ခရစ်ယာန်လူ့အဖွဲ့အစည်းဟာ ရက်စက်ကြမ်းကြုတ်မှုတွေကို ခါးစီးခံခဲ့ရပါတယ်။
IS အကြမ်းဖက်အဖွဲ့က အီရတ်နိုင်ငံရဲ့ ဒုတိယမြို့တော် မူဆိုးလ်ကို ၂၀၁၄ ခုနှစ်မှာ သိမ်းပိုက်ခဲ့ပြီး အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးပါမကျန် သတ်ဖြတ်ခဲ့ကြကာ ခရစ်ယာန်တွေပိုင်ဆိုင်တဲ့ အိမ်တွေကိုလည်း သိမ်းယူခဲ့ပါတယ်။
အသက်ရှင်သန်ခဲ့သူတွေက ထွက်ပြေးခဲ့ရပြီး သမိုင်းတစ်လျှောက် ပထမဆုံးကြိမ် မူဆိုးလ်ဟာ ခရစ်ယာန်ကင်းမဲ့တဲ့ ဒေသတစ်ခု ဖြစ်လာပါတယ်။ အခုနှစ် အီစတာပွဲတော်မှာတော့ အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းလဲခဲ့ပါတယ်။
ပြန်လည်မွေးဖွားခြင်း
အီစတာပွဲတော်ဟာ ယေရှုခရစ်တော် ရှင်ပြန်ထမြောက်ခြင်းကို အစွဲပြုကျင်းပတာဖြစ်သလို အီရတ်က ခရစ်ယာန်လူ့အဖွဲ့အစည်းကလည်း ပြန်လည် ရှင်သန်လာနေပါတယ်။
၂၀၁၇ ခုနှစ်အဆုံးပိုင်းမှာ IS တွေကို နီနီဗာဟ်လွင်ပြင်နဲ့ မူဆိုလ်မြို့တွေကနေ မောင်းထုတ်နိုင်ခဲ့ပြီး၊ အဲဒီကတည်းက ပထမဆုံးအကြိမ်အဖြစ် ဘုရားကျောင်းက ခေါင်းလောင်းသံတွေ မြည်တမ်းကြတော့မှာ ဖြစ်ပါတယ်။
ဘဂ္ဂဒတ်က ဖာသာ ရောဘတ် ဂျာဂျီအတွက် ဒီအခြေအနေဟာ စိတ်သက်သာရမှုနဲ့ ကောင်းချီးမင်္ဂလာ ဖြစ်နေပါတယ်။
“ဘာသာစုံရှိတဲ့ ဒီတိုင်းပြည်မှာ ကြံ့ကြံ့ခံရင်ဆိုင်ပြီး၊ ပြတ်သားတဲ့ စိတ်ဆန္ဒ ရှိဖို့လိုတယ်ဆိုတဲ့ စိန်ခေါ်မှုတွေ ရှိနေပမယ့် ကျွန်တော်တို့ရဲ့ ခရစ်ယာန် ညီအစ်ကို၊ မောင်နှမတွေဟာ မွေးရပ်မြေကို ပြန်လာကြပြီး၊ အနာဂတ်သစ်ကို တစ်ဖန် ပြန်လည်တည်ဆောက်နေကြပါတယ်။ မတူညီတဲ့ ဘာသာတရားတွေက ညီနောင်တွေနဲ့အတူ အီရတ်မှာ နေထိုင်ဖို့ ခရစ်ယာန်တွေအတွက် မျှော်လင့်ချက် ရှိနေသးတယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်”
အခြားနေရာတွေမှာ ခရစ်ယာန်တွေအပေါ် IS က တိုက်ရိုက် အမုန်းတရားပွားခဲ့ပေမယ့် ဘဂ္ဂဒတ်ကတော့ ဒီဒဏ်ကနေ လွတ်မြောက်ခဲ့ပါတယ်။ မူဆိုးလ်နဲ့ နီနီဗာဟ်လွင်ပြင်တွေမှာ အခြေအနေက တစ်မျိုး ဖြစ်နေပါတယ်။
အဲဒီမှာ ခရစ်ယာန်ဘုရားကျောင်းတွေဟာ ဖျက်ဆီးခံခဲ့ရပြီး တော်တော်များများဟာ ပြန်လာစရာ အိမ်တွေမရှိကြတော့ပါဘူး။ သူတို့တွေဟာ အစိုးရရဲ့စွန့်ပစ်မှုကို၊ အကူအညီမဲ့မှုတွေကို ခံစားနေရပါတယ်။
အနားက ဟမ်ဒါနီယာမြို့မှာ ကော်ဖီဆိုင်ပိုင်ရှင် ယူနီဒင်း ယူဆစ်ဖ်က “အစိုးရရဲ့ထောက်ပံ့မှု ဘာမှမရှိဘူးဗျ။ ဒီကလူတွေအပေါ် အစိုးရက ဂရုမစိုက်တဲ့ပုံစံပါ။ လူတွေဟာ အကူအညီမဲ့နေတယ်။ ဟမ်ဒါနီယာကို ပြန်လာတဲ့အခါ အိမ်တွေမီးလောင်တာ၊ ဖျက်ဆီးခံထားရတာ၊ သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေ လုယက်ခံထားရတာကို တွေ့ရတယ်။ လူတွေက ကိုယ့်ဟာကိုယ်ထူ ကိုယ်ဟာကိုထနေရကာ အစိုးရကတော့ အခုအချိန်အထိ လစ်လျူရှုထားတုန်းပါ” လို့ ပြောကြားခဲ့ပါတယ်။
IS က သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ဟမ်ဒါနီယာက ခရစ်ယာန် ၅၅၀၀၀ လောက် ထွက်ပြေးခဲ့ရပါတယ်။ ဒေသခံ အာဏာပိုင်တွေရဲ့ အဆိုအရ ၂၅၀၀၀ ပြန်လာပေမယ့် တော်တော်များများဟာ ဘ၀ပြန်လည်တည်ဆောက်ရေး ရုန်းကန်နေရတုန်းပါ။
IS က သိမ်းပိုက်ခဲ့တဲ့နယ်မြေတွေ ပြန်လည်တည်ဆောက်ရေးအတွက် အီရတ်က နိုင်ငံတကာအသိုင်းအ၀ိုင်းကို ကန်ဒေါ်လာ ဘီလီယံ ၁၀၀ လောက် တောင်းခံထားပါတယ်။ ဒါပေမယ့် ကတိပေးထားတဲ့အတိုင်း အလှူငွေတွေ အပြည့်အ၀ မရသေးပါဘူး။
ယူနီဒင်လို လူမျိုးအတွက် နီနီဗာဟ်လွင်ပြင်ဟာ သူတို့ရဲ့အိမ်နဲ့တူလာပြီလို့ ပြောဆိုနိုင်ဖို့ အချိန်တော်တော်ကြာအုံးမှာပါ။
အီစတာပွဲတော်
ဒီလိုအခက်အခဲတွေ ဖြစ်နေပေမယ့် ခရစ်ယာန်လူ့အဖွဲ့အစည်းဟာ ဒီနှစ် အီစတာပွဲတော်မှာ အတူတကွ ၀တ်ပြုဆုတောင်းခဲ့ကြပြီး လိုအပ်နေတဲ့သူတွေအတွက်လည်း ငွေကြေးတွေ ကောက်ခံပေးခဲ့ကြပါတယ်။
အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ အန်ယူဆက်ဖ်က သူမရဲ့လူ့အဖွဲ့အစည်းမှာ အခြေအနေဆိုးတွေ ထပ်ဖြစ်မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။
“ဒီတိုင်းပြည်မှာ အခြားလူတွေနဲ့အတူ ဆက်ပြီး နေထိုင်လို့ရမယ်ဆိုတဲ့ မျှော်လင့်ချက်တစ်ချို့ ရှိနေတယ်လို့ ကျွန်မတို့ ခံစားရပါတယ်။ ဒါပေမယ့် အီရတ်က ခရစ်ယာန်တွေရဲ့ မသေချာတဲ့ အနာဂတ်အတွက်လည်း စိုးရိမ်မှု ရှိနေပါတယ်။ အထူးသဖြင့် အစိုးရရဲ့ လုံခြုံရေးဆောင်ရွက်မှုတွေ အားနည်းတာကြောင့် ခရစ်ယာန်အတွေအပေါ် နောက်ထပ် အစွန်းရောက်လှိုင်းတစ်လုံး ထပ်ကျလာမလားဆိုတာ ကျွန်မ ကြောက်ရွံ့မိပါတယ်”
အီရတ်နိုင်ငံသားတွေအကြား – အထူးသဖြင့် မကြာသေးခင်က အလွန်အမင်း ထိခိုက်ခံစားခဲ့ရတဲ့ ခရစ်ယာန်လူ့အဖွဲ့အစည်းမှာ လုံခြုံရေးဆိုတာ တော်တော်ကို အရေးပါတဲ့ စကားလုံးပါ။
အခုအချိန်ကတော့ ဒီလူ့အဖွဲ့အစည်းဟာ ကြောက်ရွံ့မှုတွေ၊ စိုးရိမ်မှုတွေကို ဖယ်ရှားပြီး ခရစ်ယာန်ဘုရားကျောင်းတွေက ခေါင်းလောင်းတွေကိုတီးကာ နီနီဗာဟ်လွင်ပြင်တစ်ဝှမ်း IS အလွန် ပထမဆုံး အီစတာပွဲတော်ကို ဆင်နွှဲရမယ့် အချိန်ပဲ ဖြစ်ပါတယ်။
Ref: Aljazeera