အောက်တိုဘာ ၁၆၊ ၂၀၁၇
M-Media
– အီရတ်နိုင်ငံမြောက်ပိုင်း ကီရ်ကွတ်မြို့တစ်ဝိုက်ရှိ ကာ့ဒ်တပ်ဖွဲ့စခန်းများကို ဦးတည်ကာ အီရတ်စစ်တပ်က ချီတက်လာသည့်အတွက် မြို့တွင်းရှိ ပြည်သူ ထောင်ပေါင်းများစွာမှာ မြို့အား စွန့်ခွာထွက်ပြေးနေကြသည်ဟု သိရသည်။
ရှီအာပြည်သူစစ်များ ကျောထောက်နောက်ခံပြုထားသည့် အီရတ်အစိုးရစစ်တပ်မှာ ကာ့ဒ်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် ကီရ်ကွတ်မြို့ကို ပြန်လည်သိမ်းယူရန်အတွက် တနင်္လာနေ့တွင် စစ်မျက်နှာနှစ်ခုမှ ထိုးစစ်ဆင်လာခဲ့ကာ တိုက်ပွဲအချို့ ဖြစ်ပွားသည်ဟု သတင်းများက ဖော်ပြကြသည်။
အီရတ်စစ်တပ်က ၎င်းတို့မှာ ကီရ်ကွတ်မြို့အတွင်းရှိ လေဆိပ်တစ်ခုနှင့် အဓိက ရေနံတွင်တစ်တွင်းကို သိမ်းယူနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
ကာ့ဒ်တပ်ဖွဲ့ Peshmerga တပ်ဖွဲ့ဝင်များမှာ ကီရ်ကွတ်မြို့တွင်းမှ ဆုတ်ခွာကာ လေယာဉ်ကွင်းတစ်ဖက်တွင် နေရာယူထားကြသည်ဟု ဆိုသည်။
ယခုလအစောပိုင်းက ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအ၀င် အစိုးရနှင့် ပိုင်နက်အငြင်းပွားမှုများရှိနေသည့် ကာ့ဒ်လူမျိုးအများစုရှိရာ ဒေသများ၌ ခွဲထွက်ရေးအတွက် ပြည်သူဆန္ဒခံယူပွဲ ပြုလုပ်ပြီးနောက်ပိုင်း ဗဟိုအစိုးရနှင့် ကာ့ဒ်ဒေသအစိုးရတို့အကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
အီရန်ဝန်ကြီးချုပ် အာဘာဒီကမူ ယခုထိုးစစ်မှာ အီရတ်နိုင်ငံ၏ စည်းလုံးညီညွတ်မှုကို ကာကွယ်ရန် ဖြစ်သည်ဟု ပြောကြားခဲ့သည်။
Ref: Aljazeera