News @ M-Media

Tag: Israel

  • အရှေ့ဂျေရုစလင်ရှိ ပါလက်စတိုင်း စီးပွားရေးလုပ်ငန်းများကို အစ္စရေးက ဖျက်ဆီး

    အရှေ့ဂျေရုစလင်ရှိ ပါလက်စတိုင်း စီးပွားရေးလုပ်ငန်းများကို အစ္စရေးက ဖျက်ဆီး

    ဇွန် ၂၉၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းပိုင် ​အရှေ့ဂျေရုစလင် အလ်-ဘူစတန်ရပ်ကွက်က ပါလက်စတိုင်း စီးပွားရေးလုပ်ငန်းတွေကို အစ္စရေးတပ်ဖွဲ့တွေက ဒီကနေ့မှာ ဖြိုချဖျက်ဆီးမှုတွေ လုပ်နေပြီး ပါလက်စတိုင်းတွေကလည်း ဆန္ဒပြ တုန့်ပြန်တာတွေ ရှိလာပါတယ်။

    အစ္စရေးတပ်ဖွဲ့တွေဟာ ဘူဒိုဇာတွေနဲ့ ဝင်ရောက်လာတာဖြစ်ပြီး ဆန္ဒပြတဲ့ ပါလက်စတိုင်းတွေကို တုတ်တွေနဲ့ ရိုက်တာ၊ ရာဘာကျည်တွေနဲ့ ပစ်တာ၊ မျက်ရည်ယိုဗုံးသုံးပြီး လူစု​ခွဲတာတွေ လုပ်ခဲ့ပါတယ်။

    ဒီအဖြစ်အပျက်မှာ အနည်းဆုံး ပါလက်စတိုင်း ၄ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ပါလက်စတိုင် လခြမ်းနီအဖွဲ့က ထုတ်ပြန်ပါတယ်။

    အလ်-ဘူစတန်ရပ်ကွက်က ပါလက်စတိုင်းစီးပွားရေးလုပ်ငန်းတွေ၊ အဆောက်အဦးတွေကို ၂၁ ရက်အတွင်း ဖျက်ဆီးပေးဖို့ ဇွန်လ ၇ ရက်နေ့မှာ အစ္စရေးစည်ပင်ဌာနက ထုတ်ပြန်ခဲ့တာပါ။ ကိုယ်တိုင်မဖျက်ရင် ဖျက်ခ ကန်ဒေါ် ၆၀၀၀ ပေးရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

    ဒီလုပ်ရပ်ကြောင့် ပါလက်စတိုင်းပြည်သူ ၁၃၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

    အရှေ့ဂျေရုစလင်က အလ်-ဘူစတန်ရပ်ကွက်မှာ အစ္စရေးဟာ ၂၀၀၅ ခုနှစ်ကစတင်ပြီး ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေကို တစ်ဖြည်းဖြည်းချင်း ဖြိုချဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

    အရှေ့ဂျေရုစလင်က တစ်ခြားနေရာတွေမှာလည်း ဂျူးအခြေချနေထိုင်သူတွေနဲ့ အစ္စရေးတပ်ဖွဲ့တွေက ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေကို လုယူတာ၊ ဖြိုချဖျက်ဆီးတာတွေ လုပ်လေ့ရှိတာကြောင့် ပါလက်စတိုင်း ပြည်သူတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှု မကြာခဏ ဖြစ်ပေါ်လေ့ရှိပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းအားကျူးကျော်နေမှုကို ရပ်တန့်ရန် အစ္စရေးကို ကုလတောင်းဆို

    ပါလက်စတိုင်းအားကျူးကျော်နေမှုကို ရပ်တန့်ရန် အစ္စရေးကို ကုလတောင်းဆို

    ဇွန် ၂၅၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းပိုင်နက်တွေမှာ အိမ်ယာတွေဆောက်လုပ်နေတာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်ပြီး ဒါကို ချက်ခြင်းရပ်တန့်ဖို့ ကုလသမဂ္ဂက အစ္စရေးကို ပြောကြားလိုက်ပါတယ်။

    အနောက်ဖက်ကမ်းနဲ့ အရှေ့ဂျေရုစလင်တို့လို ပါလက်စတိုင်းဒေသတွေမှာ အစ္စရေးက ကျူးကျော်အိမ်ယာ ဆောက်လုပ်နေမှုတွေဟာ ‘တရားမဝင်ဘူး’ လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၂၀၁၆ ခုနှစ်မှာ ဆုံးဖြတ်ချက် ချခဲ့တာပါ။

    ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်၊ ကုလရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ သံအမတ် တောရ် ဝမ်နက်စ်လန်တို့က ဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ အစ္စရေးကို တိုက်တွန်းခဲ့ပါတယ်။

    လုံခြုံရေးကောင်စီကို အတွင်းရေးမှူးချုပ်က တင်သွင်းတဲ့ ၁၂ မျက်နှာပါ အစီရင်ခံစာမှာ အရှေ့ဂျေရုစလင်က အိမ်အလုံးပေါင်း ၅၄၀ ပါဝင်တဲ့ Har Homa အိမ်ယာနဲ့ စစ်စခန်းတွေ တည်ဆောက်ဖို့ အစ္စရေးက စီစဉ်နေမှုဟာ ‘အလွန်အမင်း စိတ်ပျက်ဖွယ်ရာဖြစ်တယ်’ လို့ ဖော်ပြထားပြီး ဝမ်နက်စ်လန်ကလည်း ဒါဟာ ‘အစ္စရေးရဲ့ ဥပဒေနဲ့လည်း မကိုက်ညီဘူး’ လို့ ပြောကြားခဲ့ပါတယ်။

    “အစ္စရေးရဲ့ အခြေချအိမ်ယာတွေဟာ ကုသမဂ္ဂ ဆုံးဖြတ်ချက်တွေနဲ့ နိုင်ငံတကာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်ကြောင်း ကျွန်တော် ရှင်းရှင်းလင်းပဲ ထောက်ပြပြောဆိုချင်ပါတယ်။ ​၂ နိုင်ငံတည်ရှိရေး၊ တရားမျှတ ပြည့်စုံပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းမှု ရရှိရေးမှာ ဒီအိမ်ယာတွေက ခလုပ်ကန်သင်းဖြစ်နေပါတယ်။ အိမ်ယာတွေ ထပ်တိုးဆောက်လုပ်နေတဲ့လုပ်ရပ်ကို ချက်ခြင်း ရပ်တန့်ရပါမယ်”

    ပါလက်စတိုင်းပိုင်နက်တွေမှာ ပါလက်စတိုင်းနေအိမ်တွေကို ဖျက်ဆီးဖြိုချတဲ့လုပ်ရပ်တွေကို ရပ်တန့်ဖို့လည်း ဂူတာရက်စ်နဲ့ ကုလရဲ့ အရှေ့အလယ်ပိုင်း သံတမန်တို့က ထည့်သွင်းတောင်းဆိုခဲ့ပါတယ်။

    ဂျူးအခြေချနေထိုင်သူတွေနဲ့ အစ္စရေးတပ်ဖွဲ့တွေဟာ ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေကို လုယူတာ၊ ဖျက်ဆီးဖြိုချတာတွေ ပြုလုပ်တာကြောင့် နောက်ဆက်တွဲအဖြစ် ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့တွေနဲ့ အစ္စရေးတို့အကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။

    Ref: Reuters

  • အစ္စရေးကြောင့် ပျက်ဆီးခဲ့သည့် ဂါဇာဒေသ ပြန်ထူထောင်ရေး ကာတာက ဒေါ်လာ သန်း ၅၀၀ ကူညီမည်

    အစ္စရေးကြောင့် ပျက်ဆီးခဲ့သည့် ဂါဇာဒေသ ပြန်ထူထောင်ရေး ကာတာက ဒေါ်လာ သန်း ၅၀၀ ကူညီမည်

    မေ ၂၇၊ ၂၀၂၁
    M-Media

    -အခုလအတွင်း အစ္စရေးရဲ့ ၁၁ ရက်ကြာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုများပြားခဲ့တဲ့ ဂါဇာဒေသ ပြန်လည်ထူထောင်ရေးအတွက် ကန်ဒေါ်လာ သန်း ၅၀၀ ကူညီပေးမယ်လို့ ကာတာက ကတိပြု ပြောကြားလိုက်ပါတယ်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ဧပြီလအတွင်း ဂျူးအခြေချနေထိုင်သူတွေက ပါလက်စတိုင်းတွေရဲ့ နေအိမ်ကို လုယူနေထိုင်ခဲ့မှုကနေ အစပြုပြီး အစ္စရေး-ပါလက်စတိုင်း တင်းမာမှု တစ်ကျော့ပြန် ဖြစ်ခဲ့တာပါ။

    ဒီလုယူခံရမှုကို မကျေနပ်တဲ့ ပါလက်စတိုင်းတွေက အလ်အက္ကဆွာဗလီမှာ ထိုင်သပိတ်လုပ်မှုကို အစ္စရေးတပ်ဖွဲ့တွေ အင်အားသုံးဖြိုခွဲမှုကြောင့် လူ ၇၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

    ဒါကိုမကျေနပ်တဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က အစ္စရေးဖက်ကို ဒုံးကျည်တွေနဲ့ လှမ်းပစ်ခဲ့ပြီး အစ္စရေးကလည်း မေလ ၁၀ ရက်နေ့ကစတင်ကာ ၁၁ ရက်ကြာ ဂါဇာကို လေကြောင်းကနေ တုန့်ပြန်တိုက်ခိုက်ခဲ့ပါတယ်။

    ဒီတိုက်ခိုက်မှုအတွင်း ကလေးငယ် ၆၆ ဦးအပါအဝင် ပါလက်စတိုင်းပြည်သူ ၂၅၄ ဦးသေဆုံးခဲ့ပြီး ကျောင်းတွေ၊ ဆေးရုံတွေ၊ လူနေအိမ်တွေအပါအဝင် အဆောက်အဦးအများအပြား ပစ်မှတ်ထား ဖျက်ဆီးခံခဲ့ရပါတယ်။ အီဂျစ်ရဲ့ကြားဝင်မှုကြောင့် ပြီးခဲ့တဲ့တစ်ပတ်မှာ နှစ်ဖက် အပစ်ရပ်ခဲ့ကြပါတယ်။

    ကာတာနိုင်ငံခြားရေးဝန်ကြီး ရှိခ်မိုဟာမက် ဘင် အဘ်ဒူရဟ်မန် အလ်သာနီက ဂါဇာပြန်လည်တည်ဆောက်ရေး ကန်ဒေါ်လာ သန်း ၅၀၀ ကူညီသွားမယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    “လွတ်လပ်တဲ့နိုင်ငံတစ်ခု တည်ထောင်ကာ တရားမျှတမှု၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရသည်အထိ ပါလက်စတိုင်းက ကျွန်တော်တို့ညီအစ်ကို မောင်နှမတွေကို ဆက်လက် ကူညီပံ့ပိုးပေးသွားမှာပါ”

    ကာတာဟာ အစ္စရေးနဲ့ဟားမက်စ်တို့အကြား စေ့စပ်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပေးနေပြီး အရင်ကတည်းက ပါလက်စတိုင်းကို ကန်ဒေါ်လာရာချီ ကူညီထောက်ပံ့ပေးဖူးပါတယ်။

    ဂါဇာကို အစ္စရေးက ကုန်လမ်း၊ ရေလမ်း၊ လေကြောင်း ဘက်ပေါင်းစုံကနေ ပိတ်ဆို့ထားတာ ၁၃ နှစ်ရှိပြီဖြစ်ပြီး အီဂျစ်နဲ့ကပ်နေတဲ့ ရာဖာနယ်ခြားကို အားကိုးအားထားပြုကာ ဂါဇာပြည်သူတွေ ရပ်တည်နေကြရတာ ဖြစ်ပါတယ်။

    အစ္စရေးရဲ့ လတ်တလောတိုက်ခိုက်မှုအပြီး ဂါဇာပြန်လည်ထူထောင်ရေးမှာ ကန်ဒေါ်လာ သန်း ၅၀၀ ထောက်ပံ့ကူညီမယ်လို့ အီဂျစ်က ကတိပြုထားပါတယ်။

    Ref: Aljazeera

  • အစ္စရေးရဲနှင့် ဂျူးအခြေချနေထိုင်သူများ အလ်အက္ကဆွာဗလီထဲ ဝင်ရောက်စီးနင်းပြန်

    အစ္စရေးရဲနှင့် ဂျူးအခြေချနေထိုင်သူများ အလ်အက္ကဆွာဗလီထဲ ဝင်ရောက်စီးနင်းပြန်

    မေ ၂၃၊ ၂၀၂၁
    M-Media

    -ဂျေရုစလင်က အလ်အက္ကဆွာဗလီဝတ်ကျောင်းတော် ပရ၀ုဏ်ထဲကို ဒီနေ့မနက်ပိုင်းက အစ္စရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ ဂျူးအခြေချနေထိုင်သူတွေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။

    နံနက်အရုဏ်တက်ဝတ်ပြုတဲ့အချိန်မှာ အစ္စရေးရဲတပ်ဖွဲ့က ဗလီထဲ ဝင်ရောက်စီးနင်းခဲ့ပြီး ပါလက်စတိုင်းဝတ်ပြုသူတွေကို ရိုက်နှက်ကန်ကျောက်ဖယ်ရှားကာ ဂျူးအခြေချသူ လက်ယာစွန်းရောက်တွေ ဝင်ရောက်နိုင်ဖို့အတွက် လမ်းရှင်းကာ အစောင့်ရှောက်ပေးခဲ့ပါတယ်။

    ဒီအဖြစ်အပျက်အတွင်း ဗလီအစောင့်တစ်ဦးအပါအဝင် ပါလက်စတိုင်း ၆ ဦးကို အစ္စရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ အလ်အက္ကဆွာဗလီကို အစ္စရေးရဲတပ်ဖွဲ့နဲ့ ဂျူးအခြေချနေထိုင်သူတွေ မကြာခဏ ဝင်ရောက်စီးနင်းအကြမ်းဖက်မှုဟာ အစ္စရေး-ပါလက်စတိုင်း တင်းမာမှုတွေထဲက အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ပါလက်စတိုင်းနေအိမ်တွေကို ဂျူးအခြေချသူတွေက လုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

    ဒီလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေက ဂျေရုစလင်မှာရှိတဲ့ အလ်အက္ကဆွာဗလီမှာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့က အင်အားသုံးဖြိုခွဲမှုကြောင့် လူ ၇၀၀ လောက် ဒဏ်ရာရခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က ဂါဇာကနေ အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ မေ ၉ ရက်နေ့မှာ တုန့်ပြန် ပစ်ခတ်ခဲ့ပါတယ်။

    အဲဒီနောက် အစ္စရေးက ဂါဇာကို ၁၁ ရက်ကြာ ဗုံးကြဲခဲ့ပြီး ပါလက်စတိုင်း ပြည်သူ ၂၅၀ နီးပါး သေဆုံးကာ ကျောင်း၊ ဆေးရုံနဲ့ နေအိမ်အဆောက်အဦးအများအပြား ဖျက်ဆီးခံခဲ့ရပါတယ်။ အီဂျစ်ရဲ့ကြားဝင်စေ့စပ်မှုကြောင့် အစ္စရေးနဲ့ ဟားမက်စ်တို့ သောကြာနေ့မှာ ​အပစ်ရပ်ရေး သဘောတူညီချက်ရခဲ့ပေမယ့် အဲဒီနောက်ပိုင်း အလ်အက္ကဆွာဗလီကို အစ္စရေးတပ်ဖွဲ့တွေက အကြိမ်ကြိမ် ဝင်ရောက်စီးနင်းခဲ့ပါတယ်။

    အလ်အက္ကဆွာဗလီအဝင်ဂိတ်တွေမှာ အစ္စရေးတပ်ဖွဲ့တွေက ကန့်သတ်မှုတွေ လုပ်ဆောင်ထားပြီး အသက် ၄၅ နှစ်အောက်လူတွေကို ဗလီထဲဝင်ခွင့် မပေးပါဘူး။

    Ref: Aljazeera

  • ဟားမက်စ်အဖွဲ့နှင့် အပစ်ရပ်ပြီးနောက် အလ်အက္ကဆွာဗလီကို အစ္စရေးက ဝင်ရောက်စီးနင်း

    ဟားမက်စ်အဖွဲ့နှင့် အပစ်ရပ်ပြီးနောက် အလ်အက္ကဆွာဗလီကို အစ္စရေးက ဝင်ရောက်စီးနင်း

    မေ ၂၁၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်က ဟားမက်စ်အဖွဲ့နဲ့ အပစ်ရပ်ပြီးပြီးချင်းမှာပဲ အစ္စရေးဟာ ဂျေရုစလင်က အလ်အက္ကဆွာဗလီကို ဝင်ရောက်စီးနင်းပြီး ပါလက်စတိုင်း ဝတ်ပြုသူတွေကို တိုက်ခိုက်ခဲ့ပါတယ်။

    အီဂျစ်ကကြားဝင်ညှိပေးတဲ့ အပစ်ရပ်ရေးသဘောတူညီချက်ကြောင့် ဂါဇာကို အစ္စရေးက ၁၁ ရက်ကြာ လေကြောင်းတိုက်ခိုက်မှုဟာ ဒီကနေ့နေ့လည်ပိုင်းမှာ ရပ်သွားပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ကလေးငယ် ၆၆ ဦးအပါအဝင် ပါလက်စတိုင်း ပြည်သူ ၂၄၃ ဦး သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူက ထောင်ချီရှိပါတယ်။

    ​စာသင်ကျောင်း ၄၆ ခုနဲ့ မူကြိုကျောင်း ၂ ခု အပါအဝင် ပညာရေးအဆောက်အဦး အနည်းဆုံး ၆၁ ခု၊ ဆေးရုံဆေးခန်းတွေ၊ မီဒီယာနဲ့ လူနေအိမ်တွေအပါအဝင် ဂါဇာက အဆောက်အဦးတော်တော်များများ အစ္စရေးရဲ့ ပစ်မှတ်ထားဖျက်ဆီးမှုကို ခံခဲ့ရပါတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့ ပါလက်စတိုင်းအရေအတွက်က အနည်းဆုံး ၆ သောင်းလောက် ရှိပါတယ်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ပါလက်စတိုင်းနေအိမ်တွေကို ဂျူးအခြေချသူတွေက လုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။

    ဒီလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေက ဂျေရုစလင်မှာရှိတဲ့ အလ်အက္ကဆွာဗလီမှာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့က အင်အားသုံးဖြိုခွဲမှုကြောင့် လူ ၇၀၀ လောက် ဒဏ်ရာရခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က ဂါဇာကနေ အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ မေ ၉ ရက်နေ့မှာ တုန့်ပြန် ပစ်ခတ်ခဲ့ပါတယ်။

    အဲဒီနောက် အစ္စရေးက ဂါဇာကို ၁၁ ရက်ကြာ ဗုံးကြဲခဲ့တာပါ။ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ အနောက်ဖက်ကမ်းမှာလည်း အစ္စရေးတပ်ဖွဲ့တွေနဲ့ ဂျူးအခြေချနေထိုင်သူတွေရဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းတွေ သေဆုံးတာ၊ ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

    ဟားမက်စ်အဖွဲ့ရဲ့ ဒုံးကျည်တွေကြောင့် အနည်းဆုံး အစ္စရေး ၁၂ ဦး သေဆုံးခဲ့ပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

    အလ်အက္ကဆွာဗလီကို ဝင်စီး

    ဟားမက်စ်နဲ့ အပစ်ရပ်ရေးသဘောတူညီချက်ရပြီး နာရီပိုင်းအကြာမှာပဲ အစ္စရေးတပ်ဖွဲ့တွေက ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ဂျေရုစလင်မြို့မှာရှိတဲ့ အလ်အက္ကဆွာဗလီကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။

    သောကြာနေ့ ဝတ်ပြုမှုအပြီး ဝတ်ပြုသူတွေ ရှိနေချိန်မှာ မျက်ရည်ယိုဗုံးတွေ၊ မီးခိုးဗုံးတွေ၊ ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်ခဲ့တာလို့ မျက်မြင်ကြုံရသူတွေကို မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera