News @ M-Media

Tag: Israel

  • အစ္စရေးလက်ချက်ကြောင့် ဂါဇာတွင်သေဆုံးသူ ၂၀၀ နီးပါး ရှိပြီ

    အစ္စရေးလက်ချက်ကြောင့် ဂါဇာတွင်သေဆုံးသူ ၂၀၀ နီးပါး ရှိပြီ

    မေ ၁၇၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်နေတာ ၈ ရက်မြောက် ရှိသွားပြီဖြစ်ပြီး ကလေးငယ်တွေအပါအဝင် သေဆုံးသူအရေအတွက်ဟာလည်း ၁၉၈ ဦး ရှိလာပြီဖြစ်ပါတယ်။

    တနင်္လာနေ့မနက်ပိုင်းက တိုက်ခိုက်မှုမှာပဲ အနည်းဆုံး ၄၂ ဦးသေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ပါလက်စတိုင်းနေအိမ်တွေကို ဂျူးအခြေချသူတွေက လုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။

    ဒီလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေက ဂျေရုစလင်မှာရှိတဲ့ အလ်အက္ကဆွာဗလီမှာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့က အင်အားသုံးဖြိုခွဲမှုကြောင့် လူ ၇၀၀ လောက် ဒဏ်ရာရခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က ဂါဇာကနေ အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ ပြီးခဲ့တဲ့တစ်ပတ် တနင်္လာနေ့မှာ ပစ်ခတ်ခဲ့ပါတယ်။

    အဲဒီနောက်ပိုင်းမှာတော့ အစ္စရေးက နေ့စဉ်ရက်ဆက် ဂါဇာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    လူနေအဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေလည်း ရှိနေပြီး ဒီနေ့အထိ သေဆုံးသူ ပါလက်စတိုင်းအရေအတွက်က ၁၉၈ ဦး ရှိလာပြီဖြစ်ပါတယ်။ အဲဒီအထဲမှာ ကလေးငယ် ၅၈ ဦး ပါဝင်ပါတယ်။ ဒဏ်ရာရသူကတော့ ၁၃၀၀ ကျော်ပါပြီ။

    အစ္စရေးကပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာလည်း အစ္စ​ရေးလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဂျူးအခြေချနေထိုင်သူတွေရဲ့ လက်ချက်ကြောင့် ပါလက်စတိုင်းတွေသေဆုံးမှု မြင့်တက်နေပါတယ်။

    ဟားမက်စ်ကလည်း အစ္စရေးဖက်ကို ဒုံးကျည်တွေနဲ့ ပစ်နေပြီး ကလေးငယ် ၂ ဦး အပါအဝင် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ပါတယ်။

    အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ ဂါဇာကို တိုက်ခိုက်မှုတွေ ဆက်လုပ်သွားမယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း တင်းမာမှုလျော့ချရေး မနေ့က အစည်းအဝေးလုပ်ခဲ့ပေမယ့် ကြေ​ငြာချက် မထုတ်နိုင်ခဲ့ပါဘူး။

    အမေရိကန်ရဲ့နှောက်ယှက်မှုကြောင့် ကြေငြာချက်မထုတ်နိုင်ခဲ့တာလို့ တရုတ်က ပြောပါတယ်။

    Ref: Aljazeera

  • ဂါဇာလူနေရပ်ကွက်များကို အစ္စရေးက ၆ ရက်ဆက် တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၄၀ ရှိပြီ

    ဂါဇာလူနေရပ်ကွက်များကို အစ္စရေးက ၆ ရက်ဆက် တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၄၀ ရှိပြီ

    မေ ၁၅၊ ၂၀၂၁
    M-Media

    အစ္စရေး၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ၏ ဈာပန

    -ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးက လေကြောင်းက​နေတိုက်ခိုက်မှု ၆ ရက်ဆက် ဖြစ်လာတဲ့အချိန် သေဆုံးသူအရေအတွက်က အနည်းဆုံး ၁၄၀ လောက် ရှိလာပြီ ဖြစ်ပါတယ်။

    သေဆုံးသူတွေထဲမှာ ကလေးငယ် ၄၀ လောက် ပါဝင်ပြီး၊ ဒဏ်ရာရသူက ၉၅၀ လောက် ရှိပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူနေ အထပ်မြင့်အဆောက်အဦးတွေ ပြိုကျပျက်ဆီးမှုလည်း မြင့်တက်လာပါတယ်။

    ပြီခဲ့တဲ့ သီတင်းပတ်အနည်းအငယ်အတွင်း အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ပါလက်စတိုင်းနေအိမ်တွေကို ဂျူးအခြေချသူတွေက လုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။

    ဒီလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေက ဂျေရုစလင်မှာရှိတဲ့ အလ်အက္ကဆွာဗလီမှာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့က အင်အားသုံးဖြိုခွဲမှုကြောင့် လူ ၇၀၀ လောက် ဒဏ်ရာရခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က ဂါဇာကနေ အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ ပြီးခဲ့တဲ့တစ်ပတ် တနင်္လာနေ့မှာ ပစ်ခတ်ခဲ့ပါတယ်။

    အစ္စရေးကလည်း တနင်္လာနေ့မှာပဲ ဂါဇာကို လေကြောင်းကနေ တုန့်ပြန်တိုက်ခိုက်ခဲ့ပါတယ်။

    ပါလက်စတိုင်း အနောက်ဖက်ကမ်းမှာလည်း ဂျူးအခြေချနေထိုင်သူတွေက ပါလက်စတိုင်းနေအိမ်ကို လုယူတာ၊ အုပ်စုဖွဲ့ကာ ပါလက်စတိုင်းတွေကို တိုက်ခိုက်တာတွေ တိုးမြှင့်လုပ်ဆောင်လာပြီး တင်းမာမှုတွေက ပိုမြင့်လာပါတယ်။

    အနောက်ဖက်ကမ်းမှာ အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဂျူးအခြေချနေထိုင်သူတွေရဲ့ လက်ချက်ကြောင့် ပါလက်စတိုင်း​ အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera

  • အစ္စရေးနှင့် ဆက်ဆံရေးတည်ဆောက်နိုင်လျှင် ဒေသအတွက် အကျိုးရှိမည်ဟု ဆော်ဒီပြော

    အစ္စရေးနှင့် ဆက်ဆံရေးတည်ဆောက်နိုင်လျှင် ဒေသအတွက် အကျိုးရှိမည်ဟု ဆော်ဒီပြော

    ဧပြီ ၂၊ ၂၀၂၁
    M-Media

    -အစ္စရေးနဲ့ မိမိတို့ ဆက်ဆံရေးတည်ဆောက်တာဟာ ဒေသအတွက် အကျိုးရှိမှာဖြစ်တယ်လို့ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပြီး ဒါဟာ ငြိမ်ချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုအအပေါ်မှာ အဓိကမူတည်တယ်လို့ ဆိုပါတယ်။

    နိုင်ငံခြားရေးဝန်ကြီး ဖိုက်ဆဲလ် ဘင် ဖာရ်ဟန် အလ် ဆာအွဒ်ဟာ CNN နဲ့ မနေ့ကလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဒီလိုမှတ်ချက်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၆၇ ခုနှစ် နယ်နမိတ်အတိုင်း ပါ​လက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာမှ ဆော်ဒီက အစ္စရေးနဲ့ ဆက်ဆံရေးတည်ဆောက်မယ်လို့လည်း သူက ဆိုပါတယ်။

    “ဒါဟာ စီးပွားရေးအရ၊ လူမှုရေးအရ၊ လုံခြုံရေး ရှုထောင့်အရ တော်တော်လေးကို အကူအညီဖြစ်စေမှာပါ။ ဒီဆက်ဆံရေးဖြစ်မြောက်ဖို့ ပါလက်စတိုင်းတွေ လက်ခံနိုင်ပြီး ဂုဏ်သိက္ခာရှိတဲ့၊ အချုပ်အခြာအာဏာ ပိုင်ခွင့်ရှိတဲ့ ပါလက်စတိုင်းနိုင်ငံ ဖြစ်ပေါ်လာစေမယ့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခု လိုအပ်ပါတယ်”

    ဒီသဘောထားဟာ ဆော်ဒီအာရေဗျနိုင်ငံရဲ့ အရင်ကတည်းက ထားရှိခဲ့တဲ့ သဘောထား ဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ်က ယူအေအီး၊ ဘာရိန်း၊ ဆူဒန်နဲ့ မော်ရိုကိုတို့ဟာ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်ဖို့ သဘောတူညီခဲ့ကြပါတယ်။ အမေရိကန် ကြားဝင်ဆောင်ရွက်ပေးတဲ့ ဒီသဘောတူညီချက်ကို ‘အီဘရာဟင် သဘောတူညီချက်’ လို့လည်း ခေါ်ဆိုပါတယ်။

    အရှေ့အလယ်ပိုင်းနဲ့ အစ္စလာမ်ကမ္ဘာမှာ ဩဇာရှိတဲ့ ဆော်ဒီအာရေဗျ ဒီသဘောတူညီချက်မှာ ပါဝင်လာဖို့အတွက် အမေရိကန်က အလိုရှိနေပါတယ်။

    ပါလက်စတိုင်းကတော့ အာရပ်နိုင်ငံတွေ အစ္စရေးနဲ့ ဆက်ဆံရေးတည်ဆောက်တာဟာ သူတို့နောက်ကျောကို ဓားနဲ့ထိုးတာဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းတွင် အစ္စရေး၏ ကျူးလွန်မှုများအတွက် ICC က စတင်စုံစမ်းမည်

    ပါလက်စတိုင်းတွင် အစ္စရေး၏ ကျူးလွန်မှုများအတွက် ICC က စတင်စုံစမ်းမည်

    မတ် ၃၊ ၂၀၂၀၁
    M-Media

    ပါလက်စတိုင်းကလေးငယ်တစ်ဦးကို အစ္စရေးစစ်သားများ ဖမ်းဆီးသွားစဉ်

    -အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုက်နက်တွေမှာ စစ်ရာဇဝတ်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်အတွက် စုံစမ်းစစ်ဆေးမှု တရားဝင် စတင်နေပြီလို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အကြီးအကဲ ဖာတူ ဘန်ဆူဒါက ပြောပါတယ်။

    စုံစမ်းမှုကို ဘက်မလိုက်ဘဲ လွတ်လွတ်လပ်လပ်နဲ့ ဓမ္မဓိဌာန်ကျကျ ပြုလုပ်သွားမယ်လို့ ဘန်ဆူဒါနဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဂါဇာကမ်းမြှောင်က အစ္စရေးစစ်တပ်ရဲ့ လုပ်ရပ်တွေ၊ အနောက်ဖက်ကမ်းက တရားမဝင်အခြေချအိမ်ယာ ဆောက်လုပ်ထားမှု​ေတွအပါအဝင် ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးက စစ်ရာဇဝတ်မှု ကျူးလွန်မှု ရှိလားဆိုတဲ့ကိစ္စကို စုံစမ်းဖို့ ခိုင်မာတဲ့ အခြေခံအကြောင်းအရင်းတွေ ရှိတယ်လို့ ဘန်ဆူဒါက ၂၀၁၉ ခုနှစ်မှာ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးတပ်ဖွဲ့နဲ့ ဟားမက်စ်လို ပါလက်စတိုင်းလက်နက်ကိုင် အုပ်စုတွေက ကျူးလွန်မှုတွေ ရှိနိုင်တယ်လို့လည်း သူမက ဆိုပါတယ်။

    “၂၀၁၄ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ နောက်ပိုင်း ကျူးလွန်တယ်လို့ စွပ်စွဲခံရပြီး တရားရုံးရဲ့ စီရင်ပိုင်ခွင့်ရှိအောက်မှာ ရှိနေတဲ့ ရာဇဝတ်မှုတွေအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမှာပါ”

    ၁၉၆၇ ခုနှစ်စစ်ပွဲမှာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ မိမိတို့ တရားစီရင်ပိုင်ခွင့်ရှိတယ်လို့ ICC က ဖေဖော်ဝါရီလမှာ ဆုံးဖြတ်ခဲ့ပါတယ်။

    ဒီဆုံးဖြတ်ချက်ကို အစ္စရေးနဲ့ အမေရိကန်တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

    Ref: Aljazeera

  • အမေရိကန်ကို သစ္စာဖောက်ခဲ့သည့် ဂျူးသူလျှိုကို အစ္စရေးက သောင်းသောင်းဖျဖျကြိုဆို

    အမေရိကန်ကို သစ္စာဖောက်ခဲ့သည့် ဂျူးသူလျှိုကို အစ္စရေးက သောင်းသောင်းဖျဖျကြိုဆို

    ဒီဇင်ဘာ ၃၀၊ ၂၀၂၀
    M-Media

    ပိုလာ့ဒ် (ယာ) နှင့် ဝန်ကြီးချုပ် နေတန်ယာဟု

    -အမေရိကန်ရေတပ်မှာ အလုပ်လုပ်ပြီး စစ်ဖက်လျှို့ဝှက်ချက်တွေကို အစ္စရေးထံ ရောင်းစားကာ ထောင်ကျခဲ့တဲ့ ဂျူးသူလျှို ဂျိုနသန် ပိုလာ့ဒ်ဟာ ဒီနေ့မနက်ပိုင်းမှာ အစ္စရေးကို ရောက်ရှိလာခဲ့ပြီး ဝန်ကြီးချုပ် နေတန်ယာဟုက ကြိုဆိုခဲ့ပါတယ်။

    အသက် ၆၆ နှစ်အရွယ် ပိုလာ့ဒ်နဲ့ ဇနီးဖြစ်သူတို့ကို အမေရိကန်က ကာစီနိုကုမ္ပဏီ Sheldon Adelson က အထူးလေယာဉ်နဲ့ အစ္စရေးကို ပို့ပေးခဲ့တာပါ။ Sheldon Adelson ကုမ္ပဏီဟာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကို ထောက်ပံ့ပေးသူလည်း ဖြစ်ပါတယ်။

    “၃၅ နှစ်ကြာပြီးမှ အိမ်ပြန်ရောက်တဲ့အတွက် အလွန်ပျော်ရွှင်ရပါတယ်” လို့ ပိုလာ့ဒ်က ပြောကြားခဲ့ပါတယ်။

    ပိုလာ့ဒ်တို့ဇနီးမောင်နှံကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အစိုးရအဖွဲ့ဝင်တစ်ချို့က လေဆိပ်မှာ လာရောက်ကြိုဆိုခဲ့ပြီး အစ္စရေးမှတ်ပုံတင်ကိုလည်း ထုတ်ပေးခဲ့ပါတယ်။ အစ္စရေး လွှတ်တော်အမတ်တွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းကလူတွေကလည်း ပိုလာ့ဒ်ရောက်လာမှုအတွက် ဝမ်းသာကြောင်း ဆိုရှယ်မီဒီယာတွေမှာ ရေးသားခဲ့ကြပါတယ်။

    ပိုလာ့ဒ်ကတော့ မိမိကို ထောက်ခံအားပေးတဲ့ ဝန်ကြီးချုပ်နဲ့ ဂျူးပြည်သူတွေကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပိုလာ့ဒ်ဟာ အမေရိကန်ရေတပ်မှာ အရပ်ဖက် ထောက်လှမ်းရေး လေ့လာဆန်းစစ်သူအဖြစ် အလုပ်လုပ်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်တွေမှာ စစ်ဖက်လျှို့ဝှက်ချက်တွေကို အစ္စရေးထံ ရောင်းစားခဲ့တာ ဖြစ်ပါတယ်။

    အမေရိကန်အစိုးရက သိသွားခဲ့ပြီးတဲ့နောက် ဝါရှင်တန်က အစ္စရေးသံရုံးမှာ ခိုလှုံခွင့်ရဖို့ ပိုလာ့ဒ်တစ်ယောက် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ၁၉၈၅ ခုနှစ်မှာ အဖမ်းခံခဲ့ရပါတယ်။ ဒီကိစ္စကြောင့် အမေရိကန်နဲ့ အစ္စရေးတို့အကြား ဆက်ဆံရေးဟာ နှစ်နဲ့ချီ တင်းမာခဲ့ပါတယ်။

    သူသျှိုမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရတဲ့အတွက် အမေရိကန်တရားရုံးက ​ပိုလာ့ဒ်ကို ထောင်ဒဏ် တစ်သက် ချမှတ်ခဲ့ပါတယ်။ သူ့ကို မလွှတ်ပေးဖို့ အမေရိကန်ထောင်လှမ်းရေးနဲ့ စစ်ဖက်တာဝန်ရှိသူတွေက အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် နှစ်ပေါင်း ၃၀ ထောင်ဒဏ်ကျခံခဲ့ရပြီးတဲ့နောက် ၂၀၁၅ ခုနှစ်မှာ လွတ်လာခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်ခြေချုပ် ၅ နှစ်ထပ်နေရကာ အချိန်မှာတော့ အစ္စရေးကို ပြောင်းရွှေ့အခြေချနိုင်ခဲ့တာ ဖြစ်ပါတယ်။

    ပိုလာ့ဒ်ကို လွှတ်ပေးမှုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို ပေးအပ်ခဲ့တဲ့ သံတမန်ရေးရာ လက်ဆောင်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    Ref: The Jerusalam Post