News @ M-Media

Tag: Japan

  • တရုတ်ရဲ့ စပိုင်ပူဖောင်းပြဿနာကို အာရှနိုင်ငံများ ရင်ဆိုင်နေရ

    တရုတ်ရဲ့ စပိုင်ပူဖောင်းပြဿနာကို အာရှနိုင်ငံများ ရင်ဆိုင်နေရ

    ဇွန် ၂၇၊ ၂၀၂၃

    M-Media 


    -နိုင်ငံတိုင်းက အရေးပါတဲ့ သတင်းအချက်အလက်တွေ ခိုးယူဖို့၊ စစ်ဖက်တည်နေရာတွေမှတ်သားဖို့ ရည်ရွယ်တဲ့ တရုတ်ရဲ့ စပိုင်မိုးပျံပူဖောင်း ပြဿနာကို အာရှနိုင်ငံတွေလည်း ရင်ဆိုင်လာရပါတယ်။ 

    အမေရိကန်မှာ တရုတ်စပိုင်ပူဖောင်းတွေ တွေ့လာရတဲ့ အခုနှစ်အစောပိုင်းကစပြီး ဒီပြဿနာကို ကမ္ဘာတစ်၀ှမ်းက အာရုံစိုက်လာကြတာပါ။ 

    အမေရိကန်အနောက်မြောက်ပိုင်း အရေးပါတဲ့ စစ်စခန်းနဲ့ နျူတပ်စခန်းတွေအပေါ်မှာ ပျံ၀ဲနေတဲ့ ပူဖောင်းတွေကို ကန်စစ်တပ်က ပစ်ချခဲ့ရပါတယ်။ 

    တရုတ်က ဒီပူဖောင်းတွေဟာ မိုးလေ၀သလို နယ်ပယ်မျိုးမှာ သုသေသနအတွက် အသုံးပြုတာဖြစ်ပြီး အမေရိကန် နယ်နမိတ်ထဲကို လမ်းကြောင်းမှား ၀င်လာတာလို့ တုန့်ပြန်ထားပါတယ်။ 

    ဂျပန်နဲ့ ထိုင်၀မ်

    ဘီဘီစီသတင်းအဖွဲ့ Panorama ရဲ့ လေ့လာမှုတွေအရ အရှေ့အာရှ နိုင်ငံတွေမှာလည်း တရုတ်စပိုင်ပူဖောင်းပြဿနာ ရှိနေတာကို တွေ့ရပါတယ်။ 

    ဉာဏ်ရည်တုနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Synthetaic က ဂြိုဟ်တုဓာတ်ပုံတွေကို လေ့လာဆန်းစစ်ရာမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း ဂျပန်နိုင်ငံမြောက်ပိုင်းမှာ စပိုင်ပူဖောင်းတစ်လုံး ပျံသန်းနေတာကို တွေ့ခဲ့ပါတယ်။ 

    ဒီပူဖောင်းကို ခြေရာခံကြည့်ရာမှာ တရုတ်နိုင်ငံအတွင်းပိုင်း မွန်ဂိုလီးယားတောင်ပိုင်းကနေလာတာကို တွေ့ရတယ်လို့ Synthetaic ကုမ္ပဏီကို တည်ထောင်သူ ကိုရေး ဂျက်စ်ကိုလ်စကီးက ပြောပါတယ်။ 

    ဂျပန်ဟာ အမေရိကန်ရဲ့ အနီးကပ် မဟာမိတ်ဖြစ်ပြီး အမေရိကန်စစ်သားတွေ အများဆုံးရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ 

    ဂျပန်ကာကွယ်ရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ယူကို မူရာကာမိက ဒီအခြေအနေကို နေ့စဥ်နဲ့အမျှ စောင့်ကြည့်နေပြီး ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ဖို့အတွက် စပိုင်ပူဖောင်းတွေကို ပစ်ချသွားဖို့အထိ စီစဥ်ထားတယ်လို့ ပြောပါတယ်။ 

    ၂၀၂၁ ခုနှစ် စက်တင်ဘာနှောင်ပိုင်းမှာ ထိုင်၀မ်မြို့တော် ထိုင်ပေမှာ တရုတ်စပိုင်ပူဖောင်းတစ်လုံး ပျံသန်းနေတာကိုလည်း Panorama အဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 

    ထိုင်၀မ်အစိုးရက ဒီပူဖောင်းဟာ မိုးလေ၀သ ပူဖောင်းသာဖြစ်မယ်လို့ ယုံကြည်ကြောင်း ဘီဘီစီကို ပြောပါတယ်။ 

    သူလျှိုလုပ်ငန်း

    တရုတ်ဟာ ကမ္ဘာတစ်၀ှမ်း လျို့၀ှက်ထောက်လှမ်းရေးလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်နေကြောင်း ပြီးခဲ့တဲ့နှစ်အနည်းအငယ်အတွင်း ကမ္ဘာက သိလာပါတယ်။ 

    နိုင်ငံတိုင်းမှာ လျှို့၀ှက်ရဲစခန်းတွေ ဖန်တီးတာ၊ မိုးပျံ စပိုင်ပူဖောင်းတွေ လွှတ်တာ စတဲ့ နည်းလမ်းမျိုးစုံနဲ့ပါ။

    အမေရိကန်ထောက်လှမ်းရေးအဖွဲ့ CIA ရဲ့ အရှေ့အာရှ သုတေသနပညာရှင် ဂျွန်ကူလ်ဗာက တရုတ်ရဲ့ မိုးပျံ စပိုင်ပူဖောင်းလုပ်ငန်းဟာ အနည်းဆုံး လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ကမ္ဘာတစ်၀ှမ်း ဖြန့်ကျက်ထားနိုင်တယ်လို့ ပြောပါတယ်။ 

    လက်ရှိမှာတော့ ဂျက်စ်ကိုလ်စကီးတို့လို နည်းပညာသမားတွေဟာ ဉာဏ်ရည်တုနည်းပညာကို အသုံးချပြီး တရုတ်စပိုင်ပူဖောင်းကိစ္စကို ခြေရာခံတုန့်ပြန်ဖို့ လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။ 

    Ref: BBC

  • ဖက်ဆစ်ဂျပန်တို့၏ လုပ်ရပ်အတွက် ဂျပန်၀န်ကြီးချုပ် စိတ်ထိခိုက်

    ဖက်ဆစ်ဂျပန်တို့၏ လုပ်ရပ်အတွက် ဂျပန်၀န်ကြီးချုပ် စိတ်ထိခိုက်

    မေ ၁၃၊ ၂၀၂၃

    M-Media 


    -ဖက်ဆစ်ဂျပန်တို့ရဲ့ ကျူးကျော်မှုအတွင်း နာကျင်ခံစားရတဲ့ ကိုရီးယားပြည်သူတွေအတွက် စိတ်ထိခိုက်မိတယ်လို့ ဂျပန်၀န်ကြီးချုပ် ဖူမီယို ကီရှီဒါက ပြောပါတယ်။ 

    ကိုရီးယားဟာ ၁၉၁၀ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ဖက်ဆစ်ဂျပန်တို့ရဲ့ ကျူးကျော်သိမ်းပိုက်မှုကို ခံခဲ့ရပါတယ်။ ဒီကာလအတွင်း ကိုရီးယားပြည်သူတွေဟာ ဂျပန်တို့ရဲ့ နှိပ်စက်မှုကို ခါးစီးခံခဲ့ရပါတယ်။

    တောင်ကိုရီးယားကို အလည်အပတ်ရောက်ရှိလာတဲ့ ဂျပန်၀န်ကြီးချုပ် ကီရှီဒါက သတင်းထောက်တွေကို ဒီကိစ္စအတွက် ပုဂ္ဂိုလ်ရေးအရ သဘောထားမှတ်ချက် ပေးခဲ့ပါတယ်။ 

    “ဒီလို ခက်ခဲကြမ်းတမ်းလှတဲ့ အချိန်ကာလမျိုးမှာ ပြည်သူတွေ အလွန်အမင်း နာကျင်ခံစားခဲ့ရတာကို ပြန်စဥ်းစားလိုက်ရင် ကျွန်တော်အနေနဲ့ စိတ်ခိုက်မိပါတယ်”

    အတိတ်က ဒီကျူးကျော်မှုနဲ့ပတ်သက်ပြီး ကိုရီးယားနဲ့ ဂျပန်တို့အကြားမှာ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာအချို့ ရှိနေဆဲပါ။ 

    ကီရှီဒါကတော့ ဒီကိစ္စအတွက် သူတို့အစိုးရဟာ အရင်အစိုးရတွေရဲ့ ရပ်တည်ချက်အတိုင်းသာ သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

    ဘိုဘေးဖက်စစ်ဂျပန်တွေရဲ့ လုပ်ရပ်အတွက် အရင်ဂျပန်အစိုးရ တာ၀န်ရှိသူတွေဟာ လူသိရှင်ကြား တောင်းပန်မှုတွေ ပြုလုပ်ထားပါတယ်။ 

    Ref: Reuters 

  • ခိုးရိုက်၊ ချောင်းရိုက်တွေကို ထောင်ချတော့မယ့် ဂျပန်

    ခိုးရိုက်၊ ချောင်းရိုက်တွေကို ထောင်ချတော့မယ့် ဂျပန်

    မေ ၄၊ ၂၀၂၃

    M-Media


    -လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ချောင်းရိုက်၊ ခိုးရိုက်မှုကို ပြင်းပြင်းထန်ထန် အရေးယူမယ့် ပထမဆုံး ဥပဒေသစ်တစ်ရပ်ကို ဂျပန်လွှတ်တော်မှာ အခုတစ်ပတ်အတွင်း ဆွေးနွေးခဲ့ပါတယ်။ 

    ဒီဥပဒေဟာ နိုင်ငံတစ်၀ှမ်း ပိုပိုဆိုးလာနေတဲ့ လိင်အမြတ်ထုတ်မှုပြဿနာကို တိတိကျကျ ကိုင်တွယ်မယ့် ပထမဆုံး ခြေလှမ်းလည်း ဖြစ်ပါတယ်။ 

    လက်ရှိမှာ ချောင်းရိုက်၊ ခိုးရိုက်ကိစ္စတွေကို ပြည်နယ်တွေရဲ့ ဒေသဆိုင်ရာဥပဒေတွေနဲ့သာ လျော့တိလျော့ရဲ အရေးယူနေတာ ဖြစ်ပါတယ်။ 

    ဥပဒေသစ်အရ တစ်ပါးသူရဲ့ လိင်အင်္ဂါ၊ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေကို ကာယကံရှင် မသိရှိဘဲ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ယူတာ၊ ဒီပုံတွေကို သိမ်းဆည်းထားတာ၊ ပြန်လည်ဖြန့်ဖြူးတာတွေဟာ ရာဇ၀တ်မှု မြောက်မှာဖြစ်ပါတယ်။ 

    ကာယကံရှင်မသိဘဲ လိင်မှု ကိုယ်နေဟန်ထားဖြစ်အောင် ဖန်တီးပြီး ဓာတ်ပုံ၊ ဗီဒီယို ရိုက်ယူတာ၊ အရွယ်မရောက်သေးသူတွေကို လိင်အသားပေး ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးတာတွေကိုလည်း ဥပဒေသစ်မှာ တားမြစ်ထားပါတယ်။ 

    ဂျပန်မှာ အရွယ်မရောက်သေးတဲ့ အမျိုးသမီးမော်ဒယ်တွေကို လိင်အသားပေး ရိုက်ကူးမှု အလွန်များပြားပြီး အခုဥပဒေကြောင့် ဒီလုပ်ရပ်တွေ ပပျောက်မယ်လို့ လွှတ်တော်အမတ်တွေက မျှော်လင့်နေပါတယ်။ 

    ဥပဒေချိုးဖောက်သူဟာ ထောင်ဒဏ် အမြင့်ဆုံး ၃ နှစ်၊ ငွေဒဏ် ယန်း ၃ သန်းအထိ ချမှတ်အရေးယူခံရမှာဖြစ်ပါတယ်။ ဥပဒေကို လာမယ့် ဇွန်လမှာ စတင်ကျင့်သုံးနိုင်မှာပါ။

    ဂျပန်မှာ ချောင်းရိုက်၊ ခိုးရိုက်ကိစ္စတွေ အလွန်များပြားပြီး ဒါကို တားဆီးဖို့အတွက် ပြည်တွင်းသုံး ဖုန်းတွေမှာ ကင်မရာအသံကို ပိတ်လို့မရအောင် ဖုန်းကုမ္ပဏီတွေက ဖန်တီးပေးထားရပါတယ်။ 

    Ref: BBC

  • ကျောင်းတက်မည့်ကလေးများ မရှိတော့၍ ဂျပန်တွင် စာသင်ကျောင်းများ ပိတ်ပစ်နေရ

    ကျောင်းတက်မည့်ကလေးများ မရှိတော့၍ ဂျပန်တွင် စာသင်ကျောင်းများ ပိတ်ပစ်နေရ

    မတ် ၃၊ ၂၀၂၃

    M-Media 


    -ဂျပန်နိုင်ငံမှာ ကျောင်းတက်မယ့်အရွယ် ကလေးငယ်တွေ နည်းလာပြီး စာသင်ကျောင်းတွေ ပိတ်ပစ်ရမှု အရေအတွက် မြင့်တက်လာပါတယ်။ 

    အာရှတိုက်မှာ ကလေးမွေးဖွားမှုနှုန်း လျော့ကျကာ သက်ကြီးရွယ်အိုများပြားတဲ့ ပြဿနာကို ရင်ဆိုင်နေကြရပြီး ဂျပန်နိုင်ငံက အဆိုးဆုံး ဖြစ်ပါတယ်။ 

    ဂျပန်နိုင်ငံမြောက်ပိုင်း ဖူကူရှီးမားပြည်နယ်က တောင်ပေါ်မြို့ဖြစ်တဲ့ Ten-ei မှာ အထက်တန်းကျောင်းတစ်ခု ပြီးခဲ့တဲ့ သောကြာနေ့က ပိတ်ပစ်လိုက်ရပါတယ်။ 

    ၇၆ နှစ် သက်တမ်းရှိပြီဖြစ်တဲ့ အဲဒီကျောင်းမှာ ပြီးခဲ့တဲ့စာသင်နှစ်က အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသားနှစ်ဦးသာ ရှိတော့ပြီး သူတို့နှစ်ယောက် အထက်တန်းပြီးဆုံးမှုနဲ့အတူ ကျောင်းပါ တစ်ခါတည်း ပိတ်လိုက်ရတာ ဖြစ်ပါတယ်။ 

    ဂျပန်နိုင်ငံက ကျေးလက်ဒေသတွေမှာ ကျောင်းတက်မယ့်သူ မရှိတဲ့အတွက် ပိတ်ပစ်ရတဲ့ စာသင်ကျောင်း အရေအတွက်ကလည်း တစ်ဖြည်းဖြည်းနဲ့ များပြားလာပါတယ်။ 

    ဂျပန်၀န်ကြီးချုပ် ဖူမီယို ကီရှီဒါက ကလေးသူငယ်စောင့်ရှောက်ရေးနဲ့ ပတ်သက်တဲ့ ဘက်ဂျက်ကို ၂ ဆတိုးမှာ အပါအ၀င် ကလေးမွေးဖွားမှုနှုန်း သိိသိသာသာ မြင့်တက်လာစေမယ့် အစီအမံတွေ လုပ်ဆောင်သွားမယ်လို့  ပြောကြားခဲ့ပါတယ်။ 

    ၂၀၂၂ ခုနှစ် ဂျပန်နိုင်ငံရဲ့ ကလေးမွေးဖွားမှုနှုန်းဟာ ၈ သိန်းအောက်သာ ရှိခဲ့ပြီး စံချိန်တင်ကျဆင်းမှု ဖြစ်ပါတယ်။ တစ်နှစ်ကို နိုင်ငံတစ်၀ှမ်း ပျမ်းမျှ စာသင်ကျောင်းပေါင်း ၄၅၀ လောက် ပိတ်ပစ်နေရပြီး ၂၀၀၂ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း ကျောင်းပေါင်း ၉၀၀၀ နီးပါး ပိတ်ခဲ့ရပါတယ်။ 

    Ref: Reuters 

  • 7-Eleven အင်ပါယာထူထောင်ခဲ့သူ ဂျပန်ဘီလီယံနာ ကွယ်လွန်

    7-Eleven အင်ပါယာထူထောင်ခဲ့သူ ဂျပန်ဘီလီယံနာ ကွယ်လွန်

    မတ် ၁၄၊ ၂၀၂၃

    M-Media 

    – 7-Eleven စတိုးဆိုင်ကို ကမ္ဘာတစ်၀ှမ်း ဖြန့်ကျက်အောင်မြင်စေခဲ့တဲ့ ဂျပန်ဘီလီယံနာ မာစာတိုရှီ အီတိုဟာ မနေ့က ကွယ်လွန်သွားခဲ့ပါတယ်။

    ကွယ်လွန်ချိန်မှာ အသက် ၉၈ နှစ် ရှိပြီဖြစ်တဲ့ အီတိုဟာ ဂျပန်က လက်လီရောင်းချမှု စနစ်ကို ပြောင်းလဲနိုင်ခဲ့ပြီး အမေရိကန် အခြေစိုက် 7-Eleven ကို ကမ္ဘာကျော်စေခဲ့သူလည်း ဖြစ်ပါတယ်။ 

    7-Eleven စတိုးဆိုင်ဟာ ၁၉၂၇ ခုနှစ်မှာ စတင်ပါတယ်။ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဒါးလက်စ်မြို့မှာရှိတဲ့ လုပ်ငန်းစုလေးတွေ ပူးပေါင်းပြီး Southland Ice Company ထူထောင်ကာ စတိုးဆိုင်ငယ်လေးတွေ စတင် ဖွင့်လှစ်ခဲ့တာပါ။ 

    မနက် ၇ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်လှစ်မှုကို အစွဲပြုပြီး ၁၉၄၆ ခုနှစ် သူတို့စတိုးဆိုင်အားလုံးကို 7-Eleven လို့ အမည်ပေးခဲ့ပါတယ်။ 

    အီတိုရဲ့ စီးပွားရေးသမားဘ၀ဟာ ၁၉၅၈ ခုနှစ်မှာ စတင်ပါတယ်။ တိုကျိုက မိသားစုပိုင် အ၀တ်ဆိုင်ငယ်လေးကို ဆက်ခံခဲ့ပြီးတဲ့နောက် အစားအသောက်နဲ့ နေ့စဥ်လိုအပ်တဲ့ ပစ္စည်းတွေပါရောင်းတဲ့ စတိုးဆိုင်အဖြစ် အသွင်ပြောင်းခဲ့ပါတယ်။  

    ၁၉၇၄ ခုနှစ်မှာ Southland Ice နဲ့ ပူးပေါင်း ဂျပန်ရဲ့ ပထမဆုံး 7-Eleven ဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မတ်လမှာ အီတိုဟာ Southland Ice ကို ထိန်းချုပ်နိုင်တဲ့ ရှယ်ယာရှင်တစ်ယောက် ဖြစ်လာပါတယ်။

    နောက်ပိုင်းမှာတော့ ကမ္ဘာတစ်၀ှမ်း ဖြန့်ကျက်ကာ 7-Eleven အင်ပါယာကို အီတိုတစ်ယောက် တည်ထောင်နိုင်ခဲ့ပါတယ်။ 

    “ကျွန်တော်အောင်မြင်တာ အလုပ်ကြိုးစားလို့လား၊ ဒါမှမဟုတ် ကံကြောင့်လားဆိုတာ ခဏခဏ အမေးခံရပါတယ်။ ပြောရရင် နှစ်ခုစလုံး နည်းနည်းစီ ပါပါတယ်” လို့ ၁၉၈၈ ခုနှစ် အင်တာဗျူးတစ်ခုမှာ အီတိုက ဖြေကြားခဲ့ပါတယ်။ 

    လက်ရှိမှာ အီတိုတည်ထောင်ခဲ့တဲ့ Seven & I Holdings ကုမ္ပဏီဟာ ကမ္ဘာတ်၀ှမ်း 7-Eleven နဲ့ Speedway စတိုးဆိုင်ပေါင်း ၈၃၀၀၀ ကျော် ဖွင့်လှစ်ထားပါတယ်။

    Ref: CNN