News @ M-Media
Tag: Lashio
  • လာရှိုးမြို့ အခမဲ့ဆေးခန်းအတွက် အစ္စလာမ်ဘာသာဝင်များမှ သိန်း ၁၇၀ တန် ကျောက်ကပ်ရေသန့်စက် လှူဒါန်း
    ဇူလိုင် ၂၂၊ ၂၀၁၇
    M-Media
    မိုးစက်
    လာရှိုးမြို့နယ်မှာရှိတဲ့ အခမဲ့ဆေးခန်းအတွက် ကျောက်ကပ်ဆေးရာတွင် အသုံးပြုသည့် ရေသန့်စက် (၁) လုံးကို လာရှိုးမြို့ အစ္စလာမ်ဘာသာဝင်များ သာရေးနာရေးကူညီမှုအသင်းက လှူဒါန်းခဲ့ပါတယ်။
    “ကျောက်ကပ်ဆေးတဲ့စက်ကတော့ အလှူရှင်တစ်ဦးတည်းက လှူထားတာပါ။ ကျောက်ကပ်ဆေးဖို့ စက်က ၄ လုံးရှိပါတယ်။  ကျောက်ကပ်ဆေးဖို့အတွက် ရေသန့်စက်ကလည်း မရှိမဖြစ် အရေးကြီးတယ်လေ။ အကုန်လုံး အဆင်ပြေဖို့အတွက် ကျွန်တော်တို့အဖွဲ့ရယ် မန္တလေးက အလှူရှင်အချို့ရယ် ပေါင်းပြီးတော့ လှူဒါန်းဖြစ်ခဲ့တာပါ” လို့ သာရေးနာရေး အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ တင်အောင် ကဆိုပါတယ်။
    ရေသန့်စက် (၁) လုံးတန်ဖိုးမှာ သိန်း (၁၇၀) တန်ဖိုးရှိပြီး အဆိုပါဆေးခန်းမှာ လူမျိုးဘာသာမရွေး ရောဂါမရွေး အခမဲ့ကုသနိုင်သည့် နေရာဖြစ်ပါတယ်။ သက်တမ်းအားဖြင့်လည်း ဆယ်နှစ်ကျော် ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။
    လာရှိုး သာရေးနာရေးကူညီမှုအသင်းမှာလည်း သဘာဝဘေးအန္တရယ်များ၊ ကျန်းမာရေး၊ လူမှုရေး နယ်ပယ်များမှာ လိုအပ်သည့်နေရာများကို လိုက်လံ လှူဒါန်းနေသည့် အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။
    ဓါတ်ပုံ- ဦးစိန်ဝင်း
  • ဆင်းတုတော် မှုတ်ဆေးဖြင့် မှုတ်သူ ကလေး(၃)ဦး ပြစ်ဒဏ် ၂ နှစ်ကို နေ့ချင်းအမိန့်ချ
    ဆင်းတုတော် မှုတ်ဆေးဖြင့် မှုတ်သူ ကလေး(၃)ဦး ပြစ်ဒဏ် ၂ နှစ်ကို နေ့ချင်းအမိန့်ချ
    13418718_864343910375785_8876088754224631748_n
    ဓါတ်ပုံ-အင်တာနက်
    ဇွန် ၂၁ ၊၂၀၁၆
    M-Media
    သီဟ
    .
    ဗုဒ္ဓရုပ်ပွားတော်နှင့် ရဟန္တာရုပ်တုများကို မှုတ်ဆေးဖြင့် ပတ်ဖြန်းခဲ့သည့် ကလေး(၃) ဦးကို ပြစ်ဒဏ် ၂ နှစ် စီ ချမှတ်လိုက်ပြီး လူငယ် သင်တန်းကျောင်း ပို့ဆောင်ရန် အမိန်ချမှတ်လိုက်ကြောင်း သိရှိရသည်။
    .
    ဖြစ်စဉ်မှာ ဇွန်လ ၁၇ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့က အမှတ်(၉) ရပ်ကွက် ၊ အရှေ့ခါးရိုး ဘုန်းတော်ကြီး ကျောင်းတိုက်ဝင်းရှိ  ဗုဒ္ဓရုပ်ပွားတော်နှင့် ရဟန္တာရုပ်တုများကို အသက် ၁၂ နှစ် ၊ ၁၃ နှစ်၊ ၁၄ နှစ် အရွယ် ကလေး ၃ ဦးမှ  အနီရောင်မှုတ်ဆေးများဖြင့် ပတ်ဖြန်းပြီး နံရံများတွင် ၄င်းတို့၏ အမည်များကိုပါ ရေးဖြန်းခဲ့သည်။
    .
    .
    ယခု ဖြစ်စဉ်နှင့် ပတ်သက်ပြီး  လားရှိုးမှ မြို့မိမြို့ဖ တဦးက ” ကလေးတွေဖြောင့်ချက်ပေးချက်အရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးဆိုတာ ပြောလို့ရကြောင်း၊  ကလေး သဘာဝ စိတ်ရူးပေါက်ပြီး လက်ဆော့တာ ဖြစ်နိုင်ကြောင်း၊ ယခု ဖြစ်စဉ် နဲ့ ပတ်သက်ပြီး ပြစ်ဒဏ်မှာ အမြင့်ဆုံးဖြစ်ပြီး ပြင်းထန်လွန်း၍ မိမိတို့ စိတ်မကောင်းဖြစ်ရကြောင်း၊ ယခုကဲ့သို့ ရုံးတင်တဲ့ နေမှာတင် နေ့ချင်းပြီး အမိန့်ချတဲ့အတွက် အံသြမိကြောင်း ” M-Media ကို ပြောကြားခဲ့ပါသည်။
    .
    ပြစ်မှုဆိုင်ရာဥပဒေ (ယခင် ရာဇသတ်ကြီး) အခန်း ၁၅ ဘာသာသာသနာဆိုင်ရာပြစ်မှုများတွင် ပုဒ်မ ၂၉၅-က ကို အောက်ပါ အတိုင်း ပြဌာန်းထားပါသည်။
    .
    လူတစားကိုးကွယ်သည့် ဘာသာ သာသနာကိုဖြစ်စေ၊ ဘာသာရေးယုံကြည်မှုကိုဖြစ်စေ၊ စော်ကားခြင်းဖြင့်၊ ထိုလူတစား၏ ကိုးကွယ်ရာဘာသာရေး စိတ်ဓာတ်ကို နာကြည်းစေရန် ကြံရွယ်၍ မသမာစိတ်ဖြင့် တမင်ကျူးလွန်သောပြုလုပ်မှုများ။
    .
    ပြည်ထောင်စုနိုင်ငံတော်တွင် နေထိုင်သော လူတစား၏ ဘာသာရေးစိတ်ကို နာကြည်းစေ ရန် တမင်မသမာသောအကြံဖြင့် မည်သူမဆို၊ စကားဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ၊ ထိုလူတစားကိုးကွယ်သည့် ဘာသာသာသနာကိုသော်၎င်း၊ ဘာသာ သာသနာရေးယုံကြည်မှုကိုသော်၎င်း၊ စော်ကားလျှင်၊ သို့တည်းမဟုတ် စော်ကားရန်အား ထုတ်လျှင်၊ ထိုသူကို နှစ်နှစ်ထိထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
  • ကလေး ၃ ဦး လာရှိုးမြို့မှ ဘုန်းတော်ကြီးကျောင်းရှိ ဆင်းတုတော်နှင့် ရုပ်ပွားတော်များကို အနီရောင်ဆေးဖြင့် ပက်ဖြန်းမှုဖြစ်ပွား
    ကလေး ၃ ဦး လာရှိုးမြို့မှ ဘုန်းတော်ကြီးကျောင်းရှိ ဆင်းတုတော်နှင့် ရုပ်ပွားတော်များကို အနီရောင်ဆေးဖြင့် ပက်ဖြန်းမှုဖြစ်ပွား
    ဇွန် ၁၉ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    M-Media
    ၀၁၆ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့က အမှတ်(၉) ရပ်ကွက် ၊ အရှေ့ခါးရိုး ဘုန်းတော်ကြီး ကျောင်းတိုက်ဝင်းရှိ ဗုဒ္ဓရုပ်ပွားတော်နှင့် ရဟန္တာရုပ်တုများကို ATM Spray အနီဖြင့် ပက်ဖြန်းမှု တရပ်ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။
    အဆိုပါ ပက်ဖြန်းသူများမှာ အသက်မပြည့်သေးသော ကလေး (၃) ဦးဖြစ်ကြောင်းနှင့် ၃ ဦးလုံးမှာ မွတ်စလင်မ် ကလေးများဖြစ်ကြကြောင်း စုံစမ်းသိရှိရပါတယ်။
    ကလေးငယ်များမှာ အသက် ၁၂ နှစ် ၊ ၁၃ နှစ်၊ ၁၄ နှစ် အရွယ် ကလေး များဖြစ်ကြပြီး ၂ ဦးမှာ မိဘ မရှိကြောင်းနှင့် အခြား ၁ ဦး၏ ဖခင်မှာ (၃) ဘီး ကယ်ရီ မောင်းသူတစ်ဦးဖြစ်ကြောင်း သိရှိရပါတယ်။
    ဖြစ်စဉ်မှာ ဘုန်းတော်ကြီးကျောင်းတွင် ဘောလုံးကွင်းပုံစံကဲ့သို့ ကျယ်ဝန်းသောနေရာတွင် အဆိုပါ ကလေး ၃ ဦးမှာ ဆော့ကစားလေ့ရှိကြောင်း၊ ဘုန်းကြီးကျောင်းဝင်းတွင်း ဝင်ထွက်သွား လာကြသည့် လူငယ်များမှာ ၄င်းတို့၏ အမည်နှင့် အခြားစိတ်ကူးပေါက်ရာများကို ဘောပင်၊ ဆော့ပင်များနှင့် လက်ဆော့ရေးသားလေ့ရှိကြောင်း၊ ယခု ပြစ်မှု ကျူးလွန်သည့် ကလေး ၃ ဦးမှာလဲ ဘုန်းကြိးကျောင်းဝင်းအတွင်း ဆော့ကစားရင်း အနီးတွင်တွေ့ရှိရသည့် ATM Spray ဖြင့် ကလေး သဘာဝ လက်ဆော့တာ ဖြစ်နိုင်ကြောင်း၊ မိဘမဲ့ ကလေး၂ ဦး အပါအဝင် လက်လုပ်လက်စား အသိုင်းအဝိုင်းမှ ကလေးများဖြစ်သဖြင့် မိဘအုပ်ထိန်းမှု နည်းပါးသည့် ကလေးငယ်များဖြစ်နိုင်ကြောင်း၊ ယခုဖြစ်စဉ်မှာ ကြိုတင်ကြံစည်ပြိး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည့်ဖြစ်စဉ် မဟုတ်ကြောင်း၊ ရုပ်ပွားတော်များကို ဆေးဖြင့် ပက်ဖြန်းသည့် အတွက် သက်ဆိုင်ရာ ရဲစခန်းမှ ထိန်းသိမ်းထားပြီး အဆိုပါ ကလေးသုံးဦးကို တနလာင်္နေ့ (၂၀) ရက်နေ့တွင် ရုံးထုတ်ပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်ဖို့ လုပ်ဆောင်နေပြီဖြစ်ကြောင်း လားရှိုးမြို့မှ မြို့မိမြိုဖ တစ်ဦးမှ M-Media ကို ပြောပါတယ်။
    အရှေ့ခါးရိုး ဘုန်းတော်ကြီး ကျောင်းတိုက်ဝင်းရှိ ဗုဒ္ဓရုပ်ပွားတော်နှင့် ရဟန္တာရုပ်တုများ ယခင်အတိုင်း ပြန်လည်ဖြစ်စေရန် အတွက်ကိုလည်း ကျောင်းတိုင်ဆရာတော်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဘာသာရေးခေါင်းဆောင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ ကလည်း ညှိနှိုင်းပြီး ဖြစ်ကြပြီး နှစ်ဦးနှစ်ဖက် ပြေလည်မှုများ ရရှိကာ အေးချမ်းလျှက် ရှိနေကြောင်း သိရပါတယ်။
    လားရှိုးမြို့ပေါ်တွင် ပြသနာ တစုံတရာ ဖြစ်ပေါ်ခြင်းမရှိဘဲ အေးချမ်းလျက်ရှိနေပြီး အရှေ့ခါးရိုး ဘုန်းတော်ကြီး ကျောင်း၊ သက်ဆိုင်ရာ ဘာသာရေးအဆောက်အအုံများနှင့် လာရိုးမြိုနယ်တစ်ခုလုံးကို  ၂၄ နာရီ အချိန်ပြည့် လုံခြုံရေးတင်းကျပ်စွာ ဆောင်ရွက်နေကြောင်း သိရပါတယ်။
    ယခုဖြစ်စဉ်ကို ဆိုရှယ်မီဒီယာ စာမျက်နှာများတွင် လိုအပ်သည့်ထပ်ပိုမိုချဲ့ ကားပြောဆိုမှုတွေ လုပ်ဆောင်နေတာကို တွေ့ရှိရကြောင်း ကို လားရှိုးမြို့မှ မြို့မိမြိုဖ တစ်ဦးမှ M-Media ကို အတည်ပြုပြောကြားပါတယ်။
  • လားရှိုးတွင်“ ဘာသာပေါင်းစုံ ချစ်ကြည်ရေး မိတ်ဆုံစားပွဲ” ပြုလုပ်
    သြဂုတ်လ-၁၁၊ ၂၀၁၃
    Lasio
    “ဘာသာပေါင်းစုံ ချစ်ကြည်ရေး မိတ်ဆုံစားပွဲ” ကို လားရှိုးမြို့၊ ရပ်ကွက်(၃)၊ သီရိလမ်းရှိ “ရွှေဖူးစာ” မင်္ဂလာခန်းမ မှာဒီကနေ့ (11-8-2013) နံနက် (10)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
    ယင်းမိတ်ဆုံစားပွဲသို့ မွတ်စလင် ဘာသာရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာတင်အောင် မှ ပြည်နယ်သံဃနာယက အဖွဲ့နှင့်မြို့နယ်သံဃ နာယကမှ ဆရာတော် သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပါသည်။
    အခမ်းအနားသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တကွ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
    ဧည့်သည်တော်များအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကြောင်းလည်း သိရှိရပါသည်။ မွတ်စလင် ဘာသာရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာ တင်အောင်မှ ဘာသာပေါင်းစုံ ချစ်ကြည်ရေး မိတ်ဆုံစားပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း တင်ပြလျှောက်ထားခြင်း၊ ဘာသာရေးအသင်း အသီးသီးမှ တက်ရောက်လာကြသော ဧည့်သည်များနှင့် မိတ်ဆက်ပေးခဲ့ပါသည်။
    “ဘာသာပေါင်းစုံချစ်ကြည်ရေးမိတ်ဆုံစားပွဲ” သို့ မန်ဆူကျောင်းတိုက်၊ သာသနာ၂၅၀၀တောင်ပေါ် ကျောင်းတိုက်၊ ရွှေခါးရိုး ကျောင်းတိုက်၊ အရှေ့ခါးရိုးကျောင်းတိုက်၊ မြို့လယ်ကျောင်းတိုက်၊ မဟာဗောဓါရုံကျောင်းတိုက်၊ ပန်အုပ်ကျောင်းတိုက်၊ အေတီ တပ်ဦးကျောင်းတိုက် တို့မှ ဆရာတော် သံဃာတော်များနှင့် ဟိန္ဒူဘာသာရေး အသင်း ၊ ခရစ်ယာန်ဘာသာရေးအသင်း၊ ယူနန်တရုတ် ဘာသာရေးအသင်းမှ တာဝန်ရှိသူများ၊ ဒေါက်တာလှဆိုင်း၊ ဦးစိုင်းအောင်ဆာ၊ ဦးစိုင်းအောင်ကြီး၊ လားရှိုးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့မှ ဦးစိုင်းမြင့်မောင်နှင့် အဖွဲ့ဝင်များ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်မျာ တက်ရောက်ကြောင်း သိရှိရပါတယ်။
    Credit= >Lsomaungmaung Maung (မန္တလေး Open) သတင်း
    via-Nay Myo
  • ပျက်စီးသွားသည့် လားရှိုးဗလီ ပြန်လည် ပြုပြင်ပေးရန် တောင်းဆို
    ဂျွန်ချစ်ငြိမ်း |
    ဇူလိုင်လ ၃၀ ရက် ၂၀၁၃ ခုနှစ်
    မဇ္ဈိမ သတင်းမှ ကူးယူဖော်ပြပါသည်။
    04
    ဓါတ်ပုံ ဧရာဝတီ
    လားရှိုးမြို့တွင် မေလ၂၈ရက်က ပဋိပက္ခများအတွင်း ထိခိုက်ပျက်စီးခဲ့သည့် အစ္စလမ်ဘာသာဝင်များ ၀တ်ပြုရာ ဗလီကို အစိုးရက ပြန်လည်ပြုပြင်ပေးရန် ဗလီ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာတင်အောင်က ဇူလိုင်လ၂၈ ရက်တွင် တောင်းဆိုလိုက်သည်။
    “ဖျက်စီးခံခဲ့ရတာတွေ ပြန်လည်ပြုပြင်ပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ အကြမ်းဖက်မှုတွေ အရေးယူတဲ့ နေရာမှာလည်း အဓိက ဦးဆောင်ပြီး လုပ်ဆောင်ခဲ့သူတွေကို မိတယ်လို့ ကျွန်တော် မယူဆပါဘူး” ဟု မဇ္ဈိမကို ပြောသည်။
    မီးလောင်ခဲ့သည့်ဗလီ ပျက်စီးသွားသည့် အစိတ်အပိုင်းများကို ပြုပြင်နိုင်ခြင်း မရှိသေးဘဲ၊ အတွင်းပိုင်း ၀တ်ပြုသည့်နေရာကို ပြန်လည်ဆေးသုတ်ခြင်း၊ ရှေ့မျက်နှာစာကို သံပန်းများ ပြန်လည်ကာရံရန် ပြင်ဆင်ခြင်း တို့ လုပ်ဆောင်ရန် ဗလီတာဝန်ရှိသူများက စီစဉ်လျက်ရှိနေသည်။
    “ပြင်ဆင်နေတာတွေကို ပြည်နယ်အစိုးရက ကူညီထောက်ပံ့ပေးခြင်း မရှိပါဘူး။ ကျွန်တော်တို့ကို ဘယ်အဖွဲ့အစည်းကမှလည်း မကူညီပါဘူး။ မိမိတို့အစီစဉ်နဲ့ မိမိတို့ ပြန်လည် ပြုပြင်နေရခြင်း ဖြစ်ပါတယ်”ဟု လည်း ဒေါက်တာတင်အောင်က ပြောကြားသည်။
    ယင်းအပြင် ဗုဒ္ဓဘာသာ၏ အဆုံးအမများသည် လူတစ်ဦးကို ယဉ်ကျေးသိမ်မွေ့စေပြီး၊ ပဋိပက္ခများ ဖြစ်ပေါ်ရခြင်းသည် လှုံ့ဆော်မှုများကြောင့်သာ ဖြစ်ရခြင်းဟုလည်း သူက ပြောသည်။
    “မမှန်မကန် လှုံ့ဆော်မှုတွေဟာ ပဋိပက္ခဖြစ်အောင် လှုံ့ဆော်နေတယ်လို့ ယူဆပါတယ်။ အကြမ်းဖက်မှု ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့သူတွေဟာလည်း ဗုဒ္ဓဘာသာလို့ မယူဆပါဘူး။ လူတစ်စုတစ်ဖွဲ့က လုပ်ဆောင်နေခြင်းသာ ဖြစ်ပါတယ်။ ဗုဒ္ဓအဆုံးအမတွေဟာ တည်ငြိမ်တယ်၊ လူတစ်ယောက်ကို ယဉ်ကျေးစေပါတယ်၊ သိမ်မွေ့ပါတယ်”ဟု ပြောသည်။
    မီးလောင်ခဲ့သည့် ဗလီကို ဇူလိုင်လ ၁၄ ရက်တွင် ရှမ်းပြည်နယ် ၀န်ကြီးချုပ်က သန့်ရှင်းရေး ပြုလုပ်စေပြီး ဇူလိုင်လ ၂၀ ရက်တွင် ဗလီအတွင်း ၀တ်ပြုခွင့်ကို ပြန်လည် ခွင့်ပြုလိုက်ပြီဖြစ်သည်။ အလားတူပင် မေလ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် အရေးပေါ်အခြေအနေအဖြစ် ပုဒ်မ ၁၄၄ ကိုလည်း ဇူလိုင်လ ၂၇ ရက်တွင် ပြန်လည် ရုတ်သိမ်းလိုက်ပြီဖြစ်သည်။
    လားရှိုးမြို့တွင် မေလ ၂၈ ရက်က အမျိုးသမီးတစ်ဦး ဓာတ်ဆီလောင်း မီးရှို့ခံခဲ့ရရာမှ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ အမျိုးသမီးကို ဓာတ်ဆီလောင်းခဲ့သူ ဦးနေ၀င်းကို လားရှိုးမြို့နယ် တရားရုံးက ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့သည်။
    Link =>http://goo.gl/XVrKa5