News @ M-Media

Tag: malaysia

  • လူ ၂ သောင်းခွဲကျော်ကို အလုပ်ပေးနိုင်မယ့် မလေးရှားက ဒေါ်လာ ၂ ဘီလီယံတန် ဂူးဂဲလ် ဒေတာစင်တာ

    လူ ၂ သောင်းခွဲကျော်ကို အလုပ်ပေးနိုင်မယ့် မလေးရှားက ဒေါ်လာ ၂ ဘီလီယံတန် ဂူးဂဲလ် ဒေတာစင်တာ

    မေ ၃၀၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – မလေးရှားတွင် တည်ဆောက်မည့် ဂူးဂဲလ်၏ ဒေတာစင်တာ)

    -အရှေ့တောင်အာရှရဲ့ ပထမဆုံး ဒေတာစင်တာနဲ့ Cloud Region မလေးရှားမှာ တည်ဆောက်ဖို့အတွက် Google ဟာ ကန်ဒေါ်လာ သန်းပေါင်း ၂ ထောင် အသုံးပြုသွားမယ်လို့ သိရပါတယ်။ 

    မြို့တော် ကွာလာလမ်ပူမှာ တည်ဆောက်မှာဖြစ်ပြီး နယ်ပယ်အသီးသီးအတွက် အလုပ်အကိုင်ပေါင်း ၂၆၅၀၀ လောက် ဖန်တီးပေးနိုင်မယ်လို့ မလေးရှား ရင်းနှီးမြှုပ်နှံမှု ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

    ဒီဒေတာစင်တာဟာ မလေးရှားစီးပွားရေးကို ကန်ဒေါ်လာ သန်းသုံးထောင်ဖိုးလောက် သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။

    ဂူးဂဲလ်ရဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ Search၊ Maps၊ နဲ့ Workspace တို့အတွက် ဒေတာစင်တာက ၀န်ဆောင်မှု ပေးနိုင်မှာဖြစ်ပြီး မလေးရှားနိုင်ငံတစ်၀ှမ်းက ဉာဏ်ရည်တု အသုံးပြုသူတွေလည်း အကျိုးကျေးဇူး ရရှိလိမ့်မယ်လို့ ရင်းနှီးမြှုပ်နှံမှု ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    တည်ဆောက်ပြီးစီးသွားရင် မလေးရှားဟာ ကမ္ဘာတစ်၀ှမ်းက ဂူးဂဲလ်အသုံးပြုသူတွေကို ၀န်ဆောင်မှုပေးနေတဲ့ ဒေတာစင်တာရှိရာ ၁၁ ခုမြောက်နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။

    လက်ရှိ မလေးရှားအစိုးရရဲ့ Madani 

    စီမံကိန်းအရ ဒစ်ဂျစ်တယ်စီးပွားရေးနယ်ပယ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ရှာဖွေနိုင်ရေးပါ၀င်ပြီး ဂူးဂဲလ်ရဲ့ ရင်းနှီးမြှုပ်နှံမှုက စီမံကိန်း တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

    Ref: The Star 

  • မလေးရှားတွင် အလ်ကိုင်းဒါး သစ္စာခံအဖွဲ့က ရဲစခန်းကို အံ့အားသင့်ဖွယ် တိုက်ခိုက်

    မလေးရှားတွင် အလ်ကိုင်းဒါး သစ္စာခံအဖွဲ့က ရဲစခန်းကို အံ့အားသင့်ဖွယ် တိုက်ခိုက်

    မေ ၁၇၊ ၂၀၂၄

    M-Media

    (ဓာတ်ပုံ – တိုက်ခိုက်ခံခဲ့ရသည့် ရဲစခန်း)

    -အလ်ကိုင်းဒါးသစ္စာခံ အစွန်းရောက်အဖွဲ့တစ်ခုက ရဲစခန်းကို တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့၀င် ၂ ဦး သေဆုံးခဲ့တယ်လို့ မလေးရှား ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

    နိုင်ငံတောင်ပိုင်း စင်ကာပူနဲ့ကပ်နေတဲ့ ဂျိုဟိုးပြည်နယ်မှာ မေလ ၁၇ ရက်နေ့မနက် အစောပိုင်းက ဖြစ်ပွားခဲ့တာပါ။ 

    Jemaah Islamiyah(JI) လို့ခေါ်တဲ့ အစွန်းရောက်အဖွဲ့က လူ ၂ ဦးဟာ အူလူတီရမ်မြို့က ရဲစခန်းမှာ လွန်ခဲ့တဲ့ ၂ နှစ်က အမှုတစ်ခုအကြောင်း လာရောက်မေးမြန်းတဲ့ ပုံစံမျိုးနဲ့ ၀င်လာခဲ့တာပါ။   

    ရဲတပ်ဖွဲ့၀င်နှစ်ဦးက အမှုကိစ္စအကြောင်း ရှင်းပြနေစဥ်မှာ အစွန်းရောက်အဖွဲ့က နောက်ထပ်အဖွဲ့၀င်တွေဟာ ရဲစခန်းနောက်ဖက်ကနေ အုပ်စုလိုက် ၀င်လာပြီး ဓားရှည်တွေနဲ့ ၀င်ခုတ်ခဲ့တာ ဖြစ်ပါတယ်။ 

    ရဲတပ်ဖွဲ့တစ်ဦး ဓားခုတ်ခံရကာ သေဆုံးခဲ့ပြီး၊ သေဆုံးသွားတဲ့ ရဲထံက ခြောက်လုံးပြူးကို ဓားသမားတစ်ဦးက ယူပြီး ပစ်ခတ်တာကြောင့် နောက်ထပ် ရဲတပ်ဖွဲ့၀င်တစ်ဦး သေဆုံးခဲ့ပါတယ်။ 

    တိုက်ခိုက်မှုအတွင်း အစွန်းရောက်အဖွဲ့၀င်တစ်ဦးကို အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ပြီး သူ့ရဲ့ အိမ်ကို ၀င်ရောက်စီးနင်း ရှာဖွေရာမှာ JI အဖွဲ့နဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေ တွေ့ခဲ့ရတယ်လို့ မလေးရဲချုပ် ရာဇာရွတ်ဒင်း ဟူစိန်က ပြောပါတယ်။ 

    ဂျိုဟိုးပြည်နယ်အတွင်းမှာ နေထိုင်တဲ့ JI အဖွဲ့၀င်တွေကိုလည်း မလေးရှားရဲတပ်ဖွဲ့က ညတွင်းချင်း ရှာဖွေ ဖမ်းဆီးခဲ့ပါတယ်။ 

     JI အဖွဲ့ဟာ အိုစမာဘင်လာဒင် တည်ထောင်ခဲ့တဲ့ အလ်ကိုင်းဒါးကို သစ္စာခံတဲ့ အဖွဲ့ တစ်ခုဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တွေက အရှေ့တောင်အာရှတစ်လွှားမှာ အင်အားကောင်းခဲ့ပါတယ်။ 

    ၂၀၀၂ ခုနှစ်က လူ ၂၀၀ ကျော် သေဆုံးခဲ့တဲ့ အင်ဒိုနီးရှားက ဘာလီကမ်းခြေ ဗုံးခွဲတိုက်ခိုက်မှုအပါအ၀င် ဒေသတွင်း အကြမ်းဖက်တိုက်ခိုက်မှုတစ်ချို့ကို JI အဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

    အဖွဲ့ရဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တစ်ချို့ဟာ မလေးရှားနိုင်ငံက ဖြစ်ပြီး အဖွဲ့၀င်တွေဟာ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယား နိုင်ငံတွေက ဖြစ်ပါတယ်။  

    အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတို့က JI ကို အကြမ်းဖက်အဖွဲ့ စာရင်းသွင်းပြီး နှိမ်းနှင်းခဲ့ကြပါတယ်။ 

    Ref: Aljazeera 

  • အစိုးရ၀န်ထမ်းများအား လစာတိုးပေးမည်ဟု မလေးရှားကြေငြာ

    အစိုးရ၀န်ထမ်းများအား လစာတိုးပေးမည်ဟု မလေးရှားကြေငြာ

    မေ ၂၊ ၂၀၂၄

    M-Media 


    -အစိုးရ၀န်ထမ်းတွေအားလုံးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာကနေစပြီး လစာတိုးပေးမယ့် အစီအစဥ်တစ်ရပ်ကို မလေးရှား၀န်ကြီးချုပ် အန်န၀ါရ် အီဘရာဟင်က မေလ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေငြာပါတယ်။ 

    ၀န်ထမ်းတွေဟာ အများဆုံး ၁၃ ရာခိုင်နှုန်းကျော်အထိ လစာတိုးရကြမှာပါ။ လစာတိုးဖို့အတွက် ရန်ပုံငွေ ရင်းဂစ် ၂၀ ဘီလီယံအထိ ချထားပေးတယ်လို့ အန်၀ါရ်က ပြောပါတယ်။ 

    လစာတိုးပြီးရင် မလေးရှားအစိုးရ၀န်ထမ်းတွေဟာ အနိမ့်ဆုံးလစာ ရင်းဂစ် ၂ ထောင်ကျော် ရရှိမယ်လို့လည်း သူက ဆိုပါတယ်။ 

    မလေးရှားမှာ စီးပွားရေးနှေးကွေးမှုကြောင့် ရင်းဂစ်စျေးဟာ ကျဆင်းလာခဲ့ပြီး၊ ကုန်စျေးနှုန်းတွေလည်း တစ်ဖြည်းဖြည်း မြင့်လာတဲ့အတွက် လူထုထံကနေ ၀ေဖန်မှုတွေ ထွက်ပေါ်နေတာ ကြာပါပြီ။  

    အန်၀ါရ်အစိုးရဟာ အစိုးရရဲ့ ထောက်ပံ့မှုတွေရပ်ဆိုင်းဖို့၊ အခွန်ထပ်တိုးကောက်ဖို့လည်း ပြင်ဆင်နေပါတယ်။ 

    ပို့ကုန်ပမာဏ ကျဆင်းတာ၊ စီးပွားရေးတိုးတက်မှု အလယ်အလတ်အဆင့်သာ ရှိနေတာတွေကြောင့် ငွေကြေးဖောင်းပွမှု ထပ်မံမြင့်တက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။ 

    Ref: Reuters 

  • မလေးရှားကို အရူးကွက်နင်းရောက်လာတဲ့ အစ္စရေးနိုင်ငံသားနဲ့ နောက်ဆက်တွဲ ဂရက်

    မလေးရှားကို အရူးကွက်နင်းရောက်လာတဲ့ အစ္စရေးနိုင်ငံသားနဲ့ နောက်ဆက်တွဲ ဂရက်

    ဧပြီ ၂၊ ၂၀၂၄

    M-Media 


    – နိုင်ငံအတွင်း ပြင်သစ်နိုင်ငံကူးလက်မှတ်နဲ့ လိမ်လည်၀င်ရောက်လာတဲ့ အစ္စရေးနိုင်ငံသား ကိစ္စနဲ့ ဆက်စပ်ပြီး လူ ၃ ဦး မလေးရှားရဲတပ်ဖွဲ့က ထမ်မံဖမ်းဆီးလိုက်ပါတယ်။ 

    အဲဒီအစ္စရေးနိုင်ငံသားဟာ အသက် ၃၆ နှစ်အရွယ် ရှာလုန် အဗီတန်ဆိုသူပါ။ သူဆီမှာ ပစ္စတို ၆ လက်နဲ့ ကျည်ဆံ ၂၀၀ ကိုလည်း မလေးရှား ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်။ 

    မလေးရှားဟာ အစ္စရေးနိုင်ငံသားတွေကို ပြည်၀င်ခွင့်မပေးပါဘူး။ ပြင်သစ်နိုင်ငံကူးလက်မှတ်နဲ့ ယူအေအီးကနေ လိမ်လည်၀င်ရောက်လာတဲ့ အဗီတန်ဟာ အစ္စရေးသူလျှိုဖြစ်နိုင်တယ်ဆိုတဲ့အချက်ကို မလေးရှားရဲတပ်ဖွဲ့က မငြင်းပါဘူး။ 

    အဗီတန်ကို လက်နက်ရောင်းချရာမှာပါ၀င်တဲ့ လူ ၃ ဦးကိုလည်း မလေးရှားရဲတပ်ဖွဲ့က မတ်လ ၃၀ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအထဲက ၂ ဦးဟာ လင်မယားတွေပါ။ 

    အဗီတန်ကတော့ မိသားစုကိစ္စနဲ့ မကျေနပ်တဲ့ လူတစ်ယောက်ကို သတ်ဖို့ မလေးရှားထဲ၀င်လာတာလို့ ထွက်ဆိုထားပါတယ်။ 

    ဒီထွက်ဆိုချက်ကို အပြည့်အ၀ မယုံကြည်ဘူးလို့ မလေးရှားရဲတပ်ဖွဲ့က ဆိုပါတယ်။ 

    ၀ါဒဖြန့် 

    ဒီဖမ်းဆီးမှုအပြီးမှာ အစ္စရေးမီဒီယာတွေဖက်က အဗီတန်နဲ့ ပတ်သက်ပြီး ၀ါဒဖြန့်မှုတွေ ပေါ်ထွက်လာပါတယ်။ 

    အစ္စရေးသတင်းဌာနတစ်ခုဖြစ်တဲ့ Time of Israel က အဗီတန်ဟာ တလ်အဗီးအခြေစိုက် ဂျူးလူဆိုးဂိုဏ်း Musli Brothers က အဖွဲ့၀င်ဖြစ်ပြီး၊ အစ္စရေးထောက်လှမ်းရေး မိုဆာ့ဒ်ရဲ့သူလျှို မဟုတ်ဘူးလို့ ဖော်ပြပါတယ်။ 

    Musli Brothers ဂိုဏ်းဟာ အာအန် ဟာယာဆိုသူ ဦးဆောင်တဲ့ အခြား ဂျူးလူဆိုးဂိုဏ်းတစ်ခုနဲ့ လပေါင်းများစွာကြာ တိုက်ခိုက်သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တယ်လို့လည်း အစ္စရေးပြည်တွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ 

    မလေးရှားရောက်နေတဲ့ ဟာယာကို သတ်ဖို့အတွက် အဗီတန်ဟာ မလေးရှားကိုရောက်လာတာလို့လည်း အစ္စရေးမီဒီယာတွေက ဆိုပါတယ်။ 

    ၂၀၁၈ ခုနှစ်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပါလက်စတိုင်း သိပ္ပံပညာရှင်တစ်ယောက် သတ်ဖြတ်ခံရဖူးပါ။ လူနှစ်ဦးက ဆိုင်ကယ်နဲ့ ပစ်သတ်သွားတာဖြစ်ပြီး အစ္စရေးထောက်လှမ်းရေး မိုဆာ့ဒ်ရဲ့လက်ချက်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    Ref: The Straits Times, Reuters  

  • မလေးရှားက မပြီးဆုံးသေးတဲ့ ခြေစွပ်ပြဿနာ

    မလေးရှားက မပြီးဆုံးသေးတဲ့ ခြေစွပ်ပြဿနာ

    မတ် ၂၅၊ ၂၀၂၄

    M-Media 


    Many convenience stores like KK Mart will face a huge drop in business if they are not allowed to sell hard liquor.

    -KK ကုန်စုံဆိုင်မှာ အလ္လာဟ်အရှင်မြတ်အမည်ပါတဲ့ ခြေစွပ်တွေ ရောင်းချမှုနဲ့ပတ်သက်ပြီး အနည်းဆုံး လူ ၅ ဦးကို မတ်လ ၂၆ ရက်နေ့မှာ တရားစွဲဆိုမယ်လို့ မလေးရှားပြည်တွင်းသတင်းဌာနတွေက ဖော်ပြပါတယ်။ 

    တစ်ပါးသူတစ်ဦးရဲ့ ဘာသာရေးယုံကြည်ချက်ကို ထိခိုက်စော်ကားမှု၊ ဒီလုပ်ရပ်မှာ အားပေးကူညီမှု စတဲ့ပုဒ်မတွေနဲ့ဖြစ်ပါတယ်။ 

    အာရဘီဘာသာစကားနဲ့ အလ္လာဟ်အရှင်မြတ်အမည် ရေးထားတဲ့ ခြေစွပ်တွေကို KK ဆိုင်တွေမှာ ရောင်းချနေတဲ့ သတင်းတွေဟာ မတ်လ ၁၃ ရက်နေ့မှာ စတင်ထွက်ပေါ်လာတာပါ။ 

    နိုင်ငံတစ်၀ှမ်း ဆိုရှယ်မီဒီယာကနေတစ်ဆင့် ပြန့်နှံ့သွားခဲ့ပြီး အစ္စလာမ်ဘာသာ၀င်လူ့အဖွဲ့အစည်းနဲ့ အသင်းအဖွဲ့တွေက ပြင်းပြင်းထန်ထန် ၀ေဖန်မှုတွေ ရှိခဲ့ပါတယ်။ 

    မလေးရှားဘုရင် ဆူလ်တန် အီဘရာဟင် အစ္စကန်ဒါက ဒီကိစ္စအတွက် ထိထိရောက်ရောက်အရေးယူဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။ 

    မလေးရှား၀န်ကြီးချုပ် အန်န၀ါရ်အီဘရာဟင်ကလည်း ဒီကိစ္စဟာ ဥပဒေချိုးဖောက်တဲ့ကိစ္စမျိုးဖြစ်တဲ့အတွက် အရေးယူရမှာဖြစ်တယ်လို့ ပြောပါတယ်။ ဥပဒေအရ ဖြေရှင်းပြီးတဲ့နောက်ပိုင်း ဒီကိစ္စကို ထပ်မံချဲ့ကားတာမျိုး မလုပ်ဖို့လည်း အန်၀ါရ်က သတိပေးခဲ့ပါတယ်။ 

    KK ကုန်စုံဆိုင်က ခြေစွပ်တွေနဲ့ပတ်သက်ပြီး ဖြေရှင်းချက် ထုတ်ခဲ့ပါတယ်။ ဒီခြေစွပ်တွေဟာ ကုန်သည်တစ်ဦးက တရုတ်ပြည်ကနေ သွင်းလာတာဖြစ်ပြီး သေသေချာချာ မစစ်ဆေးခဲ့မိကြောင်း ၀န်ခံခဲ့ပါတယ်။ 

    တင်သွင်းတဲ့ ကုန်သည်နဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီး ဥပဒေအရ အရေးယူသွားဖို့ရှိကြောင်း အစ္စလာမ်ဘာ၀င်တွေကို တောင်းပန်ကြောင်း ကြေငြာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ 

    မလေးရှားနိုင်ငံတစ်၀ှမ်းက KK ဆိုင်တိုင်းမှာလည်း တောင်းပန်စာကို ဖော်ပြပေးထားပါတယ်။ 

    ဒီကိစ္စအတွက် နိုင်ငံတစ်၀ှမ်း အမှုဖွင့်တိုင်ကြားမှုပေါင်း ၁၄၃ ခု ရှိခဲ့ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့နောက် KK ကုန်စုံဆိုင် ကုမ္ပဏီပိုင်ရှင်၊ ခြေစွပ်တင်ရောင်းတဲ့ KK ဆိုင်ခွဲပိုင်ရှင်အပါအ၀င် အနည်းဆုံး လူ ၅ ဦးကို တရားစွဲဆိုဖို့ မလေးရှားရှေ့နေချုပ်ကို တင်ပြတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

    Ref: The Star